10 May, 2013

မေဦးမိုး


ငြီးငွေ့တေးသွားတွေ ဆိုညည်းနေတုန်း
ပြတင်းပေါက်ထဲ မိုးငွေ့တွေ ရိုက်ခတ်လာတယ်
မိုးခေါင်ရေရှားရပ်ကွက်က ငါးတွေ ရယ်မောစပြုလာပေါ့။
ပက်ကြားအက် စိတ်ဓါတ်တွေကတော့
ရေအိုင်ထဲလို အလွယ်တကူ ဖြည့်ဖို့ လွယ်မှာမဟုတ်ဘူး။

ဝိုင်တစ်စက်မှ မသောက်ပဲ မူးနေသူပါ..
အလိမ်အညာအငွေ့တွေ မိနေခဲ့တာ အတော်ကြာပြီးတဲ့နောက်
နွေနှောင်းရဲ့ ရူးသွပ်အရိပ်တွေ ပြန်မလိုချင်တာ အထာကျရဲ့။

မင်းမသိတဲ့ငါနဲ့ ငါမသိတဲ့မင်းရဲ့ ဇာတ်လမ်းပဲ
မိုးတိမ်ညိုတွေရဲ့ အစကို ရှာမတွေ့နိုင်သလိုမျိုး
ဘယ်သူက စခဲ့မိမှန်းတောင် မသိလိုက် မသိဘာသာနဲ့
ဖြုန်းခနဲ ရွာချလိုက်လေတယ်။

မေက မေလို မကျင့်ကြံနိုင်မှတော့
ငါ့တစ်ကိုယ်စာ အတ္တကို ဘာကိစ္စ ထိန်းသိမ်းရမလဲ
မိုးဆိုတာ ရွာချင်တဲ့ အချိန် ရွာမှာပါ
အကြောင်းရင်း သိဖို့က ငါ့အလုပ်မှ မဟုတ်လေတာ။

မေက မေပီပီသသ ခဏတောင် မနေနိုင်ခဲ့တာ
အဲဒီ မိုးတွေ စလာကတည်းကပေါ့..။
ငါ့ပန်းပွင့်ကလေးတွေ အနားသတ်မလှမှာစိုးလို့
စိုရုံရွာဖို့ တောင်းပန်ချင်တာတောင် မရတဲ့အခါ
သည်းကြီးမည်းကြီးကိုသာ မငြိုငြင်ဖို့ ရှိပါတော့တယ်..။

မေက မုတ်သုန်ကို ကြိုဆိုရမှာလား မကြိုဆိုရမှာလားတောင် မသေမချာနဲ့ပဲ
ကောင်းကင်ရဲ့ မျက်ရည်နဲ့ နွေနှောင်းတွေကို လှပစေ..
ဘယ်အချိန်ကတည်းက မာကျောအေးခဲ နေတဲ့ နှလုံးသားမို့လည်း
ရွာချချိန်မှာတောင် အေးခဲ နေခဲ့တာလေ..။

သိင်္ဂါကျော်
 

8 comments:

မြသွေးနီ said...

မေက အခုအချိန်အထိ မေပီသနေတုန်း...
မျှော်နေတဲ့ မေဦးမိုးလဲ ဒီမှာ ဖြိုင်ဖြိုင်မရွာချသေးဘူး...

ဟန်ကြည် said...

ဟုတ်ပ...ရွာစေချင်လှပြီ တစ်ရက်တစ်ရက်လည်း ပူလွန်းလောင်လွန်းလို့ နေရထိုင်ရတာ ပင်ပန်းနေရော...မေဦးမိုး သီချင်းပြန်နားထောင်ဦးမှ... သတိရသွားလို့...

မင်းဧရာ said...

ကောင်းတယ်ဗျာ.....ရင်ထဲမှာ တစ်ခုခုကိုခံစားနေရတုန်း မိုရွာတာနဲ့ ကြုံကြိုက်ရင်း ကဗျာ ကိုရစ်သမ်း သွင်းထားတယ်လို့ ခံစားရတယ် ဘယ်ဘက်ကနေ ဘယ်လိုခံစား ခံစား ကောင်းနေတာဘဲ ဗျို့ ။

မိုးနတ်ကြယ်စင် said...

၎ ပုဒ်မြောက်နဲ့ ၅ပုဒ်မြောက် အပုဒ်လေးတွေ
ကြိုက်တယ်....မိုးကို မျှော်ရတာလဲ မောလှပါပြီ
မ ရယ်...သတိတရလဲရှိမိပါရဲ့..ဒါပေသိ
မိုးနတ်လဲ ဘလော့ဘက်မလှည့်ဖြစ်တာနဲ့
မ ဆီလဲ အိမ်လည်မလာဖြစ်ဘူးရယ်...
ဆက်လက်ထုဆစ်နိုင်ပါစေ..
ချစ်တဲ့...မိုးနတ်

ကြည်ဖြူပိုင် said...

မေဟာ မေလို မကျင့်နိုင်မှတော့......

Angelhlaing(May everybody be happy and healthy! said...

မျှော်တဲ့နေရာမှာ မပေါ်လာပဲ သူများဆီမှာတော့ ညို့မှိုင်းပြီး သဲချင်တိုင်း သဲနေလိုက်တာ.. စိမ့်နေတာပဲ မမရေ...:P

Cameron said...

ကဗျာထဲမှာ မိုးငွေ့ပါတယ်း)

Thwin said...

မေဦးမိုး ကို ကြိုဆိုပါတယ်နော်...။