21 July, 2011

ညှိုးမာန်ဖွဲ့ လှည့်ကွက်ထဲက သားကောင် (၂)



ရွက်လှသည် ဟောင်းနွမ်း ရှုပ်ပွနေသော သူ့အခန်းကျဉ်းလေးထဲတွင် စိတ်နှင့် လူနှင့် မကပ်သလို နံရံထောင့်မှာ မှီကပ်၍ ထိုင်နေမိသည်။ အရင်ကတည်းက ဒီလို အချိန်မျိုးအတွက် ကြိုတင် တွေးတောပြင်ဆင်ပြီးသားဖြစ်ပါလျက် တကယ် ရောက်လာပြန်တော့လည်း မခံစားနိုင်ပါ။ ဘာကြောင့်များ ဒီအလုပ်မျိုးကို လက်ခံ လိုက်မိပါလိမ့်။ ရွက်လှကိုယ် ရွက်လှ သိပ်ကို အသည်းမာလှသူကြီးလို့ ထင်ခဲ့လို့များလား။ ဘာပဲဖြစ်ဖြစ် ဒီလို နောင်တရဖို့တော့ မရှိပါဘူး။ မေ့မေ့ ဆေးဖိုးတွေ အဆင်ပြေခဲ့ရတာကိုကပဲ မမဝင့်ဝါရဲ့ ကျေးဇူး ရှိနေပြီ မဟုတ်လား။ မမဝင့်ဝါ ဖြစ်စေချင်သလို အဆုံးထိ မလုပ်ပေးနိုင်တာကိုတော့ ရွက်လှ စိတ်မကောင်းပါဘူး။

ရွက်လှ ဖေဖေက ပွဲရုံက စာရေးကြီး ဖြစ်ခဲ့ပြီး မေမေကတော့ သာမန် အိမ်ရှင်မ တစ်ယောက်သာ ဖြစ်ခဲ့သည်။ ရွက်လှမှာ ၁၀နှစ် တိတိ ငယ်သော မောင်လေး တစ်ယောက်လည်း ရှိခဲ့သည်။ ရွက်လှ ၁၀ တန်း အောင်ပြီးသော နှစ်မှာပဲ ဖေဖေနှင့် မောင်လေးက ဆုံးသွားခဲ့သည်။ ဘုရားဖူး ခရီးက အပြန် အဝေးပြေးကားကြီး မှောက်ပြီး မေမေ  တစ်ယောက်သာ အသက်ရှင်ကျန်ခဲ့သည်။ အဲဒီခရီးမှာ ရွက်လှ တစ်ယောက်သာ ကလေးတွေကို စာသင်နေသော အလုပ် ရှိနေသဖြင့် ကျန်ခဲ့ခြင်း ဖြစ်သည်။ မေမေ့ ခမျာလည်း သူ့မျက်စိ ရှေ့မှောက်မှာ ဖေဖေ နှင့် မောင်လေးကို သွေးသံရဲရဲ ရုပ်ပျက် ဆင်းပျက် သေဆုံး သွားသည်ကို မြင်လိုက်ရသောကြောင့် အသိစိတ် ကင်းမဲ့ကာ ရူးသွပ်သော အဖြစ်သို့ပင် ရောက်ခဲ့ရသည်။ အဲဒီနောက်တော့ ရွက်လှတစ်ယောက် ကိုယ့်ဘဝကိုယ် ကျောင်းခဲ့ရသည်။ တက္ကသိုလ် တက်ဖို့လည်း စိတ်ကူး မယဉ်ရဲတော့ပဲ ရရာ အလုပ်ဝင်လုပ်ကာ အဝေးသင်သာ ဆက်တက်ခဲ့ရသည်။ ရွက်လှကလည်း တနေကုန် အလုပ်လုပ်နေရသည့်ပြင် မေမေ့ အခြေအနေကလည်း အိမ်မှာ ထားဖို့ပင် မဖြစ်နိုင်သောကြောင့် စိတ်ရောဂါကု ဆေးရုံသို့ ပို့ထားလိုက်ရသည်။

ရွက်လှ အဝေးသင်တက္ကသိုလ်က ဘွဲ့ရပြီးနောက် မမဝင့်ဝါတို့ ပိုင်ဆိုင်သော ဖက်ရှင်ဆိုင်ကြီးမှာ သူငယ်ချင်း သူသူ နှင့် အတူ အရောင်းစာရေးမ အလုပ်ရခဲ့သည်။ အဲဒီမှာတင် မမဝင့်ဝါက ရွက်လှရဲ့ သားနား သန့်ပြန့်သော ရုပ်ရည်လေးကို သတိထားမိသွားရာက ဒီဇာတ်လမ်း စတင်ခဲ့ခြင်း ဖြစ်သည်။ ဆိုင်ပိုင်ရှင် သဌေးသမီး ဝင့်ဝါဖူးက ရွက်လှတို့နှင့် ရွယ်တူလောက်သာ ရှိဦးမှာပေမယ့် အားလုံးက မမဝင့်ဝါ ပဲ ခေါ်ကြသည်။ မမဝင့်ဝါက ရွက်လှ အမေ အကြောင်း သိပြီး အများကြီး အကူအညီ ပေးခဲ့သည်။ ရွက်လှ မပေးနိုင်ပဲ ဖြစ်နေသော မေမေ့ ဆေးဖိုးတွေကိုလည်း ရှင်းပေးခဲ့ဖူးသည်။ တစ်နေ့တော့ မမဝင့်ဝါက ရွက်လှကို ပြောစရာ ရှိသည် ဆိုပြီး ကော်ဖီဆိုင် တစ်ဆိုင်ကို ခေါ်သွားခဲ့သည်။ ယောက်ျား တစ်ယောက်ကို လက်စားချေမည့် ဇာတ်လမ်းထဲတွင် ရွက်လှကို မင်းသမီး လုပ်ခိုင်းခြင်းပင် ဖြစ်သည်။

ဝင့်ဝါဖူး ဆိုတာ ပြင်သစ်က Fashion Design ပညာ ဒီပလိုမာ ရပြီး မိန်းကလေးဝတ် ဖက်ရှင်ဆိုင်ကြီး ထောင်ပြီး ကိုယ့် စီးပွားရေး ကိုယ် ဦးဆောင်နေသူ။ ရုပ်ရည်ဆိုတာကလည်း ဘယ်ယောက်ျားမှ နှစ်ခါပြန် မကြည့်ပဲ မနေနိုင်အောင် ဆွဲဆောင်မှု ရှိသူ ဟု အားလုံးက သတ်မှတ်ထားသူ။ ဝင့်ဝါဖူးကို စကားကမ်းလှမ်းသူတွေ အမြောက်အမြား ရှိပေမယ့် ဘယ်သူ့ကိုမှ စိတ်ကြိုက်မတွေ့သေးပဲ ခေါင်းခေါက် ရွေးနေတုန်းသာ ဖြစ်သည်။ အဲဒီ အချိန်မှာ အောင်သွယ် တစ်ယောက်က လာပြသော အမျိုးသား တစ်ယောက်ကိုတော့ ဝင့်ဝါဖူး သတ်မှတ်ထားသော အချက်တွေ အားလုံးလိုလို နှင့် ကိုက်ညီသူ ရယ်လို့ တွေ့ဆုံဖို့ လက်ခံလိုက်မိခဲ့သည်။ ဝင့်ဝါဖူးက စကာနှင့် စစ်သောနေရာ တင်ကျန်သော ထို တစ်ယောက်က အတော် ကံကောင်းသူလို့ပင် ပြော၍ ရသည်။ ဝင့်ဝါဖူး အထင်က တစ်ဖက်လူက လက်ခံပြီး ၍သာ သူမကို တွေ့သည်ဟု ထင်ခဲ့သည်။ သို့သော် တွေ့ကြပြီး နောက်မှာ ဝင့်ဝါဖူး ထင်သလို မဟုတ်ကြောင်း တွေ့ရသည်။ ထိုလူက မိဘ အစီအစဉ် ကြောင့်သာ ဝင့်ဝါဖူးကို တွေ့ရခြင်း ဖြစ်ပြီး သူ့မှာ အိမ်ထောင်ပြုဖို့ စိတ်ကူး မရှိသေးသောကြောင့် ဝင့်ဝါဖူးကို လက်မခံနိုင်ပါကြောင်း ပထမဆုံး တစ်ခေါက်မှာပင် ပြတ်ပြတ်သားသား အငြင်းခံလိုက်ရသည်။

ဝင့်ဝါဖူး တစ်သက်မှာ သူမက ငြင်းခဲ့ရတာတွေသာ ရှိလျှက် သူမကို မလိုလားသူတော့ မရှိစဖူး။ သူမ မျက်နှာကို စေ့စေ့ ကြည့်ပြီး ခံစားချက် မရှိသော မျက်နှာနှင့် ငြင်းလိုက်သော ယောက်ျား တစ်ယောက်ကြောင့် သူမ မာနကို အကြီးအကျယ် ထိခိုက်သွားသည်။ သူ့ ရုပ်ရည်ကို ကြည့်ပြီး သူမဘက်က အနည်းငယ်တောင်မှ စိတ်ကူးယဉ် ကျေနပ် နေမိခဲ့သောကြောင့်လည်း ပိုပြီး စိတ်နာစရာ ဖြစ်ရသည်။ စုံစမ်းကြည့်လိုက်တော့ သူမိဘတွေက စီစဉ်ပေးသူ မိန်းကလေး အားလုံးကို သူ့ဘက်က အကြောင်းပြချက် မရှိ ငြင်းနေခဲ့ကြောင်း သိခဲ့ရသည်။ သူက ဂေးလ် မဟုတ်ရင် ဘယ်လောက် ကြီးကျယ်သောသူလဲ။ သူ့မာနကို ဘယ်လို ပြန်ချိုးရမလဲ၊ ဘယ်လို မိန်းကလေးမျိုး ကိုမှ သူ သဘောကျမှာလဲ၊ ဆိုတာ ဝင့်ဝါဖူး အချိန်တိုင်း စဉ်းစားနေခဲ့သည်။ ဆံပင်ရှည်ရှည်၊ အသားဖြူဖြူ မပြင်မဆင်နဲ့တောင်မှ ချစ်စရာ ကောင်းသော ဝန်ထမ်း ကောင်မလေးကို တွေ့သောအခါ တစ်ခါလောက်တော့ စမ်းကြည့်ဖို့ အကြံတစ်ခု ရခဲ့သည်။ သူမက တကယ့်ကို အဆင့်အတန်း နိမ့်သော မျိုးရိုးက။ အမေကလည်း စိတ္တဇ ဆေးရုံမှာ။ ကဲ.. တကယ့်ကို မျိုးကောင်း ရိုးကောင်း ဂရိတ် မိန်းကလေးကိုမှ လိုချင်တယ် ဆိုတဲ့ သူလို လူမျိုး အတွက် ဘယ်လောက် သင့်တော်မယ့် မိန်းကလေးမျိုးလဲ..။ ဝင့်ဝါဖူးကို ငြင်းလိုက်တဲ့ သူ့အတွက် အဲဒီလို အဆင့်အတန်းနဲ့ မိန်းကလေးမျိုးနဲ့ ဖြစ်သွားစေချင်သည်။ ဒီတစ်ယောက်ကို သူမကြိုက်ရင် နောက်တစ်ယောက် ထပ်ရှာမည်။ အဲဒီလို လုပ်ရမှ ဝင့်ဝါဖူး စိတ်ကျေနပ် နိုင်လိမ့်မည်။

မမဝင့်ဝါ စကားတွေကို ကြားရသောအခါ ရွက်လှလည်း အလွယ်တကူ လက်ခံခဲ့မိသည်။ မမဝင့်ဝါက အမေ့အတွက် တစ်နှစ်စာ ဆေးရုံစားရိတ်ကို တာဝန်ယူပေးမည် ဟု ပြောခဲ့သည်ကိုး။ အဲဒီ ကြီးကျယ်လှတဲ့ ယောက်ျား တစ်ယောက် အတွက် အဲဒီလောက် နာမည်ပျက်မှုက ဘာမှ မမှုလောက် ဟု ထင်ခဲ့သည်။ ရွက်လှ အတွက်လည်း ဘဝနှင့် ရင်းရသည် အထိ မလုပ်စေရပါ လို့ မမဝင့်ဝါက ကတိပေးခဲ့သည်။ ရွက်လှရဲ့ တာဝန်က ရွက်လှကို အဲဒီယောက်ျား သဘောကျ ရွေးချယ် သွားစေဖို့ပဲ။ အဲဒီလူ သဘောကျလို့ မင်္ဂလာဧည့်ခံပွဲ ကြီးကြီးကျယ်ကျယ် လုပ်ပြီးလျှင် အဲဒီ မင်္ဂလာပွဲမှာ ရွက်လှရဲ့ ဘဝမှန်ကို အားလုံး သိသွားအောင် လုပ်ပြီး ရွက်လှကတော့ ထွက်လာခဲ့ရုံပဲတဲ့..။ ရွက်လှ အတွက် အဆောင်အယောင် အဆင့်အတန်း နှင့် အခြေအနေ တစ်ခုကို မမဝင့်ဝါက အားလုံး စီစဉ်ပေးသည်။ လက်ရှိနေနေသော ရွက်လှ သူငယ်ချင်း သူသူ့ အခန်းက ပြောင်းပြီး မမဝင့်ဝါ စီစဉ်ပေးထားသည့် တိုက်ကြီးမှာ ရွက်လှကို သွားနေခိုင်းသည်။ သူသူက နယ်ကပေမယ့် ချောင်လည်သော မိသားစုကမို့ အဆောင်ကောင်းကောင်း အခန်းကျယ် တစ်ခန်း ငှားနေရာ ထိုအဆောင်က ရွက်လှတို့ လုပ်သော ဆိုင်နှင့် နီးသောကြောင့် ရွက်လှကိုလည်း သူသူက သူ့အခန်းမှာပဲ အတူနေစေခဲ့ခြင်း ဖြစ်သည်။ အခု ကိစ္စကိုလည်း သူသူ့ကို အကုန် ပြောပြထားသောကြောင့် သူသူကတော့ မလုပ်စေချင်ပေ။

ဆိုင်က ယူနီဖောင်းကလွဲပြီး အမြဲတစေ ကိုယ်လုံးကို မပေါ်လွင်စေသည့် ရှပ်အင်္ကျီ ပွပွ၊ တီရှပ်ပွပွ လိုမျိုးကိုသာ ဝတ်လေ့ ရှိသော ရွက်လှကို မမဝင့်ဝါ ကိုယ်တိုင် ဖက်ရှင်ကျကျ ဝတ်စုံတွေ ချုပ်ပေးသည်။ ဟိုဘက်အိမ်က မြန်မာဆန်တာကို တန်ဖိုးထားသော အိမ်မို့ ဆိုပြီး မြန်မာဖြစ် တန်ဖိုးကြီးကြီး ဝမ်းဆက်တွေ ချုပ်ပေးသည်။ အနေအထိုင် အပြောအဆိုက အစ အဆင့်အတန်း မြင့်မြင့် ပုံပေါက်အောင် မမဝင့်ဝါက နေတိုင်း လာသင်ပေးသည်။ နာမည်လှလှ ရွေးမည် ဆိုတော့ ရွက်လှ မှတ်ပုံတင်ထဲက နေခြည်ထိပ်ထား ဆိုသည့် အဖေ ပေးခဲ့သည့် နာမည်ကိုပဲ ယူလိုက်သည်။ ကျောင်းဝင်ခွင့်ကလွဲပြီး အဲဒီ ကြီးကြီးကျယ်ကျယ် နာမည်ကို ရွက်လှက မသုံးပါ။ ဘယ်နေရာ မဆို သိပ်လည်း ပြုစု ယုယ စရာ မလိုပဲ ရှင်သန်နိုင်သည့် ရွက်လှ ဆိုသည့် အမေ ပေးခဲ့သည့် နာမည်ကိုသာ သဘောကျသည်။ သူငယ်ချင်းတွေ အားလုံးကလည်း ရွက်လှပဲ ခေါ်သည်။ နေခြည်ထိပ်ထား ရဲ့ အဒေါ် ဆိုတာကလည်း မမဝင့်ဝါပဲ ရှာပေးထားခြင်း ဖြစ်သည်။ ထွဋ်ထိပ်စိုး ရဲ့ အဒေါ်နှင့် ဆက်စပ်မိအောင်လည်း တမင်ပင် ဖန်တီး ခဲ့ခြင်း ဖြစ်သည်။ ရွက်လှကို ဓါတ်ပုံမြင်ရုံနှင့် သဘောကျပြီး လက်ခံလိုက်တော့ မမဝင့်ဝါ စိတ်ကျေနပ်စရာ ဖြစ်ရသည်။

ရွက်လှ ထည့်မတွက်ခဲ့မိသည်က ရွက်လှရဲ့ နှလုံးသားကိုသာ ဖြစ်ပါသည်။ သူက တကယ့်ကို တည်ကြည်ခန့်ငြားသော ယောက်ျား တစ်ယောက်။ သူ့မျက်နှာကို တစ်နေ့လုံး ထိုင်ကြည့် နေချင်လောက်အောင် ဆွဲဆောင်မှုရှိပြီး ချောမောသော ယောက်ျား တစ်ယောက် ဆီမှာ ရွက်လှက ဘယ်လို နှလုံးသားနှင့် မိန်းကလေးမျိုးမို့ မကျဆုံးပဲ နေနိုင်မှာလဲ။ သူနှင့် ပထမဆုံး တွေ့ကတည်းက ရွက်လှရဲ့ အစိမ်းသက်သက် နှလုံးသားက အခုန်မြန်ခဲ့ရပါသည်။ သို့ပေမယ့် မမဝင့်ဝါ သင်ပေးထားသလို ခပ်တည်တည် ခပ်မှန်မှန်နှင့် ဣနြေ္ဒကြီးသော မိန်းကလေး တစ်ယောက်လို ပြောဆို ဆက်ဆံနိုင်ခဲ့သည်။ တကယ်တော့ ရွက်လှက ယောက်ျားလေး သူငယ်ချင်းလည်း မရှိလှသလို ယောက်ျားလေး တွေနှင့် စကား ပြောဆို ဆက်ဆံရမှာကိုလည်း ရှက်ကြောက် တတ်သူ တစ်ယောက်သာ ဖြစ်သည်။ မမဝင့်ဝါက ကိုယ့်ဘက်က တစ်ကြိမ်တည်းနှင့် ကျရှုံးသွားသည့်ပုံ မပေါက်အောင်နေ ဟု ဆိုသည်။ နောက်တော့ တဖြည်းဖြည်းနှင့် သူ့ကို သူငယ်ချင်းကောင်း တစ်ယောက်လို ခံစားလာရသည်း ရွံတွန့်တွန့် မဖြစ်တော့ပဲ ရင်းနှီးလာသည်။ သူ့နှင့် ပြောဆိုရာတွင် ဟန်ဆောင်နေတာမျိုး မဟုတ်တော့ပဲ ပုံမှန် ခံစားချက်နှင့် ခင်ခင်မင်မင် ပြောဆိုမိလာသည်။

သူနှင့် ပိုမို ရင်းနှီးလာသည်နှင့် အမျှ သူ့မိသားစု၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အကြောင်းလည်း ပိုသိလာသည်။ သူ့ကို ချစ်မိခဲ့ပေမယ့် သူ့လို လူမျိုးနှင့် ရွက်လှလို မိန်းကလေးက ဘယ်လိုမှ မဖြစ်နိုင်သည်ကို သိမြင်လာသည်။ မမဝင့်ဝါ၏ လက်စားချေခြင်းက ဘယ်လောက် အဓိပ္ပါယ်ရှိသည်ကို သိလာသည်။ ဒါပေမယ့်လည်း မမဝင့်ဝါကို မရွေးချယ်ခဲ့ခြင်းသည် သူ့အပြစ်မှ မဟုတ်ပဲ။ မမဝင့်ဝါကို အထင်သေး စော်ကားခြင်းလည်း မဟုတ်။ သူမကြိုက်လို့ သူ မရွေးခြင်းပဲ။ ဒါကိုပဲ မမဝင့်ဝါက အညှိုးကြီး သွားသည်ကိုတော့ ရွက်လှက အခု နားလည် မပေးနိုင်တော့။ သူ့စိတ်ဓါတ်ကို သိလာသည်နှင့် အမျှ မမဝင့်ဝါကို တမင် နာကျင်အောင် လုပ်ခြင်း မဟုတ်သည်ကို နားလည်လာသည်။ ရွက်လှက ဘာကိုပဲ နားလည် နားလည်၊ အခုမှတော့ ဘာမှ ပြင်ဆင်လို့ မရတော့ပါ။ မမဝင့်ဝါ ရင်းနှီးထားရသည်ကလည်း တန်ဖိုးမနည်း ရှိလှပြီ။ မမဝင့်ဝါ၏ ကျေးဇူးတွေ ကလည်း ရွက်လှ အပေါ်မှာ အများအပြား ရှိနေသည်။ ရွက်လှ အနေနှင့် ဆက်လုပ်ရုံပဲ ရှိသည်။

ရွက်လှက တတ်နိုင်သလောက် လူသိရှင်ကြား ပွဲ ဖြစ်မလာစေချင်သေးသောကြောင့် စေ့စပ်ပွဲ မလုပ်လိုကြောင်း ငြင်းသော်လည်း မရပဲ သူတို့ဘက်က အတင်း လုပ်လိုကြသည်။ မမဝင့်ဝါကလည်း လုပ်တာကို သဘောကျသည်။ ရွက်လှက မမဝင့်ဝါကို မရဲတရဲ ဈေးဆစ်လိုက်သေးသည်။ စေ့စပ်ပွဲ လုပ်ပြီးလျှင် ရွက်လှ ထွက်လာတော့မည် ဆိုတော့ မမဝင့်ဝါက လုံးဝ သဘောမတူပါ။ လက်ထပ်ပွဲ အထိ လူသိရှင်ကြား လုပ်စေလိုသည်။ ရွက်လှ အတွက် ဒီဇာတ်လမ်းထဲက ဘယ်လို ရုံးထွက်မလဲ မသိတတ်နိုင်တော့ပါ။ သူ နှင့် သူ့မိသားစုကသာ ရွက်လှရဲ့ ဇစ်မြစ်ကို သိရှိသွားပါက ရွက်လှကို တော်တော်နာကျည်း သွားနိုင်သည်။

တစ်ခါတလေတော့လည်း လက်ရှိ အခြေအနေကို အတုအယောင် ဆိုတာ မေ့ထားလိုက်ပြီး တကယ်လိုပင် ခံစားကြည့်ကာ ပျော်ပျော် နေပစ်လိုက်သည်။ သူနှင့် အတူ နေခွင့်ရသော ဒီအချိန်ကလေးကို ရွက်လှ တန်ဖိုး ထားရမည် မဟုတ်ပါလား။ သူ နှင့် ရွက်လှ နှစ်ဦးသား စိတ်ကြိုက် ရွေးထားသော စေ့စပ်လက်စွပ်ကလေးကို ရွက်လှ အပိုင်လို သဘောထားလိုက်သည်။ သူ့ တိုက်ခန်းကို ရွက်လှ စိတ်ကြိုက် ပြင်ပစ်လိုက်သည်။ မင်္ဂလာပွဲအတွက် ချိတ်လုံချည် ကိုလည်း ရွက်လှ စိတ်ကြိုက် အရောင် နှင့် အဆင်ကို ရွေးပစ်လိုက်သည်။ မင်္ဂလာ အိပ်ရာခန်း အတွက်လည်း ရွက်လှ စိတ်ကြိုက် အရောင်တွေ သုံးပစ်လိုက်သည်။ စုံတွဲ အလှဓါတ်ပုံတွေလည်း အများကြီး ရိုက်ပစ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ရွက်လှ ထွက်သွားလျှင်လည်း အဲဒီ ဓါတ်ပုံတွေ နည်းနည်းတော့ အမှတ်တရ ယူသွားရမည်။ နှစ်ယောက်သား တိုက်ခန်း မှာ လာနေဖြစ်ကြတော့ ရွက်လှ ချက်ပြုတ်ထားသော ထမင်း၊ ဟင်းတွေ သူ့ကို ကျွေးခွင့်ရတာ ပျော်သည်။ သူသာ စိတ်ရှိလျှင် ရွက်လှဘဝ ညစ်နွမ်းလျှင်တောင် ကျေနပ်စွာ ခွင့်ပြုလိုက်အထိ ရူးမိုက်စိတ် ဖြစ်မိသည်။ သို့ပေမယ့် သူက တကယ့်ကို ဂုဏ်သိက္ခာရှိသော ယောက်ျားကောင်းတစ်ယောက် ဖြစ်ပြီး ရွက်လှကိုလည်း တန်ဖိုးထားသူ ဖြစ်သည်။ ရွက်လှ တို့နှစ်ယောက်သား ပျော်ပွဲစား ထွက်သလို စားသောက်ပြီး ရုပ်ရှင် ထိုင်ကြည့်နေကြတုန်း သူက ရွက်လှကို ချစ်စနိုး ဖြစ်လာလျှင် ပါးကလေးကို လိမ်ဆွဲတာ၊ ဆံပင်လေးကို ဆော့ကစားတာကလွဲပြီး ဘာမှ မပိုပါ။ ထွက်ပြေးရမယ့် အချိန် မတိုင်ခင် အထိတော့ ရွက်လှက စင်ဒရဲလား မင်းသမီးလေးပေါ့။ အဲဒီနေ့ မတိုင်ခင် ဘာအကြောင်းမှ မစဉ်းစားပဲ နေဖို့ ကြိုးစားနေပါသည်။
*******

“နေခြည်ထိပ်ထား ဆိုတာ တကယ်တော့ အတုအယောင် ဘဝ တစ်ခုပါ။ နေခြည်ထိပ်ထား ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေ ပညာအရည်အချင်းတွေ အားလုံးကလည်း ဟန်ဆောင်ထားတာပါ။ တကယ့် နေခြည်ထိပ်ထား အစစ်အမှန်က ကိုကို နဲ့ ဘယ်လိုမှ မထိုက်တန်တဲ့ သာမန်အဆင့်အတန်းက မိန်းကလေး တစ်ယောက်ပါ။ ဘယ်သူက ခိုင်းလို့ လုပ်ရတယ် ဆိုတာ မပြောပါရစေနဲ့တော့။ တကယ်တော့ မင်္ဂလာဧည့်ခံပွဲ ပြီးတဲ့ ညကျမှ ထွက်ပြေးလာဖို့ ဖြစ်ပေမယ့် ကိုကို့ကို အဲလောက်ထိ မျက်နှာ မပျက်စေချင်တော့ပါဘူး။ ထိပ်ထားကို ခွင့်လွှတ်ဖို့ ပြောခွင့်မရှိပါဘူး။ ကိုကို ထိပ်ထားကို မေ့လိုက်ပါတော့”

သူ့အတွက် ထိပ်ထား ပေးထားခဲ့သော စာပါ။ အဲဒီစာကို သူ့ဟာသူပဲ ဖတ်ပြီး အိမ်ကိုတော့ မပြခဲ့ပါ။ သူမမှာ ဘာအကြောင်း ရှိလို့ သူ့ကို ဒီလို လုပ်ခဲ့သလဲဆိုတာ သိချင်သည်။ သူမ ပြောတဲ့ ဟန်ဆောင်ထားတဲ့ ဘဝဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာရည်ရွယ်ချက်နဲ့ သူ့ကို ဒီလို လုပ်ချင်တာလဲ ဆိုတာ သေချာသိရမှ ဖြစ်မည်။ ထိပ်ထား ပျောက်သွားတယ် ဆိုတာ သူ့မိသားစု နှင့် သူနှင့် အနီးစပ်ဆုံးသူတွေ သိကုန်တော့ လက်ထပ်ရမှာ ကြောက်တဲ့ စိတ္တဇနဲ့ မိန်းကလေး သဘာဝအတိုင်း တစ်နေရာရာ ခဏ ထွက်သွားသည် ဟု ထင်ကြသည်။ တစ်ပတ်လောက်နေရင်တော့ ပြန်လာနိုင်သည် ဟု ထင်ပြီး သိပ်စိတ်မပူကြ။ သူကတော့ ထိပ်ထား စာ အရ အပြီးထွက်သွားသည်ကို သိလိုက်သည်။ ထိပ်ထားကို နေရာအနှံမှာ လိုက်ရှာခဲ့သည်။ သူမ၏ ဆိုင်ကလည်း ပိုင်ရှင် အသစ် ဖြစ်နေပြီး သူမ နေထိုင်ခဲ့သော တိုက်နှင့် ခြံကလည်း လပြတ်နှင့် ငှားနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သူမ၏ အဒေါ်ဆိုသူပါ ပျောက်ခြင်းမလှ ပျောက်နေသည်။ မင်္ဂလာပွဲအတွက် သူ့ဘက်က အကုန်ခံပြီး ပြင်ဆင်နေတာကလွဲလို့ သူမအတွက် သီးသန့်ရယ်လို့ ဝယ်ပေးခဲ့ရသော တန်ဖိုးကြီး ပစ္စည်းလည်း မရှိပါ။ သူတို့နှစ်ယောက် အတူနေဖို့ ပြင်ဆင်နေသော တိုက်ခန်းမှာ ထားသည့် သူတို့ အလှဓါတ်ပုံများထည့်ထားသည့် အယ်လ်ဘမ် တစ်အုပ်ကလွဲပြီး သူမ ဘာမှ ယူမသွားပါ။ စေ့စပ်ပွဲတုန်းက မေမေက သူမကို အပြီးပေးပြီး ဆင်ပေးလိုက်သည့် ခရမ်းစွဲနှင့်စပ်ထားသည့် စိန်တစ်ဆင်စာကိုလည်း အိပ်ခန်းထဲက အံဆွဲထဲမှာ ဒီအတိုင်း ထားသွားသည်။ သူမအတွက် သူဝယ်ပေးထားသည့် ဝတ်စုံတွေနှင့် ဖိနပ်တွေပါ အဲဒီ အိပ်ခန်းထဲမှာပဲ ထားသွားသည်။

သူကတော့ လွယ်လွယ် လက်မလျှော့နိုင်ပါ။ သူမ နှင့် မျက်နှာချင်းဆိုင် တွေ့ရပြီး သူမ သဘောထားကို ပြတ်ပြတ်သားသား မေးပြီးမှသာ လက်လျှော့နိုင်ပါလိမ့်မည်။ လက်ထပ်ဖို့ ရက်က တစ်လနီးနီး လိုသေးသည်မို့ သူကတော့ သူမ ဓါတ်ပုံကိုပါ ပေးပြီး သူ လူယုံများကိုလည်း လိုက်ရှာခိုင်းထားသည်။ သို့ပေမယ့် သူမကို အရိပ်အယောင်မျှ မတွေ့ရတော့ပါ။ သူမက တကယ့်ကို အကယ်ဒမီ မင်းသမီး တစ်ယောက်လို သရုပ်ဆောင်ကောင်းသူလား...။ သူ့အပေါ်မှာ ဆက်ဆံခဲ့သမျှက ဟန်ဆောင်ခဲ့တာပဲလား...။ အဲဒီ အပြစ်ကင်းစင်သည် ထင်ရသည့် မျက်ဝန်းလဲ့လဲ့ တွေက တစ်စုံတစ်ခုကို ဖုံးကွယ်ထားသည်လို့ သူ လုံးဝကို မထင်မိခဲ့ပါလား။ သူ့တိုက်ခန်းမှာ ချက်ပြုတ် စားသောက်ပြီး တီဗွီကြည့်နေသည့်အခါ အိမ်ပြန်ချိန်ရောက်တိုင်း “ကိုကိုနဲ့ အတူတူ နေချင်သေးတယ်၊ မပြန်ချင်သေးဘူး” လို့ ပြောတတ်ခဲ့တာကရော ဟန်ဆောင်ခြင်း တစ်ရပ်ပဲလား။ သူ့ကို အသည်းခွဲဖို့ သက်သက် သူမက လာခဲ့တာတဲ့လား...။ သူမကို လိုက်ရှာနေသော ရက်တွေမှာ သူ့အလုပ်ထဲလည်း လုပ်သာ လုပ်နေရသည်။ လုံးဝ စိတ်ပါဝင်စားမှု မရှိ။ အားလုံးကလည်း သူ့မင်္ဂလာကိစ္စမှာ ပြဿနာ ရှိနေတာကို သတိထားမိကုန်ကြပြီ။ သူကတော့ သူမ ပြန်မလာတော့မှန်း သိပေမယ့် မင်္ဂလာပွဲကို ခုထိ မဖျက်သိမ်းသေးပဲ ထားသည်။ သူမဘက်ကသာ လက်ခံမည် ဆိုလျှင်တော့ သူမက ဘယ်လို အဆင့်အတန်းမျိုးပဲ ဖြစ်ဖြစ် သူ့ဘက်က လက်ထပ်ပွဲကို ဆက်ပြီး ကျင်းပဖို့ အဆင်သင့် ရှိပါသည်။
*******
ဆက်ရန်
သိင်္ဂါကျော်

3 comments:

jasmine(တောင်ကြီး) said...

ရွက်လှ ရဲ့ဖြစ်ရပ်ကိုဆက်လက်ပြီး
စောင့်နေပါတယ်.....
တစ်နေ့ တစ်ပိုင်းတင်ပေးပါရှင်။

မိုးငွေ့...... said...

ဇာတ်ကအရှိန်တဖြေးဖြေးတက်လာနေပြီ...။ နက်ဖြန်ထပ်တင်ဦးနော် မျှော်နေမယ်...း)

rose said...

Waiting for the next parts... :)