28 October, 2009

တမာပင်တန်းများဆီသို့ အလည်တစ်ခေါက်


ပြင်ဦးလွင်နဲ့ အနီးလေးမှာ နေပေမယ့် ပြင်ဦးလွင် အနှံ လျှောက်မလည် ဖြစ်သေးပဲ မုံရွာဘက်ကို ရောက်သွားပါတယ်။ သွားချင်လွန်းလို့ ကားလမ်းမရှိတဲ့ ဂိတ်ပေါက်ဝကို ၄၅ မိနစ် လမ်းလျှောက်ထွက်ခဲ့ပြီး ပြင်ဦးလွင် - မန္တလေး လိုင်းကား စီးပြီး မန္တလေးကို လာရတာပါ။ မန္တလေး ရောက်တော့ သူများတွေ ဆင်းတဲ့ နေရာမှာ ဆင်းပြီး သူငယ်ချင်းကို ဖုန်းဆက်ပြီး လာကြိုခိုင်းရပါတယ်။ ကိုယ်က အညာမြေကို ပုပ္ပါး နဲ့ ပုဂံ ကလွဲလို့ ဘယ်မှ မရောက်ဖူးသေးပါဘူး။ အဲဒါကြောင့် သွားချင်လွန်းလို့ သူငယ်ချင်း အိမ် အိပ်ရမှာကို အားမနာနိုင်တော့ပဲ လာခဲ့တာပါ။ ရန်ကုန်က လာတဲ့သူတွေ နဲ့အတူ နောက်နေ့ မနက် အစောကြီး ထွက်ပြီး မုံရွာဘက်ကို သွားကြပါတယ်။
 
ပထမဆုံး ဝင်တာကတော့ ဗောဓိတစ်ထောင် ရပ်တော်မူ ဘုရားကြီးပါ။ အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ နေပူနေတာကနေ မိုးတွေဘာတွေတောင် ရွာလို့…။ မိုးရွာကြီးထဲမှာပဲ ထီးလည်း မပါတော့ ဒီတိုင်းပဲ တက်ခဲ့ကြတယ်။ ပထမဆုံး တွေ့ရတာ ဒီစေတီတော်ပါ။

 

လမ်းခုလတ် တောင်စောင်းပေါ်က မြင်ရတဲ့ ဗောဓိတစ်ထောင် ရေလှောင်တမံ ရှုခင်းပါ။

    

စေတီရဲ့ ဘွဲ့တော် မသိပေမယ့် ရှုခင်းလှလို့ ရိုက်ခဲ့ပါတယ်။


 

နောက်ဆုံးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးကို ဖူးတွေ့ရပါတော့တယ်။ ဘုရားကြီးကို ရောက်တော့ မိုးလည်း တိတ်သွားပါပြီ။ ဘုရားကြီးကို ဖူးရတာ တကယ့်ကို ကြည်နူးနှစ်သက်စရာပါ။ အတွင်းထဲကိုတော့ တစ်ထပ် နှစ်ထပ်ပဲ တက်ပြီးတော့ ပြန်ဆင်းခဲ့ကြပါတယ်။
 


 

ဗောဓိတစ်ထောင်မှာပဲ ထမင်း စားသောက်ပြီးမှ (ထမင်းဆိုင်ကတော့ တကယ်ကို ညံပါတယ်) မိုးညှင်းသံဗုဒ္ဓေကို ကားဆက်ထွက်ခဲ့ပါတယ်။ နေပူလွန်းအားကြီးလို့ ဓါတ်ပုံတောင် ကောင်းကောင်း မရိုက်နိုင်ခဲ့ပါဘူး။



သံဗုဒ္ဓေ စေတီတော်ကြီး ပြီးတော့ ကျောက်ကာ ရွှေဂူနီဘုရားကို ဝင်ရောက်ဖူးမြှော်ကြပါတယ်။ ရွှေသင်္ကန်း ကပ်လှူသူတွေ များလွန်းလို့ ရုပ်ပွားတော်မြတ်ချည်း သက်သက်တောင် ဓါတ်ပုံ မရိုက်နိုင်ခဲ့ပါဘူး။ လက်သန်းကို ရွှေချပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြပါတယ်။

 

နောက်တစ်နေရာက ထန်းဇလုတ် ရေတံခွန်ပါ။ ရေတံခွန် ဆိုပေမယ့် ဘာမှ သိပ်မရှိပါဘူး။ ဒါပေမယ့် ရေစီးသန်လို့ ချောင်းရေထဲအထိ မဆင်းဖို့ ဒေသခံတွေက သတိပေးကြပါတယ်။

 

ဆက်ထွက်လာကြပြီး သူများ တံတားတွေထက် တံတားဖြတ်ခ ဈေးကြီးတဲ့ ချင်းတွင်းတံတား နဲ့ မြောက်ယမား ချောင်းတံတားကို ဖြတ်ပြီး ဖိုလ်ဝင်တောင် ဆီကို ဦးတည် လာကြပါတယ်။ လမ်းမှာ ရွှေတောင်ဦး စေတီတော် (ဘွဲ့တော် မှန်မယ် ထင်တာပဲ) ကို ဝင်ရောက်ဖူးမြှော်ခဲ့ပါတယ်။ စေတီတော်ရှိရာတောင်ပေါ်ကို ဓါတ်လှေကားနဲ့ တက်လို့ရပါတယ်။ အောက်ကပုံတွေက စေတီ ရင်ပြင်ကနေ ရိုက်ထားတဲ့ ပုံတွေပါ။ စေတီတော်က ငြမ်းတွေဆင်ထားတာနဲ့ မရိုက်ခဲ့တော့ပါဘူး။



 

ဖိုလ်ဝင်တောင် သွားရာလမ်းမှာ တွေ့ရတဲ့ ကြေးထုတ်လုပ်ရာ နေရာတွေကို ကားပေါ်က လှမ်းရိုက်ထားတာပါ။



အဲဒီညက ဖိုလ်ဝင်တောင် ဘုန်းကြီးကျောင်း တစ်ကျောင်းက ဇရပ်မှာ ညအိပ်ပြီး မနက်စောစောမှ တောင်တက် ဘုရားဖူးကြပါတယ်။ စောင်းတန်း အဝင်ဝက ဇော်ဂျီရုပ် တွေပါ။



ဖိုလ်ဝင်တောင် တစ်ခုလုံးမှာ သဘာဝကျောက်လိုဏ်ဂူတွေထဲမှာ ရှေးလက်ရာ ရုပ်ပွားတော်မြတ်တွေ တော်တော်ကို များပါတယ်။ ရုပ်ပွားတော်တွေကို ထွင်းထုပြီးမှ ဂူထဲ သွင်းထားတာမဟုတ်ပဲ ကျောက်ဂူထဲက ကျောက်သားကို ထွင်းထုပုံဖော်ထားတာ လို့ ဂေါပက လူကြီးက ရှင်းပြပါတယ်။


 

 

 

 


အရှင်ဂဝံပတိ ရဟန္တာအရှင်မြတ် ရုပ်ထုတော်ပါ။



 ကျောက်ဂူလေးတွေတိုင်းမှာ ရုပ်ပွားတော်လေးတွေ ပူဇော်ထားပါတယ်။ အကုန်တော့ ဝင်မဖူးနိုင်ခဲ့ပါဘူး။



မျောက်သားအမိပုံပါ။
 

လမ်းတလျှောက် မျောက်တွေကတော့ သွားလာနေကြတယ်။ သူတို့က ငှက်ပျောသီးနဲ့ ကုလားပဲ ရေစိမ်ကို အရမ်းကြိုက်တယ်။ သူတို့ကို ကျွေးဖို့ အဲဒါတွေ ယူသွားခဲ့တယ်လေ။ မျောက်စာ ရောင်းတဲ့သူတွေ ဆီက မြေပဲ ဆားလှော်ကို သူတို့က သိပ်မကြိုက်ကြဘူး။



 

ရွှေဘတောင်ကိုတော့ နီးမှန်းမသိလို့ မသွားဖြစ်ခဲ့ဘူး။ အဲဒီက ထွက်လာတော့ ၈ နာရီ ခွဲနေပြီ။ စစ်ကိုင်းကောင်းမှုတော်ကို ဝင်ကြသေးတယ်။ ကျောက်ပြင်တွေ သနပ်ခါးတုံးတွေ၊ နွားနို့ယိုတွေ ဝယ်ကြသေးတယ်။ တစ်ယောက်က စကော သွားဝယ်နေတာ ကြာနေလို့ သူ့ကို စောင့်ကြရသေးတယ်။



နေကလည်း အရမ်းပူနေ၊ အချိန်ကလည်း မရှိဆိုတော့ ကောင်းမှုတော် ဘုရားကြီးကို မုခ်ဦးဝကနေ ဓါတ်ပုံရိုက်ချင်တာ မရိုက်ဖြစ်ခဲ့ဖူး။ အဲဒီက ထွက်ပြီး စစ်ကိုင်တောင်ရိုးကို တန်းလာခဲ့တယ်။ မီနီဘတ်စ်ကို အောက်မှာ ရပ်ခဲ့ပြီး တောင်တက်ကားနဲ့ တက်ခဲ့ကြတယ်။ ပထမဆုံး ဥမင်သုံးဆယ်။

  

 

နောက် ဆွမ်းဦးပုညရှင် စေတီတော်နဲ့ ရုပ်ပွားတော်မြတ်ပါ။


 

ဆွမ်းဦးပုညရှင်ဘုရားပေါ်က ကြည့်ရင် ရှုခင်းတွေကတော့ တကယ်လှပါတယ်။ ဆည်းဆာချိန် ဆိုရင် ဘယ်လောက်များ လှလိုက်မလဲ တွေးကြည့်မိတယ်။



 

အင်းဝတံတား အဟောင်း နဲ့ ဧရာဝတီတံတား(ရတနာပုံ) ကို ဆွမ်းဦးပုညရှင်တောင်ပေါ်က ရိုက်ထားတဲ့ပုံပါ။



ပန်းချီကားလေးတွေ ရောင်းတဲ့ဆိုင်။ ဒီဆိုင်က ဟုတ်မဟုတ်တော့မသိဘူး။ တော်တော် အသက်ကြီးတဲ့ အဘိုး တစ်ယောက် ပန်းချီကားလေးတွေကိုင်ပြီး ကားတွေပေါ် တက်ရောင်းနေရရှာတယ်။ အသက်ကြီးရင် အဲလို ဖြစ်မှာကို အကြောက်ဆုံးပဲ။



ဆွမ်းဦးပုညရှင်က ပြန်ထွက်ပြီး ထမင်းကျွေးမယ့် သီလရှင်ကျောင်းကို သွားပြီး သက်သတ်လွတ် ဟင်းတွေနဲ့ ထမင်းစားခဲ့ကြတယ်။ ထမင်းစားချိန်ကလည်း လွန်နေ၊ ဟင်းတွေကလည်း အရမ်းကောင်းဆိုတော့ တအားကို စားခဲ့ကြတာပဲ။

အဲဒီက ပြန်လာတော့ အချိန်ကလည်း သိပ်မရှိတော့တာမို့ မင်းကွန်းကို မဝင်ဖြစ်တော့ပဲ ဦးပိန်တံတားကိုပဲ တစ်နေ့တာရဲ့ နောက်ဆုံး အနေနဲ့ ဝင်ခဲ့ကြပါတယ်။ ဦးပိန် တံတားပေါ်ကနေ ရှုခင်းလေး နည်းနည်း ရိုက်လာခဲ့သေးတယ်။ သရဲခြောက်တယ်ဆိုတဲ့ တိုင် အမှတ်ကို တော့ မသိတော့လို့ မကြည့်ခဲ့ရပါဘူး။



  
  

(သိင်္ဂါကျော်)

21 comments:

ဂျူနို said...

ကိုယ်ရောက်ဖူးတဲ့နေရာတွေ ဖူးဘူးတဲ့ဘုရားတွေ ပြန်ကြည့်ရ ဖူးရတာ ပြန်ရောက်သွားသလိုပဲ။

ကျေးဇူးတင်ပါတယ်။


မအယ်

Nge Naing said...

ဘုရားရေ - တခါမှလည်း မရောက်ဖူး တခါမှလည်း မကြားဖူး မြန်မာပြည်မှာ ဒီလိုနေရာတွေမှာ ဒီလို ရှုခင်းလှလှတွေနဲ့ ဒီလို ကျောက်ဂူဘုရားတွေ စေတီတွေ ရှိတယ်ဆိုတာ အခုမှပဲ သိတော့တယ်။ ဒီလောက်လှပ ကျက်သရေရှိတဲ့ နိုင်ငံက လူတွေ ဒုက္ခပင်လယ်ဝေနေတာ ယုံတောင် မယုံနိုင်စရာပဲ။ ဒီပုံလေးတွေကို မျှဝေပေးတာ သိပ်ပြီး ကျေးဇူးတင်ပါတယ်နော့်။

ပန်းခရမ်းပြာ said...

ဘုရားစုံ ဖူးလိုက်ရတယ်။
တခါမှ မရောက်ဘူးပေမဲ့ စိတ်ထဲမှာ အသွားချင်ဆုံး နေရာတွေပါ။
စာညွှန်းနဲ့ အတူ ဓာတ်ပုံတွေ တင်ထားပေးတဲ့ အတွက် ကိုယ်တိုင် ရောက်သွား သလိုပါပဲ။
မျှဝေတဲ့ အတွက် ကျေးဇူးပါ။

မချို

ဖြူတုတ်လေး said...

ချောကလက်မကြိုက်သူရေ... ချောကလက်ကို ကြိုက်တာတစ်ခုနဲ့ အစားထိုးလိုက်လေ။ အဲဒါဆို တွက်လို့ရသွားမယ်။ :)

ဖြူတုတ်မရောက်တာ အရမ်းကြာသွားပြီ။ ပုံတွေအတွက်ကျေးဇူးတင်ပါတယ်။

ရွှေရတုမှတ်တမ်း said...

မွေးဌာနီ..အညာရပ်ဆီ သို့..ရော်ရီရော်ရမ်း..စိတ်ဝယ်မှန်းဆ..တမ်းတပါသည်..လွမ်းရပါသည်....

Myanmar Good Knowledg Co., Ltd said...

သိင်္ဂါကျော်ရေ။ ကောင်းလိုက်တဲ့ ဓါတ်ပုံတွေနော်။ စာနဲ့တွဲပြီး ဖတ်ရကြည့်ရတော့ ဘာပြောကောင်းမလဲ လွမ်းလိုက်တာ။
ဒီပို့စ်လေး အတွက်လည်း ကျေးဇူးနော်။

ဒဏ္ဍာရီ said...

မြန်မာပြည်ရဲ့ တန်ဘိုးမဖြတ်နိုင်တဲ့ သဘာဝတရားနဲ့ ကြည်ညိုဖွယ်ကောင်းတဲ့ ဘာသာတရားကို ပြန်လည်လွမ်းဆွတ်သွားတယ် သူငယ်ချင်းရေ ... စာလေးတွေနဲ့ ပုံလေးတွေက လိုက်ဖက်လှပါတယ်။

ခင်မင်လေးစားလျှက်

စိမ်း... said...

အစ်မရေ မရောက်ဖူးဘူး ရှုခင်းတွေကလှလိုက်တာ... စေတီပုထိုးတွေကလည်း ရွှေရောင်တ၀င်းဝင်းနဲ့ သပ္ပါယ်လိုက်တာနော်... ကိုယ့်အမိမြန်မာပြည်က အလှအပတွေကို အပြည့်အ၀မခံစားဖူးသေးပဲ ခုလိုရေခြားမြေခြားရောက်နေရတာ ၀မ်းနည်းသလိုလိုကြီးပဲ

လင်းဒီပ said...

ကျွန်တော်သွားဖို့တေးထားပြီး မရောက်ဖြစ်သေးတဲ့ ရွှေရောင်မြေတွေ အများကြီးပါပဲ..။
အခုနောက်ထပ် တစ်ခု ထပ်တိုးသွားပြန်ပါပြီ..ဓာတ်ပုံတွေ အများကြီးတင်လိုက်တာ ကျေးဇူး..။

လသာည said...

သိင်္ဂါကျော်ရေ.. ဓါတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ ဖတ်လို့ တအားကောင်းတာပဲ။။ တို့လည်း ၂၀၀၅တုန်းက တစ်ခေါက်ရောက်ဖူးပေမဲ့ မြန်မြန်သွားမြန်မြန်ပြန်နဲ့ အခုလိုရှုခင်းတွေကို မခံစားနိုင်ခဲ့ဘူးရယ်..
အလွမ်းပြေရှုခင်းလေးများကို အခုလို ပြန်မြင်နိုင်ခွင့်ရတဲ့အတွက် ဒီပို့စ်ကိုတင်ပေးတာ အရမ်းကို ကျေးဇူးတင်ပါတယ်လို့...

Anonymous said...

ခရီးလေးသွားလိုက်၊ဒိုက်ပုံလေးရိုက်လိုက်နဲ့ပျော်နေပါ၊ ငါ့ကိုတော့မေ့ထားပေါ့၊ တွေ့မယ်.....

Unknown said...

တအားပျော်နေတာပေါ့လေ

Rita said...

ကျေးဇူးတင်လိုက်တာ။
အညာပြန်ရောက်သွားရသလိုပဲ။

နေရိပ်ထဲက မြေတလင်း ပြောင်ပြောင်မှာ ဖိနပ်မစီးဘဲ လမ်းလျှောက်ချင်လိုက်တာ။

မင်းအိမ်ဖြူ said...

ကျေးဇူးတင်တယ် ၊၊ မုံရွာကိုပြန်တွေ့ရတာ
ဒီတစ်ခေါက် ပြန်တော့အရမ်းသွားချင်ခဲ့တယ်
မရောက်ဖြစ်ခဲ့ဘူး

ကွမ်းယာကိုလွမ်းတယ် တမာပင်လေးတွေရယ်
ချင်းတွင်းတံတားကြီးကိုတွေ့တော့ ပိုသတိရတယ်
အဲဒီနားမှာနေတာလေ

မင်းအိမ်ဖြူ

ကိုလူထွေး said...

တကယ့်ကို ဗမာပြည် အလွမ်းပြေပါပဲ...

အဝေးရောက်နေသူတွေအတွက် အတိုးချပြီး များများ လျှောက်လည်ပေးပါ...

းဝ)

~ဏီလင်းညို~ said...

ဘုရားဖူးခွင့်ရတာရော...၊ ရှုခင်းတွေကြည့်ခွင့်ရတာရောပါ..ကျေးဇူးတင်ပါတယ်ခင်ဗျ...။
(တော်တော်ပျော်ခဲ့မှာပဲနော်....)

မောင်သီဟ said...

ဘုရားဖူးသွားတယ်ဗျာ
ကျေးဇူး

purplemay said...

အစ်မရေ...ပုံတွေကြည့်လိုက်ရတာ တ၀ပဲ...။
ရောက်ဖူးတဲ့ နေရာလေးတွေကို ပြန်ရောက်သွားသလိုလို...
မရောက်ဖူးတဲ့နေရာလေးတွေကိုလည်း ရောက်ဖူးသွားသလိုလိုပါပဲ...:)

flowerpoem said...

ဘုရားပုံတွေကို ကြည်ညိုစွာဖူးသွားပါတယ် မသိင်္ဂါကျော်
ကျေးဇူးပါ

Anonymous said...

အရင်တုန်းက ထန်းဇလုပ်ချောင်းက သိပ်လှတာ။ အိမ်က ဓါတ်ပုံတွေ မှာ တစ်ဝက်လောက်က ထန်းဇလုပ်ချောင်းမှာ ရေချိုးရင်းရိုက်ထားတာချည်းပါပဲ။
အခုတော့.........သဘာဝမဟုတ်တော့ဘူးလေ။

ဟိုးငယ်တုန်းကဆို ကျောက္ကာဘုရားပွဲကနေ ထန်းဇလုပ်ချောင်းကို နွားလှည်းတွေ တန်းစီပြီး ပျော်ပျော်ပါးပါး သီချင်းတွေဆိုပြီး သွားခဲ့ကြတာ။ မောင်သိန်းဆိုင် ၀တ္ထုထဲက ပင်းချောင်းဘုရားဖူးသွားကြသလိုမျိုးပါ.

Anonymous said...

ဘွဲ့တော်ကိုမသိရဘူးဆိုတဲ့ စေတီဟာ အလံတရာ ဘုရားဖြစ်ပါတယ် ခင်ဗျား။ ကျွန်တော်တို့ မြို့ကို အလွမ်းပြေ ကြည့်ရှုခွင့်ရတဲ့အတွက် ကျေးဇူးပါ.