14 October, 2009

အမှတ်တရ PM Course


တာဝန်ကျတဲ့ နေရာမှာ ငြီးငွေ့နေတုန်း ရန်ကုန်ကို သုံးလ သင်တန်း တက်စရာ ပေါ်လာတော့ ဝမ်းသာအားရ လာခဲ့လိုက်တယ်။ တက်ရမယ့် သင်တန်းက Project Management ပါ။ အခုမှ စဖွင့်တဲ့ Trial Course ပါတဲ့။ ဘာပဲ ဖြစ်ဖြစ် ကိုယ်ကတော့ ကျောင်းသား ပြန်လုပ်ရရင် ပျော်တာပဲ။ စုစုပေါင်း သင်တန်းသားက ဆယ်ယောက်ပါ။ အားလုံး ကိုယ့်ထက် Senior တွေချည်းပါပဲ။

ပထမဆုံး စသင်ရတဲ့ ဆရာကြီးက ဆရာ Kogure ပါ။ တစ်ရက်စာ share ထဲက download ချထားတဲ့ document တစ်ခု တစ်ခုမှာ စာမျက်နှာမနည်း ပါပါတယ်။ ပျင်းစရာကောင်းလောက်တဲ့ စာတွေ အများကြီးပေမယ့်လည်း ဆရာကြီးက စိတ်ဝင်စားအောင် သင်နိုင်ပါတယ်။   ဒါပေမယ့် ဘယ်လိုပဲ သင်သင် နေ့လည် နေ့ခင်း ကျတော့ ငိုက်ပြီး စိတ်က မဝင်စားတော့ဘူး။ Internet ကလေးကလည်း ရနေလေတော့ mail လေးဖွင့်လိုက် ဟိုဟို ဒီဒီ ဘလော့လေး ဖွင့်လိုက် နဲ့ ခိုးပြီး လုပ်တာပေါ့။ ဆရာကြီး သင်နေတဲ့ စာမျက်နှာကိုလည်း မလွတ်စေရပါဘူး။ ဖွင့်တော့ထားတယ်။ သေချာ မကြားလိုက်တာပဲ ရှိမယ်။ Exercise ဆိုမှ ပြူးပြဲ ဖတ်ပြီး ဖြေတော့ အဖြေတွေက များသောအားဖြင့်တော့ အလွဲတွေချည်းပဲ။ ဟား ဟား...။

ကိုယ်က တကယ့်လူဆိုး...။ Internet ရနေရင် တစ်ခုခုတော့ မဖွင့်ပဲ မနေနိုင်တဲ့လူ။ ကိုယ်နဲ့ (Batcher မှာ senior ပေမယ့် Post Graduate same batch မှာ ဖြစ်တဲ့) ကိုယ့်သူငယ်ချင်း နှစ်ယောက်သားက နောက်ဆုံးတန်း (အတန်းက နှစ်တန်းပဲ ရှိတာပါ) မှာ ထိုင်ပြီး အဲသလိုတွေ လုပ်ကြတာ ဆရာကြီးက ရိပ်တော့ရိပ်မိ နိုင်ပေမယ့် ဘာမှတော့ မပြောပါဘူး။ ကိုယ်တို့ကလည်း ရုပ်တည်ကြီးတွေနဲ့ Laptop ပေါ်မှာ သူသင်နေတဲ့ pdf file ကိုပဲ တအားကြီး စိတ်ဝင်တစား ဖတ်နေသယောင်နဲ့ မြန်မာ စာလုံးတွေ ဖတ်နေကြတာကိုး...။ ကိုယ်များ ဘယ်လောက် ဆိုးသလဲဆို... တစ်ခါတလေ ကိုယ့်စက်ပေါ် မဖွင့်ပေမယ့် ဘေးစက်က ဝတ္တုကို လှမ်းဖတ်ချင် ဖတ်နေသေးတာ...။

နောက်တော့ ဆရာမ တစ်ယောက် ထပ်ရောက်လာပါတယ်။ ဒီ PM သင်တန်း အတွက် သက်သက် ခေါ်ထားရတဲ့ ဆရာမပါ။ ဆရာမ Eguma က PM နဲ့ ပတ်သက်တဲ့ certificate ရထားပြီး တကယ် လက်တွေ့ လုပ်ကိုင်နေတဲ့ expert ပါ။ ဒါပေမယ့် သူက စာသင်တော့ သိပ်မကောင်းပါဘူး။ သူ တစ်ခါမှ မသင်ဖူးဘူးလို့ ပြောထားတယ်။ သူ စာသင်ရင် အင်္ဂလိပ်လို စကားလုံး ရွေးနေတာနဲ့ သူ့အစား မောလွန်းလို့ သူမပြောခင်ပဲ ကိုယ်တို့က ခေါင်းညိတ်ပြီး အတင်း သိပစ်လိုက်ကြတယ်။ သူကတော့ Gantt Chart တွေ ဘာတွေ ဆွဲဖို့ Grantt Project တို့ MS Project တို့နဲ့ လက်တွေ့ schedule ဆွဲဖို့ သင်ပါတယ်။ စာတွေဖတ်ရတာ ပျင်းပေမယ့်လည်း လက်တွေ့ လုပ်ဖို့ကိုတော့ ကိုယ်က စိတ်ဝင်စားတယ်။ အဲဒီ assignment တွေ လုပ်နေရရင်တော့ တစ်ခြား ဘာမှကို မဖွင့်နိုင်အားပါဘူး။

ဆရာမ သင်တဲ့ အထဲက နောက်ထပ် ကိုယ်စိတ်ဝင်စားတဲ့ topic တစ်ခု ရှိသေးတယ်။ စက္ကူ အရုပ်ခေါက်တာ...ဟီး ဟီး။ သူက ကိုယ်တို့ကို လက်တွေ့ ပစ္စည်းတွေနဲ့ ဥပမာပေးတယ်။ သူက ရောင်စုံ စက္ကူတွေ ပေးပြီး Tower တစ်ခုကို team work အနေနဲ့ design စဉ်းစားပြီး အချိန်တို အတွင်း ခေါက်ခိုင်းတော့ တစ်ခါမှ မခေါက်ဖူးတဲ့ Tower ကို ခေါက်ကြတာ Tower ပုံကို ထွက်မလာဘူး ဖြစ်သွားတယ်။ PM တွေမှာTower ခေါက်တာနဲ့ ပတ်သက်ပြီး technical skill မရှိလို့ပါလို့ ကိုယ်တို့ကလည်း ပြောကြတာပေါ့။ အဲဒီတော့ သူက အရုပ်တစ်ခု ခေါက်နည်း သင်ပြတယ်။ ကြိုးကြာရုပ် ပါ။ ဒါမျိုးကျ ကိုယ်တို့ကလည်း တအားစိတ်ဝင်စားကြပြီး လိုက်ခေါက်ကြတာပေါ့။ မနက်ပိုင်း အရုပ်ခေါက်တာ သင်ပြီးတော့ ညနေ စာဆက်သင်တော့ ကိုယ်တို့က သူမသိအောင် အရုပ်တွေ ခိုးခေါက်ကြသေးတာ...။ မှတ်မိအောင် ဆိုပြီးတော့...။

ပြန်ကာနီးတော့ ဆရာမက မြန်မာ ချည်ထည် အင်္ကျီနဲ့ လုံချည် နှစ်စုံ ဝယ်ထားပြီး ဝတ်ပါတယ်။ လုံချည်က ချိတ်နဲ့၊ အင်္ကျီကတော့ သူ့ကိုယ်နဲ့ ကွက်တိပဲ ဆိုတော့ တကယ့်ကို ချပ်ချပ်ရပ်ရပ်ပဲ။ သူက ကိုယ်တို့ ယူနီဖောင်းကိုများ သဘောကျသလား မသိဘူး။ ကိုယ်တို့ကတော့ သူအစက ဝတ်ဝတ်နေတဲ့ ဂါဝန်အတိုလေးတွေကို သဘောကျလို့...။ လွတ်လွတ်လပ်လပ် ရှိတယ်လေ ဟုတ်ဖူးလား။ သူက အဲလို လုံချည်ဝတ်ပြီးတော့ တစ်ခါ တစ်ခါ စိတ်ရှုပ်လာတယ် ထင်ပါရဲ့။ ထမီကို မပြီးတော့ သွာသေးတာ...။ ကိုယ်တို့ကို သင်ရမယ့် course တွေပြီးတော့ ဆရာကြီးရော ဆရာမရော ဂျပန် ပြန်သွားပါတယ်။ ဆရာမက မပြန်ခင် လက်ကိုင်ပဝါ တစ်ထည်စီ လက်ဆောင်ပေးသွားပါသေးတယ်။

စာမေးပွဲ မှာ multiple choice တွေကို online ကနေ ဖြေရပါတယ်။ သင်ထားတဲ့ စာတွေလည်း ကြည့်တော့ကြည့်သွားပေမယ့် ကိုယ့် အယူအဆနဲ့ကိုယ် ဖြေရမယ့် မေးခွန်း အများစုရဲ့ အဖြေကို မသေချာဘူးဖြစ်နေပါတယ်။ အချိန်စေ့လို့ အားလုံး ဖြေပြီးတာနဲ့ အမှတ်က တန်းထွက်ပါတယ်။ အောင်မှတ်ကျော်ပေမယ့်လို့ ကိုယ့်အမှတ်က အတော်နည်းလို့ မပြောတော့ပါဘူး။ :D

စာမေးပွဲပြီးတော့ Workshop စပါတယ်။ software သင်တန်းက သင်တန်းသားတွေက အသင်းတွေခွဲပြီး project တစ်ခု လုပ်ရတော့ ကိုယ်တို့က အဲဒီ အသင်း တစ်ခုစီမှာ project manager အဖြစ်လုပ်ရပါတယ်။ Workshop ကာလအတွင်းမှာတော့ ကိုယ်တို့ကို ကြီးကြပ်ဖို့ software workshop ကိုကြီးကြပ်နေကြ ဆရာတစ်ယောက် ပြန်ရောက်လာပြီး တာဝန်ယူပါတယ်။ သူက တကယ်တော့ PM expert မဟုတ်ပါဘူး။ ကိုယ်တို့က အရင် ဆရာတွေ သင်ခဲ့တဲ့ အတိုင်း လက်တွေ့ လုပ်တာကို သူက ကြည့်ပေးရုံပါ။ သူက java နဲ့ database field မှာ expert ပါ။

ကိုယ်တို့ သင်တန်းကို trial course လို့ အစကတည်းက ပြောထားပြီးတော့ certificate ပေးဖို့လည်း ရည်ရွယ်ချက် မရှိပါဘူး။ နောက်တော့မှ certificate ပေးရမယ့် အခြေအနေ ဖြစ်လာတော့ ဆရာ Ono က မနက်ရုံးရောက်တာနဲ့ ကိုယ်တို့ အခန်းထဲကို တန်းလာပြီး ညနေ ပြန်မယ့် အချိန်မှပဲ အပြီးပြန်ပါတော့တယ်။ အပေါ်ထပ်က သူတို့ အားလုံးထိုင်တဲ့ ရုံးခန်းထဲကို လုံးဝကြာကြာမသွားတော့ပါဘူး။ ကိစ္စရှိမှပဲ သွားပါတော့တယ်။ အဲဒီလိုကို ကိုယ်တို့ကို ကြီးကြပ်တော့တာပါ။ ကိုယ်တို့နဲ့ တိုက်ရိုက် မဆိုင်တဲ့ နောက်ထပ် ဂျပန် ဆရာမတစ်ယောက်လည်း ရှိပါသေးတယ်။ သူမကတော့ ကိုယ်တို့ တစ်ပတ်တစ်ခါ presentation လုပ်တဲ့နေ့လောက်ပဲလာတာပါ။

Workshop ကာလမှာ တစ်ပတ်တစ်ခါ ကိုယ်အဖွဲ့ရဲ့ progress ကို report တင်ရပါတယ်။ ကိုယ်တို့တင်တဲ့ documents တွေကို ပြန်သွားတဲ့ PM ဆရာမ ဆီကို ဆရာ က တစ်ဆင့် ပို့ပြီးတော့ ဆရာမကမှ comments တွေပေးပြီး ပြန်ပို့ပါတယ်။ အစကတော့ အဲဒီကာလမှာ လွတ်လွတ်လပ်လပ် ကျောင်းနောက်ကျလို့ ရမယ်လို့ ကိုယ်တို့က မျှော်လင့်ထားတာ...။ ခုတော့ ဆရာကြီးက ၉ နာရီ မထိုးခင်ကတည်းက အခန်းထဲကို ရောက်နေပြီး ကိုယ်တို့ကတော့ ၉ နာရီ အတိ ရောက်အောင်ကို မနည်းကြိုးစားရတာ...။ တစ်ခါ တစ်လေလည်း ၅မိနစ် လောက် ကျော်သွား... တစ်ချို့က ၁၀ မိနစ်လောက်ကျော်မှ ရောက်နဲ့ ဆရာ့ကို အားနာရတော့တာပေါ့။

ကိုယ့်စက်ကလေးကိုယ် စဖွင့်တာနဲ့ gmail လေး စစစ်။ forward mail လေး ဘာလေးဖတ်။ ဟိုဟို ဒီဒီလျှောက်ကြည့်မလို့ ရှိသေးတယ်။ ဆရာကြီးက ကိုယ့်အသင်းကိုယ် သွားပြီး daily meeting လုပ်ရမယ် ဆိုပြီး မသွားမချင်း စောင့်ကြည့်နေတာပဲ။ တစ်ခါတစ်လေ meeting ဘယ်လို လုပ်သလဲ ဆိုတာ ဆရာက လိုက်ကြည့်တတ်သေးတယ်။ Team တွေက တစ်ခြားအခန်းမှာ သူ့အဖွဲ့နဲ့သူ လုပ်နေကြတယ်။ ကိုယ်တို့ PM တွေကတော့ ကိုယ်တို့ စာသင်ခန်းမှာပဲ နေကြပြီး အကြောင်းရှိမှ ကိုယ့်အသင်းကိုယ် သွားပြောတယ်လေ။ Team တစ်ခုမှာ Supervisor တစ်ယောက်စီ ပါပြီး team member တွေ program ရေးတဲ့နေရာမှာ အခက်အခဲ ရှိရင် ကူညီဖြေရှင်း ပေးဖို့ ပါ။ PM ကတော့ Plan ချဖို့နဲ့ ဘယ်နေ့ ဘာအပြီး.. ဘယ်သူတွေ ဘာလုပ်ရမယ်.. တစ်နေ့ ဘယ်အခြေအနေအထိ ပြီးသလဲ.. သတ်မှတ်ရက်မှာ ပြီးအောင်လုပ်ဖို့ စတာတွေကို ကြီးကြပ်ဖို့ပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျောင်းသားဘဝကို ပြန်ရောက်ရတာ တကယ်ကောင်းတယ်။ ကိုယ့်အလုပ်က ဘာတွေပဲ လုပ်နေရပါစေ ကျောင်းသားပြန်ဖြစ်သွားရင် ကျောင်းသားကျင့် ကျောင်းသားကြံ ပြန်ဖြစ်သွားတာပဲ။ Presentation လုပ်ရမှာကို သေချာ ပြည့်ပြည့်စုံစုံ မပြင်ဆင်ဖြစ်ခဲ့ရင် မလုပ်ရသေးခင် မနက်စောစောမှာ ကဗျာကရာပြင်ကြ… presentation ကို ပါးစပ်ထဲ တွေ့ရာ လျှောက်ပြောကြတာမျိုးလည်း လုပ်ကြသေးတာ…။ Presentation ကိုလည်း မကြောက်တော့ဘူး ကိုယ်လုပ်ထားတာတွေ ကိုယ် ဒီလိုပဲ ပြောပစ်လိုက်ကြတာပဲ…။ မေးတော့လည်း ဖြေလိုက်ကြတာပဲ…။ ဟုတ်ဟုတ် မဟုတ်ဟုတ်…။ :D

ဆရာကြီးက PM Expert မဟုတ်ပေမယ့် သူ expert ဖြစ်တဲ့ field တွေကို အရမ်း မျှဝေချင်တဲ့သူပါ။ သူနဲ့ စာရင် ကိုယ်တို့က အဲဒီလောက် ထဲထဲဝင်ဝင် မသိကြတော့ သူလည်း စိတ်ညစ်မှာပဲ။ သူက သင်ချင်တာရှိရင် projector ကြိုး ထိုးပြီး သင်တော့တာပဲ။ တစ်ခါတလေ ကြိုပြီး Local mail နဲ့ ပို့ထားပေမယ့် ကိုယ်တို့က ဖွင့်မကြည့်တော့ သူက ပါးစပ်နဲ့ ကြေငြာမှပဲ ဖွင့်ကြည့်ပြီး download လုပ်စရာရှိရင် လုပ်ကြတာ..။ သူပြောတဲ့ အတိုင်း Install တွေလုပ်၊ တစ်ဆင့်ပြီး တစ်ဆင့် အတူတူ လုပ်ကြပေမယ့် ၁၀ ယောက်ထဲမှာ တစ်ယောက်လောက်ကတော့ တစ်ခုခုမှားပြီး မရတာမျိုးလည်း အမြဲလိုလို ဖြစ်တတ်သေးရဲ့။ ဆရာက စိတ်ရှည်လက်ရှည်နဲ့ error ရှာပေးပါတယ်။ တစ်ခု ရှိတာ ဆရာက သူ့ကို မမေးပဲ အဲဒီ center မှာ စာပြန်သင်နေရတဲ့ ကိုယ်တို့ သူငယ်ချင်းတွေက သူတို့ သုံးတဲ့ framework ကို ကျွမ်းကျင်ပြီးသား ဆိုတော့ ကိုယ်တို့က မြန်မာလို မေးရတာ ပိုအားရလို့ (သူ့ကို မေးရမှာလည်း အားနာလို့) ခေါ်မေးမိရင် ဆရာက သိပ်မကြိုက်ချင်ဘူး။

တစ်ခါတလေတော့ မုန့်ကျွေးပြီး သင်ရသလိုပဲ ဆရာက သူ ဂျပန်က ယူလာတဲ့ မုန့်တွေ၊ ဒီမှာ ဝယ်တဲ့ သစ်သီးတွေ ကိုယ်တို့ကို ကျွေးတတ်သေးတယ်။ သူ့အရင် တပည့်ဟောင်းတွေ (ခု အဲဒီ center မှာ စာပြန်သင်နေရတဲ့ ကိုယ်တို့ သူငယ်ချင်းတွေ) က ဆရာက ကိုယ်တို့ PM သင်တန်းသူတွေကို ပိုချစ်သွားပြီး သူတို့တောင်မပါပဲ ကိုယ်တို့ကိုပဲ မုန့်တွေကျွေးတယ် လို့ ခနဲ့ကြသေးတယ်။ ကိုယ်တို့ကလည်း ညနေ ရောက်ရင် မုန့်စားချင်တယ်၊ ဆရာက အခန်းထဲက မပြန်သေးဘူး ဆိုတော့… သူ့ဖို့ပါ မုန့်မှာပြီး ကျွေးလိုက်ကြတယ်၊ ကိုယ်တို့လည်း မှာစားတယ်လေ… အဆင်ကို ပြေလို့။

တစ်နေ့ တစ်နေ့ ကိုယ်တို့ လုပ်နေတဲ့ web development project ကို real မှာ သုံးရင် ဘယ်လိုဖြစ်မလဲ ဆိုတာတွေ သူက တစ်ခုပြီး တစ်ခု လိုက်စဉ်းစားပြတယ်။ တစ်ချို့ကိစ္စတွေ ကိုယ်တို့လည်း စဉ်းစားမိပေမယ့် အချိန်အတိုင်းအတာကို လိုက်ပြီးတော့ perfect ဖြစ်အောင် လုပ်လို့မှ မရပဲလေ။ အဲဒါတွေကို ဆရာက လိုက်ပြောနေတော့လည်း ခက်သားပဲ။ နောက်ပြီး ကိုယ်တို့ အဖွဲ့တွေ လုပ်နေကြတာ online library management system project ပါ။ ဒါပေမယ့် ဒီ center မှာ စာကြည့်တိုက်တာဝန်ခံရယ်လို့ မရှိဘူး။ ဘီရိုထဲမှာ စာအုပ်တွေကို သော့ပိတ်ထားတယ်။ ဆရာမတွေ ငှားချင်ရင် တာဝန်ရှိတဲ့သူကို သော့ဖွင့်ခိုင်းပြီး ငှားရတယ်။ သင်တန်းသားတွေကို မငှားပါဘူး။ အဲဒါကို ဆရာက ဒီ system ကို ဒီမှာ သုံးကြည့်လို့ ဘယ်လိုဖြစ်မလဲ… ရနိုင်တဲ့ စာအုပ်တွေ့လို့ လာငှားတဲ့အခါ ငှားပေးမယ့်လူ မရှိရင် ဘယ်လိုလုပ်မလဲ… ဆိုတာမျိုးတွေနဲ့ ကိုယ်တို့ ခေါင်းစားအောင် လုပ်တတ်သေးတယ်။ Final Presentation နေ့မှာ အပြင်ကုမ္ပဏီတွေက ဧည့်သည်တွေက external အနေနဲ့ လာရင် ဘာတွေမေးမလဲ… အစစ ဆရာက စိုးရိမ်ပူပန်ပြီး အကွက်စေ့အောင် စဉ်းစားတတ်တဲ့သူပါ။ ဆရာနဲ့ နေရတာ တစ်ခါတလေတော့ လည်း စိတ်ညစ်ရပေမယ့် သူ့ဆီက knowledge တွေ အများကြီး ကိုယ်တို့ ရလိုက်ပါတယ်။ သူ့ကိုလည်း ကိုယ်တို့ရဲ့ PM ဆရာအစစ် နှစ်ယောက်ထက် ပိုခင်သွားတယ်။ ဆရာ့ အမျိုးသမီးက မလေးရှားကပါ။ သူ့အမျိုးသမီးရဲ့ မွေးနေ့ ဆိုပြီး တစ်ခါ ကိုယ်တို့ကို မုန့်ကျွေးပါသေးတယ်…။

Workshop ပြီးကာနီးတော့ ကိုယ်တို့ကို အရင်က သင်သွားတဲ့ ဆရာနဲ့ ဆရာမ ပြန်ရောက်လာပါတယ်။ Final Evaluation အနေနဲ့ ဆရာနှစ်ယောက်က ကိုယ်တို့ အသင်းသားတွေ လုပ်ထားတဲ့ project ကို testing အကြီးအကျယ် လုပ်ကြပါတယ်။ (Software သင်တန်းသားတွေက သူတို့ project အတွက် presentation လေးခါ ပေးရပါတယ်။ အကုန်လုံးကို အမှတ်ပေးတာပါ။ ကိုယ်တို့ PM သင်တန်းသားတွေလည်း ကိုယ့်အပိုင်းကိုယ် ပါဝင်ရတာပေါ့။ နောက်ဆုံး presentation အပြီးမှာ အပြင်လူတွေကို မပြခင် testing လုပ်ကြတာပါ။) အမှန်ပြောရရင် ကိုယ်ရေးဖူးတဲ့ program တွေအပေါ် ဒီလောက် ကတ်သီးကတ်သတ် တစ်ခါမှ မစစ်ခဲ့ဖူးပါဘူး။ ခုမှပဲ testing ဆိုတာ ဘာလဲ သေချာသိတော့တာပါ။ ဒီသင်တန်းတက်တာ တော်တော်တော့ ပညာရလိုက်ပါတယ်။

External တွေရှေ့မှာလည်း မျက်နှာပန်းလှခဲ့ပါတယ်။ Final Presentation နေ့ပြီးတော့ Closing မှာ Certificate တွေ ပေးပါတယ်။ ဆရာတွေနဲ့ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ခဲ့ကြတယ်။ သူတို့ကလည်း ပြန်ကြတော့မှာလေ...။ ကိုယ်တို့က ရွှေချည်ထိုး ဆင်ရုပ်ပုံ ကားချပ်တွေ လက်ဆောင်ပေးခဲ့ကြတယ်။ ဆရာနှစ်ယောက်ရဲ့ ဇနီးတွေ ဖို့နဲ့ ဆရာမ အတွက် ကြိမ် အိတ်ကလေးတွေလည်း အဆစ်ပေးလိုက်ကြသေးတယ်။ ဒီသင်တန်းလေး ပြီးသွားပြီ ဆိုတော့ ဝမ်းနည်းမိကြတယ်။ တက်ခဲ့တဲ့ အခန်းလေးကိုလည်း မခွဲချင်ကြဘူး။ ကိုယ့် အလုပ်တွေကိုယ် ပြန်လုပ်ရတော့မယ်လေ…။ ဘယ်လိုပဲ ဖြစ်ဖြစ် အမှတ်တရ ဖြစ်ခဲ့ပါတယ်။ ဆရာတွေ၊ ဆရာမတွေ … သင်တန်းဖော်တွေကို သတိတရ ရှိနေဖြစ်မှာပါ…။

(တက်ခဲ့တဲ့ သင်တန်းလေး အမှတ်တရပါ။ လာရောက်ဖတ်ရှုသူတွေ ပျင်းသွားရင် sorry နော်…)

သိင်္ဂါကျော်


6 comments:

စိမ်း... said...

မပျင်းပါဘူး စိတ်ဝင်စားစရာကောင်းတာပဲ... ပြည်မှာက တာဝန်ကျတာလား... ဆရာမလားဟင်... မမက :)

သိင်္ဂါကျော် said...

ဲပြည်က ကိုယ့်ဇာတိပါ။

ဗီလိန် said...

အမှန်အတိုင်းပြောရရင်တော့ ပျင်းတယ်။ :) ဖတ်တော့ဖတ်ပါတယ်။ ဗဟုသုတ ရတာပေါ့။

Nang said...

make me remember.

Kitty said...

PM course ကို လွမ်းသွားပြီ..

pau pi said...

I want to attend MS project training...sis where should I go?
Pls,Can you recommend any?