20 October, 2009

သွေးစွန်းလက်ဝါး (ဇာတ်သိမ်း)



စိမ်းဝတီ လည်း ဘယ်လို စဉ်းစားရမှန်းမသိလောက်အောင်ပင် ဦးနှောက်ထဲတွင် ရှုတ်ထွေးလာသည်။ တကယ်လို့ နေဇာမင်းသည် နေဇာ ခေါ် ခန့်လေး ဖြစ်နေပါက ဖြူဖြူထိုက် အတွက် အန္တရာယ် ဖြစ်နိုင်သည်။ သူတို့ နောက်သို့ စိမ်း လိုက်သွားပြန်လျှင်လည်း ဦးဘသောင်းထိုက် ကို ရည်ရွယ်ကာ လုပ်ကြံလာခဲ့လျှင် မကာကွယ်လိုက်နိုင်မှာ စိုးရသည်။

နောက်ဆုံးတော့ ဖြူဖြူထိုက်တို့ဆီ လိုက်သွားဖို့ ဆုံးဖြတ်လိုက်ပြီး ဦးစိုးမြတ်ကို သတင်းပို့လိုက်သည်။ ဦးဘသောင်းထိုက်မှာ ဦးစိုးမြတ်၏ ဆရာလည်း ဖြစ်ခဲ့ဖူးရာ သူကိုယ်တိုင် လာအိပ်ပေးမည် ဆို၍ ဤအိမ်အတွက် စိတ်ချသွားသည်။

ဤမြို့ကို လာခဲ့သော PRADO အစိမ်းပုပ်ရောင် ကားနှင့်ပင် ဖြူဖြူထိုက်တို့ ရောက်နေသော မြို့သို့ ညတွင်းချင်း မောင်းထွက်ခဲ့သည်။ မြို့ချင်းက သိပ်မဝေးပါ။ ဦးဘသောင်းထိုက် သားကြီး ၏ လိပ်စာ အတိုင်း ရောက်အောင် သွားတော့ ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။ အားနာနာနှင့်ပင် နှိုး၍ ဖြူဖြူထိုက်တို့ ဘယ်မှာတည်းသည်ကို မေးရသည်။ ဖြူဖြူထိုက်တို့က မြို့ထဲရှိ ကြယ်စင် တည်းခိုခန်းတွင် တည်းမည် ဟု ပြောသွားသည် ဆိုသည်။ အသုဘက မနက်ဖြန် နေ့လည် နှစ်နာရီ ချမည် ဟုဆိုသည်။

ကြယ်စင် တည်းခိုခန်းသည် ညလုံးပေါက်ဖွင့်သော တည်းခိုခန်း ဖြစ်သည်။ စိမ်းဝတီသည် အခန်းတစ်ခန်း ယူလိုက်ပြီး ဝန်ထမ်းကတ်ကို ပြ၍ ဖြူဖြူထိုက် နှင့် နေဇာမင်း တို့၏ အခန်းနံပါတ် များကို မေးလိုက်သည်။ စိမ်း အစိုးရိမ် လွန်နေခြင်းလည်း ဖြစ်နိုင်သည်။ သို့ပေမယ့် မဖြစ်ခင်မှာ ကြိုတင် ဂရုစိုက်တာက အကောင်းဆုံးပင်။

စိမ်း သည် ကိုယ့်အခန်းထဲ ပစ္စည်းထားပြီး ဖြူဖြူထိုက် အခန်းရှေ့သို့ လာခဲ့သည်။ သူမကို နှိုးရကောင်းနိုး၊ မနှိုးရကောင်းနိုး စဉ်းစားနေခိုက်မှာပင် အခန်းထဲမှ ညည်းတွားသံ သဲ့သဲ့နှင့် ရုန်းကန်လှုပ်ရှားသံ သဲ့သဲ့ကို ကြားရသည်။ အောက်ထပ်ရှိ မန်နေဂျာကို သွားခေါ်ပြီး သော့အပို ဖြင့် ဖွင့်ကာ ဝင်လိုက်ရသည်။ ဖြူဖြူထိုက်သည် ကုတင်ပေါ်တွင် လူးလိမ့်နေပြီး လည်ပင်းပေါ်မှ တစ်စုံတစ်ရာကို ဆွဲခွာရန် ကြိုးစားနေပါသည်။ ထိုအရာမှာ လက်ပြတ်ကြီး တစ်ဖက်ပင် ဖြစ်သည်။ စိမ်း ပြေးသွားပြီး ဆွဲခွာသော အခါမှာတော့ အလွယ်တကူ ပြုတ်ပါလာပြီး စိမ်းလက်ထဲမှ ရုန်းထွက်ကာ တံခါးပေါက်မှ ထွက်ခွာသွားသည်။ ထိုလက်ပြတ်ကြီးမှာ လူသေကောင်လက်လို အေးအေးစက်စက်ကြီး ဖြစ်ပြီး ညိုမည်း ခြောက်ကပ်နေသည်။ စိမ်းလည်း ခဏမျှကြောင်နေပြီးနောက် လက်ပြတ်ကြီး ထွက်သွားရာနောက်သို့ လိုက်ကြည့်သောအခါ အစအနပင် မမြင်ရတော့ပါ။ ဖြူဖြူထိုက် အခန်းထဲ ပြန်ဝင်ခဲ့သောအခါမှ နံရံများ ပေါ်မှ သွေးလက်ဝါးရာများကို သတိထားမိသည်။

သွေးပျက်မတတ်  ကြောက်ရွံထိတ်လန့်နေသော ဖြူဖြူထိုက်ကို နှစ်သိမ့်ပြီးနောက် သော့တောင်းကာ နေဇာမင်း အခန်းကို ဝင်ကြည့်သောအခါ အိပ်မောကျနေသော နေဇာမင်းကို တွေ့ရသည်။ အခန်းထဲတွင်လည်း ဘာမှ မသင်္ကာစရာ မတွေ့ရပါ။ သို့သော် သူတို့နှစ်ယောက် အခန်းမှာ ကပ်လျက် ဖြစ်ရာ ဟိုဘက်အခန်းမှ ထွက်လာသော လက်ပြတ်ကြီးသည် ဒီဘက်အခန်းထဲသာ ဝင်သွားခဲ့ပါက စိမ်းနောက်ကျသွားသော တခဏ အတွင်းမှာ မျက်ခြေပြတ်သွားနိုင်သည် မဟုတ်ပါလား။ စိမ်းဝတီက နေဇာမင်းကို နှိုးလိုက်တော့ ဘာမှ မသိသော အိပ်မှုံစုံမွှား ပုံစံနှင့် ထလာသည်။ သူ့အခန်းထဲတွင် စေ့စေ့စပ်စပ် ရှာသော်လည်း မသင်္ကာစရာ ဘာမှ မတွေ့ရပါ။ ထူးခြားတာဆို၍ ကလေးများကစားသော လက်တစ်ဝါးစာ ဂိမ်းစက်ကလေး တစ်ခုသာ ရှိသည်။

တကယ်တမ်းမှာတော့ လက်ဝါးပြတ်ကြီးသည် ပြတင်းပေါက်မှ ထွက်၍ အပြင်ဘက် အုတ်နံရံတွင် ကပ်နေခြင်းသာ ဖြစ်သည်ကို စိမ်းဝတီ မသိခဲ့ပါ။

***

ထိုညက စခန်းမှူး ဦးစိုးမြတ်တို့မှာလည်း အလားတူ အဖြစ်မျိုး ကြုံခဲ့ရသည်ကို ပြန်ရောက်တော့မှ စိမ်းဝတီ သိရပါသည်။ သွေးများပေနေသော လက်ဝါးပြတ်ကြီး နံရံတွင် ကပ်နေစဉ် ဦးစိုးမြတ်က မြင်ခဲ့ခြင်းဖြစ်သည်။ သူ သေနတ်နှင့် အချက်များစွာ ပစ်တော့မှ အောက်သို့ ပြုတ်ကျလာခဲ့သည်။ နံရံတွင် သွေးလက်ဝါးရာ တစ်ခု ကျန်ခဲ့သည်။ လက်ဝါးအလယ်နှင့် လက်ကောက်ဝတ် အရင်းနားတွင် ကျည်ဆံရာများ ရှိနေသော်လည်း တစစီ ပြုတ်ထွက် ပျက်စီး မသွားခဲ့ပါ။ အမှန်တကယ်တော့ ထိုလက်ပြတ်ကြီးမှာ ကလေးကစားစရာ ရီမုတ်ကွန်ထရိုး နှင့် သွားသော ကား၊ လေယာဉ် တို့ကဲ့သို့ အရုပ်တစ်ခုသာ ဖြစ်ပြီး အပေါ်ယံတွင် လူအရေပြားနှင့် တူအောင် လုပ်ထားပြီး ခန့်ကြီး ၏ လက်ဗွေရာအတုကို ကပ်ထားခြင်းသာ ဖြစ်သည်။ သွေးများမှာ တိရိစ္ဆာန်သွေးများ ဖြစ်သည်။ တစ်စုံတစ်ယောက်က တစ်နေရာမှ ရီမုတ်ကွန်ထရိုး နှင့် လက်ဝါးပြတ်ကြီးကို လှုပ်ရှားခိုင်းခြင်း ဖြစ်မည်။

ဦးစိုးမြတ်တို့ ဖြစ်သော အချိန်က စိမ်းတို့ထက် စောသောကြောင့် စိမ်းတွေ့ခဲ့သော လက်ပြတ်ကြီးမှာ ယခု ပျက်စီးသွားသော လက် မဟုတ်နိုင်ပါ။ အနည်းဆုံးတော့ လက်ဝါး နှစ်ခု ရှိရမည်။ တစ်ချိန်တည်း တစ်နေရာစီမှာ တွေ့ခြင်းဖြင့် သို့လော သို့လော ဖြစ်အောင် လုပ်ခြင်းလည်း ဖြစ်နိုင်သည်။ ယခင်က သွေးလက်ဝါးရာကိုသာ တွေ့စေပြီး ယခု အိပ်ဆေး မသုံးပဲ လက်ဝါးပြတ်ကိုပါ တွေ့စေပြီး စိတ်ချောက်ခြားအောင် လုပ်ခြင်း ဖြစ်မည်။ မကြောက်တတ်သော ဦးစိုးမြတ်နှင့် တွေ့မှ ဒုက္ခရောက်သွားခြင်း ဖြစ်သည်။ ကြံစည်သူကို အမြန်ဆုံး ဖော်ထုတ်နိုင်မှ ဖြစ်မည်။ ကလေးများ ကစားသော ဂိမ်းစက်သည် အရုပ်တစ်ခု အတွက် ရီမုတ်ကွန်ထရိုး မဖြစ်နိုင်ဘူးလား…။

“ကျွန်တော်တို့ နားတော့မယ်” ဟုပြောကာ နေဇာမင်းက သူ့အခန်းဆီသို့ သွားရန်ပြင်သည်။ သူ့ပုံစံက မင်သေသည်။ စိမ်းဝတီတို့ သုံးယောက်စလုံး အိမ်ရှေ့ဧည့်ခန်းတွင် ထိုင်၍ ဦးစိုးမြတ် ပြောသည်ကို နားထောင်နေကြခြင်း ဖြစ်သည်။ “ကိုနေဇာ ခဏနေဦး ခင်ဗျား အိတ်ကို ရှာဦးမယ်”  စိမ်းကပြောတော့… “တည်းခိုခန်းတုန်းကလည်း ခင်ဗျား ရှာပြီးပြီပဲ မစိမ်းဝတီရာ၊ ကျွန်တော့ကို ဘာဖြစ်လို့ သက်သက်မဲ့ မသင်္ကာဖြစ်နေတာလဲ၊ အဝတ်အစားကလွဲလို့ ဘာမှ မပါဘူး၊ ကျွန်တော် အရှာမခံနိုင်ဘူး” ဟု သူကငြင်းသည်။

“မရဘူး၊ ခင်ဗျားအိတ်ကို အခု ဖွင့်ပြပါ ကိုနေဇာ” ။ စိမ်းဝတီက သူ့ကျောပိုးအိတ်ကို ဆွဲယူလိုက်ပြီး ဖွင့်နေစဉ်မှာပင် နေဇာမင်းက ထွက်ပြေးသွားပါတော့သည်။ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်က သူ့နောက်သို့ လိုက်သွားသည်။ အိတ်ပွင့်သွားပြီးနောက် လက်ပြတ်ကြီး ထွက်လာပြီး စိမ်းလည်ပင်းကို တွယ်ကပ် ဖျစ်ညှစ်သည်ကို ရုတ်တရက် ခံလိုက်ရသည်။ လက်ပြတ်ကြီး၏ အားက တော်တော်ကြီးသည်။ စိမ်းဝတီမှာ မျက်လုံးများ ပြာဝေပြီး အသက်ရှူမရအောင် ခံစားရသည်။ အားကုန်သုံးပြီး လက်ချောင်းများကို ဆွဲခွာရသည်။ လက်ကြီး စိမ်းဝတီ၏ လည်ပင်းမှ ကွာကွာခြင်း ဦးစိုးမြတ်က သေနတ်နှင့် အချက်ပေါင်းများစွာ ပစ်ထည့်လိုက်သည်။ လက်ပြတ်ကြီးကိစ္စ ပြီးတော့မှ နေဇာမင်း နောက်သို့ လိုက်သောအခါ မမီတော့ပါ။ ချက်ချင်း လိုက်သွားသော ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို မျက်ခြေဖျတ်ကာ ပြေးသွားပြီ ဖြစ်သည်။ နေဇာမင်း ထွက်ပြေးစဉ်က လက်ထဲတွင် ဘာမှ ပါမသွားပါ။ သူ့ကို ဒီလို ရှာလိမ့်မည် ထင်မထား၍ လက်ပြတ်ကြီးကို ဒီအတိုင်းထည့်လာခဲ့သည်။ စိမ်းဝတီက ရီမု ဟုထင်ထားသော ဂိမ်းစက်ကလေးမှာလည်း အိတ်ထဲတွင် ကျန်ခဲ့ပါသည်။ လက်ပြတ်ကြီးက သူ့ဟာသူ လှုပ်ရှားနိုင်ပါသလား…။ ထိုကဲ့သို့ မဟုတ်လျှင် ယခုတစ်ကြိမ် လက်ပြတ်ကြီးကို လှုပ်ရှားစေသူမှာ နေဇာမင်း မဖြစ်နိုင်။ သို့သော် အချိန်ကိုက် လှုပ်ရှားနိုင်ရန် အတွက် အပြင်မှ တစ်စုံတစ်ယောက်သည် ဤအခန်းထဲရှိ မြင်ကွင်းကို မြင်နေမှသာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

***

ဆရာဦးစိုးမြတ်က နေဇာမင်းကို ဖမ်းဆီးရန် အတွက် တစ်မြို့လုံးအနှံ ရှာဖွေရန်နှင့် မြို့ဝင်ပေါက်၊ ထွက်ပေါက် များတွင် ပိတ်ဆို့တားဆီးထားရန် စီမံနေသည်။ ဦးမင်းကို ကလည်း ကြော်ငြာထုတ်လိုက်သော ဓါတ်ပုံကို တွေ့ပြီး နေဇာမင်းသည် ခန့်ကြီး၏ ညီ ခန့်လေး ဖြစ်ကြောင်း အတည်ပြုသည်။ ၇တန်း အရွယ်က ခန့်လေးကို သူမြင်ဖူးခဲ့သည် မဟုတ်လား။

နေမဝင်ခင်မှာပင် နေဇာမင်း ခေါ် ခန့်လေးကို အဝေးပြေးကား တစ်စီးပေါ်တွင် ဖမ်းမိသွားသည်။ သူက သူတစ်ယောက်တည်း လုပ်ခြင်း ဖြစ်ကြောင်း ဝန်ခံသည်။ သူ့တွင် အပေါင်းအဖော် မရှိကြောင်း ငြင်းသည်။ လက်ပြတ်ကြီး နှစ်ခုနှင့် ပတ်သက်၍ အသေးစိတ် ပြောဆိုရန် ငြင်းဆန်သည်။ ခန့်ကြီး အလောင်းကို သူ့ဦးလေး တစ်ယောက် အကူအညီနှင့် နေရာရွှေ့ခဲ့ပြီး လက်ဗွေရာများလည်း ယူခဲ့ကြောင်း ဝန်ခံသည်။ ထိုဦးလေးမှာ ယခုတော့ ဆုံးသွားပြီ ဟုဆိုသည်။ နေဇာမင်းမှာ အပေါင်းအသင်း တစ်ယောက်ရှိရမည် ဟု ထင်ထားသော်လည်း သူက မဖော်သဖြင့် ဘယ်လိုရုပ်၊ ဘယ်လို ပုံစံမှန်းမသိပဲ ရှာဖို့ရန် ခဲယဉ်းလှသည်။

ရဲစွမ်းနိုင် ဆီမှ အဆက်အသွယ်ရတော့ ညမိုးချုပ်နေပြီ။ ဒီနေ့တစ်နေ့လုံး နေဇာမင်း အကြောင်းတွေ စုံစမ်းပြီး mail ပို့လိုက်ခြင်းဖြစ်သည်။ နေဇာမင်းသည် (…….) ဘော်ဒါကျောင်းမှ ဆယ်တန်းအောင်ခဲ့သည်။ သူနှင့် အရင်းနှီးဆုံး သူငယ်ချင်း တစ်ယောက်ရှိခဲ့သည်။ ထိုသူငယ်ချင်း၏ အဖေကလည်း သူ့ကို မွေးစားသားလို ချစ်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက် သူတို့ နှစ်ယောက်စလုံး သူ့သူငယ်ချင်း အဖေ၏ အဆက်အသွယ်ဖြင့် ဂျပန်နိုင်ငံတွင် အလုပ်သွားလုပ်ခဲ့ကြသည်။ သူတို့ လုပ်ရသော နေရာက အရုပ်စက်ရုံ ဖြစ်သည်။ လှုပ်ရှား သွားလာနိုင်သော စက်ရုပ်အသေးလေးများ၊ ပျံသန်းမောင်းနှင်နိုင်သော လေယာဉ်ငယ်၊ ကားငယ်လေးများ ထုတ်လုပ်သော စက်ရုံ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ထိုစက်ရုံမှ လေ့ကျင့်သင်ကြားပေးသော သင်တန်း အဆင့်ဆင့်ကို ထူးချွန်စွာ အောင်မြင်၍ ရာထူးများလည်း တိုးလာခဲ့သည်။ ယခု သူတို့နှစ်ယောက်လုံး ခွင့်နှင့် မြန်မာနိုင်ငံသို့ ပြန်လာကြခြင်း ဖြစ်သည်။ ရဲစွမ်းနိုင်က ထိုလူ၏ ဓါတ်ပုံကိုပါ ရှာဖွေလာနိုင်ခဲ့သည်။ ထိုဓါတ်ပုံဖြင့် ဦးစိုးမြတ်တို့က ရှာဖွေရေးလုပ်ငန်း စတော့သည်။

နောက်တစ်နေ့တွင် ထိုလူကို ဖမ်းဆီးနိုင်ခဲ့သည်။ ထိုလူက သူ့ကို ဘယ်သူမှ မသိနိုင် ဟုထင်ပြီး ဤမြို့မှ ထွက်ခွာမသွားသေးပဲ ဦးဘသောင်းထိုက်တို့ အိမ်နှင့် တစ်အိမ်ကျော်က အိမ်တွင် ဒရိုင်ဘာ လုပ်နေသည်။ သူ့ကို ဖမ်းမိပြီးနောက် နှစ်ယောက်စလုံးက သူတို့လုပ်ခဲ့သမျှကို ဝန်ခံကြသည်။ လက်ပြတ်ကြီး နှစ်ဘက်ကို လက်စားချေရန် အကြံအစည်ဖြင့် လုပ်ခဲ့ကြကြောင်း၊ အစောကတည်းက ဖြူဖြူထိုက်နှင့် online တွင် ရင်းနှီးစေရန် နေဇာမင်းက ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း၊ ခွင့်ရသည်နှင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြောင်း ထိုလူ့ဆီမှ သိရသည်။ ဦးဘသောင်းထိုက်၏ သားကြီးကို သတ်ခဲ့သူမှာ ထိုလူ ဖြစ်သည်။ ရဲအုပ် ဇော်မင်းသိုက်ကို သတ်ခဲ့ပြီး ဦးဘသောင်းထိုက် အိမ်မှာ ဖြစ်သမျှ အဖြစ်အပျက်တို့ကို နေဇာမင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့ အစီအစဉ်မှာ ဦးဘသောင်းထိုက် တစ်အိမ်သားလုံး ပြီးလျှင် ဦးမင်းကို တစ်အိမ်သားလုံးကိုပါ လက်စားချေရန် စီစဉ်ထားသည်။

ထိုအိမ်၏ ဧည့်ခန်းမှာ ကင်မရာလေး တစ်လုံးလည်း တပ်ထားခဲ့ပြီး နေဇာမင်း ပြေးသောနေ့က ထိုလူက တစ်ဖက်အိမ်မှ ကြည့်ကာ သူ့ဆီမှ ရီမု နှင့် လက်ကြီးကို လှုပ်ရှားစေခဲ့ခြင်းပင် ဖြစ်သည်။ နေဇာမင်းကို မိသွားသော်လည်း သူက ငြိမ်နေပြီး အချိန်တန်လျှင် ဂျပန်နိုင်ငံ ပြန်သွားမည်။ အခွင့်သင့်လျှင် ပြန်လာပြီး နေဇာမင်း၏ မပြီးသေးသော လက်စားချေသည့် လုပ်ငန်းကို ဆက်လုပ်ပေးရန် ရည်ရွယ်ထားသည်။ ထိုလူသည် မြန်မာနိုင်ငံသို့ မလာခင်မှာလည်း သူနှင့် မတည့်သော အထက်အရာရှိ တစ်ယောက်ကို ထိုနည်းနှင့်ပင် သတ်ပစ်ခဲ့ဖူးသည်။ ယခုတော့ သူတို့ နှစ်ယောက်လုံး တရားဥပဒေ၏ အဆုံးအမကို ခံယူရတော့မည်။ ဘယ်လောက်ပဲ ဆန်းသစ်သော နည်းကို သုံးပါစေ၊ ရာဇဝတ်ဘေးကတော့ ပြေးမလွတ်ပါချေ။

သိင်္ဂါကျော်

7 comments:

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဇတ်လမ်းကြောရိုးလေးက စိတ်ဝင်စားစရာပဲ..
အေးအေးဆေးဆေး..အချိန်ယူပြီး..ဝတ္တုရှည်တပုဒ်..ဖန်တီးကြည့်ပါလား.....

စိမ်း... said...

ဖတ်လို့တော်တော်ကောင်းတယ်... ချိတ်ဆက်လည်းမိတယ် ဂျပန်က အရုပ်လုပ်တဲ့ ကုမ္ပဏီတို့ အွန်လိုင်းမှာတွေ့တာတို့ပေါ့... အားပေးပါတယ် အစ်မ... ဆက်ရေးပါဦး... :)

ဝက်ဝံလေး said...

အယ် ကောင်းတယ် မ ရေ အဲလိုမျိုးတွေ ဖတ်ရတာ အရမ်းကြိုက်တယ် နောက်လဲ နောက်လဲ ထပ်ရေးဦးနော်

လသာည said...

အရမ်းကောင်းပြီး အရမ်းစွဲသွားတယ်။ တော်တော်ရေးတတ်တာပဲနော်။ အချိန်အားရင် နောက်လည်း ရေးဦးနော်။ အမြဲအားပေးနေမယ်။

မဆုမွန် said...

တော်တော်စိတ်ကူုးကောင်းတဲ့ ပို့စ်လေးပဲ ဖတ်လို့တော်တော်ကောင်းပါတယ်ရှင် အားပေးနေမယ်နော် ပို့စ်အသစ်လေးတွေ မျှော်နေမယ်

Law Shay said...

http://tales.lawshay.com (TAH မှ ပုံပြင်များ) မှာ ဖော်ပြခွင့်ရမလားခင်ဗျာ။ ခွင့်ပေးတယ်ဆိုရင် lawshay@lawshay.com ကို ခွင့်ပြုကြောင်း မေးလ်ပို့ပေးပါနော်။ ရေးသူနာမည်နဲ့ ဒီဘလော့ဂ်ကို လင့်ခ်ချိတ်ပြီး အသိအမှတ်ပြုပေးပါ့မယ်။

မချစ်ရ said...

စိတ်ဝင်စားစရာဝတ္ထုလေး ပဲနော်
ကြောက်စရာစိတ်ဝင်စားစရာ
တကယ်ကောင်းပါတယ်
နောက်လည်းအဲလိုများများရေးပါနော်
ဖတ်ရတာမိုက်တယ်