20 July, 2010

အချစ်ကဘယ်မှာ



မတွေ့ဆုံလိုဘူးလို့ ဆန္ဒမပြုခဲ့ဖူးဘူး
ကြောက်တယ်လို့လည်း မဆိုခဲ့ဖူးဘူး
မယုံကြည်ဖူးလို့လည်း
အသံကောင်း မဟစ်ခဲ့ဖူးပါဘူး။
ဒါပေမယ့်လည်း
အဲဒီအချစ်နဲ့
မတော်တဆ လမ်းမှားပြီးတောင် မထိတွေ့ဖူးတာ
ငါ့ဘဝရဲ့ ကျိန်စာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

သစ္စာဖောက်မှုတွေနဲ့ မကြုံခဲ့ဖူးတာ
ချန်ရစ်ထားခံရမှုတွေနဲ့ ကျန်မနေခဲ့ဖူးတာ
ကံကောင်းသူရယ်လို့
ယူဆချင်ယူဆနိုင်ပါတယ်။

တစ်ယောက်တည်းဘဝကို ပျော်တတ်သူထဲမှာ
ငါလည်း မပါခဲ့ဘူး။
တကယ်ပါ ငါကတော့
တစ်စုံတစ်ယောက်ကို အားကိုးချင်ခဲ့သူပါ၊
ဘဝကို တစ်ယောက်တည်း ရင်ဆိုင်ရမှာလည်း
ကြောက်တတ်သူလေ။

လက်တွဲဖော်မပါပဲ လမ်းလျှောက်ရမှာလည်း
အားငယ်ချင်သူပေါ့။
အသက်တွေ တစ်နှစ်တစ်နှစ် ကြီးလာ
ဖူးစာရေးနတ်က မျက်စိရှန်းနေလည်း
ငါ့နှလုံးသားကတော့ ပန်းနုရောင်သမ်းနေတုန်းပဲ။
အိပ်မက်ထဲက မင်းသားကို မျှော်နေတာ မဟုတ်ဘူး၊
တွေ့ရာကြုံရာလည်း လက်လှမ်းတတ်သူ မဟုတ်ဘူး၊
လက်တွေ့ဂရုစိုက်မှု တစ်ခုကိုပဲ လိုချင်ခဲ့သူပါ။

ဘယ်ဆီမှာ အိပ်ပျော်နေမှန်းမသိတဲ့
ငါ့ရဲ့ လိုက်ဖက်တဲ့ တစ်ခြမ်းကို
တစ်ချိန်ချိန် တစ်နေရာရာမှာတော့ တွေ့လိမ့်မယ်၊
ရူးနှမ်းတဲ့ စိတ်တစ်ခုနဲ့
မျှော်လင့်နေသူပေါ့။

သိင်္ဂါကျော်

သူမ ဆိုတဲ့ ကဗျာ တင်တုန်းက သူငယ်ချင်း တစ်ယောက်က သူ့စိတ်က အဲလိုမဟုတ်ဘူး၊ သူ့အတွက်လည်း ကဗျာတစ်ပုဒ်လောက် ရေးပါဦးလို့ ပြောဖူးလို့ တစ်ယောက်ထဲလည်း မနေရဲ၊ သရဲလည်းကြောက်တတ်တဲ့ သူငယ်ချင်းမလေး ကိုယ်စား ရေးထားတာပါ။ :D

19 comments:

သူကြီးမင်း (တုံးဖလား) said...

အင်း... သက်မဲ့ပြတင်းပေါက်တွေမှာတောင် များသောအားဖြင့် တံခါးနှစ်ချပ်ရှိနေကြတာဆိုတော့...
သက်ရှိဖြစ်တဲ့ လူသားတွေလဲ.....

ကိုဇော် said...

သူများကို ရေးပေးတယ် ဆိုတာ မယုံပါဘူး။
ဟော . .အချစ်က ဒီမှာ ပါတဲ့ဗျာ ( ဗေလုဝ က )

သြော် . .အချစ်နဲ့ ထိတွေ့ဖူးချင်နေပြိပေါ့လေ။
ကောင်းပါတယ် ကောင်းပါတယ် ဖြစ်သင့်တယ်။
မတွေ့ဖူးတာထက် စာရင် တွေ့ဖူးတာ ကောင်းတယ်။

နေ၀သန် said...

မိုက်တယ်... ကြည့်ရတာ မသိင်္ဂါကျော်က စိတ်ပြတ်တယ်ထင်တယ်နော်... ကောင်းတယ်... အဲဒီလို စိတ်ကို ခပ်ပြတ်ပြတ်နေတတ်တာ တခါတရံ အကျိုးသိပ်ထူးတယ်... (ဟုတ်မဟုတ်တော့မသိဘူး.. ရမ်းတုတ်လိုက်ပြီ... :D)

ခင်မင်တဲ့
နေ၀သန်

လသာည said...

သူများကိုယ်စား စပ်ပေးတဲ့ ကဗျာလည်း ဖတ်ကောင်းတာပဲ..။ တော်လိုက်တာ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ စောင်းရေးထားတာလား ဟေ
သိင်္ဂါက ကဗျာစပ်တာလဲ ကောင်းတယ်
ဒီကဗျာကလဲ ရင်ထဲက စကားလုံးတွေနဲ့ဖွဲ့စည်းထားတာများလား
း)

Crystal said...

ကဗျာစပ်ပြီဆိုတော့ ခံစားမှုတွေ ရင်ထဲရောက်ကပြီပေါ့။ ခံစားမှုကို မစိစစ်သွားဘူးနော် ...:))

Cameron said...

သိဂါင်္ရေ...ကျန်ကိုယ်တစ်ခြမ်းကို အမြန်ဆုံးတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ခိုင်နုငယ် said...

အချစ်က...ဒီမှာ..
သူမလေး..ကျန်တဲ့တစ်ခြမ်းကို
အမြန်ဆုံးရှာတွေ့ပါစေဗျာ။

Unknown said...

thanks for this poem!
Is for me?

ကိုအောင် said...

ကဗျာထဲက မျှော်လင့်နေသူ ကံကောင်းပါစေဗျာ။

နွေဆူးလင်္ကာ said...

ဘယ်မလဲ အဲဒီသူငယ်ချင်း ... တားတားလဲ သရဲကြောက်တတ်တော့ အတော်ပဲ ခွိခွိ

မြစ်ကျိုးအင်း said...

အပူရှာချင်တယ်ဆိုပါတော့
အပူမရှာတာ ပိုကောင်းတယ်ဆိုတာ မသိလို့ပါ...
တစ်ယောက်တည်းနေရတာက ပိုပြီး လွတ်လပ်တယ်ဗျ... ပြောလိုက်ပါဗျာ.. ကဗျာထဲကတစ်ယောက်ကို
အပူမရှာချင်ပါနဲ့လို့း)

အဖြူရောင်နတ်သမီး said...

“ဖူးစာရေးနတ်က မျက်စိရှန်းနေလည်း
ငါ့နှလုံးသားကတော့ ပန်းနုရောင်သမ်းနေတုန်းပဲ။”

သူငယ်ချင်းအတွက်ရေးပေးပြန်ပြီလား..ဟင်းနော်..
ကိုယ်တိုင်ခံစားပြီး ရေးတာပါလို့ တခါလောက်ပြောကြည့်ပါလား..း)

ရွှင်လန်းချမ်းမြေ့ပါစေ မသိင်္ဂါရေ...

ချိုကျ said...

သူများအတွက် ကိုယ်တိုင်ရေးတဲ့ ကဗျာလေး ကောင်းပါ၏ :)

ခင်တဲ့(ချိုကျ)

သဒ္ဓါလှိုင်း said...

ကဗျာတပုဒ်လုံးခံစားဖတ်သွားပါတယ်.။
တပုဒ်လုံးကိုကြိုက်တယ်....

ခင်တဲ့
သဒ္ဓါ

Mila said...

Hello! Invite to Ukraine!))

purplemay said...

အဲ့လို ခပ်ဆန်ဆန် အတွေးလေးရှိနေတုန်း ကဗျာလှလှလေး တစ်ပုဒ်ဖတ်လိုက်ရတယ် ...။
အစ်မ...ကဗျာတွေ အားလုံးနီးနီးကြိုက်တယ် အစ်မရေ့...း)

ညလင်းအိမ် said...

သူများကိုရေးပေးတယ်ဆိုတာ ကိုဇော်လို့ပဲ ကျွန်တော်လည်း မယုံဘူးဗျ ... :P

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
ကဗျာတွေ၊ စာတွေကောင်းပါသည်။ ကားပေါ်လူသတ်မှု ကိုရုပ်ရှင်ရိုက်ဖို့ကောင်းပါ၏။ စီဘောက်ကိုဝင်မရလို့ဒီမှာရေးသွားပါသည်။