14 November, 2016

ဗလာလူသား

ဦးနှောက်ထဲမှာ
စကားလုံး မရှိတဲ့ ကောင်းကင် ဖြစ်နေတာ ကြာပေါ့၊
ဗလာ ဟင်းလင်းနဲ့
ဘာတစ်ခု မှတောင် သုံးလို့ စားလို့ မရတော့သလိုပဲ။
မင်းမြတ်သူရ ရေးသလို
“မည့်သည့် အရာကိုမျှ သိမ်းပိုက်မထားသော” လို့
ပြောရမလိုလိုနဲ့ ၊
ခက်တာက
လာသမျှကိုလည်း အပြည့်အဝ လက်မခံနိုင်တော့တာပဲ။

တိမ်တွေရဲ့ အမှတ်တရ ရာသီကို လွမ်းတယ်။
ဇာတ်လမ်းတွေ ရေးဖြစ်ဖို့
ဇာတ်လမ်းရှာခဲ့တာ မဟုတ်ပေမယ့်
ကွန့်မြူးစရာ ဇာတ်လမ်းမရှိတဲ့ အခါ
တိမ်တွေ လွင့်သလို လွင့်သွားတတ်တဲ့
စိတ်ကူးတွေကို ဖမ်းဖို့ မလွယ်ကူပြန်ဘူး။

ကိုယ်က
စိတ်ကူး မယဉ်နိုင်တဲ့ လက်တွေ့ ထဲ
တဝဲလည်လည် ရုံးမထွက်နိုင်တာ
ဘယ်လောက် ကြာသလဲဆို
ကောင်းကင်ကြီးကတော့ အရောင်တွေ အမျိုးမျိုး ပြောင်းရင်း
တိမ်တွေ ဝင်သွားလိုက် ထွက်သွားလိုက်
ဘယ်နှရာသီ တောင် ရှိလေပြီလဲ။

ဆောင်းပါးတွေထဲ ခဏ ခဏ ရေးဖြစ်တဲ့
စိတ်အားထက်သန်မှု တွေက
ကိုယ်တိုင်ဆီမှာတော့ ပျောက်ဆုံးလုနီးနီးနဲ့။

နိစ္စဓူဝတွေနဲ့ ချည်း ပြည့်နေတဲ့
သာမန် ဘဝတွေကို မုန်းရက်နဲ့
နိစ္စဓူဝတွေနဲ့ ချည်း အချိန်ကုန်နေပြန်ရော။

တွဲခဲ့မိတဲ့ လက်တစ်စုံကလည်း
အမြင့်ကို ဆွဲမခေါ်နိုင်တဲ့အခါ
သာမန်ဘဝထဲမှာ မနေနိုင်တဲ့ ကိုယ်က
လိုက်ပါဖို့ ငြင်းဆန်မိ။

ကိုယ့် ကောင်းကင်က
အမြဲတမ်းတော့ မှုန်မှိုင်းမနေပါဘူး
နေရောင်အောက်က အဖြူပြင်ပြင် ကောင်းကင်ကို
ဓာတ်ပုံဆရာတွေ မကြိုက်သလိုမျိုး
ကိုယ့် ကောင်းကင်ကို ကိုယ် မကြိုက်လှဘူး။
ရေရေရာရာ မရှိပေမယ့်
ဗလာက တော့ ဗလာပါပဲ။

သိင်္ဂါကျော်
12.11.2016
11:50 PM

0 comments: