Showing posts with label ဝတ္တုလတ်. Show all posts
Showing posts with label ဝတ္တုလတ်. Show all posts

01 August, 2024

ကြယ်ကလေးရဲ့ နှင်းဆီ




(၁)

ကေသရီသည် တစ်ချိန်ကတော့ ဇေယျထက်ရဲ့ အချစ်ဦး၊ အချစ်ဆုံး ချစ်သူ တစ်ယောက် ဖြစ်ခဲ့ဖူးပါသည်။ မတွေ့ရသော ငါးနှစ်တာ ကာလ အတွင်း ဘာမှ မပြောင်းမလဲ ပိုပြီး လှလာသည်လည်း အမှန်ပင် ဖြစ်ပါသည်။ သို့သော် အရင်လို ခံစားချက်မျိုး သူ့တွင် မရှိတော့သည်မှာ အံ့သြစရာတော့လည်း မဟုတ်ပါ။ ကေသရီ နှင့် သူက စင်ကာပူတွင် ကျောင်းတက်ရင်း ချစ်သူများ ဖြစ်ခဲ့ကြသည်။ သူက ကျောင်းပြီးတော့ မြန်မာနိုင်ငံ ပြန်လာခဲ့သော်လည်း ကေသရီကတော့ ပြန်မလာပဲ ကနေဒါကို သွားခဲ့သည်။ မြန်မာနိုင်ငံ ပြန်လာကာစ တစ်နှစ်အတွင်းတော့ သူ့ ဘဝကြီးက အဓိပ္ပါယ်မရှိ လေလွင့် နေခဲ့ပါသည်။ သူက မြန်မာနိုင်ငံကို ချစ်လှချည်ရဲ့ ရယ်လို့ မဟုတ်သော်လည်း ကေသရီ အခြေချမည်ဟု ရည်ရွယ်သည့် အနောက်နိုင်ငံတွင် အခြေချ နေထိုင်ရန် စိတ်ကူးမရှိပါ။ ကေသရီကို ကျောင်းတက်/ အလုပ်လုပ် ပြီးလျှင် ပြန်ခဲ့ဖို့၊ သူ စောင့်နေမည်ဟု အကြိမ်ကြိမ် ပြောခဲ့ပါသည်။ ကေသရီက တစ်ခါတည်း မလိုက်ခဲ့လျှင် စောင့်နေစရာ မလိုကြောင်း အပြောတင် မဟုတ်ပဲ သူ့ကို လုံးဝ အဆက်အသွယ်ပါ ဖြတ်ခဲ့သည်။ 

သိပ်မကြာခင် အချိန်အတွင်းမှာပဲ တစ်ခြားတစ်ယောက်နှင့် ဟိုမှာ တွဲနေသည့် အကြောင်း Social Media မှာ အတိအလင်း တင်ထားသည်ကို တွေ့သည့်အကြောင်း သူငယ်ချင်းများက ပြောကြပါသည်။ ကေသရီက သူ့ကိုတော့ အကုန်လုံးမှာ Block ထားခဲ့သည်။ သူ့မှာ ကေသရီရဲ့ ပြောင်းလဲမှုကို အံ့သြတကြီးနှင့် ဆွံ့အခဲ့ရပြီး အရာအားလုံး ဆုံးရှုံးရသော ခံစားချက်မျိုးနှင့် ရည်မှန်းချက်တွေပါ ပျောက်သလို ဖြစ်ခဲ့ရသည်။ အခုတော့ ဘာတဲ့.. ပြန်လာတော့မှာမို့ ပြန်တွဲကြရအောင် တဲ့လား။ 

“ကေ ပြန်လာမှာကို စောင့်နေမယ်လို့ ကိုပဲ ပြောခဲ့တာပဲ မလား၊ ခု ပြန်လာမယ် ဆိုတော့ ဘာလို့ အဲလို မတုန်မလှုပ် ဖြစ်နေတာလဲ”
ရွှေညိုရောင် ဆံပင်အခွေအလိပ်များ ဝန်းရံနေသော မျက်နှာချောချောက အလိုမကျ ဟန် ဖြစ်လာသည်။ ဇေယျထက်သည် ရှည်ရှည်ဝေးဝေး ရှင်းမပြချင် လောက်အောင် စိတ်ကုန်သလို ခံစားလိုက်ရသည်။ 

“ကေ နားလည်အောင် ပြောရရင် Date ကုန်သွားပြီ ကေ၊ ကေ့ကို ချစ်ခဲ့တဲ့ အချိန်တွေ၊ စောင့်ခဲ့တဲ့ အချိန်တွေ လွန်ခဲ့ပြီ၊ ခု ကေ့ကို လာတွေ့တာကလည်း သူငယ်ချင်း တစ်ယောက် အနေနဲ့ မြန်မာနိုင်ငံ အလည်လာတုန်း လာတွေ့တဲ့ သဘောပဲ၊ ငါးနှစ် တောင် ရှိသွားပြီ ကေ၊ ကိုယ့်ကို ထားပြီး ဟိုနိုင်ငံမှာ တစ်ခြားတစ်ယောက်နဲ့ တွဲနေခဲ့တာ၊ ကိုယ်လည်း ဒီနိုင်ငံမှာ မိန်းကလေးတွေ အများကြီးနဲ့ တွဲခဲ့တယ်၊ အားလုံးပြီးပြီးသားတွေပဲ”

မြို့ပြင်ရှိ ဆိုင်ကလေး၏ အစားအသောက်က မဆိုးလှသော်လည်း သူတို့နှစ်ယောက်က တို့ကနန်း ဆိတ်ကနန်းသာ စားသောက်ပြီး ပြန်လာခဲ့ကြသည်။ တကယ်တော့ သူ့မှာ ဘာခံစားချက်မှ မရှိတော့၍ ငယ်သူငယ်ချင်း တစ်ယောက်လို ပြန်အဆင်ပြေချင်သောကြောင့် လာခဲ့ခြင်း ဖြစ်သည်။

“ကို့ မှာ ချစ်သူ ရှိ နေတာလား” ကေသရီ မေးမိပြန်သည်။
ကေသရီက ဇေယျထက် အကြောင်းတွေ ကြားခဲ့ပြီးသား။ သူမ ထွက်သွားချိန်က စိတ်လေခဲ့တာတွေ၊ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် တွဲခဲ့သော်လည်း သူမကိုပဲ တမ်းတဆဲ ဆိုတာမျိုးတွေ။ သူ့ကို အဲလောက်ကြီး ပြန်တွဲချင်လို့ ရယ် မဟုတ်သော်လည်း ခုလို ဆက်ဆံ ခံလိုက်ရတော့ သူမ မာနကို ထိခိုက်သလို ခံစားလိုက်ရသည်။

“ဟုတ်တယ်၊ ကိုယ့်မှာ လက်ထပ်ရမယ့်သူ ရှိနေပြီ”
ဇေယျထက်က အစကတော့ မပြောသေးဘူးလို့ ထားသော်လည်း ပြောလိုက်မှ ကေသရီ စိတ်ပြတ်နိုင်မည် ဟု တွေးပြီး ပြောရန် ဆုံးဖြတ်လိုက်သည်။ ဖိတ်စာက တစ်ခြမ်းပဲ သေချာသေးသည်ကိုတော့ သူမ သိရန် မလိုပါ။

“မယုံဘူး၊ ဘယ်သူလဲ ပြလေ”
ဇေယျထက်က မမနှင့် သူ ကားပေါ်မှာ Selfie ရိုက်ထားသည့် ပုံကို ရှာပြီး ပြလိုက်သည်။ ကားမောင်းရင်း ဖုန်းကို လက်တစ်ဖက်နဲ့ ကိုင်လိုက်သည့် အတွက် အာရုံက နည်းနည်း လွတ်သွားသည်။ တစ်ဖက်မှ လာနေသည့် ဆယ်ဘီးကားကြီး၏ မူမမှန်ပုံကိုလည်း သတိမထားမိလိုက်ပါ။

ကေသရီကတော့ သူ့ ဖုန်းထဲက ပုံကို မြင်လိုက်သည့် ခဏမှာ ထို မိန်းကလေးသည် သူ အပျော်တွဲသည့် မိန်းကလေးတွေထဲက တစ်ယောက် မဟုတ်မှန်း ချက်ချင်း သိလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ ဘက်ဆီသို့ တစ်ဖက်လမ်းမှ ကျော်နင်း ဝင်လာလု ဖြစ်နေသည့် ကားကြီးတစ်စီးကို မြင်လိုက်ရသည့် အခါ သတိလက်လွတ် ဖြစ်နေသည့် ဇေယျထက် လက်မှ စတီယာရင် ကို သူ့ ဘက်သို့ ဆွဲလှည့် လိုက်မိသည်။ လမ်းပေါ်မှာက ကားရှင်းနေပြီး သူတို့  ၂စီး သာရှိသည်။ တစ်ဖက်ကား Driver ကလည်း သူတို့ ကားကို မတိုက်မိဖို့ ကြိုးစားနေပုံပေါ်သည်။ ပုံမှန်ဆို လွတ်သွားနိုင်သော်လည်း ကေသရီ ဆွဲလှည့်လိုက်ခြင်း ကြောင့် ဇေယျထက် ၏ မောင်းသူဘက်ကို ဖြတ်တိုက်ပြီး ကားကြီးက လမ်းဘေး ထိုးကျသွားသည်။ သူတို့ ကားလေးလည်း ကံကောင်းထောက်မပြီး မှောက်လျက်တော့ ဖြစ်မသွားသော်လည်း ဇေယျထက်ကတော့ တိုက်မိကတည်းကပင် သတိလွတ်သွားခဲ့သည်။ ကေသရီကတော့ ကံကောင်းထောက်မပြီး သတိမလွတ်သေးပါ။

နောက်က ရောက်လာသော ကားတစ်စီးက ၁၁၉ ကို ဖုန်းဆက်ပေးနေသည်။ ချက်ချင်းဆိုသလိုပဲ Ambulance တစ်စီး ရောက်လာသည်။
*****
(၂)

နွေနှင်းဆီသည် အလုပ်သစ်တွင် ဝင်နေသည်မှာ ၆ လခန့် ရှိနေလေပြီ။ Group of Company ကြီး၏ Head of Business Data Analytics အနေနှင့် လက်ရှိတော့ ဌာနခွဲ တစ်ခု၏ CEO အစ်မကြီး လက်အောက်တွင် လုပ်နေရခြင်းဖြစ်သည်။ သူ့တို့ မိသားစုကလည်း Company Group ကြီးမှာ ရှယ်ယာ တစ်ဝက်လောက် ပါသည်လို့ သိရသည်။ အစ်မ က သူ့ အဆင့်အတန်းနှင့် မလိုက်အောင်ပင် သဘောကောင်းသူ ဖြစ်သည်။ ခပ်ရိုးရိုးပင် နေတတ်ပြီး အလုပ်အရမ်းလုပ်သူ ဖြစ်သည်။ နွေနှင်းဆီ က Business Reporting ပိုင်းကို ဦးဆောင် လုပ်နေခြင်း ဖြစ်ပြီး အဖွဲ့ဝင်ကတော့ ၂ ယောက်ပဲ ရှိသေးသည်။ သူတို့ Manual work များနေသော excel report များကို Automation ဖြစ်အောင် ပြန်ပြင်ဖို့ Power BI သုံးပြီး ပြန်ရေးဖို့တွေ၊ Data တွေကို Cloud ပေါ် ပြောင်းတင်ဖို့တွေ လုပ်စရာတွေကတော့ အများကြီးပါ။  နွေတို့ အထပ်တွင် တခြား IT ပိုင်းများ အတွက် IT Manger အမျိုးသား တစ်ယောက်နှင့် သူ့ အဖွဲ့ သားများလည်း ရှိသည်။ CEO အစ်မ ချိုချိုထက် က နွေ့ထက် ၄ နှစ် ကြီးသည်။ ကျန်သူတွေကတော့ ငယ်ကြသည်မို့ အစ်မကလည်း နွေရောက်လာတော့ အဖော်ရသလို ဖြစ်သွားပြီး နှစ်ယောက်သား ခင်မင်လာကြသည်။ 

လွန်ခဲ့သော တစ်ပတ်လောက်ကတော့ အစ်မ ရဲ့ မောင်လေးက Business Development Manager အနေနှင့် အလုပ်ဝင်လာသည်။ အစ်မထက် ၁၁ နှစ် ငယ်သည်ဟု သိရသည်။ နွေတို့နှင့် အထပ်တော့ မတူပေမယ့် သူ့ အစ်မဆီ လာတာတော့ မြင်ဖူးသည်။ အငယ် ညီမလေး တွေ အကုန်လုံးကတော့ စိတ်ဝင်စားနေကြသည်။ အရမ်းချောသော အဆင်လေး ဖြစ်ကြောင်း၊ ရည်းစားများသည်ဟု သိရကြောင်း သူပြန်သွားပြီးနောက် တစ်ခန်းလုံးက သူ့အကြောင်း ပြောကျန်ခဲ့ကြသည်။ အရပ်ရှည်ရှည် အသားဖြူဖြူလေး မှန်းတော့ သိလိုက်ပြီး ရုပ်ကိုတော့ သတိမထားမိလိုက်ပါ။ သူက Singapore Management University (SMU) က MBA ဘွဲ့ ရထားသူ ဖြစ်သော်လည်း အလုပ် မည်မည် ရရ မလုပ်ရသေးပဲ ခုမှ အလုပ်စဝင်ခြင်း ဖြစ်သည်။ အစ်မကတော့ သူ့ မောင်ကို ခန့်ထား လိုက်ရပြီး ခေါင်းကြီး နေသည်ဟု ဆိုသည်။ သူ့ အဖေက သူ့ကို စောင့်ကြည့်ခိုင်းသည့် အနေနှင့် ခေါ်ထား ခိုင်းခြင်း ဖြစ်သည်။ 

“ပြန်လာတာ နှစ်နှစ် လောက် ရှိနေပြီလေ၊ အဲဒါ ယောကျ်ားလေး တန်မဲ့ ရည်းစားပူ မိနေတာတဲ့ ဟယ်၊ သူ့ ကောင်မလေးက အတူတူ ပြန်လိုက်မလာပဲ ကနေဒါသွားပြီး သူ့ကို ဖြတ်လိုက်တယ်လေ၊ အဖေက ပြန်လာခိုင်းတယ် ဆိုပေမယ့် သူ တကယ်ကြိုက်ရင်လည်း လိုက်သွားပေါ့၊ အဲလိုလည်း မဟုတ်ဘူး။ အလုပ်လည်း မဝင်ပဲ သူငယ်ချင်းတွေနဲ့ Bar တစ်ခုတော့ ဖွင့်ထားတယ် တဲ့။ သူတို့ ဟာသူတို့ ပျော်ဖို့လေ။ အသည်းကွဲလို့တဲ့ ကောင်မလေးတွေနဲ့ တွဲလိုက်တာများ အများကြီး။ ခုတော့ ငါ့ အလုပ်မှာ လာဝင်သတဲ့။ ဘယ်နှစ်ရက် ခံမလဲ တော့ မသိသေးဘူး။ ငါတော့ ပြောထားတယ်။ ရုံးက ကောင်မလေးတွေနဲ့ လုံးဝ မပတ်သက်ရဘူး လို့။ မဟုတ်ရင် မျက်နှာပျက်ရမှာပေါ့ ဒင်းလုပ် ပုံနဲ့ ”
အစ်မချိုက နွေကိုတော့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ထားသည်။

နွေက ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် မျက်နှာများတတ်သော ယောကျ်ားများကို သဘောမကျပါ။ သစ္စာဖောက် ခံရဖူးသလား၊ ထားခဲ့ခံရဖူး သလား ဆိုတော့ မဟုတ်ပါ။ အဲလို ဖြစ်ရမှာ စိုးလို့ ဘဝ တစ်လျှောက်လုံး ဘယ်ယောကျ်ားနဲ့မှ မပတ်သက်ခဲ့တာပါ။ ရိုးရိုးအေးအေး နေလာခဲ့သူမို့ ယောကျ်ားတွေ သဘောကျသည့် ပုံစံမျိုးလည်း မဟုတ်လို့ တစ်ယောက်တည်းပဲ အနှောက်အယှက်မရှိ ဘဝကို ဖြတ်သန်း လာနိုင်ခဲ့တာလည်း ဖြစ်ပါသည်။
*****
(၃)

မကြီး ချိုချိုထက်က သူ့ကို သိပ်မယုံကြည်သေးသော်လည်း ဇေယျထက်က ကောင်းကောင်း ကြိုးစားနေပါသည်။ သုံးလအတွင်းမှာ လုပ်ငန်း အကြောင်း ကောင်းကောင်း သိလာခဲ့ပြီ ဖြစ်သည်။ တွဲနေသော ကောင်မလေးတွေနဲ့လည်း ဖြတ်လိုက်ပြီး နောက်ထပ် ဇာတ်လမ်းအသစ်တွေလည်း မစပဲ အလုပ်ကိုပဲ အာရုံစိုက်နေမိသည်။ အာရုံမစိုက်လို့လည်း မရပါ။ ဒီမိသားစု လုပ်ငန်းစုထဲကို တစ်ခါမှ မဝင်ခဲ့ဖူးသည့် သူ့အတွက် မသိတာတွေက များလွန်းလှသည်။ အချိန် ဖြုန်းခဲ့တာတွေလည်း များခဲ့ပြီ ဆိုတော့ ဒီတစ်ခေါက်တော့ အဖေ့ကို စိတ်မပျက်စေတော့ဖို့ ဆုံးဖြတ်ထားသည်။ တစ်ချိန်က ချစ်သူကို သတိရဖို့ အချိန်လည်း မရှိတော့ပါ။ 

ဇေယျထက်က လူတစ်မျိုး။ မိန်းမ တစ်ယောက်ကို စိတ်နာသော်လည်း မိန်းမ တွေနဲ့ မပတ်သက်ပဲ ဂွကျကျ ဖြစ်သွားတာမျိုး မဟုတ်ပဲ အချစ်ကိုသာ မယုံကြည်တော့တာမျိုး ဖြစ်သည်။ သူ့ မျက်နှာ ချိုချိုကြောင့် မိန်းကလေးများနှင့် ဆက်ဆံရသည်မှာ ပိုလို့တောင် အဆင်ပြေသေးသည်။ သူ့ အလုပ်ကလည်း Communication ရော Collaboration ရော ကောင်းမှရသည့် အလုပ်ဖြစ်သည်လေ။ နှစ်လ အတွင်းမှာ သူထိုင်သည့် အခန်းရှိရာ Sales and Marketing အထပ်ရော၊ မကြီး အခန်းရှိရာ IT အထပ်ရော ၂ ထပ်လုံး ရှိ ဝန်ထမ်းများနှင့် မျက်မှန်းတန်းမိပြီး ခင်မင် နေပြီ ဖြစ်သည်။ သူတို့ ၂ ထပ်လုံးမှာ ယောကျ်ားလေးဦးရေ ထက် မိန်းကလေး ဦးရေက ပိုများသည်။ သူ့အထပ်က ကောင်လေးတွေကလည်း အပြင်ထွက်နေရတာ များသောကြောင့် IT Manager ကိုမျိုးသော် နဲ့က သက်တူ ရွယ်တူမို့ ပိုတွဲဖြစ်သည်။ အဲဒါကြောင့်လည်း သူတို့ အပေါ်ထပ်ကိုလည်း ခဏ ခဏ ရောက်ဖြစ်တာ ဖြစ်သည်။ ချွင်းချက်က တစ်ယောက်ပဲ ရှိသည်။ Data Analytics Manager အစ်မကြီး တစ်ယောက်နှင့်တော့ ခုထိ မျက်လုံးချင်း မဆုံသေးသလို နှုတ်လည်း မဆက်ဖြစ်သေးပါ။ 

အခန်းလေးတွေ ဖွဲ့ထားသော်လည်း တစ်ဝက်က မှန်တွေ ဖြစ်သောကြောင့် အကုန်မြင်နေရသည် ဖြစ်ရာ သူမကို တွေ့လိုက်တိုင်း Laptop Screen ကို သဲကြီးမဲကြီး ကြည့်နေတာကိုသာ တွေ့ရသည်။ Meeting ၂ ခုလောက် အတူ တက်ဖူးသော်လည်း တိုက်ရိုက် ပြောစရာ မရှိသော Meeting များဖြစ်သောကြောင့် စကား မပြောဖူးပါ။ သူမ နာမည်တွင် နွေပါသည်။ မကြီးချို က နွေဟု ခေါ်သံ ကြားဖူးသည်။ အငယ်တွေက မမနွေဟု ခေါ်ကြသည်။ တစ်ရက်ကလည်း ဓါတ်လှေကားတွင် အတူတူ စီးမိတော့ သူက နှုတ်ဆက်ချင်သော်လည်း သူမက မျက်နှာချင်း မဆုံအောင် မသိချင်ယောင် ဆောင်နေသောကြောင့် သူလည်း နှုတ်မဆက်ပဲ နေလိုက်ရသည်။ သူက ဘာရယ်မဟုတ် အားလုံးနှင့် ခင်မင်ချင်သော သဘောနှင့် ဖြစ်သော်လည်း သူမက သူ့ကိုမှ တမင် ရှောင်နေသလား လို့ပင် ခံစားမိရသည်။

ကြာကြာတော့လည်း သူ့ကို ရှောင်နေလို့ မရပါ။ သူတို့မှာ ပူးပေါင်း လုပ်ဆောင်စရာတွေ ရှိနေပါသည်။ ခေတ်မမှီတော့သော Management Report များကို တစ်ခုပြီးတစ်ခု အသစ်ပြင်ဆင် နေသည်ဖြစ်ရာ လုပ်စရာတွေ အများကြီး ရှိသည်။ သူ ကြည့်ရမည့် Report များကို သူမတို့ အဖွဲ့မှ လုပ်ပေးရမည် ဖြစ်ရာ သူ့ ဘက်မှ Requirement များကို မမေးမြန်းပဲနှင့် မရပါ။ Sales Strategy များချရန် အထောက်အကူပြုမည့် Analysis Report များကို Business Intelligence tools များ၊ AI/ ML များသုံးပြီး Automation process များ ဖြစ်အောင် စတင်နေသည် ဖြစ်ရာ သူတို့ နှစ်ယောက်က အလုပ်ကိစ္စဖြင့် စတင်ပတ်သက် လာကြသည်။ သူကလည်း ပထမ ဘွဲ့တုန်းက Computer Science နဲ့ အောင်ပြီးမှ Business Master တက်ခဲ့သူ ဖြစ်ပြီး သူမကလည်း Computer Master အပြင် Online EMBA ပါ အောင်ထားသူ ဖြစ်သောကြောင့် သူတို့ နှစ်ယောက် Discussion တိုင်းက ခက်ခက်ခဲခဲ မရှိပါ။

သူမနှင့် ဆက်ဆံရသည့် အခါ သူမကို မိန်းကလေးတစ်ယောက်လို မမြင်နိုင်တော့ပဲ တော်သော ထက်မြက်သော၊ တိကျ ပြတ်သားသည့် Manager/ Head တစ်ယောက် အနေနှင့်ပင် မြင်ရတော့သည်။ သူမ လုပ်ဆောင်ရမည့် တာဝန်များကို ကျွမ်းကျင်ပြီး Presentation တင်ပြရာမှာလည်း ထိရောက် မြင်သာသည်။ သူမက အလုပ်လည်း အလွန် လုပ်သည်။ အလုပ်ကိစ္စ ပြောရာမှာတော့ သူ့ကို ခပ်တန်းတန်း ဖြစ်နေတာမျိုး၊ ရှိန်နေတာမျိုး မရှိသော်လည်း အလုပ်ကလွဲပြီးတော့ တော့ အာလာပ သလာပ ဘာမှ မပြောပါ။ သူကပင် သူမရဲ့ တည်ကြည်မှုကို ရှိန်နေရပြီး ရင်းရင်နှီးနှီး မပြောရဲအောင် ဖြစ်ရသည်။

*****
(၄)

တစ်ရက်မှာတော့ သူတို့နှစ်ယောက်တည်း Branch တွေကို လိုက်ပြီး Requirement ကောက်ရဖို့ ဖြစ်လာသည်။ များသောအားဖြင့် ရုံးကား လိုက်ပို့ တတ်သော်လည်း ဇေယျထက်ကတော့ သူသွားရသည့် အခါတိုင်း သူ့  Mercedes-Benz E-Class ငွေရောင်လေးနှင့် ပင် သွားတတ်သည် ဖြစ်ရာ ဒီနေ့တော့ နွေနှင်းဆီ ပါ ပါလာခဲ့သည်။ သူမ အဖွဲ့က ကောင်မလေးတွေ ခေါ်သလိုပင် သူကလည်း မမနွေ လို့ ခေါ်ဖြစ်သည်။ သူမက အများကြားမှာ ထင်းကနဲ သိသာစေသည့် မိန်းမချော တစ်ယောက်တော့ မဟုတ်ပါ။ သို့ပေမယ့် ကြည်လင် တောက်ပသော မျက်ဝန်း စူးစူးလှလှ များက သူများနှင့် မတူသော ဆွဲဆောင်မှု တစ်ခုကို ပေးသည်။ မဖြူမညို ခပ်လတ်လတ် အသားအရည်က ကြည်ကြည်လင်လင်၊ ဆိုးထားမှန်း မသိသာစေသည့် ပန်းရောင်ဖျော့ဖျော့ နှုတ်ခမ်းက မထူမပါး။ ၅ ပေ ၅ လောက်ရှိမည့် အရပ်ကိုမှ ဖိနပ်ထူထူ မြင့်မြင့်လေးတွေ စီးတတ်ပြီး မတ်မတ်လေး လမ်းလျှောက်တတ်သည်။ ပုခုံးသာသာ အညိုရောင် ဆံပင်ဖြောင့်ဖြောင့်များက ပုံကျကျ အဖျားလေးများ ကွေးညွတ်လျှက်။ မသိတဲ့လူတွေ အတွက် အသက် ၄၀ ပြည့်ကာနီး လို့ ထင်စရာ မရှိပါ။ ဒီလို လှတပတ အမျိုးသမီးလေးက ဘာကြောင့် ခုထိ Single ဖြစ်နေရလဲ သိချင်မိသည်။ သူ့လိုပဲ အတိတ်တခုခု ရှိခဲ့လေသလား။ ထက်မြက်လွန်း၊ အလုပ်လုပ်လွန်းလို့ပဲ ခုထိ Single ဖြစ်နေသလား တွေးမိသေးသည်။

သူတို့ နောက်ဆုံးဝင်သည့် ဆိုင်ခွဲ အနီးအနားတွင် နာမည်ကြီး ကော်ဖီဆိုင် ရှိရာ မကြီးချိုက ကော်ဖီနှင့် ကိတ် မှာလိုက်သေးသည်။ အချိန်ကလည်း ကော်ဖီချိန် ဖြစ်နေပြီမို့ နှစ်ယောက်သား ကော်ဖီဆိုင် ဝင်ခဲ့ကြသည်။  

မှာထားသော ကော်ဖီနဲ့ မုန့်ကို စောင့်နေသော အချိန်မှာပဲ အရှုပ်တော်ပုံ တစ်ခု လာတော့မည်ကို သိလိုက်ရသည်။ အတွင်းကျကျ စားပွဲတစ်ခုတွင် ထိုင်နေသော မိန်းကလေး တစ်ယောက်။ သူ နောက်ဆုံး ဖြတ်ခဲ့သည့် ကောင်မလေး။ တခြား ကောင်မလေးတွေ အကုန်လုံးက လွယ်လွယ် ကူကူ အဆက်အသွယ် ဖြတ်လို့ ရခဲ့သော်လည်း ဒီတစ်ယောက်ကတော့ သူ့ကို ခုထိ ဖုန်းတွေဆက် Message တွေပို့ လုပ်နေလို့ Block လိုက်ရသည်။ သူမကြိုက်မှန်း သိလျက် Social Media မှာလည်း Post တွေတင်ပြီး Feel။ သူ့မှာလည်း တော်တော်ကြီး မကောင်းတဲ့သူ ဖြစ်နေရသည်။ နောက်ထပ် ချစ်သူ မရသေးမချင်း စိတ်မလျော့သေးဟု သူ့ သူငယ်ချင်းများကို စကားပါးသေးသည်။ ဒီကော်ဖီဆိုင်က ဒီကောင်မလေးနှင့် ထိုင်နေကျလေ။ ဒါကို ဘာလို့ မတွေးမိပဲ ဒီကို ဝင်လာမိပါလိမ့်။ မမနွေကို သူ့ရဲ့ အရှုပ်တွေ မမြင်စေချင်ပါဘူး ဆိုမှ။ ဘာပဲဖြစ်ဖြစ် ဒီအရှုပ်ကို ဒီနေ့ အပြီး ရှင်းနိုင်လျှင် ကောင်းမည်။

သူအတွေးမှ မဆုံးခင် ဝင့်ဝါ ထလာသည်ကို တွေ့လိုက်ရသည်။ သူတို့ စားပွဲကို ဦးတည်လာခြင်းဖြစ်သည်။ 
“မမနွေ၊ Please ကျွန်တော် ပြောတာကို အလိုက်သင့်လေး နေပေးပါနော်”
နွေနှင်းဆီက ဘာဆိုလိုမှန်း မသိပဲ အံသြနေစဥ်မှာပဲ ဝင့်ဝါက သူတို့ ရှေ့ ရောက်လာလေတော့သည်။

“ကိုကို ခုမှပဲ တွေ့ရတော့တယ်၊ ဝင့်ဝါ ဆက်တဲ့ ဖုန်းတွေလည်း မကိုင်ဘူး၊ Block ထားတာ မလား”

“အင်း ဝင့်ဝါ၊ ကိုယ် အလုပ်သစ် စဝင်လို့ မအားဘူးလေ၊ ပြီးတော့ ဝင့်ဝါနဲ့ ပြောစရာ အကြောင်းလည်း မရှိတော့ဘူးလေ၊ ပြီးသွားပြီပဲ”

“ကိုကို ဘာသာ တစ်ဖက်သတ် ပြီးနေတာလေ၊ ဝင့်ဝါ ဘက်ကမှ မပြီးချင်သေးတာ”

“မပြီးချင်လို့ မရဘူးလေ၊ ခဏတဖြုတ်တွဲခဲ့တာပဲ၊ အချိန်တန်ရင် ပြီးရမှာပေါ့၊ ကိုယ့်ကို မနှောက်ယှက်နဲ့ တော့လေ”

“ကိုကို့ကို ဘာနှောက်ယှက်လို့လဲ၊ ဒီတိုင်းလေး နေလဲ ရတာပဲကို Message ပြန်ပို့ရတာ ဘာပင်ပန်းလဲ၊ ကိုကို့မှာ ချစ်သူ ရှိနေပြီ မို့လို့လား”

“ရှိနေပြီလေ မမြင်ဘူးလား၊ ဒီမှာ ကိုယ် လက်ထပ်မယ့် ချစ်သူ မမ”

နွေနှင်းဆီက ခုမှပင် သူ့ ဆိုလိုရင်းကို နားလည်သွားသည်။ ဒင်းကလေးက သူ့ အရှုပ်တော်ပုံကို ရှင်းဖို့ ကိုယ့်ကို ဟန်ဆောင် စေချင်တာကိုး။ ဆိုင်ထဲ ဝင်လာကတည်းက အဲဒီ ကောင်မလေး ကြည့်နေသည်ကို သတိထားမိပေမယ့် ဇေယျထက်ကို သာမန် အဆင်ငမ်းတယ် လို့ပဲ ထင်လိုက်တာ။

ဇေယျထက်က ပြောသာ ပြောလိုက်ရသော်လည်း မမနွေများ မဟုတ်ဘူး ငြင်းလိုက်မလားလည်း ကြောက်မိသေးသည်။ စိတ်ဆိုးပုံမရပဲ ပြုံးပြုံးလေး နေနေသောကြောင့်သာ တော်သေးသည်။

“ဟုတ်လို့လား၊ ကိုကိုက အတည်တကျ ချစ်သူ ထားပြီပေါ့၊ လိမ်နေတာ မဟုတ်လား၊ ကိုကျော်စွာ တို့က ကိုကို့မှာ ဘယ်သူမှ မရှိသေးဘူးလို့ ပြောတာကို”

“ကျော်စွာတို့လည်း မသိဘူးလေ၊ မမနဲ့က အလုပ်သစ်မှာ တွေ့တာ၊ သူတို့ဆီ မရောက်တာတောင် ကြာနေပြီ၊ ပြီးတော့ ဒါက Bar မှာ မိတ်ဆက်ပေးရမယ့် သူမျိုးလည်း မဟုတ်ဘူး”

“ဟုတ်ရဲ့ လား မမ၊ အစ်မ ဝမ်းကွဲ များလား၊ ကိုကို နဲ့ ချစ်သူ ဖြစ်တာ ဘယ်လောက် ကြာပြီလဲ”

“မကြာသေးဘူး၊ ၂ လ လောက်ပဲ ရှိသေးတယ်၊ သူက သူ့ ကောင်မလေးတွေ အကုန်လုံး ရှင်းပြီးပြီ တဲ့လေ”

“ဟုတ်ပါပြီ အဲလိုဆိုလည်း နှုတ်ဆက်ပါတယ် ကိုကို၊ ကံကောင်းပါစေ မမ”

ဝင့်ဝါက ဆောင့်ဆောင့်အောင့်အောင့်လေး လှည့်ထွက်သွားသည်။ 

ဇေယျထက်မှာ ခုမှ သက်ပြင်းချနိုင်သည်။ ဝင့်ဝါ အလွယ်တကူ ယုံသွားလို့ တော်ပါသေးသည်။
“ကျေးဇူးတင်ပါတယ်၊ မမနွေ၊ ရုတ်တကြီး ခုလို ပြောလိုက်ရတာ အားနာပါတယ်၊ ကျွန်တော် တကယ် အပြီး ရှင်းလိုက်ချင်လို့”

နွေနှင်းဆီက စိတ်ဆိုးပုံနှင့် မဟုတ်ပဲ နှုတ်ခမ်းလေးမဲ့ပြီး သူ့ကို မျက်စောင်း တစ်ချက်ထိုးသည်။ ရုတ်တရက် သူမနှင့် ရင်းနှီး သွားသလို ခံစားလိုက်ရသည်။ ခုနက ပြောလိုက်သလို တကယ်ဖြစ်ရရင် ကောင်းမှာပဲ ဟု တွေးမိပြီး သူမကို အားနာ သွားသည်။ 

“အလုပ်စမဝင်ခင် ကတည်းက သူ့ကို အပြတ်ဖြတ်ထားပြီးသားကို အတင်းလိုက်ပြီး ဆက်သွယ်နေတာလေ၊ မကြီးတောင် သိတယ်၊ မကြီးချို ဖုန်းနံပါတ်ကိုပါ ရအောင်တောင်းပြီး ဆက်လို့လေ မကြီးတောင် သူ့ကို Block ထားရတယ်”

“ယောကျ်ားတွေက ခဏတဖြုတ် အပျော်သဘောထားပေမယ့် မိန်းကလေးတွေ ဘက်ကတော့ အဲလောက် မလွယ်လို့ နေမှာပေါ့”

“ဒါပေမယ့်လေ ကျွန်တော်တွဲခဲ့သမျှ သူတို့ဘက်က အရိပ်အယောင်ပြလို့ လွယ်လွယ် တွဲဖြစ်ခဲ့ကြတာပါ။ ချစ်သူရယ်လို့လည်း အတည်တကျ မဟုတ်ပါဘူး။ ပြီးတော့ တွဲတယ်ဆိုတာကလည်း Date တာလောက်ပါပဲ။ ခုခေတ်မှာက နှစ်ယောက် တွဲကြတယ် ဆိုရင်ကို တမျိုးမြင်ကြတာ ဆိုတော့လေ၊ ကျွန်တော်ကတော့ ဘယ်မိန်ကလေးကိုမှ တာဝန်ယူရလောက်အောင် မဖျက်ဆီးခဲ့ပါဘူး”

“အာ အဲလောက်လည်း ရှင်းပြစရာ မလိုပါဘူး ကိုဇေရယ်၊ နွေလည်း ဘာမှ မပြောရပါဘူး နော်”

ဇေယျထက်က ဘယ်သူ ဘယ်လို မြင်တာကိုမှ ဂရုမစိုက်ခဲ့သော်လည်း မမနွေက သူ့ကို လူရှုပ်လူပွေလေးလို့ မြင်သွားမှာ ကိုတော့ မဖြစ်စေချင်ပါ။ 

“ပြောလက်စနဲ့ ပြောရရင် မမနွေက ကျွန်တော့်ကိုဆို နည်းနည်း ခပ်တန်းတန်း ဆက်ဆံ သလိုပဲ၊ မကြီးချိုတို့ တခြားလူတွေကျ အဲလို မဟုတ်ဘူးလေ၊ မမနွေက ကျွန်တော်အပေါ် အမြင်မကြည်တာများ ရှိသလားလို့ပါ။
“အဲလို မဟုတ်ပါဘူး၊ ဘာလို့ အဲလို ထင်တာလဲ၊ တို့က ယောကျ်ားလေးတွေနဲ့ သိပ် ရင်းရင်းနှီးနှီး မနေတတ်တာပါ၊ ကိုမျိုးသော်နဲ့လည်း ဒီလိုပါပဲ”

“အဲလိုဆိုလည်း ဟုတ်ပါပြီ၊ ကျွန်တော် စိတ်ထင်တာပါ၊ မကြီးချို မောင်လေးဆိုတော့ မမနွေလည်း မောင်လေးလိုပဲ သဘောထားလေနော်”

ဝင့်ဝါ ကျေးဇူးနှင့် Personal တွေ ပြောဖြစ်သွားတာကို စိတ်ထဲမှာ ကျေနပ်နေမိသည်။ ဇေယျထက် နည်းနည်းတော့ ပြောင်းလဲနေပြီလား မသိပါ။ မိန်းမတွေကို စိတ်နာ၊ အထင်မကြီးရာကနေ လေးစားခင်မင် ချင်မိပြီး၊ တန်ဖိုးထားမိသော မိန်းကလေးသည် နွေနှင်းဆီ ဖြစ်နေသည်။

*****
(၅)

ဇေယျထက်သည် ကိုယ့်ကိုယ်ကိုမို့ ပိုပြောတာ မဟုတ်။ သူက ခပ်ငယ်ငယ်ကတည်းက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့တာ။ ဆယ်တန်းမအောင်ခင်ကတော့ စာတော်တဲ့ လူရိုးလေးပါ။ ကွန်ပျူတာတက္ကသိုလ် တက်တော့လည်း ကောင်မလေးတွေ စိတ်ဝင်စားမှုကို အများကြီး ခံခဲ့ရသည်။ သူ့ အဖေရဲ့ စည်းစိမ် ချမ်းသာကို ထားလိုက်ဦး။ သူ့ ရုပ်ရည်လေး တစ်ခုနဲ့ပင် ကောင်မလေးတွေရဲ့ စိတ်ဝင်စားမှုကို ရဖို့ လုံလောက်ပါသည်။ သူက တစ်ချို့သော သဌေးသားတွေ ထောင့်မကျိုးတဲ့ စောင့်ကြွားကြွား မဟုတ်သဖြင့် ဆရာမတွေကလည်း ချစ်ကြပါသည်။ ပထမနှစ်မှာ ဘယ်ကောင်မလေးနှင့်မှ မတွဲဖြစ်ခဲ့သေးပဲ ဒုတိယနှစ်ကျ ကေသရီနှင့် တွေ့သည်။ 

အမှန်တိုင်း ပြောရရင် ကေသရီက သူ့ကို အရင်စလိုက်ခဲ့သည် လို့ပင် ပြောလို့ရသည်။ တတိယနှစ် အစမှာ ကေသရီနှင့် ချစ်သူဖြစ်သွားသည်။ ကျောင်းက ကောင်မလေးတွေ အသည်းကွဲ ကုန်ကြသည်။ တခြား အီစီကလီ တစ်ယောက် နှစ်ယောက် ရှိသော်လည်း ကေသရီက သူ့ အနားကပ်လာသည့် ကောင်မလေး တိုင်းကို ရှင်းနိုင်သည်။ သူကတော့ ကေသရီက သူ့ကို တကယ်ချစ်သည်ဟု ထင်ခဲ့သည်။ စင်ကာပူ မှာ ကျောင်းသွားတက်ကြတော့လည်း အတူတူပင်။ သူက အမှန်တော့ နည်းပညာပဲ ဆက်တက်ချင်သော်လည်း အဖေ တက်စေချင်သောကြောင့် Management Uni ကို တက်ခဲ့ရခြင်း ဖြစ်သည်။ ကေသရီက စိတ်မချဘူး၊ အတူ လိုက်တက်ချင်သည် ဆိုသောကြောင့် ကေသရီ အတွက် ကျောင်းစရိတ်ပါ သူပဲ ပေးပြီး အတူတူ သွားတက်ခဲ့ကြသည်။ ကျောင်းပြီးလျှင် ပြန်ပြီး လက်ထပ်ကြမည်၊ သူ့အဖေရဲ့ လုပ်ငန်းစုထဲမှာ အလုပ်ဝင်ကြမည်။ ဒါက သူ့ ရည်ရွယ်ချက် ဖြစ်သော်လည်း နောက်ဆုံးမှာ ထားခဲ့ ခံလိုက်ရသည်။ နောက်မှ သိရသည်မှာ အဲဒီ Canada နိုင်ငံသားနှင့် Online မှာ တွေ့ကာ ကြိုက်ကြပြီး ဟိုက ခေါ်သဖြင့် လိုက်သွားခြင်း ဖြစ်ကြောင်းပင်။

အဲဒီနောက်ပိုင်းမှာ ဇေယျထက်က မိန်းကလေးတွေကို အထင်မကြီး၊ အချစ်ကိုလည်း မယုံကြည်တော့ပဲ သူ့ကို ချဥ်းကပ်လာသမျှ မိန်းကလေးတိုင်းနှင့်လည်း တွဲဖြစ်သွားသဖြင့် လူရှုပ်လူပွေလေးလို ဖြစ်သွားသည်။ သူ ဝါသနာ မပါသော SMU မှာ ကျောင်းတက်ခိုင်းသော အဖေ့ကိုပါ အရွဲ့တိုက်ပြီး အလုပ်မဝင်သေးပဲ ကျော်စွာနှင့် ပေါင်းပြီး Bar တစ်ခု ဖွင့်ကာ ပျော်ပျော်နေခဲ့သည်။ သို့သော် မမနွေကို ပြောခဲ့သလိုပင် ဘယ် မိန်းကလေး တစ်ယောက်ကိုမှ သူ မဖျက်စီးခဲ့ပါ။ ဒါကလည်း အထက်တန်းပြ ဆရာမဟောင်း ဖြစ်သော သူ အလေးစား အချစ်ခင်ဆုံး အမျိုးသမီးကြီး ဖြစ်သော သူ့ အမေ ရဲ့  အဆုံးအမ တွေ ကြောင့်ပါ။ သူ့ အဖေ ဆိုလည်း သဌေးတွေထဲမှာ မပျက်စီးဆုံး လူကောင်းကြီး။ သူ့အမေကို ချစ်သော စိတ်တစ်ခုကြောင့် ဒီလို မပွေမရှုပ်သည်ဟု သူနားလည်ထားသည်။ ဒီလို အဖေနဲ့ အမေက သူ့ကို မျက်စိ စပါးမွှေး စူးနေခဲ့သည်မှာ ၂ နှစ် ကျော်ခဲ့ပြီမို့ ခုတော့ တစ်ဦးတည်းသော အစ်မကြီး လက်အောက်မှာ ကောင်းကောင်း နေပြနေပါသည်။

မကြီးကို ကတိပေးထားသလို သူ့ အလုပ်က ဘယ်မိန်းကလေးနှင့်မှ အရောမဝင်ပဲ နေနေသော်လည်း လူလွတ် မိန်းကလေး များကတော့ ထုံးစံအတိုင်း သူ့ကို အရေးပေးကြမြဲပါ။ သို့ပေမယ့် သူက သူ့ကို သာမန်မျှ သဘောထားသည့် မမ တစ်ယောက် ကိုမှ စိတ်ဝင်စား နေမိသည်။ 

ခုနောက်ပိုင်းတော့ နည်းနည်း တိုးတက်လာပါသည်။ အလုပ်ကိစ္စ ပြောတာ အပြင် သူက အလုပ်ချိန်ပြင်ပမှာ “စားပြီးပြီလား၊ ဘာလုပ်နေလဲ” စသဖြင့် Viber က Message ပို့လျှင်လည်း အလိုက်သင့် ပြန်ဖြေတတ်လာသည်။ တစ်ခါတလေ ပိတ်ရက်တွေဆို အပြန်အလှန် ရင်ဖွင့်ဖြစ်ကြသည်။ သူ ဖုန်းခေါ်လို့ miss call ဖြစ်သွားလျှင်လည်း ပြန်ခေါ်တတ်လာသည်။ အပေါင်းအသင်း ဘော်ဒါ မောင်နှတွေလိုမျိုး။ သူ့ကို မောင်လေးတစ်ယောက်လိုပဲ သဘောလိုက်လေ သလား မသိပါ။ တစ်ခါတလေ သူ့ကို အစ်မကြီး တစ်ယောက်လို ဆရာလည်း လုပ်တတ်သေးတာ။ “မိန်းကလေး တစ်ယောက်ကို တကယ် မချစ်ပဲနဲ့ သူ့ကို မင်းက သဘောကျ နေတယ် လို့ ထင်အောင် မလုပ်နဲ့” တဲ့။ အသစ်ရောက်လာတဲ့ Sales Manager မလေးနဲ့ တပူးတွဲတွဲ လုပ်မိသလို ဖြစ်သွားတာပါ။ တကယ်တော့ အလုပ်ကိစ္စ သင်ပေးရင်းနဲ့ပါ။ မကြီးချိုကို ပေးထားတဲ့ သူ့ အလုပ်ထဲက ဘယ်မိန်းကလေးနဲ့မှ ဇာတ်လမ်း မဖြစ်စေရပါဘူး ဆိုတဲ့ ကတိကို တည်စေဖို့ နောက်ထပ် စောင့်ကြည့်သူ တစ်ယောက် အလားပင်။ တကယ် ဇာတ်လမ်း ဖြစ်ချင်နေတာက အဲဒီ စောင့်ကြည့်ကြီးသူကို ဆိုတာ တကယ်ပဲ ဘယ်လို စတင်ရမှန်းကို မသိပါ။

*****
(၆)

အလုပ်အတူတူ လုပ်ကြည့်မှ ဇေယျထက်သည် အရည်အချင်း ရှိသော လူတော်တစ်ယောက် ဖြစ်ကြောင်း နွေသိလာသည်။ အစကတော့ မိဘအလုပ်ထဲမို့ မလုပ်မနေရ လာလုပ်ပြီး တော်သလို နေမည့် လူရှုပ်ကလေးဟု ထင်ခဲ့သော်လည်း မဟုတ်ပဲ အလုပ်တကယ် လုပ်သော ထက်မြက်သူ တစ်ယောက်ဖြစ်နေမှန်း သိရသည်။ အစ်မချို၏ မောင်မို့ သူ့ကိုလည်း တဖြည်းဖြည်း ရင်းနှီးလာသည်။ အရင်ကတော့ သူပြောသလိုပင် သူ့ကို နည်းနည်း အမြင်မကြည်မိသဖြင့် ခပ်တန်းတန်း ဆက်ဆံမိတာပင်။ အခုတော့ အလုပ်ထဲက မိန်းကလေးများနှင့်လည်း ပရောပရီ လုပ်တာမျိုး မဟုတ်ပဲ ပုံမှန်ဆက်ဆံပြီး တည်တည်တံ့တံ့ နေနေမှန်း သိလာသောကြောင့် သူ့ကို လုပ်ဖော်ကိုင်ဖက် မောင်လေး တစ်ယောက်လို ခင်မင်လာမိခြင်းလည်း ဖြစ်သည်။

နွေက အလုပ်လုပ်ရာတွင် ဇွဲကောင်းသည်။ များသောအားဖြင့် ရုံခန်းထဲမှ နောက်ဆုံပြန်သူမှာ နွေပင်ဖြစ်သည်။ မီးတွေ အားလုံးအတွက် မိန်းချ၊ တံခါး လော့ချပြီးမှ ပြန်ရသူမှာ နွေပဲ များသည်။ တစ်ခါတလေ ဗိုက်ဆာနေလျှင်တောင် ကော်ဖီထ မသောက်ဖြစ်၊ အိမ်ကျမှ ဆက်လုပ်လည်း ရသည့် အလုပ်ကို မပြီးမချင်း ရုံးမှာ ထိုင်လုပ်တတ်သူမျိုး ဖြစ်သည်။ ဒီနေ့လည်း အိမ်ကျရင် အပြီး နားမည် ဆိုပြီး လုပ်လက်စ အလုပ်လေးကို ဆက်လုပ်နေမိရင်း ညနေ ၇ နာရီ ထိုးကာနီးမှ ပြီးသွားသည်။ ပုံမှန် ရုံးဆင်းချိန် ဝန်းကျင် ပြန်လျှင်တော့ ဖယ်ရီနှင့် ပြန်လေ့ ရှိသော်လည်း ခုလို နောက်ကျလျှင်တော့ Grab နဲ့ပဲ ပြန်ရတတ်သည်။ နွေတို့ ၄ ထပ်က ဓါတ်လှေကားနှင့် ဆင်းလာရင်း ၃ ထပ်အရောက်မှာ တံခါးပွင့်ပြီး ဇေယျထက်က ဝင်လာသည်။ နှစ်ယောက်သား ပြိုင်တူ အံ့သြပြီး “ခုမှ ပြန်တာလား” ဟု အတူတူ မေးမိသွားသည်။ အချိန်ပို လုပ်တယ်ဆိုတာက IT သမားတွေသာ လုပ်ရတတ်သည့် အရာ မဟုတ်လား။ 

“မှောင်တောင်နေပြီ မမနွေ တစ်ယောက်တည်း ဘာလို့ အဲလောက်တွေ လုပ်နေတာလဲ၊ ဘာနဲ့ ပြန်မှာလဲ”

“ခဏ ဆိုပြီး လုပ်လိုက်တာပဲ၊ ဒီချိန်ထိ ရောက်သွားတာ၊ Grab နဲ့ ပြန်မှာ အောက်ထပ်ရောက်မှ ခေါ်မလို့”

“မခေါ်နဲ့တော့၊ ကျွန်တော်လိုက်ပို့မယ်လေ”

“နေပါစေ၊ တို့ ပြန်နေကြပါ”

“မှောင်နေပြီ မမနွေရ၊ တစ်ယောက်တည်း Taxi နဲ့ မပြန်ပါနဲ့၊ လမ်းကြုံပါတယ်၊ လိုက်ပို့ပါ့မယ်၊ ကျွန်တော့ကို အားနာစရာ မဟုတ်တာကို”

အောက်ထပ်က လုံခြုံရေး ဦးလေးကြီး တစ်ယောက်သာ ရှိပြီး တစ်ရုံလုံး ဘယ်သူမှ မရှိတော့ပါ။ ဒီတစ်ခါတော့ နွေက သိပ်မငြင်းပဲ သူ့ကားနှင့် လိုက်လာလိုက်သည်။ တစ်ခါကတော့ ရုံးဆင်းချိန် နည်းနည်း နောက်ကျပြီး ဆုံတုန်း သူက ခေါ်ပေမယ့် နွေက သူမကို စောင့်နေသည့် ဖယ်ရီ ရှိသဖြင့် မလိုက်ဖြစ်ပါ။

ကားစထွက်ပြီး ခဏနေတော့ သူက 
“မမနွေ ဗိုက်မဆာဘူးလား၊ ကျွန်တော်က တစ်ခုခု ဝင်စားမလို့ကို မမနွေ နောက်ကျမှာ အဆင်ပြေရဲ့လား” 

တကယ်တော့ နွေက လွန်ခဲ့သော တစ်နာရီ လောက်ကတည်းက ဗိုက်ဆာနေတာကို မှာလည်း မစား၊ အိမ်လည်း မပြန်ပဲ ဇွဲကောင်းနေခဲ့ခြင်းဖြစ်သည်။

“တို့လည်း ဆာနေပြီ၊ အိမ်မှာလည်း ဘာမှ မရှိဘူးရယ်၊ ခေါက်ဆွဲ ပြုတ်စားရမှာ”

“ကျွန်တော်လည်း တူတူပဲလေ”

ဇေယျထက်က လွတ်လွတ်လပ်လပ် နေချင်သောကြောင့် တခါတရံမှ မိဘအိမ် ပြန်ပြီး များသောအားဖြင့်က သူ့ ကွန်ဒို တိုက်ခန်းမှာ တစ်ယောက်တည်း နေသောကြောင့် ပြန်ရောက်ရင်လည်း စားစရာက မရှိသည်မို့ သူက ပြန်ရင် လမ်းသင့်ရာမှာ ဝင်စားတတ်မြဲ ဖြစ်သည်။
ဒီလိုနှင့် လမ်းက ကြေးအိုးဆိုင်မှာ နှစ်ယောက်သား ဝင်စားဖြစ်ကြသည်။ 

“ကိုဇေက ဘာလို့ အိမ်မှာ မနေတာတုန်း”

“အိမ်မှာ အာရုံ နောက်တယ်လေ၊ ကိုကြီးတို့ လင်မယားလည်း ရှိတယ်၊ သူတို့ မွေးထားတဲ့ မျောက်လောင်းလေး ၂ ကောင်လည်း ရှိတယ်လေ၊ ဟို အပျိုကြီးကတော့ အဲဒါလေးတွေကို အသည်းစွဲ”

သူ့အပြောကို နွေက ရယ်မိသည်။ အဲသည် တူ ၂ ယောက်က အပျိုကြီး မမချိုရဲ့  အသည်းတုံးလေးတွေ မှန်းလည်း သိထားပါသည်။

“အဲဒါထက် တစ်ခြားအကြောင်းလည်း ရှိသေးတယ်၊ ကျွန်တော့် မရီး လေ၊ သူ့ ညီမ ဝမ်းကွဲ တွေရော၊ သူ့ သူငယ်ချင်း ညီမတွေ နဲ့ပါ မကျန် ကျွန်တော့်ကို အောင်သွယ်ချင် နေတာလေ”

“မင်းက စိတ်မဝင်စားဘူးပေါ့လေ၊ အဲဒီ ညီမတွေက မချောလို့လား”

“ကျွန်တော် အလုပ်ကိုပဲ အာရုံစိုက်နေတယ်လေ၊ လိမ္မာနေပါပြီဆို၊ ခုချိန်ကစပြီး ကျွန်တော် တကယ် လက်ထပ်မယ့် သူကိုပဲ တွဲမှာ”

“ကောင်းပါတယ်၊ ကောင်းပါတယ်၊ စောင့်ကြည့်ရသေးတာ ပေါ့”

“စောင့်ကြည့်ပေါ့ မမရယ်၊ ကျွန်တော်က မမကို ရအောင် လိုက်တော့မှာ” လို့ ဇေယျထက် စိတ်ထဲက ပြောမိသည်။ မမရဲ့ အရှိန်အဝါက ဟန့်တားနေတော့ ဖွင့်ပြောဖို့မရဲပဲ ကြောက်နေမိသည်။ ဇေယျထက်လို လူသားက မိန်းကလေး တစ်ယောက်ကို ဖွင့်ဟဖို့ ကြောက်နေတာ သူများတွေများ သိရင် ဘယ်လောက်တောင် အံ့သြကြလိမ့်မလဲ။ မမ ဂုဏ်သိက္ခာကြောင့် ဘယ်သူ့ကိုမှလည်း မတိုင်ပင် ရဲပါ။ မမချိုကို ပြောရင်တောင် သူ့ကို မယုံပဲ အဆူခံရနိုင်သည်။
*****
(၇)

ဇေယျထက်က မမနွေ နောက်ကျပြန်နိုင်ချေ ရှိလားလို့ ချောင်းပြီး ရက်ခြားလောက် မမနွေနှင့် အတူပြန်ရဖို့ ကြိုးစားတတ်သည်။ တဖြည်းဖြည်းနှင့် နွေကလည်း ဇေယျထက် ဘာကြံစည်နေသည်ကို သိမြင်စ ပြုလာသည်။ ဇေယျထက်က သူ့ ခံစားချက်ကို ဖွင့်ပြောဖို့ လုပ်တိုင်း နွေက လှလှပပ ရှောင်ထွက်သွားတတ်သည်။

“ကျွန်တော် တကယ် ချစ်တဲ့သူ တွေ့နေပြီ မမနွေရဲ့ ၊ အဲဒါ မပြောရဲဘူး ဖြစ်နေတယ်” ဟု စကားစသောအခါ
“ဟုတ်လို့လား” တဲ့။ ဘာမှ ဆက်မမေး။ ပုံမှန်ဆိုလျှင် ဘယ်သူလဲ ဘယ်ကလဲ ဘာညာ မေးသင့်တာ မဟုတ်ဘူးလား။ မောင်လေးတစ်ယောက်သာ ဆိုရင်လေ။

စကားနှင့် ဖွင့်ပြောဖို့က ဘယ်လိုမှ ဖြစ်နိုင်မည် မထင်သောကြောင့် Message ပို့ ပြီးပဲ ပြောလိုက်တော့မည်ဟု ဇေယျထက်က ဆုံးဖြတ်လိုက်သည်။ မျက်နှာချင်းဆိုင် မဟုတ်တော့ မျက်နှာပူရလည်း သက်သာတာပေါ့။ မမနွေက ချက်ချင်းကြီးတော့ မငြင်းလောက်ဘူး မလား။ 

“ကျွန်တော် ချစ်နေတဲ့ မိန်းကလေးက ဘယ်သူလဲ ဆိုတာ မမနွေ မသိချင်ဘူးလား”

“မသိချင်ပါဘူး”

“မမ မသိချင်ပေမယ့် ကျွန်တော်က ပြောချင်တာကို..”
မမနွေက ဘာမှ ပြန်မပို့။

“ကျွန်တော် မမနွေကို ချစ်နေတာ၊ မျက်နှာချင်းပြောဖို့ ကြိုးစားတာ မပြောရဲလို့ ၊ 
မပြောပဲလည်း မနေနိုင်တော့ဘူး၊ စိတ်မဆိုးနဲ့ နော်”

မမနွေက ဘာမှ ပြန်မပြောတော့ပဲ မမြင်ချင်ယောင် ဆောင်သွားသည်။  Wifi ပိတ်ပြီး အိပ်သွားသလိုနှင့် တစ်ညလုံး ဘာ Message မှ ပြန်မလာတော့။ တကယ်တော့ ဒီအချိန်လောက်က မအိပ်သေးတာ သိပါသည်။ နေလိုက်ပါဦးလေ။ အပျိုကြီးမမကို နည်းနည်းတော့ အချိန်ပေးရမှာပေါ့။ များများလည်း ပေးနိုင်ပါတယ်။ သူ့ကို ယုံလာမယ့် အချိန်ထိ စောင့်ရမှာပေါ့။

ဖြစ်ချင်တော့ နောက်တစ်နေ့ သူ့မှာ တနေကုန် အပြင်သွားနေရပြီး မမနွေကို အရိပ်အခြေ ကြည့်ဖို့ပင် မအားဖြစ်နေသည်။ ညဘက် ဖုန်းဆက်တော့ မမနွေက မကိုင်ပါ။ ၂ ခါ အပြင် ထပ်ခေါ်ဖို့က အားနာတာမို့ မခေါ်ဖြစ်တော့။ ပုံမှန်ဆို Miss call ဖြစ်သွားရင် ပြန်ခေါ် နေကျပါ။ ခုက သူဘာပြောမည် ဆိုတာ သိလို့ မသိယောင်ဆောင်ပြီး ပြန်မခေါ်တာ။ အပြင်ကိစ္စတွေ ပြီးသွားရင်တော့ မမနွေနဲ့ အလုပ်ကိစ္စ တစ်ခါတော့ တွေ့ရဦးမည်။

နွေနှင်းဆီသည် ဇေယျထက်နှင့် ပတ်သက်ပြီး စိတ်ထဲ နည်းနည်း ထင့်နေခဲ့သော်လည်း ဒီလို ပြောလိမ့်မည်ဟု သိပ်တော့ ထင်မထားခဲ့ပါ။ ဒီလို အပြောမခံရတော့တာ နည်းနည်းတောင် ကြာနေပြီမို့ အံ့လည်း သြမိသည်။ ကျွန်တော် အလုပ်ကိုပဲ အာရုံစိုက်နေပါတယ် တဲ့၊ ပြောခဲ့တာ ဘယ်လောက်ပဲ ကြာသေးလို့လဲ။ သူလိုလူက “ချစ်နေပါတယ်” ပြောခဲ့ဖူးတဲ့ မိန်းကလေး ဘယ်နှယောက်များ ရှိခဲ့ပြီလဲ။ နွေနှင်းဆီက သူ့ကို အလုပ်ကြိုးစားတယ်၊ တည်ကြည်နေပါတယ် ဆိုပြီး ခင်မင်ခဲ့တာ လောက်ပါ။ ချစ်သူ ဖြစ်တာကျတော့ တစ်ခြားစီလေ။ သူလို လူမျိုးကို ဘယ်လို ယုံကြည်ရမလဲ။ ယုံတာ မယုံတာထက် နွေက ချစ်သူထားဖို့လည်း စိတ်ကူး မရှိဘူး။ သူ့လို သဌေးသားနဲ့ နွေနဲ့ ဆိုတာ ဘယ်လိုမှလည်း ဖြစ်နိုင်တာ မဟုတ်ပဲ။ အသက်ကလည်း ၇ နှစ် ကြီးနေတာ။ သူ ဘယ်လို စိတ်ကူး၊ ဘယ်လို ခံစားချက်နဲ့ များပါလိမ့်။ စစချင်း တုန်းကလိုပဲ ခပ်တန်းတန်း နေခဲ့သင့်တာကို ရင်းရင်းနှီးနှီး နေမိသွားလို့ ခုလို ပြောခံလိုက်ရတာပေါ့။ 

*****

ဇေယျထက်သည် မမနွေ စိတ်ဆိုးမှာကို မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း တကယ် ရင်ဆိုင်ရတော့ ဘယ်လို ရှေ့ဆက်တိုးရမှန်းပင် မသိတော့။ 

“မမ စိတ်ဆိုးသွားတာလား၊ စကားပြန်ပြောပါဦး” ဆိုသော သူ့ Message ကို
“စိတ်မဆိုးပါဘူး၊ တို့ဘက်က ဘာမှ ပြောစရာ မရှိဘူး” တဲ့။ သူက ဘာဆက်ပြောရမှာတဲ့လဲ။

“အာ မဟုတ်ဘူးလေ မမကလည်း၊ ကျွန်တော်က အဖြေမတောင်းသေးပါဘူး၊ မမ စဥ်းစားပါဦး၊ ဒီတိုင်း တွဲရအောင်လို့ ပြောတာ မဟုတ်ပါဘူး၊ မမကို ကျွန်တော်က တန်ဖိုးထားပြီး ချစ်တာပါ၊ ယုံပေးပါ မမ”

“ဘာမှ စဥ်းစားစရာ အချိန်မလိုပါဘူး၊ တို့က ချစ်သူထားဖို့ စိတ်ကူးလည်း မရှိဘူး။ မင်းနဲ့ လည်း မဖြစ်နိုင်ပါဘူး ကိုဇေ၊ မင်း ဒါကို မပြောခဲ့ဖူးဘူး လို့ပဲ သဘောထားကြရအောင်”

နွေနှင်းဆီက ဘာပဲပြောပြော ဇေယျထက်က လက်လျော့ဖို့ စိတ်ကူး မရှိပါ။ 

အဲဒီ နောက်ပိုင်း နွေနှင်းဆီ ရှောင်ဖို့ ကြိုးစားသလို ဇေယျထက်ကလည်း နီးစပ်ဖို့ ကြိုးစားသည်။ ရုံးကလူတွေ မသိအောင်တော့ နှစ်ယောက်လုံးက ဟန်ဆောင်ထားရသည်။ 

နွေ ညနေပိုင်း အချိန်ပို လုပ်နေမိသည့် အချိန်တိုင်းမှာ ဇေယျထက်ကို တွေ့ရသည်။ မှောင်စပျိုးနေပြီ ဆိုရင်တော့ သူ့ကားနဲ့ပဲ လိုက်ခဲ့ရတာပါပဲ။ နှစ်ယောက်က ဘာမှ ဖြစ်ထားတာလည်း မဟုတ်ပဲ အတင်းကြီး ငြင်းဆန် ရှောင်တိမ်း နေတာကမှ သဘာဝ မကျဟု နွေက ထင်သည်။ သူဖုန်းဆက်လျှင် မကိုင်ပဲ ထားတာ များသော်လည်း Message တွေတော့ ပြန်ပို့ဖြစ်သည်။ 

မမနွေက ဝန်မခံသော်လည်း ဇေယျထက်ကတော့ မမနွေ သူ့အပေါ်  သံယောဇဥ် ရှိနေသည်ကို ယုံကြည်သည်။ ဒီအချိန်ထိ အပျိုကြီး အဖြစ် နေခဲ့တော့လည်း လွယ်လွယ်နဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့ ဝန်လေးနေသည်ကို သူနားလည်ပါသည်။ ပြီးတော့ သူလို အသက်လည်း ငယ်ပြီး မိန်းကလေးတွေ အများကြီးနဲ့လည်း တွဲခဲ့ဖူးသူ ဆိုတော့ ပိုဆိုးမှာပေါ့။
 
*****

တစ်ရက်တော့ သူတို့ နှစ်ယောက် အလုပ်ကိစ္စ သွားဖြစ်ပြန်သည်။ ဇေယျထက်နှင့် တိုက်ရိုက်မဆိုင်သော သူတို့ Group of Company ပိုင် တစ်ခြားသော လုပ်ငန်းခွဲ၏ Business Reporting ကိစ္စ ဖြစ်ပြီး တစ်စိတ်တပိုင်း အောင်မြင်ပြီးသော ဇေယျထက်တို့ လုပ်ငန်းခွဲ၏ Report ပိုင်းကို နမူနာ ပြောပြရန်နှင့် ဘာတွေ လိုအပ်သည်ကိုလည်း ဆွေးနွေးကြရန် ဖြစ်သည်။ မမနွေကလည်း အပြင်ထွက်ရမည့်နေ့မို့ ထင်၊ လှလှပပ ပြင်ထားသည်မို့ သူ့ မျက်စိထဲတော့ အလှကြီး လှနေသည်။ ဒါ့အပြင် မမနွေရဲ့  တစ်ဆက်တည်း ဂါဝန် ဒူးအတိလေးရဲ့ အရောင်က နို့ စိမ်းရောင်အနုလေး ဖြစ်နေပြီး ဇေယျထက်ရဲ့ ရှပ်အကျီက အဖြူပေါ်မှာ နို့စိမ်း အစင်းလေးတွေမို့ တိုက်တိုက်ဆိုင်ဆိုင် လိုက်ဖက်နေသည်။

“မမ ခဏ ခါးပတ် မပတ်နဲ့ ဦး၊ Selfie တစ်ပုံလောက် ရိုက်ရအောင်၊ အမှတ်တရ၊ လိုက်ဖက်နေလို့လေ”
မမက မျက်စောင်းထိုးလိုက်သော်လည်း မိန်းကလေး ထုံးစံအတိုင်း ပုံထဲမှာတော့ လှလှလေး ပြုံးလိုက်ပါသေးသည်။ ပြီးတော့မှသာ “နှစ်ယောက်တည်းပုံကြီး၊ သူများမြင်သွားရင် တမျိုးထင်မှာပေါ့ ဖျက်လိုက်” တဲ့။ 

“မမရာ၊ ရိုက်ပြီးမှ ဘာလို့ ဖျက်ရမှာလဲ၊ ဘယ်သူ့မှလဲ မပြဘူး၊ ဘယ်မှလည်း မတင်ဘူး၊ ကျွန်တော့်ဟာ ကျွန်တော် သိမ်းထားဖို့”

“ဒါနဲ့ မင်း ဘန်ကောက် ရုံးခွဲကို သွားရမှာ ဆို”

“ဟုတ်တယ်၊ မမတော့ လွမ်းနေတော့မှာ”

“အောင်မယ် လွမ်းစရာလား၊ သဘောတောင်ကျသေး၊ နားအေးလို့”

“ကျွန်တော်က မသွားခင် မမဆီက အဖြေတောင်း သွားမလို့ကို၊ လုပ်ပါ..၊  ခုထိ ကျွန်တော့်ကို မယုံသေးဘူးလား”
“လာပြန်ပြီကွာ၊ ပေးစရာ အဖြေမရှိပါဘူးဆို ဘယ်နှစ်ခါ ပြောရမှာလဲ၊ မဖြစ်နိုင်တဲ့ ကိစ္စကို၊ မင်းထက် ၇ နှစ်တောင် ကြီးတာ၊ အပျော်တမ်း ချစ်သူထားဖို့လည်း စိတ်ကူးမရှိဘူး”

“အပျော် မဟုတ်ဘူးလေ၊ မယုံရင် မမ အိမ်ကို သွားတောင်း လိုက်ရမလား”

“ဟယ် တော်ပြီ၊ ကားကိုသာ ကြည့်မောင်း”

“မတော်ပါဘူး၊ အတည်မေးမယ်နော်၊ မမ တကယ်ပဲ ကျွန်တော့်ကို စိတ်အနှောက်အယှက် ဖြစ်တာလား”

“ဖြစ်တာပေါ့၊ ဒီတိုင်း လုပ်ဖော် ကိုင်ဖက် လိုပဲ နေလို့ ...”

“အင်းပါ၊ အဲဒါဆိုရင်လည်း ကျွန်တော် ဘန်ကောက် ရုံးခွဲကို အပြီးပြောင်း လိုက်တော့မယ်၊ မမ မျက်စိ မနောက် တော့ဘူးပေါ့၊ အနီးအနားမှာ ရှိနေသားနဲ့တော့ မမကို မချစ်ပဲ မနေနိုင်ဘူးလေ”

“ပြောင်းပေါ့၊ ကောင်းတယ်”

ဇေယျထက်ကလည်း ဝမ်းနည်းသလို၊ စိတ်ကောက်သလို ဖြစ်သွားပြီး စကားဆက်မပြောတော့။ အမှန်တော့ ဘန်ကောက်ရုံးခွဲကို ၂ ပတ် လောက်ပဲ သွားမှာပါ။ သူ့ကို ပြောင်းဖို့ မေးသော်လည်း သူက ငြင်းပြီးသားပါ။ တမင် မမနွေကို စိတ်ဆိုးလို့ ပြောလိုက်ခြင်း ဖြစ်သည်။ အဲဒါကို ပြောင်းပေါ့၊ ကောင်းတယ် တဲ့။ သူ့ စိတ်က အထင်မှားနေတာများလား။ မမနွေက သူ့ကို တကယ်ပဲ စိတ်ထဲ မရှိဘူးလား။

မမနွေကို စိတ်ကောက်ပြီး အစက ပြောဖို့ တစ်ခု ရှိနေတာကိုလည်း မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။ ဇေယျထက်ရဲ့ အရင် ရည်းစားက မြန်မာနိုင်ငံ ခဏ ပြန်ရောက်နေသည် ဆိုပြီး တွေ့ ရအောင် ဟု သူ့ သူငယ်ချင်းက တဆင့် ပြောထားသည်။ တွေ့ရမလား၊ မတွေ့ရမလား မဆုံးဖြတ်နိုင်သေး။ မမကို ပြောထားမည်ဟု အစက တွေးထားသော်လည်း အခု မပြောချင်တော့။ နဂိုကမှ သူ့ကို အမြင် သိပ်မကြည်ရသည့် ကြားထဲ ရည်းစားဟောင်း အကြောင်း ကြားလျှင် ပိုဆိုးသွားမည်ကို ကြောက်သည်။

*****
(၈)

ဇေယျထက် Accident ဖြစ်ပြီး ဆေးရုံ ရောက်နေသည် ဆိုသော သတင်းက အစ်မဖြစ်သူ ချိုချိုထက် ဆီသို့ အရင် ရောက်လာတော့ ချိုချိုထက်ကလည်း နွေနှင်းဆီကို ပြောပြီး အဖော်လိုက်ခဲ့ဖို့ ခေါ်ရသည်။ အိမ်က အဖေ့ကို ရော၊ အမေ့ကိုပါ ဖုန်းက ဆက်လို့ မရသေးပါ။ ဒါရိုက်တာ အစည်းအဝေးက မပြီးသေးတာ ဖြစ်နိုင်သည်။ နှစ်ယောက်သား ဒရိုင်ဘာကြီးကို ခေါ်ပြီး ဆေးရုံ လာခဲ့ရသည်။ ဒီနေ့ ဇေယျထက်က နိုင်ငံခြားက ပြန်လာသော သူငယ်ချင်းနှင့် တွေ့စရာ ရှိသည် ဆိုပြီး ခွင့်ယူထားသည်ကို နှစ်ယောက်လုံး သိကြသည်။

နှစ်ယောက်သား အရေးပေါ်ခန်း ရှေ့တွင် ဘုရားစာရွတ်ပြီး စောင့်နေရသည်။ နွေသည် ပြီးခဲ့သည့် နှစ်ရက်လုံး ဇေယျထက်က ဘန်ကောက် ရုံး ပြောင်းတော့မည် ဆိုသည်ကို တွေးမိနေပြီး စိတ်ထဲ တမျိုး ဖြစ်နေရသည်ကို ခုလို ရုတ်တရက် ကြီး ကြုံရသောအခါ ဘယ်လိုမှ မခံစားနိုင်တော့။ ဇေယျထက်များ တစ်ခုခု ဖြစ်သွားခဲ့ရင်၊ ဇေယျထက်ကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ဘူး ဆိုရင် ဘယ်လို ဖြစ်မလဲ ဆိုတာကို တွေးပင် မကြည့်ရဲ။ မျက်ရည်က အလိုလို ကျလာသည်။ မမချိုများ ရိပ်မိသွားမလားပင် မတွေးနိုင်တော့။ မမချိုကလည်း သူ့ အပူနဲ့သူ မို့ နွေ့ကို ဂရုမစိုက်အားပါ။ နွေ ကိုယ့်ကိုယ်ကို ညာထားသော အမှန်တရားကို မသိချင်ပဲ သိလိုက်ရသည်။ ဇေယျထက် အပေါ် ထားမိသော သံယောဇဥ်က လုပ်ဖော်ကိုင်ဖက်ထက် ပိုခဲ့ပြီးသား ဆိုတာ...။

“အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး၊ ဒါပေမယ့် သတိရလာဖို့ကတော့ မနက်ဖြန်လား၊ နောက်တစ်နေ့လားတော့ မပြောနိုင်သေးဘူး၊ ခေါင်းကို ထိသွားတာကတော့ စောင့်ကြည့်ရဦးမယ်”

ခွဲခန်းထဲမှာ ၆ နာရီလောက် ကြာပြီးမှ ထွက်လာသော ဆရာဝန်ကြီးက ပြောသည်။ သူ့ မိဘတွေလည်း ခုမှ ရောက်လာကြသည်။ 

နွေလည်း မမချိုကို နှုတ်ဆက်ပြီး ပြန်ဖို့ ထွက်လာတော့ အသိ ယာဥ်ထိန်းရဲ တစ်ယောက်နှင့် တွေ့သည်။ ကိုမိုးဟိန်းက နွေတို့ ဌာနက မိန်းကလေးတစ်ယောက်၏ အမျိုးသား ဖြစ်သောကြောင့် ညစာ စားပွဲတွေ လာကြိုရင်း ဇေယျထက်နှင့်ပါ ရင်းနှီးသောသူ ဖြစ်သည်။ သူတာဝန်ကျသော အပိုင်းဖြစ်သည်မို့ အခင်းဖြစ်ရာကို စစ်ဆေး မေးမြန်းပြီးမှ ဆေးရုံ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ကိုမိုးဟိန်း ပြောတော့မှပင် ဇေယျထက်နှင့် အတူပါသော တစ်ယောက်မှာ မိန်းကလေး ဖြစ်ကြောင်း သိရသည်။

“ကိုဇေနဲ့ အတူပါလာတဲ့ မိန်းကလေးကတော့ ကံကောင်းသွားတယ်၊ ကံကောင်းတယ် ဆိုတာလည်း ကိုဇေက ကယ်လိုက်တာလည်း ပါတာပေါ့၊ ဖြစ်စဥ်ကို ကြည့်တော့ တိုက်ရမှာက မိန်းကလေး ထိုင်တဲ့ဘက်ပဲ၊ ဒါပေမယ့် ကားကို ဆွဲလှည့်လိုက်တော့ မောင်းသူဘက်နဲ့ တိုက်မိသွားတာ၊ တစ်ဖက်က ကုန်ကားကြီး ဆိုတော့ နည်းနည်းပဲ တိုက်မိပြီး မှောက်မသွားတာတောင် ကံကောင်းတာ၊ တစ်ဖက် ကုန်ကားမောင်းသမားလည်း ဘာမှ သိပ်မဖြစ်လိုက်ဘူး၊ သူကလည်း တစ်ဖက်က ဆိုင်ကယ်ကို ရှောင်ရင်းနဲ့ ဖြစ်သွားရတာ၊ မျက်မြင်သက်သေလည်း သပ်သပ် မရှိဘူး၊ ကုန်ကား မောင်းသမားက နည်းနည်းပဲ ထိခိုက်တော့ ခုနကပဲ ထွက်ချက်ပေးလိုက်တာ၊ ကိုဇေတို့ ကားကလည်း ဘလက်ဘောက်စ်က မရဘူး၊ နည်းနည်းတော့ ထူးဆန်းသား၊ သူ့ကား အကောင်းစားကြီးထဲက ဘလက်ဘောက်စ်မှာ Memory card မရှိနေဘူးလေ”

“သူက အမြဲတမ်း စစ်တတ်ပါတယ်၊ သူ့ကားမှာ၊ အဲဒါမျိုးတွေ အမြဲ ပြည့်စုံအောင် တပ်ထားတာ”

“ဟုတ်လား၊ အဲဒါဆို တိုက်မိတဲ့ အရှိန်နဲ့ တနေရာရာ ပြုတ်ကျ သွားတယ် ထင်တယ်”

“အင်း အဲလို ဖြစ်မှာပေါ့၊ ဒါနဲ့ ဘလက်ဘောက်စ်က ဘာလို့ လိုတာလဲ၊ သေသွားတဲ့ လူလည်း မရှိဘူး မလား”

“ဘာရယ်တော့ မဟုတ်ပါဘူး၊ ကျွန်တော်က ဖြစ်စဥ်ကို သေချာ မှတ်တမ်းတင်ချင်တာနဲ့ ရှာမိတာပါ၊ ပြီးတော့ ကုန်ကားသမားက ပြောတယ်၊ ကိုဇေတို့ ကားက အဲလို အတင်း ဆွဲလှည့် လိုက်လို့ အများကြီး တိုက်မိသွားတာတဲ့၊ မဟုတ်ရင် ပွတ်ကာသီကာလေးပဲ တိုက်မိမှာတဲ့၊ ဟုတ်မဟုတ်တော့ မသေချာဘူး၊ သူ အပြစ်မရှိကြောင်း ပြချင်လို့ ပြောတာလည်း ဖြစ်ရင် ဖြစ်မှာ၊ ဒါပေမယ့် အဲဒီ မိန်းကလေးကိုလည်း နည်းနည်း မေးပြီးပြီ၊ အတူတူပဲ ပြောတယ်၊ ကိုဇေက သူ့ ကို ကယ်လိုက်တာ တဲ့။ ဒါနဲ့ အဲဒီ မိန်းကလေးကို မနွေရော သိလား၊ သူ အသက်ပေးပြီး ကာကွယ်ချင်ခဲ့တာ ဆိုတော့.. ကိုဇေ့ ချစ်သူ များလား၊ နာမည်က ကေသရီ တဲ့၊” 

“သြော်၊ နွေလည်း သေချာ မသိဘူး ရှင့်”

ကိုဇေက အသက်ပေးပြီး ကာကွယ်ချင်တဲ့ မိန်းကလေး တဲ့။ ကိုမိုးဟိန်းက အဲလို ပြောတာကို ကြားရတော့ နွေမှာ ဆွံ့ အ သွားရသည်။ ဇေယျထက်က တွဲသမျှ မိန်းကလေးတွေကို အဲလောက်ကြီး အရေးထား ခဲ့တာ မဟုတ်တာကို သိနေသည်။ နိုင်ငံခြားကလည်း ပြန်လာသူ ဆိုတော့ မဟုတ်မှ သူ့ အချစ်ဦး များလား။ အဲဒီ အချစ်ဦးကြောင့် သူ အသည်းတွေ အကြာကြီးကွဲပြီး စိတ်လေ နေခဲ့တာ။ ဘယ်လိုပဲ ပြတ်နေခဲ့ပေမယ့် ပြန်တွေ့တော့လည်း ဘယ် စိတ်ပြတ် ပါ့မလဲ။ အဲဒီ မိန်းကလေးကို မထိခိုက်စေချင်ဘူးပေါ့။ ဒီလို အချိန်မှာ ကာကွယ်မိတယ် ဆိုတာက မသိစိတ်ကပဲလေ။ သူ အကြာကြီး ချစ်ခဲ့တဲ့ ငယ်ချစ်ဦး မဟုတ်လား။ ဘာပဲဖြစ်ဖြစ်ပါ။ သူလည်း အသက်အန္တရာယ် မရှိတော့ဘူး ဆိုတော့ တော်သေးတာပေါ့။ သူ ကယ်တင်ချင်ခဲ့တဲ့ အဲဒီ မိန်းကလေးက သူ့ဆီ အပြီး ပြန်လာတာ ဆိုရင်တော့ ကောင်းသားပါပဲ။ ဦးနှောက်တွေ ဘာတွေ မထိခိုက်ပဲ သူ သတိရပြန်ရလာဖို့ပဲလိုပါသည်။ နွေ အနားကို ပြန်ရောက် မလာလည်း ကိစ္စ မရှိပါ။ ဒါက နွေ့ စိတ်ရင်း အမှန်ပါ။ 

*****
(၉)

ဇေယျထက်သည် မြူငွေ့များ သမ်းနေသော အမှောင်ယံထဲတွင် ဦးတည်ရာမရှိ လျှောက်နေရာမှ ခေါ်သံ သဲ့သဲ့ ကို ကြားလိုက်ရသည်။ မိန်းကလေး တစ်ယောက်၏ အသံဖြစ်သည်။
“ကိုဇေ ပြန်လာခဲ့တော့၊ ရှေ့ဆက်မသွားနဲ့တော့၊ ဒီမှာ မင်းကို စောင့်နေတဲ့သူတွေ ရှိတယ်လေ၊ ပြန်လှည့်ခဲ့”

အသံကို ကြားပင် ကြားသော်လည်း ဘယ်ကလာသည်ဟု မမှန်းဆတတ်ပဲ သူက ဘယ်ကို ပြန်လှည့်ရမှန်းလည်း မသိ ဖြစ်နေသည်။
“ကိုဇေ မင်း သွားလို့ မရသေးဘူးလေ၊ ပြန်လာခဲ့ပါ”

ဇေယျထက်သည် အလင်းရောင်က ရှေ့မှာ ရှိလာနိုးနှင့် လျှောက်နေရာမှ ရပ်လိုက်ပြီး နောက်ပြန် လှည့် လိုက်သည်။ အသံက နောက်ကနေ လာပုံ ပေါ်သည်။ နောက်လှည့်ပြီး ပြန်လျှောက်နေရင်း အလင်းသဲ့သဲ့ကို မြင်လာရသည်။ 
“ကိုဇေ၊ ဒီမှာ မမ ရှိတယ်လေ၊ ပြန်ခဲ့”

ဇေယျထက်သည် မိန်းကလေး၏ အသံလာရာ အလင်းရောင် သဲ့သဲ့ ရှိရာဘက်သို့ လာရင်း အလင်းရောင်က တဖြည်းဖြည်း ပိုထင်ရှားလာသည်။ ပွင့်နေသော တံခါးပေါက် တစ်ပေါက်။ ဒီ တံခါးကနေ သူ ထွက်လာခဲ့မိသည် ထင်သည်။ တစ်ဖက်မှာ ဘာရှိသည် မသိသော်လည်း သူ တံခါးပေါက်မှ လှမ်းဝင်လိုက်သည်။

သူ မျက်စိ ဖွင့်လိုက်သည့်အခါ အဖြူရောင် မျက်နှာကြက်ကို အရင်မြင်လိုက်ရသည်။ သူ့ အသိစိတ်တွေက ဝေဝေဝါးဝါး။ သူ ဘယ်ရောက် နေသည်ကို သူမသိ။ အသံရှင် မိန်းကလေးကိုလည်း မတွေ့ရပါ။ ဟိုဟိုသည်သည် ကြည့်ရင်းနှင့် သူ ဆေးရုံကုတင်ပေါ် ရောက်နေမှန်း သိလာသည်။ သူ့ အနားမှာ ဘယ်သူမှ ရှိမနေပါ။ သူ့ မျက်နှာပေါ်မှာ အသက်ရှုပိုက်လိုမျိုး ဘာမှတော့ ရှိမနေပါ။ ခဏကြာတော့ နပ်စ် အမျိုးသားလေး တစ်ယောက် ဝင်လာသည်။ သူ နိုးနေသည်ကို မြင်တော့ အတော်လေး အံသြသွားပုံနှင့် သူ့ အနားသို့ ရောက်လာသည်။

“အစ်ကို သတိရလာပြီလား၊ အစ်မတောင် ခုလေးပဲ ပြန်သွားတာ၊ ဒေါက်တာ့ကို သွားပြောလိုက်ဦးမယ်နော်”
“ကိုယ် သတိလစ်နေတာလား၊ ဘယ်လောက်ကြာပြီလဲ”
“အစ်ကို သတိမေ့နေတာ ၂ လ လောက် ရှိပြီလေ၊ ဆရာကြီးက အစကတော့ အလွန်ဆုံး ၂ ပတ်လောက် နေရင် သတိရလာမယ် ပြောထားတာ၊ နောက်တော့ ကိုမာ ဝင်သလိုမျိုးပဲ ဘယ်လောက် ကြာဦးမလဲ မသိဘူး ဖြစ်သွားတာ”

နပ်စ်လေး သွားပြောသည်နှင့် တာဝန်ကျ ဆရာဝန်က ချက်ချင်း လာကြည့်သည်။ သူ့ကို နည်းနည်းပါးပါး စစ်ဆေးပြီး အားလုံး ကောင်းသည်ဟု ပြောသည်။ ခဏကြာတော့ အိမ်က ရောက်လာကြသည်။ အထူးကု ဆရာဝန်ကြီးလည်း ရောက်လာသည်။ ဖေဖေရယ်၊ မေမေရယ်၊ မမကြီးရယ်၊ သူတို့ ကို မမှတ်မိမှာ စိုးနေရာက ဇေယျထက်က မှတ်မိသဖြင့် အားလုံး ဝမ်းသာသွားကြသည်။ သို့သော် မတော်တဆမှု ဖြစ်သည်ကိုတော့ သူတို့ ပြော၍သာ သိရသည်။ ဘယ်နေရာသွားပြီး၊ ဘာကြောင့် ဖြစ်ရသည်ကို မှတ်မိမနေပါ။ 

ဆရာဝန်ကြီးကတော့ လောလောဆယ် အကြောင်းအရာ တချို့၊ လူတချို့ကို မမှတ်မိသည်မှာ ဖြစ်တတ်သည့် သဘောဖြစ်ကြောင်း၊ တဖြည်းဖြည်းနှင့် မှတ်မိလာလိမ့်မည် ဟု ပြောသည်။ ဆေးရုံတွင် တစ်ပတ်၊ နှစ်ပတ်လောက်တော့ အခြေအနေ စောင့်ကြည့်ရန် နေရဦးမည်ဟု ဆိုသည်။

ဇေယျထက်လည်း နေကောင်းနေသောကြောင့် အိမ်က လူတွေကို ပြန်လွှတ်လိုက်ပါသည်။ စောင့်နေကြ နပ်စ် ကောင်လေးသာ စောင့်ကျန်ရစ်သည်။ 

“အစ်ကို သတိရလာတာ ဟို အစ်မကိုလည်း ဖုန်းဆက်လိုက်ပါတယ်၊ သူက အစ်ကို့ အိမ်က လာနေပြီဆို ရပြီပဲ တဲ့၊ မှောင်နေပြီမို့လို့ တဲ့ နောက်နေ့မှ လာတော့မယ် တဲ့”

“ဟင် မင်းပြောတဲ့ အစ်မ ဆိုတာ ခုန လာတဲ့ အစ်မကြီး မဟုတ်ဘူးလား၊ ကိုယ့်မှာ အစ်မ တစ်ယောက်ပဲ ရှိတာလေ”

“ခုန အစ်မကြီးကို ပြောတာ မဟုတ်ဘူး၊ ခုန အစ်မကြီးလည်း မကြာခဏတော့ လာပါတယ်၊ ဒါပေမယ့် ဟို အစ်မက နေ့တိုင်း လိုလို လာတယ်လေ၊ အစ်ကို့ အနားမှာ နေပြီး ဘုရားစာတွေလည်း ရွတ်ပေးတယ်၊ စကားတွေလည်း ပြောပေးတယ်၊ သူ့ကြောင့်မို့ အစ်ကို ခုလို စောစော နိုးလာတယ်လို့ ထင်တာပဲ”

နပ်စ်ကလေး ပြောတာကို နားထောင်ပြီး သူ အိပ်မက်ထဲမှာ လမ်းပျောက်နေတုန်း သူ့ကို လှမ်းခေါ်သော အသံရှင် မမ ကို သတိရလိုက်သည်။ အဲဒီ အသံရှင် မမ၏ အသံလာရာ အလင်းရှိရာကို လိုက်လာပြီး သူ ပြန်ရောက်လာခဲ့သည် ထင်သည်။ ဇေယျထက်က ထိုအကြောင်းကို ပြောပြလိုက်တော့ နပ်စ် ကောင်လေးက “ကျွန်တော် ပြောသလိုပဲ မဟုတ်လား၊ အဲဒီ မမက အစ်ကို့ ကို ပြန်ခေါ်တာ” ဟု ထောက်ခံသည်။ ခက်သည်က အဲဒီမမ ဘယ်သူဖြစ်နိုင်သည်ကို သူ မမှတ်မိပေ။ အိပ်မက်ထဲမှာလည်း အသံပဲ ကြားခဲ့ရသည်။

“အဲဒီ အစ်မ ရဲ့ နာမည်က ဘယ်သူ တဲ့လဲ သိလား”

“အဲဒါတော့ ကျွန်တော်လည်း မမေးဘူးလေ၊ အစ်မ လို့ပဲ ခေါ်တာပဲ၊ အစ်ကို့ အစ်မ လို့ သူက ပြောတာ၊ မဟုတ်ရင် အစ်ကို့ ချစ်သူ များလား၊ သူက အမြဲတမ်း အစ်ကို့ အိမ်က လူတွေ မလာတဲ့ အချိန်ပဲ လာတတ်တာ”

သူ့မှာ တစ်ဝမ်းကွဲ အစ်မတွေလည်း မရှိပါ။ မမ ဟု ခေါ်ရမည့် ချစ်သူလည်း မရှိပါ။ မရှိတာလား၊ မမှတ်မိတော့တာ များလား။
စကားတွေပြောပြီး စဥ်းစားတာ များသွားသောကြောင့် ခေါင်းတွေ မူးလာပြီး သူ အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ မမကို ထပ်မတွေ့တော့ပါ။
*****
(၁၀)

နောက်နေ့တော့ မေမေပဲ လာသည်။ ဖေဖေ နဲ့ မမကြီးက အလုပ်များနေပြီး မလာနိုင်တာကို နားလည်ပါသည်။ သူမျှော်နေသော မမ တစ်ယောက်လည်း မလာပါ။ ရဲအရာရှိ တစ်ယောက်တော့ ရောက်လာသည်။ ဇေယျထက်နှင့် ခင်မင် ခဲ့သည်ဟု သူပြောသော်လည်း နာမည်လည်း မမှတ်မိ၊ လူကိုလည်း မမှတ်မိပါ။ မတော်တဆ ဖြစ်သည့် နေ့ အကြောင်း မေးသောအခါလည်း ဇေယျထက်က ဘာမှ မမှတ်မိသေးပါ။

“ခင်ဗျား တစ်ချို့ ဟာတွေ မမှတ်မိသေးဘူးလို့ ကြားထားပါတယ်၊ အမှုကလည်း ပိတ်လိုက်ပါပြီ၊ သေတဲ့လူ ဘာ ညာလည်း မရှိဘူး ဆိုတော့လေ၊ ခုလာတာက သတင်းလာမေးတာပါ၊ ခင်ဗျား ဘာများ မှတ်မိလဲ ဆိုတာတော့ သိချင်လို့ပါ” တဲ့။

နောက်တစ်ရက် သူ့ သူငယ်ချင်းတွေ လာသည်။ သူတို့ကတော့ ငယ်ငယ် တက္ကသိုလ် တက်ကတည်းက သူငယ်ချင်းတွေမို့ အကုန် မှတ်မိသည်။ “မင်း တွဲခဲ့တဲ့ ကောင်မလေးတွေ နာမည်ရော မှတ်မိလား” တဲ့။ သူတို့က မေးသည်။ “မမှတ်မိ ဘူး” လို့ ပြန်ပြောလိုက်သည်။ တကယ်လည်း မမှတ်မိတော့ပါ။ သူ့ မှတ်ဉာဏ်က လက်ရှိ ၆ လ၊ တစ်နှစ် အတွင်းကို သေချာ မမှတ်မိ သလို ဖြစ်နေသည့် ပုံပင်။

သူ သတိရလာသည်မှာ ၅ ရက် ရှိသွားပြီ ဖြစ်သော်လည်း မတော်တဆ ဖြစ်သည့် နေ့ အကြောင်းကို ခုထိ မမှတ်မိသေးပါ။ မေမေကတော့ မစဥ်းစားနဲ့ တော့ တဲ့။ မမှတ်မိချင်တဲ့ မှတ်ဉာဏ်တွေကို မမှတ်မိချင်လည်း နေပါစေ တဲ့။ မမှတ်မိချင် စရာတော့ အကြောင်း မရှိဘူး ထင်ပါသည်။ မတော်တဆ မမှတ်မိပဲ ဖြစ်နေတာပါ။ မမှတ်မိသည့် အထဲ ဘာတွေများ ပါနေသလဲ၊ သူ့ ဘဝ အတွက် အရေးကြီးသည့် ဘယ်သူတွေများရော ပါနေသေးပါသလဲ။

သူ သတိ မရခင်က နေ့တိုင်း လိုလို လာသည် ဆိုသော မမ သည် သတိရပြီးသည့် နောက် ခုထိ ပေါ်မလာပါ။ အဲဒီ မမ ဆိုသည်ကို သူ့ အစား မျှော်ပေးနေသော နပ်စ် ကောင်လေးလည်း ဘာမှ မပြောတော့ပါ။ 

သူ့ စိတ်ထဲမှာ ခုထက်ထိ ဟာလာ ဟင်းလင်းလို ဖြစ်နေသေးသော်လည်း တစ်ယောက်ယောက်ကို လွမ်းနေသလိုလို၊ တွေ့ ချင်သလိုလို စိတ်ကလည်း တစ်နေရာရာမှာ ဖြစ်နေသည်။ ဘယ်သူ့ကိုရယ်လို့ နာမည်တပ်လို့လည်း မရပြန်ပါ။

၆ ရက်မြောက်နေ့မှာ မကြီး ချိုချိုထက် ပေါ်လာသည်။ 

“ငါလည်း လကုန်ရက်မို့ အလုပ်တွေ အရမ်း များနေလို့ ဟေ့၊ နင်လည်း နေကောင်းနေပြီ ဆိုတာနဲ့ မလာဖြစ်တာ၊ ဘယ်လိုလဲ နေရတာ အဆင်ပြေတယ် မဟုတ်လား”

“ဟုတ်၊ ကောင်းနေပါပြီ မကြီးရ၊ မလာလည်း ရပါတယ်”

“ဒီမှာ မင်းဖုန်း၊ မှန်ကွဲတာ ပြင်ပေးထားပြီး မေ့ နေတာ၊ အဲဒါ လာပေးတာ၊ အရမ်းတော့ ကြည့်မနေနဲ့ ဦး၊ ဆရာဝန်က အာရုံကြောကို အနားပေးရဦးမယ် တဲ့”

မမကြီးက ပြောပြီး ပေးပြီး iPhone အပြာလေးကိုပင် သူ့ ဖုန်း ဟုတ်သလိုလို မဟုတ်လိုလိုနှင့် မရင်းနှီးဘူး ဖြစ်နေသည်။
“အသစ် ဝယ်ချင်လည်း နောက်မှပေါ့၊ ဒီဟာလည်း မင်း ဝယ်ထားတာ မကြာသေးဘူးပဲ၊ Data တွေလည်း ပြန်ယူရအောင်လို့ မှန် မှာပြီး ပြင်ပေးထားတာ၊ အကောင်းဖြစ်သွားပါပြီ”

“ကျေးဇူး မမကြီး”

“ငါ့ တာဝန် ရှိတဲ့အတိုင်း ကေသရီ ကိုတော့ မင်း သတိရလာပြီ လို့ ဖုန်းဆက်ပေး ထားပါတယ်၊ သူ ဆက်ချင် ဆက်လိမ့်မယ်၊ ဒါပေမယ့် အဲဒီ ဟာမ နဲ့ မင်း ပြန်တွဲဖို့ တော့ မစဥ်းစားနဲ့နော်၊ ငါတော့ သဘောမတူဘူး”

ရုတ်တရက်ကြီး မမကြီးက ကေသရီ အကြောင်းကို ပြောတော့ သူ အံသြသွားသည်။ ကေသရီ နဲ့ သူ ဇာတ်လမ်း ပြတ်ခဲ့ ပြီးပြီပဲ။

“မကြီး ကလည်း ဘာတွေ ပြောနေတာလဲ၊ ကေသရီက ဘာလို့ ဖုန်းဆက်မှာလည်း၊ ကျွန်တော်တို့ ပြတ်သွားတာ ကြာပြီ မဟုတ်ဘူးလား”

“သြော်၊ အေး မင်း မမှတ်မိသေးဘူးပဲ၊ အဲဒီ မင်းရည်စားဟောင်း ကေသရီ ကို မင်းပဲ အသက်စွန့် ကယ်ခဲ့တယ်လေ၊ အဲဒီနေ့က မင်းတို့ နှစ်ယောက် တွေ့ကြတယ်လေ”

“ဗျာ၊ ကေသရီ နဲ့လား၊ အဲဒီ အကြောင်း ကျွန်တော့ကို ဘယ်သူမှလည်း မပြောကြပါလား၊ ဒါဖြင့် ကေသရီ ခု ရန်ကုန် ပြန်ရောက် နေတာလား”

“သူလည်း ဆေးရုံ ၄ ရက်လောက်တော့ တက်လိုက်ရတယ်လေ၊ အဲ့တုန်းက မင်းဆီ လာကြည့်သေးတယ်၊ နောက်တော့ မင်းသတိရလာဖို့လည်း ကြာဦးမယ် ဆိုတော့ စင်ကာပူ လား ကနေဒါလား မသိပါဘူး ပြန်သွားပြီ”

ပြန်သွားပြီ ဆိုတော့ သူ့ သတိရမယ့် နေ့ အထိ လာနေတဲ့ မိန်းကလေးက ကေသရီ မဟုတ်တာ သေချာသည်။

“ဒါနဲ့ မကြီးကိုတော့ မေးလိုက်ဦးမယ်၊ ကျွန်တော့မှာ ခု လက်ရှိ ချစ်သူ တစ်ယောက်ယောက် ရှိတာလား၊ ကျွန်တော်က မမှတ်မိဘူးမို့ မမကြီး များ သိမလား လို့”

“ငါတော့ မသိပါဘူး၊ ဇေယျထက်ရယ်၊ မင်းကို.. နေမကောင်းနေလို့ ပဲ၊ ငါ သိပ်မပြောချင်ဘူး၊ အရင်ရည်စားကိုလည်း ကယ်တင်ရှင် လုပ်လို့ သေမလို ဖြစ်ပြီး၊ သတိရလာတော့ လက်ရှိ ရည်းစား တဲ့ ဟုတ်လား၊ မင်း အချိုးပြင် နေပြီ မှတ်တာ၊ မပြင်သေးဘူး ကိုး”

“ဟာ မမကြီး ကလည်း ဗျာ၊ မမှတ်မိလို့ စိတ်ညစ်ရတဲ့ ထဲ”

“မင်း ဖုန်းထဲ ရှာကြည့်ပေါ့၊ ကံကောင်းလို့ မှန်တင် ကွဲသွားတာ၊ အထဲ မထိဘူးတဲ့ မင်း lock ကိုလည်း မဖြည်ထားဘူး၊ ကိုယ့်ဟာကိုယ် ကြည့်ကြည့်၊ ငါ ပြန်တော့မယ်”

မမကြီး ဆီက ကေသရီ ဆိုသော နာမည်ကို ကြားရသော်လည်း သူ ဘာမှ မခံစားရပါ။ ပြီးခဲ့သော ဇာတ်လမ်း တစ်ပုဒ် မဟုတ်လား။ အဲဒီနေ့က ကေသရီနဲ့ ဘာလို့ တွေ့တာ ပါလိမ့်။ သူက ဘယ်လိုများ ကေသရီ့ အသက်ကို ကယ်တာပါလိမ့်။

Phone lock က လက်ဗွေမို့သာ တော်သေးသည်။ နံပါတ်တွေ၊ Pattern တွေဆို သူ မှတ်မိချင်မှ မှတ်မိမည် ထင်သည်။ ဖုန်းထဲမှာ ဘာကို ရှာရမှာပါလိမ့်။ သူက Social Media တွေမှာလည်း ဘာမှ တင်လေ့မှ မရှိတာ။ အင်တာနက် ဖွင့်ပြီး Viber ဖွင့်လိုက်တော့ ရုံးက Group များ၏ စာများ ပလုံစီပြီး တက်လာသည်။ ဟိုဟို ဒီဒီ ဆွဲ ကြည့်ပြီးချိန်မှာ “မမ” ဟု မှတ်ထားသော Contact တစ်ခုကို တွေ့သည်။ Chat ကို ဖွင့်ကြည့်လိုက်သည့် အခါ သူရှာနေသော မမ ဖြစ်နိုင်ကြောင်း တွေ့လိုက်ရသည်။ Profile ပုံကို ဖွင့်ကြည့်တော့ ကုတ်အနက်လေးနှင့် စမတ်ကျကျ မမ လှလှလေးကို တွေ့လိုက်ရသည်။ နေပါဦး။ “မမ” လို့ မှတ်ထားတော့ နာမည်က ဘယ်သူ ပါလိမ့်။ အဲဒီ မမ ဟာ သူ သတိရပြီးသည့် နောက် တစ်ခါမှ မလာခဲ့ပါဘူး။ ဘာလို့ ပါလိမ့်။ 

“ညီလေး၊ မင်း သိတဲ့ မမ ဆိုတာ ဒီ တစ်ယောက်လား”
နပ်စ်လေးကို မေးကြည့်တော့ “ဟုတ်တယ် အစ်ကို သူပဲလေ” တဲ့။ ထပ်မေးမှာ ကြောက်သလားမသိ။ အပြင်ထွက်သွား တော့သည်။

အဲဒီ မမ ဆိုရင် ဘာလို့ မလာတာပါလိမ့်။ တစ်ခုခု မှားနေသလိုပါပဲလား။ မမကြီးလိုပဲ အလုပ်တွေ အရမ်းရှုပ်ပြီး မအားနေတာလား။ ဘယ်လောက်ပဲ မအားပါစေ ပေါ့၊ ခုမှ သတိရလာတဲ့ ကိုယ့်ချစ်သူ ဆီတော့ လာသင့်တာပဲ မဟုတ်ဘူးလား။

မဟုတ်သေးဘူး။ စာတွေ ဖတ်ကြည့်ရ သလောက် ချစ်သူ မဟုတ်သေးဘူး ထင်တယ်။ ချစ်သူ မဟုတ်သေးတော့ လာရမှာ တစ်မျိုး ဖြစ်နေတာလား။ ဖုန်းဆက် ကြည့်ရင် စိတ်မဆိုး လောက်ဘူး ထင်သည်။

Viber ထဲမှာ Online ဖြစ်မနေ သောကြောင့် ရိုးရိုး ဖုန်း ခေါ် ကြည့်လိုက်သည်။ မကိုင်ပါ။ ခုက ဘယ်နှနာရီ ပါလိမ့်။ ရုံးပြန် ရေချိုး ထမင်းစား နေချိန် မို့ များလား ဟု တွေးပြီး ဖုန်း ထပ်မခေါ် ဖြစ်တော့။ ဘာကြောင့်မှန်းမသိ။ ဝမ်းနည်း သလိုလို ဖြစ်လာသည်။ သူ အလေးထားပြီး ချစ်ခဲ့ရသည့် မိန်းကလေးကို မမှတ်မိဘူး တဲ့လား။ အဲဒီ မိန်းကလေးကလည်း သူ့ကို ဂရုစိုက်သလား၊ ဂရုမစိုက်ဘူးလား၊ သေချာ ဝေခွဲမရ။ သူ မမှတ်မိနိုင်သည့် အကြောင်းကို ကြားထားပြီးတော့ မလာတော့တာလား။ လာပြီးတော့မှ သူက မမှတ်မိပါဘူး ဆိုရင် ရှက်သွားနိုင်တာပေါ့။ အဲလို များလား။

Photos ကို ဖွင့် ကြည့်လိုက်တော့ မမ နှင့် သူ ကားပေါ်မှာ နှစ်ယောက်တည်း ရိုက်ထားသော ပုံလေးကို တွေ့ ရသည်။ သူ့ Photos တွေထဲတွင် တစ်ခြား မိန်းကလေးပုံ တစ်ပုံမှ မရှိပါ။ ကေသရီ ပုံလည်း တစ်ပုံမှ မရှိတော့။ တစ်ခြားက ရှုခင်းပုံ တစ်ချို့၊ Group ပုံ တစ်ချို့ သာ ရှိသည်။

“မမ၊ ဆေးရုံကို ဘာလို့ မလာတာလဲ၊ ကျွန်တော် သတိရပြီးမှ မမကို တစ်ခါမှ မတွေ့ရသေးဘူး”

Viber ထဲမှာ Message လေး တစ်ကြောင်း ပို့ထားမိသည်။ မမ နာမည်မှာ နွေပါသည် ထင်သည်။ မမနွေ ဟု ခေါ်ထားသည်ကို Message တွေထဲမှာ ဖတ်ရသည်။ အသိစိတ်က မှတ်မိသွားတာမျိုး မဟုတ်ပဲ နှလုံးသားက မမ ကို၊ သူ မမ အပေါ် ချစ်မိသည့် အချစ်တွေကို ခံစားမိလာသည်။ မမ ဆီကို ပြေးသွားချင်လာသည်။ 

စိတ်ထဲတွင် မွန်းကျပ်လာသောကြောင့် အပြင်ထွက်မည် စိတ်ကူးနှင့် ထရပ်လိုက်ချိန်တွင် အခန်းတံခါးက ရုတ်တရက်ပွင့်လာသည်။ အပြင်ထွက်သွားသော နပ်စ်လေး မဟုတ်ပါ။ မမနွေ ဖြစ်နေသည်။ မမ သူ့ဆီ လျှောက်လာတာကို ကြည့်နေရင်း မမကို မမှတ်မိတဲ့ သူစိမ်း တစ်ယောက်လို ခံစားချက်မျိုးက လုံးဝကို ရှိမနေတော့ပါ။
 
“မမ”
“ကိုဇေ၊ တော်သေးတယ် မင်း ဒီလို ပြန်ကောင်း လာလို့”

မမက သူ နေကောင်းလာတာကိုပဲ မယုံနိုင်သလို သူ့ လက်မောင်းကို ခပ်ဖွဖွ ထိကိုင်သည့် အခါ မမ လက်ကလေးကို ပြန်ဆုပ်ကိုင်ရင်း မမ ကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသည်။ မသိစိတ်က အလိုလို လုပ်လိုက်မိသည့် အပြုအမူမျိုး။ ဘာမှ ပြောပြစရာ၊ ရှင်းပြစရာ မလိုပဲ အချင်းချင်း နားလည်သော ခံစားချက်ကို အတူတူ ခံစားမိကြသည်။ နှစ်ယောက်သား ဝေးခဲ့ကြတာ တစ်ကမ္ဘာလောက် ကြာသွားသလိုမျိုး။ နပ်စ်ကလေးက အခန်းတံခါးကို သာသာလေး ဖွင့်လိုက်ပြီး သူတို့ ကို မြင်သဖြင့် ပြန်ထွက်သွားတာ ကိုလည်း မသိလိုက်ပါ။

အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ကြပြီးနောက် ဇေယျထက်က
“မမ ကို လွမ်းနေတာ၊ ကျွန်တော် ခုနပဲ ဖုန်းဆက်သေးတယ်၊ မမက မကိုင်လို့ “

“အင်း၊ လမ်းမှာမို့ မကြားတာ နေမယ်၊ မင်း လူတွေကို မမှတ်မိဘူးဆို၊ တို့ ဘယ်သူလဲ ဆိုတာ သိလို့လား”

“သိပါတယ်၊ တကယ်တော့ ခုနမှ သိသွားတာ၊ ကျွန်တော့်ဖုန်းက ဒီနေ့မှ ပြန်ရတာ၊ ဒါပေမယ့် ကျွန်တော် သတိမရခင်က မမ နေ့တိုင်း လိုလို လာတယ် ဆိုတာလည်း သိတယ်။ ပြီးတော့ မမကို ဘယ်သူမှန်း သေချာ မသိပေမယ့် မမ ကြောင့် ကျွန်တော် ပြန်လာတာ၊ ကျွန်တော် လမ်းပျောက်နေရာက မမ ခေါ်သံ ကြားလို့ ပြန်လာတာ”

“အဲလို လား”

“နိုးလာတော့ မမကို မတွေ့ ရဘူးပဲ၊ မမ လာမလား လို့ မျှော်နေတာကို၊ ခု ဘယ်သူမှန်း သိသွားတော့ မနက်ဖြန် ဆေးရုံက လစ်ပြီး မမဆီ လာမလား စဥ်းစားနေတာ၊ မမ က လာတော့ ပျော်လိုက်တာ”

“တောင်းပန်ပါတယ် ကိုဇေ၊ မင်း သတိရတယ် ဆိုကတည်းက လာချင်ပါတယ်၊ အထင်လွဲစရာ လေး နည်းနည်း ရှိနေခဲ့လို့ပါ”

“အထင်လွဲစရာလား၊ ဘာများလဲ၊ ကျွန်တော်က မမှတ်မိမှာ စိုးလို့ မလာတာလားလို့”

“ခုတော့ မလွဲတော့ပါဘူး၊ သိသွားပြီမို့ လာတာလေ”

“အာ မမ အဲလို တော့ မလုပ်နဲ့လေ၊ ဘာကို အထင်လွဲတာလည်း ဆိုတာ ပြောပြဦးမှပေါ့”

“မင်းက အတူပါလာတဲ့ မိန်းကလေးဘက် အခြမ်းကို မတိုက်မိအောင် Driver ဘက်ခြမ်းကို ဆွဲလှည့်ခဲ့တာလေ၊ မင်း အသက်ကိုတောင် ဂရုမစိုက်ပဲနဲ့၊ အဲဒီ မိန်းကလေးနဲ့ တို့ တွေ့ သေးတယ်၊ မင်း သတိရတဲ့ အခါ သူ ပြန်လာမယ် လို့ ပြောသွားတယ်၊ မင်းတို့ ပြန် စကြတော့မှာ တဲ့လေ”

“ကေသရီကို ပြောတာမလား၊ ခုနပဲ မမကြီး ပြောလို့ သိတာ၊ သူ့ နာမည်ကို မမေ့ပေမယ့်၊ စိတ်ထဲမှာ ဘာ ခံစားချက်မှ ရှိမနေပါဘူး၊ အဲဒီနေ့ အကြောင်းလည်း ခုထိ ကျွန်တော် ဘာမှ မမှတ်မိနေဘူး၊ ကေသရီ နဲ့ ကျွန်တော် ပြန်စ စရာ အကြောင်းလည်း မရှိပါဘူး”

“မင်းကို ပြမယ်၊ အဲဒီနေ့က black box က video”

“ကိုဇေ ကားက Black box ရဲ့ Memory card ပျောက်နေတာတဲ့ ကိုမိုးဟိန်း ပြောတာ၊ သူက ကိုဇေတို့ အမှုကို ကိုင်ရတာလေ၊ နွေတို့ ဌာနက တစ်ယောက်ရဲ့ အမျိုးသား”

“သူ လာသေးတယ်၊ ကျွန်တော်က မမှတ်မိဘူး”

“အင်း..၊ သူ ပြောတယ်၊ ခု Memory card ကို သူပဲ ပြန်တွေ့လာတာ”

“ကိုဇေ့ ကားကို ဝပ်ရှော့ ပို့ထားတာလေ၊ ဘယ်သူမှလည်း သွားပြန် မကြည့်ဘူးပေါ့၊ အဲဒါ တစ်နေ့က သူ အဲ့ ကားပေါ်ကို သွားပြန်ရှာတာ ခုံအောက် ကြားထဲက တွေ့ လာတယ် တဲ့လေ၊ အစကတော့ သူက နဂိုတည်းက မရှိတာလား၊ အပြင် လွှင့်ပစ်လိုက်တာလား ထင်ခဲ့တာတဲ့၊ ခုတော့ ကားထဲမှာ ပြန်တွေ့လာတာ”

နွေက သူမ ကူးလာသော အဲဒီနေ့က အပိုင်းလေးကို ဇေယျထက်ကို ပြလိုက်သည်။

“တွေ့လား၊ ကျွန်တော်က စတီယာရင် လှည့်တာ မဟုတ်ပါဘူး၊ ဘာမှကို မသိလိုက်တာ၊ ဘယ်သူ့ကိုမှလည်း ကယ်တာ မဟုတ်ဘူး၊ ဒါကို ပြန်မတွေ့ရင် အကုန်လုံးက အထင်လွဲ နေတော့မှာပဲ၊ အဲဒီ ကိုမိုးဟိန်းကို ကျေးဇူး တင်လိုက်တာ ဗျာ”

“ဟုတ်တယ်”

“နေပါဦး၊ မမက ကေသရီ ပြောတာနဲ့ပဲ ကျွန်တော့ကို လာမတွေ့ဘူးလို့ စဥ်းစားထားတာလား၊ အဲဒါတော့ လွန်တာပေါ့”

“အင်း၊ မတွေ့ဘူး လို့ပဲ၊ ဒါပေမယ့် တွေ့လည်း တွေ့ချင်တယ်၊ ဒီလို မဖြစ်ခင်က ကိုဇေက ဘန်ကောက် ရုံးကို အပြီးပြောင်းတော့ မယ် ဆိုတုန်း ကတည်းက မင်းနဲ့ ထပ်မတွေ့ရတော့ရင် နေနိုင်ပါ့မလားလို့ ”

မမ စကားကို သူက သဘောတကျ ပြုံးရင်း အကြောင်းအရာများကို ရုတ်တရက် မှတ်မိသွားသည်။

“မှတ်မိပြီ၊ ကျွန်တော် မပြောင်းပါဘူး၊ ၂ ပတ်ပဲ သွားမှာပါ၊ မမကို တမင် ပြောတာရယ်၊ မမနဲ့ အဝေးကြီးမှာ ကျွန်တော်လည်း နေနိုင်ပါ့မလား”

မမက မျက်စောင်းလှလှ ထိုးသည်။ မတော်တဆမှုကိုတောင် ကျေးဇူးတင်ရတော့မည်။ မဟုတ်ရင် မမ နှလုံးသားကို မြင်ရဖို့ လွယ်ဦးမှာ မဟုတ်ဘူး။

“ကျေးဇူးတင်ပါတယ် မမရယ်၊ ကျွန်တော် နေမကောင်းတုန်းက ဂရုစိုက်ခဲ့တာရော၊ ခုလို ကျွန်တော့ဘေးကို ရောက်လာတာရော၊ ကျွန်တော် မမကို ဘယ်တော့ မှ မထားခဲ့ပါဘူး၊ မမ မရှိတဲ့ အဝေးကြီးကို ဘယ်တော့မှ မသွားဘူး နော်”

မမနဲ့ အတူရှိဖို့ သူ့ ဘဝက အသစ်တဖန် ပြန်မွေးဖွား လာတာပဲ။ ဇေယျထက်က ပြုံးနေဆဲ။ မမက သူ့ ပုခုံးကို ခပ်နွဲ့ နွဲ့ မှီလာသည်။ သူ ဆုပ်ကိုင်ထားသော မမ လက်ကလေးကို ကြည့်ရင်း သူတို့ နှစ်ယောက် ဘယ်တော့ လက်တွဲ မဖြုတ်တော့ဘူး ဆိုသည့် ယုံကြည်ချက်က ခိုင်မာလာတော့သည်။


သိင်္ဂါကျော်
1.8.2024





12 December, 2011

နေ၏ တစ်ဖက်ခြမ်း (ဇာတ်သိမ်း)


(၉)

“ဘယ်လိုလဲ သက်အောင်၊ ကိုလင်းကို ဘယ်သူ လုပ်တယ်လို့ မင်းထင်လဲ”
“ဘယ်သူ ရှိမလဲ၊ ဦးမင်းလပဲပေါ့၊ သူ သိသွားပြီ လို့ ငါထင်တယ်၊ ဘာလို့လဲ ဆိုတော့ ကိုလင်း ရဲ့ ဖုန်းကို နောက်ဆုံး ခေါ်ထားတာ ဦးမင်းလပဲ၊ မျက်မြင်သက်သေရဲ့ ပြောပြချက်အရ ကိုလင်းက တစ်ယောက်ယောက်ကို စောင့်နေတဲ့ ပုံပဲတဲ့၊ အဲဒီမှာ ကားတစ်စီးက ဝင်တိုက်သွားတာ တဲ့”
“ချိန်းစရာ ရှားလို့ လမ်းမပေါ်မှာ လားကွာ”
“အဲဒါက သူတို့ အိမ်နားမှာလေ၊ ကော်ဖီဆိုင် ရှေ့မှာ၊ လမ်းပေါ်မှာ နှစ်ယောက်တွေ့ပြီးမှ ကော်ဖီဆိုင်ထဲ ဝင်မယ်လို့ ပြောထားတာလည်း ဖြစ်ရင် ဖြစ်မှာပေါ့”
“အဲဒါ မင်းရဲ့ တွေးလုံးပဲ မဟုတ်လားကွာ၊ အရက်မူးပြီး မောင်းလာတဲ့ တစ်ခြား ကားတစ်စီးစီးလည်း ဖြစ်ချင် ဖြစ်နိုင်တာပဲ”
“မင်း မဖြစ်စေချင်တိုင်း လျှောက်ပြောမနေနဲ့ ကိုနေ၊ အဲလို မဖြစ်နိုင်တာ မင်းသိရဲ့သားနဲ့”
“ကားနံပါတ် မှတ်မိလိုက်ရင် ကောင်းမယ်ကွာ”
“တစ်ခုတော့ ရှိတယ်၊ အဲဒီကားက ပလက်ဖောင်းကို တိုက်ပြီး ကားရှေ့ဘက်က ဆေးနည်းနည်း ကွာကျန်ခဲ့တယ်၊ ကားလည်း နည်းနည်းတော့ ခိုက်မိသွားပုံပဲ”
“မင်းက သိလှချည်လား”
“သိဆို၊ အဲဒီ အမှုကို လိုက်မယ့် ရဲအရာရှိက ငါ့အသိပဲ၊ ဒီလူက လူတော်တစ်ယောက် ပဲ၊ ငါ သူနဲ့ တွေ့ပြီး မေးကြည့်ပြီပြီ၊ သူတို့ အဲဒီကားကို ရှာနေတယ်၊ ငါလည်း ငါ့နည်း ငါ့ဟန်နဲ့ ရှာခိုင်းထားပါတယ်”
“ကောင်းတယ်၊ မင်းတော်တယ် ကွာ၊ ဒါနဲ့၊ ဦးမင်းလ သိသွားပြီ ထင်ရင် ကိုလင်းက ငါတို့ကို ဘာလို့ မပြောခဲ့ရတာလဲ”
“သူလည်း မနေ့ညကမှ သိတာ ဖြစ်နိုင်တယ်”
“ငါ့အဖေ ဦးမင်းလကသာ ကိုလင်းကို လုပ်ကြံရိုး မှန်ရင်၊ ငါ့ဘက်ကလည်း လှုပ်ရှား ရလိမ့်မယ်၊ တနင်္လာနေ့ ရှယ်ယာရှင် အစည်းအဝေး မတိုင်ခင် ဒီကိစ္စကို ငါသိချင်တယ် ကွာ၊ မဟုတ်ရင်တော့ ငါက ငါ့ ပယောဂ မပါပဲ သူ့အလိုလို ဖြစ်မယ့် ကိစ္စ တစ်ခုကို စောင့်မလို့ပဲ”

ဖုန်းတစ်ခု ဝင်လာသဖြင့် ကြည့်လိုက်တော့ ကိုရဲသူ ဖြစ်နေသည်။
“ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ အရိုးစု တစ်ခု တွေ့တယ် ကိုနေထက်ခေါင်၊ identify လုပ်ဖို့ ရန်ကုန်ကို ပို့လိုက်ပြီ၊ အရိုးစု လက်မှာလည်း လက်စွပ်တစ်ကွင်း ဝတ်ထားတာတွေ့တယ်၊ အဲဒီဟာကို သူ့မိသားစုတွေ ပြကြည့်ရင်တောင် ဘယ်သူ ဘယ်ဝါ ဆိုတာ သိရမှာပဲ၊ နောက်ပြီးတော့ ကျွန်တော်တို့ တွေ့ထားတဲ့ တုတ်နဲ့ ဓါးမြှောင် ကိုလည်း အဆင့်မြင့် နည်းတွေနဲ့ စစ်ဆေးရင် တစ်ခုခုတော့ သိရနိုင်တယ်”
“ကောင်းလိုက်တာ ကိုရဲသူ၊ သူ့ မိသားစုတွေကတော့ လောလောဆယ် ဒီမှာ ကိစ္စလေး တစ်ခု ဖြစ်နေလို့ လာကြည့်ပေးနိုင်မှာ မဟုတ်ဘူး ထင်တယ်”
“ရပါတယ်၊ ကျွန်တော်တို့ ဒီ အရိုးတွေကို အရင် စစ်ကြည့်လိုက်ဦးမယ်လေ၊ ကျွန်တော်လည်း ရန်ကုန်လာမှာပဲ၊ မပန်းငုံကို ကတိပေးထားသလို ဒီကိစ္စကို အပြီးအထိ ကျွန်တော် ကူညီမှာပါ၊ အတိအကျ သိရတော့မှ ခင်ဗျားကို ထပ်ဆက်မယ်”
“ဟုတ်ကဲ့ ကျေးဇူးပါပဲ ကိုရဲသူ ရာ”

ကိုရဲသူက မပန်းငုံကို ဘယ်တုန်းက ကတိပေးထားသလဲတော့ သူလည်း မသိပါပေ။ သူ့ မျက်စိထဲတွင် Bones ဇာတ်လမ်းတွဲကိုတောင် သွားမြင်ယောင်မိ နေသေးသည်။

“အဲဒါက ဘယ်သူတုန်း၊ မင်း ဒီနေ့ အစောကြီး ဘယ်ကို သွားနေတာတုန်း၊ မင်းဖုန်းကို ကိုင်တဲ့ ကောင်မလေးက ဘယ်သူတုန်း ကိုနေ၊ ပြောစမ်းပါဦး”
“ဟား ဟား.. မေးခွန်းတွေက များလှချည်လား၊ ပြောရရင်တော့ ရှည်လိမ့်မယ်ကွာ၊ နောက်မှ မင်းကို ပြောပြမယ်၊ အဲဒီ ကောင်မလေးက ငါ့မိတ်ဆွေပါ၊ သူက ကိုလင်း ညီမလေး ဖြစ်နေတယ်၊ သူက ဦးမင်းလရဲ့ အမှုဟောင်း တစ်ခုကို ဖော်ထုတ်ဖို့ ကြိုးစားနေတာ၊ ငါက သူ့ကို လိုက်ပို့ရုံပါ”
“အဲဒီ ဦးမင်းလက မင်း အဖေ အရင်း ဆိုတာလည်း နည်းနည်းတော့ စိတ်ထဲ ထားဦး ဟေ့ကောင်”
“ငါက နောက်ဆုတ်ချင်ပါတယ်၊ ဒါပေမယ့် သူ့ စိတ်ဓါတ်က ခုထက်ထိ မပြောင်းလဲသေးဘူး၊ ဟိုးအရင်ကတည်းက ခုချိန်ထိပဲ၊ အဲဒီတော့ ငါလည်း နောက်ဆုတ်လို့ မဖြစ်ဘူး”

♥♥♥♥♥

သုကို နေထက်ခေါင်က ဖုန်းဆက်ပြီး ကိုရဲသူတို့ အရိုးစု တွေ့ခဲ့သည့် အကြောင်းကို ပြောပြီး ကိုရဲသူ ဖုန်းနံပါတ်ကို ပေးသည်။ စပ်စုချင်သည့် သုက အဲဒီ အရိုးတွေကို သွားကြည့်ချင်သည့် အတွက် ကိုရဲသူကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးလိုက်သည်။ တနင်္လာနေ့မှာ Forensic Department ကို လာခဲ့ဖို့ပြောသည်။ တနင်္လာနေ့ သွားတော့ ကိုရဲသူလည်း ရောက်နေသည်။ အဲဒီ အရိုးကို တာဝန်ယူ စစ်ဆေးသည့် ဒေါက်တာ နှင်းစက် က သူ စစ်ဆေးသမျှ အားလုံး ရှင်းပြသည်။

ကိုရဲသူတို့ တွေ့လာသော အရိုးမှာ ကိုပီတာ ၏ အရိုး အမှန်ပင် ဖြစ်နိုင်သည်။ အရပ် ၅ပေ ၁၁ လက်မခန့် ရှိသော ယောက်ျားအရိုးစု ဖြစ်သည်။ သေဆုံးချိန်က အသက်မှာ ၂၅ နှစ်လောက် ဖြစ်လိမ့်မည် ဟု ဆိုသည်။ ဦးခေါင်းခွံတွင် ပြင်းထန်စွာ ရိုက်နှက် ခံထားရသော ပုံသဏ္ဍန်ကို တွေ့ရသည်။ နံရိုးများ ကျိုးနေသည်ကိုလည်း တွေ့ရသည်။ ထို့အတူ ဝမ်းဗိုက်ပိုင်းတွင်လည်း ဓါးဖြင့် ထိုးခံထားရခြင်း ဖြစ်ဟန်တူသော သဲလွန်စများကို တွေ့ရသည် ဟု ဆိုသည်။

“ဒီအရိုးကို မြှုပ်ထားတဲ့ နေရာက အေးပြီး ခြောက်သွေ့ပုံရတယ်၊ အဲဒါကြောင့် နှစ်ပေါင်း ဒီလောက် ကြာပေမယ့် အရမ်းကြီး မပျက်စီးသေးဘူးလို့ ဆိုရမှာပေါ့”
ထိုနေရာက ပတ်ဝန်းကျင်တစ်ဝိုက်ထက် အနည်းငယ် ကုန်းမြင့်လေး ဖြစ်နေတာကို သု မျက်စိထဲ ပြေးမြင်လိုက်သည်။ တစ်ဖက်ခြမ်း လက်ပံပင်နောက်ဘက်ကသာ ရေတိုက်စားခံရပေမယ့် သရက် နှစ်ပင်အောက် ကုန်းမြင့်မှာတော့ ရေဝပ်ပုံလည်း မရပေ။
“ရိုးတွင်းခြင်ဆီကို DNA စစ်ဖို့ ပို့ထားတယ်၊ အဲဒါထက် ထူးခြားတာ တစ်ခု ရှိတယ်၊ ညာဘက်လက်ချောင်းတွေက နည်းနည်း ကွေးပြီး တစ်ခုခုကို ကုတ်ခြစ်ထားတဲ့ ပုံ ဖြစ်နေတယ်၊ အဲဒါနဲ့ ကျွန်မ သေချာ ကြည့်တော့ လက်သည်းထဲမှာ တစ်ခုခု ရှိနေတယ်၊ မြေကြီးတွေ မဟုတ်ဘူး။ အဲဒါဟာ အင်္ကျီစနဲ့ အသားစတွေ ဖြစ်နိုင်တယ်လို့ ထင်တယ်၊ အခုအချိန်မှာတော့ မြေကြီးမှုန့်တွေလို ဖြစ်နေပေမယ့် အဲဒါကို DNA စစ်ကြည့်လို့ ရနိုင်တယ်။ အဲဒါကြောင့် အဲဒါကိုလည်း စစ်ဖို့ ပို့ထားတယ်။ ညနေ လောက်ဆိုရင်တော့ သိရမှာပါ”

အဲဒီက ပြန်ထွက်လာတော့ ကိုရဲသူက အရိုးကချွတ်ယူထားပြီး ဖြစ်သော လက်စွပ်ကို သေချာအောင် စစ်ကြည့်ဖို့ ပြောသည်။ သား အတွက် စိတ်ပူနေသော မေမေ့ကို မခေါ်ချင်သော်လည်း ဒီကိစ္စကို အမြန် ပြီးစေချင်သောကြောင့် ခေါ်လိုက်ရသည်။ ဒီအမှုကို တာဝန်ယူထားသော အရာရှိ ဆီသို့ သွားလိုက်ကြသည်။ မေမေက ထိုလက်စွပ်မှာ ကိုပီတာ အမြဲဝတ်ထားသော လက်စွပ် အမှန် ဖြစ်ကြောင်း သက်သေခံသည်။ သုကလည်း ကိုကို့ အကြောင်း ကြားပြီး အမြန် ပြန်လာရသောကြောင့် မအပ်ခဲ့ရသော သုတွေ့ခဲ့သည့် လက်စွပ်ကိုပါ အပ်လိုက်သည်။ မေမေက ထိုလက်စွပ်ကိုတော့ ဦးမင်းလ လက်စွပ် ဟုတ်မဟုတ် သေချာ မသိပေ။ အဲဒါနဲ့ပဲ ဖေဖေ့ကိုပါ ခေါ်ရပြန်သည်။ ဦးမင်းလက ထိုစဉ်က ဖေဖေတို့ အိမ်သို့ ဝင်ထွက်နေသည်မို့ ဖေဖေကတော့ သိနိုင်လောက်သည် ဟု ထင်သည်။ ဖေဖေ ရောက်လာတော့ ဖေဖေက တကယ်ပင် ဦးမင်းလ လက်စွပ် ဖြစ်ကြောင်း မှတ်မိနေပါသည်။ အခုအချိန်မှ ကိုပီတာရဲ့ အရိုးစု ထွက်ပေါ်လာသည့် အတွက် ဖေဖေနှင့် မေမေက အတော်အံ့သြနေပါသည်။ ဤအမှုကို ပြန်ဖော်ထုတ်တာ သုမှန်း သိတော့ ပိုလို့တောင် အံသြသွားသေးသည်။

မေမေကတော့ သူ့အစ်ကို ကိုပီတာကို အဝေးတစ်နေရာ ထွက်သွားပြီး အသက်ရှင်နေသေးသည် ဟု မဖြစ်နိုင်မှန်း သိလျှက်နှင့် ဇွတ်မှိတ် ယုံထားသူမို့ အခုတော့ သူ့အစ်ကို တကယ်ပင် လူ့လောကကြီးမှာ မရှိတော့သည့် အဖြစ်ကို သေချာပေါက် လက်ခံ လိုက်ရလေပြီ။

♥♥♥♥♥

“ကဲ သက်အောင်ရေ.. အင်္ဂါနေ့ အတွက်ပြင်ထားလိုက်ပေတော့၊ ကားတိုက်မှု ကို ဘယ်သူ လုပ်လဲ သေချာ မသိပေမယ့်၊ ကိုလင်း သစ္စာဖောက်တာကိုတော့ ဦးမင်းလ သိသွားတာ သေချာတယ်၊ အဲဒီနေ့က လင်းထွဋ်သာ ရဲ့ ရုံးခန်းထဲကို ဦးမင်းလ ဝင်ကြည့်တယ်၊ လင်းထွဋ်သာပြန်လာတော့ သူတို့နှစ်ယောက် အကြီးအကျယ် စကားများကြတယ်၊ “မင်းကပဲ ငါ့ကုမ္ပဏီကို သိမ်းနိုင်မလား၊ ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်သေးတာပေါ့” လို့ ဦးမင်းလ က ပြောတယ် တဲ့။ အတွင်းရေးမှူးချို က ငါ့ကို ပြောတယ်။”
“အတွင်းရေးမှူး မချို ဟုတ်လား”
“ဟုတ်တယ်လေ၊ သူ့ကို ငါ နည်းနည်းပါးပါး ကူညီခဲ့ဖူးတယ်၊ အမှန်ဆို ကိုလင်းက ငါ့တို့ကို အဲဒီအကြောင်း ပြောပြခဲ့သင့်တယ်”
“သူကလည်း သူ့ယောက္ခမ လေကွာ၊ သူက သူ့မိန်းမကို ငဲ့ချင်နေတာ မင်းလည်း သိသားနဲ့”
“ခုချိန်မှတော့ ဘာမှ ငဲ့နေလို့ မရတော့ဘူးလေကွာ၊ စခဲ့ပြီးမှပဲ”
“ဦးမင်းလက ကိုလင်း မရှိတော့ရင် သူ့ကို ဘာမှ မလုပ်နိုင်ဘူး လို့များ ထင်သလား မသိဘူး”
“သူ သိမှာပါ၊ ကိုလင်း တစ်ယောက်ယောက်နဲ့ ပေါင်းကြံခဲ့တယ် ဆိုတာ သူသိတယ်၊ ဒါပေမယ့် ဘယ်သူနဲ့လဲ၊ ဘယ်လောက် အထိလဲတော့ သူ မသိလောက်ဘူး”
“ဟို ကားကိစ္စ၊ မင်းကို ငါ ပြောစရာ ရှိသေးတယ်၊ ကိုလင်းကို တိုက်သွားတဲ့ ကားကို တွေ့ပြီတဲ့၊ ဒါပေမယ့် လမ်းဘေးမှာ ပစ်ထားတာ၊ MoonShape ကုမ္ပဏီက ပိုင်တဲ့ ကားတွေထဲက တစ်စင်းပဲ၊ ဒါပေမယ့် အဲဒီကားကို ခိုးခံခဲ့ရတယ် လို့ မန်နေဂျာက ရဲစခန်းကို တိုင်ထားတယ်တဲ့၊ အဲဒီကိစ္စ မဖြစ်ခင်လေးတင်ပဲ၊ ကားခိုးသွားတဲ့ အကြောင်း သတင်းပို့ထားတာ”
“သူတို့ကို ဥပဒေအရ စွပ်စွဲလို့ မရဘူးပေါ့၊ ဒါပေမယ့် ငါတို့ အတွက် ဒီလောက် သိရရင်ပဲ လုံလောက်ပါတယ်၊ မဟုတ်လား”

♥♥♥♥♥♥♥♥♥♥

(၁၀)

ရှယ်ယာရှင် အစည်းအဝေးက ပုံမှန်အတိုင်း စတင်ရန်ပြင်ခိုက်မှာပင် နေထက်ခေါင် ရောက်သွားသည်။ ဒီတစ်ခေါက် အစည်းအဝေးမှာ လူစုံနေသည်။ လင်းထွဋ်သာ စုစည်းထားခဲ့တာဖြစ်နိုင်သည်။ ဒေါ်ဖြူဖြူသစ်ပါ ရောက်နေသည်။ သားသမီးတွေ အရွယ်ရောက် ပြီးနောက် ဒေါ်ဖြူဖြူသစ်ကလည်း အိမ်တွင်းပုန်း မနေတော့ပဲ ဦးမင်းလ၏ စီးပွားရေး လုပ်ငန်းများမှာ ပါဝင်လာသည်။

“ဒီတစ်ခေါက် အစည်းအဝေးမှာ ကျွန်တော့်အနေနဲ့ ကြေငြာစရာ ရှိနေပါတယ်၊ အဲဒါကတော့ MoonShape လုပ်ငန်းစု ရဲ့ ရှယ်ယာ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်သူ တစ်ယောက် MoonShape ရဲ့ CEO ရာထူးကို အသစ်လဲဖို့ တောင်းဆို လိုပါတယ်။ လက်ရှိ CEO ဦးမင်းလ အနေနဲ့လည်း အနှစ် ၂၀ လောက် ဒီနေရာမှာ နေခဲ့ပြီးပြီ ဆိုတော့ တော်သင့်ပါပြီနော”
“နေပါဦး၊ မင်း.. မင်း ဘယ်သူလဲ၊ မင်းကို အရင်က တစ်ခါမှ အစည်းအဝေးမှာ မတွေ့ဖူးဘူး”
“ကျွန်တော်က Sun’s Highness က နေထက်ခေါင်ပါ”
“မင်းမှာ ၅၅ ရာခိုင်နှုန်း ရှိနေတယ် ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး”
“ဟုတ်ပါတယ်၊ ကျွန်တော် ပိုင်တာက ၄၀ ရာခိုင်နှုန်းပါ၊ ကျွန်တော့် သူငယ်ချင်း စိုးသက်အောင်က ၅ ရာခိုင်နှုန်း၊ လင်းထွဋ်သာက ၁၀ ရာခိုင်နှုန်း၊ သူတို့ရဲ့ ရှယ်ယာတွေ အားလုံး ကျွန်တော့် လက်ထဲမှာ ရှိနေတယ်လေ၊ အစကတော့ ဒီလို ကြေငြာဖို့ လင်းထွဋ်သာ ကိုပဲ တာဝန်ယူ လုပ်ခိုင်းဖို့ပဲ၊ အခုတော့ သူက ဆေးရုံ ရောက်နေလို့ ကျွန်တော် ကိုယ်တိုင် လာရတယ် ဆိုပါတော့၊ ဦးမင်းလမှာ ၃၀ ရာခိုင်နှုန်းပဲ ရှိနေတဲ့ အတွက် ဘာမှ ပြောပိုင်ခွင့် မရှိတော့ဘူး ဆိုတာ သိပါတယ်နော်..။
ကျွန်တော်တို့က ရှေ့ဆက်ပြီး MoonShape နဲ့ Sun’s Highness ကို ပူးပေါင်းသွားမှာပါ။ ကျွန်တော်တို့မှာ ရှေ့ဆက်မယ့် လုပ်ငန်းတွေ အတွက် အစီအစဉ်တွေ အဆင်သင့် ပြင်ဆင်ပြီးသား ရှိပါတယ်၊ တင်ပြဖို့ အသင့်ပါ”
“မင်း ဘယ်သူလဲ၊ မင်း ဘယ်တုန်း ကတည်းက ကြံစည်ခဲ့တာလဲ၊ လင်းထွဋ်သာကို ကူညီခဲ့တာ မင်းပေါ့ ဟုတ်လား”
“သေချာ ကြည့်ပါဦး ဦးမင်းလ၊ ကျွန်တော့်ကို မမှတ်မိဘူးလား”

အစည်းအဝေး ခန်းမထဲမှာ မီးရောင်ကို ဖျော့ထားသဖြင့် ဦးမင်းလက နေထက်ခေါင်ကို သေချာ မမှတ်မိသေးပေ။ သူ ရှေ့ထွက်လိုက်တော့မှ အားလုံးက သူ့ကို သေချာ မြင်သွားကြသည်။ အံ့သြသွားသူများမှာ ဦးမင်းလ နှင့် ဒေါ်ဖြူဖြူသစ် သာ ဖြစ်သည်။ ကျန်သူများကတော့ သူကို သိကြသူများ မဟုတ်ပါ။

“ညမင်း”
“ညမင်း ဆိုတာ မရှိတော့ပါဘူး၊ လွန်ခဲ့တဲ့ ၁၂ နှစ်လောက် ကတည်းက သေသွားပါပြီ။ ကျွန်တော်က နေထက်ခေါင်ပါ၊ ကျွန်တော့ အဖေရဲ့ ကုမ္ပဏီကို ကျွန်တော်က ဆက်ခံချင်တာပါ ဦးမင်းလ၊ တကယ်ဆိုတော့ ကျွန်တော့်မှာ ရှယ်ယာ ၄၀ ရာခိုင်နှုန်းတောင် ရှိစရာ မလိုဘူး မဟုတ်လား၊ ဒီနေရာကို ခင်ဗျားရဲ့ သားအရင်း တစ်ယောက် ဖြစ်တဲ့ ကျွန်တော့်ကို မပေးရင် ဘယ်သူ့ကို ပေးချင်သေးသလဲ၊ ခင်ဗျားရဲ့ သားကြီးက သူ့ဆေးရုံလေးကိုတောင် သူ ထိန်းသိမ်းနိုင်ရဲ့လား ဆိုတာ မေးကြည့်ပါဦး”

ဦးမင်းလ ဘာမှ မပြောနိုင်လောက်အောင် ရှော့ခ် ရသွားသည်။ အဲဒီ အချိန်မှာပဲ လူတစ်ချို့ ရုံးခန်း ထဲကို ဝင်လာခဲ့သည်။ ယူနီဖောင်း ဝတ်မထားသော စစ်ဆေးရေး အရာရှိများ ဖြစ်သည်။

“ကျွန်တော်တို့ ဦးမင်းလကို ပေးစရာလေး တစ်ခု ရှိလို့ပါ၊ ဒါလေးကို ကြည့်ပါဦး၊ ဦးမင်းလရဲ့ လက်စွပ်လား ဆိုတာ၊ လက်စွပ်မှာ M လို့ ထိုးထားတယ်လေ၊ ရွာက ရွှေပန်းထိမ်ဆရာကြီး ဦးငွေဆောင် ဆီမှာ လုပ်ခဲ့တာ မဟုတ်လား”
“ဒီ ဒီ လက်စွပ်က အခုမှ ဘယ်ကနေ...။ နေပါဦး မဟုတ်ဘူး၊ အဲဒါ ကျုပ် လက်စွပ် မဟုတ်ပါဘူး”
“အခုမှ ငြင်းလို့ မရတော့ပါဘူး၊ ဦးမင်းလ ဒီလက်စွပ်ကို မှတ်မိနေသားပဲ၊ ကိုပီတာကို လုပ်ကြံတုန်းက ဦးမင်းလရဲ့ လက်ကို ဆွဲကုတ်ရင်းနဲ့ ကျွတ်ထွက်သွားတာကို မသိလိုက်ဘူး မဟုတ်လား၊ နောက်မှ သိတော့ ပြန်ရှာလို့ မတွေ့တော့ဘူး”
“နေပါဦး.. မင်းတို့ ဘာတွေ လာပြောနေတာလဲ၊ ဘာပုံပြင်တွေလဲ”
“လွန်ခဲ့တဲ့ ၃၅ နှစ်က ဦးမင်းလ ကျူးလွန်ခဲ့တဲ့ လူသတ်မှု အကြောင်း ပြောနေတာပါ”
“ဘာပြောတယ်၊ လွန်ခဲ့တဲ့ ၃၅ နှစ်က လူသတ်မှု ဟုတ်လား၊ အဓိပ္ပါယ်မရှိတာ၊ ဘယ်တုန်းကလဲ၊ ဘာလူသတ်မှု နဲ့မှ မပတ်သက်ဘူး”
“ကျွန်တော်တို့ လွန်ခဲ့တဲ့ ၃၅ လောက်က အသတ်ခံခဲ့ရတယ် လို့ ခန့်မှန်းရတဲ့ အရိုးစု တစ်ခုကို တူးဖော် တွေ့ရှိခဲ့ပါတယ်။ အဲဒီ အရိုးစု နဲ့ အတူ လူသတ် လက်နက်လို့ ယူဆရတဲ့ တုတ် အပိုင်းအစ တွေနဲ့ ဓါးမြှောင် တစ်ချောင်းကိုလည်း တူးဖော် ရရှိခဲ့ပါတယ်။ အဲဒါ အပြင် အနီးအနားကနေ လူသတ်သမား ရဲ့ လက်စွပ်လို့ ယူဆရတဲ့ လက်စွပ် တစ်ကွင်းလည်း တွေ့ရှိခဲ့ပါတယ်၊ ဒီလက်စွပ်ပါ၊ ဦးမင်းလ အမြဲဝတ်တဲ့ လက်စွပ် ဖြစ်ကြောင်း သက်သေ ထွက်တဲ့လူလည်း ရှိပြီးသားပါ”
ခေါင်းဆောင် ဖြစ်ဟန်တူသည့် အရာရှိက ပြောသည်။
“နေစမ်းပါဦး၊ အဲဒီ အရိုးနဲ့ ကျူပ်နဲ့ ဘာပတ်သက်တာတုန်း၊ မင်းတို့ကို အသရေ ဖျက်မှုနဲ့ တရားစွဲမယ်၊ ဘာတွေ လာပြောနေတာလဲ”
“ကျွန်တော် ပြောတာကို နားထောင်ပါဦး၊ အဲဒီ အရိုးစုကို ကျွမ်းကျင်တဲ့ ပညာရှင်တွေက စစ်ကြည့်လိုက်တော့ အဲဒီအချိန်က ရွာမှာ ပျောက်သွားတယ် ဆိုတဲ့ ကိုပီတာရဲ့ ပုံသဏ္ဍန်နဲ့ ကိုက်ညီနေပါတယ်၊ ဒါ့အပြင် အရိုးစုက လက်စွပ်ကို ကိုပီတာရဲ့ မိသားစုဝင်တွေကို ပြကြည့်လိုက်တော့ ကိုပီတာ ရဲ့ လက်စွပ် ဖြစ်ကြောင်း ထောက်ခံကြပါတယ်”
“သြ ပီတာလား၊ ပီတာ့ ပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဲဒီတုန်း ကတည်းက ကျုပ်ကို ရဲတွေ မေးလိုက် မြန်းလိုက် ကြတာ မပြောပါနဲ့တော့၊ မသင်္ကာစရာ ဘာမှ မရှိလို့ ကျုပ် အဖမ်းမခံရတာပေါ့၊ ခုချိန်မှ လာပြီး ဘာတွေ မေးချင်သေးတာလဲ”

“အချိန်ကာလ ကြာနေပြီ ဖြစ်လို့ အရိုးစုနဲ့ အတူ တွေ့ရတဲ့ ဓါးမြှောင်ပေါ်ကနေ လက်ဗွေရာတော့ စစ်လို့ မရခဲ့ဘူးပေါ့ဗျာ၊ ဒါပေမယ့် အဲဒီ ဓါးမြှောင်ကလည်း ဦးမင်းလရဲ့ ဓါးမြှောင် ဖြစ်ကြောင်း အဲဒီ အချိန်က အတူပါခဲ့တဲ့ ဦးမင်းလ ရဲ့ အပေါင်းအသင်းတွေကို ပြကြည့်ရင် သိမှာပါ။ ငြင်းလို့ မရနိုင်တာ တစ်ခုက အရိုးစု ရဲ့ လက်သည်းထဲမှာ တွေ့ရှိရတဲ့ အမှုန်အစတွေကို စစ်ကြည့်တဲ့ အခါမှာ အရိုးစု ရဲ့ DNA နဲ့ မတူညီတဲ့ DNA တစ်ချို့ကို တွေ့ခဲ့ရပါတယ်။ ဒီကို မလာခင်လေးပဲ NewMoon ဆေးရုံကိုဝင်ပြီး ဦးမင်းလရဲ့ ဆေးမှတ်တမ်းက DNA နဲ့ တိုက်စစ်ပြီးပါပြီ။ တူနေတာ တွေ့ရပါတယ်။ အဲဒီတော့ ဝန်ခံလိုက်ပါတော့ ဗျာ”

“ဝန်ခံရမယ် ဟုတ်လား၊ ဘာကို ဝန်ခံရမှာလား၊ ငါ ကိုပီတာကို မသတ်ဘူး၊ ဘာမှ ဝန်မခံနိုင်ဘူး”
“အဲဒါ ဆိုရင်လည်း တရားရုံးကျမှပဲ ပြောပေတော့ ဗျာ”

ဦးမင်းလကို လက်ထိတ်ခတ်၍ ခေါ်သွားကြသည်။ ဒေါ်ဖြူဖြူသစ်မှာ ဘာမှ မပြောနိုင်အောင် အံအားသင့်လျှက် ကျန်ခဲ့သည်။ မတ်တပ်တောင် မရပ်နိုင်တော့သောကြောင့် ခုံမှာ ပြန်ထိုင် လိုက်ရသည်။
“စိတ်မကောင်းပါဘူး မေမေ၊ အဲဒီကိစ္စကတော့ ကျွန်တော်နဲ့ မဆိုင်ပါဘူး၊ မေမေ နဲ့ မတွေ့ခင် အရင်တုန်းက ကျူးလွန်ခဲ့တဲ့ အမှုပါ၊ ဒါနဲ့ ကျွန်တော့်ကို ဖေဖေက ဘာကြောင့် မုန်းနေရသလဲ ဆိုတာ မေမေ သေချာသိရဲ့လား”
“သား... သားငယ်၊ မေမေ စိတ်မကောင်းပါဘူး ကွယ်၊ သားဘက်က မေမေ ရပ်မပေးနိုင်ခဲ့ဘူး၊ သားအဖေက မျက်လုံးပြာနဲ့ အမေရိကန်တွေကို မုန်းတာ၊ သားက အဲဒီလူမျိုးနဲ့ တူနေတော့ သူက သဘောမကျတာပါကွယ်”
“ဟင်း ဟင်း.. မဟုတ်ဘူး မေမေ၊ တကယ်တော့ ဖေဖေ သတ်ခဲ့တဲ့ အဲဒီ ကိုပီတာ ဆိုတဲ့ လူက မျက်လုံးပြာနဲ့ လူတစ်ယောက် မို့ပါ။ ကျွန်တော် ကြီးလာတော့ သူနဲ့ တထေရာတည်း တူလာတယ်၊ အဲဒီတော့ ဖေဖေက ပိုပြီး မုန်းလာတာပေါ့။ ကျွန်တော်လည်း မကြာသေးခင်လေးကမှ ဒီအကြောင်းကို သိရတာပါ”
“သား.. မင်းပြောသလိုဆို၊ သူ တကယ် လူသတ်ခဲ့တာပေါ့ ဟုတ်လား”
“ခုနတုန်းက ပြောသွားတာ ကြားလိုက်တယ် မဟုတ်လား မေမေ၊ ဒါတောင် မေမေ့ သားမက်ကို ကားနဲ့ တိုက်ခိုင်းတဲ့ အမှုက မပေါ်သေးလို့..”

လမ်းမှာ ဖေဖေ့ကို ဖမ်းသွားတာ တွေ့လိုက်လို့ ဘာအကြောင်းလဲ သိချင်စိတ်နှင့် အစည်းအဝေးခန်းထဲ အထိတ်တလန့်နှင့်   ပြေးဝင်လာသော    အေးလရိပ်ကပါ ထိုစကားကို ကြားသွားသည်။
“ဘာတွေ ပြောနေတာလဲ ဟင်၊ ဖေဖေ့ကို ဘာဖြစ်လို့ ဖမ်းသွားတာလဲ၊ သူက ဘယ်သူလဲ”
“သမီး ရဲ့ အစ်ကိုလေး လေ”
“ကိုကို ညမင်း”
“ကိုယ့်နာမည်ပြောင်းထားတယ်၊ နေထက်ခေါင်တဲ့၊ ညီမလေးက အရွယ်ရောက်လို့ အိမ်ထောင်ရှင်မတောင်ဖြစ်နေမှကိုး။ ပြန်တွေ့ရတာ ဝမ်းသာပါတယ်ကွာ။ အခုတော့ သွားတော့မယ်၊ နောက်မှ တွေ့ကြသေးတာပေါ့”

လင်းထွဋ်သာ နှင့် ပတ်သက်ပြီး အေးလရိပ်က မေးလာလျှင် သူ မဖြေချင်သောကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ သူတို့ပြဿနာ သူတို့ဟာသူတို့ ရှင်းကြပါစေ။ လင်းထွဋ်သာ အကြောင်း အေးလရိပ် သိမသိလည်း သူမသိပါ။ ကိုလင်း ကလည်း ခုထိ သတိမရသေးချိန်မှာ သူ့ကို အပြစ်မတင်စေချင်ပါ။
♥♥♥♥♥

“သတိရပါတော့ ကိုရယ်၊ လရိပ်ကို ရင်မဆိုင်ချင်တော့တာနဲ့ အဲလို ထွက်ပြေးဖို့ မကြိုးစားပါနဲ့။ ကို လရိပ်တို့ မိသားစု ထဲ ဝင်လာခဲ့တာ မရိုးမသား ရည်ရွယ်ချက်နဲ့ ဆိုတာ လရိပ် သိနေခဲ့တာ ကြာပါပြီ။ လရိပ်က ဖွင့်ပြောလိုက်ရင် ကို လရိပ်ကို ထားခဲ့မှာ စိုးလို့။ ကို ဘာလုပ်မလဲလို့ လရိပ် စောင့်ကြည့်နေခဲ့တယ်။ ဒီတစ်နှစ် အတွင်း ကလေး မယူသေးဘူးလို့ ပြောခဲ့တဲ့ ကို့ ရည်ရွယ်ချက်ကိုလည်း လရိပ် ရိပ်မိသွားတယ်။ ကိုက လရိပ်ကို ထားခဲ့ဖို့ စိတ်ကူး အစတည်းက ရှိခဲ့လို့ ကလေး မယူချင်ခဲ့တာ။ ဒါပေမယ့် လရိပ်ကတော့ ကို ထားခဲ့ရင်တောင် ကို့ရဲ့ အမှတ်တရတွေကို တစ်သက်လုံး သိမ်းထားချင်လို့.. ကို သောက်ခိုင်းထားတဲ့ ဆေးတွေကို မသောက်တာ ကြာခဲ့ပြီ။ အခု လရိပ်မှာ လရိပ်တို့ ရင်သွေးလေး ရှိနေပြီ။ ဘယ်သူ့ကိုမှတော့ ဖွင့်မပြောရသေးဘူး။ ကို့ကို ပြောပြဖို့ ကြိုးစားနေတုန်းမှာပဲ ကိုက အခုလို ဖြစ်သွားတာ”

“ပြန်လာခဲ့ပါ ကို ရယ်၊ ကို့ကို လရိပ် အပြစ်မတင်ပါဘူး၊ ကိုလည်း ဖေဖေ့ကို အပြစ်မတင်ပါနဲ့တော့၊ ဖေဖေလည်း သူ ကျူးလွန်ခဲ့တဲ့ အပြစ်ဒဏ်ကို ခံစားရတော့မှာပါ။ ကိုကို နေထက်ခေါင်တောင် ဖေဖေ့ကို ခွင့်လွှတ်လိုက်ပြီ။ ဖေဖေ့ကို သူသွားတွေ့တယ်။ လရိပ်တို့ သားအမိ တို့ဆီလည်း လာတယ်။ ကိုကြီးကတော့ သူ့ဆေးရုံကို ရောင်းလိုက်ရတာ ကိုကို နေထက်ခေါင် ကြောင့် ဆိုပြီး သိပ်မကြည်ဘူး။ ကိုကိုက ဆေးရုံကို ပြန်ပေးတော့လည်း မယူဘူးတဲ့။ ကိုကြီးက အမေရိကားကို ပြန်ဖို့ လုပ်နေတယ်။”

“ကို နဲ့ ကိုကို နေထက်ခေါင်နဲ့ အစောကြီးထဲက သိနေရဲ့သားနဲ့ လရိပ်တို့ မသိရတာ ဆိုးလိုက်တာ၊ ကိုကို က အငြိုးကြီးတယ်၊ ဒါလည်း သူက ခံခဲ့ရတာကိုးနော်..။ လရိပ်ကတော့ ကိုကို့ကိုလည်း အရင်တည်းက ချစ်ပါတယ်လေ။ ကိုကိုကသာ လရိပ်ကို ကိုကြီးဘက် ပါတယ်လို့ ယူဆပြီး စကားသိပ်မပြောတာ။ လရိပ်ကဖြင့် ကိုကို့ကို ကြိတ်ပြီး ရှာခဲ့သေးတယ်။ မေမေကလည်း ကိုကို့ကို ခိုးပြီး ထောက်ပံ့တာ လရိပ်တောင် လုံးဝ မသိခဲ့ရဘူး။ သူက ကို့ အကြောင်း လရိပ် မသိဘူး ထင်ပြီး ဖုံးဖို့ ကြိုးစားနေသေးတယ်”

“ဘာပဲဖြစ်ဖြစ် ကိုတို့ မိသားစုနဲ့ လရိပ်တို့ မိသားစုနဲ့ ရေစက်ရှိတာတော့ သေချာတယ်။ မသု နဲ့ ကိုကို နဲ့ကလည်း ဘယ်တုန်းက သူငယ်ချင်းတွေ ဖြစ်နေမှန်း မသိဘူး၊ ခုတော့ သူငယ်ချင်းတဲ့၊ နောက်တော့လည်း အဆင့်တက်မှာပါ၊ အပြစ်ရှိတာ ဖေဖေ တစ်ယောက်တည်းပါ၊ လရိပ်တို့ မိသားစုတွေ ပြေပြေလည်လည် နေရအောင်နော်..၊ ကို သတိရလာမှ ဖြစ်မှာ၊ နို့မို့ ဖေဖေ့ အပြစ်ကလည်း ပိုကြီး သွားလိမ့်မယ်။ ကို့မေမေက လရိပ်တို့ကို ခွင့်လွှတ်မှာ မဟုတ်တော့ဘူး”

အေးလရိပ်သည် နေ့တိုင်းလို လင်းထွဋ်သာ ဆီသွားပြီး စကားတွေပြောနေသည်။ ဆရာဝန်ကြီးက ဦးနှောက်ထဲမှာ ဘာမှ မပျက်စီးပါဘူး၊ ပြန်သတိရလာမှာပါ ဆိုပေမယ့် လင်းထွဋ်သာကတော့ တစ်လလောက်ကြာသည်အထိ သတိမရသေးပါ။

♥♥♥♥♥♥♥♥♥♥

(၁၁)
ခြောက်လကြာသော်။

“ကိုနေရေ ဒီမှာ စောင့်နေဦးနော်၊ ဆေးကုန်ကာနီးလို့ သု ဆရာမ ကို သွားခေါ်လိုက်ဦးမယ်”
“အင်း သွားလေ”
နေထက်ခေါင်က ဆေးရုံစောင့် ကျနေသော သုဆီသို့ စားစရာ လာပို့ခြင်း ဖြစ်သည်။ သူလည်း ကိုလင်းဆီသို့ မကြာခဏ ရောက်လေ့ ရှိပါသည်။

“ကိုလင်း ရေ၊ ခင်ဗျား အိပ်နေတာ ကြာပြီဗျာ၊ ထဖို့သင့်ပြီ။ ကျွန်တော် တစ်ယောက်တည်း Moon ရော Sun ရော လုပ်နေရတာ မနိုင်တော့ဘူးနော်၊ ခင်ဗျား ရှိမှ ဖြစ်မှာ၊ ကျွန်တော့် ညီမလေးလည်း သနားပါတယ်၊ သူ့ခမျာ ခင်ဗျားကို အတော် ချစ်ရှာတာ၊ သူ့ကို အကြာကြီး ပစ်မထားပါနဲ့ဗျာ၊ပြန်လာခဲ့တော့ ဟုတ်လား .ပြီးတော့ ခင်ဗျား အမေက ကျွန်တော်နဲ့ သု နဲ့ကို မယူစေချင်ဘူး ဖြစ်နေတယ်၊ မောင်လှယ် နှမလှယ် မယူကောင်းဘူး ဆိုလား မသိပါဘူးဗျာ၊  ကျွန်တော့်ကို သားလိုပဲ သဘောထားချင်တယ်တဲ့၊ သားမက် မဖြစ်စေချင်ဘူးတဲ့၊ အဲဒါ ခင်ဗျား ကူပြောပေးမှ ဖြစ်မယ်”

လင်းထွဋ်သာ ကြားနိုင်၊ မကြားနိုင် မသိပေမယ့် သူတို့ အားလုံးက ကိုလင်းကို အဲလို စကားမျိုးတွေ အမြဲတမ်း ပြောလေ့ ရှိသည်။

ကိုလင်းက ဒီလို ပုံစံနဲ့ ရှိနေလေ သုတို့ မိသားစုက ဖေဖေ့ကို ခွင့်မလွှတ်နိုင်လေဖြစ်နေတော့မည်။ အခုတော့ သူက ဒီမိသားစု နှစ်စုကို ပြေလည်စေချင် နေလေပြီ။ ကိုလင်းကို ကြည့်နေခိုက်မှာပဲ မျက်ခွံတွေ လှုပ်ရှားလာတာကို တွေ့လိုက်ရပြီး ကိုလင်း သတိပြန်ရ လာခဲ့သည်။
“ကိုလင်း၊ သတိရပြီလား၊ ကျွန်တော့်ကို မြင်ရလား၊ ကျွန်တော် ပြောတာကို ကြားလား၊ သု လာလိမ့်မယ် ခဏနော်၊ လရိပ်လည်း လာတော့မှာ”
“ခင်ဗျားက ဘယ်သူလဲ၊ ကျွန်တော် ဘယ်ရောက်နေတာလဲ”
“ကျွန်တော်က နေထက်ခေါင်ပါ၊ ကျွန်တော့် နာမည်ကို မှတ်မိလား၊ ခင်ဗျားနဲ့ ကျွန်တော် ခဏ ခဏ ဖုန်း ပြောဖူးတယ်လေ”
“ကိုနေ၊ ခင်ဗျားကို ကျွန်တော် ပြောစရာ ရှိတယ်၊ ဘာပါလိမ့်”
“အခု ဘာမှ မစဉ်းစားနဲ့ဦး ဟုတ်လား၊ ကိစ္စတွေ အားလုံး ပြီးသွားပြီ။ ခင်ဗျား သတိမေ့ နေတာ ၆ လတောင် ကြာနေပြီ”

သု နှင့် သူနာပြု ဆရာမ ဝင်လာတော့ လင်းထွဋ်သာ သတိရနေတာကိုတွေ့သွားသည်။ သူနာပြု ဆရာမက ဆရာဝန်ကြီး ကို ပြေးခေါ်သည်။
“ကိုကို သတိရလာပြီ၊ တော်သေးတာပေါ့ ကိုကိုရယ်၊ သုတို့မှာ ဆုတောင်းလိုက်ရတာ၊ ဝမ်းသာလိုက်တာ၊ မေမေ တို့ကို ဖုန်းဆက်ရမယ်”

နေထက်ခေါင်ကလည်း အေးလရိပ်ကို ဖုန်းဆက်လိုက် သဖြင့် ခဏနေတော့ ရောက်လာသည်။ ဗိုက်ဖုံးအင်္ကျီ ဖားဖားလေးနှင့် အေးလရိပ်ကို တွေ့တော့ လင်းထွဋ်သာ မှာ အံအားတသင့် ဖြစ်ရသည်။ လရိပ် သူ့ကို ခွင့်မလွှတ်နိုင်မှာ ကို သူအမြဲတမ်း စိုးရိမ်ခဲ့ရသည်။ သူစိုးရိမ်သလို မဖြစ်နိုင်တော့ဘူး ထင်သည်။
“လရိပ်”
“ကို၊ သတိရလာပြီနော်..။ လရိပ် တို့ သမီးလေး မမွေးခင် ကို ပြန်လာတာ အရမ်းဝမ်းသာတယ်”

နေထက်ခေါင်က သုကို လက်တို့ပြီး အပြင်ထွက် လာခဲ့ကြသည်။
“ခုတော့ အားလုံး ကောင်းသွားပြီနော်.. ကိုကို့ကို သတိမှ ပြန်ရပါတော့မလားလို့၊ တော်သေးတာပေါ့၊ လရိပ်မှာလည်း မပေါ့မပါး ဖြစ်နေတာ”
“အင်း၊ သူတို့ နှစ်ယောက် ပြေလည်မှာပါ၊ တစ်ခုပဲ ကျန်တယ်”
“ဘာလဲ”
“ကိုယ်တို့ နှစ်ယောက်လေ၊ သု မေမေက သဘောမတူ ဆိုတော့ ဘယ်လို လုပ်မလဲ၊ အဲဒီ မောင်လှယ် နှမလှယ် ဆိုတာ ဘယ်ကစလာတဲ့ အယူအဆလဲ၊ အဓိပ္ပါယ် မရှိတာကွာ၊ ကိုယ်ထင်တာတော့ ကိုယ်က ဦးမင်းလ သား ဖြစ်နေလို့ သဘောမတူတာ ထင်တယ်”
“မဟုတ်ပါဘူး ကိုနေ ရာ၊ မေမေက ကိုနေ့ကို သူ့အစ်ကိုကြီးနဲ့ တူတယ် ဆိုပြီး ဘယ်လောက် ချစ်သလဲ၊ ခုဟာက ဘာလို့မှန်းကို မသိဘူး”
“သု စဉ်းစားကြည့်လေ၊ ကိုပီတာနဲ့ မပန်းငုံက ဆုံးသွားလို့ပေါ့၊ မဟုတ်ရင် သူတို့လည်း မောင်လှယ် နှမလှယ်ပဲ ယူဖြစ်ကြမှာ မဟုတ်လား”
“အဲတော့လည်း ယူချင်မှ ယူမှာပေါ့၊ တစ်ချို့ဒေသတွေမှာ အဲဒီအယူအဆ ရှိတယ်တဲ့ ကိုနေ ရဲ့”
“နေပါဦး၊ အဲဒီတော့ သုနဲ့ ကိုယ်နဲ့က ဒီလိုပဲ နေရမှာလား”
“သု စဉ်းစားနေပါတယ်၊ မေမေ့ကို နိုင်တဲ့လူ ရှာရမှာပေါ့၊ သု အကြံရပြီသိလား”
“ဘယ်သူလဲ”
“မေမေ့ ဦးကြီး ဘုန်းဘုန်းလေ၊ သူက ဟိုးငယ်ငယ်လေးထဲက ဘုန်းကြီး ဝတ်နေတာ၊ ရွာမှာ မဟုတ်ဘူး၊ စစ်ကိုင်းမှာ၊ အခု ရန်ကုန် ခဏရောက်နေတယ်၊ အတော်ပဲ သိလား၊ ဘုန်းဘုန်းကို နားချ ခိုင်းရမှာပေါ့၊ မေမေက ဘုန်းဘုန်းပြောရင် ဘာပဲဖြစ်ဖြစ် နားထောင်တယ်၊ ဘုန်းဘုန်းက အခုဆို တရား စာအုပ်တွေ ဘာတွေ ရေးပြီး အောင်မြင်နေတာ၊ အခုလည်း ရန်ကုန်မှာ တရားပွဲ ရှိလို့ လာဟောတာ”
“ဟား ဟား.. သု ကတော့ တကယ်ပါကွာ၊ ဘုန်းဘုန်းတောင် မနေရဘူး”
“ပြောနေတာ ကြာတယ်၊ ခုပဲ ဘုန်းဘုန်းဆီ သွားမှာ၊ လိုက်ပို့ပေး”
“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ” 

♥♥♥♥♥

ဘုန်းဘုန်းက ကောင်းကောင်း နားချလိုက်၍ ဒေါ်မိုးအေးလည်း ဘာမှ မပြောသာပဲ သဘောတူ လိုက်ရသည်။ ဦးသာမောင်ကတော့ အစကတည်းက အယူတွေ အစွဲတွေ သိပ်ရှိသူ မဟုတ်သဖြင့် သဘောတူပြီးသား ဖြစ်သည်။ ဒီကြားထဲ သုက မပန်းငုံကို မကျွတ်မလွတ်သေး ဟု ပြောသဖြင့် ရွာကို ပြန်ပြီး အလှူလုပ်ကာ အမျှဝေ လိုက်ရသေးသည်။ အလှူပြီးသော ညက သု အိပ်မက်မက်သေးသည်။ မပန်းငုံက သူတို့ မတရားခံရသော အမှုကို ပြန်လည် ဖော်ထုတ်ပေးသည့် အတွက် သုကို ကျေးဇူးတင်ကြောင်း၊ အခု သူ စိတ်ချ လက်ချ သွားနိုင်ပြီ ဖြစ်ကြောင်း၊ ကိုပီတာ ကို သု က စောင့်ရှောက်ပေးဖို့ ပြောသွားသည် ဆို၏။

နေထက်ခေါင်ကတော့ သူသာ ကိုပီတာ ဝင်စားသည် ဆိုလျှင် မပန်းငုံက သူ့ကို ဘာကြောင့် တစ်ခါမှ အိပ်မက် မပေးသလဲ ဟု တွေးနေသေးသည်။ သူကရော အဲဒါတွေကို ယုံလို့လား။ အိပ်မက်ဆိုတာလည်း သိပ်မက်လေ့ မရှိပဲ တစ်ခါတည်း အိပ်ပျော် သွားလေ့ ရှိသူ မို့ပဲ မပန်းငုံက အိပ်မက်ပေးလို့ မရသလား။ ကိုရဲသူ နှင့် သုကိုပဲ အိပ်မက်ပေးလို့ ရသလား။ လောကကြီးမှာ သူမသိနိုင်သော အရာတွေလည်း အများကြီး ရှိသည်ကိုတော့ လက်ခံပေးရပါလိမ့်မည်။

နေထက်ခေါင် နှင့် သု တို့ မင်္ဂလာပွဲကို စေ့စပ်ပြီး တစ်လ အကြာ၌ ရန်ကုန်မှာ ဧည့်ခံပွဲ၊ ညစာစားပွဲ လုပ်သည့်အပြင် ရွာမှာလည်း မင်္ဂလာဆွမ်းကျွေး သွားလုပ်လိုက်သေးသည်။ ပြီးတော့ နှစ်ဦးသဘောတူပင် တစ်နိုင်ငံလုံးရှိ မိဘမဲ့ကျောင်းများသို့ အလှူငွေများ ပို့ပေးပြီး လှူဒါန်းလိုက်သည်။

MoonShape နှင့် Sun’s Highness ကို ပေါင်းစည်းကာ Sun Side ဟု နာမည်ပြောင်းလိုက်ပြီး လုပ်ငန်းစု တစ်ခုတည်း ဖြစ်စေလိုက်သည်။ လင်းထွဋ်သာက ဖက်ရှင်လုပ်ငန်းဘက်ကို ဦးစီးပြီး ဒီဇိုင်းသစ်များ ဆက်လက် ထုတ်လုပ်နေသည်။ နေထက်ခေါင်ကတော့ သူ တိုးချဲ့ထားသည့် လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေသည်။ စိုးသက်အောင်ကတော့ NewMoon ဆေးရုံ ကိစ္စ သွားရင်းနှင့် နေထက်ခေါင် သဘောမတူသည့် ကြားမှပင် နံသာနှင့် ဆက်လက် ပတ်သက်နေသည်။ လရိပ်သစ်ကတော့ အမေရိကားကို ထွက်သွားပြီ ဖြစ်သည်။

လင်းထွဋ်သာ နှင့် အေးလရိပ် တို့၏ သမီးကလေး အေးထက်သာ ၏ တစ်နှစ်ပြည့် မွေးနေ့ကို Sun Side လုပ်ငန်းစု တစ်နှစ်ပြည့် နှစ်ပတ်လည် နှင့် ပူးတွဲ ကျင်းပခဲ့သည်။ အေးထက်သာ ၏ အဘွား ဒေါ်မိုးအေး နှင့် ဒေါ်လေး သုထက်သာ ကတော့ အေးထက်သာကို မပန်းငုံ ဝင်စားသည်ဟု ယုံကြည်နေကြပြန်သည်။

သိင်္ဂါကျော်

12.12.2011
12:19 AM