20 July, 2011

ညှိုးမာန်ဖွဲ့ လှည့်ကွက်ထဲက သားကောင် (၁)


ငယ်ငယ်က သူ့ကို မယ်မယ် ပေးထားသည့် နာမည်က ထိပ်တင်ထွဋ်။ သူ သိတတ်လာတော့ ထိပ်တင် ဆိုသည့် နာမည်ကြီးက ရှေးဝတ္တုတွေထဲက နာမည်ကြီးနှင့် တူသည့်အတွက် သူ့ဟာသူ ပြောင်းလိုက်သည့်နာမည်က ထွဋ်ထိပ်စိုး။ ဘွားဘွားကြီးက သူမ နာမည် ထိပ်တင်မမကြီး ဆိုတာကို ဂုဏ်ယူလှသလို မေမေကလည်း သူမ နာမည် ထိပ်တင်ခင်မမ ဆိုတာကို သဘောကျလှသည်။ သူ မသိနိုင်သည့် ဘယ် ဘိုးဘေး ဘီဘင် ကလည်း တော့ မသိပါ။ ဘွားဘွား နှင့် မေမေက သူတို့ကိုယ် သူတို့ မှူးကြီး မတ်ကြီး မျိုးနွယ် ဟု ဆိုသည်။ မယ်မယ်ကြီးတို့ မယ်မယ် တို့ စသည့် အခေါ်အဝေါ် တွေကိုတောင် ဖေဖေက မရအရ ပြောင်းထားရခြင်း ဖြစ်သည်။ သူသိသလောက် မေမေတို့ မျိုးရိုး စဉ်ဆက် ချမ်းသာ လာသလို ဖေဖေ တို့ ဘက်ကလည်း မျိုးရိုး စဉ်ဆက် ချမ်းသာလာသူများ ဖြစ်သည်။ ဖေဖေ နှင့် မေမေ ကိုလည်း မိဘများက စပ်ဟပ် ပေးစားခဲ့ခြင်းသာ ဖြစ်သည်။ သူ့ရဲ့ တစ်ဦးတည်းသော ဒေါ်လေး ကိုလည်း မျိုးကြီး ရိုးကြီး ထဲက အရာရှိကြီး တစ်ယောက်နှင့် စီစဉ် ပေးခဲ့သည်။ သူတို့ ဇနီးမောင်နှံမှာက ကလေး မရသဖြင့် သူတစ်ယောက်တည်းသာ မျိုးရိုး ဆက်ခံသူ ဖြစ်နေရသည်။

အခုတော့ သူက နိုင်ငံခြားကလည်း ဘွဲ့လွန် တစ်ခု ယူပြီး ပြန်လာခဲ့ပြီ။ သူကိုယ်တိုင် ဦးစီးသော ကုမ္ပဏီ တစ်ခုလည်း ထူထောင်နိုင်ခဲ့ပြီ။  အသက်ကလည်း ၃၀ ကျော်စပြုချိန်မှာ ဘွားဘွားနှင့် မေမေက သူ့ကို မိန်းမ ပေးစားဖို့ အရေး စီမံကိန်းတစ်ခုလို ကြံစည်လာသည်။ အသက် ၈၀ ကျော်ပြီ ဖြစ်သော ဘွားဘွား ကလည်း မှတ်ဥာဏ် မေ့လျော့တာ ဘာညာတောင် မရှိပဲ ကျန်းကျန်းမာမာ ရှိသူမို့ အိမ်မှာလည်း အစစ နေရာတကာ ဝင်ပါတတ်တုန်းပင်။ ဒေါ်လေးကလည်း သူ့ရဲ့ ဝမ်းမနာသား မိန်းမရဖို့ အရေးမှာ တစ်တပ် တစ်အား ပါသေးသည်။ မေမေ့ သူငယ်ချင်း ဒေါ်မေရီ ဆိုသည့် အဘွားကြီးကလည်း အောင်သွယ် အလုပ်မှာ နာမည်ကြီးသူ တစ်ယောက်ဟု ဆိုသည်။ သူ့ကို တစ်ပတ်တစ်ပတ်မှာ ဓါတ်ပုံ သုံးပုံလောက် ပုံမှန် ပြသည်။ သူ့ကို ပြသည့် ဓါတ်ပုံတွေ ဆိုတာ သူတို့ လေးယောက် ရွေးချယ်ထားသည့် စကာတင်တွေသာ ဖြစ်သည်။ မိဘမျိုးရိုး၊ ပညာအဆင့်အတန်း၊ စီးပွားရေး အခြေအနေ၊ ရုပ်ရည်ပြေပြစ်မှု စသည် စသည် သူတို့ သတ်မှတ်ထားသည့် စံနှုန်းတွေတော့ အသေးစိပ်တော့ သူမသိပါ။ သူက လောလောဆယ်မှာ အိမ်ထောင်ရေးကို လုံးဝ စိတ်မဝင်စားသေး။ သူ နိုင်ငံခြားမှ ပြန်ရောက်ကာမှ စတင်ခဲ့ရသည့် သူ့အလုပ်ကို တိုးတက်အောင်မြင်အောင် လုပ်ဖို့ လောက်သာ ခေါင်းထဲ ရှိသည်။ အရင်ကတည်းကလည်း သူက မိန်းကလေးတွေနှင့် ရင်းရင်းနှီးနှီး မနေတတ်သူမို့ သူ့မှာ ချစ်သူ ရယ်လို့ ပီပီပြင်ပြင် ဆိုစရာလည်း တစ်ယောက်မှတောင် မရှိခဲ့ပါ။ ကျောင်းတုန်းက သဘောကျခဲ့တာ တစ်ယောက် နှစ်ယောက် ရှိပေမယ့် သူ့အဘွား၊ သူ့အမေ ရဲ့ စံနှုန်းနဲ့ ကိုက်ညီပါ့မလား ဆိုတာ စဉ်းစားရင်းနဲ့ပင် ဖွင့်မပြောဖြစ်ခဲ့ပါ။

သူတို့ ပြသမျှ ဓါတ်ပုံတွေကို သေချာတောင် မကြည့်ပဲ တစ်ယောက်ပြီး တစ်ယောက် ငြင်းပစ်နေတော့ မေမေ က သိပ် လက်မခံချင်တော့။ သူ့ရဲ့ Selection အကောင်းစားလေးတွေ လွတ်သွားမှာ စိုး၍ထင်သည်။ သူ့ကို ချော့မော့ပြီး တစ်ခါလောက် တွေ့ခိုင်းသည်။ မေမေ ရွေးထားသော မိန်းကလေးတွေက တကယ့်ကို ပြစ်မျိုးမှဲ့မထင်တွေ ဖြစ်သော်လည်း သူက ဒီနှစ်အတွင်း သူ့စီးပွားရေးကိုသာ အာရုံစိုက်လိုသည့်အတွက် ဘယ်နည်းနဲ့ ဖြစ်ဖြစ် ငြင်းဖို့ စဉ်းစားထားပြီး ဖြစ်သည်။ အိမ်ထောင် ဆိုတာ အချစ်မပါပဲ မပြုမဖြစ် ပြုကို ပြုရမည် ရယ်လို့ သူ ဘယ်တုန်းကမှ မတွေးစဖူး။ သူ ချစ်သော မိန်းကလေးကို သူ့အိမ်က သဘောမတူလျှင် မယူပဲ နေချင်နေမည်။ သူမချစ်သော မိန်းကလေးကိုတော့ အိမ်က သဘောတူတာလောက်နှင့် လက်မထပ်ချင်ပါ။ နှစ်လ အတွင်းမှာ မိန်းကလေး ငါးယောက်နှင့် သူတွေ့ခဲ့သည်။ တစ်ယောက်မှ သူ့နှလုံးသားကို မဆွဲဆောင်နိုင်သည်မို့ ယဉ်ယဉ်ကျေးကျေးနှင့် ဇာတ်လမ်းဖြတ်ခဲ့သည်။ ထိုအထဲက တစ်ယောက်ယောက်က သူမကို ငြင်းသည့်အတွက် သူ့ကို အညှိုးတကြီး ရှိသွားခဲ့လိမ့်မည် ဟုတော့ သူက ယောင်ယောင်လေးမှ တွေးမထားခဲ့မိပါ။
*******
သူ့သဘောထားကို မေမေတို့ သိအောင် အပြတ်ပြောထားပြီးနောက် ငါးလလောက် တော့ ဘယ်မိန်းကလေး နှင့်မှ မစပ်ဟပ်တော့ပဲ ငြိမ်နေကြပြန်သည်။ ၃၅ မကျော်ခင် အိမ်ထောင်ပြုရမည် ရယ်လို့တော့ သူ့ကို ရာဇသံပေးထားသည်။ ဘွားဘွားကလည်း မသေခင်မှာ သူမြေး အိမ်ထောင်ကျတာ မြင်သွားချင်သည်တဲ့။ သူ့ဘက်ကတော့ ခုချိန်ထိ မေမေတို့ ရွေးထားသည့် အကောင်းစားလေးတွေသာမက သူ့ပတ်ဝန်းကျင်က သူလို ငါလို သာမန် အချောအလှလေးများ ကိုလည်း စိတ်မဝင်စားမိသေးပါ။ သူ့အသက်က ခုမှ ၃၂ သာ ရှိသေးသည့်အတွက် နောက် သုံးနှစ်လောက်တော့ နားအေးပါးအေး နေနိုင်လောက်သည် ဟု ထင်နေဆဲမှာပင် ဒေါ်လေးက တစ်စခန်း ထလာပြန်သည်။ ဒီဓါတ်ပုံလေး တစ်ချက်လောက်တော့ ကြည့်ပါဦး သားရယ် တဲ့။

“ဟာ ဒေါ်လေးရာ လာပြန်ပြီဗျာ၊ ကျွန်တော် ဒီနှစ်ထဲမှာ အိမ်ထောင်ပြုဖို့ စိတ်မဝင်စားသေးပါဘူး ဆိုမှပဲ၊ ဓါတ်ပုံတွေ ယူယူ လာပြီး ဒေါ်လေးတို့ပဲ မျက်နှာပျက်ရမှာ”
“သားရယ်၊ တကယ် ချစ်စရာကောင်းတာ၊ နာမည်လေးကလည်း အပျံစား၊ နေခြည်ထိပ်ထားတဲ့။ နိုင်ငံခြားက Ph.D ဘွဲ့ ရပြီးသား၊ အဖေက စစ်ဘက်က အရာရှိကြီး၊ အမေကလည်း ရတနာဆိုင်ဖွင့်ခဲ့တာ၊ ခုတော့ မိဘနှစ်ပါးလုံးက ကား အက်ဆီးဒင့်နဲ့ ဆုံးသွားပြီတဲ့။ သူလည်း သူ့ပညာနဲ့ မလုပ်ပဲ သူ့အမေရဲ့ ဆိုင်ကိုပဲ ဦးစီးနေတယ်တဲ့။ အပြောအဆို ဆိုတာကလည်း ယဉ်ကျေးသိမ်မွေ့သလား မပြောနဲ့ ပုံစံလေးကိုက အဆင့်အတန်း မြင့်မြင့် ပုံပေါက်နေတာ၊ မိန်းကလေး ပီပီသသ မြန်မာ ဆန်ဆန် ဝတ်ထားတာကလည်း ခုခေတ်မှာ မြင်ရခဲပါဘိတော့၊ ဒီတစ်ယောက်ကို တော့ လက်မလွတ်ချင်ဘူး သားရယ်၊ ဓါတ်ပုံလေး အရင်ကြည့်လိုက်၊ သား သဘောကျသွားမှာ..”

ဒီလိုပဲ တစ်ယောက်တွေ့ရင် တစ်မျိုး အဲလို အရည်အချင်းတွေကို အရင် ရွတ်လေ့ ရှိတာ သူ့အတွက် ရိုးနေပါပြီ။
“ထားခဲ့ပါ ဒေါ်လေးရာ၊ ကျွန်တော် ဒီ Mail လေးပို့ဖို့ အရေးကြီးလို့၊ ပြီးရင် ကြည့်မယ်နော်..”

ဒေါ်လေး ဓါတ်ပုံထားသွားတာ သိသော်လည်း မကြည့်မိသေးပဲ သူ့အလုပ်သူ လုပ်နေမိတာ တော်တော် ကြာသွားသည်။ အလုပ်ပြီးတော့မှ ရေငတ်လာတာ သတိထားမိပြီး စားပွဲမှ ထလိုက်ရင်း ဓါတ်ပုံလေးကို မြင်သွားသည်။ အရင်တုန်းက မိန်းကလေးတွေလို တစ်ချက်ကြည့်ပြီး ပစ်ထားလိုက်ဖို့ထက် ဓါတ်ပုံထဲက မိန်းကလေးဆီက အကြည့်ကို မခွာနိုင် ဖြစ်သွားသည်။ ဖြောင့်စင်း ပျောင့်ပြောင်းသော ဆံပင်ရှည်ရှည်များနှင့် အနားသတ်ထားသော မျက်နှာလေးက ကြည်စင် ဝင်းပနေသည်။ ပန်းရောင် ဖျော့ဖျော့ နှုတ်ခမ်းနီလေး အပြင် တစ်ခြား ဘာမှ ခြယ်သထားသည်မထင်ရ။ ကော့ရွှန်းသော မျက်တောင် စိပ်စိပ်များ ဝန်းရံထားသည့် မျက်ဝန်းနက်နက်များက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသည့်ပုံ။ ဘာမှ ထူးခြားလှသည် မထင်ရပေမယ့် ချစ်စရာ ကောင်းသည့် မျက်နှာလေးက အပြစ်ကင်းစင်လှသည်။ Ph.D ရပြီးသား စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ဆောင်နေသူ ဟု လုံးဝ မထင်ရ။ အင်း တစ်ခေါက်လောက်တော့ သွားတွေ့ကြည့်လိုက်ဦးမှပါပဲ ဟု သူ့ဟာသူ တွေးရင်း မလုံမလဲ ပြုံးလိုက်မိသည်။

အိပ်ရာဝင်ကာနီး သူမ ဓါတ်ပုံလေးကို တစ်ခေါက် ကြည့်မိပြန်သည်။ အရင်လို ဒေါ်လေးတို့ မေမေတို့ကို ကျွန်တော့်အခန်းထဲမှာ ရှုပ်တယ် ဆိုပြီး ဓါတ်ပုံ ပြန်ပေးတာမျိုး မလုပ်မိတာ သူ့အတွက် နည်းနည်းတော့ မှားယွင်း နေလေပြီ။

*******

“ထိပ်ထား ဓါတ်ပုံ ကျွန်တော့်ဆီ ရောက်လာတယ်၊ အဲလို ရောက်လာဖို့ကို ထိပ်ထား သဘောတူခဲ့တာပေါ့နော်..”
“ဟုတ်ကဲ့၊ ဒေါ်လေးက ထိပ်ထားကို ဒီတိုင်း အေးအေး နေတာ မကြည့်ချင်ဘူး ဖြစ်နေတယ်လေ.. အဲဒါနဲ့ ဒေါ်လေး စီစဉ်တဲ့ သူနဲ့ တွေ့ကြည့်မယ်လို့ ပြောလိုက်တာ”
“အဲလို ဆိုတော့ ထိပ်ထားမှာ ချစ်သူ မရှိဘူးပေါ့.. ဒါမှမဟုတ် အဆင်မပြေခဲ့တာ များလား”
“ထိပ်ထားမှာ ချစ်သူ မရှိပါဘူး၊ ရှိမှတော့ ဒီလို တွေ့နေပါ့မလား ရှင်၊ ဒါနဲ့ ရှင်ကရော အရွယ်ရောက်နေတဲ့ ယောက်ျား တစ်ယောက် ဖြစ်ရဲ့နဲ့ မိဘ စီစဉ်တဲ့သူနဲ့ လက်ခံမယ် ဆိုတာက နည်းနည်း ထူးဆန်း မနေဘူးလား”
“ဟုတ်တော့ ဟုတ်တယ်.. ယုံပါ့မလားတော့ မသိဘူးဗျ၊ ကျွန်တော့်မှာ ခုချိန်ထိ ချစ်သူရယ်လို့ တစ်ယောက်မှ မည်မည်ရရ မထားဖူးပါဘူး၊ တကယ်ပြောတာ၊ ခုတလောတော့ အိမ်က အမေတွေက ကျွန်တော့်ကို အိမ်ထောင်ချပေးဖို့ အကြီးအကျယ် ကြိုးစားနေကြတယ်လေ၊ ကျွန်တော့်အနေနဲ့ ပြောရရင် လောလောဆယ် စီးပွားရေးမှာပဲ အာရုံစိုက်ချင်သေးတာနဲ့လေ.. မိန်းကလေး တစ်ချို့နဲ့ တွေ့ကြည့်ပေမယ့် ငြင်းဖြစ်လိုက်တယ်.. နောက်ထပ် မတွေ့တော့ဘူးလို့ပဲ.. အမှန်အတိုင်း ဝန်ခံရရင် ခင်ဗျားကိုတော့ နည်းနည်း စိတ်ဝင်စားသွားလို့...”
“ကိုထွဋ်ထိပ်စိုးလို လူတစ်ယောက်က ကျွန်မကို စိတ်ဝင်စားတယ် ဆိုတော့ ဂုဏ်ယူရမှာပေါ့နော်..”
“ဟား ဟား.. မဟုတ်သေးဘူးဗျာ.. ခင်ဗျားလို ချစ်စရာကောင်းတဲ့ မိန်းကလေး တစ်ယောက်မှာ ချစ်သူ မရှိသေးပဲ ကျွန်တော်နဲ့ စီစဉ်မှာကို လက်ခံမယ် ဆိုတာကသာ ကျွန်တော့်အတွက် ကံကောင်းတာ ဖြစ်မှာပါဗျာ”

နေခြည်ထိပ်ထား၏ ချစ်စဖွယ် အပြုံးတစ်ပွင့်က သူ့ကို ကြွေကျသွားစေတော့သည်။ တစ်ခေါက် တွေ့အပြီးမှာပင် မြန်မာဆန်ဆန် နှင့် ချစ်စရာကောင်းသည့် ဆံပင်ရှည်မလေးကို သူ ချစ်မိသွားပြီ ဖြစ်ကြောင်း သေချာခဲ့လေပြီ။ “မေမေ တို့ သဘောပဲဗျာ၊ နောက်ထပ် အဲလို သွားသွား မတွေ့ချင်တော့ဘူး” လို့ မတတ်သာလို့ပဲ လက်ခံလိုက်ရသလို ပြောလိုက်သော်လည်း သူ့သဘောကို နောကြေနေသော မေမေ နှင့် ဒေါ်လေးကတော့ သူ သဘောကျလို့ လက်ခံလိုက်မှန်း သိပါသည်။ သူမမှာက မိဘ မရှိတော့ သောကြောင့် အုပ်ထိန်းသူ ဒေါ်လေး တစ်ယောက်သာ ရှိသည်။ သူမ ဒေါ်လေးနှင့် သူ့ ဒေါ်လေး တွေ့ပြီး သူမ ရတနာဆိုင်သို့ မတော်တဆ ရောက်သွားရင်း သူ့ဒေါ်လေးက သူမကို သဘောကျသွားခဲ့ခြင်း ဖြစ်သည်။ သူမက ရွှေတောင်ကြားလမ်းမှာ သူမ အဒေါ်နှင့် အတူ နေထိုင်သူ ဖြစ်သည်။ ခြံကျယ် ဝင်းကျယ်ကြီးထဲက နှစ်ထပ်တိုက်ကြီးကလည်း သူတို့ လောက် မကြီးကျယ် ပေမယ့် သူ့ မေမေနှင့် ဒေါ်လေး တို့ အတွက်တော့ ကျေနပ်စရာ ဖြစ်သည်။ သူ့ဘက်က လက်ခံလိုက်ပြီ ဆိုတာနှင့် မေမေက ဟိုတယ်မှာ ဒိတ်သွားယူသည်။ ဒေါ်လေးကတော့ မန္တလေးကို ချိတ်လုံချည် မှာဖို့ စီစဉ်နေပြီ။

သူတို့နှစ်ယောက် တရားဝင် တွဲကြရင်း ပိုပြီး ခင်မင်လာခဲ့ကြသည်။ သူမ ပုံစံက သွက်သွက်လက်လက်ကြီး မဟုတ်သော်လည်း ရှက်ကိုးရှက်ကန်း ထုံထုံအအ ပုံစံလည်း မဟုတ်ပါ။ သူ့ကို တည်တည်တံ့တံ့ ပုံမှန်ပဲ ဆက်ဆံသည်။ တမင် လုပ်ယူထားခြင်း မဟုတ်ပဲ သူမကိုယ်ပေါ်မှာ ဘာလေးပဲ ဝတ်လိုက် ဝတ်လိုက် စမတ်ကျသော ပုံစံက ပေါ်လွင်နေသည်။ သူမ ပုံစံက ခပ်တည်တည် ဖြစ်နေသဖြင့် သူ့ဘက်က သူမကို မြင်မြင်ချင်း သဘောကျမိသည့် အကြောင်းကိုပင် ပြောဖို့ရာ တွန့်နေသည်။ သူမ ဘက်က သူ့ကို သဘောကျ မကျလည်း ခန့်မှန်းဖို့ ခက်သည်။ သူနှင့် ပတ်သက်လာလျှင် မိန်းကလေးတိုင်းက အရေးပေးဆက်ဆံတာကိုသာ ခံရနေကြမို့ ခုလို သူမက သူငယ်ချင်းလို ရိုးရိုးသားသား ပုံမှန် ဆက်ဆံတာက သူ့အတွက် ထူးဆန်းသလို ဖြစ်နေသည်။ ဘာပဲဖြစ်ဖြစ် သူမက သူ့ကို လက်ထပ်ဖို့ လက်ခံတာကိုပင် သူက ကျေးဇူးတင်ရသည်။

သူ နှင့် သူမက သတ်မှတ်ထားသည့် ရက်ကျမှ တစ်ခါတည်း မင်္ဂလာဧည့်ခံပွဲပဲ လုပ်လို သော်လည်း မေမေနှင့် ဘွားဘွားက စေ့စပ်ပွဲကိုလည်း ခမ်းခမ်းနားနား လုပ်ထားစေလိုသည်။ နောက်ဆုံးမှာ ဘွားဘွား အလိုကို လိုက်လျောပြီး စေ့စပ်ပွဲ လုပ်ဖို့ သဘောတူလိုက်ရသည်။ မင်္ဂလာဧည့်ခံပွဲ လုပ်ဖို့ သုံးလအလိုမှာ သူတို့ စေ့စပ်ပွဲ လုပ်ဖြစ်သွားသည်။ လာရောက် ချီးမြှင့်သူ ပရိတ်သတ် အပေါင်းက နေနဲ့ လ ရွှေနဲ့ မြ လို့ ကောင်းချီးပေးကြရလောက်အောင် သူတို့ နှစ်ယောက်က အတွဲညီခဲ့သည်။ သူ့စိတ်ကြိုက် ဒီဇိုင်းဆန်းဆန်းကို ရွေးဝယ်ထားသော အရည်သန့် စိန်တစ်လုံးတည်းနှင့် ပလက်တီနမ် လက်စွပ်ကလေးကို သူမ၏ ဖြူဖြူသွယ်သွယ် လက်ကလေးမှာ စွပ်ပေးရင်း သူမ ကြားသာရုံ တီးတိုး ပြောမိသည်။
“ဒီနေ့က စပြီး ထိပ်ထား က ကိုယ်နဲ့ပဲ ဆိုင်တော့တာနော်၊ သိလား၊ ကိုယ့်ကို ဘယ်တော့မှ ခွဲမသွားရဘူး”
အမြဲတန်း ရုပ်တည်ကြီးနှင့် နေတတ်သော သူမက အဲလို ပြောတော့လည်း ရှက်ရိပ်သန်းသော မျက်နှာကလေးနှင့် ပြုံးပြုံးကလေး...။
“ထိပ်ထားလည်း ကိုကို နဲ့ အတူ အမြဲရှိနေချင်ပါတယ်”
သူမကလည်း သူ့ကို လက်စွပ်ကလေး ပြန်ဝတ်ပေးရင်း ပြောသည်။
“အခွင့်အရေး ရှိရင်ပေါ့ ကိုကို ရယ်..” သူမ၏ နောက်ဆက်တွဲ စကားကိုတော့ သူက မကြားလိုက်တော့ပါ။

ဧည့်သည်တွေကို လိုက်နှုတ်ဆက်ကြတော့လည်း နှစ်ယောက်သား ပြုံးပြုံး ရွှင်ရွှင်နှင့်ပါ။ သို့ပေမယ့် ဝိုင်းတစ်ဝိုင်းက အမျိုးသမီး တစ်ယောက်ကို မြင်သည့် အခါမှာတော့ နေခြည်ထိပ်ထားရဲ့ မျက်နှာက အပြုံးရိပ်တို့ ပျောက်ကွယ် သွားပါသည်။ သူကတော့ မသိလိုက်ပါ။
“ကိုထွဋ်ထိပ်စိုးက ကျွန်မတို့ အသိုင်းအဝိုင်းတွေမှာတော့ နာမည်ကြီးပဲ၊ ခုတော့ ဖူးစာရှင် ရှာတွေ့သွားပြီပေါ့။ ရှင်နဲ့ လိုက်ဖက်ညီတဲ့ ကြင်ယာဖက် အမှန်တကယ် ဖြစ်ပါစေလို့ ဆုတောင်းပါတယ် ရှင်”
သူမ မျက်နှာက ခပ်ထည်ထည်။ ဝတ်ထားသော အဝတ်အစားနှင့် လက်ဝတ်ရတနာများကလည်း သတို့သမီး ထက်တောင် တောက်ပနေသေးသည်။ သူက ပြုံးပြီး နှုတ်ဆက်လိုက်သော်လည်း သူမကို ဘယ်သူ ဘယ်ဝါ သေချာမသိပါ။ သူမ စကားထဲမှာ အဓိပ္ပါယ် တစ်ခုခု ပါဝင်နေတယ်ရယ်လို့လည်း သူ မထင်မိပါ။

*******

ပြည်လမ်းပေါ်မှာ သူကိုယ်ပိုင် ဝယ်ထားသော ကွန်ဒို တိုက်ခန်း နှစ်ခန်းတွဲ တစ်ခု ရှိသည်။ သူတို့ လက်ထပ်ပြီးလျှင် သူက သူ့မိသားစုအိမ်မှာလည်း မနေချင်၊ သူမ အိမ်မှာလည်း မနေချင်သောကြောင့် သူ့တိုက်ခန်းမှာပဲ နေမည်ဟု စိတ်ကူးသည်။ သူမကို ပြောပြတော့ သူမက သူ့သဘောပဲ ဟု ဆိုသည်။ သူ့မေမေက သိပ်သဘောမတူလိုသော်လည်း ဖေဖေက သဘောတူပေးလိုက်သောကြောင့် လက်မခံချင် ခံချင်နှင့် လက်ခံလိုက်ရသည်။ ထိပ်ထားကို ခေါ်ပြီး တိုက်ခန်းကို စိတ်ကြိုက် ပြင်ဆင်ဖို့ သွားကြသည်။ ထိပ်ထားကလည်း ပျော်ပျော်ရွှင်ရွှင် လိုလိုလားလားနှင့် နှစ်ယောက်သား တိုင်ပင်ကြတော့ အကြိုက်ချင်းက တော်တော်တူကြတာကို တွေ့ရသည်။ သူ မအားသော နေ့များမှာ သူမ တစ်ယောက်တည်း သွားပြီး နေရာချသည်။ အလုပ်သမားတွေ များများ လာမည့် နေ့များမှာသာ သူသွားပြီး ကျန်သည့်နေ့တွေမှာ သူမပဲ သွားတာများသည်။ အိမ်ထဲမှာ ထားမည့် ဘွန်ဆိုင်းအပင်ပုလေးများနှင့် ဂမုန်းပင်သေးသေးလေးများ ကိုလည်း သူမပဲ စိတ်ကြိုက် ရှာဖွေပြီး ဝယ်ထည့်လာသည်။

အခုတော့ တိုက်ခန်းတစ်ခုလုံး အချောသတ် နေရာချဖို့လောက်ပဲ ကျန်တော့သည်။ ပိတ်ရက်မှာ နှစ်ယောက်သား တိုက်ခန်းကို သွားပြီး ချက်ပြုတ် စားသောက်ကာ အခွေ ထိုင်ကြည့်ပြီး ပြန်လာကြသည်။ မင်္ဂလာစုံတွဲ ဓါတ်ပုံ ရိုက်ဖို့ကိုတော့ ဘာကြောင့်မှန်း မသိ သူမ နှင့် အတော်ငြင်းခုန် လိုက်ရသည်။ သူမက စေ့စပ်ပွဲ တုန်းကလည်း ရိုက်ပြီးသားမို့ မင်္ဂလာဆောင်နေ့ကျမှ ထပ်ရိုက်မည်၊ ကြိုရိုက် မထားချင် ဆိုပေမယ့် သူကတော့ ကြိုရိုက်ထားချင်သည်။ လူတိုင်းလည်း အဲလိုပဲ လုပ်နေကြမို့ ထုံးစံလို ဖြစ်နေပြီ လို့ အာပေါက်အောင် ပြောဆိုပြီးမှ ဓါတ်ပုံဆိုင် သွားရိုက်ရသည်။ အမြဲတစေ မိတ်ကပ် သိပ်မပြင်ပဲ သဘာဝအတိုင်းလေး နေတတ်သော ထိပ်ထားက မိတ်ကပ်ပြင်လိုက်တော့လည်း မင်းသမီးလေး တစ်ပါးလို လှပသွားတာ စေ့စပ်ပွဲနေ့ကတည်းက သိပြီးသား ပေမယ့် သူမကို မြင်ရတိုင်းမှာ သူ့အတွက် အသစ်အသစ်လို ရင်ခုန်ရသည်။ ဓါတ်ပုံ ကြိုမရိုက်ချင်ဘူးလို့ ပြောထားသူမှာ ထိပ်ထား ပေမယ့် ဓါတ်ပုံဆိုင် ရောက်တော့လည်း ကလေး တစ်ယောက်လို တက်ကြွပြီး ဝတ်စုံ တစ်စုံပြီး တစ်စုံ ရွေးပြီး ရိုက်သူမှာ ထိပ်ထားသာ ဖြစ်သည်။ အဲဒီနေ့က အနောက်တိုင်းဝတ်စုံနှင့်ရော မြန်မာဝတ်စုံနဲ့ပါ ဓါတ်ပုံတော်တော် ရိုက်ဖြစ်ခဲ့သည်။

သူတို့ အတွက် ဝတ်စုံကိုလည်း ထိပ်ထားနှင့် ဒေါ်လေး နှစ်ယောက်သား ကိုယ်တိုင် မန္တလေးက ပိုးထည် ယက်ကန်းဆိုင်ကြီးသို့ သွားပြီး စိတ်ကြိုက် ဒီဇိုင်းနှင့် အရောင်ကို ရွေးမှာ ထားပြီးပြီ။ ဖိတ်စာကိုလည်း နှစ်ယောက် စိတ်ကြိုက် ပန်းနုရောင် အကောင်းဆုံး အမျိုးအစားကို မှာထားပြီးပြီ။ တစ်လလောက် အလိုမှာတော့ သူ့တိုက်ခန်းမှာ မင်္ဂလာခန်းဝင် ပစ္စည်းတွေက အစ အဆင်သင့် ဖြစ်နေလေပြီ။ သူငယ်ချင်းတွေ၊ ဆွေမျိုး အသိုင်းအဝိုင်းတွေ အားလုံးကလည်း သူ့ မင်္ဂလာဆောင်အတွက် စိတ်ဝင်တစား သိရှိ စောင့်မျှော်နေလေပြီ။ အဲဒီ အချိန်မှာမှ သတို့သမီးလောင်းက ရုတ်တရက် ပျောက်ကွယ် သွားလေတော့သည်။

*******
ဆက်ရန်
သိင်္ဂါကျော်

7 comments:

မြူးမြူး said...

အယ်.. ကောင်းခန်းရောက်မှ ဆက်ရန်တဲ့.. မြန်မြန်ဆက်ပါဗျို့..

မိုးငွေ့...... said...

ဇာတ်လမ်းက အရမ်းကိုဆွဲဆောင်နေပြီ... အဆက်ကိုမြန်မြန်တယ်ပါဗျို့....။

rose said...

စိတ်ဝင်စားစရာ ကောင်းတဲ့ ဇာတ်လမ်းလေးကို ဆက်ပြီး ဖတ်ချင်တယ် မသိင်္ဂါ...။ ဘာဆက်ဖြစ်မလဲ ဆိုတာ မှန်းကြည့်လို့ မရအောင် ရေးတတ်တယ်း)

kokoseinygn said...

ဆက်ရန်..များစွာနဲ့
ဝတ္တုကောင်းတစ်ပုဒ်ကိုဖတ်သွားပါတယ်။

jasmine(တောင်ကြီး) said...

ဟော်တော်....ကောင်းနေပါပြီ
အောက်မေ့တုန်းလေး...
ခုလိုလုပ်လိုက်တယ်နော်...
မြန်မြန်လေးတင်ပါနော်...

မင်းဧရာ said...

ဟောဗျာ...........
အွန်လုံးပေါ်မှာရောက်ပြီးစာဖတ်နေတာ
ကိုဒီးယား ဇာတ်လမ်းကြည့်နေရသလိုပဲ
မြန်မြန်ဆက်ပါဗျို့။။။။။။။။။။။။။။။။။။။။။။။

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး.. တန်းလန်းကြီး
ဆန့်ငင်ငင်ဖြစ်အောင်လုပ်ပြန်ပြီ
ဖတ်ကောင်းနေတုန်းမှာ
စိတ်ဝင်စားစရာဘဲ နှစ်ယောက်လုံးကလည်း ထိပ်ခေါင်တင်တွေကြီးပါလား
ထိတ်ထိတ်ကြဲဆိုတာ ဒါမျိုးနေမှား)
စကားမစပ်
congratulation ပါ။ ၀မ်းမြောက်ဂုဏ်ယူပါတယ်။