22 July, 2011

ညှိုးမာန်ဖွဲ့ လှည့်ကွက်ထဲက သားကောင် (ဇာတ်သိမ်း)



ဧည့်ခံပွဲနေ့ ရောက်ဖို့ ငါးရက်သာ လိုတော့ပေမယ့် ထိပ်ထားအကြောင်းကတော့ အစအနမှ မကြားရသေးပါ။ သူ့အိမ်က မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ဖို့ ပြောနေသော်လည်း သူက ခုထိ မဖျက်သိမ်းရသေး။ သူ့တိုက်ခန်းမှာ မင်္ဂလာဆောင် ဖိတ်စာတွေလည်း အထပ်လိုက်ပုံထားတုန်းပဲ ရှိသေးသည်။ သူ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာလည်း သူ့ မင်္ဂလာပွဲ ပျက်တော့မည် ဆိုသည့် သတင်းတွေက ပျံ့နှံ့နေသည်။ အဲဒါအပြင် သတို့သမီးက အခြေအနေ အဆင့်အတန်း နိမ့်ကျနေကြောင်း ခုမှ သိသောကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း ဘယ်သူလွှင့်မှန်း မသိသော သတင်းတစ်ရပ် ကလည်း အတော်ပျံ့နေသည်။ သူ့ကို ကိုယ်တိုင် လာမေးကြသော လူတွေကိုတော့ သူက မဟုတ်ကြောင်းပဲ ပြန်ပြောလိုက်သည်။ သူ့အိမ်ကလည်း အဲဒီသတင်းတွေကြောင့် သူ့ကို မေးသော်လည်း သူက သူကိုယ်တိုင်လည်း သေချာမသိသော ကိစ္စအတွက် ဘာမှ မပြောပဲ ရှောင်နေသည်။ နေခြည်ထိပ်ထား ထွက်သွားကာစ ကတော့ နှစ်ရက် သုံးရက် ထင်ပြီး သူ့အိမ်က ဘာမှ မပြောသော်လည်း ခုတော့ ဆွေ့ဆွေ့ခုန်အောင် နာနေကြပြီ။ သူမ ပြန်လာလျှင်တောင် သူတို့ဘက်က သဘောတူဖို့ မဖြစ်နိုင်၊ မင်္ဂလာပွဲကိုလည်း ဖျက်သိမ်းမည် ဘာညာနှင့် အိမ်မှာ နေရတာလည်း သူ့မှာ နားပူလှပြီ။

အဲလို အချိန်မှာ မဆုံတာကြာသော သူငယ်ချင်းတွေ Gathering လုပ်မည်ဆို၍သာ သွားဖို့ စီစဉ်ရသည်။ သူ့မှာ လုံးဝ ပျော်ရွှင်ချင်စိတ် လည်း မရှိပါ။ စိတ်ရောဂါကု ဆေးရုံမှာ တာဝန်ကျနေသော သူငယ်ချင်း ဒေါက်တာ မောင်မောင်က ဂျူတီ ရှိသည် မအားဘူး ဆို၍ အားလုံးက ဝိုင်းဝန်း ပြောဆိုနေရာ ကိုယ်ပိုင် အလုပ်ဖြစ်သော သူ့မှာ မအားဘူးလို့လည်း ပြောခွင့်မသာပဲ ဖြစ်နေသည်။ နောက်တော့ မောင်မောင်က ဆေးရုံက တန်းလာမည် ဆိုသဖြင့် မောင်မောင့်ကို ဝင်ခေါ်ဖို့ သူ တာဝန်ကျသည်။ ဆေးရုံထဲ မဝင်တော့ပဲ မောင်မောင့်ကို ဖုန်းဆက်ပြီး သူရောက်နေကြောင်း ပြောလိုက်တော့ မောင်မောင်က ခဏစောင့်ဖို့ ပြောသည်နှင့် ကားကို ရပ်ခဲ့ပြီး အပေါက်ဝနားမှာ သူ ရပ်စောင့်နေလိုက်သည်။

ဆေးရုံမှာ ဧည့်ချိန်မို့ ထင်သည်။ လူတွေ ဝင်လိုက် ထွက်လိုက်နှင့် ရှုပ်နေသည်ကို သူ လိုက်ကြည့်နေခိုက် ထမင်းချိုင့်လေး ကိုင်ပြီး ဆေးရုံထဲမှ ထွက်လာသော မိန်းကလေး တစ်ယောက်ကို လှမ်းတွေ့လိုက်ရသည်။ ထိပ်ထားမှ ထိပ်ထားပါပဲ။ အဝတ်အစား အပြင်အဆင်ကို ဖယ်ထားလိုက်လျှင် သည်မိန်းကလေးကို သူ မမှတ်မိစရာ အကြောင်း မရှိပါ။ သို့ပေမယ့် ထိပ်ထားက အဲဒီလိုပုံစံနှင့် ဖြစ်နိုင်ပါ့မလား...။ မိန်းကလေးကို လိုက်ကြည့်နေတုန်းမှာပင် မောင်မောင်ကလည်း ထွက်လာသည်။
“ဟေ့ကောင် ဘယ်သူ့ကိုများ ဒီလောက် ကြည့်နေရတာတုန်း”
“ငါ့အသိ တစ်ယောက်နဲ့ တူလို့ကွာ.. ဟိုမိန်းကလေးကို မင်းသိလား”
“နေခြည်ထိပ်ထားနဲ့ တူတာလား၊ မဟုတ်ပါဘူးကွာ၊ သူ့ကို ငါသိပါတယ်၊ သူ့နာမည် ရွက်လှတဲ့၊ သူ့အမေက ဒီဆေးရုံမှာ တက်နေတာ ကြာပြီလေ၊ လာပါကွာ သွားရအောင်”
မဟုတ်နိုင်ပါဘူး ဟု လက်လျော့ပြီး ကားကို မောင်းထွက်ခဲ့သည်။
“ထိပ်ထားနဲ့ တူတဲ့ မိန်းကလေး တစ်ယောက် ရှိတာ မင်း ငါ့ကို ဘာလို့ မပြောတာတုန်း၊ ငါ ထိပ်ထားကို ရှာနေမှန်း သိရဲ့သားနဲ့”
“မဟုတ်နိုင်ပါဘူးကွာ၊ ရွက်လှက မင်းရဲ့ ထိပ်ထား ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ မင်း စေ့စပ်ပွဲမှာ ငါ ထိပ်ထားကို တွေ့တော့ ရွက်လှနဲ့ တော်တော်တူတာ သတိထားမိတယ်၊ ဒါပေမယ့် ရွက်လှမှာ စိတ္တဇဖြစ်နေတဲ့ အမေတစ်ယောက်ပဲ ရှိတာ၊ အဒေါ်လည်း မရှိဘူး၊ မင်းရဲ့ ထိပ်ထားလို ပညာတတ် သဌေးသမီး ဘယ်နည်းနဲ့မှ မဟုတ်နိုင်ဘူး”

ဆေးရုံနားက ကားမှတ်တိုင်မှာ ရပ်စောင့်နေသော သူမကို ထပ်တွေ့ရပြန်သည်။ သူမ ဝတ်ထားသော ရှပ်အင်္ကျီ ခပ်နွမ်းနွမ်းကို ဖယ်ပြီး ထိပ်ထားလို မြန်မာဆန်ဆန် ဝမ်းဆက်ကလေး ဝတ်ပေးလိုက်လျှင်တော့...။ ကားမှတ်တိုင်ကို ကျော်သွားပြီးမှ သူ ကားကို လမ်းဘေးမှာ ရပ်ပစ်လိုက်သည်။ ထိပ်ထားမှာ အမြွှာညီအစ်မ ရှိတာလား... ဒါမှမဟုတ်...။ သူ ဒီအတိုင်းတော့ ဘယ်နည်းနဲ့မှ ကျော်မသွားနိုင်တော့ပါ။
“မင်း ကားကို ယူသွားလိုက်တော့ မောင်မောင်၊ ငါ နောက်မှ လိုက်ချင်လည်း လိုက်ခဲ့မယ်၊ မလာနိုင်တာလည်း ဖြစ်ချင် ဖြစ်မယ်”
“ဟာ ဟေ့ကောင်.. ဟေ့ကောင်”
“သွားတော့၊ နှစ်ယောက်လုံး မလာရင် ဟိုကောင်တွေ စိတ်ဆိုးနေလိမ့်မယ်”
သူကတော့ ကားပေါ်က ဆင်းပြီး မိန်းကလေးဆီ ခပ်မြန်မြန် လျှောက်သွားမိသည်။ မိန်းကလေးက ကားလာရာဘက်ကို မျှော်ကြည့်နေသဖြင့် သူ့ကို မမြင်ပါ။
“ထိပ်ထား”
သူက ခေါ်တော့ မိန်းကလေးက အမှတ်မထင် လှည့်ကြည့်ပြီး ထိတ်လန့်သွားသည်။ အဲဒီ မျက်နှာ အမူအယာကို ကြည့်ခြင်းအားဖြင့် သူမက ထိပ်ထားပဲ ဆိုတာ သူ့အတွက် သေချာသွားရသည်။
“ကျွန်မ နာမည် ထိပ်ထား မဟုတ်ဘူးရှင့်၊ လူမှားနေပြီ”
“ထိပ်ထား မဟုတ်ဘူးဆိုတော့ ရွက်လှ လား”
“ရှင် ကျွန်မနာမည် ဘယ်လိုလုပ်သိသလဲ”
“ခဏလောက် မင်းနဲ့ ငါနဲ့ စကားပြောရအောင်၊ လိုက်ခဲ့ကွာ”
“ဟင့်အင်း မလိုက်ဘူး၊ ဟိုမှာ ကားလာပြီ ကျွန်မ သွားတော့မယ်”
သူမက ဇွတ်ထွက်သွားဖို့ ပြင်သောကြောင့် သူက စိတ်မရှည်တော့ပဲ သူမ လက်ကို ဆွဲခေါ်လာခဲ့မိသည်။
“ငါတို့ လူရှင်းတဲ့ ဆိုင်တစ်ခုခု သွားရအောင်၊ ငါမင်းကို ဘာမှ မလုပ်ဘူး၊ စကားပြောရုံပဲ”
သူတို့ နှစ်ယောက် ရုံးရင်းဆန်ခတ် ဖြစ်နေသဖြင့် ကားမောင်းမသွားသေးပဲ စောင့်ကြည့်နေသော မောင်မောင်ပါ မနေသာတော့ပဲ ထွက်လာရသည်။
“ရွက်လှ၊ သူက ကိုယ့် သူငယ်ချင်းပါ၊ မင်းကို သူ ရှာနေတဲ့ မိန်းကလေးနဲ့တူနေလို့ မေးချင်နေတာပါ၊ လာပါ ကားပေါ်တက်လိုက်၊ ဟိုဘက်နားက ကော်ဖီဆိုင်ကို သွားပြီး အေးအေးဆေးဆေး ပြောကြတာပေါ့”

ရွက်လှကတော့ သူ့ကို မြင်လိုက်ကတည်းက ထိတ်လန့်ပြီး ငိုချင်သွားသော စိတ်ကို မနည်း ဣနြေ္ဒဆည်နေရသည်။ ကော်ဖီဆိုင်ထဲက စားပွဲမှာ ထိုင်ပြီးသည် ကော်ဖီ နှစ်ခွက် မှားပြီးသည်အထိ သူက ဘာမှ မပြောသေးပဲ သူမကို အကဲခတ်ကြည့်နေသည်။ ဒေါက်တာမောင်မောင်ကတော့ သူတို့ကို ထားပြီး တက္ကစီ တစ်စီး ငှားကာ Gathering ကို ထွက်သွားလေပြီ။ ရွက်လှကတော့ အပြစ်ရှိသူမို့ သူ့ကို တည့်တည့် မကြည့်ရဲသလို ဖြစ်နေသည်။
“မင်းဆီက အကျိုးအကြောင်း ကြားချင်တယ်၊ နေခြည်ထိပ်ထား မဟုတ်ဘူးလို့ မပြောနဲ့နော်၊ ငါမယုံဘူး”
“နေခြည်ထိပ်ထား ဆိုတာ ကျွန်မ မဟုတ်ဘူး၊ ကျွန်မ ဘာမှ မသိဘူး”
ရွက်လှက ဘူးခံဖို့ ဆုံးဖြတ်ပြီး ပြောလိုက်ရင်း လုပ်မိလုပ်ရာနှင့် လာချသော ကော်ဖီခွက်ကို လက်နှစ်ဖက်နှင့် ကိုင်ထားလိုက်မိသည်။ အဲဒီမှာတင် သူမ လက်မှ လက်စွပ်ကို သူက မြင်သွားလေတော့သည်။
“ဟား.. ဟား.. မင်းက ငြင်းတယ်ဆိုလည်း သက်သေခံ မကျန်အောင် လုပ်မှပေါ့ကွာ၊ မင်း လက်က လက်စွပ်က ဘာလဲ၊ ဘာဖြစ်လို့ အဲဒါကို ခုထိ စွပ်ထားသေးတာလဲ”
သူပြောမှပင် ရွက်လှက လက်စွပ်ကို သတိရသွားသည်။ ရွက်လှက ဘာကြောင့် ရူးရူးနှမ်းနှမ်းနှင့် ဒီလက်စွပ်ကို ခုထိ မချွတ်ရက်သေးတာပါလိမ့်။ ကိုယ့်ကိုယ်ကို မုန်းမိသည်။ အမှန်တော့ ဒီလက်စွပ်ကိုပါ ချွတ်ထားခဲ့ဖို့ပါ။ ဒါပေမယ့် သူကိုယ်တိုင် စွပ်ပေးခဲ့သော လက်စွပ်ကလေးကို အမှတ်တရ အနေနှင့် သိမ်းထားချင်မိတာနဲ့ပဲ ယူလာခဲ့ခြင်း ဖြစ်သည်။ သူတို့ အဆင့်အတန်းနှင့် လက်စွပ်တစ်ကွင်း တန်ဖိုးက ဘာမှလည်း ရှိတာမဟုတ်သည့်ပြင် သူ့ဆီ ထားခဲ့လျှင်ပင် စိတ်ဆိုးပြီး လွှင့်ပစ်နိုင်သော ပစ္စည်းတစ်ခုကို ယူလာတာ ဘာမှ မဖြစ်လောက်ဘူး ထင်ပြီး ယူလာခြင်းလည်း ဖြစ်သည်။ ခုမှတော့ ဘာမှ မတတ်နိုင်တော့ပါ။ နေခြည်ထိပ်ထား က ရွက်လှပါ ဆိုတာ ဝန်မခံလို့ မရသော အခြေအနေသို့ ရောက်ခဲ့ရပြီ ဖြစ်သည်။
“အခု ကိုယ့်ကို ပြောနိုင်ပြီလား၊ မင်း ဘာကြောင့် ထွက်ပြေး သွားတာလဲ၊ မင်းကို ဘယ်သူက ခိုင်းလို့ အဲဒီလို လုပ်ရတာလဲ ဆိုတာ”
*******

မမဝင့်ဝါကတော့ မင်္ဂလာပွဲနေ့မှာ သူမကိုယ်တိုင်လာပြီး ရွက်လှ အကြောင်းကို ဖွင့်ပြောဖို့ ရည်ရွယ်သည်။ သူမက ဖြစ်နိုင်လျှင် ရွက်လှ အမေကိုပါ ခဏ ခေါ်လာဖို့ ကြံစည်ထားသည်။ သူမပြောသည့် အချိန်မှာ ရွက်လှကလည်း ကိုယ်တိုင် ဝန်ခံလိုက်ဖို့ပင်။ နေခြည်ထိပ်ထား၏ ဘဝ အစစ်အမှန်မှာ နိုင်ငံခြားပြန် Ph.D ဘွဲ့ ရဖို့ နေနေသာသာ အဝေးသင် တက္ကသိုလ်က ဘွဲ့လေး တစ်ခုပင် အနိုင်နိုင် ယူထားရသူ ဖြစ်မှန်း သိသွားလျှင်၊ စတိုးဆိုင်မှာ အရောင်းစာရေးမ လုပ်ရင်း ရူးနေသော အမေ တစ်ယောက်ကို ကျွေးမွေးစောင့်ရှောက် နေရသူမှန်း သိသွားလျှင်... ထွဋ်ထိပ်စိုး နှင့် သူ့မိသားစု က လက်ခံပေးနိုင်ပါ့မလား။ လက်ခံတာ လက်မခံတာက နောက်မှ ဆိုလျှင်တောင် မင်္ဂလာပွဲမှာ အကြီးအကျယ် မျက်နှာပျက်ရမှာကတော့ အသေအချာပင်။

ရွက်လှက သူ့ကို စိတ်ရင်းနှင့် ချစ်မိခဲ့ပြီးသည့် နောက်မှာတော့ သူ့အတွက် နစ်နာအောင် ဘာမှ မလုပ်ချင်တော့ပါ။ သူ့ဘက်က ရွက်လှကို လက်ခံပေးရင်တောင် ရွက်လှဘက်က သူနှင့် မထိုက်တန်ဟု ထင်သည်။ စေ့စပ်ပွဲအထိ လုပ်ခဲ့ရတာကလည်း မမဝင့်ဝါ၏ ကျေးဇူးတွေကို ထောက်ထား ခဲ့ရလို့ပင်။ ဒီလောက်နှင့်ပင် လုံလောက်ပြီဟု ထင်သည်။ မင်္ဂလာဧည့်ခံပွဲ လူအများရှေ့မှာ ရွက်လှ ချစ်ရသူကို အရှက်ခွဲမှာကိုတော့ ဘယ်လိုမှ မကြည့်ရက်နိုင်ပေ။ မမဝင့်ဝါ၏ ကျေးဇူးတွေကို နောက်မှပဲ ကျေအောင် ပြန်ဆပ်တော့မည်။ နေခြည်ထိပ်ထား ဘဝက ထွက်လာခဲ့ပြီးနောက် မမဝင့်ဝါ၏ စတိုးဆိုင်ကိုလည်း ပြန်မသွား၊ သူသူ့ အခန်းကိုလည်း ပြန်မသွားပဲ ရွက်လှတို့ တိုက်ခန်းဟောင်းလေးကိုပဲ ပြန်လာခဲ့သည်။
ဖေဖေနှင့် မောင်လေး ရှိစဉ်ကတော့ မိသားစု လေးယောက် ပျော်ရွှင်စွာ နေခဲ့သော အခန်းလေးပေါ့။ ဖေဖေ ဆုံးသွားပြီး မေမေလည်း ဆေးရုံ ရောက်ပြီးနောက်တော့ ဒီအခန်းလေးက ရွက်လှအတွက် ဝမ်းနည်းခြင်း ပြတိုက်လို ဖြစ်နေခဲ့သည်။ ဘာမှလည်း မပြင်ဆင်ချင်တော့ပဲ ပစ္စည်းဟောင်းတွေလည်း ဒီတိုင်းပဲ ထားထားသည်။ အဲဒါကြောင့်လည်း သူသူက သူမနှင့် လာနေဖို့ ခေါ်သောအခါ အားရဝမ်းသာ လိုက်နေခဲ့ခြင်း ဖြစ်သည်။

သူသူ့ဆီ ရောက်ကတည်းက ပြန်မကြည့်တော့ သောကြောင့် မိုးယိုတာတွေ တံခါးပျက်တာတွေ ကိုလည်း မပြင်နိုင်၊ လှည့်လည်း မကြည့်ချင်သောကြောင့် ခုချိန်မှာတော့ အခန်းကလည်း ဖုန်အထပ်ထပ်တက်ပြီး လူနေသည့် အခန်းနှင့် မတူပဲ ဖြစ်နေတော့သည်။ အဲဒီ အခန်းလေးကိုပဲ နေလို့ ရရုံလောက် ရှင်းပြီး အနီးအနားက စတိုးဆိုင် ခပ်သေးသေးလေးမှာ အကူအလုပ် လုပ်ပြီး နေနေသည်။ မေမေ့ကိုတော့ တစ်ပတ်တခါပဲ ခါတိုင်းလို သွားကြည့်ဖြစ်သည်။ မမဝင့်ဝါကတော့ ရွက်လှကို ဒေါသထွက်ပြီး လိုက်ရှာနေသေးသည်ဟု သူသူကပြောသည်။ သူသူကတော့ ရွက်လှ၏ တိုက်ခန်းဟောင်းလေး အကြောင်းကို ပြောမပြလိုက်ပါတဲ့။ ထွဋ်ထိပ်စိုး၏ မင်္ဂလာပွဲနှင့် ပတ်သက်ပြီး သတင်းတွေ လွှင့်မည်ဟု ပြောသွားသည် ဆို၏။ ခုချိန်လောက် ဆိုလျှင် မင်္ဂလာပွဲကို ဖျက်သိမ်းပြီးလောက်ပြီ ဟု ထင်သည်။ သူကတော့ ရွက်လှကို အဲလောက်ထိ လိုက်မရှာနိုင်ကောင်းပါဘူး လို့ ထင်ခဲ့သည်။ ခုတော့ ထင်မှတ်မထားပဲ သူနှင့်မှ တည့်တည့်တိုးရသည်။

ရွက်လှလည်း မတတ်သာတော့ပဲ မမဝင့်ဝါ အကြောင်း ပြောလိုက်ရသည်။ သူကတော့ မမဝင့်ဝါကို သေချာတောင်မှ မမှတ်မိပါ။ အကုန်ပြောပြသည် ဆိုသော်လည်း ရွက်လှ ရင်ထဲက ခံစားချက်တွေတော့ မပါဘူးပေါ့။ ပြောပြလို့လည်း အကျိုးမရှိနိုင်သည့် အရာတွေပဲ။ မမဝင့်ဝါရဲ့ ညှိုးမာန်ဖွဲ့မှုအောက်မှာ ရွက်လှတို့ နှစ်ယောက်က သားကောင်တွေ ဖြစ်ခဲ့ရတာလည်း ဖြစ်ဖို့ရှိလို့ ဖြစ်ရတယ်ပဲ သဘောထား လိုက်ပါတော့မည်။ ကိုကိုနှင့် ပျော်ရွှင်ခဲ့ရသော အခိုက်အတန့်လေး အတွက်တော့ ရွက်လှက မမဝင့်ဝါကို ကျေးဇူးတောင် တင်ချင်ပါသေးသည်။

“ဒါဖြင့် မင်း ကိုယ်နဲ့တွေ့ခဲ့တာ အဲဒီ ဝင့်ဝါဖူး ဆိုတဲ့ မိန်းမ စီစဉ်လို့ပေါ့ ဟုတ်လား၊ မင်း ကိုယ်နဲ့ ပတ်သက်ခဲ့သမျှ အားလုံးက ဟန်ဆောင်ထားတာပေါ့”
“ဟုတ်တယ်၊ အခု ဘာကြောင့် ဆိုတာ သိပြီ မဟုတ်လား၊ ကျွန်မ လုပ်ခဲ့သမျှ အတွက်တော့ တောင်းပန်ပါတယ်၊ မကျေနပ်သေးရင်လည်း မမဝင့်ဝါကိုပဲ သွားပြောပါတော့၊ ကျွန်မ သွားတော့မယ်”
“နေဦး၊ မင်းအိမ်ကို လိုက်ပို့ပေးမယ်”
ရွက်လှက ငြင်းသော်လည်း မရပဲ သူ့ကားပေါ် လိုက်ခဲ့ရသည်။ မလိုက်လျှင်လည်း ဒီနေရာကနေ အနီးဆုံး ကားမှတ်တိုင်ကို သွားဖို့ရာက ဝေးသေးသည်။

ရွက်လှက လမ်းထိပ်ရောက်တော့ ဆင်းပြီး လမ်းလျှောက်ခဲ့သည်။ ရွက်လှ နေသော တိုက်ခန်းတွဲကို ရောက်အောင် ခပ်ကျဉ်းကျဉ်း ခပ်ဆိုးဆိုး လမ်းကလေးကို လျှောက်ရသေးသည်။ သူ ရွက်လှကို ကြည့်နေမှန်း သိသော်လည်း ဂရုမစိုက်တော့ပဲ ခေါင်းငုံပြီး လျှောက်လာခဲ့သည်။

သူက သူ့ဖူးစာရှင် ဆိုပြီး ရွေးချယ်ခဲ့သော မိန်းကလေးက ဒီလို မိန်းကလေးမျိုး တဲ့လား။ သူတို့ နှစ်ယောက်မှာ တူညီသော ချစ်ခြင်းတွေ ရှိခဲ့သည် လို့ ခံစားနားလည် ခဲ့တာ တကယ်တော့ သူမဘက်က ဟန်ဆောင်တာ တဲ့လား။ သူတို့ ဇာတ်လမ်းက ဒီမှာတင် ပြီးဆုံးသွားပြီလား။ သူ ဘယ်လိုမှ မခံစားနိုင်ပါ။ ဘာပဲဖြစ်ဖြစ် သူမ အိမ်အထိတော့ လိုက်ကြည့်ဖို့ ဆုံးဖြတ်ပြီး နောက်က လိုက်လာခဲ့မိသည်။ သူမကတော့ သူလိုက်ကြည့်တာကို မသိပါ။

အိုဟောင်း ဆွေးမြေ့နေသော လေးခန်းတွဲ သုံးထပ်တိုက် ၏ အပေါ်ဆုံးထပ်အထိ သူမ တက်သွားသည်အထိ သူ နောက်က လိုက်လာခဲ့မိသည်။ အခန်းရှေ့ရောက်တော့ မဖွင့်သေးပဲနှင့် တိုက်ခန်းရှေ့မှာ ငုတ်တုပ်လေး ထိုင်ချလိုက်သောကြောင့် အပေါ်တက်မည့် သူ့ခြေလှမ်းတွေ လှေကားထစ်မှာ တန့်သွားပြီး အပေါ်ကို လှမ်းကြည့်လိုက်တော့ ရှိုက်ကြီးတငင် ငိုနေသော သူမကို တွေ့လိုက်ရသည်။ ခုနက သူ့ရှေ့မှာတုန်းကတော့ မျက်ရည်လည်နေသော မျက်ဝန်းကလေးများကို ထိန်းထားနိုင်ခဲ့သေးသည်။ ခုမှ ဘာကြောင့် ငိုနေရသလဲ မိန်းကလေး ရယ်။ အဲဒီ မျက်ရည်တွေဟာ ကိုယ်နဲ့ပတ်သက်လို့ ကျရတဲ့ မျက်ရည်တွေပဲလို့ ကိုယ့်ကိုယ်ကို အထင်ကြီး လိုက်ရတော့မလား။ သူ ပြန်လှည့်ဆင်းဖို့ ပြင်လိုက်ပြီးမှ သူ့စိတ်သူ မထိန်းနိုင်ပဲ ဆက်တက်လာခဲ့မိသည်။ ငိုနေသော မိန်းကလေးကို သူ ဒီတိုင်းထားပြီး မသွားရက်နိုင်။ သူမက သူ့အပေါ် ဘယ်လို သဘောထားခဲ့သည်ကို သေချာသိရမှ ဖြစ်မည်။ သူမဘက်က ဘယ်လိုပဲ အခြေအနေတွေ ပြောင်းပြောင်း သူချစ်ခဲ့သော မိန်းကလေးက သူမ တစ်ယောက်တည်းသာ ဖြစ်ပါသည်။
*******

ထိပ်ထား ကို သူတို့ နေဖို့ ပြင်ဆင်ထားသော တိုက်ခန်းသို့ အတင်းဆွဲ ခေါ်လာခဲ့သည်။ မင်္ဂလာပွဲမတိုင်ခင် အထိ သူ့မျက်စိရှေ့က ပျောက်ကွယ် မသွားစေလိုသောကြောင့် ဖြစ်သည်။
“မင်းက ကိုယ့်ကို နာမည် မပျက်စေချင်ဘူး ဆိုရင် ဒီမင်္ဂလာပွဲကို အစီအစဉ်အတိုင်း ဆက်လုပ်ရမယ် ထိပ်ထား”
“ဟင့်အင်း၊ အဲလို လုပ်လို့ မဖြစ်ဘူး၊ မမဝင့်ဝါက မင်္ဂလာပွဲ ပျက်အောင် လုပ်မှာပဲ၊ ခုတည်းက ဖျက်သိမ်းလိုက်တာ ကောင်းတယ်၊ ကျွန်မက ဖျက်သိမ်းလိုက်ပြီ လို့တောင် ထင်တာ”
“မဖျက်သိမ်းရသေးပါဘူး၊ အဲဒီနေ့ မတိုင်ခင် မင်းကို တွေ့အောင် ရှာမလို့ပဲ၊ ဟိုမှာ တွေ့လား၊ ဖိတ်စာတွေ၊ မင်းရောက်လာပြီ ဆိုတော့ ဒီနေ့ပဲ ဝေလိုက်လို့ရပြီ”
“ကိုကို ဘာတွေ လျှောက်လုပ်နေတာလဲ၊ ခုလောက်ဆို ကိုကို့အိမ်ကလည်း စိတ်ဆိုးနေလောက်ပြီ မဟုတ်လား”
“အဲဒါတွေ မင်းဘာမှ စိတ်ပူနေစရာ မလိုပါဘူး၊ ကိုယ်ပဲ ဖြေရှင်းမယ်၊ မင်းရဲ့ မမဝင့်ဝါကိုလည်း ကိုယ်ပဲ အရင် သွားတွေ့လိုက်မယ်၊ သူ့လိပ်စာသာ ပေးလိုက်”
“ကိုကိုရယ်.. မဖြစ်နိုင်တာတွေကို ဆက်မလုပ်ပါနဲ့တော့၊ ကျွန်မ အိမ်ပြန်ပါရစေ၊ နောက်လည်း လာမရှာပါနဲ့တော့”
“ဘာမှ မကြားချင်ဘူးကွာ၊ တစ်ခုပဲ မေးမယ်၊ မင်းမှာ ရွက်လှ အနေနဲ့ ကိုယ့်အပြင် နောက်ထပ် ချစ်သူ ရှိသလားပဲ ပြော”
“ရှင်”
“မင်းမှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ချစ်သူ ရှိသလားလို့ မေးတာ၊ ရှိရင်တော့ ကိုယ် လက်လျှော့ပေးလိုက်မယ်၊ ညာမယ်တော့ စိတ်မကူးနဲ့ ကိုယ် ခုချက်ချင်း သွားတွေ့မှာနော်”
“မရှိပါဘူး၊ ကျွန်မလို မိန်းကလေးကို ဘယ်သူက ကြိုက်မှာလဲ”
“ကောင်းတယ်၊ မင်းကို စားစရာ ဝယ်ပို့ ပြီးရင် ကိုယ် အိမ်ပြန်တော့မယ်၊ မင်းကို အပြင်ကနေ သော့ပိတ်သွားမှာနော်”
“ဟာ.. ကိုကိုက အဲလိုတော့ မလုပ်နဲ့လေ”
“မလုပ်ရင် မင်းက ထပ်ပြီး ထွက်ပြေးသွားမှာပေါ့၊ ဘယ်လို လုပ်မလဲ”
“ကျွန်မ အကြောင်း ကိုကို့ အိမ်ကလူတွေ သိသွားရင် သဘောတူတော့မှာ မဟုတ်ဘူး၊ ကျွန်မ ကြောက်တယ်၊ မဖြစ်ပါဘူး”
“မင်္ဂလာပွဲ မပြီးမချင်း မင်းအကြောင်းကို တစ်ခွန်းမှ မပြောနဲ့၊ မင်း မပြောရင် မသိပါဘူး၊ ဘေးကကြားတဲ့ သတင်းတွေကို ကောလဟာလတွေလို့ ပြောထားပြီးသား၊ မင်းထွက်သွားတဲ့ အကြောင်းကို တစ်ခုခု လုပ်ဇာတ်ခင်းလိုက်မယ်၊ ကိုယ့်တာဝန်သာ ထား”
“ဘာပဲဖြစ်ဖြစ် ကျွန်မ ကိုကို့ကို လက်မထပ်နိုင်ဘူး”
“လက်မထပ်နိုင်လို့ မဖြစ်ဘူး၊ ဒီကိစ္စက ကိုယ်က အတင်းအဓမ္မ လုပ်ခဲ့တဲ့ ကိစ္စလည်း မဟုတ်ဘူး၊ မင်းနဲ့ သဘောတူညီခဲ့တဲ့ ကိစ္စပဲ”
“ကိုကို့ကို အကြောင်းစုံ ပြောပြီးပြီပဲဟာ.. ကျွန်မကို လွှတ်ပေးပါတော့”
“မရဘူးကွာ.. မင်းလုပ်ခဲ့တဲ့ ကိစ္စ မင်း တာဝန်ယူရမှာပဲ၊ ဒီမင်္ဂလာပွဲကို အောင်မြင်အောင် လုပ်ပြီးရင် အနည်းဆုံး တစ်လတိတိ မင်း ဒီမှာ နေရမယ်၊ မင်း မကျေနပ်ရင် ကိုယ် မင်းကို လက်ဖျားနဲ့တောင် မထိဘူး၊ တစ်လ ပြည့်လို့မှ မင်း ကိုယ့်ကို လက်မထပ်ချင်တာ သေချာရင် ကိုယ် မင်းကို ပြန် ကွာရှင်းပေးမယ်”

*******

မနက်ပိုင်း လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပြီးနောက် ညနေဘက်မှာတော့ ထွဋ်ထိပ်စိုး နှင့် နေခြည်ထိပ်ထား ရဲ့ မင်္ဂလာပွဲက အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ သူက ထိပ်ထား နဲ့ သူမဒေါ်လေးတို့ နယ်ဘက်က အမျိုးတွေဆီ သွားတုန်း ထိပ်ထားရဲ့ ဒေါ်လေး ဆုံးသွားသောကြောင့် ဒီကို ပြန်မလာနိုင်ပဲ ကြာနေရကြောင်း သူ့အိမ်ကို ပြောထားသည်။ ထိပ်ထားရဲ့ ဒေါ်လေး ဆိုသူကလည်း ပျောက်သွားပြီ ဖြစ်သောကြောင့် ဒီအကြောင်းပြကို အိမ်ကလည်း လက်ခံကြသည်။ ပွဲအတွက် အလုပ်ရှုပ်နေသယောင်နှင့် ထိပ်ထားနဲ့ မေမေတို့ မတွေ့အောင် သူက ရှောင်ခိုင်းထားခဲ့သည်။

“ထိပ်ထားဖြင့် ကြောက်လိုက်တာ၊ မမဝင့်ဝါ လာမှာလားလို့၊ ပွဲပြီးမှပဲ သက်ပြင်းချနိုင်တော့တယ်”
“ကိုယ် ဖြေရှင်းမယ်လို့ ပြောထားသားပဲ ထိပ်ထားရာ.. ဘာမှ ပူမနေပါနဲ့”
ဝင့်ဝါဖူးဆီမှာ သူဘယ်လို တောင်းပန်ခဲ့ရတယ် ဆိုတာကိုတော့ ထိပ်ထားကို ပြောပြမနေချင်ပါ။ မင်္ဂလာပွဲမှာ လာပြီး မနှောက်ယှက်ဖို့ အတွက် ဝင့်ဝါဖူး ရှေ့မှာ သူ ဒူးထောက် တောင်းပန်ခဲ့ရသည်။ ဒါတောင် သူမက မင်္ဂလာပွဲမှာ မလာဖို့ပဲ ကတိပေးပြီး သူ့မိသားစုတွေကိုတော့ ထိပ်ထား အကြောင်း စာပို့ဖြစ်အောင် ပို့မယ်လို့ ခြိမ်းခြောက် သွားသေးသည်။
“ဒါပေမယ့် ထိပ်ထား ကိုကို့ မေမေတို့ကို အကြာကြီး လိမ်ညာမထားချင်ပါဘူး၊ ထိပ်ထားက သဌေးသမီး တစ်ယောက် မဟုတ်ဘူး ဆိုတာ အမှန်အတိုင်း ပြောပြချင်တယ်”
“ကောင်းပြီလေ၊ ကိုယ်တို့ ဟန်းနီးမွန်းက ပြန်လာရင် ပြောလိုက်တာပေါ့၊ ကိုယ်တို့မှာ ခံနိုင်ရည် ရှိဖို့တော့ လိုလိမ့်မယ်”

ဟန်နီးမွန်း ဆိုပေမယ့် သူများလို ကမ်းခြေ မသွားဖြစ်ပဲ ပုဂံ ညောင်ဦး ဘုရားဖူးပဲ သွားလိုက်ကြသည်။ ရွက်လှကို ကိုကို့ မိသားစုက လက်ခံပါစေကြောင်း ဆုတွေ တောင်းခဲ့ရတာလည်း အမောပင်။

နောက်ဆုံးတော့ ရွက်လှတို့ ကြိုတွေးထားသော အခြေအနေကို ပြန်လာလာခြင်းမှာပင် ကြုံလိုက်ရသည်။ ဝင့်ဝါဖူး ပေးသော စာတစ်စောင် ရောက်နှင့်နေခြင်းပင်။ ရွက်လှကလည်း ရည်ရွယ်ထားသည့် အတိုင်း ဝန်ခံလိုက်ပါသည်။ အဲဒီမှာတင် ကိုကို့ အဘွားက အကြီးအကျယ် စိတ်ထိခိုက်ပြီး မူးလဲသွားသည်။ ကိုကို့မေမေကလည်း ရွက်လှကို နှစ်ပြား မတန်အောင် ပြောဆိုပြီး နှင်ချသည်။ အခုချက်ချင်း ကွာရှင်းဖို့ တောင်းဆိုသည်။ ကိုကို့ဖေဖေ တစ်ယောက်သာ ကြားနေဝါဒီ လုပ်နေသည်။ ဒီလို ဖြစ်လိမ့်မယ် ဆိုတာ ကြိုသိပြီးသားမို့ ကိုကို့ကို ဆက်မလုပ်ပါနဲ့လို့ တောင်းပန်သည့်ကြားက သူက ဇွတ်တိုးခဲ့တာပင်။ ရွက်လှ လို မိန်းကလေး အနေနှင့် ဒီမိသားစု ကြားမှာ မျက်နှာပြောင်တိုက်ပြီး ဆက်နေသွားဖို့ ဆိုတာ သိပ်ကို မလွယ်သော ကိစ္စတစ်ခုပါ။ ကိုကိုကတော့ ချက်ချင်း ကွာရှင်းလျှင် သူ့ပတ်ဝန်းကျင်မှာ နာမည်ပျက်ရမှာမို့ တစ်လလောက် နေမှ စဉ်းစားပါရစေ ဟု ဆိုသည်။ ရွက်လှတို့ နှစ်ယောက်က ခွဲနေဖို့ နဂိုတည်းက စီစဉ်ထား၍သာ တော်သေးသည်။ သူ့မိသားစု အိမ်မှာသာဆို တစ်နာရီလောက် ဆက်နေဖို့တောင် ဝံ့ရဲမှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် ရွက်လှ အပြစ်လို့ပဲ ခံယူပါတယ်။ အညှိုးကြီးသူက မမဝင့်ဝါ ပေမယ့် ခံရသူ သားကောင်က ရွက်လှ ရယ်ပါ။ ကိုကို ကွာရှင်းမယ် ဆိုတဲ့ တစ်လပြည့်တဲ့ အချိန်မှာ ရွက်လှ ကိုကို့ဘေးနားက ပျောက်သွားပါတော့မယ်။ ဒီတစ်ခါတော့ ကိုကိုလည်း သူ့မိသားစုကို ခြေစုံကန်ပြီး လိုက်ရှာမယ် မထင်တော့ပါ။

ရွက်လှက တစ်လပြည့်လျှင် ထွက်သွားဖို့ ပြင်ဆင်ပြီးသားမို့ ဧည့်သည်အတွက် ထားသည့် အခန်းထဲမှာပဲ နေဖို့ ဆုံးဖြတ်ပြီး နေသည်။ ကိုကိုကလည်း ဘာမှမပြောပဲ သူတစ်ယောက်တည်း နှစ်ယောက်အိပ်ခန်းမှာ နေသည်။ ထွက်သွားဖို့ ပြင်ထားပြီးသား ဆိုပေမယ့် ကိုကို့ဇနီးအဖြစ် နေသည့် အချိန်ကလေး အတွင်းမှာ ကိုကို့မိသားစု နှင့် တတ်နိုင်သမျှ ပြေလည်မှု ရချင်သဖြင့် ရွက်လှက တတ်နိုင်သလောက် ကြိုးစားပါသည်။ ကိုကို့ အဘွားကို ဆံပြုတ် သွားပို့တော့လည်း နှင်ထုတ် ခံရသည်။ ကိုကို မသိအောင် ကိုကို့အိမ်ကို သွားပြီး ချက်ပြုတ်ပေးဖို့လည်း ကြိုးစားနေသည်။

ကိုကိုကတော့ ရွက်လှမှာ မပြည့်စုံသေးသည့် ပညာအရည်အချင်းတွေ ပြည့်စုံစေချင်၍ ထင်သည်။ ရွက်လှ အိမ်မှာ အားနေတာပဲ ဆိုပြီး သင်တန်းတွေ အများအပ်ပေးထားသည်။ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စကားပြော၊ အတွင်းရေးမှူး သင်တန်း။ အဲဒါတွေ အားလုံး တက်ရမည် ဆိုတော့ ရွက်လှမှာ အားချိန်ပင် မရှိတော့ပါ။ ဒါပေမယ့် ရွက်လှက အခြေအနေကြောင့်သာ အဝေးသင် တစ်ဘွဲ့လောက်နှင့် ကျေနပ်နေရသူပါ။ တကယ်တော့ နောက်ဆုံးနှစ်မှာ ကွာလီဖိုင်းတောင် ထွက်ခဲ့သေးသည်။ ပညာရပ် အသစ်တွေ သင်ရတာ ရွက်လှလည်း သဘောကျပါသည်။ ကိုကိုကလည်း အလုပ်သွား၊ ရွက်လှကလည်း သင်တန်းသွားနှင့်.. နှစ်ယောက်သား တစ်နေကုန် အပြင်ထွက်ပြီး ညနေမှသာ တွေ့ဖြစ်ကြသည်။ ကိုကိုက ရွက်လှကို ဖုန်းတစ်လုံး ဝယ်ပေးထားရာ တစ်နေ့ တစ်ခါ လောက်တော့ ဖုန်းဆက်ပြီး check သည်။
မေမေ့ကိုတော့ ခါတိုင်းလိုပဲ တစ်ပတ်တစ်ခါ သွားတွေ့သည်။ ကိုကိုက မလိုက်ပါနဲ့ ပြောလည်း မရပဲ အတင်းလိုက် လိုက် လာသည်။ မေမေက ခုတလော အနည်းငယ် သိတတ်နေပြီမို့ ကိုကို့ကို သား သား နှင့် ခင်မင်နေပြီ။ ထိပ်ထား ကိုကို့ဆီက တစ်နေ့ ထွက်ခွာလာမှာမို့ မေမေ့ကို ကိုကို့ အပေါ် သိပ်ပြီး သံယောဇဉ် မတွယ်စေချင်ပါ။
*******

သူ့အိမ်က သဘောမတူတာ တစ်ခုကလွဲလျှင် သူတို့နှစ်ယောက်ဘဝက အဆင်ပြေနေသားပင်။ ဖေဖေနှင့် ဒေါ်လေး ကတော့ သူ့ဖူးစာပဲလို့ သတ်မှတ်ပြီး ထိပ်ထားကိုလည်း ချစ်ခင်ရင်းစွဲက မပျက်ပေမယ့် မေမေ နှင့် ဘွားဘွားကတော့ ခုချိန်ထိ ထိပ်ထားအပေါ် မကြည်လင်နိုင်သေးပါ။ မေမေတို့ ချစ်ခင်မှုကို ရဖို့ ထိပ်ထား ကြိုးစားနေတာလည်း သိပါသည်။ လက်ထပ်စဉ်က တစ်လပြည့်လျှင် ကွာနိုင်သည်ရယ်လို့ ထိပ်ထားကို ပြောခဲ့မိတာကို သူကတော့ လုံးဝ မေ့နေပါပြီ။ ထိပ်ထားလည်း မေ့နေပြီ ထင်ပါသည်။ သူတို့ နှစ်ယောက်က တစ်ခန်းတည်း အတူမနေတာက လွဲလျှင် တစ်သားတည်း ဖြစ်နေပြီဟု သူကတော့ ယုံကြည်ထားပါသည်။

“ထွဋ်ထိပ်ရေ.. ရွက်လှ အမေ ထွက်ပြေးသွားလို့ မြန်မြန်လာခဲ့ကွာ၊ ရွက်လှ ဖုန်းကိုလည်း ဆက်မရလို့”
ဒေါက်တာမောင်မောင်က ဖုန်းဆက်သဖြင့် သူ အပြေးအလွှား ဆေးရုံသွားရသည်။ ရွက်လှ ဖုန်းကလည်း တကယ်ကို ဆက်လို့မရပါ။ သင်တန်းချိန်မို့ ဖုန်းပိတ်ထားသလားတော့ မသိပါ။
“ခုတလော သိတတ်နေပြီ ဆိုပြီး ဆေးရုံဝင်းထဲ ထွက်ခွင့်ပေးထားတာကွာ၊ သူနာပြု ဆရာမက ခဏလေး အနားမှာ မရှိတုန်း ခုလို ပျောက်သွားတာပဲ၊ အပြင်ထွက်သွားတယ် ထင်တာပဲ၊ ခါတိုင်းတော့ ဘယ်မှ မသွားတတ်ပါဘူး”
ဒေါက်တာမောင်မောင်က သူ့လူနာ အကြောင်း ပြောသည်။ သူရော၊ မောင်မောင်ရော၊ သူနာပြုဆရာမရော.. အစောင့်တွေရော အနီးအနားမှာ လိုက်ရှာကြရသည်။ သူလည်း အနီးအနားထက် နည်းနည်းဝေးသည့် နေရာတွေ အထိ ကားနဲ့လည်း ပတ်ရှာသည်။ အပြင်ထွက် ဆင်းလျှောက်ပြီးလည်း ရှာသည်။ မတွေ့ပါ။ တွေ့မယ့် တွေ့တော့ ဒေါက်တာမောင်မောင်ကပဲ အရင်တွေ့သွားသည်။ မောင်မောင့်ကို မြင်တော့ သူ့ကို ပြန်ခေါ်တော့မည် ဆိုပြီး အမေက ပြေးသည်။ ပြေးရင်းနှင့် လမ်းမပေါ် ရောက်သွားတော့ သူ့ ကံကြမ္မာက မတွေးဝံ့စရာ ဖြစ်သွားသည်။

ကိုကို သင်တန်းကို လိုက်လာပြီး အမေ့အကြောင်းပြောတော့ ရွက်လှမှာ မယုံနိုင်အောင် အရုပ်ကြိုးပြတ် ဖြစ်သွားသည်။ အမေတို့ သားအမိ သားအဖ သုံးယောက်မှာ အတိတ်ဘဝ တစ်ခုခုက မကောင်းတဲ့ ဝဋ်ကြွေး တစ်ခုခု အတူတူ ရှိခဲ့ပုံပေါ်သည်။ ဖေဖေတို့ အက်ဆီးဒင့်မှာ မပါသွားပေမယ့် မေမေလည်း အက်ဆီးဒင့်နှင့်ပင် အသက်ဆုံးရှုံးရရှာသည်။ မေမေ ဘယ်လိုပဲဖြစ်နေနေ ရွက်လှအတွက်က တိုင်တည်ရာ အားကိုးရာ တစ်ခု ဖြစ်နေဆဲမို့ မေမေ ရှိနေပေးတာကပင် ရွက်လှအတွက် အားတစ်ခု ဖြစ်ခဲ့ပါသည်။ အခုတော့ မေမေ မရှိတော့။ မေမေ့အတွက် ဝဋ်ကျွတ်သွားတယ်လို့ ပြောလည်း ရပေမယ့် ရွက်လှ အတွက်ကတော့ ဖြည်မဆည်နိုင်စရာပင်။

ဒီနေ့က ရွက်လှက ကိုကိုနှင့် လက်ထပ်တာ တစ်လပြည့်သည့်နေ့ ဖြစ်သည်။ ကိုကိုက သတိမထားမိပေမယ့် ရွက်လှက သတိထားနေသူ ဖြစ်သောကြောင့်သိသည်။ အရင်ကတည်းက ကိုကိုက ရွှဲ့ပြီး လက်ထပ်စာချုပ်နှင့် အတူ ဝယ်ထားသည့် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခဲ့သည်။ ကိုကို့ကို ပြောလျှင် လက်ခံမှာ မဟုတ်တာ သေချာတာမို့ တစ်ယောက်တည်း တိတ်တိတ် လုပ်သွားဖို့ အရင်တည်းက ဆုံးဖြတ်ပြီးထားခဲ့သည်။ ရွက်လှ သုံးနေကျ၊ ဝတ်နေကျ  ပစ္စည်းလေး နည်းနည်းပဲ ယူပြီး အိမ်က ဆင်းခဲ့သောကြောင့် ကိုကို ပေးထားသည့် မိုဘိုင်း ဖုန်းကိုလည်း အခန်းထဲမှာ သေချာ ထားပစ်ခဲ့သောကြောင့် ရွက်လှကို ဖုန်းဆက်မရခြင်း ဖြစ်သည်။ ရွက်လှကို ဖုန်းဆက်လို့ ရပြီး မေမေ့ကို အရင် လိုက်ရှာဖြစ်ခဲ့လျှင် ဒီလို ဖြစ်ချင်မှ ဖြစ်မည်။ မေမေ ဒီလို ဖြစ်ရတာ ရွက်လှအပြစ်လည်း ပါသည် ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။

မေမေ့ကိစ္စနှင့် ပတ်သက်ပြီး ကိုကိုကပဲ အားလုံးစီစဉ်ပေး၊ ရွက်လှလည်း စိတ်ထိခိုက်နေသောကြောင့် ကိုကို့ တိုက်ခန်းမှာပဲ ပြန်နေဖြစ်သည်။ တကယ်တော့ ကိုကိုက ရွက်လှ ဆင်းသွားခဲ့တာကို သိကို မသိလိုက်ပါ။ မေမေ့ ရက်လည်ကိုတော့ ကိုကို့မေမေကပဲ သူတို့ ကိုးကွယ်နေကြ ဘုန်းကြီးကျောင်းမှာ စီစဉ်ပေးသည်။ လာတာတော့ မလာ။ ဖေဖေ နှင့် ဒေါ်လေးပဲ လာသည်။ ကိုကိုကတော့ ရွက်လှ စိတ်ထိခိုက်နေတာနှင့် ပိုပြီး ဂရုစိုက်ပေးနေသည်။

*******
မေမေ့အကြောင်း မေ့ထားပြီး သင်တန်းတွေ ပြန်တက်၊ နေမြဲတိုင်း ပြန်နေရင်း ရွက်လှလည်း ကွာရှင်းသည့် ကိစ္စကိုပင် မေ့သွားသည်။ ကိုကို့ မေမေကလည်း ရွက်လှကို သနားပြီး အရင်ထက် ပိုပျော့ပြောင်းလာသည်။ ရွက်လှ မေ့သွားသည့် အချိန်မှာမှ ကိုကိုက သူ့အိပ်ခန်း အံဆွဲထဲမှာ ထားခဲ့မိသည့် ရွက်လှ တစ်ယောက်တည်း လက်မှတ်ထိုးထားသည့် ကွာရှင်းစာချုပ်ကို တွေ့သွားသည်။

“နေပါဦး ဒါက ဘာသဘောလဲ၊ ထိပ်ထားက ဘယ်တုန်းက လက်မှတ်ထိုးထားတာလဲ” တဲ့ ။ ကိုကိုက မေးတော့ အဲဒီနေ့က အကြောင်းကို အမှန်အတိုင်း ပြောလိုက်ရသည်။ အဲဒီမှာ ကိုကိုက ဒေါသ ထွက်တော့သည်။
“ထိပ်ထားက တကယ်ပဲ ကိုယ့်ကို ကွာရှင်းဖို့ စဉ်းစားထားတယ်ပေါ့၊ ကိုယ်ကတော့ လက်ထပ်ကတည်းက တစ်ခါမှ အဲဒီလို မစဉ်းစားခဲ့ဖူးဘူး၊ မေမေတို့ သဘောတူလာအောင် ဖြည်းဖြည်းချင်း ကြိုးစားကြမယ် လို့ပဲ တွေးထားတာ၊ ထိပ်ထားက ကိုယ့်အပေါ် တကယ် ရက်စက်တာပဲ၊ ကိုယ့်ကို ချန်ထားခဲ့ဖို့ သတ္တိရှိတယ်ပေါ့“

“မဟုတ်ဘူး၊ ကိုကို့ကို ချန်ထားခဲ့ဖို့ သတ္တိရှိလွန်းလို့ မဟုတ်ပါဘူး၊ ဒီလိုပဲ ဖြစ်သင့်တယ် ထင်လို့ပါ၊ ကိုကိုပဲ ကွာရှင်းစာချုပ်လည်း တစ်ခါတည်း ဝယ်ထားခဲ့တယ် မဟုတ်လား၊ ဒီကနေ ထွက်သွားဖို့ အစကတည်းက ပြင်ဆင်ခဲ့ပြီးသားပါ။ ဒါပေမယ့် ကျွန်မ တကယ် ကိုကို့ အရိပ်အောက် မသွားချင်ပါဘူး။ မတတ်သာလို့...”

“မတတ်သာ စရာ ဘာရှိလဲ၊ မေမေတို့ကလည်း တဖြည်းဖြည်းနဲ့ ကိုယ့်ကို မပစ်နိုင်တော့ ထိပ်ထားကို လက်ခံလာမှာပဲ၊ အဓိပ္ပါယ် မရှိဘူးကွာ၊ ကိုယ် စိတ်ဆိုးတယ်၊ ခုရော သွားဦးမှာလား၊ ဒီတစ်ခါ သွားရင်တော့ ကိုယ်လုံးဝ လိုက်မခေါ်ဘူးနော်”
“ဟင့် ဟင့် .. အဲဒါ ကိုကိုက ကျွန်မ မရှိပဲ နေနိုင်တယ်လို့ ပြောချင်တာလား၊ ကျွန်မကတော့ ကိုကို တစ်ယောက်တည်းပဲ ချစ်ခဲ့တာ၊ ကိုကို့အနားမှာ မနေရရင်တောင် ကိုကို့ကို အမြဲတမ်း ချစ်နေမှာကို.. ပြောရက်လိုက်တာ”

နောက်ဆုံးတော့ ထိပ်ထားက တအိအိနဲ့ ငိုတော့ သူကပဲ ပြန်ချော့ရသည်။
“တော်ပြီကွာ၊ မငိုနဲ့တော့နော်.. နောက်ကို ကိုယ့်ဆီကနေ ထွက်သွားမယ် ဆိုတဲ့ စကားလည်း ဘယ်တော့မှ မပြောနဲ့၊ ကိုယ်က တကယ်တန်းတော့ ထိပ်ထား မရှိပဲ မနေနိုင်ပါဘူး၊ ကိုယ် ထိပ်ထားကို ဘယ်လောက် ချစ်တယ် ဆိုတာ သိရဲ့သားနဲ့ မဆိုးနဲ့နော်၊ မေမေ လက်ခံလာအောင် ကိုယ်တို့ အတူတူ ကြိုးစားကြမယ် ဟုတ်ပြီလား”
ထိပ်ထားက မျက်ရည်တွေကြားက ခေါင်းညိတ်ပြသည်။
“ကိုကို့ကို ထားခဲ့ဖို့ ကြိုးစားမိတဲ့ အတွက် တောင်းပန်ပါတယ် ကိုကိုရယ်၊ နောက်ဆို ဘာပဲ ဖြစ်ဖြစ် ကိုကို အနားကနေ ထွက်မသွားတော့ပါဘူး နော်..”

အပြင်ဘက်မှာ မိုးအုံ့နေသော ရာသီဥတုကလည်း  တိမ်တွေကြားက တိုးထွက်လာသော နေခြည်တစ်စကြောင့် ချက်ချင်းပင် သာယာ ကြည်လင်လာတော့သည်။

သိင်္ဂါကျော်

10 comments:

mstint said...

လူ့ဘဝမှာ လက်တွေ့ဖြစ်ရပ်တွေနဲ့ယှဉ်နေတဲ့ ဝတ္ထုလေးတစ်ပုဒ် ဖတ်သွားပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

အင်း.....
.လင်မယားတွေပြန်အဆင်ပြေသွားကြပြီဆိုတော့
ကျမလဲ.အိမ်ဦးနတ်ကိုသတိရလို့
ရုံးပိတ်ရက်ကလေးပြေးလိုက်ဦးမယ်...

ဖတ်လို့ကောင်းလို့အပြီးအထိဖတ်သွားပါတယ်..
ရုံးမှထမင်းစားချိန်ကိုပါဖဲ့ပေြးုပီးအားပေးသွားပါတယ်
ခင်မင်လေးစားစွာဖြင့်
မဒမ်ကိုး

ပန်းချီ said...

အဆုံးထိစောင့်ဖတ်ပြီးမှ လာမန့်ပါတယ်။ ဒီဇာတ်လမ်းကို ရုပ်ရှင်ရိုက်လို့ရတယ် သိလား မသိင်္ဂါ..း)
သူတို့နှစ်ယောက် အဆင်ပြေပါစေ ဆုတောင်းနေတာ.. နောက်ဆုံးမှာ ဇာတ်ပေါင်းပေးလိုက်လို့ ပျော်သွားပြီ။

လေးစားခင်မင်စွာဖြင့်

မိုးငွေ့...... said...

ပန်းချီပြောသလိုပဲ ရုပ်ရှင်ရိုက်ရင်ကောင်းမှာပဲလို့ ဖတ်ရင်းနဲ့စဉ်းစားနေမိတာ....။ ဒီလိုဇာတ်ပေါင်းတဲ့ ၀တ္ထုမျိုးက ရှားတာ...။ ဖတ်လို့အရမ်းကောင်းလို့ အစအဆုံးထိဖတသွားပါတယ်..။

ခင်တဲ့
မိုးငွေ့

rose said...

Have read the last part. This is a well-written and an interesting short novel.

မင်းဧရာ said...

အမရေ............
စာရေး ဆရာမ လုပ်လို့ရပြီသိလား......။
ကျွန်တော်ရုပ်ရှင် ဒါရိုက်တာ ဖြစ်ရင်
အဲဒီ ၀တ္ထု ကိုဝယ်မယ်နော်။

jasmine(တောင်ကြီး) said...

မင်းဧရာ ဒါရိုက်တာလုပ်ရင်တော့
ထုတ်ဝေသူဆိုတာ မရှိမဖြစ်ပါပဲ
အဲတာကျွန်မjasmine ပါရှင်...
ဝေထ္ထုကောင်းလေးအတွက်ကျေးဇူးပါရှင်
ချမ်းမြေ့ပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

နားလည်မှုရပြီး ပျော်စရာဇာတ်သိမ်းလေးဖြစ်သွားတာ ၀မ်းသာစရာဘဲ
ဝတ္ထုလေးတွေ ဖတ်ကောင်းတယ်
အဲတစ်ဆက်တည်း congratulation လုပ်သွားတယ်နော်
အောင်မြင်ပါစေ သိင်္ဂါ

စော(အဝါရောင်မြေ) said...

အပါယ်ရတနာနှင့် ဆင်တယ်နော်

မအိမ်သူ said...

ဝတ္ထုလေးကောင်းလိုက်တာ။ အရင်ရက်တွေက မအားတာနဲ့ ဘလော့ဂ်မလည်ဖြစ်တာ အခုမှရောက်တော့ တစ်ပိုင်းစီမဖြစ်တော့ဘဲ အစအဆုံး တစ်ခါတည်းနဲ့ ဖတ်လိုက်ရတာ ပိုကောင်းသွားတယ်။ ဇာတ်လမ်းဖွဲ့ထားတာလေး အရမ်းကောင်းတာဘဲ။ ရေးတတ်လိုက်တာ။