တစ်ခါက ရွာတစ်ရွာမှာ သင်္ချာပညာရှင် တစ်ယောက် နေထိုင်ခဲ့ပါတယ်။ အဲဒီနယ်ရဲ့ အကြီးအကဲ ဘုရင် ကိုယ်တိုင် သူ့ကို မကြာခဏ ခေါ်ပြီး စီးပွားရေးနဲ့ ပတ်သတ်တဲ့ ကိစ္စရပ်တွေမှာ အကြံဉာဏ် တောင်းတတ်ပါတယ်။ သူ့ရဲ့ နာမည် ဂုဏ်သတင်းက အရပ်လေးမျက်နှာထိ ပြန့်နှံ ကျော်ဇော နေပါတယ်။ အဲဒါကြောင့်ပဲ ရွာ အကြီးအကဲ က သူ့ကို ပြောတဲ့ စကားတစ်ခွန်းက သူ့ကို အတော် ထိခိုက် နာကျင်စေပါတယ်။ “ခင်ဗျားကသာ ဘုရင်ကြီးရဲ့ စီးပွားရေး အတိုင်ပင်ခံ ဖြစ်နေတာ၊ ခင်ဗျား သားကတော့ ရွှေ နဲ့ ငွေ မှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိတယ် ဆိုတာကိုတောင် မသိဘူးနော်”
သင်္ချာပညာရှင်လည်း သူ့သားကို ခေါ်ပြီး မေးရတော့တယ်။ “ရွှေ နဲ့ ငွေ မှာ ဘယ်ဟာက ပိုပြီး တန်ဖိုး ရှိသလဲ သား” ဆိုတော့ “ရွှေ ပေါ့ အဖေရာ” လို့ သူ့သားက ချက်ချင်း ပြန်ပြောပါတယ်။
“ဒါ အမှန်ပဲလေ၊ ဘာဖြစ်လို့ ရွာသူကြီးက မင်းကို ရွှေနဲ့ ငွေရဲ့ တန်ဖိုးကိုတောင် မသိတဲ့လူလို့ ထင်ပြီး ရယ်စရာ ဖြစ်အောင် လုပ်နေရတာလဲ၊ သူက ငါ့ကို နေ့တိုင်း ရိ တယ်၊ တစ်ခြား ရွာလူကြီး တွေ ရှေ့မှာ ငါ့ကို ကိုယ့်သားကိုယ် ဂရုမစိုက်တဲ့လူလို့ မလေးမစား နောက်ပြောင်ချင်တယ်၊ ဒါက ငါ့ကို နာကျင်စေတာပေါ့၊ ငါ့သားက ရွှေ နဲ့ ငွေမှာ ဘယ်ဟာ ပိုပြီး တန်ဖိုး ရှိမှန်းတောင် မသိဘူး ဆိုပြီး ရွာက လူအားလုံးက ငါ့နောက်ကွယ်မှာ ပြောင်လှောင် နေကြတယ်လို့ ခံစားရတယ်၊ မင်း ဘာလို့ အဲလို လုပ်ရတယ် ဆိုတာ ငါ့ကို ရှင်းစမ်းပါဦး”
သင်္ချာပညာရှင်ရဲ့ သားက ရွာသူကြီး သူ့ကို အထင်အမြင်သေးအောင် လုပ်မိတဲ့ အကြောင်းပြချက်ကို ခုလို ပြောပြပါတယ်။
“နေ့တိုင်း ကျွန်တော် ကျောင်းသွားတဲ့လမ်းမှာ ရွာသူကြီးက သူ့အိမ်ကို ခေါ်တယ်။ ရွာက တစ်ခြား လူကြီးတွေရဲ့ ရှေ့မှာပဲ သူ့လက်ထဲမှာ ငွေပြား တစ်ပြား နဲ့ ရွှေပြား တစ်ပြား ကိုင်ထားပြီး ကျွန်တော့်ကို ဘယ်ဟာ ပိုပြီး တန်ဖိုးရှိသလဲ လို့ မေးတယ်လေ။ ကျွန်တော်က ငွေပြားကိုပဲ ကောက်လာတယ်။ သူက ရယ်တယ်။ တစ်ခြားလူတွေလည်း ရယ်ကြတယ်။ အဲလို နေ့တိုင်းပဲ...။ အဲဒါကြောင့် သူက အဖေ့ကို ကျွန်တော်က ငွေ နဲ့ ရွှေ ဘယ်ဟာ ပိုတန်ဖိုးကြီးမှန်းတောင် မသိဘူး လို့ ပြောတာပေါ့”
သူသားပြောတာကို ကြားတဲ့အခါ အဖေလည်း စိတ်ရှုပ်သွားပါတယ်။ သူ့သားဟာ ရွှေနဲ့ ငွေရဲ့ တန်ဖိုးကို သိရဲ့သားနဲ့ ဘာလို့ အမြဲတမ်း ငွေပြားကိုပဲ ကောက်လာရသလဲ ဆိုတာပဲ...။
“ဘာလို့ မင်းက ရွှေပြားကို မရွေးရတာလဲ” သူကမေးတော့ သူ့သားက အဖေကို အခန်းထဲ ခေါ်သွားပြီးတော့ သေတ္တာလေး တစ်လုံးကို ဖွင့်ပြပါတယ်။ သေတ္တာထဲမှာတော့ ငွေပြား တစ်ရာလောက် အနည်းဆုံး ရှိနေပါတယ်။ သူ့အဖေဘက် ပြန်လှည့်ပြီးတော့ သင်္ချာပညာရှင်ရဲ့ သားက ပြောပါတယ်။
“ကျွန်တော်က ရွှေပြားကို ရွေးလိုက်တဲ့ နေ့မှာ ကစားပွဲက ပြီးသွားမှာပေါ့ အဖေရဲ့၊ သူတို့က ကျွန်တော့်ကို ရယ်စရာ လုပ်နေတာ ရပ်သွားလိမ့်မယ်၊ ကျွန်တော်လည်း ပိုက်ဆံ မရတော့ပဲ နေမှာပေါ့”
တစ်ခါတရံ ဘဝမှာ ကျွန်တော်တို့ဟာ အရူးလိုပဲ ကစားရပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Senior တွေ၊ Junior တွေ၊ ကြားမှာပေါ့...။ ဒါဟာ ဘဝရဲ့ ကစားပွဲမှာ ရှုံးနိမ့်တယ်လို့ မဆိုလိုပါဘူး။ ဒါက တစ်ခြား လူတွေကို ကစားပွဲရဲ့ နယ်ပယ် တစ်ခုမှာ အနိုင်ပေးလိုက်ပြီး ကျွန်တော်တို့က ကစားပွဲရဲ့ တစ်ခြား တစ်ဖက်မှာ အနိုင်ယူလိုက်တာပါပဲ။ ဘယ်လို နယ်ပယ် မျိုးမှာ အနိုင်ရအောင် လုပ်ပြီး ဘယ်လို နယ်ပယ် မျိုးမှာ မလုပ်ပဲနေမလဲ ဆိုတာတော့ ကျွန်တော်တို့ ရွေးချယ်ရမှာပါ။
သိင်္ဂါကျော်
The Smart Game - Gold or Silver? ကို ပြန်ဆိုပါသည်။

12 comments:
အတွေးကောင်းလေးကို ပညာသုံးပြီးပြတဲ့ ပို့စ်လေးပဲ မမ..မိုက်တယ်....စဉ်းစားတွေးခေါ်ချင်စရာလေး..
ရူးချင်ယောင်ဆောင်တယ်ဆိုတာ ဒါပဲ ဖြစ်မယ် :D
ဒါကြောင့်မို့သမီးလဲ ရူးချင်ယောင်ဆောင်နေတာလေ ဟက်ဟက်
“ခေတ်ပျက်လို့ ရူးချင်ယောင်ဆောင်နေရတာ ခေတ်က ပြန်မကောင်းလာတော့ တကယ် ရူးသွားရော အဟောဟောာ ”
တစ်ခါတစ်ရံမဟုတ်ဘူး..အမြဲတမ်း ရူးချင်ယောင် ဆောင်တမ်း ကစားနေတာ :D
Wiser than dad:)
Gyidaw
အတွေးလေးက ကောင်းလိုက်တာ
အပေါ်ပိုင်းက ဇာတ်လမ်းကိုတော့ မကြာမကြာ ဖတ်ဖူးနေပါရဲ့...ဒါပေမယ့် အောက်ခြေမှတ်စုလေးက အတော့်ကို ကောင်းပါတယ်...ကိုယ်တိုင်လည်း တစ်ခါမှ မတွေးဖြစ်ခဲ့တဲ့ တွေးထောင့်ကနေ တွေးပြသွားတာမို့ လေးစားမိပါရဲ့...
အတွေးအခေါ်လေးမိုက်တယ်၊ ကြိုက်တယ်။
နှစ်သက်စရာပဲ ..
ခင်တဲ့
ဝသုန်
သိပ်ကောင်းတဲ့ ပို့စ်လေးလို့ ကျွန်တော်လည်းထောက်ခံတယ်
ပညာကိုနေရာစုံကနေ ယူရလိမ့်မယ်
“ လိုအပ်ရင် ရူးကွက်နင်းပါ ” ဆိုတာ ဒါမျိုးပဲ နေလိမ့်မယ်။
စာကတိုတိုရှင်းရှင်းလေးပေမယ့် တွေးစရာလေးတွေရသွားတယ်။ ပြန်လည်ဝေမျှတာ ကျေးဇူးတင်ပါတယ်။
Post a Comment