02 May, 2013

ကြူတတ်သူ မဟုတ်ပါ

အသိခေါက်ခက် အဝင်နက်နေခဲ့တယ်
စိတ်အာဟာရလို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးပြီး
အချစ်ခံရအောင် ကြိုးစားနေခဲ့မိသလိုလို။

ပျော်ပျော်ပါးပါး သန့်သန့်ရှင်းရှင်းလေးပါ
ကျွန်မကို နွေးထွေးစေတဲ့ စာကြောင်းလေးတွေ လက်ခံပေးရုံ
သူတို့ကို နာကျင်စေရမှာ စိုးလို့ပါ
တမင်တကာ မပြတ်သားခဲ့မိရုံ။

မချစ်တတ်ဘူးလို့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
အချစ်ကို သိမ်းထားရုံ သိမ်းထားခဲ့မိတယ်
ဘယ်သူ့ကိုမှ ထွက်မသွားခိုင်းရက်ဘူး။
ကျွန်မနှလုံးသားကိုသာ အနာကျင်ခံပြီး
ထွက်သွားချိန်ကို စောင့်ပါ့မယ်။

ကျွန်မကို မိုက်မဲတယ်လို့ ပြောချင်ကြသလား
အများကြီးစီစစ်ပြီးမှ သူငယ်ချင်းအနည်းငယ်လောက်သာ ရွေးချယ်ထားတာပါ၊
ချစ်ခြင်းရဲ့ ဖြစ်ပျက်သဘောတရားကို နားလည်နေပေမယ့်
ယုံကြည်လောက်အောင် ပြောကြတဲ့အခါ
လက်ရှိ ခံစားချက်လေးကို ယုံပေးလိုက်တယ်
တခဏလေးပဲဖြစ်ဖြစ် စိတ်ချမ်းသာရပါစေပေါ့။

ကျွန်မကို မျက်နှာများတယ်လို့ စွပ်စွဲချင်ကြသလား
message တစ်ကြောင်းစာမှ ကတိတွေ မပေးခဲ့ဖူးသူပါ
ချစ်ခြင်းတရားကို မျက်နှာလွဲခဲပစ် မပြုလိုရုံ သက်သက်သာ။

လူတိုင်းဟာ ချစ်ခြင်းတရားမှာ သာယာတတ်ရဲ့
အိပ်မက်ဆိုတာ နိုးလာတဲ့အချိန်မှာ ပျက်ပြယ်မယ်သိသိနဲ့ပဲ
မက်ခဲ့ဖူးကြသလိုမျိုး
အပြင်လောကမှာ ဘယ်သူ့ရဲ့ ဂရုစိုက်မှုကိုမှ မခံရဖူးတဲ့ ကျွန်မလိုလူက

စိတ်ရင်းမှန် ဟုတ်မဟုတ် မသိနို်င်တဲ့ နှစ်လိုစရာ message တွေအပေါ်မှာ ပျော်ဝင်ရင်း
ခေတ္တခဏလောက် အထီးကျန်မှုကနေ ရှောင်ထွက်လိုရုံ သက်သက်သာ။

သိင်္ဂါကျော်

5 comments:

နွေတေးရှင် (မင်းဧရာ) said...

အင်း.........
ကဗျာကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ် အစ်မ...

ဒီလိုပါဘဲ
ဥပေက္ခာ မပြုရက်တဲ့ မေတ္တာတရားတွေက
တခါတခါကျတော့ ကိုယ့်ကိုပြန်မွန်းကျပ်စေတယ်။

ကြည်ဖြူပိုင် said...

ကြိုက်တယ် မသိင်္ဂါရေ။ တချို့သောခံစားချက်တွေတိုက်ဆိုင်နေလို့!!!!!!

kokoseinygn said...

ဝန်ခံ စကားတွေဖတ်သွားပါတယ်။

ဟန်ကြည် said...

ချစ်ခြင်းမေတ္တာအကြောင်းကတော့ ဘယ်ရှုထောင့်ကနေ ဘယ်လိုပဲရေးစေတော့ ဖတ်လို့ကို မ၀နိုင်တာကလား...အသက်နဲ့လည်း မဆိုင်ပေါင်ဗျာ...ခံစားလို့ ရသေးတာပါပဲ...

Angelhlaing(May everybody be happy and healthy! said...

ဥပေက္ခာဆိုတာ ကိုယ်ကပြုလိုက်ရင်သာ နေလို့ကောင်းတာ ..ကိုယ်အပြုခံရတဲ့အချိန်ကျတော့ တော်တော်လေး ခါးသက်မှန်း ကိုယ်ချင်းစာတတ်ခဲ့ရတယ်....