26 August, 2010

အဝေးပြေးကားပေါ်ကလူသတ်မှု

ဘလော့ကို အဆက်ဖြတ်ချင်လို့တော့ မဟုတ်ပါဘူး။ စာရေးဖို့ စိတ်မပါဘူးဖြစ်နေတော့ သူများ ဘလော့တွေ သွားဖတ်ရင်လည်း ကိုယ်ဘလော့မှာကိုယ် တာဝန်မကျေသလို ခံစားရလို့ တမင် မဖတ်ပဲ နေနေပါတယ်။ သင်တန်းတိုလေး တစ်ခု တက်စရာရှိလို့ လုပ်လက်စ အလုပ်ကလေးတွေ လက်စသတ်ရတာရယ်၊ မြန်မာနိုင်ငံက ဝန်ထမ်းတွေ နိုင်ငံခြားသွားရင် ထုံးစံအတိုင်း နေပြည်တော် သွားသွားပြီး ကိစ္စ ဝိစ္စတွေ ရှုပ်ရတာရယ်.. နဲ့.. အလုပ်ရှုပ်နေတာလည်း ပါပါတယ်။ အခုတော့ အိန္ဒိယနိုင်ငံမှာ နှစ်လခွဲသင်တန်း တက်နေပါပြီ။ ကျောင်းက internet ကလည်း သိပ်ကောင်းလှတယ် မဟုတ်တဲ့ပြင် ညဘက် ဟိုတယ်မှာလည်း အင်တာနက် မရတော့ blog တွေ ဖတ်ပြီး comment ပေးဖို့ရာ သိပ်မလွယ်လှသေးပါ။ ဘာမှ လုပ်စရာမရှိလို့ စာရေးဖြစ်ဖို့တော့ မျှော်လင့်ပါတယ်။ စာအသစ် မရေးဖြစ်တဲ့ အချိန် လာလည်တဲ့သူများကို အားလည်းနာတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ဒီဝတ္တုကို စထားတာတော့ တော်တော်ကြာပါပြီ။ ခုမှပဲ အဆုံးသတ်ဖြစ်ပါတယ်။ လိုအပ်တာရှိရင်လည်း ဝေဖန်လို့ ရပါတယ်နော်..။
 *****************************************************************

Express ကားပေါ်မှ လူအားလုံးနီးပါး အိပ်မောကျနေကြသည်။ လမ်းတစ်ဝက်နားအပြီး ဂိတ်ဆုံးမြို့ကို ရောက်ဖို့ရာလည်း ခရီးတစ်ဝက်ခန့် လိုသေးသည်မို့ အားလုံး စိတ်ချလက်ချ အိပ်ပျော်နေကြသည်။ တစ်ယောက်သောသူကတော့ မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်ကို ဘယ်သူမှ သတိမထားမိကြပါ။
*****

အဝေးပြေးကားတစ်စီးပေါ်တွင် လူသတ်မှု တစ်ခုဖြစ်ခဲ့သောကြောင့် စိမ်းဝတီတို့အဖွဲ့ရောက်လာခြင်း ဖြစ်သည်။ စိမ်းဝတီတို့အဖွဲ့မှာ CSI (Crime Scene Investigation) ဘက်သို့ ရောက်လာသည်မှာ မကြာသေးပါ။ တကယ်တော့ စိမ်းဝတီ၊ နေထွဋ်၊ နွယ်နီချိုနှင့် ရဲစွမ်းနိုင်တို့မှာ အကြမ်းဖက်မှုနှိမ်နင်းရေးအတွက် အထူးဖွဲ့စည်းထားသော SWAT (Special Weapons and Tactics) အဖွဲ့မှ ဖြစ်သည်။ လွန်ခဲ့သော သုံးလက တာဝန်ယူခဲ့ရသော Mission တစ်ခုတွင် သူတို့ အဖွဲ့၏ ဖြေရှင်းမှုမှာ ကြမ်းတမ်းလွန်းသည်ဟု အပြစ်တင်ခံရပြီး အပြစ်ပေးသည့်အနေနှင့် လက်နက်အသုံးပြုမှုထက် စဉ်းစားချင့်ချိန် ဖြေရှင်းရသော CSI ဌာနသို့ ပို့ထားခံရခြင်း ဖြစ်သည်။

အဝေးပြေးဂိတ်ဝင်းထဲတွင် ကားရပ်၍ မှတ်ပုံတင် စစ်သောအခါမှ ထမလာသော ခုံနံပါတ် ၁၀ မှ လူကို သေချာကြည့်သောအချိန်မှာ ထိုသူသည် အိပ်ပျော်နေခြင်း မဟုတ်ပဲ သေဆုံးနေခြင်း ဖြစ်ကြောင်း တွေ့ရှိကြခြင်း ဖြစ်သည်။ လူသေမှုဖြစ်ကြောင်းသိပြီးနောက် ခရီးသည်အားလုံးကို မဆင်းခိုင်းသေးပဲ CSI ကို လှမ်းအကြောင်းကြားခြင်း ဖြစ်သည်။ ကားနောက်လိုက်၏ ပြောစကားအရ လမ်းတစ်ဝက် ကားရပ်နားချိန်တွင် ကားပေါ်မှ လူအားလုံးဆင်းပြီး ပြန်ထွက်ချိန်မှာလည်း အားလုံးပြန်တက်ခဲ့သောကြောင့် ထိုအချိန် နောက်ပိုင်းမှ ဖြစ်ပျက်ခဲ့သည်မှာ သေချာကြောင်း သိရသည်။ သေဆုံးချိန် အသေးစိတ်ကိုတော့ မှုခင်းဆရာဝန် စစ်ပြီးမှသာ သိရလိမ့်မည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်ခန့်ရှိသော လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်သည်။ သူ့ပေါင်ပေါ်တွင် Laptop အိတ် တစ်လုံးတင်ထားပြီး ပစ္စည်းထားသော နေရာမှာတော့ ခရီးဆောင်အိတ်အသေးလေး တစ်လုံးပါလာသည်။ အဖော်မပါပဲ တစ်ယောက်တည်း စီးလာခြင်း ဖြစ်သည်။ သေသူနှင့်ကပ်လျက် ပြတင်းပေါက်ဘေးဘက် နေရာက စီးလာသော ခရီးသည်ကလည်း ထိုသူကို အိပ်ပျော်နေတာလား၊ သေနေတာလား မသိခဲ့ပါဟု ဆိုသည်။ ကားပေါ်တွင်ဖြစ်သော လူသတ်မှုကို ကျူးလွန်သူမှာ ကားပေါ်တွင် ပါသော လူများထဲမှ တစ်ယောက်ယောက်သာ ဖြစ်နိုင်သည်။ လောလောဆယ်မှာ တစ်ကားလုံးကို မသင်္ကာစိတ် ထားရမလို ဖြစ်နေသောကြောင့် သူတို့အားလုံးကို မပြန်ခိုင်းသေးပဲ ဌာနသို့ ခေတ္တ ခေါ်ထားရမည်ဖြစ်သည်။

အလောင်းကို သေချာစစ်ဆေးတော့မှ သူသေရခြင်း အကြောင်းရင်းကို တွေ့ရသည်။ လည်ပင်းဘေးဘက်တွင် သေးငယ်သော စူးဝင်ရာ တစ်ခု ရှိနေသည်။ အတော်ကိုသေးသည်။ မှန်ဘီလူးနှင့်ကြည့်မှပင် သေချာတွေ့ရသည်။ အဆိပ်မြှားလို အရာမျိုး ဖြစ်ဟန်တူသည်။ အလောင်းနှင့် ပတ်ဝန်းကျင်ကိုတော့ နေထွဋ်က ဓါတ်ပုံရိုက်နေသည်။

လည်ပင်းကို မြှားအသေးနှင့် ပစ်ကာ လုပ်ကြံခြင်း ဖြစ်လျှင် မှုတ်ပြောင်း သို့မဟုတ် တစ်ခုခုနှင့် ပစ်မှ ရမည်ဖြစ်ရာ အနီးအနား ထိုင်ခုံများတွင် ထိုင်သူများမှာလည်း မသင်္ကာစရာ ကောင်းနေပြန်သည်။ စိမ်းဝတီသည် သေဆုံးသူ ထိုင်သောနေရာနှင့် ဒဏ်ရာအနေအထားကို သေချာစစ်ကြည့်တော့ ဒဏ်ရာက လူသွားလမ်းဘက်မှာ ဖြစ်နေသည်။ သေသူ၏ဘေးမှာ ထိုင်သူကတော့ မဖြစ်နိုင်ဖို့များသည်။ သေသူနှင့် အနီးဆုံး တစ်ဖက်ခြမ်းရှိ ထိုင်ခုံလေးတွဲလောက်က လူသွားလမ်းဘေးဘက်အခြမ်းမှာ ထိုင်သူတွေထဲမှ တစ်ယောက်ယောက်က မှုတ်ပြောင်းနှင့် ပစ်လျှင်တော့ ယခုလို ပုံစံမျိုး ထိမှန်နိုင်စရာ ရှိသည်။

ခရီးသည်များကတော့ သွားလိုရာ မသွားရသည့်အတွက် ပွစိ ပွစိ လုပ်နေကြသည်။ ဌာနကို ရောက်သည်နှင့် နေထွဋ် နှင့် နွယ်နီချိုက ခရီးသည်များကို စတင်စစ်မေးသည်။ သေသူ၏ ဘေးဘက်တွင် ထိုင်သူမှာ အောင်ညီဟု ခေါ်ပြီး တစ်ဖက်အခြမ်းရှိ တစ်တန်းတည်းခုံ နှင့် မျက်စောင်းထိုးခုံမှာလည်း သူ့မိသားစုဝင်များ ပါသေးသည်။ အဖေ အမေ နှင့် ညီမ မေရီမြင့် တို့ ဖြစ်သည်။ ဘုရားဖူးခရီးထွက်လာသည်ဟု ဆိုသည်။ သေသူ၏ ရှေ့ဘက်ခုံမှာတော့ ကုန်သည်အမျိုးသားနှစ်ယောက်ထိုင်သည်။ နောက်ဘက်ခုံမှာတော့ တာဝန်ဖြင့် ခရီးသွားသော စစ်ဗိုလ်လေး နှစ်ယောက်ထိုင်သည်။ သူတို့နောက်ဘက်ခုံမှာတော့ ကျောင်းပိတ်ရက်မို့ အိမ်ပြန်ကြသည်ဟု ဆိုသော ကွန်ပျူတာသင်တန်း တက်နေသည့် ဆယ်တန်းအောင်ပြီးစ ကောင်လေး လေးယောက် ရှိသည်။ သူတို့အားလုံး တစ်ယောက်မှ မူမပျက်ကြပါ။
*****

ခွဲစိတ်မည့် ကုတင်ပေါ်တွင် ရောက်နေသော အလောင်း၏ လည်ပင်းမှ အဆိပ်အပ်ကလေးကို ဒေါက်တာ ဇလပ်ဖြူက ညှပ်နှင့် ဆွဲထုတ်လိုက်သည်။ အသေးဆုံးလက်ချုပ်အပ် လောက်သာရှိမည့် သစ်သားစကလေးဖြစ်ပြီး အဖျားတွင် အဆိပ်သုတ်လိမ်းထားသည်ကို တွေ့ရသည်။

ဒေါက်တာ ဇလပ်ဖြူ ခွဲစိတ် စစ်ဆေးနေဆဲ အချိန်မှာ စိမ်းဝတီနှင့် ရဲစွမ်းနိုင်က သေဆုံးသူနှင့် တကွ ခရီးသည်များထံမှ ခေတ္တတောင်းယူထားသော နိုင်ငံသားကတ်များကို scan ဖတ်၍ နိုင်ငံသားအားလုံးနှင့်ပတ်သက်သော data များကို သိမ်းထားသော Database ကိုဖွင့်၍ အချက်အလက်များကို ရှာကြည့်နေသည်။

သေဆုံးသူ၏ နာမည်မှာ ဦးဇော်ရှိန်းနိုင် ဖြစ်ပြီး Blue Diamond ကုမ္ပဏီမှ ရှယ်ယာအများစုဝင် မန်နေဂျာ တစ်ယောက်ဖြစ်သည်။ အိမ်ထောင်ရှိသော်လည်း သားသမီးတော့ မရှိပါ။ ခရီးသည်တစ်ယောက်ချင်းစီ၏ အချက်အလက်များကို ကြည့်သောအခါ ထူးခြားမှုတစ်ခုကို တွေ့လာရသည်။ သေဆုံးသူခုံ၏ တစ်ဖက်ခြမ်းတွင် ထိုင်သော မိသားစုမှ ဒေါ်ခင်ဖြူဖြူမြင့်သည်လည်း Blue Diamond ကုမ္ပဏီမှ ရှယ်ယာအများစုဝင် မန်နေဂျာတစ်ယောက်ဖြစ်သည်။ Blue Diamond ကုမ္ပဏီသည် စိန်ကို အဓိကထား၍ ရောင်းဝယ်သော ရတနာကုမ္ပဏီ ဖြစ်သည်။ ယခု အဝေးပြေးကားကြီး ထွက်ခွာခဲ့သော မြို့တွင် head office ရှိပြီး  အခြား မြို့ တော်တော်များများတွင်လည်း branch ခွဲများရှိသည်။ ဦးဇော်ရှိန်းနိုင်က Head Office တွင်လောလောဆယ် တာဝန်ယူထားရသော အကြီးဆုံးတစ်ယောက်ဖြစ်သည်။

စိမ်းက ဒေါ်ခင်ဖြူဖြူမြင့်ကို မေးဖို့ တာဝန်ယူလိုက်သည်။ သူမကို စမေးသောအခါ သူမက သေသူကို လုံးဝ မသိပါဟု ဆိုသေးသည်။ ထိုကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်များမှာ သိပ်မများလှသောကြောင့် ရှယ်ယာဝင် အစည်းအဝေးလုပ်တိုင်းလည်း တစ်ယောက်နှင့်တစ်ယောက် တွေ့နေကျ ဖြစ်နေမည်။ ဒေါ်ခင်ဖြူဖြူမြင့်က သေသူကို မသိဘူးဟု ဆိုခြင်းမှာ ဘယ်လိုမှ မဖြစ်နိုင်ပါ။ Blue Diamond ကုမ္ပဏီ နှင့်ပတ်သက်၍ အခိုင်အမာ မေးသောအခါမှ ဦးဇော်ရှိန်းနိုင်ကို သိရုံသာသိပြီး မရင်းနှီးပါဟုဆိုသည်။
“သူ ဒီကားပေါ်မှာ ပါလာမှန်းတောင် ကျွန်မ မသိရပါဘူး၊ တကယ်ပါ၊ သေနေပြီ ဆိုတော့လည်း သေချာမကြည့်ရဲတာနဲ့ ခုမှပဲ သေတဲ့လူက သူဆိုတာ သိတာပါ”
သူမက ပြောသည်။ အမူအယာကတော့ လိမ်ပြောနေပုံမျိုးမရှိပါ။
“အစ်မ တို့က အခု ဘာကိစ္စနဲ့လာကြတာလဲ၊ မိသားစု ဘယ်နှယောက်လာတာလဲ”
“အစ်မ အမျိုးသားရယ်၊ သားနဲ့ သမီး ရယ် လေးယောက် အဲဒီမြို့ကို အလည်အပတ်သွားပြီး ပြန်လာကြတာပါ၊ အစ်မတို့က ရန်ကုန် ဇာတိပဲ”
“ဟုတ်ကဲ့ အစ်မ အမျိုးသားနာမည်က”
“ဦးလင်းအောင်ဦး ပါ”
“သေသွားတဲ့ ဦးဇော်ရှိန်းနိုင်က ဘယ်လိုလူစားမျိုးလဲ၊ အစ်မနဲ့ရော ဆက်ဆံရေး အဆင်ပြေရဲ့လား”
“သူက လူကောင်းတစ်ယောက်ပါ၊ အရည်အချင်းလည်း ရှိတယ်၊ အစ်မက ကုမ္ပဏီမှာ ဘာမှ တာဝန်ယူမထားဘူး၊ ရှယ်ယာပဲ ဝင်ထားတာ ဆိုတော့ သူနဲ့ ဆက်ဆံစရာ ဘာကိစ္စမှ သိပ်မရှိပါဘူး၊ အဆင်ပြေပါတယ်”

ဒေါ်ခင်ဖြူဖြူမြင့်၏ အမျိုးသား ဦးလင်းအောင်ဦးကို မေးသောအခါ သူကလည်း သေသူ ကို လုံးဝ မသိပါဟု ဆိုသည်။ သူက ဝပ်ရှော့တစ်ခု ထောင်ထားပြီး Blue Diamond ကုမ္ပဏီ၏ ရှယ်ယာ အနည်းငယ်ကို သူ့အမျိုးသမီးက ဝယ်ပေးထားသောကြောင့် သူလည်း ပိုင်ဆိုင်ကြောင်းသိရသည်။ ဘာမှ မသင်္ကာစရာ မရှိသော်လည်း သူ့မျက်လုံးများကို စိမ်းဝတီ သဘောမကျမိပါ။ ဒေါ်ခင်ဖြူဖြူမြင့် ၏ သား နှင့် သမီးကို မေးသော အခါမှာလည်း ထူးခြားချက် တစ်စုံတစ်ရာ မရှိပါ။ အဝေးသင်မှ ဘွဲ့ရပြီးသော မေရီခိုင် ကတော့ အဝေးပြေးကြီး လာခဲ့သော မြို့ရှိ Blue Diamond ကုမ္ပဏီမှာပဲ အရောင်းဝန်ထမ်း လုပ်နေသူ ဖြစ်သည်။ သူမ၏ Boss တစ်ယောက်ဖြစ်သဖြင့် လူကိုတော့ သိသည်။ သို့သော် သူမက အရောင်းဝန်ထမ်းသာ ဖြစ်သဖြင့် တိုက်ရိုက်ဆက်ဆံမှုလည်း မရှိသည့်ပြင် ခင်မင်ရင်းနှီးမှုလည်း မရှိပါဟု ဆိုသည်။ သူမက သေသူနှင့် လမ်းသာခြားသော တစ်ဖက်ခုံမှာ ထိုင်လာသူ ဖြစ်သည်။

သေသူ၏ ဘေးမှာထိုင်ခဲ့သူ အောင်ညီ ကတော့ သူ့အဖေ ဝပ်ရှော့မှာ လုပ်သည်ဟု ဆိုသည်။ သူကလည်း ကားပြန်ထွက်ကတည်းက အိပ်ပျော်သွားသဖြင့် ဘာမှ သတိမထားမိခဲ့ပါဟု ဆိုသည်။ သေသူကိုလည်း လုံးဝ မသိပါဟု ထွက်ဆိုသည်။ စိမ်းဝတီက ကျန်သူများကို ဆက်မမေးတော့ပဲ သူတို့ပြောတာ မှန်မမှန် ပြန်စစ်ကြည့်ရန် ထွက်ခဲ့လိုက်သည်။ နွယ်နီချို နှင့် နေထွဋ်က ကျန်သူများကို ဆက်မေးနေသည်။

ဒေါ်ခင်ဖြူဖြူမြင့်၏ profile ကို သေချာပြန်ကြည့်သောအခါ အမျိုးသားနာမည်မှာ ဦးမျိုးခင် ဟု တွေ့ရသည်။ သို့သော် ယခုလက်ရှိ သူမ အမျိုးသားမှာ ဦးလင်းအောင်ဦး ဖြစ်နေသည်။ File ထဲတွင် သားသမီးး မရှိကြောင်း ဖော်ပြထားသော်လည်း လက်ရှိ သူမမှာ အရွယ်ရောက်ပြီး သားသမီး နှစ်ဦးရှိနေသည်။ ဦးလင်းအောင်ဦးနှင့် ပတ်သက်၍ ရှာကြည့်သောအခါ ထိုနာမည်နှင့် လူတစ်ယောက်တွေ့သော်လည်း သေစာရင်းသွင်းပြီးဖြစ်နေသည်။ သူ့လက်ဗွေရာနှင့် တိုက်စစ်သောအခါမှ နိုင်ငံသား database တွင်သာမက Crime database မှာပါ ရှိနေသော လူတစ်ယောက်ဖြစ်နေကြောင်း တွေ့ရသည်။ သူ့နာမည်မှာ လင်းအောင်ဦး မဟုတ်ပါ။ လိမ်လည်မှု လုယက်မှုများဖြင့် ထောင်ကျဖူးသော လင်းသွင် ခေါ် ရစ်ချတ်မြဦး ဆိုသူ ဖြစ်နေသည်။ သူ့မှာလည်း သားသမီး မရှိပါ။ သူတို့မှာ သားသမီး မရှိခဲ့ပဲနှင့် ဒုတိယအိမ်ထောင်ထူထောင် ကာမှလည်း ဆယ်ကျော်သက် အရွယ် သားနှင့် သမီး မရှိနိုင်ပါ။ သားနှင့်သမီး ၏ လက်ဗွေများကို စစ်လိုက်သောအခါ မတူညီသော နာမည်များနှင့် တွေ့သည်။ သူတို့ မိဘများကလည်း သပ်သပ်စီပင် ဖြစ်သည်။ crime database မှာတော့ မတွေ့ရပါ။

စိမ်းဝတီက တစ်ခြားခရီးသည်များနှင့် ပတ်သက်ပြီး ဆက်ရှာသောအခါ ခုံနံပါတ် ၇ မှာ ထိုင်သူနှင့် ပတ်သက်ပြီး အဆက်အစပ် တစ်ခုကို မမျှော်လင့်ပဲ သွားတွေ့သည်။ ထိုသူသည် သေဆုံးသူ ဦးဇော်ရှိန်းနိုင်၏ အမျိုးသမီး၏ မောင်တော်သူ ဖြစ်နေသည်။ ခုံနံပါတ် ၇မှ အနည်းငယ် လှည့်၍ ပစ်လျှင်ပင် ခုံနံပါတ် ၁၀ ရှိ သေသူကို ပစ်နိုင်သည်။ သူ့နာမည်က ဒေါက်တာမြင့်စိုး။ သူ့ကိုမေးတော့ ကားရပ်စဉ်က ဦးဇော်ရှိန်းနိုင်ကို တွေ့လိုက်သဖြင့် သူပါလာမှန်း အဲတော့မှ သိခဲ့ကြောင်း၊ ကားပြန်ထွက်တာနှင့် သူက အိပ်ပျော်သွားသဖြင့် ဘာကိုမှ သတိမထားမိပါဟု ဆိုသည်။ သူက ဆရာဝန်တစ်ယောက်ဖြစ်သဖြင့် အဆိပ်နှင့် ပတ်သက်၍ ကောင်းကောင်း သိထားနိုင်သည်။

ဒေါက်တာဇလပ်ဖြူ၏ ပြောကြားချက်အရ အဆိပ်မြှားတွင် သုတ်လိမ်းထားသော အဆိပ်မှာ ဟိုယခင်က တောတိရိစ္ဆာန်များကို အမဲလိုက်ရာတွင် သုံးသော တစ်ဆွေ့ခုန် အဆိပ်မျိုး ဖြစ်ကြောင်းသိရသည်။ ထိုအဆိပ်က နှလုံးကို တိုက်ရိုက်ထိခိုက်ပြီး ခန္ဓာကိုယ်ပြင်ပမှာတော့ ဘာမှ လက္ခဏာ မပြပါ။

နေထွဋ် နှင့် နွယ်နီချိုက စာရင်းလုပ်ထားသော ပစ္စည်းများထဲတွင် မှုတ်ပြောင်းအဖြစ် သုံးနိုင်သောအရာမျိုး ဘယ်သူ့ပစ္စည်းထဲမှာ ပါမလဲ ဆိုသည်ကို ရှာဖွေနေကြသည်။ ကားပေါ်မှာလည်း စိမ်းတို့ စေ့စေ့စပ်စပ် ရှာခဲ့ကြပြီးပြီ။ မှုတ်ပြောင်းကဲ့သို့ သုံး၍ရမည့် အရာမျိုး မတွေ့ခဲ့ကြပါ။
ပစ္စည်းများအားလုံးကို ခဏ သိမ်းဆည်းထားပြီး ခရီးသည်များကိုတော့ ဆက်သွယ်ရန်လိပ်စာ မေးကာ အချိန်မရွေး ပြန်ခေါ်မည် ဖြစ်ကြောင်း ပြောပြီး ပြန်လွှတ်လိုက်သည်။ မသင်္ကာသော ဒေါ်ခင်ဖြူဖြူမြင့်တို့ မိသားစု၊ ဦးမြင့်စိုးနှင့် သေသူခုံနှင့် အနီးဆုံးမှာ ထိုင်သူများကိုတော့ ပြန်မလွှတ်သေးပဲ ခေါ်ထားသည်။
*****

ညနေ ၃ နာရီခွဲ လောက်မှာ ဦးဇော်ရှိန်းနိုင်၏ အတွင်းရေးမှူးနှင့် ဦးဇော်ရှိန်းနိုင်၏ အမျိုးသမီး လိုက်လာသည်။ အတွင်းရေးမှူး နာမည်က စိုးအောင်ခိုင်။ ဦးဇော်ရှိန်းနိုင်၏ အယုံကြည်ရဆုံး လူယုံတော်ဖြစ်သည်။ သူက ဦးဇော်ရှိန်းနိုင်၏ laptop ကို ပြန်ပေးနိုင်မလား ဟု မေးသည်။ စိမ်းတို့က စစ်ဆေး မှတ်တမ်းရေးပြီးသောကြောင့် ပြန်ပေးလိုက်သောအခါ သူက ထို laptop မှာ ဦးဇော်ရှိန်းနိုင်၏ laptop မဟုတ်ဟု ဆိုလာသောအခါ စိမ်းဝတီတို့ဘက်ကလည်း ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်ရသည်။ သေချာမေးမြန်းသော အခါမှ သူ့ဆီက လျှို့ဝှက်ချက်တစ်ခုကို သိလာရသည်။ တကယ်တော့ ထို laptop မှာ laptop သက်သက် မဟုတ်ပဲ DVD drive နေရာတွင် လျှို့ဝှက်အံတစ်ခု ထည့်ထားကြောင်းသိရသည်။ ယခုတစ်ခေါက်တွင် ရန်ကုန်မြို့မှ သဌေးမကြီး တစ်ယောက်က မှာကြားသဖြင့် ရန်ကုန် branch တွင် လောလောဆယ် မရှိသော အရည်အသွေးမြင့် စိန်တော်တော်များများ ထည့်လာခဲ့သည်။ head office မှ ပစ္စည်းများ သယ်ရာတွင် ဦးဇော်ရှိန်းနိုင်သည် ထို laptop ဖြင့်သာ သယ်လေ့ရှိကြောင်း သိရသည်။ ယခု ဦးဇော်ရှိန်းနိုင်၏ ပေါင်ပေါ်တွင် တွေ့ရသော laptop မှာ သူ့ laptop နှင့် တစ်ပုံစံတည်း တူသော အသစ်တစ်လုံး ဖြစ်နေသည်ဟု စိုးအောင်ခိုင်က ပြောသည်။ ဦးဇော်ရှိန်းနိုင်၏ laptop ကို ယူပင် ထားသော်လည်း လျှို့ဝှက်အံကို ဖွင့်ရန် လျှို့ဝှက်ကုဒ် လိုသောကြောင့် လွယ်လွယ်ကူကူ ဖွင့်နိုင်မည် မဟုတ် ဟု စိုးအောင်ခိုင် က ပြောသည်။

ဦးဇော်ရှိန်းနိုင်၏ အမျိုးသမီးကတော့ ရိုးရိုးအေးအေး အိမ်တွင်းပုံး အိမ်ရှင်မ ပုံစံဖြစ်သည်။ သူတို့ နှစ်ယောက်က မိဘပေးစားလို့ ယူခဲ့ကြခြင်းဖြစ်ပြီး ကလေးလည်း မရှိပါ။ သူ့အလုပ်နှင့် ပတ်သက်၍ သူမ ဘာမှ မသိပါ။ သူမကိုလည်း ဘာမှ မပြောပါ။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ အိမ်ထောင်သက် နှစ်နှစ်လောက်ရှိပြီ ဖြစ်သော်လည်း အေးစက်စက်သာ ဖြစ်သည် ဟု သိရသည်။ ယခု သူ သေဆုံးကြောင်း သိရသော်လည်း သူမပုံစံက ဝမ်းနည်း ပူဆွေးနေပုံမရပါ။ ထို့အတူ ဝမ်းသာနေပုံမျိုးလည်း မဟုတ်ပါ။ ယခုလို ရက်ရက်စက်စက် ကလိမ်ကကျစ် အမှုကို ကျူးလွန်မည့် ပုံလည်း မရပါ။ သူမအနေနှင့် သူ့ကို သတ်ချင်သည်ဆိုလျှင် အိမ်မှာပင် လုပ်ကြံလို့ရပါသည်။ ဘာမှ ကားပေါ်မှာ လုပ်နေစရာမလိုပါ။

နွယ်နီချိုနှင့် နေထွဋ်က သူတို့ စစ်ဆေးခဲ့ပြီးသော ပစ္စည်းများထဲတွင် ထို laptop ပုံစံမျိုး တစ်ခုမှ မပါကြောင်း သေချာသိသည်။ ကားပေါ်ရှိ လူအားလုံး၏ ပစ္စည်းများကိုလည်း သေချာစာရင်းမှတ်၍ ရှာဖွေ စစ်ဆေး ပြီးလေပြီ။ laptop ကို လဲယူထားသူသည် ထို laptop ကို ဘယ်နေရာတွင် ဖွက်ထားနိုင်ပါသလဲ...။ လမ်းတွင် ဆင်းသွားသူလည်း တစ်ယောက်မှ မရှိသောကြောင့် ထို laptop က အပြင်ရောက်သွားစရာ အကြောင်းလည်း မရှိပါ။ စိမ်းဝတီ တို့အဖွဲ့သားတွေ တော်တော် ဦးနှောက်ခြောက်သွားသည်။ စိမ်း နှင့် နွယ်နီက စာရင်းတွေ ပြန်ကြည့်ပြီး နေထွဋ် နှင့် စွမ်းနိုင်က ကားပေါ်မှာ ထပ်ရှာသည်။ ထို laptop နှင့် တူတာဆို၍ အရွယ်တူတာ မပြောနှင့် တံဆိပ်တူတာပင် မတွေ့ရပါ။ တစ်နည်းနည်းနှင့် ကားပေါ်မှ အပြင်ရောက်တာလည်း ဖြစ်နိုင်သည်။ ဦးဇော်ရှိန်းနိုင်ကို သတ်ရသော ရည်ရွယ်ချက်ကတော့ ရှင်းသွားပြီဖြစ်သည်။

အဆိပ်မြှားနှင့် ပစ်သူသည် ဦးဇော်ရှိန်းနိုင်၏ အလေ့အထနှင့် လျှို့ဝှက်ချက်ကို သေချာသိနေသူ ဖြစ်ရမည်။ ရဲစွမ်းနိုင်က စိုးအောင်ခိုင်ကိုပင် ပူးပေါင်းကြံစည်သူ အဖြစ် မသင်္ကာ ဖြစ်နေပြီး မေးမြန်း စစ်ဆေးသော်လည်း သူက ကျေနပ်လောက်သော အဖြေမျိုးကို ပြန်ပေးနိုင်ပြီး သူ့မျက်လုံးများမှာလည်း ရိုးသားမှုကို တွေ့ရသောကြောင့် လက်လျှော့လိုက်ရသည်။ သူ့အပြောအရ စိန်များကို ထိုနည်းဖြင့် သယ်ဆောင်သည့်အကြောင်းကို အတွင်းရေးမှူးဖြစ်သော သူအပါအဝင် ကုမ္ပဏီ လူကြီး တော်တော်များများနှင့် သူတို့၏ အတွင်းရေးမှူးများ သိကြကြောင်း သိရသည်။
*****

စိမ်းဝတီသည် အမှုနှင့် ပတ်သက်၍ အသေအချာ ပြန်စဉ်းစားကြည့်သည်။ မသင်္ကာစရာ အကောင်းဆုံးမှာ ဒေါ်ခင်ဖြူဖြူမြင့်တို့ မိသားစု ဖြစ်နေသည်။ သူတို့အားလုံး ရှယ်ယာဝင်ဖြစ်သည့်ပြင် ဒေါ်ခင်ဖြူဖြူမြင့်က ရှယ်ယာအများဆုံးသူတွေထဲမှာ တစ်ယောက်အပါအဝင်။ ဒါ့အပြင် သမီးလုပ်သူကလည်း ဦးဇော်ရှိန်းနိုင်၏ ရုံးမှာ အလုပ်လုပ်သူ ဖြစ်သည်။ နောက်ထပ် မသင်္ကာစရာ ကောင်းသူက သေသူ၏ ယောက်ဖ ဆိုသူ ဖြစ်သည်။ သူကလည်း ဦးဇော်ရှိန်းနိုင်၏ အလုပ်နှင့် ပတ်သက်၍ သိသင့်သလောက် သိထားနိုင်သည် မဟုတ်ပါလား။

သေသူ၏ ယောက်ဖ ဒေါက်တာ မြင့်စိုးက စေတနာဆရာဝန် တစ်ယောက်အနေနှင့် သူလုပ်နေသော မြို့တွင် နာမည်ရနေသူ တစ်ယောက်ဖြစ်သည်။ သူ့မှာ ဘာမှ ပြစ်ချက်လည်း ရှာမတွေ့၊ မသင်္ကာစရာလည်း ရှာမတွေ့ပါ။

ဒေါ်ခင်ဖြူဖြူမြင့် အကြောင်း သေချာပြန်လိုက်တော့ သူမ၏ ပထမ အမျိုးသားက ကား အက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။ ထို အမှုကို ပြန်ရှာလိုက်တော့ မတော်တဆ ဖြစ်မှု အနေနှင့် အပြီး မပိတ်သေးသော အမှု ဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သော ငါးလခန့်က ဖြစ်ခဲ့ခြင်းဖြစ်သည်။ သက်သေခံ ကားသည်ပင် သိမ်းဆည်းထားရာမှာ ရှိနေသေးသည်။ အမျိုးသား ဆုံးပြီး ငါးလပင် မရှိသေးခင် နောက်ထပ် အိမ်ထောင် ထူထောင်လိုက်သော ဒေါ်ခင်ဖြူဖြူမြင့်သည် ဘယ်လို အမျိုးသမီးမျိုး ဖြစ်လိမ့်မည်လဲ။

ရဲစွမ်းနိုင်သည် ဒေါ်ခင်ဖြူဖြူမြင့်၏ အမျိုးသား ဦးမျိုးခင် စီးခဲ့သော ကားကို သိမ်းဆည်းထားရာသို့ သွားလိုက်သည်။ ဦးမျိုးခင်မောင်းလာသော ကားသည် ရုတ်တရက် ဘရိတ်ပေါက်ကာ ချောက်ထဲသို့ ကျသွားခဲ့ခြင်းဖြစ်သည်။ စွမ်းနိုင်က ကားအင်ဂျင်နှင့် ဘရိတ်ကြိုး စသည် အတွင်းပိုင်း စက်ကိရိယာများ အကြိုအကြားမကျန် အားလုံးပြန်စစ်သည်။ သူ ပင်ပန်းရကြိုးနပ်သွားသည်။ ဘယ်နေရာမှာမှ လက်ဗွေရာ ရှာမတွေ့သော်လည်း တစ်နေရာမှာတော့ ကျန်နေသည်။ လက်အိတ်စွပ်ပြီး လုပ်နေရာမှ ရုတ်တရက် လက်အိတ်ချွတ်လိုက်ပုံရသည်။ စွမ်းနိုင်လည်း ထိုလက်ဗွေရာကို သေချာယူ၍ ပြန်လာခဲ့သည်။

ဦးမျိုးခင်၏ ကားပေါ်မှရသော လက်ဗွေရာကို Database ထဲတွင် တိုက်စစ်လိုက်သောအခါ လင်းအောင်ဦး ခေါ် လင်းသွင်၏ လက်ဗွေရာနှင့် သွားတူနေသည်ကို တွေ့ရသည်။ သူသည် ဒေါ်ခင်ဖြူဖြူမြင့်၏ ခင်ပွန်းကို လုပ်ကြံခဲ့ပြီးနောက် သူမကို အကြံအစည်နှင့် ချဉ်းကပ်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့လာရသည်။ သူ့ နောက်ကြောင်းများအရ ဦးဇော်ရှိန်းနိုင်ကို သတ်သော လူသတ်သမားမှာ သူပဲ ဖြစ်ဖို့များသည်။ သူ့နေရာ ခုံနံပါတ် ၁၅ မှလည်း သေသူကို ပစ်နိုင်သည်။ သို့သော် သက်သေ မရှိပဲနှင့် ဤအမှု၏ တရားခံပါဟု စွပ်စွဲ၍ မရနိုင်ပါ။

“ ကိုလင်းအောင်ဦးလို့ ခေါ်ရမှာလား၊ ကိုလင်းသွင်လို့ ခေါ်ရမှာလား၊ ဒါမှမဟုတ် ရစ်ချတ်မြဦးလား”
လင်းအောင်ဦး မျက်နှာ အနည်းငယ်ပျက်သွားသည်။ သို့သော် အပြောအဆိုကတော့ ခပ်တည်တည်ပင်။
“ခေါ်ချင်သလို ခေါ်ပါ၊ ဒါပေမယ့် ကျုပ်မှာ လောလောဆယ် ဘာပြစ်မှုမှ လုပ်ထားတာ မရှိဘူး၊ အရင်ပြစ်မှုတွေ အတွက်လည်း ပြစ်ဒဏ်ခံပြီးသားပဲ၊ အခုတော့ ရှင်းတယ်ဗျာ၊ ကျုပ် အိမ်ထောင်ကျပြီး ကောင်းကောင်းမွန်မွန် နေနေတယ်လေ”
“ဒေါ်ခင်ဖြူဖြူမြင့် ရဲ့ အရင်အမျိုးသားက ကားအက်ဆီးဒင့် ဖြစ်ပြီး ဆုံးသွားတယ် ဆိုတာ သိမှာပါနော်.. အဲဒီ အမှုက အခုထိ မပိတ်ရသေးဘူးဗျ၊ ဆိုလိုတာက အဲဒါ မတော်တဆမှု မဟုတ်ပဲ တမင်သေကြောင်းကြံတာဖြစ်နိုင်တယ်၊ ဒေါ်ခင်ဖြူဖြူမြင့်က Blue Diamond ကုမ္ပဏီက အရေးပါတဲ့ သဌေးမကြီး တစ်ယောက်ဆိုတော့ လိုချင်တဲ့လူက ကြံစည်တာဖြစ်နိုင်တယ်လေ”
“အဲဒါကတော့ မင်းတို့ အလုပ်ပဲ မဟုတ်လား”
“ခင်ဗျားနဲ့ ဒေါ်ခင်ဖြူဖြူမြင့်နဲ့ ဘယ်လိုတွေ့ကြတာလဲ”
“ဒီလိုပဲ မိတ်ဆွေတစ်ယောက် မင်္ဂလာဆောင်မှာ တွေ့တာလေ၊ ဘာလဲ ကျုပ်က သူ့အရင် ယောင်္ကျားကို သေကြောင်းကြံပြီး သူနဲ့ တမင်တွေ့အောင် ဖန်တီးတယ်လို့ ဆိုချင်တာလား၊ အဓိပ္ပါယ်မရှိဘူးကွ၊ မင်းတို့မှာ ဘာသက်သေပြစရာရှိလဲ၊ သူနဲ့ ငါနဲ့ ဖူးစာရှိလို့ တွေ့ကြတာပဲ”
“ဒါပေမယ့် ဦးမျိုးခင်ကို ကားအက်ဆီးဒင့် ဖြစ်အောင် လုပ်ကြံခဲ့တာတော့ ခင်ဗျားပဲ”
“မင်းတို့မှာ ဘာသက်သေရှိလို့လဲ၊ အထင်နဲ့တော့ ရမ်းမပြောပါနဲ့ကွာ..”
“ရမ်းမပြောပါဘူးဗျာ၊ ကားစက် အစိတ်အပိုင်းတွေထဲက တစ်နေရာမှာ ခင်ဗျား လက်ဗွေရာကို တွေ့ပြီးပြီ၊ ဦးမျိုးခင်ဟာ တမင်လုပ်ကြံခံခဲ့ရတာပဲ၊ အဲဒီအမှုအတွက် ခင်ဗျားကို ကျွန်တော်တို့ ဖမ်းလိုက်ပြီ”

လင်းအောင်ဦး ခေါ် လင်းသွင်မှာ ဘာမှ မပြောနိုင်တော့ပါ။
*****

“အစ်မကြီးနဲ့ ဦးလင်းအောင်ဦးနဲ့ ဘယ်မှာ စတွေ့တာလဲ”
“မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်မှာပါ၊ ဘာဖြစ်လို့လဲ”
“အစ်မခင်ပွန်း ဆုံးပြီးတော့ လေးလလောက်အတွင်းမှာ ထပ်ပြီး အိမ်ထောင်ပြုခဲ့တာနော်..”
“အစ်မခင်ပွန်း ဆုံးသွားတော့ အရမ်း အထီးကျန်ဆန်သလို ဖြစ်သွားတယ်လေ၊ ကိုလင်းက စကားပြောကောင်းတယ်၊ ဟာသဥာဏ်လည်း ရှိတယ်၊ အစ်မက စိတ်ကျရောဂါလို ဖြစ်ချင်နေတာ၊ သူနဲ့ တွေ့လို့သာ သက်သာရာရသွားတာပဲ၊ သူက စိတ်သဘောထားလည်း ကောင်းတယ်၊ ကြင်နာတတ်တယ်လေ၊ အဲဒါနဲ့ အန်တီလည်း ကြာကြာအချိန်မဆွဲတော့ပဲ တစ်ပင်ထူလိုက်တာပါ”

သေချာတာကတော့ ဒေါ်ခင်ဖြူမြင့်သည် ဦးလင်းအောင်ဦး အကြောင်းကို ကောင်းကောင်းမသိပဲ အညာခံခဲ့ရခြင်းသာ ဖြစ်သည်။ ဦးလင်းအောင်ဦးက ဦးမျိုးခင်ကို လုပ်ကြံခဲ့ကြောင်း ပြောပြလိုက်သောအခါ သူမ တော်တော် ခံစားသွားရသည်။
*****

ဘယ်သူ့ကို ဘယ်လိုပင် ထင်နေစေ... သက်သေအထောက်အထား မခိုင်လုံလျှင် ဘာမှလုပ်လို့ မရပါ။ စိမ်းဝတီလည်း မကျေနပ်နိုင်ပဲ သေသူ၏ ခုံကို လှမ်းမြင်နိုင်လောက်သော နေရာများမှ ခရီးသည်များကို ပြန်ခေါ်ပြီး စစ်မေးနေသည်။ ပထမအကြိမ်က သူတို့က ပြီးပြီးရော သဘောနှင့်ရော အိပ်ချင်မူးတူး စိတ်နှင့်ရော ဘာမှ မမြင်ဘူးဟု ဖြေလိုက်သော်လည်း တကယ်တမ်း တစ်ခုခုကို သတိထားမိသူ တစ်ယောက်ယောက် ရှိချင်ရှိနေနိုင်သည်။ သို့သော် ဘာမှ မထူးခြားပါ။ သေသူနှင့် လေးခုံလောက်ခြားသော နောက်တန်းမှ အမျိုးသမီးတစ်ယောက်ကို မေးပြီးလျှင်တော့ ဆက်မမေးတော့ဟု စဉ်းစားလိုက်သည်။ ညနေ ၆ နာရီလည်း ထိုးတော့မည်။
“အစ်မကြီး နာမည်က”
“မခင်မြင့်ပါ”
“ညတုန်းက လမ်းမှာ နားပြီး တက်လာတော့ တန်းပြီးတော့ အိပ်ပျော်သွားတာပဲလား အစ်မကြီး”
“ဟင့်အင်း၊ တော်တော်နဲ့ အိပ်မပျော်ပါဘူး၊ ဟိုလှည့်ဒီလှည့်နဲ့ တော်တော်ကြီး ကြာမှ ခဏ အိပ်ပျော်သွားတာ၊ နိုးလာတော့ ဂိတ်ရောက်နေပြီလေ”
“အစ်မကြီး အိပ်မပျော်ခင် ဘာများ သတိထားမိတာ ရှိသေးလဲ၊ အစ်မကြီး လိုပဲ နိုးနေတဲ့သူရော ရှိလား”
“အကုန်လုံး အိပ်ပျော်နေကြတာပဲ၊ မနာလိုစရာတောင် ကောင်းတယ်၊ အဲ နေဦး.. နိုးနေတဲ့သူ တစ်ယောက်တော့ ရှိတယ်၊ ဟို အရှေ့ဘက်လောက်ကပဲ၊ မိတ်ကပ်ဘူးထဲက မှန်ကိုကြည့်နေတယ်၊ ညကြီးမင်းကြီးမှာလေ”
“ဘယ်ခုံလောက်ကလဲ”
“သေချာတော့ သတိမထားမိဘူး၊ မျက်စောင်းထိုး ရှေ့ဘက် နှစ်ခုံကျော်လောက်က ထင်တာပဲ”
“တစ်ခြားရော ဘာတွေ သတိထားမိသေးလဲ”
“ဟင့်အင်း တစ်ခြားလူတွေ အကုန်လုံးက ငြိမ်နေတာပဲ၊ နောက်တော့ ကျွန်မလည်း အိပ်ပျော်သွားတာပဲ”
“ကျေးဇူးပဲ အစ်မကြီး”
သူများတွေ အားလုံးအိပ်နေချိန်မှာ မှန်ကြည့်နေတာ ဘယ်သူများပါလဲ။ ကားရပ်ကာနီး အချိန်လည်း မဟုတ်ပါပဲ.. အလှပြင်စရာလည်း အကြောင်းမရှိပါ။ ထိုနေရာလောက်မှာ ထိုင်သူကို ပြန်ကြည့်တော့ လင်းအောင်ဦး၏ သမီး ဆိုသူ မေရီခိုင် ဖြစ်နေသည်။

စိမ်းဝတီက နွယ်နီ့ကို ပြောတော့ နွယ်နီက ပစ္စည်းစာရင်းကို ပြန်စစ်ကြည့်သည်။ မေရီခိုင်၏ လက်ပွေ့အိတ်ထဲတွင် မိတ်ကပ်ဘူး တစ်ဘူးပါသည်ကို တွေ့ရသည်။ ခရီးသည်များ၏ ပစ္စည်းများကို မသင်္ကာစရာ မရှိတာ သေချာလျှင် ပြန်ပေးမလို့ လုပ်နေတုန်းပင် ရှိသေးသည်။ မပေးရသေးပါ။ နွယ်နီက ထိုအိတ်ကို ပြန်ရှာပြီး မိတ်ကပ်ဘူးကို လက်အိတ်စွပ်လျက်ထုတ်လိုက်သည်။ ရိုးရိုးသာမန် Revlon မိတ်ကပ်ဘူးတစ်ဘူးသာ ဖြစ်သည်။ စိမ်းနှင့် နွယ်နီက မကျေနပ်နိုင်ပဲ မိတ်ကပ်ဘူးကို လှည့်ပတ်ကြည့်သည်။ ဘေးဘက်တွေ၊ အောက်ဘက်တွေ လျှောက်နှိပ်ကြည့်သည်။ ဘေးဘက်က ခလုတ်ဟု မထင်ရသောနေရာကို နှိပ်လိုက်မိသောအခါ ဝှစ်ခနဲ အရာတစ်ခု ထွက်လာသည်။ ကံကောင်း၍သာ ဘေးကကြည့်နေသော စိမ်းကို မမှန်ခြင်းဖြစ်သည်။ စိမ်း၏ အင်္ကျီလက်မောင်းဘေးကို ဖောက်ထွက်သွားသည်။ လူသတ်လက်နက်ကို တွေ့လေပြီ။

မေရီခိုင်ကို ဖမ်း၍ ရလေပြီ။ သို့သော် ဦးဇော်ရှိန်းနိုင်၏ laptop မှာ အစပျောက်သွားမှာ စိုးရသည်။ နေထွဋ် နှင့် ရဲစွမ်းနိုင်ကလည်း မကျေပွဲအနေနှင့် ကြီးကြီးမားမား ပစ္စည်းများကို ပြန်စစ်ဆေးနေပြန်သည်။ ကားဗိုက်ထဲတွင် ထည့်ထားသော ပစ္စည်းကြီးကြီးမားမားတွေပါမကျန်အောင် သူတို့စစ်ကြသည်။ ခရီးဆောင်အိတ်တွေ အားလုံးကိုလည်း ဖွင့်ရှာပြီးပြီ။ နေထွဋ်လည်း စိတ်ပေါက်လာပြီး ပန်းသီးသေတ္တာတွေရော၊ EVD စက်ဗူးတွေကိုပါ ဖွင့်စစ်တော့သည်။ ပစ္စည်းများထဲမှာ EVD ပက်ကင်ပိတ်နှစ်ဗူး ပါလာသည်။ အရွယ်ကတော့ laptop အရွယ်လောက် အပြားကြီးကြီးတွေပင်။ အပေါ်ရော၊ အောက်ရော၊ လက်မှာ ကိုင်ထားတာတွေရော.. အကုန် စုလိုက်တော့ ဘယ်ပစ္စည်းဘယ်နေရာက ထွက်လာသည်ကိုတော့ မသိတော့ပါ။ ဘယ်သူ့ပစ္စည်းက ဘာတွေ ဆိုတာတော့ နွယ်နီ မှတ်ထားပြီးသားပါ။

နေထွဋ်က EVD စက်တစ်လုံးကို အပေါ်အခွံကို ဝက်အူတွေပါ ခွာပြီးကြည့်လိုက်သည်။ ဘာရယ်တော့မဟုတ်ပါ။ သာမန်ထက် လေးနေသည်ဟု စိတ်ထဲက ထင်သောကြောင့်သာ။ အံသြစရာကောင်းသည်က ထိုအရာသည် သာမန် EVD တစ်လုံး မဟုတ်ပါ။ EVD အခွံအောက်တွင် laptop တစ်လုံးမြှုပ်ထားသည်ကို တွေ့လိုက်ရတော့ သူ တော်တော်အံသြသွားသည်။ သူက အဲလို ထင်၍ ခွာကြည့်ခြင်းလည်း မဟုတ်ပါ။ မကြည့်ရ မရှိစေရန်သာ ကြည့်လိုက်ခြင်းဖြစ်သည်။ အခုတော့ လျှို့ဝှက်ချက်ကို တွေ့လေပြီ။ ထို EVD ပိုင်ရှင်ကို ရှာဖွေရန်သာ ကျန်တော့သည်။

ထို laptop ပေါ်မှ လက်ဗွေရာများကို ယူပြီးနောက် စိုးအောင်ခိုင်ကို လာစစ်ကြည့်ခိုင်းသောအခါ ဦးဇော်ရှိန်းနိုင်၏ laptop ဖြစ်ကြောင်း အတည်ပြုသည်။ လျှို့ဝှက်ကုဒ်ကို ဖွင့်ပြီး DVD အံဝှက်ထဲမှ စိန်များကိုလည်း ထုတ်ပြသည်။

Laptop ပေါ်မှ လက်ဗွေရာများကို စစ်လိုက်သောအခါ အောင်ညီ၏ လက်ဗွေရာများ ဖြစ်ကြောင်း တွေ့ရှိရသည်။ သူသည် ကားပေါ်မှ တစ်ခြားလူများ မသိအောင် အမြန်လဲရသဖြင့် လက်အိတ်မစွပ်ပဲ လုပ်ခဲ့ပုံ ရသည်။ ဦးဇော်ရှိန်းနိုင်၏ laptop နေရာမှာ အသစ်တစ်လုံး အစားထိုးကာ အစစ်ကိုတော့ EVD အခွံထဲထည့် ပက်ကင်ပိတ်ကာ သူ့ထိုင်ခုံအောက် ချထားလိုက်ခြင်းဖြစ်သည်။ ညဘက် အားလုံးလည်း အိပ်နေသည့်ပြင် သူ့နေရာကလည်း အတွင်းဘက်မှာ ဖြစ်နေသောကြောင့် ဘယ်သူမှ ထိုကိစ္စကို သတိမထားမိခဲ့ကြပါ။

ဦးဇော်ရှိန်းနိုင်ကို မေရီခိုင်က မိတ်ကပ်ဘူးထဲမှ အဆိပ်လူးအပ်နှင့် ပစ်ခဲ့ပြီး သူ့ပေါင်ပေါ်မှ laptop ကိုတော့ ဘေးမှာကပ်ထိုင်သော အောင်ညီက ဘယ်သူမှ မသိအောင် အသာလေး လဲယူထားလိုက်ခြင်းပင်။ အောင်ညီက သူ့အပေါ် အလွယ်တကူ မသင်္ကာ ဖြစ်မှာစိုးသဖြင့် အဆိပ်အပ်ကို သူ့ဘက်က မပစ်ခဲ့ခြင်းဖြစ်သည်။ သူတို့ နှစ်ယောက် ဘယ်လိုပဲ လိမ်ညာ ပြောပါစေ ယခုတော့ ဘွားဘွားကြီး ပေါ်လာပြီ ဖြစ်သည်။ သူတို့ နှစ်ယောက်ကို တစ်ယောက်စီခေါ်ကာ သက်သေ အထောက်အထားပြ၍ မေးသောအခါ သူတို့မငြင်းနိုင်တော့ပါ။

လုပ်ကြံရမည့် မိတ်ကပ်ဘူးကိုတော့ လင်းသွင်က လုပ်ပေးခြင်းဖြစ်သည်။ အမှုတစ်ခုကို ရှောင်ရင်း အာဖရိကသို့ ရောက်စဉ်က မိတ်ဆွေဖြစ်ခဲ့သူ မုဆိုးတစ်ယောက်ထံမှ ထိုအဆိပ်ကို ရခဲ့ခြင်းဖြစ်သည်။ မိတ်ကပ်ဘူး အံဝှက်ကိုတော့ သူကိုယ်တိုင် လုပ်ခြင်း ဖြစ်သည်။ မေရီခိုင်နှင့် အောင်ညီက အကုန်ဖော်ပြောပြီး ဖြစ်သောကြောင့် လင်းသွင်လည်း မငြင်းနိုင်တော့ပါ။

တကယ်တော့ ဦးဇော်ရှိန်းနိုင် ထိုညက စိန်တွေနှင့် ခရီးထွက်မည့် အကြောင်းကို မေရီခိုင်က စိုးအောင်ခိုင် ထံမှ သိခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်က တွဲနေခဲ့ကြသည်။ သို့သော် ထိုအကြံအစည်ထဲတွင် စိုးအောင်ခိုင်ကတော့ အလိုတူအလိုပါ မဟုတ်ခဲ့ပါ။ အမှတ်တမဲ့ သူ့ချစ်သူကို ပြောလိုက်မိခြင်းသာဖြစ်သည်။ စိမ်းဝတီတို့က သူတို့နှစ်ယောက်ကို မဆက်စပ်မိသဖြင့် သူတို့နှစ်ယောက် သိ မသိ ကိုလည်း မမေးမိခဲ့ပါ။

လင်းသွင်၊ အောင်ညီ နှင့် မေရီခိုင် တို့က လိမ်နေကြအဖွဲ့ ဖြစ်သည်။ ယခုတစ်ခေါက်တော့ အချီကြီးချဖို့ ကြံစည်ကာ ဦးမျိုးခင်ကို လုပ်ကြံပြီး ဒေါ်ခင်ဖြူမြင့်ကို အပိုင်ကိုင်ကာ Blue Diamond ရှယ်ယာဝင်တွေလည်း ဖြစ်အောင် မေရီခိုင်လည်း Head Office မှာ အလုပ်ရအောင် ကြံစည်ခဲ့ခြင်းဖြစ်သည်။ စိုးအောင်ခိုင်ကိုလည်း မေရီခိုင်က အကြံအစည်နှင့် သိမ်းသွင်းခဲ့ခြင်းဖြစ်သည်။ အောင်ညီနှင့် မေရီခိုင်မှာလည်း မောင်နှမ မဟုတ်ပဲ ချစ်သူတွေသာ ဖြစ်သည်။ သူတို့သည် ယခုတစ်ချီ မမိလျှင် နောက်ထပ် ကြံစည်ဖို့ပင် ရှိသည်။ တစ်သက်စာ ရတော့မှ နိုင်ငံခြားအထိ သွားရှောင်နေကြဖို့ပင်။ ယခုတော့ စိမ်းဝတီတို့ အဖွဲ့၏ မလျှော့သော ဇွဲနှင့် ကြိုးစားမှုကြောင့် နေ့မကူးခင်မှာပင် သူတို့အဖွဲ့ကို သက်သေအထောက်အထားနှင့် တကွ ဖမ်းမိခဲ့ပြီ ဖြစ်သည်။

သိင်္ဂါကျော်
25.8.2010
11:30 PM


19 comments:

သဒ္ဓါလှိုင်း said...

ဝတ္ထုလေးကစိတ်ဝင်စားဖို့ကောင်းတယ်နော်...။
မကောင်းမှုဆိုတာကတော့ ဆိတ်ကွယ်ရာမရှိပါဘူး..
ပေါ်တာပါပဲ..။

SOSEGADO said...

ဖတ်လို့ကောင်းပါတယ်၊ CSI ဆိုစိတ်ဝင်စားလို့၊
နောက်အဆက်တွေလည်းရေးပါဦး။

ဆောင်းနှင်းရွက် said...

ရေးထားတာ စိတ်ဝင်စားဖို့ကောင်းတယ် .. ။

အပြင်မှာ ဇာတ်လမ်းရိုက်ရင်
ပိုကောင်းမယ် ...

သာမီးးးက ဥာဏ်မလိုက်နိုင်တော့
များပြားလှတဲ့ နာမည်တွေကို
မနည်း လိုက်မှတ်ပြီး ဖတ်သွားရတယ် ... :D

ဝက်ဝံလေး said...

မရယ် အပေါ်က ဆောင်းနှင်းရွက်ပြောသလိုပဲ သမီးလဲ နံမည်တွေ မနည်းလိုက်မှတ်ပြီးတော့ ဘယ်သူက ဘာလဲ ဆိုတာ ဖတ်ရတယ် ဟိ
ကောင်းတယ် ဖတ်ရတာ မိုက်တယ် ကြိုက်စစစစစစစစစစစစစ် ဒွတ်

Crystal said...

မရောက်တာကြာလို့ လာလည်ပါတယ်ရှင်။

မေဓာဝီ said...

ဖတ်လို့ကောင်းတယ် မသိင်္ဂါရေ ...
တနေရာမှာတော့ သေသူနာမည် လွဲနေသလားလို့။
ဇော်ရှိန်းနိုင်ကို ဇော်မြင့်ရှိန်ဖြစ်နေတယ်။ မသေချာလို့ ၂ ခါ ထပ်ဖတ်သွားတယ်။

ကိုဇော် said...

အနောက်တိုင်းဆန်သော စုံထောက် ဇာတ်လမ်းကောင်းလေး ပါပဲ။

SHWE ZIN U said...

ဇာတ်လမ်းလေး က ဖတ်လို့ ကောင်းလိုက်တာ

ကျေးဇူးဘဲနော် စုံထောက်ကြီး

ခင်တဲ့
ရွှေစင်ဦး

blackroze said...

စုံထောက်ဇာတ်လမ်းလေးကကောင်းတယ်ဗျို့..

မြတ်မွန် said...

ဖတ်လို့ကောင်းလိုက်တာ
အဲလို ဇာတ်လမ်းလေးတွေ ကြိုက်တယ်..မမရေ..
အားပေးလျှက်..။

ချော(အစိမ်းရောင်လွင်ပြင်) said...

Congratulations စိမ်းဝတီ
အဲ သိင်္ဂါ.....
မိန်းခလေးတွေကို အမှုစစ်ဖို့ ဇာတ်ကောင်ဖန်တီးတာ သဘောကျမိတယ်.. ဘာရမလဲ.. ယောက်ျားတွေမှ အမှုကိုပေါ်အောင် စုံစမ်းနိုင်တာမဟုတ်ဘူး.. မိန်းမတွေလဲ ရပါတယ်ကွ။။
ဂုဏ်ယူပစ်လိုက်ပြီ

သိင်္ဂါကျော် said...

မေဓါဝီ ပြောမှ ပြန်စစ်ကြည့်တာ သုံးနေရာတောင် မှားနေတယ်.. ကိုယ့်ဟာကိုယ် နာမည် ခက်ခက်ပေးပြီး မမှတ်မိတာ.. ဟီးးး ခုတော့ ပြင်လိုက်ပြီ။

မောင်ဘကြိုင် said...

ဘာပြောပြောဗျာ မအားမလပ်တဲ့ကြားက ရေးဖြစ်အောင်ရေးလို့ ကျေးဇူးပါ
ကူးသွားတယ်ဗျ အေးဆေးဖတ်မလို့ ပို့အရှည်ကြီး ဖတ်ပြီး အားပါးတရမန့်မရတာမျိုး မဖြစ်အောင် ကွန်ကောင်းတုန်း မန့်သွားတယ်

subuueain said...

ဖတ်လို့ ကောင်းလိုက်တာ မမရယ်။ မအားတဲ့ကြားက ရေးပေးလို့ကျေးဇူးပါ :)

အဖြူရောင်နတ်သမီး said...

ဇာတ်လမ်းလေး စိတ်ဝင်တစားဖတ်သွားတယ် နော်...
နေမကောင်းလို့ အခုမှရောက်လာခဲ့တာ...

Law Shay said...

Now, you put her in CSI (a fictional organization). Please ...

မြစ်ကျိုးအင်း said...

ဖတ်လို့ တကယ်ကောင်းတယ်။
ရေးတာ ကျဲရင် ကျဲပါစေ။ နောက်ထပ် ရေးဖြစ်အောင် ရေးပါဗျာ။ ဘလော့ဂ်လောကမှာ ဒီလိုဘလော့ဂ်မျိုးတွေ ရှိစေချင်လို့ပါ။

ခင်မင်သောအားဖြင့်
(မြစ်ကျိုးအင်း)

လင်းဒီပ said...

ဝူး... မောလိုက်တာ ဖတ်ပြီးမှ သက်ပြင်းချနိုင်တယ် ။
ဒါမျိုးတွေ မဖတ်ဖြစ်တာ ကြာပြီ ။

Susan Naing said...

wow!Way cool!please keep writing about them.please please please