19 October, 2009

သွေးစွန်းလက်ဝါး (၁)



အငြိမ်းစား ရဲမှုးကြီး ဦးဘသောင်းထိုက် သည် တိကျ မှန်ကန်ပြီး အရည်အချင်းရှိသူ ဖြစ်သည်။ သူ ကိုင်တွယ်ခဲ့သမျှ အမှုတိုင်းသည်လည်း မပေါ်ပေါက်သော အမှုဟူ၍မရှိခဲ့ပေ။ ငယ်ရွယ်စဉ်ကဆိုလျှင် အဆိုးဆုံး၊ အမိုက်ဆုံး ဟုဆိုနိုင်သော လူဆိုး လူမိုက်များ နှင့် လက်ရုံးချင်း ယှဉ်၍ ဖမ်းဆီးခဲ့သည်မှာ အများအပြားပင်။ သဲလွန်စ မကျန်အောင် အကွက်ကျကျ စီမံ ကျူးလွန်ခဲ့သော အမှုများကိုလည်း ရှင်းလင်း ဖော်ထုတ်ကာ တရားခံ အစစ်ကို ရအောင် ဖမ်းဆီး၍ အရေးယူ စေခဲ့ရသည်မှာလည်း အကြိမ်ပေါင်း မနည်းခဲ့။ ထိုသို့သော ရဲဝန်ထမ်း တစ်ဦးအတွက် ရန်သူ အများအပြား ရှိနေသည်မှာ အဆန်းမဟုတ်ပါ။ ယခုအချိန်မှာတော့ သက်ပြည့်ပင်စင် ယူပြီးနောက် မကြာမီပင် လေဖြတ်သွားခဲ့သောကြောင့် နေကောင်းနေပြီ ဖြစ်သော်လည်း သွက်သွက်လက်လက် မသွားလာ မလှုပ်ရှားနိုင်သေး၊ အသိဥာဏ်များ ယခင်ကကဲ့သို့ မထက်မြက်သေးသော အခြေအနေဖြစ်သည်။

ဦးဘသောင်းထိုက်သည် စိမ်းဝတီ၏ လက်ဦးဆရာ တစ်ယောက် ဖြစ်သည်။ သူ့လက်အောက်တွင် တာဝန်ကျဖူးသည့်ပြင် စိမ်းဝတီကို ကိုယ်ခံပညာ သင်ပေးသော ဆရာတစ်ယောက်လည်း ဖြစ်ခဲ့သည်။ ဦးဘသောင်းထိုက်၏ သမီး ဖြူဖြူထိုက်သည်လည်း စိမ်းဝတီနှင့် အလွန်ရင်းနှီးသော သူငယ်ချင်း ဖြစ်သည်။ ထိုမြို့မှ ထွက်ခွာခဲ့ပြီးနောက် မရောက်ဖြစ်တော့သည်မှာ ကြာပြီ ဖြစ်သော ဆရာ့အိမ်သို့ ဖြူဖြူထိုက်၏ ဖုန်းဆက်ခေါ်မှုကြောင့် တစ်ခေါက် ရောက်ခဲ့ရတော့သည်။

ပြဿနာမှာ သွေးစွန်းလက်ဝါးရာ တစ်ဖက်ကြောင့်ပင် ဖြစ်သည်။ လွန်ခဲ့သော သုံးရက်က အိမ် မျက်နှာစာ နံရံတွင် သွေးစွန်းလက်ဝါးရာ တစ်ဖက်ကို မနက်မိုးအလင်းတွင် တွေ့ခဲ့ကြသည်။ ဦးဘသောင်းထိုက်၏ ရန်သူတစ်ယောက်ယောက်က ခြိမ်းခြောက်ခြင်း ဖြစ်လိမ့်မည် ဟု ထင်ခဲ့ကြပြီး ရေစို အဝတ်နှင့် လက်ရာကို ဖျက်လိုက်ကြသည်။ ရဲတပ်ကြပ်ကလေး တစ်ယောက်ကို အကူအညီတောင်း၍ သူ့ဆရာအိပ်ခန်းတွင် အတူ အိပ်စေခဲ့သည်။ နောက်တစ်နေ့ မနက်မှာတော့ အိမ်ရှေ့မျက်နှာစာသာမက အိမ်ဘေး နံရံများမှာပါ လက်ဝါးရာများ တွေ့ရပြီး ခြံထဲတွင် လွှတ်ထားသော အင်းခွေးကြီးမှာ သွေးထွက်သံယို ဒဏ်ရာ မပေါ်ပဲ သေနေသည်ကို တွေ့ရသည်။ ဤအခြေအနေမှာတော့ နယ်မြေ ရဲတပ်ဖွဲ့ကို အကြောင်းကြားရတော့သည်။ ရဲများက လက်ဝါးရာများကို လက်ဗွေစစ်ဆေးရန် ယူသွားကြသည်။ ညဘက်တွင် လုံခြုံရေး အတွက် ရဲ အစောင့်အရှောက် နှစ်ယောက် ပို့ပေးထားသည်။ ရဲသားလေး နှစ်ယောက်မှာ မအိပ်ပဲ စောင့်နေရာမှ ညလယ်လောက်တွင် ဘာကြောင့်မှန်းမသိပဲ ရုတ်တရက် အိပ်ချင်လာကာ အိပ်ပျော်သွားသည် ဟု ဆိုသည်။ မနက်မိုးလင်းသော အခါ အိမ်အပြင် နံရံ သာမက အတွင်းဘက် ဧည့်ခန်းနံရံ ပေါ်မှာပါ လက်ဝါးရာများ တွေ့ရသည့်ပြင် အိမ်မှာ မွေးထားသော ကြောင်ကလေးမှာ လည်ပင်းညစ်သတ်ခံရသလို လျှာထွက်ကာ သေဆုံးနေသည်ကို တွေ့ရသည် ဟု ဆိုသည်။

အဲသည့်နေ့ မနက်မှာပင် စိမ်းဝတီကို ဖုန်းဆက်သဖြင့် လိုက်လာခဲ့ရခြင်းဖြစ်သည်။ ရောက်ရောက်ချင်း ညနေမှာပင် ဤအမှုကို တာဝန်ယူထားသော ရဲအရာရှိနှင့် သွားတွေ့လိုက်သည်။ စခန်းမှူး နှင့် အဖွဲ့တစ်ဖွဲ့ မှာလည်း အရေးကြီးသော အမှုကြီးတစ်မှုကို လိုက်နေရသဖြင့် စခန်းတွင် မရှိပါ။ ဦးဘသောင်းထိုက် ၏ အိမ်မှ လက်ဗွေရာများကို ယူကာ စစ်ဆေးခဲ့သော ရဲအုပ် ဇော်မင်းသိုက်မှာ ကွန်ပျူတာ မှတ်တမ်းထဲရှိ လက်ဗွေရာများနှင့် တိုက်ဆိုင် စစ်ဆေးချက် အရ ထွက်လာသော အဖြေကို ကြည့်၍ ရူးချင်သလို ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ထို လက်ဗွေရာ များမှာ လွန်ခဲ့သော ၁၅ နှစ်က သေဒဏ် ကျခံ ၍ သေဆုံးသွားပြီ ဖြစ်သော ခန့်ကြီး (ခေါ်) တေဇာ ၏ လက်ဗွေရာများနှင့် ထပ်တူညီ နေသောကြောင့်ပင် ဖြစ်သည်။ မှတ်တမ်းအရ ခန့်ကြီး သည် ဘယ်သန်ဖြစ်ပြီး ယခု လက်ဝါးရာမှာလည်း ဘယ်လက်ဝါးရာ ဖြစ်သည်။ လက်တစ်ချောင်းချင်းစီ ၏ လက်ဗွေရာများ အားလုံးပင် ထပ်တူညီလျက် ရှိသည်ကို တွေ့ရသည်။ သူက ထိုအကြောင်းကို စိမ်းဝတီကို ပြောပြသည်။

ဦးဘသောင်းထိုက်၏ အိမ်တွင် သူ၏ဇနီး၊ သမီး ဖြူဖြူထိုက် နှင့် နှစ်ပေါင်းများစွာ အတူနေလာခဲ့သော အိမ်ဖော် အဒေါ်ကြီး လင်မယား အပြင် ဖြူဖြူထိုက်နှင့် စေ့စပ်ထားသော နေဇာမင်း ဆိုသူပါ ရောက်လျက်ရှိသည်။ ဦးဘသောင်းထိုက်၏ သားအကြီးမှာမူ ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် အနီးအနား မြို့တစ်မြို့ တွင် တာဝန်ကျ လျက်ရှိသည်။ အိမ်ကြီးမှာ နှစ်ပေါင်း မနည်းတော့ပြီ ဖြစ်သော နှစ်ထပ်တိုက်ကြီး ဖြစ်သည်။ ဆေးဖြူများ ပြန်သုတ်ထားသည်မှာ မကြာသေးသောကြောင့် သစ်လွင်သယောင် ထင်ရသည်။ စိမ်းဝတီ ထိုမြို့မှာ တာဝန်ကျစဉ်က ဤတိုက်ကြီးကို ကိုယ့်အိမ်ကိုယ့်ယာလို သဘောထား၍ ဝင်ထွက်သွားလာနေကြ ဖြစ်သည်။

ခန့်ကြီး ၏ အမှု အကြောင်းကို ဆရာပြောပြသဖြင့် ကြားခဲ့ဖူးသည်။ ခန့်ကြီးဆိုသူသည် လူသတ်၊ ဓားပြတိုက်မှု ပေါင်းများစွာကို ကျူးလွန်ခဲ့သူ ဖြစ်သည်။ ဖျက်ဆီးခဲ့သော မိန်းကလေးပေါင်းလည်း မနည်းပေ။ ထိုအချိန်က ထိုလူ၏ အသက်မှာ ၃၀ ခန့် ပင် ရှိသေးသည်။ ကမ်းကုန်အောင် မိုက်ရိုင်း ဆိုးသွမ်းခဲ့သူ ဖြစ်သည်။ ဦးဘသောင်းထိုက် နှင့် သူ့လက်ထောက် ဦးမင်းကို တို့၏ ရေဆုံးရေဖျား စုံစမ်းထောက်လှမ်းမှုဖြင့် ခန့်ကြီး၏ နောက်ဆုံး မိန်းမကို တွေ့ရှိ စည်းရုံးနိုင်ကာ ခန့်ကြီးကို ဖမ်းဆီး နိုင်ခဲ့ကြသည်။ ထို့နောက် သေဒဏ် အပေးခဲ့ခဲ့ရကာ ထိုမြို့ကလေး၏ သင်းချိုင်း မှာပင် မြှုပ်နှံခဲ့ကြသည်။

ရဲအုပ် ဇော်မင်းသိုက်နှင့် တိုင်ပင်၍ ခန့်ကြီး၏ သချိုင်းဂူကို ပြန်လည် တူးဖော်ခွင့် ရရန် စီစဉ်ထားသည်။ ခန့်ကြီး အမှုတွင် ဦးဘသောင်းထိုက်နှင့် အတူ ပါဝင်ခဲ့သူ ဦးမင်းကို နှင့်လည်း ဆက်သွယ်ရန် ကြိုးစားခဲ့ကြသည်။ ယခုထိတော့ ဆက်သွယ်၍ မရသေးပါ။ ခန့်ကြီး၏ ကျန်ရစ်သူ ဆွေမျိုးများ၊ တပည့်တပန်းများ နှင့် ပတ်သက်၍လည်း တတ်နိုင်သမျှ ရှာဖွေခဲ့ကြသည်။ နှစ်ပေါင်းကြာခဲ့ပြီ ဖြစ်သဖြင့် ကျေနပ်လောက်သော အချက်အလက် ဘာမှ ရှာမတွေ့ပါ။ ညနေစောင်းပြီး အမှောင်ရိပ်သမ်းလာတော့မှ စိမ်းဝတီ အိမ်ပြန်ခဲ့သည်။ ဇော်မင်းသိုက်က မပြန်သေးပဲ စခန်းမှာ ကျန်နေခဲ့သည်။ မနက်ဖြန်တော့ ခန့်ကြီး၏ သင်္ချီုင်းဂူ ရှိရာ သို့ သွားကြည့်မည်ဟု စိတ်ကူးထားသည်။ ဤကိစ္စ မပြတ်ခင် စိမ်းဝတီ၏ မိခင်ဌာန၊ ထောက်လှမ်းရေးဗဟိုမှ အရေးတကြီး ကိစ္စဖြင့် ပြန်မခေါ်ရန်သာ ဆုတောင်းရမည်။

***

ညနေစာ စားပြီးချိန်တွင် ကိုနေဇာမင်း ပြန်လာသည်။ သူ့အပေါင်းအသင်းများ နှင့် တွေ့နေ၍ဟု ဆိုသည်။ ကိုနေဇာမင်း နှင့် ဖြူဖြူထိုက်သည် ဒေသကောလိပ်တွင် အတူတူ တက်ခဲ့ကြသူများ ဖြစ်သည်။ နေဇာမင်းသည် ဖြူဖြူနွဲ့နွဲ့ နှင့် ခပ်ပျော့ပျော့ ပုံစံ ပေါက်သည်။ သူနှင့် မရှေးမနှောင်းမှာပင် ရဲဝန်ထမ်း နှစ်ယောက် ရောက်လာသည်။ ယခုညမှာတော့ စိမ်းဝတီနှင့် အတူ ရဲတပ်ကြပ် တစ်ယောက်၊ ရဲတပ်သား တစ်ယောက် ပါ ရှိနေသောကြောင့် အိမ်တွင် စုစုပေါင်း လူကိုးယောက် ရှိနေသည်။ စိမ်းဝတီသည် ခရီးပန်းလာသော်လည်း တစ်ညလုံး မအိပ်ရန် ဆုံးဖြတ်ထားသည်။ ယခင်နေ့များက အစောင့်များသည် ညလယ်လောက်တွင် ရုတ်တရက် အိပ်ပျော်သွားသည် ဆိုသောကြောင့် အိပ်ဆေးငွေ့ သုံးခြင်းလည်း ဖြစ်နိုင်သည်။

စိမ်းသည် တစ်ညလုံး မအိပ်ပဲ ခြံထဲမှာ နေခဲ့သည်။ ခြံစောင့်ဦးကြီး ကိုတော့ အန္တရာယ် ဖြစ်မှာ စိုးသဖြင့် အိမ်ထဲ ပို့ထားလိုက်သည်။ တစ်ညလုံး ဘာမှ မထူးခြားပါ။ မနက်ခင်း လင်းအားကြီး ကျမှ အိမ်ကို တစ်ပတ်ပတ် ကြည့်ပြီး ဘာလက်ဝါးရာမှ မတွေ့ရသည်နှင့် အိမ်ပေါ်တက်ကာ ကိုယ့်အခန်းကိုယ် ဝင်အိပ်လိုက်သည်။ အိမ်ရှေ့ဧည့်ခန်းမှာလည်း ဘာလက်ဝါးရာမှ မရှိခဲ့။

သုံးနာရီလောက် အိပ်အပြီးမှာ ဖြူဖြူထိုက် လာနှိုး၍ နိုးခဲ့ရသည်။ အိမ်ရှေ့မျက်နှာစာ နှင့် ဧည့်ခန်းနံရံတွင် လက်ဝါးရာများ ပေါ်နေသည်ကို ကိုနေဇာက စတွေ့ခဲ့သည် ဟု ဆိုသည်။ ဖြစ်နိုင်သည်မှာ စိမ်း အိပ်ခန်းထဲ ဝင်သွားပြီးမှ လာလုပ်ခြင်း ဖြစ်ပေမည်။ မနက်မိုးလင်း နေပြီ ဖြစ်သဖြင့် ဘယ်သူ့ကိုမှတော့ အန္တရယ်မပေးနိုင်တော့။ အိမ်ရှေ့ဧည့်ခန်းနံရံတွင် လက်ဝါးရာ တွေ့ရသော်လည်း တံခါးများ၊ ပြတင်းပေါက်များမှာ ခြေရာလက်ရာ မပျက်ပါ။ ကိုနေဇာက စတွေ့၍ ဖြူဖြူ့ကို ပြချိန်တွင် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်လျက်သား ဖြစ်သည်။ အဲဒီနောက်မှ သူတို့ အိမ်ရှေ့ထွက်ကြည့်တော့ မျက်နှာစာမှ လက်ရာများကို မြင်ရခြင်းဖြစ်သည်။ လက်ဝါးရာ ထားသွားသူသည် ဘယ်လိုလာ၍ ဘယ်လို ပြန်ထွက်သွားသည်ကို စဉ်းစား၍ မရနိုင်။ အိမ်အတွင်းရှိလူများကိုပင် မသင်္ကာစရာ ဖြစ်လာသည်။ သို့သော် လူစိမ်း ဆို၍ စိမ်း၊ နေဇာမင်း နှင့် ရဲဝန်ထမ်း နှစ်ဦးသာ ရှိသည်။ ဦးကြီးမောင်မှာ အသက်ကြီးပြီ ဖြစ်သည့်ပြင် နှစ်ပေါင်းများစွာ သစ္စာရှိလာသော လူယုံတော်ကြီး ဖြစ်သည်။ လက်ဝါးရာမှာ သာမန်ထက်ကြီးသောကြောင့် ဤအိမ်မှာ ရှိသော လူများ၏ လက်ရာ လုံးဝ မဖြစ်နိုင်။ သို့သော် တစ်ယောက်ယောက်နှင့် တစ်နည်းနည်းတော့ ပတ်သက်ကောင်း ပတ်သက်နိုင်သည်။ အထူးသဖြင့် နေဇာမင်း။ သူ့မျက်လုံးများမှာ လျှို့လျှို့ဝှက်ဝှက် နိုင်သည် ဟု စိမ်းဝတီ ထင်သည်။

အဲဒီနောက်မှာ သတင်းဆိုး တစ်ခု ဝင်လာသည်။ မနေ့ကညနေ စိမ်း ပြန်လာတော့ စခန်းမှာ ကျန်နေခဲ့သော ရဲအုပ် ဇော်မင်းသိုက် အသတ်ခံလိုက်ရသည်။ နံရံတွင် လက်ဝါးရာ တစ်ခု ချန်ထားခဲ့သည်။ ခန့်ကြီးနှင့် ပတ်သက်ပြီး သူ တစ်ခုခုကို သိသွားသလား ဟု စိမ်းတွေးနေသည်။ ဖျတ်ခနဲ သတိရမိသည်က နေဇာမင်း မနေ့ညနေက စိမ်းထက် နောက်ကျမှ အိမ်ကို ပြန်လာသည်။ သူ ဘယ်နေရာမှာ ရှိနေသည်ကို မှန်မှန်ကန်ကန် သိရမှ ဖြစ်မည်။ နေဇာမင်းကို မေးတော့ သူငယ်ချင်း တစ်ယောက်နှင့် စားသောက်ဆိုင်တွင် အလုပ်ကိစ္စ ဆွေးနွေး နေသည် ဟုဆိုသည်။

စိမ်းဝတီသည် ရဲစခန်းသို့ သွားကာ ကိုဇော်မင်းသိုက် ရှာခဲ့သော ကွန်ပျူတာ တွင် သဲလွန်စ ရလိုရငြား ရှာကြည့်မိသည်။ ခန့်ကြီး၏ ကိုယ်ရေးရာဇဝင်ထဲတွင် ဘာမှ ပြည့်ပြည့်စုံစုံ မပါပါ။ အမှုကြီး တစ်မှု အပြီးသတ်၍ တရားခံများကို ဖမ်းလာခဲ့သော စခန်းမှုးနှင့် အဖွဲ့ကို နောက်ထပ် အမှုကြီး တစ်မှုက ဆီးကြိုနေခဲ့သည်။ အရေးမကြီး ဟုထင်ထားသော သွေးလက်ဝါးရာ ကိစ္စမှာ ယခုတော့ လူသတ်မှုပင် ဖြစ်ခဲ့ပြီ ဖြစ်၍ ဖိဖိစီးစီး လိုက်ရတော့မည် ဖြစ်သည်။ စိမ်းဝတီကတော့ ခန့်ကြီး ၏ သင်္ချီုင်းဂူ ရှိရာသို့သွားမည်။ တစ်ခုခု ထူးခြားမည် ဟုထင်သည်။

***

စိမ်းဝတီ ပြန်လာသောအခါ ထူးထူးခြားခြား သတင်း ပြောစရာ ပါလာသည်။ ခန့်ကြီး၏ အုတ်ဂူထဲတွင် ခန့်ကြီး၏ ရုပ်အလောင်း မရှိပါ။ ခေါင်းအလွတ်ကြီးသာ ရှိပါသည်။ နှစ်ပေါင်းကြာ၍ အမှုန့်ဖြစ်သွားခြင်း မဟုတ်ပါ။ အစကတည်းက မရှိခြင်းဖြစ်ပါသည်။ ခန့်ကြီး တစ်ယောက် တကယ်မသေခဲ့ပဲ လက်စားချေနေခြင်း ဟု တွေးစရာ ဖြစ်လာသည်။ ဦးဘသောင်းထိုက်အိမ်တွင် ညအိပ်စောင့်ဖူးသော ရဲတပ်ဖွဲ့ဝင် အချို့ကတော့ လက်ဝါးရာ ထားသူ ခန့်ကြီးမှာ လူအစစ် မဖြစ်နိုင်ဟု ဆိုကြသည်။ နောက်ထပ် ညအိပ်စောင့်ရန်ပင် ကြောက်လန့်နေကြသည်။ နောက်တစ်ခါ အလှည့်ကျသူမှာ ညစောင့်များထဲမှ တစ်ယောက်ယောက်လည်း ဖြစ်နိုင်သည် မဟုတ်ပါလား။

စခန်းမှူး ဦးစိုးမြတ်ကလည်း သူ ရထားသော သတင်းတစ်ခုကို စိမ်းကို ပြသည်။ ဦးဘသောင်းထိုက်၏ လက်ထောက် ဖြစ်ခဲ့ဖူးသော ဦးမင်းကို ထံမှ email တစ်စောင်ရောက်နေခြင်းပင်။ ကိုဇော်မင်းသိုက် မသေခင် ဦးမင်းကို ၏ mail လိပ်စာကို ရ၍ ဆက်သွယ်ခဲ့ခြင်း ဖြစ်လိမ့်မည်။ ခန့်ကြီး နှင့်ပတ်သတ်၍ စိမ်းတို့ မသိသေးသော အချက်တစ်ခု ပါလာသည်။ ခန့်ကြီးတွင် ခန့်လေး ခေါ် နေဇာ ဆိုသော ညီအစ်ကို တစ်ယောက် ရှိသည် ဆိုခြင်းပင်။ ခန့်ကြီးသည် သူ့ညီကို သူ့ဘဝနှင့် မပတ်သက်အောင် ထားခဲ့ပြီး လိုအပ်သော ငွေကြေးကို ထောက်ပံ ခဲ့သည် ဟု ဆိုသည်။ ဦးဘသောင်းထိုက် နှင့် ဦးမင်းကို တို့ ထိုအမှုကို လိုက်ခဲ့စဉ်က သူ့ညီကို ရန်ကုန်မြို့၊ (……..) ယောင်္ကျားလေး ဘော်ဒါဆောင်တွင် ထားခဲ့ပြီး ထိုစဉ်က ၇ တန်း ကျောင်းသား ဖြစ်သည်။ ဦးမင်းကိုက ဤမြို့သို့ လာခဲ့ဦးမည် ဟုဆိုသည်။

စိမ်းသည် ချက်ချင်းပင် ရန်ကုန်မှ အပေါင်းအသင်းများကို ဆက်သွယ်ရာ ရဲစွမ်းနိုင် အားနေသဖြင့် သူ့ကိုပင် ထိုယောင်္ကျားလေး ကျောင်းသို့ သွားပြီး စုံစမ်းခိုင်းရသည်။ ရဲစွမ်းနိုင် သတင်းပြန်ပို့မည်ကို စောင့်နေဆဲမှာပင် ဖြူဖြူထိုက် ဖုန်းဆက်လာသည်။ သူ့အစ်ကိုကြီး ဆုံးသွားပြီ ဖြစ်ကြောင်း၊ အသတ်ခံရခြင်း ဖြစ်ကြောင်း အတူနေ သူငယ်ချင်းက ဖုန်းဆက်သည် ဟု ဆိုသည်။ စိုးရိမ် ကြောက်လန့်နေသော ဖြူဖြူထိုက်ကို နှစ်သိမ့်ကာ ဖုန်းချပြီးပြီးချင်း ဦးစိုးထိုက် ကို အကျိုးအကြောင်းပြောရသည်။

ဦးဘသောင်းထိုက်၏ သားကြီးသည် သူ့သူငယ်ချင်း တစ်ယာက်နှင့် အတူ ဝန်ထမ်းအိမ်ရာ တစ်ခုတွင် နေသူ ဖြစ်သည်။ ဦးစိုးမြတ်က ထိုမြို့နယ် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းကြည့်သောအခါမှ အကြောင်းစုံကို သိရသည်။ ထိုသူ အသတ်မခံရမီ နှစ်ရက် သုံးရက်လောက်တွင် အိမ်အပြင်နံရံများ၌ လက်ဝါးရာများ တွေ့ရပြီး ဦးဘသောင်းထိုက်၏သား သတိထား ဆိုသော သွေးဖြင့် ရေးသည့် စာတန်းကိုလည်း တွေ့ခဲ့ရကြောင်း၊ တစ်ယောက်ယောက် နောက်ပြောင်သည် ထင်မှတ်၍ သူငယ်ချင်း နှစ်ယောက်လုံး အလေးမထားခဲ့ကြောင်း၊ ယနေ့နံနက်တွင် ဦးဘသောင်းထိုက်၏သား သေဆုံးနေသည်ကို သူ့သူငယ်ချင်းကပင် စတင်တွေ့ရှိခဲ့ကြောင်း၊ လည်ပင်းညစ်၍ အသတ်ခံရခြင်း ဖြစ်သည် ဟု ဆရာဝန်က ထင်မြင်ယူဆကြောင်း… သိရသည်။

စိမ်းဝတီ တို့မှာ ဦးနှောက်ခြောက်သွားရသည်။ တစ်နေရာက အမှုကိုပင် မဖော်ရသေးမီ နောက်တစ်နေရာမှာ ဖြစ်ပြန်လေရာ ဤအမှုကို ကြံစည်နေသူမှာ တစ်ယောက်တည်း မဟုတ်ပဲ အပေါင်းအပါ တစ်ယောက်တော့ အနည်းဆုံး ရှိရမည်။ ခန့်ကြီးနှင့် သူ့ညီ ပူးပေါင်း လက်စားချေခြင်းလည်း ဖြစ်နိုင်သည်။ ခန့်ကြီး ၏ ညီနာမည်မှာ နေဇာ။ ဖြူဖြူထိုက်၏ ချစ်သူမှာလည်း နေဇာမင်း။ ဖြူဖြူထိုက်တို့အိမ်မှာ ရောက်နေသည့် တစ်ဦးတည်းသော လူစိမ်း။ ဤအဖြစ်အပျက်များ မဖြစ်မီလေးကမှ လာရောက်တည်းခိုသူ။ ရဲစွမ်းနိုင် ဆီမှ ခန့်လေး၏ ဓါတ်ပုံ တစ်ပုံတစ်လေ ပို့ပေးနိုင်ခဲ့လျှင်တော့ နေဇာမင်းသည် ခန့်လေး ဟုတ်မဟုတ် ခန့်မှန်းနိုင်လိမ့်မည်ဟု ထင်သည်။

ရဲစွမ်းနိုင် ဆီမှ ပြန်လာသော သတင်းကတော့ အားတက်စရာ မရှိပါ။ ခန့်လေး ကျောင်းတက်သော ကာလ တစ်လျှောက်မှာ သူနှင့် ပတ်သက်သော စာရွက်စာတမ်းများ ထိုကျောင်းမှာ တစ်ခုမှ မရှိတော့ပါ။ အားလုံးကို ခိုးယူဖျောက်ဖျက်ပြီး ဖြစ်ပါလိမ့်မည်။ ရဲစွမ်းနိုင်ကို နေဇာမင်း အကြောင်း စုံစမ်းပေးဖို့ ပြောလိုက်သည်။ စိမ်းဝတီ အိမ်ပြန်ရောက်တော့ ဖြူဖြူထိုက်နှင့် နေဇာမင်းမှာ ဖြူဖြူထိုက်၏ အစ်ကိုကြီး အသုဘကိစ္စ စီစဉ်ရန် ထိုမြို့သို့ သွားကြပြီ ဖြစ်သည်။ သူတို့ အမေကတော့ မနက်ဖြန် မနက်မှ လိုက်သွားလိမ့်မည်။

ထိုညနေမှာပင် ဦးမင်းကို ရောက်လာသည်။ ဦးမင်းကိုက ခန့်ကြီး မသေပဲ ပြန်ရှင်လာသည်မှာ လုံးဝ မဖြစ်နိုင် ဟု ဆိုသည်။ သူတို့ ကိုယ်တိုင်ပင် ထောင်မှူးကြီး နှင့် အတူ သေချာစစ်ဆေးပြီးမှ အခေါင်းသွင်းခဲ့ခြင်း ဖြစ်သည် ဟု ဆိုသည်။ ထိုအတိုင်းသာ မှန်လျှင် ခန့်ကြီး ၏ ဝိညာဉ်က လက်စားချေခြင်း ဟုပင် ယူဆရတော့မလား မသိပါ။

***

9 comments:

ဒဏ္ဍာရီ said...

သယ်ရင်ရေ စုံထောက်ဝထ္ထုလေး လာဖတ်သွားတယ်။ အဲလို ထူးထူးဆန်းဆန်းလေးတွေ သဘောကျတယ်။

ခင်မင်လေးစားလျှက်

မယ်ကိုး said...

မ အဲဒီလို ရေးနိုင်တာ သိပ်သဘောကျပါတယ်။
မိန်းကလေးစာရေးသူတွေမှာ အဲဒီလို ဇာတ်ရေးနိုင်သူရှားလို့ပါ။

အားပေးနေပါတယ်နော် မ။

ညီညီ said...

တော်တော်စိတ်ဝင်စားစရာကောင်းတယ်ဗျ. နောက်တစ်ပိုင်းမျှော်နေပါသည်။


ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဝက်ဝံလေး said...

အယ် မ က စုံထောက် ဝတ္ထုရေးတာ ကောင်းတယ်နော် ဟိုးတခါ ဟို ဗိုင်းရပ်စ် ကိစ္စလိုပဲ သိလား ဖတ်ရတာ ကောင်းတယ် စိမ်းဝတီဆိုတာ ဗိုင်းရပ်စ်ထဲမှာ ပါတဲ့ ဇာတ်ကောင်ပဲမလား ဟိဟိ

မျှော်နေတယ်နော် သိပ်သိပ်သိချင်လှပြီနော်

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

အပိုင်း ၂ ကျန်သေးလား..
ဇတ်လမ်းကို ဖြီတော့..ပေးခဲ့ဦးလေ..
hints တွေ အများကြီး ထားခဲ့ ပြီး ခေါင်းစားမသွားနဲ့လေ.....း)

လသာည said...

စုံထောက်ဝတ္တုကတော်တော်ကောင်းတယ်။
ထမင်းစားရင်း ကြည့်နေတာ အပြီးအထိ ကြည့်ပြီးမှ လက်ညောင်းပါတယ်လို့ သတိပြုမိတာ.။ လက်တဖက်က ဇွန်းကိုင်ရက်သား မချမိပဲ ကြည့်မိလို့..:P

ဖတ်လို့ကောင်းတယ်။ ဆက်ရေးဦးနော် စောင့်ဖတ်နေမယ်..။

မချစ်ရ said...

ဟယ် တကယ့်အဖြစ်လား စိတ်ဝင်စားစရာကောင်းလိုက်တာ
စုံစမ်းလို့လည်းမရတော့ဘူးပေါ့
လူသတ်သူကို ဘယ်လိုလုပ်ကြမတုန်း
ဖြူဖြူပါထပ်အသတ်ခံရမှဖြင့်

ထင်ရာမြင်ရာရေးသွားပြီနော်

ဆောင်းယွန်းလ said...

ခုမှပဲ စုံထောက်ဝတ္ထုတွေပြန်ဖတ်ရတော့တယ်.
စိတ်ဝင်စားစရာလည်းကောင်းတယ်
ကောင်းခန်းရောက်နေမှ.ဆက်ရန်တဲ့..
ဆက်ရန်ဆိုတော့လည်း ဆက်ရန်ပေါ့လေ
စောင့်မျှော်ဖတ်ရတာပေါ့..

စိမ်း... said...

စိတ်ဝင်စားတယ် စိတ်ဝင်စားတယ်... မြန်မြန်လေး.. :)