15 October, 2009

နေရာသစ်မှာ...


တစ်နေရာတည်းမှာ အတည်တကျ မနေရတတ်တဲ့ ဇာတာပါတဲ့ ကိုယ် ခုလည်း အိမ်နဲ့ အဝေးတစ်နေရာကို လာခဲ့ရပြန်ပါပြီ။ ကိုယ်ဟာကိုယ် မငြင်းမဆန် ဝန်ထမ်းကောင်းလုပ်ပြီး ကျရာသွားမယ်ဆိုတဲ့ စိတ်နဲ့ လာခဲ့တဲ့သူ ဖြစ်ပေမယ့် ကိုယ့်ကို ခုချိန် အသက် ၃၀ ထိ ကလေးတစ်ယောက်လို မြင်ပြီး အရာရာ စိတ်မချတတ်တဲ့ မိဘတွေက အဲဒီ နေရာကို မရောက်ခင်ကတည်းက ပူညံပူညံ လုပ်ပြီး မကြိုက်ကြပါဘူး။ ဒါပေမယ့်လည်း ကိုယ်ကတော့ ကိုယ့်စိတ်ကူးနဲ့ ကိုယ် အပြောင်းအလဲကို လိုလားခဲ့ပေမယ့် အခုတော့ ကိုယ်မှားပြီလားလို့တောင် ထင်ချင်လာပါတယ်။

ရန်ကုန်ကနေ မန္တလေးကို ၁၂ နာရီ ရထား upper တန်းက သားအမိ သုံးယောက် လာခဲ့ကြပါတယ်။ အဲဒီမတိုင်ခင် တစ်ညက ပြည်က ညကားစီးပြီး လာကြတာပါ။ အရင်တာဝန်ကျတဲ့ ပုသိမ်က ပစ္စည်းတွေက သင်တန်းတက်နေတဲ့ ရန်ကုန်မှာပဲ ထားထားတော့ ပြည်ပြန်မသယ်တော့ပဲ ရန်ကုန်ကပဲ သွားလိုက်တာပါ။ လိုက်မပို့နဲ့လို့ ပြောလည်း ဘယ်လိုမှ မရပဲ အဖေ နဲ့ အမေက လိုက်ပို့ပါတယ်။ အိမ်က အဒေါ်ကလည်း အဲလို လိုက်ပို့ဖို့ ညွှန်ကြားထားတာပါ။ ကိုယ်က မန္တလေးကို တစ်ခါမှ မရောက်ဖူးပါဘူး။ ခုလို ရထားကြီးနဲ့ ဆိုတော့ ပိုပြီးတော့ အကြာကြီး ပျင်းလောက်အောင် စီးရပါတယ်။ (ရထားစီးမိတဲ့ အကျိုးအနေနဲ့ ဘေဇင် နားမှာ ပစ္စည်းတွေ ထားမိလို့ သေတ္တာ တစ်ဝက်လောက် အဝတ်တွေ ရေစိုခဲ့ရပါတယ်။) မနက် ၄ နာရီလောက် ရောက်ပြီး ဆန်နီ ပစ်ကပ် ကားတစ်စီး ငှားပြီးတော့ ရတနာပုံမြို့သစ် ရှိတဲ့နေရာကို လာခဲ့ရပါတယ်။

၂၁ မိုင်စခန်း ထက် ၂မိုင်လောက် အကျော်မှာ Yatanarpon City ဆိုတဲ့ ဆိုင်းဘုတ် အမှတ်အသားကို တွေ့ရပြီးတော့ အထဲကို တမျှော်တခေါ် ဝင်ခဲ့ရပါတယ်။ ပထမဆုံး Yatanarpon Teleport ကိုရောက်သွားပါတယ်။ အဲဒီတစ်ခုတည်း ထီးထီးကြီး.. အနီးအနား လည်း ဘာမှ မမြင်ရ… မေးစရာလူလည်း တစ်ယောက်မှ မတွေ့ပါဘူး။ နောက်မှ အစောင့် တစ်ယောက်တွေ့လို့ မေးပြီး Building 6 ဘက်ကို လာခဲ့ရပါတယ်။


လှေကားအမြင့်ကြီးနဲ့ လူတစ်ယောက်မှလည်း မတွေ့ရတော့ ဟုတ်မှဟုတ်ပါ့မလားနဲ့ တက်သွားကြည့်တော့ တံခါးကလည်း ပိတ်ထားတယ်။ နောက်မှ ထွက်လာပြီး ဖွင့်ပေးပါတယ်။ ကွင်းပြင်ထဲ …တောထဲ လာရလို့ ဆိုပြီး အဖေ နဲ့ အမေက ဆူဆူပူပူ လုပ်ချင်နေတာ နေရမယ့် အခန်းကို တွေ့တော့ ပိုဆိုးသွားပါရော..။ သုံးယောက်ခန်း ရဲ့ အလယ်ခေါင် ကုတင် … အပေါက်ဝတည့်တည့် ဖြစ်နေပါရော..။လူမလာသေးတဲ့ နှစ်ယောက်ခန်း နှစ်ခန်း ကျန်ပါရဲ့ နေလို့ မရဘူးလို့ ပြောတယ်။ တခြား လာမယ့် ရာထူးကြီးတဲ့ လူတွေ အတွက် ဆိုပဲ။ တကယ်တော့ ကိုယ်လည်း ရာထူး အတူတူပါပဲ။ update မဖြစ်တဲ့ အခြေအနေကြောင့် order ထဲမှာ ကိုယ်က ရာထူး တစ်ဆင့် နိမ့်နေရလို့ပါ။ (နောက်သုံးရက်လောက် အထိ အဲဒီ ရာထူးကိစ္စကလည်း update မဖြစ်နိုင်လွန်းစွာပဲ ကိုယ်ရေးရာဇဝင်ထဲ ဖြည့်ထားတာကို မယုံကြည်နိုင်စွာနဲ့ လစာရဖို့အရေးကို ရာထူးတိုးထားတဲ့ order စာရွက် ပြန်ရှာပေးခဲ့ရပါတယ်။) နောက်နေ့ ကျတော့မှ တစ်ယောက်က သင်တန်းတစ်ခုကြောင့် မလာနိုင်သေးဘူး ဆိုလို့ အပေါက်နဲ့ မတည့်တဲ့ နှစ်ယောက်ခန်းကို ပြောင်းချင်ပြောင်းနေဆိုလို့ ပြောင်းနေလိုက်ပါတယ်။ သေတ္တာနဲ့ ပစ္စည်းတွေ ကုတင်နောက်မှာ ပုံထားလို့ ရတာ တော်သေးတာပေါ့။ ပထမ အခန်းတုန်းကဆို ထားစရာကို နေရာ မရှိတာ..။

အမှန်တကယ်က ရုံးခန်းတွေလုပ်ရမယ့် အခန်းကျယ်ကြီးကို ဖြစ်သလို ကန့်ပြီး မိန်းကလေး ၁၃ ယောက်ကို ထားမှာပါ။ လောလောဆယ်တော့ ၇ ယောက်ပဲ ရှိပါသေးတယ်။ အရင်ရောက်နှင့်နေသူတွေက ပြောတာကတော့ သူတို့ ရောက်စက ကောင်းနေတဲ့ အိမ်သာတွေ က အကုန်ပျက်ကုန်ပြီး တစ်ခုပဲ ကောင်းတော့တယ်တဲ့။ ဘေဇင်တွေလည်း ဒီလိုပဲ။ မီးချောင်းတွေလည်း ဒီလိုပဲ။ အဆောက်အအုံအသစ်ကြီး ဖြစ်ပါလျက်နဲ့ ဘာမှ မသုံးရသေးပဲ သူ့အလိုလို ပျက်နေကြတယ်။ မိုးရေတွေကလည်း မီးဖိုဆောင်တို့ ရှေ့ဆင်ဝင်ပေါက် တို့မှာ ယိုသေးသတဲ့။ မီးပလပ်ပေါက်တွေကလည်း အကုန်သုံးလို့ မရသေးဘူး။ ထရန်စဖော်မာ မပြီးသေးလို့ ဆိုပဲ။ အဝတ်လှမ်းဖို့ ကြိုးကို ဘယ်မှ တန်းစရာ မရှိတာနဲ့ အဝတ်လှမ်းစင် ဝယ်ခိုင်းလိုက်ရတယ် (အဖေ့ကိုပဲလေ…) ။ မီးဖိုခန်းကို ယောင်္ကျားလေးရော မိန်းကလေးရော ရောသုံးရတယ်။  မိန်းကလေးရေချိုးခန်း နဲ့တော့ ကပ်လျက်ပဲ။ တော်သေးတာပေါ့ ယောင်္ကျားလေးတွေနဲ့ ရေချိုးခန်း မတူလို့။

ဝန်ထမ်းအိမ်ရာက တော်တော်ဝေးဝေးမှာ ဆောက်နေပြီလို့ ပြောပါတယ်။ ဘယ်အချိန်မှ ပြီးမယ်တော့ မသိပါ။ ပြီးသွားလို့ ပြောင်းရရင်လည်း သွားဖို့ လာဖို့ ပြဿနာက ရှိပြန်ရော။ လမ်းလျှောက်လို့ မရလောက်အောင် ဝေးပါတယ် တဲ့။ အဖေက မန္တလေး ပြန်အိပ်ပြီး အမေ ကတော့ နှစ်ည ကိုယ်နဲ့ အတူတူ အိပ်သွားပါတယ်။ ပြန်မယ့်နေ့ကျ အဖေက လာခေါ်ပြီး သူတို့ နှစ်ယောက် တော်တော်ဝေးတဲ့ ကားလမ်းပေါ်က အပေါက်ဝကို လမ်းလျှောက်ပြန်ရတာပါ။ လိုက်ပို့မယ့် ကားလည်း မရှိပါဘူး။ ကိုယ်က မိဘကို တော်တော် ဒုက္ခပေးတဲ့ သမီးပါ။

ကွင်းပြင်ခေါင်ခေါ်င်က အဆောက်အအုံ တစ်ခုစီ သီခြား ရှိနေတဲ့ နေရာမှာ လူလည်းသိပ်မရှိသေးတော့ ဘာမှ စားသောက်စရာဆိုင် ဆိုတာလည်း မရှိပါဘူ။ ဟိုးရှေ့အဝင်ဝမှာသာ ရေသန့် တို့ ဟင်းရွက်ဆိုင်တို့ ရှိပါတယ်။ ဈေးကားက စနေဆို ပြင်ဦးလွင်ဈေး၊  ဗုဒ္ဓဟူးဆို အနီးစခန်းဈေး နှစ်ရက်ထွက်မယ်လို့ ဆိုပါတယ်။ (အနီးစခန်းဈေးကိုတော့ ရောက်ပြီးပါပြီ၊ ဘာမှသိပ်မရှိတဲ့ ဈေးကလေးပါ၊) ဈေးကားမထွက်ခင် ကိုယ့်မှာ သောက်စရာရေသန့် မရှိတော့လို့ ထုံးဓာတ်ပါတဲ့ ပိုက်က ရေတွေကိုပဲ ရေနွေးကြိုသောက်နေရပါတယ်။ အဲဒီရေတွေ ချိုးပြီး နဂိုကတည်းက မဖြူတဲ့ ကိုယ်တော့ အသားမည်းတော့မှာ မြင်ယောင်ပါသေးတယ်။ ဘယ်တတ်နိုင်ပါ့မလဲ နော..။

စရောက်ရောက်ချင်းတော့ စက်လည်းမရှိ ၊ internet လည်း မရ။ နောက်နေ့ ကျတော့မှ လုပ်ပေးပါတယ်။ သိကြတဲ့အတိုင်းပဲ internet ရနေရင်တော့ အလုပ်မရှိသေးလည်း ကိုယ်ကတော့ ပျော်နေမှာပဲ…။ အလုပ်ကတော့ ကိုယ် တွေးထားတဲ့ အတိုင်း (သူတို့ Plan ထဲက အတိုင်း) မဟုတ်ပဲ အပြကောင်း အလုပ်တစ်ခု လုပ်ရလိမ့်ဦးမယ်။ ဘာပဲဖြစ်ဖြစ် အလုပ်မရှိပဲနေရတာနဲ့ စာရင်တော့ ကိုယ်တို့က ပေးသမျှတာဝန် ဝမ်းသာအားရ လုပ်မှာပါပဲ။ 

အဆောက်အအုံ ပုံစံက အဝိုင်းကြီးပါ။ အလယ်မှာ ကွင်းပြင်ကြီးနဲ့ ကောင်းကင်ကို မြင်နေရတဲ့ အပေါက်ကြီးရှိပါတယ်။ ညဆိုရင် ကော်ရစ်တာ အဝိုင်း တလျှောက် မီးလင်းနေလို့ တော်ပါသေးတယ်။



ခုလောလောဆယ်မှာတော့ Blog လေးလည်လိုက်၊ အခြေအနေလှမ်းမေးတဲ့ သူငယ်ချင်း အရင်းကြီးတွေနဲ့ Chat လိုက်နဲ့ အဆင်တော့ ပြေနေတာပါပဲ။ စက်ခန်းကို ညဘက် ၁၂ နာရီ နောက်ဆုံးထားပြီး သုံးခွင့်ပေးထားပါတယ်။ ဒီမှာ ဒါတစ်ခုပဲ စိတ်ဖြေစရာ ရှိတာမဟုတ်လား။ Chat ဝါသနာပါသူများကတော့ နေ့ ည အဆင်ကို ပြေလို့…။ ကိုယ်က အဲဒါကို ဒီလောက် ဝါသနာပါသူမဟုတ်တော့ ၁၉ လက်မ Monitor နဲ့ ရုပ်ရှင်လေးကြည့်လိုက်၊ blog လေး ဖတ်လိုက်နဲ့တင် ကျေနပ်ပါပြီ။ မသိ မကျွမ်း မမြင်ဘူးတဲ့ သူတွေနဲ့လည်း စကားသိပ်မပြောတတ်ပါဘူး။ အရင်က invite လုပ်တဲ့သူ တစ်ချို့ကို လက်ခံထားမိပေမယ့် နည်းနည်းပါးပါး နှုတ်ဆက်ပြီးရင် ကိုယ့်မှာ ပြောစရာ စကားကို မရှိတော့လို့ နောက်တော့ ကိုယ့်ကိုလည်း ဘယ်သူမှ မပြောကြတော့ဘူး။ ပလီပလာ မဟုတ်မဟတ်တွေလည်း လုပ်ဇာတ်ခင်းပြီး မပြောတတ်တော့ ခုနောက်ပိုင်း မသိတဲ့လူတွေ လက်မခံ ဖြစ်ဘူး။

ကိုယ့် laptop ကိုတော့ ကုတင်အောက်ထိုးထားတယ်…။ အခန်းထဲ ပလပ်ပေါက်လည်း မရှိဘူးလေ။ မီးပူတောင် မနည်းတိုက်ရမှာ..။ အဲဒီ အခန်းထဲမှာ internet ရရင်တောင် မသုံးရဘူး ဆိုပဲ။ အကြောင်းပြချက်ကတော့ ရုံးမတက်မှာစိုးလို့ တဲ့။ ရယ်စရာကောင်းပါတယ်။ wireless လည်း teleport မှာသာရတာ.. ဒီမှာ ဘယ်နေမှန်း မသိပါဘူး။ စားပွဲ မရှိ၊ ကုလားထိုင်မထိုင် အလင်းရောင်ကောင်းကောင်း မရတဲ့ အိပ်ခန်းထဲမှာ နေပါ ဆိုရင်တောင်မှ ဘယ်သူမှ နေမယ် မထင်ပါဘူး။ စက်သုံးချင်ရင် ကုတင်ပေါ်တင်ပြီး ကြမ်းပြင်မှာ ထိုင် သုံးရမှာပါ။ နောက်ပြီး ကိုယ်တို့ အားလုံးက စည်းကမ်းတင်းကျပ်တဲ့ ကျောင်းက လာသူတွေမို့ အလုပ်မရှိလို့ ရုံးမတက်ပဲ အိပ်ခန်းထဲ ထိုင် chat နေဖို့ စိတ်ကူးကို မရှိပါဘူး။ 

အဲဒီ ကွင်းပြင်ကျယ်ကြီးထဲမှာ Teleport အပြင် building ၇ခု ၈ခုလောက် ပြီးနေပါပြီ။ ဒါပေမယ့် ကိုယ်တို့လိုပါပဲ။ MCC တစ်ခုပဲ သင်တန်းတွေ ဖွင့် နေပါတယ်။ ဘာပဲဖြစ်ဖြစ် အစဆိုတော့ အခက်အခဲတွေတော့ ရှိစမြဲပါ။ နားလည်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တို့က အစမ်းသပ်ခံ၊ initiator လုပ်ရမယ့် သားကောင်တွေဖြစ်ရတာကို လက်မခံနိုင်ပါ။ အခြေအနေမှန်ကို မသိရပဲ အပို့ခံလိုက်ရသူတွေပါ။ ကံဆိုးမဲ ပေါက်သူတွေလို့လည်း ဆိုနိုင်ပါတယ်။ ဦးစီးဌာနပြောင်းသွားလို့ ကိုယ့် မိခင်ဌာန မဟုတ်တော့တာကိုလည်း ဝမ်းနည်းမိပါရဲ့။ ကိုယ့်မိခင် တက္ကသိုလ်၊ ကိုယ့် ဆရာမကြီးတွေ လက်အောက်မှာ ဆိုရင်တော့လည်း အခက်အခဲ ရှိပေမယ့် ပိုပြီးဖြေသာနိုင်မယ် ထင်ပါရဲ့။  နောက်ပိုင်းမှာတော့ ဒီပတ်ဝန်းကျင်ကြီးဟာ တိုးတက်ကောင်း တိုးတက် လာနိုင်ပါတယ်။ Plan တွေတော့ ရှိတာပဲလေ..။ နိုင်ငံတကာ အဆင့်မီ Cyber City ကြီးပေါ့။ ခုလောလောဆယ်တော့...။

 
(လက်ဝဲသုန္ဒရ အမတ်ကြီးကတော့ မဲဇာ အပို့ခံရတော့ “မဲဇာတောင်ခြေ စီးထွေထွေတည့် ” အစချီတဲ့ ရတု ကဗျာကောင်း တစ်ပုဒ်ကို စပ်နိုင်ခဲ့ပါတယ်။ ကိုယ်ကတော့ ဒီလို ပါရမီ မရှိသူမို့ လက်ဝဲသုန္ဒရ လိုတော့ မစပ်နိုင်ပေမယ့် ဒီလို သွားစရာ လာစရာ မရှိတဲ့ နေရာမှာ စာလေး ပေလေး ရေးဖြစ်ဖို့ မျှော်လင့်ပါတယ်။)

သိင်္ဂါကျော်
15. 10. 2009

13 comments:

စိမ်း... said...

ဘုရား ဘုရား ပျော်နေမှာပေါ့ မမ... ဟီး
စိတ်ညစ်စရာကြီး အဲ့လိုကိုပြည့်ပြည့်စုံစုံ စီစဉ်ပေးထားတာပါလား... :)

soesoe said...

friend yay, i feel bad really.
but whatever have to patient right.
try to quit from this silly palce.

gandaryapann said...

မဲဇာရောက်နေတာပေါ့နော် ရတနာပုံမဲဇာစီးတီးပေါ့..

ဝက်ဝံလေး said...

အယ် မမ စိတ်တော့မညစ်ဘူးဟုတ်
အရေးထဲ စိမ်းက လာနောက်တယ်နော် လူဇိုးးးး သိလား ဘာတဲ့ အဲလိုပြည့်ပြည့်စုံစုံ စီစဉ်ပေးတယ် ဆိုပဲ ဟက်

မရေ ရောက် တယ်နော် ဖတ်သွားတယ် ဘာပြောရမှန်းတောင် မသိတော့ဘူး ဟီးးးးးးးး

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

အဆောက်အဦးတွေကတော့..ပုံထဲမှာကြည့်တော့..
အလန်းကြီးပဲ..အင်း...မျက်နှာမှာ..သနပ်ခါးနဲ့..ပေါင်မှာတော့......အဲဒါမျိုးထင်ပါရဲ့....
နဲနဲလေး...ညည်းလိုက်တော့..နဲနဲတော့..ပေါ့သွားတာပေါ့လေ....

မမသီရိ said...

ချစ်စရာ့ပြင်ဦးလွင် ကို လာလည်ချင်တယ်.း)

Anonymous said...

စိတ်ညစ်နဲ့နော်၊ ထမင်းစားချိန်တိုင်း လွမ်းနေပါသည်။...အာဟိ
စာများများရေးပေါ့ (this is a method for time pass :P).

ကိုလူထွေး said...

ဘလော့စပေါ့ဖွင့်လို့ရတယ်ဆိုတော့ ကျော်ခွပြီး ဝင်ရတာလား...

လူတိုင်းဖွင့်လို့မရဘူးဆို...

Anonymous said...
This comment has been removed by a blog administrator.
purplemay said...

အစ်မရေ...အတွေ့အကြုံတွေရတယ်လို့ သဘောထားပါ..။
သိချင်နေတဲ့ Yatanarpon City အကြောင်းဖတ်လိုက်ရလို့ တကယ်ကျေးဇူးတင်မိတယ် ။
"တစ်ချို့ကို လက်ခံထားမိပေမယ့် နည်းနည်းပါးပါး နှုတ်ဆက်ပြီးရင် ကိုယ့်မှာ ပြောစရာ စကားကို မရှိတော့လို့ နောက်တော့ ကိုယ့်ကိုလည်း ဘယ်သူမှ မပြောကြတော့ဘူး။"
ဟီး...ဒီနေရာမှာ ကွက်တိကိုသွားတူနေလို့ ရီသွားပါတယ်...။

flowerpoem said...

ပုသိမ်မှာ တာဝန်ကျဘူးတာပေါ့နော် မသိင်္ဂါကျော်က

Anonymous said...

မေမြို့ ကို အပြတ်လျှောက်လည်ပါအမ
အခေါက် ၁၀၀ လောက်ရောက်ပေမယ့်

နောက်ထပ်သွားချင်နေတုန်း မေမြို့ ကို ဘယ်လိုသဘောကျမှန်းမသိဘူး

ngenge said...

မမ.. ucsy ကလားဟင် ??
from 9th batch?? တောင်ငူမှာ တာဝန်ကျဖူးလား...?
if all above are true, i know you!!
wanna contact back if you are the one i know...
Sorry if I wrongly greeted you...
I am from Taungngu GCC B.C.Sc 2nd batch...