09 September, 2011

ဘလော့ဂါ ဆိုသည်မှာ ဘလော့ ရေးသောသူကို ခေါ်၏


ဘလော့ဂါ ဆိုတာ ဘာလဲ ဆိုပြီး တော်တော်များများလည်း ရေးပြီး ခဲ့ကြပါပြီ။ ကိုယ့်မှာလည်း ထူးထူးခြားခြား ရေးစရာ အတွေးလည်း သိပ်မရှိလှပါဘူး။ ဒါပေမယ့် မင်းဧရာ က တဂ် ထားတာနဲ့ ရေးရမယ့် ဝတ္တရား ရှိတဲ့ အတိုင်း ရေးလိုက်ရတာပါ။ ခုတလော အနီးအနားက ရိပ်သာမှာ တရားပွဲ ရှိတာနဲ့ ၄ ရက်လောက် သွားနေဖြစ်လိုက်တာ ပြန်လာတော့လည်း လုပ်စရာ ရှိတာလေးတွေ လုပ်နေရတာနဲ့ ဘလော့ ဘက်ကို မလှည့်နိုင် ဖြစ်နေပါတယ်။ နောက်တစ်ပတ်လည်း သွားဦးမှာ မို့လို့ စထားမိတဲ့ ဝတ္တု နှစ်ပုဒ်လည်း ခုထိ ဇာတ်မသိမ်း နိုင်သေးဘူး ဖြစ်နေပါတယ်။ အဲဒါနဲ့ ခုတော့ ဘလော့ကနေ တအားပျောက်နေမှာ စိုးတာနဲ့ တဂ် ပို့စ်လေး ကောက် ရေးလိုက်တာပါ။

Blogger ကို ဆန်ဖရန်စစ္စကိုက ကုမ္ပဏီအသေးလေး ဖြစ်တဲ့ Pyra Labs က ၁၉၉၉ သြဂုတ်လ မှာ စတင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ကုမ္ပဏီလေးကို Google က ၂၀၀၃ မှာ ဝယ်လိုက်ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ Features အသစ်တွေ ထည့်ထည့်လာပြီး အခုလို ကိုယ်တို့ သုံးနေတဲ့ blogger.com ဖြစ်လာပါတယ်။ ဘလော့ ဆိုတာ ဘာလဲ ဆိုတာ blogger.com ရဲ့ tour-start မှာ ဒီလို ပြောထားပါတယ်။

A blog is a personal diary. A daily pulpit. A collaborative space. A political soapbox. A breaking-news outlet. A collection of links. Your own private thoughts. Memos to the world.

Your blog is whatever you want it to be. There are millions of them, in all shapes and sizes, and there are no real rules.

In simple terms, a blog is a web site, where you write stuff on an ongoing basis. New stuff shows up at the top, so your visitors can read what's new. Then they comment on it or link to it or email you. Or not.

အရင်တုန်းကတော့ ဒိုင်ယာရီ ရေးတာ ဝါသနာ ပါတဲ့ လူတွေက ကိုယ့်ဘဝရဲ့ အမှတ်ရ စရာလေးတွေကို ဒိုင်ယာရီထဲမှာ ရေးပြီး မှတ်တမ်း တင်ထားလေ့ ရှိပါတယ်။ အခုခေတ်မှာတော့ ကွန်ပျူတာ၊ အင်တာနက် နဲ့ အကျွမ်းဝင်တဲ့ လူများက ကိုယ် မှတ်တမ်း တင်ချင်တာလေးတွေကို ကိုယ့် ရဲ့ သီးသန့် စာမျက်နှာလေး ပေါ်မှာ မှတ်တမ်း တင်ကြပါတယ်။ တစ်ချို့တွေက ကိုယ့်ဘာသာ private လုပ်ပြီး ကိုယ် ခံစားချက်လေးတွေ ကိုယ် ရေးထားကြတယ်။ တစ်ချို့လည်း သူငယ်ချင်း အနည်းငယ်လောက်ကိုသာ share လုပ်ပြီး ဖတ်ခွင့်ပေးတာလည်း ရှိပါတယ်။ တစ်ချို့ကတော့ ကိုယ့်ရဲ့ ခံစားချက်၊ ကိုယ် မျှဝေချင်တာလေးတွေကို အားလုံးကို publish လုပ်ပြီး blog ပေါ်မှာ တင်ကြပါတယ်။

Blogger service ဟာ လူတိုင်း အတွက် free ရတဲ့ service ဖြစ်တဲ့ အပြင် automated template နဲ့ အလွယ်တကူ သုံးလို့ ရတဲ့ အတွက် web development ကို ဘာမှ မသိတဲ့ လူတွေလည်း web page တစ်ခု တင်နိုင်တော့ တော်တော်များများက သုံးစွဲလာကြပါတယ်။ တစ်ချို့ကတော့ blogger.com ကို ပိတ်ထားတဲ့ နိုင်ငံတွေမှာ ကိုယ့် ဘလော့ကို ဖတ်မရမှာ စိုးတာရယ်၊ ကိုယ်ပိုင် .com တစ်ခု ရှိရင် ဘာပဲဖြစ်ဖြစ် ကိုယ့် နာမည်လေး တစ်ခု permanent တည်တံ့ပြီး ကောင်းတဲ့ အချက်တွေ အများကြီး ရှိတာရယ်ကြောင့် blogger ကနေ .com ၊ .net  စသည် ပြောင်းရေးကြတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

ဘာပဲဖြစ်ဖြစ် blog ပေါ်မှာ စာတွေ ရေးတင်တယ် ဆိုကတည်းက စာရေး ဝါသနာပါတဲ့ သူတွေမို့လိွု့ပါ။ တစ်ချို့  အတွေ့အကြုံတွေ၊ ရေးစရာ အကြောင်းအရာတွေ အများကြီး ရှိပေမယ့် စာရေးတဲ့ ပါရမီ မပါလို့ (စာရေးပျင်းလို့) မရေးဖြစ်တဲ့ သူတွေ အများကြီး ရှိပါတယ်။ ဘလော့ဂါ တွေကတော့ မအားမလပ်ရင်တောင် အချိန်ကို ကုတ်ကပ် ရှာကြံယူပြီး ရေးချင်လို့ကို ရေးနေကြတဲ့ သူတွေပါ။ သူတို့ အားလုံးလိုလိုဟာ စာဖတ်တာကိုလည်း အရင်တည်းက ဝါသနာ ပါကြတဲ့သူတွေ မို့ သူများ ရေးထားတာတွေလည်း သွားဖတ်၊ comment ပေး၊ နှုတ်ဆက် စသည် လုပ်ကြတာပါ။

ဘလော့ဂါတွေ တစ်ဝက်ကျော်ကျော် လောက်ဟာ နိုင်ငံရပ်ခြားမှာ နေထိုင်ကြတဲ့ မြန်မာတွေ ဖြစ်ကြတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ ထဲက ရေးကြတဲ့ သူတွေ နည်းတယ် လို့ ထင်ပါတယ်။ သိကြတဲ့ အတိုင်း မြန်မာနိုင်ငံမှာ တော်ရုံလူက တနေကုန် အင်တာနက် မသုံးနိုင်တာလည်း ပါမယ်လို့ ထင်ပါတယ်။ မြန်မာဘလော့ တွေ တိုးတက်လာတဲ့ အကြောင်းရင်းထဲမှာ စာပေ မြတ်နိုးတဲ့ အဝေးရောက် မြန်မာတွေကြောင့် အများကြီး ပါမယ် ထင်ပါတယ်။ ကိုယ့် နိုင်ငံမှာ ကိုယ်တော့ စာဖတ်ချင်ရင် ဝတ္တုဖြစ်ဖြစ်၊ မဂ္ဂဇင်း ဖြစ်ဖြစ် အလွယ်တကူ ဝယ်ဖတ်၊ ငှားဖတ်လို့ ရပါတယ်။ တစ်ခြားနိုင်ငံမှာ ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် မြန်မာပုံနှိပ်စာလုံး ဖတ်ရဖို့ ဆိုတာ ခက်ခဲ ရှားပါးလိမ့်မယ် လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ဘလော့ တွေပေါ်မှာ ရေးတဲ့ လူကရေး ဖတ်တဲ့လူက ဖတ် လာကြတာပါ။

မြန်မာနိုင်ငံက ရေးတဲ့ လူတွေ အတွက်ကြတော့လည်း ကိုယ်ရေးချင်တဲ့ ကဗျာလေးတွေ၊ ဝတ္တုလေးတွေကို မဂ္ဂဇင်း စာမျက်နှာများပေါ်မှာ ပါဖို့ ဆိုတာ လွယ်တဲ့ အလုပ် မဟုတ်လေတော့ ဖတ်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဆိုပြီး ဘလော့ စာမျက်နှာပေါ် တင်ဖြစ်သွားတယ် ထင်ပါတယ်။ အဲဒါကတော့ ကိုယ် လုပ်ဖြစ်သွားပုံကို ပြောတာပါ။ ကိုယ့် ဘလော့မှာကိုယ်တော့ ရေးချင်ရာ ရေးပြီး တင်လို့ ရတာကိုး။ မကောင်းရင်လည်း မကောင်းတဲ့ အကြောင်း၊ ကောင်းရင်လည်း ကောင်းတဲ့ အကြောင်း၊ လိုရင်လည်း လိုတဲ့ အကြောင်း လာဖတ်တဲ့ သူတွေ ဆီက comment တွေကိုလည်း ကြည့်လို့ ရတဲ့ အတွက် အဆင်ပြေတယ်လေ။

မဂ္ဂဇင်း ဆိုတာကလည်း သူ့ theme နဲ့ သူ ဆိုတော့ သူ့ theme နဲ့ ကိုက်ညီမှ၊ အရေးအသား၊ အကြောင်းအရာ ကောင်းမှ ရွေးကြမှာလေ။ ကြုံလို့ ပြောရရင် ခုခေတ်မှာ ဝတ္တုကောင်းကောင်း၊ ကဗျာကောင်းကောင်း ဖော်ပြတဲ့ မဂ္ဂဇင်း ဆိုတာ အရေအတွက် ရှားပါး နေပါပြီ။ ခုခေတ် လူတွေကလည်း စာဖတ်ဖို့ထက် တီဗွီ ဇာတ်လမ်းတွဲ ကြည့်ဖို့လောက်သာ စိတ်ဝင်စား ကြတော့တာ ကလား။ မဂ္ဂဇင်း ဆိုလည်း မင်းသား ၊ မင်းသမီး အကြောင်း၊ ဖက်ရှင် အကြောင်း ပုံတွေ ဝေဝေဆာဆာနဲ့ ဖော်ပြထားတာလောက်ပဲ အပျင်းပြေ ကြည့်ကြတော့တာပါ။ ချွင်းချက် တစ်ခုတော့ ရှိသေးတယ်။ ဂမ္လီရ မဂ္ဂဇင်းတွေပါ။ ခုထက်ထိ အငှားဆိုင် တွေမှာ ငှားကောင်းနေတုန်းပါပဲ။ ကိုယ် အိမ်ပြန်လို့ စာအုပ်ဆိုင် သွားငှားရင် မဂ္ဂဇင်း အသစ်ဆို အဲဒါတွေပဲ ရှိပါတယ်။ အရင် ခပ်ငယ်ငယ်က ရှိဖူးတဲ့ တစ်ချို့ မဂ္ဂဇင်းတွေဆို အငှားဆိုင် အများစုမှာ မတင်ကြတော့ပါဘူး။ တစ်ချို့ စာပေ အသားပေး မဂ္ဂဇင်းတွေ ဆိုရင်လည်း အရှုံးနဲ့ ထုတ်နေရတာတို့၊ ရှုံးလို့ မထုတ်နိုင်တော့တာ တို့ အဲဒီလိုတွေ ဖြစ်နေပါတယ်။ အခု ကိုယ်ဆိုရင် အလုပ်နဲ့ အနီးအနားမှာလည်း စာအုပ်ငှားဆိုင် မရှိတော့ ပုံနှိပ် စာမျက်နှာ ဆိုတာ မဖတ်ဖြစ်တာ ကြာပါပြီ။ ဘလော့တွေ ပေါ်မှာ ရေးတဲ့ လူတွေ ရှိနေလို့သာ ဆောင်းပါးကောင်းလေးတွေ၊ ဝတ္တုကောင်းလေးတွေ၊ ကဗျာကောင်းလေးတွေ ဖတ်နေရပါတယ်။

ရေးတဲ့လူအနေနဲ့ ပြောရရင်တော့ ဘလော့ပေါ်မှာ ဝတ္တုရယ်၊ ကဗျာရယ်၊ ဆောင်းပါးရယ် သတ်သတ်မှတ်မှတ် ပုံစံ မဟုတ်လည်း ကိုယ်ကြိုက်ရာ label တပ်ပြီး ရေးနိုင်တော့ ရေးချင်တဲ့ အကြောင်းအရာလေး ပေါ်လာရင် ကြိုက်သလို ရေးနိုင်လို့ ရေးဖြစ်တာပါ။ ကိုယ် ဝါသနာ ပါရာ အကြောင်းအရာလေးတွေကို တင်နိုင်ကြတယ်လေ။

ကိုယ်က ငယ်ငယ်တည်းက အဒေါ်နဲ့ အတူလိုက်ပြီး စုံထောက် ဝတ္တုတွေ ဖတ်လာခဲ့တော့ အဲဒီလိုင်းကို စိတ်ဝင်စားပါတယ်။ မင်းသိင်္ခ ရဲ့ ဆားပုလင်းနှင်းမောင်၊ အောင်ဇင် ရဲ့ အိုင်အိုမင်းအောင်၊ မြတ်ထွန်းသစ် ရဲ့ ဆပ်ကလေး ဘကျော် တို့လို ရှေးခေတ်စုံထောက် တွေနဲ့ ငယ်ငယ်တည်းက ရင်းနှီးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မင်းမြတ်သူရရဲ့ ဆားပုလင်းမင်းအောင် ပေါ့။ ခေတ်သစ် စုံထောက် အနေနဲ့တော့ ဇော်ထက်အောင်၊ ဇော်ဇော်အောင် ရဲ့ စိုးအောင် တို့ စဝ်ရန်နိုင် တို့ပါ။ အမျိုးသမီး စုံထောက် အနေနဲ့တော့ ငယ်ငယ်က ဖတ်ဖူးတဲ့ ရုပ်ပြထဲက ဝင့်ရွှေစင် နဲ့ မာမာဝေ အတွဲပါ။ အဲဒါတွေ ဖတ်ပြီး action ရုပ်ရှင်တွေ ကြည့်ပြီး ကိုယ်တိုင် ရေးချင်လာပါတယ်။ ၇တန်း နှစ်က စပြီး စုံထောက် ဝတ္တု အတိုလေး တစ်ပုဒ် စရေးဖူးပါတယ်။ ခုတော့ ဘယ်ရောက်သွားပြီလဲ မသိဘူး။ ခုဖတ်ရင်တော့ ရယ်စရာ ကောင်းမှာပါ။ ဆယ်တန်းအောင်ပြီးတော့ ဝတ္တုရှည် စရေးကြည့်ပါတယ်။ လုံးချင်း ဖြစ်လောက်တဲ့ သုံးအုပ်လောက်တော့ ရေးပြီးသွားတယ်။ အဲဒီတုန်းကတော့ ကွန်ပျူတာလည်း မရှိသေးတော့ ဗလာစာအုပ်မှာ လက်ရေးနဲ့ ရေးတာပေါ့ နော်။ ခုထိ သိမ်းထားပါသေးတယ်။ ဝတ္တုစာအုပ် ထုတ်ဖို့တော့ အိမ်ကို ပိုက်ဆံ မတောင်းရဲဘူး ။ နောက်ပိုင်း ကျောင်းတက်တာ၊ အလုပ်လုပ်တာနဲ့ ဝတ္တုရှည် ဆက်မရေးဖြစ်ဘူး။ စထားတဲ့ တစ်အုပ်လည်း ဘယ်တော့မှ အဆုံးသတ် ဖြစ်တော့မယ် မထင်ဘူး။ ဘလော့တစ်ခု လုပ်ဖြစ်သွားတော့ ဘာနေနေ ကိုယ် စိတ်ဝင်စားတာလေး ကိုယ်ရေးပြီး တင်မယ် ဆိုပြီး စုံထောက် ဝတ္တုတိုလေးတွေ ရေးပြီး တင်ဖြစ် သွားပါတယ်။ ခုတလောတော့ မရေးဖြစ်ပြန်ဘူး။ :D

အရင်တုန်းက အိမ်မှာ စာရေးတုန်းက အိမ်ကလူတွေ မသိအောင် ခိုးခိုး ရေးရတာပါ။ စာဖတ်တာ ဘာမှ မပြောပေမယ့် စာရေးတာတော့ မကြိုက်လို့ သူတို့ မသိအောင် ခိုးခိုး ရေးရတာပါ။ ကိုယ် ရေးရေး နေတာ ရိပ်တော့ ရိပ်မိပေမယ့် သိသာသိစေ မမြင်စေနဲ့ လုပ်ခဲ့ရတာပါ။ နောက်ပိုင်း အဆောင်နေမှ၊ ကွန်ပျူတာ ရှိလာမှ ကိုယ့်ဟာကိုယ် အေးအေး ရေးနိုင်တာပါ။ ဒါတောင် သူငယ်ချင်းတွေကို publish မလုပ်ခင် မမြင်စေချင်လို့ သူတို့ မမြင်အောင် ခိုးခိုး ရေးနေပါသေးတယ်။ ဟိုတစ်ခေါက် ပြန်တုန်းကတော့ သည်းထိတ်ဖို မဂ္ဂဇင်း နှစ်အုပ်မှာ ပါတဲ့ သွေးစွန်းလက်ဝါး နဲ့ ဗိုင်းရပ်စ်ကို အိမ်ကို ပြလိုက်တယ်။ ဂမ္ဘီရဆန်းကြယ်ထဲက ကျိန်စာသင့်ဖူးစာ ကိုတော့ ငှားဖတ်တုန်းက တွေ့လိုက်ပေမယ့် စာအုပ်က ပို့မပေးတော့ ခုထိ မယူဖြစ်ပါဘူး။ အဲဒါပြောတော့ ဒါတွေပဲ ရေးနေတာလား တဲ့၊ ပါတာ ဒါအကုန်ပဲလားတဲ့ ပြောသေးတယ်။ သူတို့ နားလည်လား မလည်လား မသိပေမယ့် internet ပေါ်မှာလေ၊ blog ပေါ်မှာတော့ အများကြီး ရေးတယ်လို့ ပြောလိုက်တယ်။ 


အမှန်တော့ ကိုယ့်အနေနဲ့ ဘလော့ကို စလုပ်ဖြစ်တဲ့ အချိန်က ကြည့်ရင် ရေးဖြစ်တာတော့ အတော်ကြီးကို နည်းပါသေးတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုတော့ ဘလော့ဂါ ရယ်လို့လည်း မခံယူသေးပါဘူး။ တစ်ခါတလေ အတွေးတွေ အများကြီး တွေးဖြစ်ပေမယ့်လည်း စာတစ်ပုဒ် ဖြစ်လောက်တဲ့ အထိ ရောက်မလာဘူး။ တစ်ခါတလေ သူများလို ဘဝသရုပ်ဖော် ရေးကြည့်ချင်ပေမယ့် တစ်သက်လုံး ကျောင်းနဲ့ အိမ်ကလွဲရင် ဘာမှ မသိတဲ့လူ ဆိုတော့ အတွေ့အကြုံ၊ အကြောင်းအရာလည်း ရှားပါး နေပါသေးတယ်။ ဘာပဲ ဖြစ်ဖြစ် ပုံနှိပ်စာလုံး အနေနဲ့ မထုတ်ဝေနိုင်သေးလည်း ကိုယ့်ရဲ့ ကလောင်ကို သွေးလို့ ရနေတဲ့ ဒီ blogger.com ရှိနေတာ ကျေးဇူးတင် စရာပါ။ အဲဒါကြောင့်လည်း Blog တွေပေါ်မှာ စာရေးသူ စစ်စစ်တွေ အပြင် ကိုယ့်လို ကလောင်သွေးချင်တဲ့ သူတွေ၊ စာရေးချင်တဲ့ သူတွေပါ ဘလော့ဂါ ဖြစ်လာကြတာပါ။ ကိုယ် လျှောက်လျှောက် ရေးတဲ့ ကဗျာတွေဆို မဂ္ဂဇင်းတိုက် ပို့ရင် ဘယ်မဂ္ဂဇင်းက မှလည်း ရွေးမယ် မထင်ပါဘူး။ ဒါပေမယ့် ကဗျာရေးသူ ဘလော့ဂါ အနေနဲ့တော့ ဘလော့ဂါ အချင်းချင်းက အသိအမှတ်ပြုကြတယ်လေ။

ရသစာပေ အပြင် တရားဘက် လိုက်သူကလိုက်၊ အချက်အပြုတ်ဘက် လိုက်သူကလိုက်၊ နည်းပညာဘက် လိုက်သူက လိုက်၊ အစုံပလုံ လုပ်သူလည်း လုပ်ပေါ့၊ ကိုယ်ကြိုက်တဲ့ သီချင်းတွေ၊ ကိုယ်ရိုက်တဲ့ ဓါတ်ပုံတွေ တင်ချင်လည်း တင်ပေါ့။ နိုင်ငံရေးဘက် ဝါသနာပါသူများကလည်း အဲဒါနဲ့ ပတ်သက်တဲ့ သတင်း ပလင်းတွေ စုစည်းကြပေါ့။ လွတ်လပ်တဲ့ စာမျက်နှာမှာ တင်ချင်ရာ တင်လို့ ရပါတယ်။ comment တွေ cbox တွေ မှာလည်း ရေးချင်ရာ ရေးလို့ ရပါတယ်။ ဒါပေမယ့်လည်း ဘလော့ဂါတွေ အနေနဲ့တော့ ကိုယ့် သိက္ခာကိုယ် စောင့်စည်းပြီး သူတစ်ပါးကို အကြောင်းမဲ့ ပုတ်ခတ်တဲ့ စာတွေ မရေးမိဖို့၊ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်တဲ့ စာတွေပဲ ရေးသားကြဖို့တော့ လိုပါတယ်။ တကယ်တမ်း စာရေး ဝါသနာပါလို့ ရေးသားနေတဲ့ ဘလော့ဂါ စစ်စစ်များကတော့ အဲဒီလို ပုတ်ခတ်စာတွေ၊ မှီငြမ်း မဟုတ်တဲ့ ကူးချ စာတွေ မရေးကြပါဘူး။ ပွဲဆူအောင် တမင် လုပ်ချင်သူများသာ ရေးကြတာပါ။

Online ပေါ်မှာ အချိန်ကုန်ဖြစ်ကြတယ် ဆိုရင် talk ပေါ်မှာ chat ပေါ်မှာ ဟိုဟိုဒီဒီ ပလီပလာတွေ ပြောနေတာထက် စာရင် blog လည်ပြီး စာဖတ်၊ ဘလော့ဂါ အချင်းချင်း ရင်းနှီးကြတာက ပိုပြီး ကောင်းမွန် အကျိုးရှိတယ်လို့ ထင်ပါတယ်။ ဘလော့ဂါ ဆိုတာ အနည်းဆုံးတော့ စာပေမြတ်နိုးသူတွေမို့ အချင်းချင်း ကောင်းရာ မွန်ရာလေးတွေ မျှဝေရင်း စိတ်ချင်း ဆက်သွယ်နေသူတွေပါ။ ဟင်းချက်ကောင်းသူတွေကလည်း ကိုယ်ချက်တဲ့ ဟင်းလေးတွေ စားစေချင်တယ်၊ ဘာသာပြန် ကောင်းသူတွေကလည်း ကိုယ်ဖတ်မိ ကြိုက်မိ တာလေးတွေ မျှဝေချင်တယ်။ ခရီးသွားဖြစ်ရင်လည်း ကိုယ်သွားတဲ့ နေရာလေးတွေ ပြချင်တယ်။ ကိုယ် သဘောကျတဲ့ နည်းပညာလေးတွေ တွေ့ရင်၊ အထူးအဆန်း အဖြစ်အပျက်၊ သတင်း အပိုင်းအစ၊ ပုံလေးများ တွေ့ရင် မျှဝေချင်တယ်။ အဲဒါ ဘလော့ဂါ တွေပါ။

ဘလော့ဂါ ဦးရေ တိုးပွားပြီး ဘလော့ရွာကြီး ကျယ်ပြန့်ပါစေ...။

သိင်္ဂါကျော်

21 comments:

မအိမ်သူ said...

ဟုတ်လိုက်လေ ညီမရဲ့ ဘလော့ဂါဖွင့်ဆိုမှုလေးတွေကို သဘောကျထောက်ခံပါတယ်။ စုံထောက်ဝတ္ထုကြိုက်တာချင်း အိမ်နဲ့ကျောင်းကလွဲလို့ အပြင်လောကအကြောင်း ဘာတခုမှမသိတာချင်းလဲတူပါ့။

မဒမ်ကိုး said...

ဟုတ်တယ် မမ မမတွေးပုံနဲ့ ကျမတွေးပုံနဲ့တူတယ်
မမပြောတာတွေမဒိုးကန်တော့ ထောက်ခံတယ် ..

ခင်တဲ့

မဒိုးကန်

mstint said...

ဘလော့ဂါရဲ့ ဖြစ်တည်လာပုံနဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ဖတ်သွားပြီနော်။ ဘလော့ဂါတိုင်း အချိန်ပေးနိုင်မှု မပေးနိုင်မှုဆိုတဲ့ ကွာဟချက်ကလွဲပြီး စာပေမြတ်နိုးသူတွေချည်းပဲလို့ ယူဆမိတယ်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးယံ said...

ကောင်းတာကတော့ စာတွေလိုက်ဖတ်နေတာပဲ ကောင်းပါတယ်ဗျာ..။

jasmine(တောင်ကြီး) said...

blogger.com
ဖွင့်ဆိုချက်တစ်ခုနဲ့ပဲကျေးဇူးအများကြီး
တင်နေပါတယ်ရှင်....
နောင်လဲချမ်းမြေ့စွာနဲ့စာတွေအများကြီး
ရေးနိုင်ပါစေလို့
ချစ်ခင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်မမရေ အချိန်ရတာနဲ့ ကွန်ပြူတာရှေ့ထိုင် ဘလော့ရွာထဲ လည်နေရရင်ကိုပဲ ထမင်းမေ့ဟင်းမေ့ အကုန်မေ့ပဲ အဟီးးးး အဲလောက်ထိ :):)
ဘလော့ဂါဖွင့်ဆိုချက်လေး အားပေးသါားတယ်မမရေ

SHWE ZIN U said...

ညီမ ရဲ့ ဖွင့်ဆိုချက် လေးကိုလာရောက်အားပေး
ဖတ်ရှု့သွားပါတယ်

မင်းဧရာ said...

အမကြီးကလည်း...
အပြီးမသတ်နိုင်သေးတာတွေကြည့်ပဲ။
မြန်မြန်ရေးပြီးရင် တင်ပေး........
ဘလောက်ဒ်ဖြစ်တည်လာပုံလေးကို သိရလို့ကျေးဇူးပါဗျာ
ဘလောက်ဒ်တွေကို လည်ပြီးစာဖတ်နေရရင် ထမင်းမေ့ ဟင်း မေ့ယုံတင်မကဘူး ချက်ဖို့း ပြုတ်ဖို့ပါ မေ့တော့လို့ အခု ချက်လိုက်အုံးမယ်။

Anonymous said...

I agree with the fact that spending time on blogging is much more fun and healthier than chatting!
Mon Petit Avatar

ကိုဇော် said...

ရေးထားလိုက်ကြတာ ဖတ်လို့ကောင်းတယ်ဗျာ။
အားကျပါရဲ့။
အားလပ်ချိန်တိုင်း ဆက်လက်ရေးသားနိုင်ပါစေ။

blackroze said...

ဘလော့ဂါဆိုတဲ့
ဖွင့်ဆိုချက်ခြင်းမတူကြပေမဲ့
စာပေဝါသနာပါတာချင်း
စာပေမြတ်နိုးတာချင်းတူတဲ့သူတွေကြီးပါဘဲ
အမရေ..အချိန်လေးရရင်စာလေးပြန်ေ၇းပါဦးနော်

ခင်တဲ့ Blackroze

ညီရဲ said...

ဘလော့ဂါဆိုတာ... ဘလော့ဂါ ပါပဲဗျာ...
ထင်တာ ပြောကြည့်တာနော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလော်ဂါဖွင့်ဆိုချက်လေး ကောင်းလှတယ်
စာရေးသူရဲ့ စိတ်နေစိတ်ထားကိုလည်း မြင်လိုက်ရတယ်
ရေးလက်စ ဝတ္ထုတွေဆိုတာလည်း ပြီးအောင်ရေးဦးနော်
ဖတ်ဖို့စောင့်နေမယ် ။

ကိုကိုမောင်(ပန်းရနံ့) said...

ဒီလောက် လက်ငြိမ်ပြီး စာရေးဆရာမတစ်ဝက် ဖြစ်နေပြီဘဲကို။ စာကို ဆက်ရေးပါ။ မရပ်လိုက်ပါနဲ့။ အားတဲ့အခါလေး ရေးပေါ့။

လုံးချင်းတွေလဲ ထုတ်ဝေနိုင်အောင် ကြိုးစားပေါ့။ အဲဒါတွေကမှ သမိုင်းဖြစ်နေခဲ့မှာလေ။

ခင်မင်လျှက်

လင်းခေတ်ဒီနို said...

ဘလော့ဂင်းနေချင်းကိုက ကောင်းသော အကျိုးကျေးဇူးရရှိ၏ တဲ့း)

စာရေးတာ တော့ မရပ်လိုက်ပါနဲ့ အမတော်ရယ် . . . နှင်းဆီခင်းဆိုတာ ခြောက်သွေ့နေရင် ကြည့်မလှဘူးဗျး)

ခင်မင်စွာဖြင့်
ဗညားရှိန်

မေသိမ့်သိမ့်ကျော် said...

လာရောက်အားဖတ်ရှုသွားပါတယ်။ ဘလော့တွေမှာ စာစုံတွေဖတ်ရလို့ကော ကိုယ်တိုင်ရေးလို့ ရလို့ပါ အင်မတန်နှစ်ခြိုက်မိပါတယ်ရှင်။

ခင်တဲ့

မိုးမြင့်တိမ် said...

အရေးအသားလေးလဲ ညက်တယ်။ ဘလော့ခ်ဂါအကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်လေးလဲကောင်းတယ်။ နောက်ထပ်စာကောင်းပေမွန်တွေ အများကြီးရေးသားနိုင်ပါစေဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မြသွေးနီ said...

နောက်ဆုံးနှစ်ပိုဒ်ကို ဖတ်ပြီး ထပ်တူထပ်မျှ သဘောကျသွားရတယ်။ ဘလော့ဂါဆိုတာ.... ??
စာတွေ၊ ကဗျာတွေ ဆက်ရေးပါညီမရေ..။

မြသွေးနီ said...

နောက်ဆုံးနှစ်ပိုဒ်ကို ဖတ်ပြီး ထပ်တူထပ်မျှ သဘောကျသွားရတယ်။ ဘလော့ဂါဆိုတာ.... ??
စာတွေ၊ ကဗျာတွေ ဆက်ရေးပါညီမရေ..။

မြသွေးနီ said...

နောက်ဆုံးနှစ်ပိုဒ်ကို ဖတ်ပြီး ထပ်တူထပ်မျှ သဘောကျသွားရတယ်။ ဘလော့ဂါဆိုတာ.... ??
စာတွေ၊ ကဗျာတွေ ဆက်ရေးပါညီမရေ..။

မောင်ဘကြိုင် said...

သေသေချာချာဖတ်မှတ်သွားပါတယ် အစ်မရေ
ကျေးဇူးပါ

မောင်ဘကြိုင်