27 July, 2011

ဇာတ်မျော



မရွာတော့ဘူးလိုလိုနဲ့ရွာချလိုက်တဲ့
ပြင်ဦးလွင်မိုးလိုပဲ
နောက်ထပ် မချစ်တော့ဘူးလိုလိုနဲ့
ချစ်မိပြန်ရောတဲ့။

ဖြတ်မယ် ဖြတ်မယ်နဲ့
ဖြတ်မိနေတာက
သံယောဇဉ်မဟုတ်ပဲ
ဆံပင်တွေပဲ ဖြစ်ဖြစ်နေပါရော။

ကိလေသာ ကိလေသာနဲ့
ဟိုဟိုဒီဒီ လက်ညှိုးထိုးပြီး
ရှောင်ရမလို ပယ်ရမလို လုပ်လုပ်နေပေမယ့်
နှလုံးသားကလည်း ကိလေသာ မစင်လေတော့
ပြတ်ပြီ ပြောပြောပြီးလည်း
မပြတ်နိုင်သူပေါ့။
မပြတ်ဘူး မဟုတ်လား ဆိုတော့လည်း
ပြတ်ပြီ လို့ ပြောချင်ပြန်ရော။

မင်းဘက်ကို ရှာရှာဖွေဖွေ ကြည့်လည်း
ဖြတ်သင့်တဲ့ အပြစ်က
လောက်လောက်လားလားမှ မရှိချင်ပဲ။
သတ္တိမရှိသူကြီးလို့
အပြစ်တင်ချင်လည်း တင်ပေါ့
တကယ်တန်းလည်း
မစွန့်စားဝံ့တာ မှန်ရဲ့။

နှစ်ပေါင်း ၃၀ ကျော် မှီခိုလာပြီးမှ
အမေ့ရင်ခွင်ကို ခြေစုံကန်ရမှာလည်း
မဖြစ်သင့်ဘူးလို့ ထင်လိုထင်။
ကိုယ့်အတ္တကိုယ် ကိုးကွယ်ရင်း
နေသားကျနေတာ ကြာပြီးမှ
ချနင်းရမယ်ဆိုလည်း
ပြေလည်ပါ့မလား ဆိုတာ စဉ်းစားစရာ။

ကြွေးဟောင်းတောင် ကြေအောင် မဆပ်နိုင်တဲ့ ဘဝထဲ
ကြွေးသစ်ချဖို့ရာတော့
မင်းကို ယုံကြည်မှုက 
လုံလုံလောက်လောက် မရှိရတဲ့အထဲ
ကိုယ့်ကိုယ်ကိုလည်း မယုံကြည်ချင်ဘူး။
တစ်ယောက်တည်းဘဝနဲ့
မရုံးမကန် ရေစုန် မျှောမျှောနေခဲ့တာကြာတော့လည်း
မင်းကို အားကိုးရဖို့ မသေချာတဲ့ဘဝမှာ
ကိုယ်တိုင် ရုံးကန်ပြီး ပင်ပန်းရမှာလည်း
ကြောက်နေသေးတယ်။

အဲလိုနဲ့ပဲ
လောကီကို စိတ်ကုန်ကုန် လာတယ်ဆိုပြီး
ရိပ်သာပဲ သွားနေဖို့ စိတ်ကူးပါရဲ့
အချိန်တန်တော့လည်း
မင်းစကားတစ်ခွန်းထဲ မျောပါမိပြန်ရော။
အပြီးသွားချင်သွားတော့လို့ မင်းကပြောလည်း
မင်းစိတ်မကုန်မချင်း
ငါကလည်း စိတ်မပြတ်နိုင်ခဲ့သူပါ။
ကိုယ့်ကိုယ်ကို ချစ်ရတဲ့အထဲ
မီးထဲ တိုးရဲတဲ့ ပိုးဖလံတစ်ကောင်လည်း မဟုတ်ခဲ့တာမို့
ဒီဇာတ်မျောထဲ မလွတ်မလပ်နဲ့
ယက်ကန်ယက်ကန် ဆက်နေတုန်းပဲ။

သိင်္ဂါကျော်

14 comments:

မော်ကွန်းသစ် said...

ရိပ်သာသို့သာ သွားပါလေ...း) အိပ်မပျော်သူရဲ့ ညဟာ ပိုရှည်တယ်...ကိလေသာ တရာတွေ ပယ်ဖျက်ဖို့ မကြိုးစားလေသူရဲ့ သံသရာကလည်း ပိုရှည်တယ်...း)

မဒမ်ကိုး said...

ဟာ..အဲလောက်မကြောက်ပါနဲ့လေ..
သတ္တိရှိရှိရင်ဆိုင်ကြည့်လိုက်
အရာရာဟာသူ့ဟာသူဖြစ်သွားလိမ့်မယ်ပေါ့..

ခင်မင်လျှက်

မဒိုးကန်

jasmine(တောင်ကြီး) said...

ကမ္ဘာပေါ်မှာ အချစ်က မရှိမဖြစ်ထဲ
တစ်ခုပါပဲ...ဘာဖြစ်လို့ ချစ်ခြင်းတွေကိုအဲဒီလောက်
ကြောက်နေတာလဲ သူငယ်ချင်းရေ....
ရဲရဲကြီးချစ်ကြည့်ပါနော်
ချမ်းမြေ့ပါစေရှင်။

Angelhlaing(May everybody be happy and healthy! said...

တစ်ခါတစ်လေ အဲလိုပဲမမ ရှေ့တိုးရမလို နောက်ဆုတ်ရမလိုနဲ့...
ခံစားအားပေးလျှက်ပါမမ..

rose said...

I love the poem... I don't know why it makes me smile :)

mstint said...

မပြီးဆုံးနိုင်တဲ့ သံသရာမှာ ရင်ဆိုင် ကြုံတွေ့ ဖြေရှင်းနေရအုံးမှာပဲလေ။
လာမဲ့ဘေးပြေးတွေ့လိုက်တာကမှ စိတ်သက်သာမှုရသွားနိုင်မယ်ထင်တယ်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မင်းဧရာ said...

မဖြစ်သင့်တာကို သိပါလျှက်
ဖြတ်ဖို့ခက်တဲ့ သံယောစဉ်
ရစ်ရစ်ပြီး ငှင်ခဲ့......... ။

အမခံစား ချက်နဲ့ ကျွန်တော့်ကဗျာ ရောသွားပြီ။

မြစ်ကျိုးအင်း said...

တွေးရင်းနဲ့ အသက်တွေသာ ကြီးကုန်တော့မှာပဲ။

အလင်းသစ် said...

ဇာတ်မျောကြီးထဲ ကိုယ်လည်းပါလာပြီဆိုတော့ ကဗျာရဲ့သဘောကို အရမ်းကြိုက်သွားပါတယ်။။။
အားပေးလျက်ပါဗျာ။။။

kokoseinygn said...

အချစ်နဲ့ မကင်းနိုင်တဲ့ လောကကြီးမှာ
အပြစ်မမြင်ခင်ထိချစ်ခင်နိုင်ပါစေ....
ခံစားမှုကဗျာ..လေးကိုလာေ၇ာက်အား
ပေးသွားပါတယ်။

WMS said...

" ဒီဇာတ်မျောထဲ မလွတ်မလပ်နဲ့.. ယက်ကန်ယက်ကန် ဆက်နေတုန်းပဲ... " .....
that's so true...
Like this poem much, Teacher!

ngenge

ရွှေပြည်သူ said...

လောကုတ္တရာအသိနဲ့ ပုထုဇဉ်မလေးတစ်ယောက်ရဲ့ ခံစားချက်တွေကို ထင်ထင်ရှားရှား မြင်ရတဲ့ ကဗျာတစ်ပုဒ်ပါ အစ်မရေ... “နောက်ထပ် မချစ်ဘူးလိုလိုနဲ့ ချစ်မိပြန်ရော” ဆိုတဲ့စကားလေးကို သိပ်ကို သဘောကျမိတယ်။ အရိယာမဖြစ်သေး သရွေ့ကတော့ “ယက်ကန်ယက်ကန်နဲ့ ဆက်” နေကြရဦးမှာပါပဲနော်...

အင်ကြင်းသန့် said...

ကဗျာလေးကိုဖတ်ပြီးပြုံးမိတယ်။ တစ်ချို့နေရာတွေက စိတ်လေးကတွေတူနေလို့....။ ဖြတ်မရမှတော့သတ္တိရှိရှိသာရင်ဆိုင်ပစ်လိုက်ပါ အစ်မရေ...(အားပေးသွားတယ်)။

မေသိမ့်သိမ့်ကျော် said...

မျက်စေ့စုံမှိတ် ကြွေးဟောင်းဆပ်ရင်း ကြွေးသစ်တာ ချပစ်လိုက်ပေတော့.....း)

(လာရောက်မြှောက်ပေးသွားပါကြောင်း...း)


ခင်တဲ့