09 September, 2013

ကိုယ့်ကိုယ်ကို ဖတ်ရှုခြင်း


ပရဟိတ သမားလည်း မဟုတ်ဘူး
အတ္တဟိတ သမားလည်း မဟုတ်ဘူး
ကမ္ဘာမြေကြီး ကိုယ့်တစ်ယောက်အတွက် ပိုမလေးလောက်အောင်တော့
ကိုယ့်တာဝန်ကိုယ်ကျေပြီး 
အသက်ရှင်သန်နေသူပါ။

ကြင်နာတတ်သူလည်း မဟုတ်ဘူး
ရက်စက်တတ်သူလည်း မဟုတ်ဘူး
လက်တွေ့ကျကျ မြင်ပြီး နားလည်ပေးတတ်သူလို့
ကိုယ့်ကိုယ်ကိုတော့ လျှော့လျှော့ပေါ့ပေါ့ တွေးထားတယ်။

ပဲ့ကိုင်ရှင်လည်း တစ်ခါမှ မဖြစ်ဖူးဘူး
မေတ္တာရှင်မလေးလိုလည်း တစ်ခါမှ ဟန်မဆောင်ဖူးဘူး
အမေ့ရဲ့ ဒုက္ခအိုးလေးတော့ ဖြစ်ချင်ဖြစ်မယ်
သူတစ်ပါးအပေါ်တော့ ဒုက္ခမပေးတတ်ဖို့ ကြိုးစားသူပါ။

တစ်ခါတလေ 
ကိုယ့်ကိုယ်ကို ဒုက္ခပေးတတ်တယ်
တစ်ခါတလေ
ကိုယ့်ကိုယ်ကို အချစ်လွန်တတ်တယ်
တစ်ခါတလေ
သိရက်နဲ့ မိုက်မိုက် နေတတ်တယ်
တစ်ခါတလေ
လုပ်သင့်တာတွေ အတွက် အပျင်းထူနေတတ်တယ်။
တစ်ခါတလေ
လုပ်ချင်တာတွေ အတွက် အိပ်မက်မက် နေတတ်တယ်။

အသက်ရှင်ရခြင်းက ပျင်းစရာ ကောင်းလာတဲ့အခါ
စွန့်စားခန်းတွေ အိပ်မက်ချင်လာပြန်လာတယ်။
ကြိုးစားအားထုတ်ရခြင်းက ပင်ပန်းလာတဲ့အခါ
ပေါ့ပေါ့ပါးပါးတွေထဲ ပျော်အောင်နေချင်လာပြန်တယ်။

ကိုယ့်ဘဝကို မကျေမနပ် ဖြစ်လာတဲ့အခါ
အောက်ကို ငုံကြည့်ရင်း ဖြေသာလိုက်။
ကိုယ့်ဘဝကို ကျေနပ်နေတဲ့အခါ
အပေါ်ကို မော့ကြည့်ရင်း မဖြေသာလိုက်။

မွေးနေ့တွေသာ တိုးတိုးလာတယ်
မှတ်တမ်းမှတ်ရာက ဘာမှတောင် မရှိသေးပါလေ။

သိင်္ဂါကျော်

ဘာသာပြန် ဆောင်းပါးတွေလည်း ရေးဖို့ကြိုးစားရင်း မရေးဖြစ်ပါဘူး။ စုံထောက်ဝတ္တုလည်း မရေးတာကြာလို့ ရေးဖို့ ကြိုးစားရင်း ပြီးကို မပြီးဘူး ဖြစ်နေပါတယ်။ ဘလော့ကို ပစ်ထားရာ မကျအောင် ကဗျာမဟုတ် ဘာမဟုတ်တွေပဲ တင်ဖြစ်နေတာပါ။   :)

5 comments:

ဟန်ကြည် said...

ကိုယ့်ကိုယ်ကို မဝေဖန်တော့ပါဘူးလေ...သူများဝေဖန်ဖို့ ချန်ထားလိုက်တော့မယ်...ကိုယ်လုပ်သင့်တာကို တဖြည်းဖြည်းလုပ်ရင်းနဲ့ပဲ ဘ၀ကို စနစ်တကျ ဖြတ်သန်းလိုက်တော့မယ်...

နွေတေးရှင် (မင်းဧရာ) said...

ဘ၀ ရဲ့ ပင်လယ်ပြင်မှာ
တခါတလေတော့လည်း ငုံ့ဝင် ပုန်းခိုနေလိုက်ချင်တယ်
ရှင်သန်နေရတာ မောသလိုလို ။

လသာည said...

အမေ့ရဲ့ ဒုက္ခအိုးလေးဖြစ်နေပြီထင်တယ်ဆိုတဲ့ အတွေးချင်းတူနေပြီ။

သိ င်္ဂါ ရ said...

မဟုတ်ဘူး ...
မဟုတ်ဘူး ...
ဘာဆို ဘာမှ မဟုတ်ဘူး ...
Blog Day အလွန်
Blog တရေးနိုးမှာ ...
သိ င်္ဂါ ကျော် ... က
ဘာမှ မဟုတ်ဘူး တဲ့ ...
ဘယ်သူမှလည်း ... ဘာမှ မပြောပါဘဲနဲ့ ... :)

San Htun said...

ဒီကဗျာလေးက တို့ များကို ရည်ညွှန်းနေသလားလို့း)