05 October, 2012

အမေတင် စိတ်ပြတ်ပြီလား


အမေတင် တို့မှာ သားသမီး ငါးယောက်ရှိသည်။ သားကြီး၊ သားလတ် နှင့် သမီးငယ် သုံးယောက်တို့ ဖြစ်သည်။ သားကြီးနှင့် သားလတ်က သုံးနှစ် ကွာသည်။ သားလတ် နှင့် သမီးကြီးက တစ်နှစ်ပဲ ကွာပြီး သမီးကြီးနှင့် အလတ်မက နှစ်နှစ်၊ အလတ်မ နှင့် အငယ်မက လေးနှစ်ကွာသည်။ သားကြီးက ဘွဲ့တစ်ခု ရသော်လည်း အစိုးရအလုပ် ဝင်မလုပ်ပဲ သူ့အဖေနှင့် အတူ ဥယျာဉ်ခြံတွေကို ဦးစီး လုပ်ခဲ့သည်။ သားလတ်ကတော့ ဘွဲ့ရပြီးနောက် သစ်တော့ဘက်မှာ အလုပ်ဝင်လိုက်သည်။ သမီး သုံးယောက်ကတော့ ပညာပါရမီ မပါရှာ။ သမီးကြီးက ဆယ်တန်းကို B နှင့် အောင်ပြီးနောက် ဆက်မဖြေဖြစ်တော့။ အမျိုးနီးစပ်တော်သော ဦးလေး တစ်ယောက်က ရှမ်းပြည်နယ်ဘက်မှာ ပညာရေးဝန်ထမ်း ဝင်လုပ်ဖို့ ပြောသော်လည်း အမေတင်က အကြီးမကို စိတ်မချသဖြင့် မလွှတ်ချင်။ အကြီးမကလည်း ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်သဖြင့် အမေတင် သဘောအတိုင်း ဆရာမ ဝင်မလျှောက်ဖြစ်ခဲ့။ အဲဒီခေတ်က B နှင့် အောင်သူများလည်း မူလတန်းပြ ဆရာဝင်လုပ်ရင်း ဆယ်တန်းပြန်ဖြေရာမှ ဘွဲ့ရပြီး ရာထူးအဆင့်ဆင့် တက်သွားကြသူတွေလည်း ရှိသည်။ အကြီးမကတော့ အစိုးရဝန်ထမ်း ဇာတာ မပါတာ ဖြစ်နိုင်သည်။ အလတ်မက ဥာဏ်ကောင်းသော်လည်း ဆယ်တန်းနှစ်မှာ ကျန်းမာရေး အကြီးအကျယ် မကောင်းသဖြင့် မအောင်ခဲ့ပြန်ပါ။ အငယ်မကတော့ ပုံမှန် တစ်နှစ်တစ်တန်း အောင်ခဲ့သလို ဆယ်တန်းလည်း နှစ်ချင်းပေါက် အောင်ခဲ့ပြီး အဝေးသင်တက္ကသိုလ်ပဲ တက်နေရာ ခုတော့ ဒုတိယနှစ် ရှိပြီ။
***
သားလတ် အိမ်ထောင်ပြုပြီးတော့ သားသမီးတွေလည်း အရွယ်ရောက်ပြီ၊ စိတ်ချလက်ချ ရှိပြီ ဆိုပြီး ဆုံးဖြတ်ချက် ခိုင်မာသွားသည်ထင့် ၊ အမေတင့် အိမ်ထောင်ဖက်က ဘုန်းကြီးဝတ်ဖို့ ခွင့်တောင်းလာသည်။ သားကြီးကလည်း ဥယျာဉ်ခြံ အလုပ်များကို ဦးစီး လုပ်နိုင်နေလေပြီ။ သားကြီးက အိမ်ထောင်ပြုဖို့လည်း စိတ်ကူးရှိပုံမရပါ။ အမေတင်တို့ လင်မယား နှစ်ယောက်က အားလပ်ချိန်များမှာ မြို့ထဲက မိုးကုတ်ရိပ်သာမှာ ဝါတွင်းတိုင်း လုပ်နေကြ တရားပွဲများကို ညနေတိုင်း သွားရောက် နာနေကြ ဖြစ်သည်။ သူက လောကီကို အပြီးဖြတ်ချင်ပြီ ဆိုတော့လည်း အမေတင်က သာဓုခေါ်ပြီး ခွင့်ပြုပေးလိုက်ရသည်။ သူကသာ သံယောဇဉ် အပြီးဖြတ်ပြီး သာသနာ့ဘောင် ဝင်ဖို့ ဆုံးဖြတ်နိုင် သော်လည်း အမေတင်ကတော့ သမီးများကို စိတ်မချသောစိတ်နှင့် သာသနာ့ဘောင် အပြီးဝင်ဖို့ စိတ်ကူးကို မရှိနိုင်ပါ။ တရားကို သိသင့်သလောက် သိသော်လည်း အမေတင့်မှာ သံယောဇဉ်များကို မဖြတ်နိုင်သေးပါ။ တစ်နှစ်မှာ (၇) ရက် ရိပ်သာလောက် ဝင်ဖို့ကိုပင် မှာရ ကြားရနှင့် စိတ်များတတ်သော အမေတင်ပါ။

အိမ်ထောင်ဖက်က သူများတွေလို သစ္စာဖောက်ပြီး ထားသွားတာလည်း မဟုတ်သဖြင့် အမေတင့်မှာ ဘာမှတော့ စိတ်ဆင်းရဲစရာ မရှိပါ။ ဘုန်းဘုန်း ကျောင်းထိုင်သော ကျောင်းကို တစ်ခါတရံ သွားပြီး ဆွမ်းချိုင့်တော့ ပို့ဖြစ်သည်။ သားကြီး နှင့် သမီး သုံးယောက်ကလည်း ခုထိ အိမ်ထောင်ပြုဖို့ စိတ်ဝင်စားသူများ မဟုတ်ပဲ ဒိုးတူဘောင်ဖက် လုပ်ကိုင် စားသောက် နေကြရသဖြင့် အမေတင် စိတ်ချမ်းသာ ရသည်။ သားလတ် တစ်ယောက်သာ နည်းနည်း ဆိုးချင်သည်။ အမေဆီက မရှိရှိတာကို တောင်းချင်သည်။ သူ့ မင်္ဂလာဆောင်ကိုလည်း အမေတင် တို့မှာ မရှိရှိတာနှင့် တတ်နိုင်သမျှ တင့်တောင့် တင့်တယ် ဖြစ်အောင် လုပ်ပေးခဲ့ရပြီးပြီ။ သူ့စိတ်က တကိုယ်ကောင်းဆန်သည်။ သူတစ်ယောက် ကောင်းစားရင်ပြီးရော မောင်နှမ တွေ အပေါ်လည်း သံယောဇဉ် မရှိပဲ အနိုင်ကျင့်ချင်သည်။ သားကြီးကတော့ အဲလို မဟုတ် ညီ နှင့် ညီမ များကို ညှာတာ ရှာသည်။ ဒီအမေ နှင့် ညီမများကို ကောင်းကောင်းမွန်မွန် ထားချင်သဖြင့် အလုပ်လည်း ကြိုးစားရှာသည်။ အဲဒါကြောင့်လည်း အမေတင်က အမေတို့ ထုံးစံအတိုင်း သားကြီးကို ပိုချစ်ရသည်။ အလတ်မကဆို အမေတင်က သူ့သားကိုပဲ ဦးစားပေးသည်၊ ဂရုစိုက်သည် ဆိုပြီး အမြဲ စကားနာထိုးသည်။

အမေတင် အချစ်ဆုံး သားကြီးက ရုတ်တရက် အချိန်မတိုင်ခင် ဆုံးသွားတော့ အမေတင်မှာ ဖြေဆည်ရာမရ ဖြစ်ရသည်။ ဘယ်သူမှလည်း ထင်မထားခဲ့ဘူးလေ။ ရောဂါ တစ်စုံတရာတောင် ရှိခဲ့တာလည်း မဟုတ်။ ရုတ်တရက်ကြီး အပူရှပ်၊ အပျင်းဖျားပြီး ဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ရောဂါစုံပြီး အလတ်မကလည်း သူတောင် ဘာမှ မဖြစ်ပဲ ကျန်းကျန်းမာမာ အစ်ကိုကြီးက ဖြစ်ရသဖြင့် တော်တော် စိတ်မကောင်း ဖြစ်ရှာသည်။ အမေတင် အတွက်တော့ တရားသဘောကို သိသော်လည်း မဖြေနိုင်ကတော့ မဖြေနိုင်တာပင်။ နေပူထဲမှာ ခြံအလုပ်တွေ လုပ်ပြီး ပြန်လာ ရေချိုးခြင်း ဖြစ်သောကြောင့်လည်း အမေတင်မှာ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်ရသည်။ ဘုန်းဘုန်းကတော့ သူ့တရားနဲ့ သူမို့ မျက်နှာ သိပ်မပျက်ပေမယ့် အမေတင် မှာတော့ လောကီသားမို့ ဘုန်းဘုန်း ရှေ့တောင် ငိုမိသေးသည်။
***
သားကြီး မရှိသည့်နောက်မှာ ခြံအလုပ်တွေ ဦးစီး လုပ်ဖို့ လူလိုလာသည်။ သားလတ်ကတော့ အစကတည်းက ဒီအလုပ်တွေ ဝါသနာမပါပါ ဆိုပြီး လခစားအလုပ် သွားလုပ်နေသူမို့ ဘယ်လိုမှ ပြန်လာလုပ်ခိုင်းလို့ ရမှာမဟုတ်ပါ။ ပထမပိုင်းတော့ အမေတင်နှင့် အကြီးမ နှစ်ယောက်သား ခြံထဲ ဆင်းကြသည်။ အလတ်မကတော့ ကျန်းမာရေး မကောင်းသူမို့ ခြံထဲ ခေါ်လို့မဖြစ်ပါ။ အငယ်မက အထည်တွေ ယူရောင်းသော အလုပ်နှင့် သူ့ဟာသူ အဆင်ပြေနေသူမို့ ခေါ်လို့ မဖြစ်နိုင်။ နောက်ဆုံးတော့ ခြံသုံးခြံ ရှိသည့် အနက် တစ်ခြံတော့ ရောင်းပစ်ဖို့ ဆုံးဖြတ်ပြီး ရောင်းလိုက်ရသည်။ ကိုယ်လည်း မလုပ်နိုင်သည့် အတူတူ ရောင်းပြီး အတိုးလေး ဘာလေး ပေးစားတာက စားဝတ်နေရေး ပိုအဆင်ပြေနိုင်သည် မဟုတ်ပါလား။

ဒီကြားထဲ အလတ်မက တော်တော် ကြီးကြီးကျယ်ကျယ် နေမကောင်းဖြစ်သဖြင့် ဆေးဖိုးလည်း အတော် ကုန်သွားခဲ့သည်။ ဒီကြားထဲ ဒီအမေအိုရဲ့ လုပ်စာကို သူပါ ဝင်မစားရရင် မနေထိုင်တဲ့ သားလတ်ကလည်း ဟိုအကြောင်း ဒီအကြောင်း ပြပြီး လာလာ တောင်းတာက ရှိသေးသည်။ သူတို့ လင်မယားကလည်း သိပ်အဆင်မပြေကြ။ ဘယ်ပြေပါ့မလဲ သူ့ မိန်းမ ဆိုတာကလည်း ငွေမက်မက် နှင့် ယောက်ျားလုပ်စာ ထိုင်စားနေသူ ဖြစ်ပြီး ယောက်ျားက အသုံးမကျသည့်အခါ တကျက်တကျက် ဖြစ်ကြတာကတော့ မဆန်းပါ။ အမေတင်ကတော့ ကိုယ့်မြေးမလေးကို သနားမိတာနှင့် တတ်နိုင်သလောက်တော့ တောင်းလျှင် ပေးလိုက်တာ ချည်းပါ။ ဒီ သားလတ်က ခုနောက်ပိုင်း အရက်ကလေးကလည်း သောက်ချင်သည်။ အိမ်လာလည်လျှင်လည်း သမီးတွေနှင့် ပြေလည်သည် မရှိပဲ သူကပဲ ပြဿနာ ရှာချင်သေးသည်။

အလတ်မက ဆေးရုံကဆင်းပြီး ကျန်းမာရေး နည်းနည်း ကောင်းသွားတော့ သီလရှင် အပြီး ဝတ်ချင်သည် ဟုဆိုလာပြန်သည်။ အဲဒါမျိုးကိုတော့ အမေတင်က စိတ်မချ မဖြစ်ပါ။ ကောင်းရာ ကောင်းကြောင်း အလုပ်ကိုတော့ အမေတင်က အားပေးပါသည်။ သူ့ဦးကြီး ဦးလေး၊ အစ်ကို၊ အစ်မ တွေကတော့ သိပ်သဘောမတူချင်ကြပါ။ အမေတင်ကတော့ ဘာမှ တားမနေပါ။ အလတ်မကို ရိပ်သာ ကျောင်းတစ်ခုမှာ အပ်ပေးထားပြီး သူ ပျော်သလောက် ဝတ်စေလိုက်သည်။ အလတ်မက တကယ်ကို ပြန်မထွက်တော့ပဲ နေတော့ ပထမ ဝတ်သည့် ကျောင်းကနေ အမေတင်တို့နှင့် နီးသော မိုးကုတ်ကျောင်းကို ပြောင်းနေစေလိုက်သည်။ အဲဒီကျောင်းမှာတော့ တရားစခန်း ရှိသည့် အချိန်သာ ကျောင်းက ဆွမ်းကျွေးပြီး ကျန်သည့် အချိန်များမှာ အမြဲနေ ယောဂီ နှင့် သီလရှင်များက ကိုယ့်ဘာသာကိုယ် ချက်ပြုတ် စားသောက်ကြရသည်။ အလတ်မ ဆိုတာက လူ ဘဝကပင် ယောက်ျားဆန်ပြီး ထမင်း၊ ဟင်း ကောင်းကောင်း ချက်တတ်သူ မဟုတ်သောကြောင့် တစ်ပါးတည်း ကျောင်းမှာ ချက်ပြုတ်စားသောက် ရမှာ အမေတင်က စိတ်မချနိုင်ပြန်ပါ။ အကြီးမက နား နည်းနည်းလေး သောကြောင့် အပြင်မှာ အလုပ်လုပ်လျှင်သာ စိတ်မချ ချင်စရာ ဖြစ်သော်လည်း အိမ်မှာတော့ ချက်တတ်၊ ပြုတ်တတ်မို့ အိမ်မှာ ကျန်သော ညီအစ်မ နှစ်ယောက် စားသောက်ဖို့က စိတ်ပူစရာမရှိပါ။ ဆရာလေး အတွက်သာ စားဖို့ သောက်ဖို့ စိတ်မချတာမို့ အမေတင်က များသောအားဖြင့် ဆရာလေး ကျောင်းမှာ အိပ်ပြီး မနက်မိုးလင်း ဘုရားဝတ်တက်ပြီးတာနှင့် အရုဏ်နှင့် နေ့လည်စာအတွက် ချက်ပြုတ်၊ ဆရာလေး ဆွမ်းသုံးတော့ အတူစားသောက်ပြီးမှ အိမ်ကို ပြန်ပြီး လုပ်စရာ ရှိတာလုပ်သည်။ ညနေ တရားပွဲ ရှိသည့်နေ့ဆို ပြန်လာသည်။ တစ်ခါတလေ တော့လည်း တစ်နေ့လုံး ဆရာလေး ကျောင်းမှပဲ နေပြီး တရားတက်ချိန်တိုင်း လိုက်တက်သည်။

တကယ်တော့ အမေတင် ဒီတရားကို လုပ်လာတာ နှစ်ပေါင်း အတော်ကြာပြီ ဆိုရမည်။ သို့ပေမယ့် သံယောဇဉ်တွေ မဖြတ်နိုင်သေးသဖြင့် သူများလို အရမ်းကြီး တိုးတက်လာတယ် ရယ်လို့တော့ ကိုယ့်ဟာကိုယ် မပြောရဲပါ။ ဆရာလေးကို ချက်ပြုတ်ကျွေးမွေး နေသည့်အပြင် ဆရာလေး ခမည်းတော် ဘုန်းဘုန်းကိုလည်း တစ်ပတ် နှစ်ရက်လောက်တော့ ဆွမ်းချိုင့်ပို့လိုက် သေးသည်။ ဆရာလေး နေသော ကျောင်းမှာလည်း တူ ဝမ်းကွဲ ဘုန်းဘုန်းပါ ရှိသောကြောင့် တစ်ပတ် သုံးရက်လောက် ဆွမ်းဟင်းချက်ပြီး ပို့တာမျိုးလည်း လုပ်တတ်သေးသည်။ တူ ဘုန်းဘုန်း ကလည်း ဆွမ်းချိုင့် ပိုလျှင် အမေတင် နှင့် ဆရာလေး အတွက် လာပို့တတ်သေးသည်။ အမေတင်ကလည်း နေ့စဉ် ဆိုသလို ကျောင်းမှာ တစ်နေကုန် တရားထိုင်ရမှာလည်း စိတ်မဖြောင့်ပြန်ပဲ နေ့ခင်းဘက် ခြံထဲပြန်ပြီး လုပ်စရာလေးတွေလည်း ပြေးလုပ်လိုက်သေးသည်။ အမေတင်ကတော့ အသက် ၆၅ ရှိနေပေမယ့် စိတ်သွားတိုင်း ကိုယ်ပါနိင်သေးသည်ဟု ဆိုရမည်။
***
အမေတင်တို့ သားအမိများက ကိုယ့်ဟာနဲ့ကိုယ် အေးချမ်းနေသော်လည်း မအေးချမ်းနိုင်သူက သားလတ် ဖြစ်သည်။ အလုပ်ထဲ ဘာအဆင်မပြေသလဲ အမေတင်လည်း သေချာမသိသော်လည်း အစိုးရအလုပ်က ထွက်လာခဲ့သည်။ မိန်းမကလည်း အလုပ်မရှိသဖြင့် သူ့မိဘအိမ် ပြန်သွားသည် ဆို၏။ ခြံအလုပ်ပဲ လုပ်တော့မည် ဆိုတော့ အမေတင်လည်း ဝမ်းသာအားရနှင့် ခြံတစ်ခြံ ပေးလုပ်ထားလိုက်သည်။ အစပိုင်းတော့ အလုပ်ကြိုးစား သယောင်ယောင်နှင့် တဖြည်းဖြည်း ပျက်လာသည်။ အလုပ်ကို ကောင်းကောင်းမလုပ်သဖြင့် ဘာအသီးအနှံမှ မဖြစ်ထွန်း။ အမေတင်တို့ သားအမိနှစ်ယောက် လုပ်နေသော ခြံလောက်ပင် သူ့ခြံက အလုပ်မဖြစ်။ ဘယ်ဖြစ်ပါ့မလဲ။ တစ်နေ့မှာ အလုပ်လုပ်သည့် အချိန်ထက် အရက်သောက်နေသည့် အချိန်က များနေသည်ကိုး။

သူ့ဟာသူ အလုပ်မလုပ်သဖြင့် စီးပွားမဖြစ်တာကိုပင် မကျေမနပ် ဖြစ်ပြီး အမေတင်တို့ အိမ်ကို လာလာ ရစ်သေးသည်။ သူ့ကို တစ်ခြံလုံး ဦးစီး လုပ်ခွင့် ပေးပြီးသားမို့ အမေတင်တို့က သူ့ကို တစ်ခြား အသုံးစားရိတ်တော့ မပေးနိုင်တော့ ဟု ဆုံးဖြတ်ထားကြသည်။ အငယ်မကလည်း သူ့အလုပ်နှင့်သူ စုထား ဆောင်းထား တာလေးတွေ ရှိသည်။ အဲဒါကိုသိတော့ အလတ်ကောင်က တောင်းသည်။ အငယ်မကလည်း မပေးနိုင်။ မပေးဘူး ဆိုတော့ အရက်သမား ပီပီ ရိုက်တာ နှက်တာ လုပ်လာတော့ အမေတင်က စိတ်ဆိုးသည်။ အမေတင် ကိုယ်တိုင်ပင် ဘယ်သားသမီးကိုမှ နာကျင်အောင် ငယ်ငယ်ကတည်းက မရိုက်နှက်ခဲ့ဖူးသောကြောင့် ဒီလို မောင်နှမ အချင်းချင်း ယောက်ျားသား အကြီးက မညှာသည့်အပြင် ရိုက်နှက်လာတော့ အရမ်း စိတ်ဆိုးသွားပြီး သားလတ်ကို အိမ်ကို နောက်တစ်ခါ မလာဖို့ နှင်ချလိုက်သည်။ သားလတ် မိသားစု တစ်ခြားမြို့မှာ နေသောအချိန်က ပြဿနာမရှိခဲ့သော်လည်း ခုလို တစ်မြို့တည်း လာနေချိန်မှာ ပြဿနာ တက်နေရခြင်း ဖြစ်သည်။

အရင်က အမေတင် ကိုယ့်သားကိုယ် ဒီလောက် ဆိုးသည်လို့ မထင်ထားခဲ့မိသော်လည်း ယခုတော့ တဖြည်းဖြည်း သားဆိုး ဖြစ်တာ ထင်ရှားအောင် ပြနေသည်။ သူ့ဟာသူ နှစ်လုံး ထိုးသလား၊ သုံးလုံး ထိုးသလား မသိ။ အကြွေးတွေ အများကြီး တင်တော့မှ အမေတင့် ဆီက ကြွေးဆပ်ဖို့ ပိုက်ဆံ လာတောင်းတော့ အမေတင်က မပေးနိုင်ကြောင်း အပြတ်ပြောသည်။ တကယ်လည်း သူလိုသလောက် ပေးဖို့ အမေတင့်မှာ ပိုက်ဆံ ရှိသည် မဟုတ်။ အမေတင်က မပေးဘူး ဆိုပြီး အိမ်က နှင်ချလည်း မရပဲ သူ့ကို မလာစေချင်လျှင် တစ်ခါတည်း အမွေခွဲပေးဖို့ တောင်းပြန်သည်။ အမေတင် ဆရာလေး ကျောင်း သွားနေပြီး အိမ်မှာ မရှိသည့် အခိုက်မှာ အငယ်မကို ရိုက်နှက်ပြီး ပိုက်ဆံတောင်းသည်။ အမေတင် ရှိသည့် အချိန်တွေမှာလည်း မူးလာပြီး ရစ်သည်။ ကြာတော့ မခံနိုင်ကြတော့။ နောက်ဆုံး မှာတော့ သားလတ်ကို အမွေပေးပြီး သေခန်းဖြတ်လိုက်ကြဖို့ သားအမိတွေ ဆုံးဖြတ်လိုက်ကြသည်။ လမ်းတွေ့တောင် အမေ လို့ မခေါ်နဲ့ လို့ သူ့ကို အမေတင် အပြတ် ပြောခဲ့သည်။

သားလတ် လုပ်နေသော ခြံကို သူ့ကိုပဲ စာချုပ်စာတမ်းနှင့် အပိုင်ပေးလိုက်ပြီး သတင်းစာထဲကနေ သားအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေငြာလိုက်သည်။ အသိမိတ်ဆွေ အားလုံးကိုလည်း သူ့အကြောင်း လာမပြောဖို့ ကြေငြာထားသည်။ အမေတင် ကိုယ်တိုင်လည်း မပတ်သက်ဖို့ ကိုယ့်ကိုယ်ကို ကတိပေးပြီး သမီးတွေ အားလုံးကိုလည်း မပတ်သက်ဖို့ ပြောထားသည်။ သမီးများက သူတို့ အစ်ကိုကို ပိုတောင် စိတ်နာသေးသည်။ လုံးဝ အခေါ်အပြော မလုပ်ကြတော့။ ရှင်းရှင်း ပြတ်ပြတ် နေလိုက်ကြသည်။ သို့ပေမယ့် လူသတင်း လူချင်းဆောင် ဆိုသလို သူ့သတင်းကတော့ ကြားနေရသေးသည်။ အမေတင့် ဆီက အမွေ ရပြီးနောက် သူ့မိန်းမ နှင့် ပြန်ပေါင်း နေသည်ဟု ကြားတော့ မြေးမလေး အတွက် ၀မ်းသာရပြန်သည်။ မြေးမလေး ကို ချစ်ပေမယ့် မပတ်သက်မိအောင် အမေတင် ကြိုးစားပါသည်။ တစ်ခါတလေ သားလတ် မရှိတုန်း မုန့်လေး ပဲလေး မြေးမလေး ဖို့ သွားပို့ချင်ကြောင်း ပြောမိတော့ သမီးသုံးယောက်က အမေတင်ကို အမှတ်မရှိ သွားမပတ်သက်နဲ့ ဟု ခဏ ခဏ သတိပေးရသည်။

နောက်တော့ ခြံကို ရောင်းဖို့ ကြေငြာထားတာ အမေတင်တို့ သိသည်။ ခဏကြာတော့ မအောင့်နိုင် မအည်းနိုင် လျှော့ဈေးနှင့် ရောင်းပစ်လိုက်သည် ကိုလည်း ကြားသည်။ မတတ်နိုင်။ ဒီခြံကို သူ့အပိုင် ပေးပြီးသားမို့ သူ့ထိုက်နဲ့ သူ့ကံသာ။ ဘာမှ အတွက်အချက် မရှိ၊ ရှေ့နောက် မစဉ်းစားသူမို့ အကြွေးမြန်မြန် ဆပ်ရဖို့ လုပ်လိုက်သည် ထင်သည်။  ဘာပဲဖြစ်ဖြစ် သူလည်း အမေတင့် သားပဲမို့ ခြံကို ပေါက်ဈေးထက် လေးပုံတစ်ပုံ တောင် မရှိသော ဈေးနှင့် ရောင်းပစ်လိုက်တာကို ကြားတော့ သူ့အတွက် စိတ်မကောင်းဖြစ်မိသေးသည်။ အရင်က ကိုယ့်အိမ်ထောင်ဖက် နှင့် ကိုယ့်သားကြီး ဒိုးတူဘောင်ဘက် ပင်ပင်ပန်းပန်း လုပ်ကိုင်လာခဲ့သည့် ခြံတစ်ခြံ သူများ လက်ကို မတန်မရာ ဈေးနှင့် ထိုးအပ် လိုက်ရသလို ဖြစ်တာကို အမေတင် စိတ်ထဲ မကောင်း ဖြစ်တာက ပိုသည်။ အမေတင့်မှာ သမီး သုံးယောက်ပဲ ရှိသည်လို့ ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်ထားလိုက်သည်။
***
အမေတင့်မှာ ကျန်သော အိမ်နှင့် ကပ်လျှက် ခြံကွက်ကလေး တစ်ကွက်ကို စီးပွားဖြစ် မစိုက်ပဲ တစ်နိုင် စားဖို့ လောက်ပဲ စိုက်တော့ ဘာမှ နောက်ဆံ တင်းစရာလည်း မရှိ။ အကြီးမ နှင့် အငယ်မကလည်း သူ့အလုပ်ကလေးတွေ နှင့် သူ အိမ် စားဖို့ သောက်ဖို့ ရှာနိုင်နေတော့ အမေတင်လည်း ဆရာလေး ကျောင်းမှာ အချိန်ကြာကြာ နေနိုင်လာသည်။ အိမ်ကို နေ့တိုင်း မပြန်ဖြစ်တော့ပဲ တစ်ပတ် နှစ်ရက်လောက်ပဲ ပြန်ပြီး ကျောင်းမှာ အမြဲနေ ယောဂီတွေလို အချိန်မှန် တရား တက်ဖြစ်သည်။

တစ်နေ့တော့ ကျောင်းရှိ တူ ဘုန်းဘုန်းဆီကို သားလတ်က ဖုန်းဆက်သည် ဆို၏။ ဘုန်းဘုန်းက ပြန်ပြောသဖြင့် သားက `ဒေါ်တင် နေကောင်းရဲ့လား´ မေးသည်ဟု သိရသည်။ သားလတ်ဆီက သတင်းစကား ကြားရ တော့လည်း အမေတင် စိတ်က သားလတ်တို့ မိသားစုဆီ ရောက်သွားပြန်သည်။ သားလတ် တစ်ယောက် မိန်းမ နှင့်မှ အဆင်ပြေရဲ့လား မသိပါ။ မြေးမလေးကို မတွေ့ရတာလည်း ကြာလှလေပြီ။ ခြံရောင်းထားသော ပိုက်ဆံရော ဘယ်လောက် ကျန်သေးလဲ မသိ။ ရှိတာလေး နှင့် ကြိုးကြိုးစားစား လုပ်ကိုင် စားဖို့ ကောင်းသည်။ ကိုယ့်မှာလည်း သမီးလေး တစ်ယောက် ရှိတာ နောင် ကြီးပြင်းအောင် မွေးဖို့ အများကြီးလိုသေးသည်။ ဒါကြောင့်လည်း ဆရာလေးက ပြောလေတာ..။ အမေတင် ဟာ သူ့သားကို စိတ်ကို မပြတ်နိုင်ဘူးတဲ့လေ။ သူ့သားက သူ့ကို အမေတောင် မခေါ်ပဲ ဒေါ်တင် နေကောင်းလား မေးရုံနဲ့တင် စိတ်က ပါနေပြီ တဲ့။ အဲသလိုတော့လည်း မဟုတ်လေပါ။ အမေတင် စိတ်ပြတ်ပါသည်။ သား တင်မဟုတ်၊ သမီးတွေကိုလည်း စိတ်ဖြတ်ပြီး လောကုတ္တရာ အလုပ်ပဲ ကြိုးစား လုပ်တော့မှာပါ။

အဲသလို တွေးတုန်းပဲ အကြီးမက အူးယားဖားယား ကျောင်းကို ရောက်လာသည်။ အငယ်မက စက်ဘီးနှင့် လမ်းဘေးမှာ ရပ်နေတုန်း ဆိုင်ကယ်က ၀င်တိုက်သွားလို့ ဆေးခန်း ရောက်နေသတဲ့။ သိပ်အများကြီးတော့ မဟုတ်ပေမယ့် ခါးရိုး နည်းနည်း ထိသွားသတဲ့။ တိုက်သည့် ဆိုင်ကယ်ကလည်း တာဝန် မယူပဲ ပြေးသွား သတဲ့။ အဲဒါနဲ့ပဲ အမေတင်နဲ့ ဆရာလေးလည်း လိုက်သွားရပြန်ပါတော့သည်။

သိင်္ဂါကျော်

10 comments:

ခရစ္စတလ် said...

သမုဒယတွေကို ဒုက္ခဖြစ်ကြောင်း သိပြီ စွန့်ဖို့ရာဆိုတာက ခက်သားကလားးး ကလေးမလေးရယ် ... :)

mstint said...

စိတ်ပြတ်ဘို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့ ကျင့်သုံးဘို့ ခက်တယ် ကျော်ရေ။ ကိုယ့်ကိုယ်ကို စိတ်ပြတ်တယ်ထင်ထားတာတောင် တစ်ချက်တစ်ချက် မပြတ်တပြတ်ဖြစ်ဖြစ်နေတယ်။ သဘာဝတရားလေးတွေကို အခြေခံထားတဲ့ လက်တွေ့နယ်ပယ်ထဲက ဖြစ်ရပ်လေးတွေ အားပေးသွားတယ် ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြတ်ပန်းနွယ် said...

အမေဆိုတာ ဒီလိုပါပဲ ကျော်ရေ.. (အန်တီတင့်တို့ ခေါ်သလို ခေါ်ကြည့်တာပါ။)
သားသမီးအပေါ် ဘယ်လိုမှ မပြတ်သားနိုင်ဘူး ထင်တာပါပဲ။ မြတ်တောင် သားသမီးအပေါ် အစွဲလန်းကြီးတဲ့ အမေတစ်ယောက်အကြောင်း ဝတ္တုရေးဖို့ လုပ်နေတယ်။ :)

သဘာဝကျတဲ့ အဖြစ်ပျက်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ ဝတ္တုတိုလေးကို နှစ်သက်မိတယ် လို့ ပြောရင်း

ခင်မင်စွာဖြင့်
မြတ်

Anonymous said...

မိဘဆိုတာတော့
ဒီလိုပါဘဲလေ..
အရေးအသားကောင်းလွန်းပြန်တော့
အမေလုပ်ဖို့ကို
ခပ်တွန့်တွန့်ပါဘဲကွယ်း)

ချစ်စံအိမ် said...

ပိုစ့်ကောင်းလေးဖတ်သွားပါတယ်..ညီမရေ.. ရေးတတ်တော့ အသက်ဝင်နေတာပဲ...

blackroze said...

အဲဒီအပူမီးကလည်းတငွေ့ငွေ့နဲ့
လောင်တာပါဘဲအမရယ်

Angelhlaing(May everybody be happy and healthy! said...

လူ့သဘော လူ့မနော လေး တင်ပြထားလေး သဘာဝကျကျလေးမို့ သဘောကျမိတယ်မမရေ... အရေးသားတွေကိုတော့ အားကျလျှက်ပါပဲမမ...:)

အလွမ်းမြို့ said...

ကျော်ရေ
အရမ်းဖတ်လို့ကောင်းတဲ့ ပိုစ့်လေးပါ။
အလွမ်းက ဒီလိုပိုစ့်မျိုးဆို အရမ်းကြိုက်တယ်။
အားပေးနေမယ်။


ခင်တဲ့
အလွမ်း

kokoseinygn said...

ဒီလိုမျိုး မပြတ်နိုင်တာတွေက
ဘာလို့လဲမေးရင်တော့.......
အေ၇းအသားကောင်းတာတွေ
ဖတ်ဖြစ်ခဲ့ပြန်ပါတယ်။

san htun said...

သေချာတယ်..အမေတင် စိတ်မပြတ်တာ..အရေးအသားက ကောင်းလွန်းလို့  ကိုယ်တောင် ဖတ်ပြီး မောသွားတယ်..