03 April, 2014

ပျက်ချိန်တန်တဲ့ ရောဂါ


အတ္တကင်းယောင်ဆောင်ပြီး
ဆီမီး ထွန်းညှိချင်သူတွေ များနေလေရဲ့ ။
တကယ့်တကယ်တမ်းကျ
ကိုယ့်ကိုယ်ကိုယ် တစ်စက်ကလေးမှ အလောင်ကျွမ်း မခံနိုင်ကြ။

တစ်ဖက်စွန်းရောက်တွေက
မြှောက်လိုက်ကြ ပင့်လိုက်ကြ
တွန်းလိုက်ကြ ထိုးလိုက်ကြ
ကိုယ်ယုံကြည်ရာကမှ မှန်သတဲ့လား။
အမှန်နဲ့ အမှားကြားက ဒွိဟတွေလွန်ဆွဲ
လောကဟာ ဒီအတိုင်းပါပဲ၊
ဘယ်သူက အမှားကင်းတဲ့ အမှန်အစစ်ကို
ယုံကြည်နိုင်မလဲ။

ကမ္ဘာမြေကြီးကစပြီး
ဖောက်လွဲဖောက်ပြန်နေတဲ့ ဒီခေတ်မှာ
ရလိုမှုကို ရူးသွပ်ပြီး လောဘသင့်။
ယုံကြည်မှုကို ရူးသွပ်ပြီး မောဟသင့်။
စိတ်အလိုကျ မဖြစ်တိုင်းမှာ ဒေါသသင့်။
ဒီမှိုင်းတွေနဲ့ ရောဂါသင့်နေတဲ့ ကမ္ဘာကြီးလည်း
ပျက်လုနီးချိန်ရောက်ပေါ့။

ကိစ္စရပ်တိုင်းဟာ ကံစီမံရာ အတိုင်းပါပဲ၊
ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေလည်း
ပျက်စီးပျောက်ကွယ်ရမယ့် တစ်နေ့တော့ ရှိလာမှာ သေချာတဲ့အခါ
ကိုယ် မပိုင်ဆိုင်နိုင်တာတွေကိုလည်း
ထိန်းသိမ်းဖို့ ကြိုးစားသင့်ပါရဲ့လား။

ဘယ်တော့မဆိုပါပဲ
မမျှတမှုတွေက တိုးသထက် တိုးလာဖို့ပဲရှိတယ်။
စစ်မီးတောက်တွေလည်း
ငြှိမ်းရင်းငြှိမ်းရင်းနဲ့ပဲ
တစ်စတစ်စ ပွားများလာလေရဲ့။

မကောင်းမှုကို သိလျှက်နဲ့ မိုက်မဲနေကြဆဲ။
မောဟတွင်းနက်သူတို့  မိုက်မဲနေကြဆဲ။
လောဘတွင်းနက်သူတို့ ငရဲမကြောက်ကြဆဲ။
ဒေါသတွင်းနက်သူတို့ လောင်ကျွမ်းနေကြဆဲ။

ကမ္ဘာကြီးက သူ့ကိုယ်သူ ဆေးကြောသန့်စင်ချင်လာတဲ့အခါ
သူ့ကပ်ဆိုးရောဂါတွေ ဝေမျှလိမ့်မယ်။
အဲဒီအခါကျမှတော့
ကမ္ဘာကြီးကို အပြစ်မတင်ကြေးပေါ့။

သိင်္ဂါကျော်
31.3.2014

5 comments:

သိ င်္ဂါ ရ said...

ကဗျာလာဖတ် ...
အလည်အပတ် သက်သက် ...

Aunty Tint said...

ကဗျာလေးအားပေးသွားတယ် ကျော်ရေ...
တကယ်တော့ အတ္တဖုံးလွှမ်းနေတဲ့ လူသားတွေမှာသာ အပြစ်ရှိတာပါ။ အပြစ်မဲ့တဲ့ ကမ္ဘာကြီး။

မေတ္တာဖြင့်
တီတင့်

ထရီဆာ (Teresa) said...

ကဗျာကလဲ မှန်၊ တီတင့်ပြောသွားတာလေးလဲ မှန်..
ရောက်ခဲ့တယ် အမ သိင်္ဂါ :)

စံပယ်ချို said...

ကျော်ရေ
ကဗျာဖတ်ပြီးမေ့နေတာလေးတွေ သတိရစေတဲ့အတွက်ကျေးဇူးပါ.....

မြသွေးနီ said...

ကဗျာလေးတွေသီကုံးတတ်သူဟာ
လောကကို ချစ်မြတ်နိုးတတ်သူတဲ့။
အခိုင်အမာ ယုံကြည်မိပါတယ်။