Showing posts with label Tag Post. Show all posts
Showing posts with label Tag Post. Show all posts

23 December, 2011

So this is Christmas (Tag Post)



ကိုယ်က ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ်ဆိုတဲ့ အသံကို ကြားရရင်ကို သဘောကျတယ်။ ခရစ္စမတ် ရောက်ကာနီးရင်  ခရစ္စမတ် သီချင်းတွေ ရှာပြီး နားထောင် ဖြစ်တယ်။ Last Christmas ကိုတော့ Billie ရော၊ wham ရော၊ Taylor Swift ဆိုတာရော version အားလုံးကို ကြိုက်တယ်။ So this is Christmas တို့ Christmas isn’t Christmas without you၊ တို့ကို ပြန်ပြီး နားထောင်ဖြစ်တယ်။ ဒီနှစ်ကြိုက်နေတာတော့ Justin Bieber ရဲ့ Misletoe ပါ။ မကြာသေးခင်ကပဲ Christmas Kiss ကိုလည်း နာမည်သဘောကျတာနဲ့ ကြည့်လိုက်သေးတယ်။

အရင်တုန်းကတော့ ခရစ္စမတ်နေ့နား နီးလာရင် သီချင်းဆိုတဲ့ အဖွဲ့တွေ အိမ်တွေကို လိုက်ပြီး ခရစ္စမတ်သီချင်းတွေ လာဆိုတတ်ကြတယ်။ အိမ်တွေကလည်း စားစရာတွေနဲ့ ဧည့်ခံကြပေါ့။  အဲဒီဓမ္မတေး တွေကိုလည်း သဘောကျပါတယ်။ နောက်ပိုင်းတော့ ကိုယ်တို့အိမ်ဘက်ကို အဲဒီအဖွဲ့တွေ မလာကြတော့ဘူး။ ကိုယ်ကလည်း အိမ်မှာ မရှိတာ များနေတော့ သိပ်မသိတော့ဘူး။

မြန်မာနိုင်ငံမှာတော့ တစ်ချို့တလေ အိမ်မှာ ပြင်ဆင်တာက လွဲရင် မြို့အလိုက် ရပ်ကွက်အလိုက် ဆိုသလို မီးအလှဆင်တာမျိုးလည်း မရှိပါဘူး။ ကိုယ်တို့အိမ်ကလည်း ခရစ်ယာန်အိမ် မဟုတ်တော့ ခရစ္စမတ် Decoration တွေတော့ တစ်ခါမှ မလှမဆင်ဖူးဘူး။ ဒါပေမယ့် အဲဒါမျိုးလေးတွေ လုပ်ထားတာ မြင်ရတာတော့ သဘောကျတယ်။ ခရစ္စမတ်ပင် အကြီးကြီးတွေ၊ မီးအလှဆင်ထားတာတွေ ကြည့်ရတာ တအားသဘောကျတယ်။ ခရစ္စမတ် မတိုင်ခင် ဒီဇင်ဘာထဲမှာ ကိုရီးယားကို သွားတုန်းက တစ်ခါ၊ နောက်တစ်နှစ် အဲလို အချိန်ပဲ စင်ကာပူ ရောက်တုန်းက တစ်ခါ အဲလို Decoration တွေ မြင်ဖူးခဲ့ရပါတယ်။ ခရစ္စမတ်နီးရင် ဆိုင်တွေ အားလုံးကလည်း Discount လို့ ရေးထားတော့ လူတိုင်းကလည်း Christmas Shopping မှာ ကြိတ်ကြိတ်တိုး နေကြတာပါပဲ။ အခုအချိန်က နယ်သာလန်မှာလည်း Christmas Shopping စည်ကားနေချိန်ပေါ့။ ဒီ Groningen မြို့လေးကပဲ ငယ်လို့လား မသိဘူး။ မြို့လည်က လမ်းတွေပေါ်မှာ မီးတွေ ထွန်းထားတာကလွဲရင် ကြီးကြီးမားမား အလှဆင်ထားတာတော့ ကိုယ်မတွေ့သေးဘူး။ ကိုရီးယားမှာတုန်းကမှ ပိုပြီး ပြင်ဆင်သလိုပဲ။

တစ်နေ့ကပဲ ကိုယ်လည်း မြို့ထဲက ဆိုင်တွေ လျှောက်ပတ်လိုက်သေးတယ်။ ဝယ်တာကတော့ နည်းနည်းပါ။ စကားမစပ် ဒီမှာ ခရီးသွားဖြစ်ရင် ကိုယ်တစ်ယောက်တည်း သွားရမှာဆိုပြီး ပြင်ဆင်တဲ့ အနေနဲ့ ကင်မရာ တင်တဲ့ ထောက်ကလေး တစ်ခုတော့ ဝယ်ခဲ့တယ်။ ခရစ္စမတ် အပင်လေးတွေ အလှဆင်ပစ္စည်းလေးတွေကိုတော့ အပိုကုန်လို့ မဝယ်ဘူးလို့ ကိုယ့်ကိုယ်ကို ဆုံးမပြီး မဝယ်ပဲ နေခဲ့ပါတယ်။ တကယ်တော့ ဝယ်ချင်နေသေးတယ်။ ကိုယ့်ရဲ့ Professor ရယ်၊ Supervisor ရယ်ကို Christmas Gift ပေးသင့်တယ်လို့ ဆိုင်ထဲ ရောက်မှ သတိရပြီး ဓါတ်ပုံ ထည့်တဲ့ stan လေးတွေနဲ့ အမွှေးဖယောင်းတိုင်လေး တွေ ဝယ်လာခဲ့ပြီး နောက်တစ်နေ့ ပေးလိုက်တယ်။ ကျောင်းတုန်းကလည်း ခရစ္စယာန် သူငယ်ချင်း တစ်ယောက် ရှိခဲ့ဖူးတော့ သူ့ကို နှစ်တိုင်း ကတ်ကလေးပဲ ဖြစ်ဖြစ် တစ်ခုခုတော့ ပေးဖြစ်ခဲ့တယ်။ ခုနောက်ပိုင်းတော့ သူငယ်ချင်းတွေထဲမှာ ခရစ်ယာန် မရှိတာနဲ့ မပေးဖြစ်တော့ဘူး။ ဒါပေမယ့် ခရစ္စမတ် နားနီးရင်ရော၊ New Year နီးရင်ရော သူငယ်ချင်းတွေကို e-card တွေတော့ ပို့ဖြစ်တာ များပါတယ်။ Facebook မှာ အားလုံးကို tag ပြီး Card တွေလည်း တင်ဖြစ်ပါတယ်။

နှင်းတွေကိုတော့ တကယ်မျှော်လင့်တာပေါ့။ ဒီမှာက ပုံမှန်ဆို နှင်းသိပ်ကျလေ့မရှိဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ ဒီဇင်ဘာမှာ တစ်မြို့လုံးဖုံးအောင် တစ်ခါ နှင်းကျဖူးတယ်တဲ့။ ခုတော့ မိုးပဲ ရွာနေပြီး နှင်းကတော့ ခုထိ တစ်ဖွဲမှတောင် မကျသေးပါဘူး။ ကိုရီးယား ရောက်တုန်းကလည်း နှင်းကျဖို့ကို မျှော်လိုက်ရတာ နှင်းက ညဘက် နည်းနည်းပဲကျတာ မသိလိုက်ပဲ မနက်ကျမှ အစအနလေးပဲ မြင်ခဲ့ရတယ်။ ဖြစ်နိုင်ရင်တော့ နှင်းတွေကြားက ခရစ္စမတ်ကို ကြုံချင်တာပေါ့။ ဒီမြို့က မပြန်ခင် တစ်ခါလောက်တော့ နှင်းကျဖို့ကို ဆုတောင်းနေပါတယ်။ မိုးရွာတာကိုတော့ မကြိုက်ဘူး။ ဒီလထဲ ဟိုဟို ဒီဒီ လျှောက်သွားဖို့တောင် မိုးရွာမှာ စိုးလို့ စဉ်းစားနေရတယ်။ ကျောင်းက ဒီ weekend ကနေ နောက် weekend အထိ တစ်ပတ် ပိတ်မယ်။ အဝေးကြီး မဟုတ်ပေမယ့် အနီးအနား နေ့ချင်းပြန် ခရီးလေးတွေ ထွက်ရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။ ပိတ်ရက်မှာ အဖော်သာရှိရင် ခရီးထွက်ရတာ အကောင်းဆုံးပဲလို့ ထင်တယ်။

ဒီဇင်ဘာ ၃၁ ရောက်ကာနီးရင်လည်း သီရိဂျေမောင်မောင်ရဲ့ ၃၁ ဒီဇင်ဘာ သီချင်းကို အလိုလို ဆိုမိပြန်ရော။ ကိုယ်တို့ နိုင်ငံမှာကတော့ ခရစ္စမတ်နဲ့ နှစ်သစ်ကြားမှာလည်း ပိတ်ရက် သီးသန့် မရှိတော့ နှစ်သစ်တိုင်းလည်း အိမ်မှာ မရှိဖြစ်ပါဘူး။ များသော အားဖြင့်တော့ အဆောင်မှာပဲ သူငယ်ချင်းတွေနဲ့ အတူ ရှိနေဖြစ်တယ်။ ရန်ကုန် အဆောင်တုန်းကလည်း အဆောင်မှာ တစ်ဆောင်လုံး စုပြီး မုန့်လုပ်စားကြတယ်။ ၁၂ နာရီကျတော့ တစ်ယောက်အခန်း တစ်ယောက် ခေါက်ပြီး Happy New Year လုပ်ကြတယ်။ မနှစ်ကလည်း ပြင်ဦးလွင် အဆောင်မှာ ခရစ်ယာန်လည်း တစ်ယောက်မှ မပါပဲ တစ်ဆောင်လုံး ညဘက် မုန့်လုပ်စား သီချင်းတွေ ဆိုပြီး ခရစ္စမတ်ပါတီ လုပ်ကြတယ်။ ၃၁ ရက် ကျတော့လည်း တစ်ခါ မုန့်တွေ လုပ်စားပြီး မီးပုံဘေးမှာ သီချင်းတွေ ဆိုကြတယ်။ ၁၂ နာရီ နီးလာတော့ Countdown လုပ်ပြီး Happy New Year အော်ကြတယ်။ ရောက်တဲ့နေရာမှာ ပျော်အောင် နေလိုက်ကြတာပေါ့။

အတူတူ ရှိနေစေချင်တဲ့ special someone တော့ လုံးဝ လုံးဝ မရှိပါဘူး နော်။ ခရစ္စမတ်ချစ်သူ တို့ ဘာတို့က စိတ်ကူးယဉ်တာပါ။ :P  ဒီလိုပဲ မိသားစုနဲ့ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အတူတူ ရှိရရင် ကောင်းတာပါပဲ။ ဒါပေမယ့် ဒီနှစ်တော့ တစ်ယောက်တည်းပဲ ဖြတ်သန်းရပါလိမ့်မယ်။ အခန်းထဲမှာပဲ နေဖြစ်တာ များတော့ အဆောင်က တစ်ခြားလူတွေနဲ့လည်း မခင်သေးဘူးလေ။ ၃၁ ရက်ကျရင်တော့ မှတ်မှတ်ရရကို ၁၂ နာရီထိုးအောင် စောင့်ပြီး တစ်ယောက်တည်း Happy New Year လုပ်မှာပါ။ ကိုယ့်အတွက်တော့ တစ်ယောက်တည်းနေလည်း lonely ဖြစ်လှတယ် မဟုတ်ပါဘူး။ အားရင် သီချင်းနားထောင်၊ ကိုယ်ကြိုက်တဲ့ ရုပ်ရှင်လေးတွေ down ပြီးကြည့်၊ ကိုယ်ကြိုက်တဲ့ ဘလော့ပေါ်က စာလေးတွေ ရှာဖတ်၊ facebook ကလေးဖွင့်ပြီး သူငယ်ချင်းတွေ ဘာလုပ်နေလဲ ကြည့်။ ဒါနဲ့ပဲ ကျေနပ်ပါတယ်။

နှစ်သစ်ကတော့ တစ်နှစ်ပြီး တစ်နှစ် ဖြတ်သန်းနေတာပါပဲ။ တစ်ခါမှလည်း New Year Resolution ရယ်လို့ ဆုံးဖြတ် လုပ်ကိုင်တာလည်း မရှိခဲ့ပါဘူးလေ။ ကိုယ် ရေးခဲ့ဖူးတဲ့ ကဗျာ လို ထူးမခြားနား အလုပ်တွေ လုပ်နေဆဲပါပဲ။ ဒီနှစ်တော့ နေရာသစ် တစ်ခုမှာ ရောက်နေတာ နည်းနည်း ထူးခြားတယ်လို့ ပြောရမှာပေါ့နော်။ နှစ်တစ်နှစ် ကုန်သွားတော့ အသက် တစ်နှစ် ကြီးသွားတာပေါ့။ ဒါပါပဲ။ နှစ်ဟောင်းကို မကုန်စေချင်စရာလည်း ဘာအကြောင်းမှ မရှိသလို နှစ်သစ်ကို ထူးထူးခြားခြား မျှော်စရာလည်း မရှိပါဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာတော့ ဇန်နဝါရီ ၁ရက်ကစပြီး ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်တွေ ပြင်ပြီး ကောင်းတာတွေ၊ လုပ်သင့်တာတွေ လုပ်တော့မယ်လို့ စိတ်ကူးမိတာတော့ ရှိပါတယ်။ နှစ်အသစ်ထဲမှာ ကိုယ့်ကတိ ကိုယ် မတည်တာတော့ တစ်ပိုင်းပေါ့။ :D

ဒီပို့စ်ကို ရေးဖြစ်တဲ့ အတွက် ကိုယ့်ကို သတိတရ Tag တဲ့ Rose ကို ကျေးဇူးတင်ပါတယ်။

ဘလော့ဂါ သူငယ်ချင်းအားလုံး၊ စာချစ်သူ အားလုံး၊ သူငယ်ချင်းအားလုံး   “Merry Christmas and Happy New Year”

သိင်္ဂါကျော်

09 September, 2011

ဘလော့ဂါ ဆိုသည်မှာ ဘလော့ ရေးသောသူကို ခေါ်၏


ဘလော့ဂါ ဆိုတာ ဘာလဲ ဆိုပြီး တော်တော်များများလည်း ရေးပြီး ခဲ့ကြပါပြီ။ ကိုယ့်မှာလည်း ထူးထူးခြားခြား ရေးစရာ အတွေးလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် မင်းဧရာ က တဂ် ထားတာနဲ့ ရေးရမယ့် ဝတ္တရား ရှိတဲ့ အတိုင်း ရေးလိုက်ရတာပါ။ ခုတလော အနီးအနားက ရိပ်သာမှာ တရားပွဲ ရှိတာနဲ့ ၄ ရက်လောက် သွားနေဖြစ်လိုက်တာ ပြန်လာတော့လည်း လုပ်စရာ ရှိတာလေးတွေ လုပ်နေရတာနဲ့ ဘလော့ ဘက်ကို မလှည့်နိုင် ဖြစ်နေပါတယ်။ နောက်တစ်ပတ်လည်း သွားဦးမှာ မို့လို့ စထားမိတဲ့ ဝတ္တု နှစ်ပုဒ်လည်း ခုထိ ဇာတ်မသိမ်း နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒါနဲ့ ခုတော့ ဘလော့ကနေ တအားပျောက်နေမှာ စိုးတာနဲ့ တဂ် ပို့စ်လေး ကောက် ရေးလိုက်တာပါ။

Blogger ကို ဆန်ဖရန်စစ္စကိုက ကုမ္ပဏီအသေးလေး ဖြစ်တဲ့ Pyra Labs က ၁၉၉၉ သြဂုတ်လ မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီလေးကို Google က ၂၀၀၃ မှာ ဝယ်လိုက်ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ Features အသစ်တွေ ထည့်ထည့်လာပြီး အခုလို ကိုယ်တို့ သုံးနေတဲ့ blogger.com ဖြစ်လာပါတယ်။ ဘလော့ ဆိုတာ ဘာလဲ ဆိုတာ blogger.com ရဲ့ tour-start မှာ ဒီလို ပြောထားပါတယ်။

A blog is a personal diary. A daily pulpit. A collaborative space. A political soapbox. A breaking-news outlet. A collection of links. Your own private thoughts. Memos to the world.

Your blog is whatever you want it to be. There are millions of them, in all shapes and sizes, and there are no real rules.

In simple terms, a blog is a web site, where you write stuff on an ongoing basis. New stuff shows up at the top, so your visitors can read what's new. Then they comment on it or link to it or email you. Or not.

အရင်တုန်းကတော့ ဒိုင်ယာရီ ရေးတာ ဝါသနာ ပါတဲ့ လူတွေက ကိုယ့်ဘဝရဲ့ အမှတ်ရ စရာလေးတွေကို ဒိုင်ယာရီထဲမှာ ရေးပြီး မှတ်တမ်း တင်ထားလေ့ ရှိပါတယ်။ အခုခေတ်မှာတော့ ကွန်ပျူတာ၊ အင်တာနက် နဲ့ အကျွမ်းဝင်တဲ့ လူများက ကိုယ် မှတ်တမ်း တင်ချင်တာလေးတွေကို ကိုယ့် ရဲ့ သီးသန့် စာမျက်နှာလေး ပေါ်မှာ မှတ်တမ်း တင်ကြပါတယ်။ တစ်ချို့တွေက ကိုယ့်ဘာသာ private လုပ်ပြီး ကိုယ် ခံစားချက်လေးတွေ ကိုယ် ရေးထားကြတယ်။ တစ်ချို့လည်း သူငယ်ချင်း အနည်းငယ်လောက်ကိုသာ share လုပ်ပြီး ဖတ်ခွင့်ပေးတာလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ့်ရဲ့ ခံစားချက်၊ ကိုယ် မျှဝေချင်တာလေးတွေကို အားလုံးကို publish လုပ်ပြီး blog ပေါ်မှာ တင်ကြပါတယ်။

Blogger service ဟာ လူတိုင်း အတွက် free ရတဲ့ service ဖြစ်တဲ့ အပြင် automated template နဲ့ အလွယ်တကူ သုံးလို့ ရတဲ့ အတွက် web development ကို ဘာမှ မသိတဲ့ လူတွေလည်း web page တစ်ခု တင်နိုင်တော့ တော်တော်များများက သုံးစွဲလာကြပါတယ်။ တစ်ချို့ကတော့ blogger.com ကို ပိတ်ထားတဲ့ နိုင်ငံတွေမှာ ကိုယ့် ဘလော့ကို ဖတ်မရမှာ စိုးတာရယ်၊ ကိုယ်ပိုင် .com တစ်ခု ရှိရင် ဘာပဲဖြစ်ဖြစ် ကိုယ့် နာမည်လေး တစ်ခု permanent တည်တံ့ပြီး ကောင်းတဲ့ အချက်တွေ အများကြီး ရှိတာရယ်ကြောင့် blogger ကနေ .com ၊ .net  စသည် ပြောင်းရေးကြတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် blog ပေါ်မှာ စာတွေ ရေးတင်တယ် ဆိုကတည်းက စာရေး ဝါသနာပါတဲ့ သူတွေမို့လိွု့ပါ။ တစ်ချို့  အတွေ့အကြုံတွေ၊ ရေးစရာ အကြောင်းအရာတွေ အများကြီး ရှိပေမယ့် စာရေးတဲ့ ပါရမီ မပါလို့ (စာရေးပျင်းလို့) မရေးဖြစ်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ဘလော့ဂါ တွေကတော့ မအားမလပ်ရင်တောင် အချိန်ကို ကုတ်ကပ် ရှာကြံယူပြီး ရေးချင်လို့ကို ရေးနေကြတဲ့ သူတွေပါ။ သူတို့ အားလုံးလိုလိုဟာ စာဖတ်တာကိုလည်း အရင်တည်းက ဝါသနာ ပါကြတဲ့သူတွေ မို့ သူများ ရေးထားတာတွေလည်း သွားဖတ်၊ comment ပေး၊ နှုတ်ဆက် စသည် လုပ်ကြတာပါ။

ဘလော့ဂါတွေ တစ်ဝက်ကျော်ကျော် လောက်ဟာ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မြန်မာတွေ ဖြစ်ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ထဲက ရေးကြတဲ့ သူတွေ နည်းတယ် လို့ ထင်ပါတယ်။ သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှာ တော်ရုံလူက တနေကုန် အင်တာနက် မသုံးနိုင်တာလည်း ပါမယ်လို့ ထင်ပါတယ်။ မြန်မာဘလော့ တွေ တိုးတက်လာတဲ့ အကြောင်းရင်းထဲမှာ စာပေ မြတ်နိုးတဲ့ အဝေးရောက် မြန်မာတွေကြောင့် အများကြီး ပါမယ် ထင်ပါတယ်။ ကိုယ့် နိုင်ငံမှာ ကိုယ်တော့ စာဖတ်ချင်ရင် ဝတ္တုဖြစ်ဖြစ်၊ မဂ္ဂဇင်း ဖြစ်ဖြစ် အလွယ်တကူ ဝယ်ဖတ်၊ ငှားဖတ်လို့ ရပါတယ်။ တစ်ခြားနိုင်ငံမှာ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြန်မာပုံနှိပ်စာလုံး ဖတ်ရဖို့ ဆိုတာ ခက်ခဲ ရှားပါးလိမ့်မယ် လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ဘလော့ တွေပေါ်မှာ ရေးတဲ့ လူကရေး ဖတ်တဲ့လူက ဖတ် လာကြတာပါ။

မြန်မာနိုင်ငံက ရေးတဲ့ လူတွေ အတွက်ကြတော့လည်း ကိုယ်ရေးချင်တဲ့ ကဗျာလေးတွေ၊ ဝတ္တုလေးတွေကို မဂ္ဂဇင်း စာမျက်နှာများပေါ်မှာ ပါဖို့ ဆိုတာ လွယ်တဲ့ အလုပ် မဟုတ်လေတော့ ဖတ်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဆိုပြီး ဘလော့ စာမျက်နှာပေါ် တင်ဖြစ်သွားတယ် ထင်ပါတယ်။ အဲဒါကတော့ ကိုယ် လုပ်ဖြစ်သွားပုံကို ပြောတာပါ။ ကိုယ့် ဘလော့မှာကိုယ်တော့ ရေးချင်ရာ ရေးပြီး တင်လို့ ရတာကိုး။ မကောင်းရင်လည်း မကောင်းတဲ့ အကြောင်း၊ ကောင်းရင်လည်း ကောင်းတဲ့ အကြောင်း၊ လိုရင်လည်း လိုတဲ့ အကြောင်း လာဖတ်တဲ့ သူတွေ ဆီက comment တွေကိုလည်း ကြည့်လို့ ရတဲ့ အတွက် အဆင်ပြေတယ်လေ။

မဂ္ဂဇင်း ဆိုတာကလည်း သူ့ theme နဲ့ သူ ဆိုတော့ သူ့ theme နဲ့ ကိုက်ညီမှ၊ အရေးအသား၊ အကြောင်းအရာ ကောင်းမှ ရွေးကြမှာလေ။ ကြုံလို့ ပြောရရင် ခုခေတ်မှာ ဝတ္တုကောင်းကောင်း၊ ကဗျာကောင်းကောင်း ဖော်ပြတဲ့ မဂ္ဂဇင်း ဆိုတာ အရေအတွက် ရှားပါး နေပါပြီ။ ခုခေတ် လူတွေကလည်း စာဖတ်ဖို့ထက် တီဗွီ ဇာတ်လမ်းတွဲ ကြည့်ဖို့လောက်သာ စိတ်ဝင်စား ကြတော့တာ ကလား။ မဂ္ဂဇင်း ဆိုလည်း မင်းသား ၊ မင်းသမီး အကြောင်း၊ ဖက်ရှင် အကြောင်း ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြထားတာလောက်ပဲ အပျင်းပြေ ကြည့်ကြတော့တာပါ။ ချွင်းချက် တစ်ခုတော့ ရှိသေးတယ်။ ဂမ္လီရ မဂ္ဂဇင်းတွေပါ။ ခုထက်ထိ အငှားဆိုင် တွေမှာ ငှားကောင်းနေတုန်းပါပဲ။ ကိုယ် အိမ်ပြန်လို့ စာအုပ်ဆိုင် သွားငှားရင် မဂ္ဂဇင်း အသစ်ဆို အဲဒါတွေပဲ ရှိပါတယ်။ အရင် ခပ်ငယ်ငယ်က ရှိဖူးတဲ့ တစ်ချို့ မဂ္ဂဇင်းတွေဆို အငှားဆိုင် အများစုမှာ မတင်ကြတော့ပါဘူး။ တစ်ချို့ စာပေ အသားပေး မဂ္ဂဇင်းတွေ ဆိုရင်လည်း အရှုံးနဲ့ ထုတ်နေရတာတို့၊ ရှုံးလို့ မထုတ်နိုင်တော့တာ တို့ အဲဒီလိုတွေ ဖြစ်နေပါတယ်။ အခု ကိုယ်ဆိုရင် အလုပ်နဲ့ အနီးအနားမှာလည်း စာအုပ်ငှားဆိုင် မရှိတော့ ပုံနှိပ် စာမျက်နှာ ဆိုတာ မဖတ်ဖြစ်တာ ကြာပါပြီ။ ဘလော့တွေ ပေါ်မှာ ရေးတဲ့ လူတွေ ရှိနေလို့သာ ဆောင်းပါးကောင်းလေးတွေ၊ ဝတ္တုကောင်းလေးတွေ၊ ကဗျာကောင်းလေးတွေ ဖတ်နေရပါတယ်။

ရေးတဲ့လူအနေနဲ့ ပြောရရင်တော့ ဘလော့ပေါ်မှာ ဝတ္တုရယ်၊ ကဗျာရယ်၊ ဆောင်းပါးရယ် သတ်သတ်မှတ်မှတ် ပုံစံ မဟုတ်လည်း ကိုယ်ကြိုက်ရာ label တပ်ပြီး ရေးနိုင်တော့ ရေးချင်တဲ့ အကြောင်းအရာလေး ပေါ်လာရင် ကြိုက်သလို ရေးနိုင်လို့ ရေးဖြစ်တာပါ။ ကိုယ် ဝါသနာ ပါရာ အကြောင်းအရာလေးတွေကို တင်နိုင်ကြတယ်လေ။

ကိုယ်က ငယ်ငယ်တည်းက အဒေါ်နဲ့ အတူလိုက်ပြီး စုံထောက် ဝတ္တုတွေ ဖတ်လာခဲ့တော့ အဲဒီလိုင်းကို စိတ်ဝင်စားပါတယ်။ မင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင်၊ အောင်ဇင် ရဲ့ အိုင်အိုမင်းအောင်၊ မြတ်ထွန်းသစ် ရဲ့ ဆပ်ကလေး ဘကျော် တို့လို ရှေးခေတ်စုံထောက် တွေနဲ့ ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းမြတ်သူရရဲ့ ဆားပုလင်းမင်းအောင် ပေါ့။ ခေတ်သစ် စုံထောက် အနေနဲ့တော့ ဇော်ထက်အောင်၊ ဇော်ဇော်အောင် ရဲ့ စိုးအောင် တို့ စဝ်ရန်နိုင် တို့ပါ။ အမျိုးသမီး စုံထောက် အနေနဲ့တော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ရုပ်ပြထဲက ဝင့်ရွှေစင် နဲ့ မာမာဝေ အတွဲပါ။ အဲဒါတွေ ဖတ်ပြီး action ရုပ်ရှင်တွေ ကြည့်ပြီး ကိုယ်တိုင် ရေးချင်လာပါတယ်။ ၇တန်း နှစ်က စပြီး စုံထောက် ဝတ္တု အတိုလေး တစ်ပုဒ် စရေးဖူးပါတယ်။ ခုတော့ ဘယ်ရောက်သွားပြီလဲ မသိဘူး။ ခုဖတ်ရင်တော့ ရယ်စရာ ကောင်းမှာပါ။ ဆယ်တန်းအောင်ပြီးတော့ ဝတ္တုရှည် စရေးကြည့်ပါတယ်။ လုံးချင်း ဖြစ်လောက်တဲ့ သုံးအုပ်လောက်တော့ ရေးပြီးသွားတယ်။ အဲဒီတုန်းကတော့ ကွန်ပျူတာလည်း မရှိသေးတော့ ဗလာစာအုပ်မှာ လက်ရေးနဲ့ ရေးတာပေါ့ နော်။ ခုထိ သိမ်းထားပါသေးတယ်။ ဝတ္တုစာအုပ် ထုတ်ဖို့တော့ အိမ်ကို ပိုက်ဆံ မတောင်းရဲဘူး ။ နောက်ပိုင်း ကျောင်းတက်တာ၊ အလုပ်လုပ်တာနဲ့ ဝတ္တုရှည် ဆက်မရေးဖြစ်ဘူး။ စထားတဲ့ တစ်အုပ်လည်း ဘယ်တော့မှ အဆုံးသတ် ဖြစ်တော့မယ် မထင်ဘူး။ ဘလော့တစ်ခု လုပ်ဖြစ်သွားတော့ ဘာနေနေ ကိုယ် စိတ်ဝင်စားတာလေး ကိုယ်ရေးပြီး တင်မယ် ဆိုပြီး စုံထောက် ဝတ္တုတိုလေးတွေ ရေးပြီး တင်ဖြစ် သွားပါတယ်။ ခုတလောတော့ မရေးဖြစ်ပြန်ဘူး။ :D

အရင်တုန်းက အိမ်မှာ စာရေးတုန်းက အိမ်ကလူတွေ မသိအောင် ခိုးခိုး ရေးရတာပါ။ စာဖတ်တာ ဘာမှ မပြောပေမယ့် စာရေးတာတော့ မကြိုက်လို့ သူတို့ မသိအောင် ခိုးခိုး ရေးရတာပါ။ ကိုယ် ရေးရေး နေတာ ရိပ်တော့ ရိပ်မိပေမယ့် သိသာသိစေ မမြင်စေနဲ့ လုပ်ခဲ့ရတာပါ။ နောက်ပိုင်း အဆောင်နေမှ၊ ကွန်ပျူတာ ရှိလာမှ ကိုယ့်ဟာကိုယ် အေးအေး ရေးနိုင်တာပါ။ ဒါတောင် သူငယ်ချင်းတွေကို publish မလုပ်ခင် မမြင်စေချင်လို့ သူတို့ မမြင်အောင် ခိုးခိုး ရေးနေပါသေးတယ်။ ဟိုတစ်ခေါက် ပြန်တုန်းကတော့ သည်းထိတ်ဖို မဂ္ဂဇင်း နှစ်အုပ်မှာ ပါတဲ့ သွေးစွန်းလက်ဝါး နဲ့ ဗိုင်းရပ်စ်ကို အိမ်ကို ပြလိုက်တယ်။ ဂမ္ဘီရဆန်းကြယ်ထဲက ကျိန်စာသင့်ဖူးစာ ကိုတော့ ငှားဖတ်တုန်းက တွေ့လိုက်ပေမယ့် စာအုပ်က ပို့မပေးတော့ ခုထိ မယူဖြစ်ပါဘူး။ အဲဒါပြောတော့ ဒါတွေပဲ ရေးနေတာလား တဲ့၊ ပါတာ ဒါအကုန်ပဲလားတဲ့ ပြောသေးတယ်။ သူတို့ နားလည်လား မလည်လား မသိပေမယ့် internet ပေါ်မှာလေ၊ blog ပေါ်မှာတော့ အများကြီး ရေးတယ်လို့ ပြောလိုက်တယ်။ 


အမှန်တော့ ကိုယ့်အနေနဲ့ ဘလော့ကို စလုပ်ဖြစ်တဲ့ အချိန်က ကြည့်ရင် ရေးဖြစ်တာတော့ အတော်ကြီးကို နည်းပါသေးတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုတော့ ဘလော့ဂါ ရယ်လို့လည်း မခံယူသေးပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီး တွေးဖြစ်ပေမယ့်လည်း စာတစ်ပုဒ် ဖြစ်လောက်တဲ့ အထိ ရောက်မလာဘူး။ တစ်ခါတလေ သူများလို ဘဝသရုပ်ဖော် ရေးကြည့်ချင်ပေမယ့် တစ်သက်လုံး ကျောင်းနဲ့ အိမ်ကလွဲရင် ဘာမှ မသိတဲ့လူ ဆိုတော့ အတွေ့အကြုံ၊ အကြောင်းအရာလည်း ရှားပါး နေပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ပုံနှိပ်စာလုံး အနေနဲ့ မထုတ်ဝေနိုင်သေးလည်း ကိုယ့်ရဲ့ ကလောင်ကို သွေးလို့ ရနေတဲ့ ဒီ blogger.com ရှိနေတာ ကျေးဇူးတင် စရာပါ။ အဲဒါကြောင့်လည်း Blog တွေပေါ်မှာ စာရေးသူ စစ်စစ်တွေ အပြင် ကိုယ့်လို ကလောင်သွေးချင်တဲ့ သူတွေ၊ စာရေးချင်တဲ့ သူတွေပါ ဘလော့ဂါ ဖြစ်လာကြတာပါ။ ကိုယ် လျှောက်လျှောက် ရေးတဲ့ ကဗျာတွေဆို မဂ္ဂဇင်းတိုက် ပို့ရင် ဘယ်မဂ္ဂဇင်းက မှလည်း ရွေးမယ် မထင်ပါဘူး။ ဒါပေမယ့် ကဗျာရေးသူ ဘလော့ဂါ အနေနဲ့တော့ ဘလော့ဂါ အချင်းချင်းက အသိအမှတ်ပြုကြတယ်လေ။

ရသစာပေ အပြင် တရားဘက် လိုက်သူကလိုက်၊ အချက်အပြုတ်ဘက် လိုက်သူကလိုက်၊ နည်းပညာဘက် လိုက်သူက လိုက်၊ အစုံပလုံ လုပ်သူလည်း လုပ်ပေါ့၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ၊ ကိုယ်ရိုက်တဲ့ ဓါတ်ပုံတွေ တင်ချင်လည်း တင်ပေါ့။ နိုင်ငံရေးဘက် ဝါသနာပါသူများကလည်း အဲဒါနဲ့ ပတ်သက်တဲ့ သတင်း ပလင်းတွေ စုစည်းကြပေါ့။ လွတ်လပ်တဲ့ စာမျက်နှာမှာ တင်ချင်ရာ တင်လို့ ရပါတယ်။ comment တွေ cbox တွေ မှာလည်း ရေးချင်ရာ ရေးလို့ ရပါတယ်။ ဒါပေမယ့်လည်း ဘလော့ဂါတွေ အနေနဲ့တော့ ကိုယ့် သိက္ခာကိုယ် စောင့်စည်းပြီး သူတစ်ပါးကို အကြောင်းမဲ့ ပုတ်ခတ်တဲ့ စာတွေ မရေးမိဖို့၊ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်တဲ့ စာတွေပဲ ရေးသားကြဖို့တော့ လိုပါတယ်။ တကယ်တမ်း စာရေး ဝါသနာပါလို့ ရေးသားနေတဲ့ ဘလော့ဂါ စစ်စစ်များကတော့ အဲဒီလို ပုတ်ခတ်စာတွေ၊ မှီငြမ်း မဟုတ်တဲ့ ကူးချ စာတွေ မရေးကြပါဘူး။ ပွဲဆူအောင် တမင် လုပ်ချင်သူများသာ ရေးကြတာပါ။

Online ပေါ်မှာ အချိန်ကုန်ဖြစ်ကြတယ် ဆိုရင် talk ပေါ်မှာ chat ပေါ်မှာ ဟိုဟိုဒီဒီ ပလီပလာတွေ ပြောနေတာထက် စာရင် blog လည်ပြီး စာဖတ်၊ ဘလော့ဂါ အချင်းချင်း ရင်းနှီးကြတာက ပိုပြီး ကောင်းမွန် အကျိုးရှိတယ်လို့ ထင်ပါတယ်။ ဘလော့ဂါ ဆိုတာ အနည်းဆုံးတော့ စာပေမြတ်နိုးသူတွေမို့ အချင်းချင်း ကောင်းရာ မွန်ရာလေးတွေ မျှဝေရင်း စိတ်ချင်း ဆက်သွယ်နေသူတွေပါ။ ဟင်းချက်ကောင်းသူတွေကလည်း ကိုယ်ချက်တဲ့ ဟင်းလေးတွေ စားစေချင်တယ်၊ ဘာသာပြန် ကောင်းသူတွေကလည်း ကိုယ်ဖတ်မိ ကြိုက်မိ တာလေးတွေ မျှဝေချင်တယ်။ ခရီးသွားဖြစ်ရင်လည်း ကိုယ်သွားတဲ့ နေရာလေးတွေ ပြချင်တယ်။ ကိုယ် သဘောကျတဲ့ နည်းပညာလေးတွေ တွေ့ရင်၊ အထူးအဆန်း အဖြစ်အပျက်၊ သတင်း အပိုင်းအစ၊ ပုံလေးများ တွေ့ရင် မျှဝေချင်တယ်။ အဲဒါ ဘလော့ဂါ တွေပါ။

ဘလော့ဂါ ဦးရေ တိုးပွားပြီး ဘလော့ရွာကြီး ကျယ်ပြန့်ပါစေ...။

သိင်္ဂါကျော်

31 August, 2011

နှင်းဆီခင်းကို ပျိုးခွင့်ပေးခဲ့တဲ့ နေရာ (Blog Day အမှတ်တရ)


လွန်ခဲ့တဲ့ ၅ နှစ်လောက်၊ တစ်နေကုန် ကျောင်း စက်ခန်းထဲမှာ နေနေရတဲ့ အချိန်လောက်က စပြီး Blog တွေနဲ့ မိတ်ဆက်မိပါတယ်။ ကျောင်းသားတို့ ထုံးစံ အတိုင်း အမြဲတမ်း စာချည်းပဲလည်း လုပ်မနေနိုင်တော့ internet မှာ ဟိုဟိုသည်သည် လျှောက်ကြည့်မိပါတယ်။ Planet.com, popularmagazine, people magazine က စပြီး စာဖတ်လို့ ရမယ့် site တွေ လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်။ Cherrythitsar.org ကနေ ဝတ္တုတွေ တော်တော်များများလည်း download လုပ်ပြီး ဖတ်ဖြစ်ပါတယ်။ နောက်တော့ အစ်မ တစ်ယောက်က ပြောလို့ နိုင်းနိုင်းစနေ blog က စပြီး blogspot တွေကို စိတ်ဝင်စား လာပါတယ်။ ဝတ္တုတို လှလှလေးတွေ ရေးတတ်တဲ့ ရွှေပြည်သူ ၊ ရေခဲပြင်ထဲက ပန်းကလေး ခွန်မြလှိုင်၊ စာရေးဆရာမ မေငြိမ်း၊ စာရေးဆရာမ မိုးချိုသင်း၊ WeSheMe စသည်ဖြင့် တော်တော်များများကို စဖတ်ဖြစ်ပါတယ်။ တစ်ချို့တွေလည်း နာမည် မေ့သွားပါပြီ။ ခုနောက်ပိုင်း မရေးတော့တဲ့ blog တွေလည်း ပါပါတယ်။

သူငယ်ချင်းတွေ စက်ခန်းထဲမှာ အတူထိုင်ကြရတာ ဆိုတော့ ကောင်းတဲ့ blog လေးတွေ တွေ့ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ညွှန်းရင်းနဲ့ blog တွေ အတူ ဖတ်ဖြစ်ကြပါတယ်။ တစ်ချို့ blog တွေက သတင်း၊ တစ်ချို့ blog တွေက နိုင်ငံရေး၊ တစ်ချို့က နည်းပညာ၊ ဘာသာရေး၊ ချက်နည်းပြုတ်နည်း စသဖြင့် လိုင်း ပေါင်းစုံ တွေ့လာရပါတယ်။ တကယ်တော့ အဲဒီတုန်းက blog ကို ခိုးကြောင်ခိုးဝှက် ဖတ်ရတာပါ။ ဘာလို့လဲ ဆိုတော့ ကိုယ်တို့ ဆရာမကြီးက စက်ခန်းထဲမှာ စာကလွဲပြီး ဘာမှ မကြည့်ရဘူးလို့ တင်းတင်းကျပ်ကျပ် တားမြစ်ထားလို့ပါ။ Google ထဲမှာ စာ ရှာချင်ရှာ၊ ဒါမှမဟုတ် pdf file ဖွင့်ပြီး paper ဖတ်ချင်ဖတ်။ အဲဒါကလွဲပြီး တစ်ခြား စာဖတ်နေတာ၊ Game ဆော့နေတာ၊ ရုပ်ရှင်ကြည့်နေတာ မြင်လို့ကတော့ ပက်ပက်စက်စက် အဆူခံရပြီး ရုံးခန်းထဲမှာ လက်မှတ် လိုက်ထိုးရပါလိမ့်မယ်။ ဒါပေမယ့်လည်း သိတဲ့အတိုင်း ဆရာမကြီးကလည်း အမြဲလာကြည့်နေနိုင်တာ မဟုတ်တော့ ကိုယ်တို့ကလည်း blog တွေ ဖတ်မြဲ ဖတ်လျက်ပေါ့။

နောက်တော့ blogger.com ကနေ ကိုယ်ပိုင် blog တစ်ခု စမ်းလုပ်ကြည့်ချင်လာပါတယ်။ ကိုယ့်ဖာကိုယ် ရေးချင်ရာရေး လုပ်ချင်ရာ လုပ်ခွင့်ရှိတဲ့ web page တစ်ခု internet ပေါ်မှာ အလကား တင်ခွင့် ရှိမယ် ဆိုတော့ လုပ်ကြည့်တာပေါ့နော်။ စစချင်းတော့ blogger ကပေးတဲ့ template နဲ့ပဲ ဘလော့ အခွံလေး တစ်ခု ရလာတယ်။ ကိုယ့် blog ကို ဘယ်နေ့ စလုပ်မိတယ် ဆိုတာ သေချာ မမှတ်မိတော့လို့ Profile ကို ပြန်ကြည့်တော့မှ ကိုယ့်ရဲ့ blogger account ကို ၂၀၀ရ မှာ စလုပ်မိတယ် ဆိုတာ သတိထားမိပါတယ်။ Blog တစ်ခု ဆောက်ထားပေမယ့် အဲဒီနှစ်က ဘာမှ မတင်ဖြစ်သေးပဲ Post စ တင်ဖြစ်တာကတော့ ၂၀၀၈ ဇွန်လ မှပါ။ အရင်ရေးထားဖူးတဲ့ ကဗျာလေးတွေ စတင်ကြည့်ပါတယ်။ လောလောဆယ် ဘာရေးရမှန်း မသိသေးပဲ တင်ချင်တာပဲ များနေတော့ ချယ်ရီသစ္စာထဲက ဝတ္တုတိုလေးတစ်ပုဒ်ကို ကူးပြီး ကူးထားတဲ့ Link နဲ့ အတူ တင်လိုက်တယ်။ နောက်ထပ် ကဗျာတွေ ထပ်ရေးပြီး တင်တယ်။ အားပေးသူကတော့ blog တွေနဲ့ စပြီး မိတ်ဆက်ပေးတဲ့ အစ်မနဲ့ တစ်ခြား သူငယ်ချင်း တစ်ယောက်၊ နှစ်ယောက်ပါ။

Blog ကို နာမည်ပေးဖို့ စဉ်းစားလိုက်တော့ ကိုယ်က ကဗျာရော၊ ဝတ္တုရော၊ ဟိုဟိုသည်သည် အကုန်လျှောက်ရေးချင်တယ်၊ ရသစုံ ရေးမယ် ဆိုပြီးတော့ နှင်းဆီတစ်ခင်း ပန်းတစ်ခြင်း ဆိုပြီး အဲဒီ အချိန်က စိတ်ကူး ပေါ်လာတဲ့ အတိုင်း ပေးလိုက်တာပါ။  တစ်လ တစ်လကို ကဗျာလေး၊ ဝတ္တုလေး တစ်ပုဒ်စ၊ နှစ်ပုဒ်စ လောက်ပဲ ရေးဖြစ်ပါတယ်။ အားပေးသူကလည်း သူငယ်ချင်း နည်းနည်းနဲ့ မျက်စိလည် ရောက်လာတဲ့ တစ်ယောက် စ၊ နှစ်ယောက် စ လောက်ပဲ ရှိပါတယ်။ ခုနောက်ပိုင်းမှာ ကိုယ်လည်း Blog နဲ့ အရမ်းကြီး အဆက်ပြတ်မနေအောင် တတ်နိုင်သလောက် ကြိုးစားနေသလို ကိုယ့်နိုင်ငံတွင်းကရော၊ နိုင်ငံရပ်ခြားကနေရော အမြဲအားပေးနေတဲ့ သူငယ်ချင်းအရင်းတွေ နဲ့အတူ ဘလော့ကို လာလည်ရင်း သိကြတဲ့ blogger သူငယ်ချင်းများနှင့် blog ကိုအားပေးကြတဲ့ စာဖတ်သူအပေါင်း ကိုလည်း ကျေးဇူးတင်လျှက်ပါ။ 

မြန်မာနိုင်ငံမှာ နေပေမယ့် blogspot ကို proxy မကျော်ပဲ ဖွင့်လို့ရတဲ့ နေရာမှာ အလုပ်လုပ်ခွင့် ရတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကို ဝမ်းသာမိပါတယ်။ တစ်ခါတုန်းကတော့ (ပုသိမ်မှာ) အလူးလူး အလိမ့်လိမ့် connection ထဲမှာ freedom နဲ့ကျော်ပြီး ခရီးသွား မှတ်တမ်းလေး တစ်ခု တင်ဖို့ အရေး တနေကုန်လောက် ကြိုးစားလိုက်ရတာကိုလည်း မှတ်မိနေပါသေးတယ်။ ဆိုင်က connection တွေက များသော အားဖြင့် မကောင်းတတ်တာကြောင့် အိမ်ပြန်တဲ့ အခါဆို blog ကို ဖွင့်ကို မကြည့်ပဲ ပစ်ထားမိတာပါ။ 

ကိုယ်တိုင် သိပ်မရေးဖြစ်ပေမယ့် ဖတ်ဖြစ်တဲ့ ဘလော့တွေကတော့ များများလာပါတယ်။ ခုတလော blog day အတွက် ရေးကြတာတွေထဲမှာ blog link တွေ အတော်များများ စုစည်းထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ ကိုယ်ကတော့ ဖတ်ဖြစ်တဲ့ blog တွေ တော်တော် များများ မေ့ကျန်စရာ ရှိလို့ မပါခဲ့ရင် ခွင့်လွှတ်ပါလို့ ကြို တောင်းပန် ထားလိုက်ပါဦးမယ်။ စာရေးဆရာ နာမည်တွေလို့ သဘောထားပြီး ကိုတွေ မတွေ မတပ်ပဲ ရေးမိတာတွေကိုလည်း ဘယ်လိုမှ သဘောမထားပါနဲ့လို့။ Blog တွေထဲ သွားလည် စာဖတ်ရင်း တစ်ခါတလေ နှုတ်ဆက်ဖြစ်တယ်။ တစ်ခါတလေလည်း မအားလို့ပဲဖြစ်ဖြစ်၊ connection မကောင်းတာကြောင့်ပဲ ဖြစ်ဖြစ် ဖတ်ရုံပဲ ဖတ်ပြီး နှုတ်မဆက် ဖြစ်ပါဘူး။ တစ်ချို့လည်း ကိုယ်ဆီ အပြန်အလှန် လာလည်ရင်း ခြေရာချန်တတ်ခဲ့ကြတယ်။ များသောအားဖြင့်တော့ ကိုယ့်လို စိတ်ကူးပေါက်မှ စာရေး၊ အားမှ နှုတ်ဆက်တဲ့ blogger မပီမသ blogger ကို မသိတဲ့သူ များပါတယ်။ ကိုယ့်ကို မသိပေမယ့် ကိုယ်ကတော့ blog တော်တော်များများကို အမြဲမဟုတ်တောင် မကြာခဏတော့ ရောက်ဖြစ်ပါတယ်။

အသည်းကွဲ အက်ဆေး တွေကို လှလှပပ ဖွဲ့နွဲ့တတ်တဲ့ မယ်ကိုး၊ ရောက်တတ်ရာရာတွေ လျှောက်ရေးပေမယ့် ဖတ်လို့ကောင်းတဲ့ မမ ခင်ဦးခင်၊ ခုနောက်ပိုင်း blog ပေါ်က စွန့်ခွာသွားတဲ့၊ ဟာသတွေ အရေးကောင်းတဲ့ ဦးလူထွေး၊ ကိုယ်တို့ကို ကောင်းကင်ဘုံကနေ ကြည့်နေမယ့် ဘကျောက် (ရွှေရတုမှတ်တမ်း)၊ ကိုယ့် Blog ကို သူ့ဆီမှာ ပထမဆုံး link ထားပြီး တစ်ခြားသူတွေနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ဝက်ဝံကလေး (စက်တင်ဘာရဲ့ကောင်းကင်)၊ ဘဝထဲက အတွေ့အကြုံ အစုံကို စာတွေ ကောင်းကောင်း ဖွဲ့တတ်တဲ့ ကိုဇော်၊ ကိုမြစ်ကျိုးအင်း၊ ကိုအောင်(ပျူနိုင်ငံ)၊ ကဗျာ ကောင်းကောင်းလေးတွေ ရေးတတ်တဲ့ လင်းဒီပ၊ နတ်ဆိုးလေး (ဗညားရှိန်)၊ Craton၊ ကိုအောင်သာငယ်၊ ကိုဆောင်းယွန်းလ၊ မမသီရိ၊ ညလင်းအိမ်။ inspirational ဝတ္တုတိုကောင်းလေးတွေ ဘာသာပြန်တတ်တဲ့ မချော (အစိမ်းရောင်လွင်ပြင်)၊ ခံစားချက် ဝတ္တု လှလှလေးတွေ ရေးတတ်တဲ့ ဏီလင်းညို၊ sosegado (တည်ငြိမ်အေး)၊ ဂန္ဓဝင် ဝတ္တုကောင်းတွေ အမြဲတင်ပေးတတ်တဲ့ မမရွှေစင်ဦး၊ စုံထောက်ဝတ္တုရှည်တွေ ဘာသာပြန် တတ်တဲ့ ကိုသင့်လူ၊ ရုရှ ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဝေလင်း (ဒဏ်ရာပြတိုက်)၊ ဂျပန်ဝတ္တုတွေ ဘာသာပြန်တတ်တဲ့ ဂျူလိယက်ရဲ့ ဝတ္တုတိုများ စုစည်းရာ၊ မှတ်စု ကောင်းကောင်းလေးတွေ စုစည်းပေးတတ်တဲ့ မီးပြတိုက်

ဘဝသရုပ်ဖော် ဝတ္တုကောင်းလေးတွေ ရေးတတ်တဲ့ သတိုး၊ မချစ်ကြည်အေး၊ မမြသွေးနီ၊ မမြတ်မွန်၊ အိမ့်ချမ်းမြေ့။ သိမှတ်စရာ ဆောင်းပါးတွေ ရေးတတ်တဲ့ ညလင်းဖြူ၊ မငယ်နိုင်၊ လသာည၊ အဖြူရောင်နတ်သမီး၊ မမေဓါဝီ၊ ဧရာဝတီ စာကြည့်တိုက်။ ကိုယ့်ရဲ့ စုံထောက်ဝတ္တုတွေကို စိတ်ဝင်တစား ဖတ်ပြီး ဝေဖန်တတ်တဲ့ လောရှည်။ ကမ္ဘာတလွှားက ထူးထူးခြားခြားတွေ အမြဲရှာဖွေ ဖော်ပြတတ်တဲ့ သက်တန့်ချို၊ ကိုပီတာ၊  ရေးချင်လို့ ရေးတာပါ ဆိုတဲ့ ခိုင်စိုးလင်းကိုယ့်ကိုမသိပေမယ့် တိတ်တိတ်ကလေး အမြဲသွားဖတ်တတ်တဲ့ စာရေးဆရာမ ခက်မာ၊ ပန်ဒိုရာ၊ မနော်ဟရီ၊ မိုးလှိုင်ည၊ ခင်အောင်အေး၊ အိုက်လွယ်ပန်၊ အိန္ဒြာ၊ July Dream။ ခုနောက်ပိုင်း ပျောက်နေတဲ့ ယုယ၊ ကိုရင်နော်ခင်လေးငယ်၊ ကြုံရသမျှ နဗနဘဝ၊ ဂျေဂျူဝိုင်၊ ရွာသားလေး YTU၊ ဖိုးစိန်၊ ကိုရင်စည်သူ၊ ချမ်းလင်းနေ၊ မဆုမွန်၊ ဒဏ္ဍာရီ၊ သစ်နက်ဆူး၊ လင်းကြယ်ဖြူ၊ လင်းကြယ်စင်၊ အင်ကြင်းသန့်၊ အညာမှ ခရေညို၊ မျက်မှန်လေး၊ အဖြူရောင်အိမ်လေးတစ်လုံး၊ ကေသရီ၊ ကြည်ဖြူပိုင်။ ခုနောက်ပိုင်း ကဗျာတွေ အရေးကောင်းလို့ သွားသွားဖတ်မိတဲ့ လရိပ်

ဦးမင်းဒင်၊ ဆရာဦးစိုးမြင့် (မေ့ဆေး)၊ ဆရာ အတ္တကျော်၊ ကိုဘကြိုင်၊ ဆင်တဲကဖေး၊ ကိုကိုမောင် (ပန်းရနံ့)၊ ဦးမောင်မောင်၊ ဆရာတော် မော်ကွန်းသစ်၊ ဆရာတော် တောက်ပကြယ်စင်၊ သက်ဝေ၊ အပြုံးပန်း၊ မော်စကွီးတိုး၊ ဂျူနီယာလွင်ဦး၊ မဗေဒါ၊ Rose of Sharon၊ Reenoemann၊ Rita၊ AngelHlaing၊ KiKi-Idiotlove၊ K၊ မဝါဝါခိုင်မင်း၊ မောင်မျိုး(ကျွန်တော့်ဘဝဇာတ်ခုံ) Pinkgold၊ မအိမ်သူ(ဝါခေါင်မိုး)၊ ဆောင်းနှင်းရွက်၊ သဒ္ဓာလှိုင်း၊  နှင်းနုလွင်၊ ဆွေလေးမွန်၊ ခံစားမှုသံစဉ်(Blackroze)၊ အန်တီတင့်၊ Jesmine(တောင်ကြီး)၊ မဒမ်ကိုး၊ ခိုင်နုငယ်၊ မေသိမ့်သိမ့်ကျော်၊ မိုးငွေ့နှင့်အတူ၊ ကိုကိုးအိမ်(မန္တလေး)၊ အဖြူလေး၊ ကျွန်တော်တို့အိမ်၊ ထာဝရကြယ်စင် (မိုးခါး)၊ ဒုတိယအရွယ်၏ ရှိသမျှဝေဒနာ၊ နှင်းနဲ့မာယာ၊ နှင်းဟေမာ၊ နေဝသန်ရဲ့ အိုအေစစ်၊ My Little World၊ Sonata-Cantata၊  လင်းဦး(စိတ်ပညာ)၊ ၊ သုနှင်းဆီ၊ ညီလင်းဆက်၊ ဂျစ်တူး (မုံရွာ)၊ စုံစီနဖာ စာမျက်နှာ (ရွှန်းမီ)၊ စုဘူးအိမ်၊ မိုးမြင့်တိမ်ဆူးရင့် (တန့်ဆည်)ပန်းခရမ်းပြာThe Starry NightMy Notebook နှလုံးသားရပ်ဝန်းမှ အသံများ

အရင် ထည့်ထားဖူးတဲ့ Link တွေကလည်း တစ်ခါတုန်းက malware ဆိုပြီးဖြုတ်လိုက်တုန်းက တစ်ချို့တွေ ပါသွားပြီး ပြန်မထည့်ဖြစ်သေးတာတွေ ရှိနိုင်ပါသေးတယ်။ အခု တွေ့မိသမျှ၊ ဖတ်မိသမျှတော့ Blog Day အမှတ်တရ အနေနဲ့ ကိုယ့် ရဲ့ Blog စာမျက်နှာပေါ်မှာ မှတ်တမ်းတင် ထားလိုက်ပါတယ်။ အမြဲမဟုတ်တောင် ကြုံကြိုက်လို့ သွားလိုက်တဲ့၊ ကိုယ့်ဆီလာလို့ ပြန်သွားလည် လိုက်တဲ့ Blog တွေလည်း အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါပြီနော်..။


Blogger အားလုံး စာကောင်းပေကောင်းတွေ များများကြီး ရေးနိုင်ကြပါစေ။


သိင်္ဂါကျော်

04 August, 2011

ကြိုက်တာ မကြိုက်တာ .. ရောက်တတ်ရာရာ ..


အဖြူရောင်နတ်သမီး ရဲ့ ကြိုက် မကြိုက် ပို့စ်ကို သွားဖတ်မိရာက သူက ကိုယ့်ကို သတိရသွားပြီး တဂ်ထားလိုက်တော့ ခက်သွားပါတယ်။ ကိုယ်က တကယ်တော့ အဲဒါမျိုး မရေးချင်ပါဘူး။ ကြိုက်တာ မကြိုက်တာကို အဲလောက် သတ်သတ်မှတ်မှတ်ကြီး မတွေးဖူးဘူးလေ။ ဘာပဲဖြစ်ဖြစ် တဂ်တဲ့လူက ခင်လို့ မင်လို့ တဂ်မှတော့ မရေးပဲ နေလို့ မကောင်းတာနဲ့ပဲ အနည်းအကျဉ်းလေးတော့ ရေးမှပဲလို့ စဉ်းစားပြီးတော့ ရောက်တတ်ရာရာလေး ရေးလိုက်ပါတယ်။

ကိုယ့်အကြောင်းကိုယ်တော့ သိပ်မပြောချင်ပါဘူး။ ပြောရလောက်အောင် ဘာမှလည်း ထူးထူးခြားခြား မရှိပါဘူး။ ကိုယ့်ခန္ဓာကိုယ်ကိုပြန်ကြည့်ရင်တော့ မကြိုက်တာတွေ များနေလိမ့်မယ် ထင်တယ်။ မျက်နှာက ယောက်ျားဆန်သလို အလှပြင်ဖို့လည်း စိတ်မဝင်စားတဲ့ သူမို့ ယောက်ျားလေးလို နေရတာကို သဘောကျတဲ့သူပါ။ ဆယ်တန်းလောက်အထိ ရှပ်အင်္ကျီလို စပို့ရှပ်လို ယောက်ျားလေးပုံစံတွေပဲ ဝတ်ပြီး နေလာခဲ့ရာက တက္ကသိုလ် တက်မှ နည်းနည်း ပြောင်းသွားတာပါ။ အင်္ကျီတွေဆိုလည်း ready made အင်္ကျီခပ်ပွပွတွေ ဝတ်ရတာ သဘောကျပါတယ်။ ခုနောက်ပိုင်းတော့ အင်္ကျီပွပွ ဝတ်ရင် ပိုပြီး ဝဝတုတ်တုတ် အဒေါ်ကြီး ပုံများ ပေါက်မလား ဆိုပြီး နည်းနည်းပါးပါး သပ်သပ်ရပ်ရပ် fit ဖြစ်တဲ့ အဝတ်အစားမျိုး ဝတ်ဖို့ ကြိုးစားနေပါတယ်။ အလုပ်မှာလည်း အလုပ်သဘာဝအရ မြန်မာအင်္ကျီတွေပဲ ဝတ်ရတာ ဆိုပေမယ့် သူများလို ကွက်တိ ကျပ်ထုပ်နေတဲ့ ပုံစံမျိုး မဝတ်တတ်ပါဘူး။ အသက်ရှူကျပ်တယ်လို့ ထင်လို့ပါ။ အဝတ်အစား အသုံးအဆောင် အရောင်ကိုတော့ ထင်းနေတဲ့ အရောင်ရင့်တွေထက် ခပ်ဖျော့ဖျော့တွေကို ပိုကြိုက်ပါတယ်။ မီးခိုးရောင်တို့၊ အပြာနုတို့၊ ပန်းရောင်အနုတို့ စသဖြင့်ပေါ့။ ဖိနပ်မြင့်မြင့် ထူထူတွေကိုတော့ သဘောကျတတ်တယ်။

တစ်ချို့တွေလို ယောက်ျားစိတ် ပေါက်နေတာမဟုတ်ပေမယ့် ယောက်ျားလေး ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့တော့ အမြဲလိုလို တွေးမိပါတယ်။ ယောက်ျားလေး ဖြစ်ခဲ့ရင် မိန်းကလေးထက်ပိုပြီး လွတ်လပ်ခွင့် လုပ်ပိုင်ခွင့်တွေ များမယ်လို့ ထင်တယ်လေ။ ဥပမာ တစ်ယောက်တည်း ရုပ်ရှင်ရုံ သွားကြည့်တာမျိုး၊ တစ်ယောက်တည်း ညဘက် လျှောက်သွားတာမျိုး မှာ ယောက်ျားလေး ဆို သင့်တော်ပြီး မိန်းကလေးဆို မသင့်တော်ဘူးလေ။ အခု စင်ကာပူ ရောက်နေတဲ့ သူငယ်ချင်း (မိန်းကလေး) မသွားခင်က ကိုယ်တို့ နှစ်ယောက် အပတ်တိုင်း ရုပ်ရှင်ရုံ သွားကြည့်ဖြစ်ကြတယ်။ နိုင်ငံခြားကားတွေကို တစ်ခါတလေ အခွေ ကြည့်ပြီးတာတောင် ရုံမှာ ကြည့်ရတာ ပိုကောင်းတယ် ဆိုပြီး သွားသွားကြည့်တယ်။ နိုင်ငံခြား ကြည့်စရာ မရှိတော့ရင် ဗမာကား ကြည့်ပြန်ရော.. ကြည့်ပြီးရင် နှစ်ယောက်သား ဝေဖန်လို့ မဆုံးပြန်ဘူး။ ခု သူ အဖော်မရှိတော့ ကိုယ်လည်း ရုပ်ရှင်ရုံ မသွားဖြစ်တော့ဘူးလေ။ အခွေပဲ ဝယ်ကြည့်ဖြစ်တော့တယ်။ 

ကိုယ်က ရုပ်ရှင်ဆို နိုင်ငံခြားကား Action ကားတွေ ပိုကြိုက်တယ်။ ငယ်ငယ်တည်းက အိမ်က အဘိုးကစပြီး ဂျိန်းစဘွန်းကားတွေ ဘာတွေ ကြိုက်ခဲ့တာ ဆိုတော့ ခုထိ အဲဒါမျိုးပဲ ကြိုက်တယ်။ ငယ်ငယ်က တီဗွီကလာတဲ့ The Guns of Navarone ဆို ခုထိ မှတ်မိနေတယ်။ ခုနောက်ပိုင်း တီဗွီ ဇာတ်လမ်းတွဲ ဆိုလည်း 5 series ရတုန်းက  ကြည့်ဖြစ်တဲ့ CSI ဇာတ်လမ်းတွဲတွေ၊ 4400 တို့၊ Lost တို့ ကိုရီးယားရှေးဟောင်း အမှုဖော်တဲ့ ဇာတ်လမ်းတို့၊ အိန္ဒိယမှာ သင်တန်းတက်တုန်းက ကြည့်ဖြစ်တဲ့ Lies To me တို့လို ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်။ Action ကားတွေ ကြည့်စရာ မရှိတော့ရင် လူသတ်ကား၊ သရဲကားတွေ ကြည့်တယ်။ သွေးသံရဲရဲ အသားပေးတာထက် ကိုရီးယား သရဲကားတွေလို ကြောက်စရာ ကောင်းတာမျိုးကို ပိုကြိုက်တယ်။ တစ်ခါတလေတော့ အဖော်ကောင်းရင် Drama ကား ကောင်းကောင်းလေးတွေလည်း ကြည့်ဖြစ်တာပဲ။ ဗွီဒီယိုအခွေ ခေတ်ကတည်းက နိုင်ငံခြားကားတွေပဲ ငှားကြည့်ဖြစ်တာ... DVD ခေတ်ကျတော့လည်း အပတ်တိုင်း ဝယ်ဝယ် ကြည့်နေတာပါပဲ။ အဲဒါအပြင် မြဝတီ၊ MRTV၊ MRTV 4 တို့က လာတဲ့ ကိုရီးယား ကားတွေလည်း အလွတ်မပေးချင် ပြန်ဘူး။ မြဝတီက လာတဲ့ ဂျာမန်ရုပ်ရှင်လား မသိ၊ ဥရောပ စကားပြောနဲ့ ကားတွေလည်း အားပေးတာပဲ။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့်လည်း ကြည့်ဖြစ်နေတုန်းပဲ။ အဲဒါတွေ ကြည့်မယ့် အချိန် စာရေးဖြစ်ရင်ကောင်းမှာပဲလို့ စိတ်ထဲတွေးမိပေမယ့်လည်း တွေးတာလောက်နဲ့ပဲ ရပ်ထားလိုက်တာ။

လောလောဆယ် အဆောင်နားမှာ စာအုပ်အငှားဆိုင် မရှိလို့ ငှားမဖတ်ဖြစ်ပေမယ့် စာဖတ်ရတာလည်း သဘောကျပါတယ်။ အိမ်ပြန်ရင်တော့ ဂမ္ဘီရမဂ္ဂဇင်းတွေရော၊ ဘာရော အကုန် ငှားဖတ်ဖြစ်တယ်။ အဒေါ်က စာဖတ် ဝါသနာပါတော့ ငယ်ငယ်တည်းက သူဖတ်တာ လိုက်ဖတ်ရင်းနဲ့ စွဲသွားတာလေ။ အမေက မြန်မာစာဌာနက ဆိုပေမယ့် သူက စာဖတ်တာ ဒီလောက် ဝါသနာ ပါလှတာ မဟုတ်ဘူး။ ငယ်ငယ်ကဆို သူ့ တက္ကသိုလ် စာကြည့်တိုက်က ရှိသမျှ ဘာသာပြန် စုံထောက်ဝတ္တုတွေ ကိုယ် ဖတ်ဖူးတယ်။ မိုးအေးအေးလေးမှာ ဝတ္တုကောင်းကောင်းလေး တစ်အုပ် ဖတ်ပြီး နှပ်ရတာလောက် ကောင်းတဲ့ အရသာ မရှိဘူးလို့ ထင်တယ်။

ခုတလော ကြိုက်နေတာ တစ်ခုက ရှိနေသေးတယ်။ အဆောင်မှာက internet က မရတော့ဘူး ဆိုတော့ အရင်က Farmville ထဲမှာ စိုက်ခဲ့ဖူးတာကိုတော့ မေ့လိုက်ပါပြီ။ ဒါပေမယ့် Laptop လေး ဖွင့်ပြီးရင် အလုပ် လုပ်မလိုလို ဘာလိုလိုနဲ့ နောက်ဆုံးမှာ Game ထဲရောက်ရောက် သွားပြန်ပါရော။ ပေါ့ပေါ့ပါးပါး Zuma Revenge တို့ Zombie တို့ ဘာတို့ ပေါ့။ အဲဒါတွေ လုပ်လုပ်နေလို့ စာက မရေးဖြစ်တာ.. :D ။

အစားအသောက် အကြောင်း ပြောရရင် ကောင်းမလား ဆိုပြီး စဉ်းစားလိုက်တော့ အဲလောက်ကြီး ကြိုက်တာ မကြိုက်တာ မရှိလှဘူးလို့ ထင်တယ်။ ငယ်ငယ်က မကြိုက်တာတွေလည်းခု နောက်ပိုင်းတော့ စားလို့ ဖြစ်သွားတာတွေ ရှိတယ်။ မနက်စာ ဆိုရင်တော့ ကိုယ့် အရပ်ဒေသက အသုပ်တို့ မုန့်ဟင်းခါးတို့ ဘာတို့ကို ပိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်ကလည်း ကိုယ့်အိမ်ကိုယ် မနေရတာက များတော့ ရှိတဲ့ နေရာက အစားအသောက်တွေကိုပဲ စားဖြစ်တယ် ဆိုရင် စားလိုက်တာပါပဲ။ ရှမ်းစာတွေ ဘာတွေတော့ သိပ်မကြိုက်တတ်ဘူး။ မနက်စာ ဆိုရင် ကိုယ်သိပ်မကြိုက်တဲ့ လက်ရာနဲ့ အသုပ်တွေ မုန့်ဟင်းခါးတွေ စားတာထက် လက်ဖက်ရည်နဲ့ စားတဲ့ မုန့်မျိုးတွေ (နံပြားထောပတ်သုပ်၊ ပဲပလာတာ၊ အီကြာကွေး...) စားရရင် ပိုကြိုက်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် ကိုတော့ အအေးဘူးတွေ အအေးပုလင်း တွေထက် ပိုကြိုက်တယ် ပြောရမှာပဲ။ ပေါင်မုန့်လည်း ကြိုက်တယ်၊ ချိစ်လည်း ကြိုက်တယ်၊ ကွတ်ကီးတွေလည်း ကြိုက်တယ်။ ဝစေတဲ့ အစားအစာတွေ ပိုကြိုက်တတ်လို့ ခက်နေတယ်။

ဝတာကို မကြိုက်ပေမယ့် မဝအောင် အစားလျှော့စားရမှာကို ပိုပြီး မကြိုက်ဘူး... :D ။ ရုပ်ရှင်ကြည့်ရင်းလည်း ရှိတဲ့ သွားရေစာတွေ လျှောက်လျှောက်စားချင်နေတာပဲ။ သူငယ်ချင်းတွေက အပိန်အသေးလေးတွေ ဖြစ်နေတော့ ကိုယ်က အဝဆုံး ဖြစ်နေရတာပါ။ တကယ်တော့ အရပ် ၅ပေ ၂ခွဲ၊ ပေါင် ၁၂၀ ဆိုတာ ပုံမှန်လောက်ပဲ မဟုတ်လား :D ။ အဲဒီထက် ထပ်မဝအောင် ထိန်းဖို့တော့ ကြိုးစားနေပါတယ်...။ အမှန်တော့ ပေါင် ၁၁၀ အထိ ကျချင်တာ..၊ ဒါပေမယ့်.. မဖြစ်နိုင်သေးဘူး ဟီးးး

ကိုယ့်ကိုယ်ကို မကြိုက်တာ တစ်ခုက ပေါင်းသင်း ဆက်ဆံရေးပေါ့။ ဖွယ်ဖွယ်ရာရာ ပျူပျူငှာငှာ မပြောတတ်ဘူး။ တွေ့တွေ့ချင်း ငယ်ပေါင်း ကြီးဖော်လို ရင်းနှီး သွားတတ်တဲ့ သူမျိုး မဟုတ်ဘူး။ တစ်ခါတလေမှာ ဘယ်လို ပြောလိုက်သင့်တယ် ဆိုတာ သိပေမယ့်လည်း ပါးစပ်က ဖွင့်ပြောဖို့ကို ခက်နေတတ်တာပါ။ အထက်ကိုလည်း မဖားတတ်၊ အောက်ကိုလည်း အရမ်း မရောတတ်တဲ့ သူပါ။ ဒါပေမယ့် ကိုယ့်ကို မုန်းနေတဲ့လူလည်း တစ်ယောက်မှတော့ မရှိဘူးလို့ ထင်ပါတယ်။ လူတိုင်းနဲ့ အရမ်းကြီး မရင်းနှီးတောင်မှပဲ ပုံမှန် ခင်ခင်မင်မင်တော့ ရှိကြပါတယ်။ သိပ်မရင်းနှီးတဲ့ သူတွေက ကိုယ့်ကို အရမ်းအေးတာပဲ လို့ မှတ်ချက် ချတတ်တယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေကတော့ အဲလောက် အေးတာ မဟုတ်ပါဘူးတဲ့။ တစ်ခွန်းမခံ ပြန်ပြောတတ်တာ သူတို့ မသိလို့တဲ့ ... ပြောကြတယ်။ တစ်ခွန်းဆို တစ်ခွန်း ထိအောင် ပြောတတ်တယ် တဲ့..။

သူငယ်ချင်းတွေနဲ့ အတူတူ လည်ပတ်၊ စားသောက်၊ ရုပ်ရှင် ကြည့်ရတာ ကြိုက်ပေမယ့် အမြဲတမ်း နေထိုင်မှု အတွက်တော့ လူအများကြီးနဲ့ အခန်းမှာ မနေချင်ဘူး။ ကိုယ့် Privacy နဲ့ကိုယ်၊ တစ်ယောက်ခန်းလေး ထဲမှာပဲ ကိုယ် လုပ်ချင်ရာ လုပ်နေချင်တယ်။ သီချင်းတွေ အမြဲတမ်း ဖွင့်ချင် ဖွင့်ထားမယ်။ အများနဲ့ နေတဲ့ အခန်းမှာဆို သူများ ဖွင့်တဲ့ သီချင်းတွေ နားထောင်နေရမှာမျိုးကို မကြိုက်ဘူး။ ကိုယ့်အခန်းထဲမှာ ကိုယ် ညနက်မှ မီးပိတ်ပြီး အိပ်ချင်တဲ့ အချိန်မှ အိပ်မယ်၊ သူများနဲ့ဆို အားနာနေရမယ်လေ။ အိမ် ဆိုရင်လည်း ဆူညံနေတဲ့ ပတ်ဝန်းကျင်မှာ နေရတာကို မကြိုက်ဘူး။ တိတ်ဆိတ်တဲ့ ရပ်ကွက်လိုမျိုးမှာပဲ နေချင်တယ်။

ကိုယ့်မှာ မိန်းမ မဆန်တဲ့ စရိုက်တွေ အများကြီး ရှိတယ်။ ဟင်းချက်ရတာလည်း မကြိုက်ဘူး။ တော်တော် ပျင်းစရာ ကောင်းတဲ့ အလုပ်လို့ ထင်တယ်။ ဒါပေမယ့်လည်း ဆယ်တန်းအောင်ပြီးကတည်းက တစ်ခြားမှာပဲ ကျောင်းတက်နေရတော့ ဘာပဲဖြစ်ဖြစ် ကိုယ်စားဖို့ ကိုယ် လုပ်နေရတာပါပဲ။ အဆင်ပြေရင်တော့ ဆိုင်က ဝယ်စားတယ်။ ထမင်းချိုင့်ဆွဲ စားတယ်။ အိမ်က ပို့တာတွေ စားတယ်။ နောက်ဆုံး ဘွဲ့လွန်ကျမှ ကိုယ့်ဟာကိုယ် စပြီး ချက်စား ဖြစ်တယ်။ ဒါပေမယ့် ဖွယ်ဖွယ်ရာရာတော့ မဟုတ်သေးပါဘူး။ ကြက်သား၊ ငါး၊ ပုစွန် အဆင်ပြေတာ ကြော်ပစ်လိုက်တာပဲ။ ပြီးတော့ ဟင်းသီး ဟင်းရွက် တစ်ခုခု ကြော်လိုက်တယ်။ ပြီးပြီပေါ့။ ထမင်းလေး တစ်နပ် စားဖို့ အရေး ဘယ်လောက်များ ပင်ပင်ပန်းပန်း လုပ်နေရဦးမလဲ လို့..။ ခုတော့ သူငယ်ချင်းတွေနဲ့ စုပြီး ချက်စားကြဆိုတော့ ကိုယ့် ဂျူတီ နေ့ကျရင်တော့ အားလုံး စားနိုင်အောင် ချက်ရတာပေါ့။ တစ်ယောက်တည်း တုန်းကလို ဖြစ်သလို လုပ်လို့ မဖြစ်တော့ဘူး။  ဟင်းချက်တယ် ဆိုတာ ဘာမှ မခက်ဘူး၊ မလုပ်ချင်လို့ နေတာ လို့ ကိုယ်ကလည်း အမြဲကြွေးကြော် လာခဲ့သူ ဆိုတော့ ဖြစ်အောင် လုပ်ရတာပေါ့။ 

အိမ်မှုကိစ္စတွေ လုပ်ရတာ ကြိုက်ကို မကြိုက်ဘူး။ မကြိုက်ပေမယ့်လည်း လုပ်နေရတာပဲလေ။ မိန်းမ ဖြစ်ရတာ မကြိုက်တဲ့ အထဲ အဲဒါလည်း ပါတယ်လေ။ မိန်းမ ဆိုတော့ တစ်ယောက်တည်း နေလည်း ကိုယ့်ဟာကိုယ် လုပ်၊ အိမ်ထောင် ကျတော့လည်း လုပ်ရဦးမှာ မဟုတ်လား။ တစ်ယောက်တည်း ကမှ ကိုယ်လုပ်ချင်တဲ့ အချိန်မှ ထလုပ်၊ မလုပ်ချင်ရင်လည်း ကိုယ့်ဟာကိုယ် စာပဲ ရေးနေနေ၊ ရုပ်ရှင်ပဲ ကြည့်နေနေ ဘယ်သူမှ ပြောမယ့်သူ မရှိဘူး။ အဲဒီ ဘဝက အကောင်းဆုံးနော်.. အပျိုကြီးတွေ စိတ်ကူးလွဲပြီး ဒုက္ခတွင်းထဲ ခုန်မဆင်းရလို့ ဆိုပြီး စိတ်မပျက်ပါနဲ့.. :P ။ ယောက်ျားလေး ဖြစ်ရမှာကို ကြိုက်တယ်.. ဆိုတာက... ယောက်ျားလေး ဆိုရင်တော့ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ချစ်လို့ရမယ်လေ..။ ခုခေတ်မှာ လှတ ပတ ကောင်မလေးတွေ ဒီလောက်များတာ...။ အိမ်ထောင်ပြုလိုက်ရင်လည်း အိမ်မှာ ကိုယ့်ကို ထမင်းဝိုင်း အဆင်သင့်နဲ့ အမောပြေမယ့် ရုပ်ကလေးနဲ့ ကြိုနေမယ့် မိန်းကလေးမျိုးကို ရှာယူလို့ ရနိုင်တယ်လေ...။ ဟဲဟဲ လျှောက်ပြောတာပါ။ တော်ကြာ တစ်မျိုး ထင်နေကြဦးမယ်။ ယောက်ျားလေး ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြင့်မြတ်တဲ့ ရဟန်းဘဝကို ရနိုင်တယ်လေ..။ ဒါကတော့ ငြင်းမရတဲ့အချက် မဟုတ်လား။ ကိုယ်ကတော့ နောင်ဘဝမှာလူဖြစ်ခဲ့ရင် စိတ်ထား မြင့်မြတ်တဲ့ ယောက်ျားပဲ ဖြစ်ချင်မိပါတယ်။ 

ရောက်တတ်ရာရာလျှောက်ရေးရင်းနဲ့ နည်းနည်းတောင် ရှည်သွားပါပြီ။ စာဖတ်သူ မျက်စိညောင်းအောင် နှိပ်စက်မိတယ် ဆိုရင်တော့ Sorry ပါ။ :)
သိင်္ဂါကျော်

08 April, 2010

အကောင်းမြင်၊ အဆိုးမြင် နှင့် လက်တွေ့ကျသောအမြင်

(မနက်ဖြန် သင်္ကြန်ပိတ်ရက်မို့ အိမ်ပြန်ပါတော့မယ်။ ဇာတိမြို့မှာ internet ဆိုင်တွေ ရှိပေမယ့် connection ကတော့ သိတဲ့ အတိုင်း သိပ်ကောင်းတာမဟုတ်လို့ Post အသစ်လည်း တင်ဖြစ်မယ် မထင်ပါ။ Blog ပေါ်ကနေ သုံးပတ်လောက် ပျောက်နေမယ့် အကြောင်း ခွင့်တိုင်သွားပါတယ်နော်..။ မသွားခင် ကိုဇော်ရဲ့ အမြင်များ ဆိုတဲ့ Tag post လေးကို ခပ်တိုတိုပဲ ရေးတတ်သလိုရေးပြီး တင်လိုက်ပါတယ်။)
-------------------------------------------------------------------------------------------------------------
"The pessimist complains about the wind; the optimist expects it to change; the realist adjusts the sails."
—William A. Ward

“အဆိုးမြင်သမားက လေမုန်တိုင်းထန်ရင် ဘယ်လိုလုပ်မလဲလို့ တွေးတယ်၊ အကောင်းမြင်သမားကတော့ ရာသီဥတုကောင်းသွားမှာပါလို့ မျှော်လင့်တယ်၊ လက်တွေ့သမားကပဲ ရွက်တွေကို ညှိရတယ်” လို့ William A. Ward က ပြောပါတယ်။

ကိုယ့်ကို အကောင်းမြင်သမားလားလို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အဆိုးမြင်သမားလား လို့ မေးရင်လည်း မဟုတ်ဘူးလို့ ဖြေရမှာပဲ။ အခြေအနေ၊ အချိန်အခါကို လိုက်ပြီး တစ်ခါတလေလည်း အကောင်းမြင်ပေးနိုင်တာ ရှိသလို တစ်ခါတလေလည်း အကောင်းမြင် မပေးနိုင်တာမျိုး ရှိတတ်တာပဲလေ။ များသောအားဖြင့်တော့ အမှန်ကို အမှန်အတိုင်း မြင်နိုင်အောင် တတ်နိုင်သမျှကြိုးစားပါတယ်။

အားလုံးသိကြတဲ့ ပုံပြင်ထဲကလို အကောင်းမြင်သမားက ရေတစ်ဝက်ရှိတဲ့ ဖန်ခွက်ကို တွေ့တော့ ရေတစ်ဝက်တောင် ရှိသေးတာပဲ လို့ ပြောတယ်၊ အဆိုးမြင်သမားကတော့ ရေတစ်ဝက်ပဲ ကျန်တော့တယ် လို့ ပြောပါတယ်။ တကယ်တော့ ဒီရေကို ခပ်ကတည်းက အပြည့်မလိုချင်လို့ တစ်ဝက်ထဲ ခပ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ခွက်ထဲမှာ ရေတစ်ဝက်ရှိနေတဲ့ အဖြစ်မှန်ကိုသာ မြင်ဖို့ အရေးကြီးတာပါ။

ကိုယ်တို့ မြန်မာတွေကလည်း တကယ်တော့ အကောင်းမြင်သမားတွေများပါတယ်။ ကိုယ့်ဘဝကိုယ် ရောင့်ရဲတင်းတိမ် ကျေနပ်နေတတ်တာကလည်း အကောင်းမြင်တတ်တာပဲ မဟုတ်လား။ အဲလိုသာ အမြဲ အကောင်းမြင်ပြီး ကိုယ့်အခြေအနေကိုယ် ကျေနပ်နေရာကနေ တိုးတက်ဖို့ မကြိုးစားဘူး ဆိုရင်လည်း အဲဒါ ကောင်းတဲ့ ရလာဒ် မဟုတ်ပါဘူး။ ကိုယ့်အခြေအနေ ဘယ်လောက်ဆိုးနေတယ် ဆိုတာကိုလည်း အဆိုးမြင်သမား ရှုထောင့်ကနေ မြင်တတ်ဖို့ လိုပါတယ်။ ဆိုးတာကို ကောင်းတယ်လို့ အတင်းကြီး အကောင်းမြင်နေပြီး ပြင်ဆင်ဖို့ မကြိုးစားတာမျိုးကလည်း မမှန်ဘူးလို့ ထင်ပါတယ်။ ဆိုးတာကို ဆိုးတယ်လို့ အမှန်ကို အမှန်အတိုင်း မြင်တတ်မှသာ ပိုပြီးကောင်းအောင် ပြင်ဆင်ဖို့ အခွင့်အလမ်း ရှိမှာပါ။

ဒါပေမယ့် အဆိုးကို မှန်မှန်ကန်ကန် မြင်တာထက် ပိုပြီး အရာရာကို အပျက်သဘောချည်း မြင်နေတာမျိုးကတော့လည်း မကောင်းပါဘူး။ ကိုယ်လုပ်မယ့် အလုပ်တစ်ခုကို မလုပ်ခင်ကတည်းက မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘောနဲ့ ရှုမြင်တာမျိုးကလည်း မအောင်မြင်မှုကို ဦးတည်နေတဲ့ အမြင်မျိုးပါ။ ပြဿနာ တစ်ခုကြုံလာရင် အဆိုးတွေပဲ တွေးတောပြီး ငြီးတွားနေရုံနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြဿနာတွေကို အပြုသဘော အမြင်နဲ့ ရှုမြင်ပြီး စိတ်ရှည်သည်းခံမှုနဲ့ အဖြေရှာမှသာ ဘဝမှာ အောင်မြင်မှုတွေ ရလာနိုင်မှာ ဖြစ်ပါတယ်။ အဆိုးမြင်တာရော အကောင်းမြင်တာရော နှစ်ခုစလုံးမှာ အစွန်းရောက်လွန်းတာကတော့ ဘယ်ဟာမှ မကောင်းပါဘူး။ အဓိကတော့ လက်တွေ့ကျတဲ့ အမြင်နဲ့ ကြိုးစားအားထုတ်မှုပါပဲ။

လေ့လာချက်တွေအရ အကောင်းမြင် အပြုသဘော ဝါဒီတွေဟာ အသက်ပိုရှည်ကြတာကို တွေ့ရပါတယ်တဲ့။ အကောင်းမြင်သမားတွေမှာ သေဆုံးနှုန်း ၃၀ ရာခိုင်နှုန်းသာ ရှိပြီး အဆိုးမြင်ဝါဒီတွေမှာတော့ သေဆုံးနှုန်း ၅၇ ရာခိုင်နှုန်း ရှိပါတယ်တဲ့။ အဆိုးမြင်ဝါဒီတွေမှာ heart attack နဲ့ တစ်ခြားရောဂါတွေ ပိုဖြစ်နိုင်ပြီး စိတ်ခံစားချက်ကြောင့် ဖြစ်ရတဲ့ ရောဂါတွေလည်း ပိုဖြစ်လွယ်တယ်လို့ ဆိုပါတယ်။

 အပြုသဘောအမြင်ဟာ ကောင်းမွန်တယ် ဆိုတဲ့အကြောင်း သေချာစေတဲ့ အကြောင်းတွေလည်း ရှိပါတယ်။ ဖြစ်နိုင်တယ်လို့ စိတ်ပိုင်းဖြတ်ပြီး အပြုသဘောနဲ့ ကြိုးစားခဲ့တဲ့အတွက် ရည်မှန်းချက် ပြည့်မြောက်ခဲ့တဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။

ပထမဆုံး ကိုယ်ကိုယ်တိုင်ရဲ့ ချို့ယွင်းချက်၊ အားနည်းချက်တွေကို မှန်မှန်ကန်ကန် အဆိုးကို အဆိုးအတိုင်း မြင်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆိုးအမြင်နဲ့ကြည့်ပြီး ဘာတွေ လိုအပ်နေသလဲ၊ ဘာတွေ ပြုပြင်ဖို့ လိုနေသလဲ ဆိုတာ လက်တွေ့ကျကျ သုံးသပ်ကြည့်ရပါမယ်။ ပြီးရင်တော့ ဒါကို ပြင်ဖို့မလွယ်ဘူး၊ မဖြစ်နိုင်ဘူး ဆိုတဲ့ အပျက်သဘော အတွေးမျိုး မတွေးပဲ အပြုစိတ်ထားနဲ့ လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှုမျိုးထားဖို့လိုပါတယ်။ အဲဒါမှသာ ဘဝကို အောင်အောင်မြင်မြင် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင် ပြင်ဆင်လို့ မရနိုင်တဲ့ ပတ်ဝန်းကျင်က အရာတွေကိုတော့ အဆိုးမြင်နဲ့ချည်း ကြည့်ပြီး စိတ်ပျက်လက်မှိုင်ချမနေပဲ အကောင်းဘက်က လှည့်တွေးသင့်ရင်လည်း တွေးရပါမယ်။ တစ်ချို့အရာတွေကျတော့လည်း လက်တွေ့ကျကျ မြင်နိုင်မှ အဆင်ပြေသွားတာပါ။ စာဖတ်သူရော ကိုယ့်ကိုယ်ကို ဘယ်လိုထင်ပါသလဲ...။ အကောင်းမြင်သမားလား...။ အဆိုးမြင်သမားလား...။ လက်တွေ့ကျကျ မြင်တတ်သူလား...။

သိင်္ဂါကျော်
8.4.2010
9:40 PM

24 March, 2010

ဟိုရောက် ဒီရောက် အတွေးများ


ချော က အတွေးတွေ အကြောင်း ရေးခိုင်းလို့ စဉ်းစားလိုက်တော့ တွေးတာတွေက များလွန်းလို့ ဘာရေးရမှန်း မသိအောင် ဖြစ်သွားပါတယ်။ အတွေး ဆိုတာကလည်း တစ်စက္ကန့်မှာကို အများကြီး ဖြစ်နိုင်တဲ့ အရာ မဟုတ်လား...။ လောလောဆယ်တော့ လုပ်စရာ ရှိတဲ့ Project အကြောင်းပဲ စဉ်းစားနေမိလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ ကိုယ်က ဒီလိုပဲ Thesis တုန်းကလည်း ခေါင်းစဉ် မသေချာမချင်း အဲဒီအကြောင်းပဲ စဉ်းစားနေမိတာ.. လမ်းသွားတုန်းရော.. အိပ်ကာနီးရော.. Toilet ဝင်ချိန်တောင် စဉ်းစားးနေတတ်သေးတာ...။ တစ်ခါတလေ ဝတ္တုဇာတ်လမ်း ဆက်မရေးတတ်တော့ရင်လည်း ဒီလိုပဲ နေရာမရွေး တွေးနေတတ်တာ..။ ဦးနှောက်ထဲမှာ တွေးလိုက်တာနဲ့ စာနဲ့ရေးပြီးသား ဖြစ်သွားရင် ကောင်းမှာပဲလို့တောင် တွေးမိပါတယ်။ ဇာတ်လမ်း တွေ ဟိုရောက်ဒီရောက် တွေးတာတွေတော့ အများကြီးပေမယ့် စာအနေနဲ့တော့ အကုန် မရေးဖြစ်ပါဘူး။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့် ဝါသနာပါနေတဲ့ ရုပ်ရှင်ကြည့်တတ်တာကလည်း အားတဲ့ အချိန်တစ်ချို့ကို ယူနေပြန်ပါရော..။
ကိုယ် တွေးပြီး ဇာတ်လမ်းဆင်တဲ့ အထဲမှာ တစ်ခါတလေ ကိုယ့်သူငယ်ချင်းတွေတောင် အလွတ်မပေးတတ်ပါဘူး။ ဘယ်လိုမှ မတွေ့နိုင်တဲ့ သူငယ်ချင်း နှစ်ယောက်ကို စိတ်ကူးထဲမှာ တွေ့ပေးပြီး ဇာတ်လမ်းဆင်ချင် ဆင်တတ်သေးတာ..။ ရည်းစားမရှိသေးတဲ့ လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေပေါ့။ တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ကူးထဲမှာ ပုံပြင်ထဲက မင်းသားလေးလို လူမျိုးနဲ့ တွေ့ပေးတတ်သေးတယ်။ ဒါပေမယ့် တွေးနေတုန်းမှာပဲ မင်းသမီးနေရာမှာ ကိုယ့်ကိုယ်ကို ထားရတာ မကြိုက်တော့ပဲ စိတ်ကူးထဲက မင်းသမီး ဖြစ်သွားပြန်ရော..။ ဘာလို့ဆို ကိုယ်သာ ယောက်ျားလေးဆိုလည်း ကိုယ်လိုလူမျိုးကို မကြိုက်လို့ပဲလေ..။ ဘာရယ်မဟုတ် ဟိုရောက် ဒီရောက် အစမရှိ အဆုံးမရှိ ဇာတ်လမ်းတွေလည်း တစ်ခါတလေ တွေးနေမိတာပဲ။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့လည်း  အပြင်မှာသာ မတွေ့တာ... စိတ်ကူးထဲမှာတော့ တွေ့ဖြစ်နေပါတယ်။
တွေးတဲ့ နေရာမှာတော့ ကိုယ်က အိပ်မက်ထဲမှာကို တွေးနေတတ်တဲ့လူပါ။ ကိုယ်က သူများလို သိပ်အိပ်မက် မမက်တတ်ဘူး။ မက်တဲ့ အိပ်မက်တွေလည်း သိပ်မမှတ်မိတတ်ပါဘူး။ တစ်ညတလေ မက်တတ်တဲ့ အိပ်မက်တွေထဲမှာတောင် ဝတ္တုဆန်ဆန် ဇာတ်လမ်းတွေ ပါသေးတယ်။ ညဘက်ကြည့်တဲ့ ဇာတ်ကားတွေကိုလည်း မစွဲလမ်း မပတ်သက်ပါပဲ မက်တာပါ။ ဒါပေမယ့် ခက်တာက အဲဒီအိပ်မက်တွေကို သေချာ မမှတ်မိတော့ပဲ ဇာတ်သိမ်းလောက်သာ မှတ်မိတတ်တာပါ။
စိတ်ကူးထဲမှာတော့ အရာရာကို လှလှပပ တွေးလို့ရပါတယ်...။ အဲဒါကြောင့်လည်း စိတ်ကူးယဉ် ဝတ္တုတွေမှာ ပျော်စရာ ဇာတ်သိမ်းတွေ ရှိကြတာပေါ့။ ဖြစ်ရပ်မှန်တိုင်းကတော့ မလှပကြဘူးလေ။ စိတ်ကူးထဲမှာတော့ နိုင်ငံကျော် စာရေးဆရာမကြီး လည်း ဖြစ်လို့ရတယ်။ ကမ္ဘာကျော် ရုပ်ရှင် ဒါရိုက်တာကြီးလည်း ဖြစ်လို့ရတယ်။ အောင်မြင်ကျော်ကြားတဲ့ စတိုင်ကျကျ ဖက်ရှင် ဒီဇိုင်းနာ လည်း ဖြစ်လို့ရတယ်လေ…။
ကိုယ် ငယ်ငယ်ကဆို အလွမ်းဝတ္တုတွေ မဖတ်ဘူး။ အမေတွေ အဒေါ်တွေ ဖတ်တဲ့ မောင်စိန်ဝင်းတို့ ငြိမ်းကျော် တို့ဆို အလွမ်းများလို့ မကြိုက်ဘူး။ ခုထိလည်း မကြိုက်ပါဘူး။ ရသပိုင်းမှာ နာမည်ကြီးတဲ့ ဝတ္တုတွေ လောက်သာ ဖတ်တာ။ အပျော်ဖတ်ဆိုရင်တော့ ပျော်ရွှင်တဲ့ ဇာတ်သိမ်းပဲကြိုက်တယ်..။ အပျော်ဖတ်ဝတ္တုတွေ အရောင်းသွက်နေတာလည်း ဒါကြောင့်ပဲ ဖြစ်မယ်။ ဘဝအမောတွေထဲက ပြေးချင်လို့မှ ဖတ်တာဆိုတော့ တစ်ချို့အပျင်းပြေ ဖတ်တဲ့ လူတွေကလည်း ဘဝသရုပ်ဖော်တွေ၊ စိတ်ညစ်စရာတွေ သိပ်မကြိုက်ကြတာ ဖြစ်မှာပေါ့လေ…။ ဒါပေမယ့် ငယ်ငယ်က စဖတ်တာ စုံထောက်ဝတ္တုတွေပါ။ အောင်ဇင်တို့၊ မြတ်ထွန်းသစ်တို့၊ မင်းသိင်္ခတို့ကို အဒေါ်က အဖတ်များတာ။ ဆရာမကြီး ကလျာ ရဲ့ ဝတ္တုတွေ လည်း ပါသေးတယ်။ ဘာသာပြန်တွေ ဆိုလည်း အမေ့ရဲ့ တက္ကသိုလ် စာကြည့်တိုက်မှာ ရှိတာတွေ အကုန်လောက်နီးနီးပဲ… အဒေါ်နဲ့ ကိုယ်နဲ့ ဖတ်ကြတာလေ…။
ငယ်ငယ်က ဂျူးရဲ့ ဝတ္တုတွေတောင် သိပ်မဖတ်ဖြစ်ဘူး။ မရှိမဖြစ်မိုး ကျမှ စကြိုက်တာ…။ ကြေမွသွားသော တိမ်တိုက်များ ကိုတော့ ၇ တန်းတုန်းက အတန်းထဲမှာ ဆရာ မလာတဲ့ အချိန်လည်း ရှိနေတာနဲ့ ဖတ်တာ နှစ်အုပ်လုံး ပြီးသွားတာပဲ။ ခုတော့ ဂျူးကို တကယ်ကြိုက်တယ်။ သူ့ဝတ္တုတွေရဲ့ ဇာတ်လမ်းတွေကို သဘောကျတာ မကျတာထက် ရေးသမျှ ဝတ္တုတိုင်း အောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်အနေနဲ့… နောက်ပြီး ခုချိန်ထိလည်း အပျိုကြီးဘဝမှာ လှလှပပ ရပ်တည်နေနိုင်သူ တစ်ယောက်အနေနဲ့ ပိုပြီး လေးစား အားကျ ပါတယ်။ 
 စာရေးဆရာထဲက နောက်ထပ် ကိုယ်လေးစားအားကျတဲ့သူတွေက A.J. Cronin နဲ့ Robin Cook ပါ။ A.J. Cronin ဆရာဝန်အလုပ်က အနားယူပြီးတဲ့ အချိန်မှ စာပေလောကကို ဝင်လာတာတောင် အများကြီး အောင်မြင်ခဲ့တဲ့သူမို့ လေးစားမိတာပါ။ သူ့ရဲ့ စာအုပ်တွေ အားလုံးကို ကိုယ်ကြိုက်တယ်။ ကိုယ်လည်း နောင်တစ်ချိန် ဖြစ်နိုင်သေးတယ်လို့ အိပ်မက်တွေကို မစွန့်လွှတ်ဖို့ တွန်းအားပေးနေသလိုပဲ။ Robin Cook ကလည်း ဆရာဝန် စာရေးဆရာ တစ်ယောက်ပါပဲ။ သူ့ဝတ္တုတွေကတော့ ဆရာဝန် အတွေ့အကြုံတွေ အခြေခံတဲ့ စုံထောက် အက်ရှင်ဇာတ်လမ်းတွေပါ။ လောလောဆယ် မှတ်မိနေတာကတော့ COMA ဆိုတဲ့ ဝတ္တုပါ။ စာရေးခြင်းသက်သက်နဲ့ အသက်မွေးတဲ့ စာရေးဆရာ စစ်စစ်တွေထက် ကိုယ်က အဲလို အသက်မွေးဝမ်းကြောင်း ပညာရပ်ကိုလည်း ထူးထူးချွန်ချွန် ရပ်တည်ရင်းနဲ့ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာသူတွေကို ပို လေးစားအားကျမိပါတယ်။ နောက်ထပ် ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေတော့ အများကြီး ရှိသေးတာပေါ့။
နောက်ထပ် အားကျမိတဲ့သူက အမျိုးသမီး ဒါရိုက်တာ မီမီလီဒါပါ။ အမျိုးသမီး ဒါရိုက်တာ ပေမယ့် drama ကားတွေရိုက်တာ မဟုတ်ပဲ Deep Impact တို့ Peacemaker တို့လို ကားမျိုးတွေ ရိုက်တာပါ။ ၂၀၀၉ မှာလည်း Antonio Banderas၊ Morgan Freeman တို့နဲ့ Thick as Thieves ကို ရိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်မီ အက်ရှင်ကားတွေ science fiction တွေ ရိုက်နိုင်ဖို့က အဝေးကြီးလိုနေပါသေးတယ်။ (ကိုယ့်ကို သိန်း နှစ်ထောင် သုံးထောင်လောက် ထုတ်ပေးမယ့် ပရိုဂျူဆာ ရှိရင်တော့ ပီပြင်အောင် ရိုက်ပြမယ်လေ :D)။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ညီမငယ်တွေကတော့ ကိုယ် ဒါရိုက်တာ လုပ်တဲ့ ရုပ်ရှင်ကားမှာ မင်းသမီး မလုပ်ချင်ဘူးဆိုပဲ။ တောထဲတောင်ထဲတွေ.. ပြေးလွှား လှုပ်ရှားရတဲ့ ကားတွေ ရိုက်မှာမှန်း ကြိုသိနေကြတယ်လေ…။ နောက်ဆုံးခန်းမှာတော့ မင်းသားနဲ့ ကြည်နူးတဲ့ အခန်း ပါစေရမယ်လို့ သူတို့ကို ပြောရတယ်.. ဟားဟား..။ Computer Special Effects တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပေမယ့်လည်း အချိန်မပေးနိုင်တာရယ်.. သင်တန်းကြေးတွေကလည်း ဈေးကြီးပြီး တကယ်တတ်အောင် သင်နိုင်တဲ့ သင်တန်းလည်း သိပ်မရှိတာကြောင့် ခုချိန်ထိ မတက်ဖြစ်သေးဘူး။ (မြန်မာနိုင်ငံက ထုတ်တဲ့ ကာတွန်းကားတွေထဲက ကွန်ပျူတာနဲ့ ရေးတဲ့ ကာတွန်းရုပ်တွေကလည်း တော်တော်ကို အရုပ်ဆိုးတယ်လေ :D)
ကိုယ်က အဲလိုပဲ ဟိုဟိုဒီဒီ အတွေးများတတ်တဲ့ အကျင့်ရှိလို့ တကယ် အာရုံစိုက်ရမယ့် ပညာရေးဘက်မှာလည်း မထူးချွန်ခဲ့ပါဘူး။ အားတဲ့အချိန် ရုပ်ရှင်လေးကြည့်လိုက် ဝတ္တုလေး ဖတ်လိုက် လုပ်နေမှတော့ ပညာရေးမှာ ဘယ် ထိပ်ဆုံး ရောက်နိုင်ပါတော့မလဲ။ ကိုယ့်မိဘတွေကတော့ ဖြစ်စေချင်ရှာတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဆင်ခြေပေးစရာ ရှိပါတယ်။ ကိုယ်က မှတ်ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုယ်ကို အမြဲပြောတတ်တယ်။ စာကျက်ရတဲ့ အချိန် အာရုံများရင်လည်း ကျက်မရဘူး။ ဘာသံမှ မကြား၊ လူတစ်ယောက်မှ မရှိတဲ့ နေရာမှာကျက်မှ ကိုယ်က စာရလွယ်တာလေ.. :D ။ အဲဒါကြောင့် စာတွေ ပြန်ကျက်ရမယ့် ကလေး ဘဝတော့ ပြန်မရောက်ချင်တော့ဘူး။ 
တစ်လောက Movie 5 က နိုင်ငံခြား ရုပ်ရှင် တစ်ကား ကြည့်လိုက်ရတယ်။ ပြေတီဦးနဲ့ မြန်မာမှုပြုပြီး ရိုက်ထားတာလည်း အိမ်ပြန်တဲ့ ကားပေါ်မှာ ကြည့်ခဲ့ဖူးတယ်။ ၁၃ နှစ် အရွယ်ကလေးက လူကြီး ဖြစ်ချင်လို့ ဆုတောင်းရင်းနဲ့ တကယ်ဖြစ်သွားပြီး ကစားစရာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း မင်းသမီး နဲ့ တွေ့ပါတယ်။ နောက်တော့ လူကြီးတွေရဲ့ မဖြူစင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် လှည့်ဖျား ညစ်ပတ်မှုတွေကြောင့် ကလေး ပြန်ဖြစ်ချင်ပြီး ပထမ ဆုတောင်းခဲ့တဲ့ နေရာပြန်သွားပြီး ကလေးအဖြစ် ပြန်ရောက်အောင် ဆုတောင်းလိုက်တဲ့ ကားပါ။ ကလေး အဖြစ် ဆုတောင်းအပြီးမှာပဲ မင်းသမီးက လိုက်လာတော့ သူက ဆုတောင်းပြီးသွားကြောင်း ပြောပြီး မင်းသမီးကိုပါ သူ့လို ဖြစ်အောင် ဆုတောင်းလိုက်ပါလား လို့ ပြောတော့ မင်းသမီးက သူ ကလေးဘဝကို ဖြတ်သန်းခဲ့ ဖူးပြီမို့ ပြန်မရောက်ချင်တော့ပါဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကိုယ်တို့ သူငယ်ချင်းတွေလည်း ကိုယ့်ကိုယ်ကို ပြန်မေးကြတော့ ဘယ်သူမှ ကလေးဘဝ ပြန်မရောက်ချင်တော့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ အသက်မွေးဝမ်းကြောင်း ရွေးရမယ့် ဘဝ တစ်ဆစ်ချိုးမယ့် အချိန်ကိုတော့ ပြန်ရောက်ချင်ပါတယ်။ ခုနေ အဲဒီ အရွယ်ပြန်ရောက်ရင်တော့ လက်ရှိအလုပ်ကို လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ပါလိမ့်မယ်.. ဘွဲ့လွန်ကို တစ်ခြားနိုင်ငံမှာ တက်ဖို့ ကြိုးစားချင် ကြိုးစားမိလိမ့်မယ်လေ။ ခုနေ စိတ်ကူးကတော့ အရင်နဲ့ မတူမှာ သေချာပါတယ်။
ဘာပဲဖြစ်ဖြစ် ခုလည်း လုပ်နေတဲ့ အလုပ်မှာ စိတ်ညစ်ညူးနေတာတော့ မဟုတ်ပါဘူးလေ…။ မိဘ မိသားစုရဲ့ နောင်ရေးကို စဉ်းစားရင်သာ ကိုယ်လုပ်ခဲ့တာ မှန်ရဲ့လားလို့ စဉ်းစားမိတာပါ။ ဘယ်မှာနေနေလည်း ကိုယ်က တွေ့တဲ့ သူငယ်ချင်းတွေနဲ့ ပျော်အောင်နေပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းတတ်တဲ့သူပါ။ ဘယ်သူမှ မရှိလည်း ကိုယ့်ဟာကိုယ် အားတဲ့အခါ တွေးချင်တာတွေး ရေးချင်တာရေး… ရုပ်ရှင်လေး ကြည့်ချင်တဲ့ အခါကြည့်လိုက်၊ စာအုပ်လေး ဖတ်တဲ့ အခါ ဖတ်လိုက်နဲ့ စိတ်ချမ်းသာသလို နေနေတဲ့သူပါ။ ကိုယ်က တစ်ခါတလေ စိတ်လေနေရင်၊ စိတ်ဖိစီးမှုများလာရင်လည်း အဲလိုပဲ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပြီး မေ့အောင်လုပ်လိုက်တယ်လေ။
ခေါင်းစဉ် တပ်ထားတဲ့အတိုင်း ရေးတာတွေက ဟိုရောက်ဒီရောက် ဖြစ်ကုန်ပါပြီ။ ချော ရဲ့ Tag အကြွေးကို ဆပ်တာပါနော်…။ လာဖတ်တဲ့ သူ အပေါင်းကို အားနာပါတယ်.. :P ။

သိင်္ဂါကျော်

02 October, 2009

သီချင်းခံစားမှု (၁)

သူမဆီက အဖြေတောင်းထားတာ ကြာခဲ့ပြီ။ အချင်းချင်းလည်းတစ်ယောက် အကြောင်း တစ်ယောက် သိနေကြပြီးသား...။ သူမ သူ့ကို ချစ်နေလိမ့်မယ် ဆိုတာလည်း နှလုံးသားချင်း နားလည်နေခဲ့သည်။ သို့ပေမယ့် သူမ ပါးစပ်က ချစ်စကား တစ်ခွန်းကို ခုထိ မကြားရသေး။ သူမက အေးဆေးပြီး ရှက်တတ်သည်။ သူ အဖြေတောင်းတိုင်း ထွက်ပြေးတတ်သည်။ ဘာပဲဖြစ်ဖြစ် သူမ နှုတ်ခမ်းက ထွက်တဲ့ ချစ်စကား တစ်ခွန်းကိုတော့ သူကြားချင်သေးသည်။ ဖိုးကာ ရဲ့ တိုးတိုးပြောပါ သီချင်းကို သူ ဆိုပြတော့ သူမက ရယ်နေသည်။


“သိပ်ချစ်တဲ့ အကြောင်းလေး ကြားချင်တယ်..
ငါ့ဘဝနဲ့ ရင်းပြီး တောင်းဆိုမယ်..
မင်းသိတဲ့ အတိုင်းပဲ ပြောပြလိုက်ပါ ချစ်သူရယ်...
တို့တစ်ယောက်ပဲ ကြားမယ့် စကားသံရယ်..
နှုတ်ခမ်းပါးလေး လှုပ်ခတ်သွားရုံနဲ့
တိုးတိုးလေးပဲ မင်း ပြောပြလိုက်ပါ အချစ်ရယ်...”

***


အဲဒီလောက် ချစ်ခဲ့ကြတဲ့ သူမတို့ နှစ်ယောက် ဘာကြောင့် ဝေးခဲ့ကြတာလဲ...။ ခုတော့ နှစ်ယောက်အတူ လျှောက်နေကြ လမ်းမကြီးရဲ့ ဘေးမှာ သူမတစ်ယောက်တည်း..။ ဝိုင်းစုခိုင်သိန်း ရဲ့ လမ်းမကြီးရဲ့ ဘေး သီချင်းက သူ့ကို ပိုသတိရစေတယ်...။


“ဘာတွေဖြစ်ဖြစ် ရှိပါတယ် ဘယ်လိုဖြစ်ဖြစ် ရှိခဲ့တယ်
တို့နှစ်ယောက်လျှောက်သော ဒီလမ်းတစ်ခုသို့
ဒီလမ်းမကြီးက ဟောင်းနေလည်း ဒီလမ်းမကြီးကို ရောက်နေတယ်
မင်းချန်ခဲ့သော အပြုံးများ ကြွေရွက်တွေနဲ့ရောဆဲ
ဘာကြောင့်တို့တွေ ဝေးတာလဲ ကြေကွဲလို့ ဆို့နင့်လို့
မင်းကို ငါတမ်းတလို့ ဒီလမ်းမကြီးရဲ့ဘေး...“

***

“ငါ့ကို နင် ထားခဲ့တာ နင်တကယ် ကျေနပ်လား
နင့်ကိုငါ ထားခဲ့တာ ငါ တကယ်ပါ နောင်တရလို့

ငါ့ကို နင် ဖြတ်ခဲ့တာ နင်တကယ် ပျော်ရဲ့လား
နင့်ကိုငါ ဖြတ်ခဲ့တာ ငါ တကယ်ပါ ပြန်တမ်းတလို့...”


စိုင်းစိုင်း သီချင်းကို ကြားတော့ သူ့ဘက်ကရော အဲဒီလိုမျိုးများလားလို့ စိတ်ကူးယဉ်ချင် သေးတယ်။


(ကိုဆောင်းယွန်းလ တဂ်လို့ စဉ်းစားလိုက်တော့ ကိုယ် ကြိုက်တဲ့သီချင်းတွေကတော့ အများကြီး... အများကြီး...။ ဆိုနေမိတာတွေလည်း အများကြီး ..။ အခွေ တစ်ခွေ အသစ်ထွက်လို့ ကြိုက်တဲ့ သီချင်းပါရင် မရ တရနဲ့ ညည်းမိတာပဲ...။ ခုတလောမှာ internet လည်းမသုံးဖြစ်.. ရေးဖို့ရာ အချိန်ကလည်း လုံးဝ မရသေးလို့ လောလောဆယ် သတိတရ ညည်းမိတဲ့ သီချင်းလေး နည်းနည်းကို ဇာတ်လမ်းနည်းနည်း ဆင်ပြီး ရေးလိုက်တာပါ။)


(သိင်္ဂါကျော်)

04 September, 2009

ပထမဆုံးကြိုက်မိသော Blog များ


ဝက်ဝံလေး Tag ထားတဲ့ Post ပါ။ အကြိုက်ဆုံး ဘလော့တွေလို့ Tag ထားပေမယ့် ဒီခေါင်းစဉ်ကို နည်းနည်း ပြောင်းပါရစေ။ ဖတ်တဲ့ blog တွေကလည်း တဖြည်းဖြည်းနဲ့ များလာတော့ အကြိုက်ဆုံး ရယ်လို့ ပြောရမှာ ခက်လာ ပါတယ်။ ကိုယ်ကတော့ ပုဂ္ဂိုလ်စွဲလည်း မရှိပါဘူး။ စာကောင်းကောင်းလေး တွေ့တဲ့အချိန်မှာ အဲဒီ blogကို ကြိုက်လိုက်တာပါပဲ။ အမည်နာမနဲ့ပြောရမယ်ဆိုရင်တော့ ဒီလို ပြောပါရစေ။

“ပထမဆုံး ဖတ်မိ ကြိုက်မိတဲ့ blog များ” လို့ပါ။

ကိုယ့်ကို blog တွေဖတ်ဖို့ အတူ ကျောင်းတက်တဲ့ သူငယ်ချင်း နှစ်ယောက်က စညွှန်းတာပါ။ အဲဒါတွေ ဖတ်ရင်းနဲ့ အားကျပြီး ရေးချင်တဲ့ ပိုးကလည်း အရင်ကတည်းက ရှိလေတော့ ကိုယ်ပိုင် blog ပါ စလုပ်ဖြစ်ခဲ့ပါတယ်။

ပထမဆုံး စဖတ်တာ နိုင်းနိုင်းစနေ ရဲ့ blog ပါ။ ကိုယ်မဖတ်နိုင်တဲ့ တရုတ်ဘာသာက ဘာသာပြန်ထားတဲ့ ပိုစ် ကောင်းကောင်းလေးတွေ အမြဲ ဖတ်ရလို့ ကြိုက်ပါတယ်။

နောက် ရွှေပြည်သူ ရဲ့ blog မှာလည်း တစ်ခါတစ်လေ ဆောင်းပါး ကောင်းကောင်းလေးတွေ ဖတ်ရလို့ သွားသွား ဖတ်တယ်။

နိုင်ငံရေးနဲ့ ပတ်သတ်တာတွေ စိတ်မဝင်စားပေမယ့် မေငြိမ်း ကို ဝတ္တုတွေ ကြိုက်ခဲ့ဖူးတဲ့ စာရေးဆရာမ ရဲ့ blog မို့လို့ သူတင်တဲ့ ဝတ္တုတို အသစ်လေး၊ အဟောင်းလေးတွေ သွားသွားဖတ်ရလို့ ကြိုက်တယ်။

နောက်တစ်ယောက်က ရေခဲပြင်ပေါ်က ပန်းကလေး ခွန်မြလှိုင်။ သူ့တင်တဲ့ စာလေးတွေလည်း ကြိုက်တယ်။ သူ့ရဲ့ ဂမ္ဘီရ အခန်းဆက် ဝတ္တုရှည် တစ်ပုဒ် လည်း ဖတ်လို့ကောင်းတယ်။

နောက်ဆုံး တစ်ယောက်က ခုတလော စာသိပ်မရေးပေမယ့် သူရေးတဲ့ အတိုအစလေးတွေကိုက ဖတ်ကောင်းလို့ သွားသွားဖတ်တဲ့ စာရေးဆရာမ မိုးချိုသင်း

ငါးယောက် လို့ ကန့်သတ်ထားတော့လည်း ရပ်လိုက်ရပြီပေါ့။ ကိုယ် အားရင် အမြဲတမ်း သွားသွား ဖတ်နေတဲ့ blog တွေ ရှိပါသေးတယ်။ အများကြီး...။ link ထားတာတွေကိုပဲ ကြည့်ပါတော့။ သွားဖတ်တယ် ဆိုကတည်းက ကြိုက်လို့ သွားဖတ်တာပေါ့။ မကြိုက်ပဲနဲ့ တော့ သွားဖတ်ပါ့မလား နော်...။

(ဝက်ဝံလေးရေ ကျေနပ်တယ် မဟုတ်လား...)

သိင်္ဂါကျော်