03 January, 2011

ဆောင်းသစ်ရွက်



ဆောင်းဦးသစ်ရွက်တွေ
ပွင့်သစ်စနေရောင်ထဲ လှပနေသလိုမျိုး
မင်း အစွမ်းကုန် ချစ်ခဲ့တဲ့ ရာသီကတည်းက
ငါက မယုံဘူးလို့ ငြင်းခဲ့ပြီးသား။

မင်းတောင်းတဲ့ အကြောင်းပြချက်ကို
ပြေလည်အောင် မပေးနိုင်တာကလွဲရင်
မယုံကြည်ခြင်းက သေချာနေလေတော့
ငါ့ကိုယ်ငါတောင်
နှလုံးသားကို ဖုံးဖိထားခဲ့သယောင်
အထင်အမြင်မှားချင်သေးရဲ့။

တလောကလုံးရဲ့အဝေးကို
ထွက်ပြေးရှင်သန်ဖို့
မင်းက စိန်ခေါ်ခဲ့ပေမယ့်
ငါကတော့
ပတ်ဝန်းကျင်ရဲ့ အဝေးမှာ
မရှင်သန်နိုင်သူပါကွယ့်။

ဆောင်းသစ်ပင်တွေ အမြဲမလှနိုင်တာ
ကြိုသိခဲ့သူ ဆိုပေမယ့်
မင်းဘက်က အစိမ်းရောင်ပြောင်းပုံက
အံသြလောက်အောင် ပိုစောခဲ့ပါရဲ့။

ငါက ရှေ့ဖြစ်ကို ကြိုသိသူမို့
နှလုံးသားကို
ကျောက်သားသွန်းထားတယ်
အတွင်းဘက်မှာ အက်ရာရှိခဲ့တောင်
ငါကိုယ်တိုင်အပါအဝင်
ဘယ်သူတစ်ယောက်မှ
မမြင်ရစေဖို့ပေါ့။


ဘာပဲဖြစ်ဖြစ်
ငါကတော့
ဆောင်းဦးသစ်ရွက်တွေ
လှနေချိန်ကို
ချစ်တတ်မြဲပဲ။


သိင်္ဂါကျော်
(အပေါ်ကပုံကတော့ ဂျပန်က ချစ်သူငယ်ချင်းလေး facebook မှာ တင်ထားတဲ့ ပုံကို ခွင့်တောင်းပြီး ယူသုံးပါတယ်)

9 comments:

Snow said...

ဒီကဗျာလေးကို ကြိုက်တယ်.. :D

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့လဲ ဆောင်းဦးရဲ့ သစ်ရွက်လေးတွေ အရောင်စုံနဲ့ လှနေတာကို သိပ်သဘောကျတယ်.. ဒါပေမဲ့ မြန်မာပြည်မှာကျတော့ အရောင်စုံ သိပ်မတွေ့ရဘူး..
ဘယ်လာက်လှတဲ့ အရောင်လေးတွေဘဲဖြစ်ဖြစ် တစ်ချိန်တော့ အားလုံး အစိမ်းရောင်ပြောင်းသွားရပြန်တာဘဲနော်
မတည်မြဲခြင်းရဲ့ သဘောတရား.....
နှစ်သစ်မှာ ပျော်ရွှင်ငြိမ်းချမ်းပါစေသိင်္ဂါရေ...

ဖိုးကြယ် said...

ငါက ရှေ့ဖြစ်ကို ကြိုသိသူမို့
နှလုံးသားကို
ကျောက်သားသွန်းထားတယ်
အတွင်းဘက်မှာ အက်ရာရှိခဲ့တောင်
ငါကိုယ်တိုင်အပါအဝင်
ဘယ်သူတစ်ယောက်မှ
မမြင်ရစေဖို့ပေါ့။

ကြိုက်တယ် ဒီအပိုဒ်လေးကို :)

ခင်တဲ့(ဖိုးကြယ်)

မြတ်မွန် said...

လှလိုက်တဲ့ကဗျာလေးနဲ့ ပုံလေးပါပဲ..။
မမရေ..ဟက်ပီးနယူးရီးယားနော်..။

နှင်းဟေမာ said...

ငါက ရှေ့ဖြစ်ကို ကြိုသိသူမို့
နှလုံးသားကို
ကျောက်သားသွန်းထားတယ်
အတွင်းဘက်မှာ အက်ရာရှိခဲ့တောင်
ငါကိုယ်တိုင်အပါအဝင်
ဘယ်သူတစ်ယောက်မှ
မမြင်ရစေဖို့ပေါ့။
ကဗျာလေးက လွမ်းစရာ ကောင်းလိုက်တာ ...
ကြေကွဲစရာတွေလဲပါတယ် ....

အုပ်ကြီး said...

ဆောင်းဦးသစ်ရွက်တွေလှနေချိန်ကို
ချစ်တတ်မြဲ ..
တကယ်လည်းချစ်ဖို့ ကောင်းနေဆဲပဲလေ ...

လင်းခေတ်ဒီနို said...

ဆောင်းသစ်ပင်တွေ အမြဲမလှနိုင်တာ
ကြိုသိခဲ့သူ ဆိုပေမယ့်
မင်းဘက်က အစိမ်းရောင်ပြောင်းပုံက
အံသြလောက်အောင် ပိုစောခဲ့ပါရဲ့။

ကောင်းလိုက်တဲ့ စာသား ကျွန်တော်အတွက်တော့ ထိချက်ပါပဲ

Anonymous said...

အရေးအသားလေးတွေကို တကယ်သဘောကျပါတယ်

အင်္ဂါဟူး said...

ငါက ရှေ့ဖြစ်ကို ကြိုသိသူမို့
နှလုံးသားကို
ကျောက်သားသွန်းထားတယ်
အတွင်းဘက်မှာ အက်ရာရှိခဲ့တောင်
ငါကိုယ်တိုင်အပါအဝင်
ဘယ်သူတစ်ယောက်မှ
မမြင်ရစေဖို့ပေါ့။

တကယ်လို့သာဆောင်းသစ်ပင် အရိပ်အောက်မှာ ချစ်ရသူနဲ့ဆိုရင်...