13 July, 2009

သန္ဓေမအောင်တဲ့ပန်းများ


အခုတော့ ကျွန်တော့်ဘဝထဲမှာ ကျွန်တော် အသားကျသွားခဲ့ပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကထက်စာရင် နည်းနည်းလည်း ဟန်ကျလာပါပြီ။ ကျွန်တော့် မှာ အလုပ်တစ်ခုလည်း ရှိနေပြီလေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ လို့ အဖေက ပြောဖူးတယ်။ ကျွန်တော့် အလုပ်က တံမြက်စည်း လှည်းတဲ့ အလုပ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် အလုပ်မှာ ကျွန်တော် ပျော်ပါတယ်။ ကိုယ့်ဘဝကို ကိုယ် မကျေမနပ် မဖြစ်အောင် ကြိုးစားပြီး နေနေပါတယ်။ အဖြူ အစိမ်း ကျောင်းသားတွေကို ငေးကြည့် အားကျတာမျိုးလည်း မရှိတော့ပါဘူး။

***

ကျွန်တော့်ကို မွေးတော့ မြစ်ကမ်းနားမှာ ဆောက်ထားတဲ့ တဲလေးတွေထဲက တဲတစ်လုံးထဲမှာပေါ့။ တိုက်ပေါ်က လူတွေကတော့ အဲဒီနေရာကို အောက်ချိုင်းလို့ ခေါ်တယ်လေ။

ကျွန်တော့်အဖေ နဲ့ အမေ မှာ ကျွန်တော် က ပထမဆုံးကလေးတဲ့။ ကျွန်တော့်ကို ရတော့မယ်ဆိုတော့ အဖေက အရူးအမူး ပျော်ခဲ့တယ်တဲ့။ တစ်ချို့ကတော့ ကျွန်တော်ဟာ ဂြိုဟ်ကောင်လေးလို့ ပြောကြတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကို မွေးပြီး ကျွန်တော့်အမေ သေသွားတယ်လေ။ အဖေကတော့ အမေသေရတဲ့ တရားခံက ဆင်းရဲခြင်းကြောင့်တဲ့။ ဒါဟာ အမှန်ပဲလို့ အခုတော့ ကျွန်တော် နားလည်လာပါပြီ။
ကျွန်တော့် အဖေရော အမေရော ဆိပ်ကမ်း ကုန်တင် ကုန်ချ အလုပ်သမားတွေပါ။ အမေ့ ခမျာလည်း ကိုယ်ဝန် လရင့်တဲ့ အထိ အလုပ်လုပ် ခဲ့ရတယ်။ ဆေးရုံမှာ မမွေးရပဲ အရပ်လက်သည်နဲ့မို့ အချိန်ကြာပြီး မဖြစ်သင့်တာ ဖြစ်ခဲ့ရတာတဲ့။ အာဟာရ မပြည့်ဝ လို့ အားနည်းနေတာလည်း ပါတယ်။ အမေ့ကို ဆေးရုံ မပို့နိုင်ခဲ့တာ၊ အာဟာရ ပြည့်အောင် မကျွေးနိုင်ခဲ့တာ သူ့အပြစ်ပဲလို့ အဖေက အမြဲတမ်း စိတ်မကောင်းဖြစ်နေခဲ့တယ်။ အဖေတို့ အမေတို့လို လူတွေမှာ ကျန်းမာရေး ဗဟုသုတဆိုတာ ဘာမှ မသိရှာတဲ့လူတွေပဲ။ အဖေကတော့ နည်းနည်းပါးပါး သိခဲ့ပါရဲ့။ ဒါပေမယ့် အဖေကကော ဘာများ လုပ်နိုင်မှာလဲ။ တစ်နေ့လုပ်မှ တစ်နေ့ စားရတဲ့ ဘဝတွေလေ။ တစ်ချို့တွေများ အဖေတို့ထက် ပိုဆိုးတာပေါ့။ ကလေးတွေက တစ်ပြုံကြီးနဲ့။ ကလေးတွေ မွေးမွေးပြီး ကျွေးမထားနိုင်တော့ ကလေးတွေက ကိုယ့်ဝမ်းစာကိုယ် ရှာစားနေကြရတယ်။ ကျွန်တော်တို့မြို့က လူတွေကတော့ အဲဒီ ကလေးတွေကို ရှာဖွေရေးလေးတွေလို့ ခေါ်ကြတယ်။

***

“သားကြီးလာရင် အဖေ့လို အလုပ်သမား မဖြစ်စေရဘူး” လို့ အဖေက ပြောခဲ့တယ်။ ကျွန်တော့်ကိုလည်း ကျောင်းထားပေးခဲ့တယ်။ ငါးနှစ် မပြည့်ခင် ကတည်းက မူကြိုထားပေးခဲ့တယ်။ ကျွန်တော်ဟာ ကျောင်းစနေရကတည်းက ကျောင်းမှာ မပျော်ဘူး ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ကျွန်တော် ဟာ ကျောင်းမှာ ပျော်တဲ့ ကလေးတစ်ယောက်ပါ။ အဖြူနဲ့ အစိမ်း ဝတ်ပြီး ကျောင်းစတက်ရတော့လည်း ပျော်တာပါပဲ။ တစ်ပတ်မှာ ကျောင်းပိတ်ရက် နှစ်ရက် ရှိတာကိုတောင် ကျွန်တော်က များလွန်းပြီ ထင်ခဲ့တာ...။ ကျောင်းပိတ်ရင် ကျွန်တော့်နေရာက ကမ်းနားမှာပဲလေ။

ကမ်းနားက ကျွန်တော်တို့ တဲကလေးက ဖျက်လိုက်ရတော့ စုတ်စုတ်ပြတ်ပြတ် ရပ်ကွက်တစ်ခုက သူများ အဖီလေးတစ်ခုမှာ ငှားနေရတယ်။ အဖေက ကမ်းနားမှာ အလုပ်လုပ်တော့ ကျွန်တော်လည်း ကမ်းနားမှာပဲ နေပူပူ မိုးရွာရွာ ဆော့ခဲ့တာ။ နေရိပ်တယ်ဆိုပြီး သူများ အိမ်ရှေ့ သံမံတလင်းပေါ် တက်ဆော့ရင်တော့ အော်ငေါက်ခံရတတ်တယ်။ ဒါပေမယ့် အဖော်တွေက ခေါ်ရင်တော့ အဲဒီ အိမ်ရှေ့ သွားဆော့တာပါပဲ။ ကျွန်တော့်လိုပဲ လမ်းပေါ်ကို ကစားကွင်း အမှတ်ထားနေရတဲ့ ကလေးတွေလည်း အများသားပဲလေ။ သူတို့တွေမှာ ကျောင်းတောင် မတက်ရရှာဘူး။ ကျွန်တော်က ကဗျာတွေ ဘာတွေ ရွတ်ပြရင် သူတို့မှာ ငေးလို့...။

ကျွန်တော့် အဖေကလည်း ငါးတန်း၊ ခြောက်တန်းလောက် အထိ ကျောင်းနေဘူးတော့ ကျွန်တော့်ကို တစ်ခါတလေ စာသင်ပေးနိုင်သေးတယ်။ ဘယ်လိုပဲ နေရ နေရ အဖေနဲ့ နေရတာ ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့် အဖေက သူများ အဖေတွေလို အရက်လည်း မသောက်တတ်ဘူး။ အဖေ့ ခမျာ ကျွန်တော် စားဖို့ ထမင်းတွေ ဟင်းတွေ လည်း ချက်ရသေးတယ်။ နောက် မိန်းမ ယူဖို့ သူများတွေက ပြောကြပေမယ့် အဖေက စိတ်မကူးခဲ့ဘူး။

ဒီလိုနဲ့ ကျွန်တော်လည်း နှစ်တန်းအောင်ပြီး သုံးတန်းတက်နေတုန်းမှာ အဖေ့ ကျန်းမာရေး ညံလာတယ်။ နေပူမရှောင် မိုးရွာမရှောင် ပင်ပင်ပန်းပန်း လုပ်ခဲ့တဲ့ ဒဏ်တွေပေါ့။ ဆရာဝန်ပြဖို့လည်း ပိုက်ဆံ မလောက်တော့ လမ်းဘေးကွမ်းယာဆိုင်က ဆေးတွေနဲ့ပဲ ကုနေရတယ်။

တစ်နေ့မှာတော့ ကျွန်တော့် ဘဝ အတွက် ကံဆိုးမိုးမှောင် ကျခဲ့ရတယ်။ အဖေ ဆေးရုံ ရောက်နေတယ် ဆိုလို့ ကျွန်တော့်ကျောင်းကို လူကြီး တစ်ယောက် လိုက်လာပြီး ပြောတယ်။ ကျွန်တော့်စိတ်ထဲမှာ အဖေ ခါတိုင်းလိုပဲ နေမကောင်း ဖြစ်နေတယ်လို့ အောက်မေ့မိတယ်။ ဒါပေမယ့် အဲဒီလို မဟုတ်ဘူး။ သူတို့ ပြောကြတာတော့ ဆန်အိတ်ပုံကြီး ပြိုကျလာပြီး အဖေ့ကို ပိသွားတာလို့ ပြောကြတယ်။ ကျွန်တော် ဆေးရုံရောက်တော့ အဖေ အသက်မရှိတော့ဘူး။ ဘာရယ် ညာရယ် သေချာ မသိပေမယ့် အဖေ့ကို နောက်ထပ်မတွေ့ရတော့ လို့ နားလည်လို့ ငိုမိတယ်။

ပွဲရုံ ပိုင်ရှင်က အသုဘစရိုက် ထုတ်ပေးပြီး အဖေ့ အပေါင်းအသင်းတွေက ကြည့်လုပ်လိုက်ရတယ်။ လိုက်ပို့မယ်သူလည်း ဘယ်သူမှ မရှိပါဘူး။ အဖေ့လို အလုပ်သမား တစ်ချို့ပဲ ခြေလျင်လိုက်ပို့ကြတယ်။ အဖေ့ အသုဘချတော့ လမ်းမှာ အသုဘတစ်ခု ချလာတာနဲ့ တိုးတယ်။ ကားတွေ၊ မြင်းလှည်းတွေ၊ လူတွေ အများကြီး ပဲ။ ကျွန်တော် တစ်ခါက အဲဒီလို လူတန်းကြီး တွေ့လို့ အဖေ့ကို မေးကြည့်တော့ အဖေက အသုဘချတယ် လို့ ခေါ်တယ်၊ လူသေလို့ သင်္ချိုင်းကို ပို့တာ လို့ ပြောခဲ့ဘူးတယ်။ အဲတော့မှ ကျွန်တော်သိသွားတာ။ အခုတော့ အဖေကို သင်္ချိုင်းကို ပို့ရတော့ ဟိုအသုဘလို လူတွေ အများကြီးလည်း လိုက်မပို့ဘူးလို့ တွေးပြီး ကျွန်တော်ငိုတာပဲ။ ကျွန်တော့် အနားမှာ အဖေ ဘယ်တော့မှ မရှိတော့ဘူး လို့ တွေးမိရင် လက်မခံချင် သလိုပဲ။ အိမ်မက် မက်နေသလားလို့ ထင်မိပါရဲ့။ ဒါပေမယ့် အိမ်မက် မဟုတ်ဘူး။

***

အဖေ မရှိတော့တာနဲ့ ကျွန်တော့် ဘဝကတော့ ပျက်တာပဲ။ ကျွန်တော်တို့မှာ အမျိုးဆိုတာ ရှိတာ မဟုတ်ဘူး။ အဖေကလည်း ဘာမှ စုဆောင်းထားတာ မရှိဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဘဝတွေလေ။ အဖေ လည်းဆုံးရော ကျွန်တော် ကျောင်းတက်ဖို့ နေနေသာသာ စားစရာကို မရှိလို့ လမ်းပေါ် ထွက်ရှာရတယ်။

လမ်းပေါ်က ကျွန်တော့် သူငယ်ချင်းတွေက ပြောကြတယ်။ အမှိုက်ပုံတွေ မှာ စားလို့ရသေးတဲ့ စားစရာတွေ ရှိတတ်တယ် ဆိုလို့ ကျွန်တော် ရှာကြည့်တော့ ဘာမှ မရှိပါဘူး။ ကျွန်တော် တော့ အမှိုက်တွေပဲ တွေ့တယ်။ ခရမ်းချဉ်သီး အပုပ်တွေ၊ အုန်းသီး အပုပ်တွေ၊ ဖရဲသီး အခွံတွေပဲ တွေ့...၊ ဘာသွားစားလို့ရမှာလဲ။ နေ့ခင်းအထိ ကျွန်တော် ဘာမှ မစားရသေးဘူး။ ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ ဗိုက်ကလည်း တော်တော် ဆာနေပြီ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့က အမှိုက်ပုံထဲက ခရမ်းချဉ်သီးတို့ အုန်းသီးတို့ ကောက်ရတယ်တဲ့။ ကျွန်တော်ကတော့ ရွံတယ်။ ကျွန်တော်တို့ သားအဖက ဟင်းမကောင်းရင် ဆန်မကောင်းရင်သာ နေမယ်။ အပုပ်အစပ်တော့ မစားခဲ့ပါဘူး။ အခုမှ ကျွန်တော့်မှာ ခက်ပြီ။ သူငယ်ချင်းတွေက ပြောကြတယ်။ ကားဂိတ်တွေမှာ သွားပြီး တောင်းပါလားတဲ့။ ဒါပေမယ့် အဲဒီလို လုပ်ဖို့တော့ ကျွန်တော်က နည်းနည်း အသက်ကြီးနေပြီ လို့လည်း ပြောကြတယ်။ ကျွန်တော် သူတောင်းစား ဖြစ်ရတော့မှာပဲ။ မတတ်နိုင်ဘူးလေ ဆိုပြီး သွားတောင်းကြည့်တယ်။ တစ်ပြားမှ မရဘူး။ ကားပေါ်က လူတွေ အော်ငေါက်တာပဲ ခံရတယ်။

အဲဒီနေ့က ညနေအထိ ဘာမှ မစားရဘူး။ ကျွန်တော် ငိုချင်လာတယ်။ အဖေ့ကိုလည်း သတိရလိုက်တာ။ ကျောင်းကပြန်လာတဲ့ သူငယ်ချင်း တစ်ယောက် နဲ့ တွေ့တော့ သူက မင်းဘာလုပ်နေတာလဲ တဲ့၊ ဘာဖြစ်လို့ ကျောင်းမတက်တာလဲ လို့ သူကမေးတယ်။ ငိုချင်ရက် လက်တို့သလို ဖြစ်သွားတယ်။ ကျွန်တော် ဘာမှ မပြောပဲ ပြေးလာခဲ့တယ်။

အလစ်သုတ်တဲ့ အလုပ်လည်း ကျွန်တော် မလုပ်ချင်ဘူး။ သူများ ပစ္စည်းခိုးတာ မကောင်းဘူးလို့ အဖေက ပြောဖူးတယ်။ နောက်ပြီးတော့ သူများ ပစ္စည်း အလစ်သုတ်လို့ မိသွားရင် ဘာလုပ်မလဲလို့ တွေးပြီး ကြောက်နေတာပဲ။ အဲဒီလို လုပ်ဖို့ စိတ်ကူးကို မရှိပါဘူး။

ဒီလိုနဲ့ပဲ လမ်းတွေပေါ်မှာ ရှာဖွေရေးကလေး တစ်ယောက် တိုးလာခဲ့တာပေါ့။

***

တစ်နေ့ပြီး တစ်နေ့ ဖြတ်သန်းရင်း ကျွန်တော့် အသက်ကို ဘယ်လို ဆက်ရှင်အောင် မွေးရမယ်ဆိုတာ သိလာသလိုပဲ။

တစ်မြို့လုံးမှာ ကျွန်တော်တို့ ခြေရာတွေချည်းပဲပေါ့။ တွေ့ရာ ကြုံရာစား။ တွေ့ရာ ကြုံရာနေ။ တွေ့ရာ ကြုံရာမှာ အိပ်။ ဒါ က ကျွန်တော်တို့ ဘဝပဲ။ ညနေ ညနေ တွေမှာ တော့ ထမင်းကျန် ဟင်းကျန်လေး ဘာလေး စားရတတ်ပါတယ်။ တစ်ခြား ကောင်လေးတွေကတော့ အဖေ အမေ ရှိကြသေးတော့ သူတို့ ရလာတာတွေကို ပေါင်းစပ် ချက်ပြုတ်ပေးမယ့်သူ ရှိသေးတယ်။ ကျွန်တော့်မှာတော့ တစ်ယောက်တည်းပဲ။

ကျွန်တော် တက်ခဲ့တဲ့ ကျောင်းနားကိုလည်း မယောင်မလည် နဲ့ ရောက်သွားတတ်သေးတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ၊ ဆရာမတွေ မမြင်အောင် ပုန်းလျှိုး ကွယ်လျှိုးပေါ့။ ကောင်းကောင်းမွန်မွန် ဝတ်စားပြီးတော့ အမေတွေ၊ အဖေတွေ လိုက်ပို့တဲ့ ကောင်လေးတွေကို ကျွန်တော် ငေးကြည့်တတ်ခဲ့တယ်။ အဲဒီ အချိန်တုန်းကပါ။ လူမမြင်အောင် မျက်ရည်လည်း ကျတတ်သေးတယ်။

အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး။ ကျွန်တော်နဲ့ ဘဝတူ ကောင်လေး ကောင်မလေး တွေနဲ့ အလိုက်သင့် ရောပြီး နေတတ်ခဲ့ပါပြီ။ ရှာနိုင် ဖွေနိုင်မှ စားရမယ့် ကျွန်တော်တို့ ဘဝမှာ ရှက်တာ ကြောက်တာတွေ မရှိမှ ဖြစ်မှာပါ။ အဲဒါကြောင့်ပဲ ကျွန်တော် တို့ကို လူတော်တော် များများက မျက်မုန်းကျိုးတတ်သေးတယ်။ ဒါကလည်း သူတို့ဘက်ကကြည့်ရင်တော့ မှန်ပါတယ်။ တစ်ချို့ ကလေးတွေက လက်ဆော့တတ်ကြတယ်။ ပြတင်းပေါက်သံတိုင် ကြားက လက်နှိုက်ပြီး မုန့်ခိုးစားတယ်၊ လစ်ရင် လစ်သလို အိမ်ပေါက်ဝနားက ပစ္စည်းတွေ ယူတတ်သေးတယ်။ ဆေးတွေ ဘာတွေ လင်ပန်းနဲ့လှမ်းထားရင် ဆေးတွေ သွန်ပြီး လင်ပန်းကို ယူတတ်သေးတယ်။ ဆိုင်တွေက ပစ္စည်းကို လစ်ရင် လစ်သလို အလစ်သုတ်ကြတယ်။ ကျွန်တော်ကတော့ အဲဒီလို လုပ်ဖို့ ခုထိ လက်မရဲသေးဘူး။
တစ်ချို့ ကလေးတွေဆို ကျွန်တော့် ထက် အများကြီး ငယ်သေးတယ်။ လမ်းလျှောက်တတ်ပြီ ဆိုတာနဲ့ လမ်းပေါ်ကို လွှတ်လိုက်တယ် လို့ ထင်ရတယ်။ ဒီလိုပဲ သွားလာ တောင်းရမ်း ရှာဖွေ စားနေကြတာပဲ။

ကျွန်တော်တို့ ကြက်သွန်နီ လက်ကားဒိုင်တွေ ရှိတဲ့နေရာကို သွားကြတယ်။ အဲဒီမှာ တစ်နေကုန်တဲ့ နေ့လည်းရှိတယ်။ အောက်မှာ ကျတဲ့ ကြက်သွန်တွေကို ကောက်ကြတယ်။ တစ်ခါ တလေ တော်တော်များများ ရပါတယ်။ အဲဒီ ကြက်သွန်တွေကို လမ်းဘေးက ဈေးသည်တွေ ဆီမှာ သွားသွင်းကြတယ်။ တစ်ခြမ်းပုပ်လို့ လွှင့်ပစ်ထားတဲ့ အာလူးတွေလည်း ကျွန်တော်တို့ ကောက်တာပဲ။ ပွဲရုံတွေနားမှာလည်း ကျွန်တော်တို့လို ကလေးတွေ ယောင်လည်လည် လုပ်နေတတ်တယ်။ ဆန်တို့ နှမ်းတို့ ပဲတို့ ကျသမျှ ကောက်ဖို့ အတွက်ပေါ့။ နောက်တော့ ပွဲရုံက လူတွေကလည်း ပါးလာတယ်။ အောက်က ခင်းပြီးမှ လုပ်စရာ ရှိတာ လုပ်ကြတယ်။ ပြီးတော့ အောက်မှာ ကျတာ ကိုပါ ပြန်ယူတယ်။ ကျွန်တော်တို့ကိုလည်း မောင်းထုတ်တတ်ကြတယ်။ ဒီလူတွေမှာ နည်းနည်းမှ စာနာစိတ်မရှိဘူး။ ကျွန်တော်တို့လို ကလေးတွေက ဒါမျိုးလေးတွေ ရမှ အလုပ်ဖြစ်တာ။ သူတို့ အတွက် ဒါတွေ လောက်က ဘာများ နစ်နာသွားမှာ မို့လဲ လို့ ကျွန်တော်တွေးမိတယ်။

တစ်ချို့ကလေးတွေဆိုရင် နားမလည်သေးတဲ့ အရွယ် ဆိုတော့ တွေ့ကရာ အကုန် ကောက်ကြတာပဲ။ အိုးအကွဲတွေ၊ ပန်းအနွမ်းတွေ...၊ ကောက်လာတာ သူတို့ အိမ်က မိဘတွေက ဆူကြရော။ ကျွန်တော်တို့ ကောက်တဲ့ အထဲမှာ ပလတ်စတစ်တို့ ၊ စက္ကူ အတိုအစတို့၊ ရေသန့် ပုလင်းအခွံ တို့လည်း ပါတယ်။ အဲဒါတွေ ဝယ်တဲ့ ဆိုင်ကို ပြန်သွင်းလို့ ရတယ်လေ။

တစ်ခါတရံတော့ အဖေ့ကို သတိရမိတယ်။ ဒါပေမယ့် အဖေ့ အကြောင်းကို မတွေးမိအောင် နေပါတယ်။ အဖေ့ အဖြစ်က ဆိုးလွန်းပါတယ်။ အဖေ မသေသင့်သေးဘူးလို့ ကျွန်တော် အမြဲတမ်းတွေးမိနေတယ်။ ကျွန်တော့် အပေါင်းအသင်းတွေရဲ့ မိဘတွေက သိပ်ပြီးတော့ စရိုက်ကြမ်းလွန်းတယ်။ ကျွန်တော့် အဖေက အဲဒီလို မဟုတ်ဖူး။ သီချင်းတောင် အော်ဟစ် မဆိုတတ်ဖူး။ အရေမရ အဖတ်မရ ညစ်ညစ် ပတ်ပတ် စကားတွေလည်း လျှောက်မပြောတတ်ဖူး။
ဒီလိုနဲ့ပဲ အပေါင်းအသင်းတွေနဲ့ အော်ဟစ် ရယ်မောရင်း အဖေ့ကို မေ့အောင် ကြိုးစားခဲ့ရတယ်။

***

အဲဒီနောက်တော့ စည်ပင်သာယာက တံမြက်စည်းလှည်းတဲ့ အလုပ်ကို ကျွန်တော်နဲ့ ကျွန်တော့် အပေါင်းအသင်း တစ်ချို့ လုပ်ခဲ့တယ်။ ကျွန်တော်တို့ စည်ပင်သာယာ တံဆိပ်ပါတဲ့ လက်ပြတ် အပေါ်အင်္ကျီ တစ်ထည်စီ ရတယ်။ နေ့စား လခ ရတယ်။ အဲဒီငွေက ဘယ်လောက်နည်းနည်း တောင်းစားပြီးမှ ရတဲ့ငွေ မဟုတ်တဲ့ အတွက် ကျွန်တော် ဝမ်းသာပါတယ်။

ကျွန်တော်တို့ နေပူကျဲကျဲမှာ အလုပ်လုပ်ရတယ်။ ဈေးထဲမှာ ဆိုလည်း ညစ်ပတ်တဲ့ အမှိုက်တွေ သိမ်းရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ဘယ်တော့မှ မခို မကပ်ခဲ့ဘူး။ ကျွန်တော်လုပ်ရတဲ့ နေရာမှာတော့ အမှိုက်တစ်စ မရှိအောင် လုပ်ခဲ့တာချည်းပါပဲ။

ကျွန်တော်တို့ အလုပ်သိမ်းပြီး ပြန်ချိန်ဆို မိုးချုပ်နေပြီပေါ့။ လမ်းပေါ်မှာ ကျွန်တော်တို့ပဲ ရှိသလို သီချင်းတွေ အော်ဟစ်ဆိုပြီး ပြန်လာကြတယ်...။ တစ်ချို့လည်း ဖြောင့်ဖြောင့် မပြန်သေးပဲ လမ်းဘေးမှာ သားရေကွင်းပစ်ပြီး ဆော့နေကြသေးတာ...။ ကြည့်လိုက်ရင်တော့ အပူအပင်ဆိုတာ မရှိသလိုပဲ။ ကလေးအရွယ်တွေပဲ ရှိသေးတော့လည်း ရှေ့ရေး နောက်ရေး တွေးနေစရာ မရှိတော့ ပျော်သလို နေကြတာပေါ့။ ညဘက်ကျတော့ တစ်ချို့က ရလာတဲ့ ပိုက်ဆံလေးတွေနဲ့ ဗီဒီယိုရုံ သွားကြည့်တတ်ကြတယ်။

လူဖြစ်လာတဲ့ ဘဝထဲမှာ ကျွန်တော်တို့ဘဝထက် ဆိုးတာ မရှိဘူးလို့ ထင်ရတယ်။ ဒါပေမယ့် ကျွန်တော်တို့လို ကလေးတွေက ကိုယ့်ဘဝကိုယ် သနားပြီး စိတ်ဓာတ်ကျ နေရလောက်အောင် အသိဥာဏ် မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်မို့ ပြောတာ မဟုတ်ဘူး။ ကျွန်တော်ကမှ အားလုံးထဲမှာ စာလေးနည်းနည်း ဖတ်တတ်ပြီး အဖေ့ရဲ့ ဆုံးမထားတာတွေကြောင့် လိမ္မာသေးတာ...။ သူများတွေက ပိုဆိုးတယ်။ ပိုရိုင်းတယ်။ သူတို့ မိဘတွေကလည်း သူတို့လိုပဲ ကြီးလာတဲ့သူတွေ ဆိုတော့ ဆုံးမသွန်သင်ဖို့ရာ အသိဥာဏ် မရှိကြဘူး။ ဒီလိုနဲ့ပဲ ဒီလို မျိုးဆက်တွေပဲ တစ်ဖြည်းဖြည်း ပွားများလာတာပေါ့...။

***

ကျွန်တော် တွေးနေမိတာ တစ်ခု ရှိသေးတယ်။ ကျွန်တော်သေရင် ဘယ်လိုများ သင်္ချိုင်း အောင်ပို့မလဲလို့...။ ကျွန်တော့် အပေါင်းအသင်း ရှာဖွေရေး ကလေးတွေတော့ အသုဘ လိုက်ပို့ကြလိမ့်မယ်လို့ တွေးမိတယ်။ ကျွန်တော် သေများသွားရင် ဘယ်သူက အသုဘ စားရိတ် စိုက်ပေးမှာလဲ။ ကျွန်တော်က သေတာကို ကြောက်စရာလို့ မမြင်ပါဘူး။ သေသွားရင် ကောင်းတယ်လို့တောင် တွေးမိသေးတယ်။ အဖေ နဲ့လည်း တွေ့ရင် တွေ့ရမှာ။

အဲဒီလို တွေးနေမိတဲ့ နေ့မှာပဲ ကျွန်တော်သိတဲ့ ကျွန်တော့်ထက် ငယ်တဲ့ ကောင်မလေး တစ်ယောက် သေသွားတယ်။ ကားပေါ်က ဒီဇယ်ပေပါတွေ ချနေတာကို အဲဒီကောင်မလေးက ဖြတ်ပြေးရင်း ပေပါ တစ်လုံး ပိသွားတာလို့ မြင်လိုက်တဲ့ လူတွေက ပြောကြတယ်။ ဆေးရုံ မရောက်ခင် လမ်းပေါ်မှာပဲ သေသွားတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ အဲဒီနေရာကို ပြေးကြည့်တော့ အလောင်းမရှိတော့ပါဘူး။ သွေးကွက် တစ်ချို့နဲ့ ဆီးတွေ၊ ဝမ်းတွေပဲ တွေ့ရတော့တယ်။

ကျွန်တော်လည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ကျွန်တော့် အဖေလို အဖြစ်မျိုး ဖြစ်သွားတာကို ကျွန်တော် မကြားချင် မမြင်ချင်ပါဘူး။ အဲဒီကလေးမက မိထွေးနဲ့နေရတာ ဆိုတော့ သူများတွေထက် ဆိုးတာပေါ့။ အဲဒီကောင်မလေးကို သိတဲ့လူတွေက ဝဋ်ကျွတ်သွားတာလို့ ပြောကြတယ်။ သူ့လို ကလေးမမျိုးကို ဘယ်သူကမှ နှမြောတသ ဖြစ်မနေပါဘူး။ ဒီအဖြစ်အပျက်ကို မြင်လိုက်ရတဲ့သူတွေလည်း တစ်ရက် နှစ်ရက်လောက်မှာ မေ့သွားကြတယ်။

ကျွန်တော်တို့လို ကလေးမျိုးတွေ လူ့လောကထဲက ထွက်သွားဖို့ ဒီလောက် လွယ်ကူလွန်းတာကို မုန်းမိတယ်။
ကျွန်တော်တို့ ဘဝတွေဟာ တကယ့်ကို တန်ဖိုးမဲ့ ဘဝတွေပါ။ ကြီးလာတဲ့ အခါကျ အချင်းချင်း အိမ်ထောင်ပြုကြ။ ပြီးတော့ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးလာရင် လမ်းပေါ် လွှတ်လိုက်ကြတယ်။ အဲဒီလိုနဲ့ လမ်းပေါ်က မျိုးဆက်တွေ ပြန့်ပွားလာကြတယ်။ ဘယ်လို အဆုံးသတ်ဖို့ ဖြစ်နိုင်မှာလဲ။ဘယ်လို တိုးတက်ဖို့ ဖြစ်နိုင်မှာလဲ။ ကျွန်တော်တို့ အားလုံးရဲ့ ဘဝတွေ တိုးတက်ဖို့ ဘယ်သူတွေကများ လုပ်ပေးနိုင်မှာလဲ။ ကျွန်တော်တို့က ကိုယ့်ဘာသာကိုယ်ရော... ဒီလို တန်ဖိုးမဲ့ ဘဝထဲက ဘယ်လို ရုန်းထွက်နိုင်ပါ့မလဲ။

ကျွန်တော်တို့လို ကလေးတွေကို ပညာသင်ပေးမယ့်၊ ကျွန်တော်တို့ကို လက်ရှိဘဝထဲက ဆွဲထုတ်ပြီး ရွေးချယ်စရာ ရှိတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ သင်ပေးမယ့် တန်ခိုးရှင်လို တစ်စုံတစ်ရာကို စောင့်မျှော်နေကြပါတယ်။ အများစုမှာတော့ ဒီလို ဘဝထဲက ရုန်းထွက်ချင်စိတ် မရှိလောက်အောင် ကို အသိဥာဏ်နုံနဲ ကြပါတယ်။ အလုပ်လုပ်ချင်စိတ် မရှိပဲ တောင်းရမ်း ခိုးဝှက် စားသောက်ချင်သူတွေကလည်း အများသားလေ။ ပထမဆုံး အနေနဲ့ သူတို့ကို အသိစိတ် ဝင်လာအောင် အရင်လုပ်ရမှာ...။

ဘာပဲ ဖြစ်ဖြစ်ပေါ့လေ...။ လောလောဆယ်ဆယ် မှာတော့ ကျွန်တော်တို့ မြို့က လမ်းမကြီးတွေ၊ လမ်းကြို လမ်းကြားတွေမှာ အိတ်ကလေးတွေ ဗန်းကလေးတွေ ကိုင်ပြီး လျှောက်သွားနေကြတဲ့ ကလေးတွေ ရှိနေကြပါတယ်။

(ဟိုးအရင်တုန်းက ရေးထားတဲ့ လက်ရေးမူလေးတွေ့လို့ ပြန်ရိုက်ပြီး တင်လိုက်တာပါ။)

သိင်္ဂါကျော်

5 comments:

Unknown said...

အရမ်းကောင်းတဲ့စာစုလေးပါ.... ၀ါရင့် စာရေးဆရာကြီးများ နှင့် မခြားပါပဲ....အရမ်းကြိုက်တယ်...

ဝက်ဝံလေး said...

အင်းးးးးးး ဖတ်ရတာလေ သနားစရာ ဟယ် ရေးလဲရေးတတ်ပါ့နော် မမလား အကိုလားးး နေဦးနော် profile နောက်မှ ရှာဖတ်မယ်အခု ဆက်ပြီးဖတ်လိုက်ဦးမယ်နော်
ဂတိတည်တယ် ဟုတ် လာပြန်ဖတ်တယ်နော် ဟွန်းးးး

ဘိုင်

မယ့်ကိုး said...

စာလေးကောင်းလိုက်တာ။ တကယ်အားပေးပါတယ်။နောက်လည်း အမြဲလာဖတ်ပါမယ်။

May Thu San said...

သူငယ်ချင်းရေ၊ နင့်စာလေးတွေ လိုက်ဖတ်နေမိတယ်။ အားလုံးလိုလို ကြိုက်ပါတယ်။ ဒါလေး ကတော့ မျက်ရည်လည်ရင်း ရင်ထဲမှာ နင့်ပြီး ကျန်ခဲ့တယ်။ နောက်ဆို အဲဒီလို ကလေးမျိုးတွေကို အရမ်းသနားတတ်နေ တော့မှာပါ။

zinkokyaw said...

အရမ်ကောင်းပါတယ်
ကျွန်တော်မချီးကျုးဘဲကိုနေလိုမရဘူး