28 September, 2011

ကောင်မလေး အတွက် ၎


ကောင်မလေးရေ
မင်းဟာ
ငါ့ စိတ်ကူးယဉ်တွေထဲက မိန်းကလေးလို
အပြစ်ကင်းတဲ့ အလှမျိုး မပိုင်ဆိုင်ဘူး၊
ပြီးပြည့်စုံတဲ့ အရည်အချင်းမျိုး မပိုင်ဆိုင်ဘူး၊
ငါ သဘောကျတဲ့ အရာတွေ အားလုံးလည်း
မင်းမှာ မရှိဘူး။
ငါ သဘောကျတဲ့ ပုံစံမျိုးလည်း
မင်း မဟုတ်ခဲ့ဘူး။

ဒါပေမယ့်လည်း
ကောင်မလေးရေ
ငါ့ ရင်ခုန်သံတွေတောင်
နရီ စည်းချက်ပျက်သွားအောင်
မင်း ပြုစားနိုင်ပါပေတယ်၊

ကောင်မလေးရေ
ထူးထူးခြားခြား ပေါ်လွင်တာ
မင်းမှာ ဘာတစ်ခုမှ မရှိပေမယ့်
အဲဒီ ရိုးသားမှုကိုပဲ
ငါက စိတ်ဝင်စားမိရဲ့။

သဘောကျမှုတွေကို
ငါ့ကိုယ်ငါ မသေချာတော့လို့
ရုန်းထွက်ခဲ့တာတွေ များများနေ၊
ကိုယ့်အချစ်ကို ကိုယ်တိုင်ပဲ
မယုံမကြည် ဖြစ်ဖြစ်နေတတ်တဲ့ သူမို့
ထင်ယောင်ထင်မှားတွေပဲလို့
စာရင်းထဲ မထည့်ချင်လည်း မရလောက်အောင်
ကောင်မလေးရေ
မင်းက ငါ့ အတွင်းစိတ်ထိ
နှောက်ယှက်လာနိုင်သူပါ။

ကောင်မလေးရေ
မင်းအသည်းနှလုံးကို
ပိုင်ရှင် ရှိနေမှာ စိုးတယ်၊
ဒါမှမဟုတ်
ဘယ်သူ့မှ မပေးဘူး ဆုံးဖြတ်ပြီး
သိမ်းဆည်း ထားမှာလည်း စိုးတယ်။

ကောင်မလေးရေ
မင်းက
အမြဲတမ်း လန်းနေမယ့်
ပန်းတစ်ပွင့်ဆိုလည်း
ငါ့ ဥယျာဉ်ထဲမှာပဲ
ပွင့်လန်းခွင့် ပေးစေချင်ရဲ့။

မင်း သိစေချင်ပါတယ်
မင်း အပြုံးပွင့်တွေ မြင်ရင်
ငါဘယ်လောက်ထိ ရင်ခုန်မိသလဲ ဆိုတာ...
မင်း ငါ့ကို ဂရုမစိုက်ပဲ
တစ်ခြားသူတွေကို ဂရုစိုက် ပြုံးရယ်ပြတဲ့အခါ
ငါ့ဘဝ တစ်ခုလုံး သွေ့ခြောက်သွားသလို
ခံစားလိုက်မိတယ် ဆိုတာ...
ကောင်မလေးရေ
ယုံချင်လည်း ယုံ
မယုံလည်း နေနိုင်ပါတယ်၊
ငါ့ အသည်းနှလုံးထဲမှာ
မင်းအကြောင်း အတွေးတွေပဲ
ပြည့်နှက်နေပြီ ဆိုတာ....။

သိင်္ဂါကျော်


ကောင်မလေး အတွက်
ကောင်မလေး အတွက် ၂
ကောင်မလေး အတွက် ၃

18 comments:

မဒမ်ကိုး said...

ဝိုး တကယ်ပြည့်နေပြီလား မကြီးရေ ..

ကဗျာလေးကခံစားလို့ကောင်းလိုက်တာ

အားပေးလျှက်
ခင်တဲ့
မဒိုးကန်

Cameron said...

ခုတလော ဘလော့ဂါတော်တော်များများကဗျာတွေ တင်နေကြတယ်...။ ခံစားမှုလေးတွေကောင်းတယ်အမ..။

ခင်တဲ့
မိုးငွေ့

kokoseinygn said...

တစ်ပိုဒ် ခြင်းစီကဆိုလိုချက်တွေကို
အသေအခြာဖတ်သွားပါတယ်။

Anonymous said...

ကဗျာလေးကောင်းတယ်အစ်မ
ကျွန်တော့်ကဗျာတင်တော့ သီတင်းကျွတ်ခါနီးမို့လားတဲ့ တွယ်သွားကြတယ်


ကဗျာချစ်သူ
မောင်ဘကြိုင်

စံပယ်ချို said...

ဟုတ်တယ်နော်...ချစ်ရသူရဲ့အပြုံး
ကိုမြင်ရင် လူတိုင်းရင်ခုန်တယ်...
ချစ်ခင်တဲ့ jasmine

Moe Myint Tane said...

အချစ်ကဗျာ ချိုချိုလေးကို ဖတ်သွားပါတယ်။

မိုးမြင့်တိမ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အပြစ်ကင်းအောင် စက်စက်ယို မလှပေမဲ့ ရိုးသားခြင်းက ပိုတန်ဖိုးရှိပါတယ်။
ကောင်မလေးဟာ အဲဒီရိုးသားခြင်းတွေနဲ့ ချစ်ဖို့ကောင်းနေမှာပါ

မင်းဧရာ said...

မှန်ပါ့ဗျာ......
ဘာတွေရှိရှိ မရှိရှိ
ရိုးသားခြင်း တစ်ခုရှိနေရင်
အတော်လေးကို ပြည့်စုံနေပြီ။

mstint said...
This comment has been removed by the author.
mstint said...

ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားတယ်နော်။
အရာရာကိုလွှမ်းမိုးနိုင်စွမ်းရှိတဲ့ ရိုးသားခြင်းကို ထာဝရတန်ဘိုးထားနိုင်ပါစေကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

(စာလုံးပေါင်းမှားသွားလို့ကွန်မန့်ဟောင်းဖျက်လိုက်တာ)

ညီရဲ said...

ထူးထူးခြားခြား မပေါ်လွင်တာကိုက ထူးခြားနေတာ...
သေချာတယ် ထူးခြားတဲ့ ကောင်မလေးပဲ ဖြစ်မယ်...

AH said...

ဖြူစင်တဲ့ ကောင်မလေး အကြောင်းဖတ်သွားပါတယ် ခင်ဗျာ။ ကောင်မလေးကို မြတ်နိုးတဲ့ စိတ်ကလေးနဲ့ ရေးထားတဲ့ ကဗျာလေးကို ခံစားသွားပါတယ်။

"ရုံးထွက်" နေရာမှာ "ရုန်းထွက်" လို့ပြင်လိုက်ရင် ပိုပြီးပြည့်စုံတဲ့ ကဗျာလေး ဖြစ်သွားမှာ

ခင်မင်စွာဖြင့်
AH

မြသွေးနီ said...

ကောင်မလေးက ကောင်မလေးအကြောင်းကို ရေးထားတဲ့ ကောင်မလေးအတွက် ကဗျာကို ဖတ်သွားတယ် ကောင်မလေးရေ..။

မအိမ်သူ said...

ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်မှာ အသေအချာပဲ။ ဘာမှမထူးခြားတဲ့ ကောင်မလေးမို့ ထူးခြားစွာ ငြိတွယ်သွားတာ...း)

ပန်းပျိုးသူ said...

ကျနော်ကတော့ ကောင်မလေး ဆိုတာနဲ့ ရင်ကခုန်ပြီသားပဲ
ကဗျာဆိုတော့ ပိုဆိုးတာပေါ့ဗျာ လုံးဝ ခိုက်တယ်....
ကျေးဇူးလည်းတင်တယ်.....

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာ ကဗျာချိုချို လှလှလေးပဲမမ :)
ခံစားအားပေးလျှက်ပါလို့...

jr said...

ကဗျာလေး လာဖတ်ပြီး ခံစားသွားတယ် မသိင်္ဂါ။
စာမရေးတာကြာပြီနော် ။ နေကောင်းတယ်ဟုတ်?

ခင်မင်လျှက်

infotodaynews said...

ကဗျာလေးကြိုက်တယ် အမလားညီမလား