21 July, 2009

စောင့်နေသောမိန်းကလေး


မိုးလွင် အတွက် သိတတ်စ အရွယ်မှစ၍ အတောင့်တဆုံး၊ အလိုချင်ဆုံး အရာမှာ ကိုယ်ပိုင်အိမ်တစ်လုံး ပင်ဖြစ်သည်။ သူတို့ သားအဖသည် အိမ်ခန်းငှား နေကြရာမှာ ကြာရှည် အဆင်မပြေသဖြင့် နေရာ အနှံ လျှောက်ပြောင်းခဲ့ရသည်။ သူ့အဖေသည် တတ်နိုင်သမျှလေးနှင့် နေရာတစ်ခု ငှား၍ရအောင် ဈေးအပေါဆုံး နေရာတစ်ခုကို အမြဲတစေ ရှာဖွေနေခဲ့ရသည်။ အိမ်ရှင်က ငှားခ တိုးတောင်းလျှင် မပေးနိုင်သဖြင့် နေရာခဲ့ရသည်ချည်း ဖြစ်သည်။ နေရာပြောင်းရဖန် များသောကြောင့် အဖေက တွန်းလှည်းလေးတစ်ခု လုပ်ထားပြီး ထိုတွန်းလှည်းပေါ်တွင် သူတို့ သားအဖပိုင် ပစ္စည်းအနည်းအကျဉ်းကို တင်ကာ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကြရသည်။ ထို အခိုက်အတန့် အချိန်များကို သူ အမုန်းဆုံးပင်ဖြစ်သည်။

အဖေက ဘယ်လောက်ပင် ဆင်းရဲ ကျပ်တည်း နေသော်လည်း ရောက်လေရာ အရပ်မှာ သူ့ကိုကျောင်းတော့ ထားခဲ့သည်။ မိုးလွင်ကလည်း တစ်နှစ် တစ်တန်းတော့ အောင်အောင် ဖြေခဲ့သည်။ သို့သော် တစ်နှစ် တစ်ကျောင်း လောက်နီးနီး ပြောင်းနေရသည်ကိုတော့ သူမကြိုက်ပါ။ ရှိနှင့်ပြီးသော အတန်းကြီး ကလေးများက သူ့ကို အနိုင်ကျင့်ကြသည်။ သူငယ်ချင်း ရှိလာပြန်တော့လည်း ရင်းနှီးမှု ပိုလာချိန်မှာ ခွဲခွာရပြန်သည်။ နောက်ပိုင်းမှာ သူငယ်ချင်းရယ်လို့လည်း သူမထားတော့။ အတန်းကြီးလာတော့ သူ့လို အဆင့်အတန်းမျိုးကို အဖက်မလုပ်ချင်သူတွေ ကလည်း များလာသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုနဲ့ပဲ သူ ဆယ်တန်းအောင်ခဲ့သည်။ သူ ဆယ်တန်းအောင်သည့် နှစ်မှာပင် အဖေ ဆုံးသွားသည်။ သူ့အမေကတော့ သူ့ကို မွေးပြီးစဉ်ကပင် ဆုံးပါးခဲ့ခြင်း ဖြစ်သည်။

အဖေက မိုးလွင်ကို သူ့လို ဖြစ်မှာ စိုးရိမ်သည်။ သူ့လို ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင် မပြုဖို့၊ အလုပ်ကြိုးစားဖို့၊ ကိုယ်ပိုင် အိမ်တစ်လုံး ဝယ်နိုင်အောင် ကြိုးစားဖို့ မှာခဲ့ရှာသည်။ အဖေ့ခမျာ သေသွားသည့် အချိန်အထိ သူနေချင်သော ကိုယ်ပိုင်အိမ်နှင့် နေမသွားရရှာပေ။ အဖေ ဆုံးပြီးနောက် မိုးလွင်လည်း ကျောင်းဆက်မတက်တော့ပါ။ သမာအာဇီဝ အလုပ်မျိုးစုံကို လုပ်ပြီး တတ်နိုင်သမျှ ကြိုးစားရှာဖွေကာ စုဆောင်းခဲ့ပါသည်။ လူငယ်သဘာဝ အပျော်အပါးနှင့် အချိန်မဖြုန်းပဲ အချိန်ရှိသမျှ ငွေရနိုင်မည့် အလုပ်ကိုသာ ရှာကြံ လုပ်ကိုင် ခဲ့ပါသည်။ မသေရုံတမယ် ခြိုးခြံ ချွေတာ စားသုံးကာ စစ်စစ်စီစီ သုံးစွဲ နေထိုင်ခဲ့သည်။

***

အချိန်ကာလ များစွာ ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးမှာတော့ မိုးလွင် တစ်ယောက် ကိုယ်ပိုင်အိမ် တစ်လုံးဝယ်နိုင်ခဲ့ပါပြီ။ ထိုအိမ်မှာ မိုးလွင်၏ အခြေအနေနှင့် စာလျှင် အတော်ပင် ကောင်းနေပါသည်။ နှစ်ထပ်တိုက်ကလေး ဖြစ်ပြီး အတော်ပင် သစ်လွင်နေပါသေးသည်။ လူချမ်းသာ ရပ်ကွက်၏ အစွန်ဆုံး နားကျပြီး အနီးအနားရှိ အိမ်များနှင့် အနည်းငယ် အလှမ်းဝေးသည်။ ပွဲစား တစ်ယောက် ကြားခံနှင့် ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး ယခင်က ဘယ်သူတွေ နေခဲ့မှန်း သူမသိပါ။ ဈေးနှုန်းမှာ မတန်တဆ နည်းနေပြီး မိုးလွင် အနေနှင့် အချို အချောင် ရလိုက်ခြင်းဟုပင် ပြောရမည် ဖြစ်ပါသည်။ ထိုမျှလောက် ငွေကို ရဖို့ပင် သူ့မှာ မနည်းကြီး ကြိုးစား စုဆောင်းခဲ့ရခြင်း ဖြစ်ပါသည်။

အခုတော့ သူဆင်းရဲ ပင်ပန်းခဲ့ရသည့် အချိန်များ အဆုံးသတ်သွားပြီ ဖြစ်ပါသည်။ ခန့်ညားသော တိုက်တစ်လုံးကို သူပိုင်ဆိုင်ခဲ့ပါပြီ။ သူ နှစ်ပေါင်းများစွာ မျှော်လင့်ခဲ့ရသော အိမ်ကို ရရှိခဲ့သည့် အချိန်တွင် သူ့အဖေကတော့ သူ့အနားမှာ မရှိနိုင်တော့ပါ။ ထိုအိမ်ကို သူတစ်ယောက်တည်းသာ ပြောင်းလာခဲ့ရသည်။ သူ့မှာ ပစ္စည်း များများစားစားလည်း မရှိသဖြင့် နေရာချထားခြင်း ကိစ္စမှာလည်း ခဏနှင့်ပင် ပြီးသွားပါသည်။ အိမ်ထဲကို လျှောက်ကြည့်ရင် သူ ကျေနပ်နေပါသည်။ ဤအိမ်သည် သူ တစ်ယောက်တည်း ပိုင်သော အိမ် ဖြစ်သွားပါပြီ။ သူ့အဖေကို ခေါ်ပြီး ပြလိုက်ချင်ပါသည်။ သူက အိမ်ကို ကြည့်ပြီး ပျော်ရွှင်နေသော်လည်း အိမ်အတွင်းတွင် နွေးထွေးမှုကို မခံစားရပဲ အေးစိမ့်စိမ့် ခံစားမှုမျိုး ဖြစ်နေပါသည်။ တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသလို ခံစားရသည်။

နေ့ခင်းဘက်တွင် သူ့ချစ်သူ လာသည်။ သူတို့နှစ်ယောက် မေတ္တာရှိနေကြသည်မှာ ကြာပြီ ဖြစ်သော်လည်း အခြေအနေ မပေးသဖြင့် ခပ်ဝေးဝေး နေနေကြရဆဲ ဖြစ်ပါသည်။ ယခုတော့ သူ အိမ် တစ်လုံးဝယ်နိုင်ပြီ။ သူတို့နှစ်ယောက် အတူနေဖို့ အရေးမှာလည်း နီးလာပြီဟု ထင်ရပါသည်။ သူမကလည်း သူမ၏ မိသားစုကို လုပ်ကျွေးနေရသူ ဖြစ်သည်။ မောင်နှမများသော သူမ၏ အိမ်မှာ သူ့အနေနှင့် လိုက်နေဖို့ မဖြစ်နိုင်ခဲ့ပါ။ ယခုတော့ အဆင်ပြေပါတော့မည်။ သူမကလည်း သူ့အိမ်ကို သဘောကျပါသည်။ သူတို့ နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ် စားသောက်ပြီး ညနေစောင်းတော့မှ သူမ ပြန်သွားခဲ့သည်။

***

ထိုနေ့ ညပိုင်းတွင် သူ တစ်ယောက်တည်း ဧည့်ခန်း၌ရှိသော တစ်လုံးထဲရှိသော တစ်လုံးတည်းသော နှစ်ယောက်ထိုင်ဆိုဖာတွင် ထိုင်၍ အေးအေးလူလူ တီဗွီ ကြည့်နေခဲ့ပါသည်။ နိုင်ငံတကာ သတင်းကြည့်နေရာမှ သတင်းကြေငြာသူသည် ရုတ်တရက် သူ့ကို လက်ညှိုးညွှန်ကာ “ဒီအိမ်က ခုချက်ချင်း ထွက်သွား” ဟုပြောလာပါတော့သည်။ သူ အံသြတုန်လှုပ်သွားပြီး ဘာသတင်းကို ကြေငြာနေပါလိမ့် ဟု အသေအချာ ပြန်ကြည့်မိသည်။ နောက်ခံ သတင်းရုပ်ပုံလည်း မရှိပါ။ သတင်းကြေငြာသူသည် သူ့ကို လက်ညှိုးထိုး၍ ပြောနေခြင်း ဖြစ်သည်။ ထိုသူက “ ဒီအိမ်မှာ မင်းကို နေခွင့်မပြုနိုင်ဘူး၊ ထွက်သွားပါ၊ အခုထွက်သွားပါ ” ဟုပြောသည်။ သူက ကြောင်ကြည့်နေဆဲ။ တီဗွီထဲမှ ထိုလူ၏ ကိုယ်တစ်ပိုင်း ထွက်လာပြီး လက်အရှည်ကြီး ဆန့်တန်းကာ သူ့ကို လည်ပင်းညှစ်တော့သည်။ သူ အတင်း ရုန်းကန်ကာ ခုံမှ ထပြီး ထွက်ပြေးရသည်။ ထိုလူလည်း ပျောက်သွားသည်။ သူ တီဗွီ ကြည့်ရင်း အိပ်ပျော်ကာ အိပ်မက်မက်ခြင်း ဖြစ်မည်ဟု ထင်မိသည်။

ဆိုဖာထိုင်ခုံမှာ သူပြန်ထိုင်လိုက်သည်။ ခဏကြာတော့ ထိုင်ခုံက သူ့အလိုလို ဒေါင်လိုက်စောင်းသွားပြီး သူလိမ့်ကျသွားသည်။ ဆိုဖာထိုင်ခုံက ဒေါင်လိုက်ရွေ့နေသည်။ မီးဖိုခန်းမှ ပစ္စည်းများက လေထဲတွင် ဝဲပျံကာ ဧည့်ခန်းသို့ ရောက်လာကြသည်။ သူ ကြောက်ရွံ၍ နံရံထောင့်တွင် ကပ်နေမိသည်။ ဆိုဖာထိုင်ခုံက ရွေ့လာပြီး သူ့ အပေါ်သို့ လာဖိသည်။ ဆိုဖာဆီမှ လာသည်ဟု ထင်ရသော အသံတစ်သံကို ကြားရသည်။ “ မသွားသေးဘူးလား၊ ထွက်မသွားသေးဘူးလား ” ဟူသော ဆိုဖာက ပြောသော အသံကို သူကြားရသည်။ “ မင်း အသက်နဲ့ ခန္ဓာမြဲချင်ရင် ဒီအိမ်က မြန်မြန် ထွက်သွား ” ဟူသော အသံကို ကြားရပြီး သားလှီးဓား တစ်ချောင်းက သူ့နားရွက်ဘေးသို့ လာစိုက်သည်။ သူ ပတ်ပြေးသည်။ သားလှီးဓားက သူထွက်သွားသော တံခါးဘောင်တွင် စိုက်လျက် ကျန်ခဲ့သည်။

သူတစ်ချိုးတည်း ပြေးလာခဲ့ရာ ရဲဌာနသို့ ရောက်သွားသည်။ သူ့အိမ်တွင် တစ်ယောက်ယောက်က သူ့ကို သတ်ဖို့ ကြံစည်နေသည့် အကြောင်း ပြောကာ ရဲများကို သူ့အိမ်သို့ မရမက ခေါ်လာခဲ့သည်။ အိမ်တံခါးကို ဖွင့်ဝင်လိုက်တော့ ဗြောင်းဆန်နေသော ဧည့်ခန်းကို တွေ့ရသည်။ ဆိုဖာထိုင်ခုံက ဒေါင်လိုက်ဖြစ်နေသည်။ သားလှီးဓားက တံခါးဘောင်တွင် စိုက်နေသည်။ ဘာတစ်ခုမှတော့ မလှုပ်ရှား မပျံဝဲတော့။ သူက စောစောက ဖြစ်ရပ်ကို လိုက်လာသော ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ပြောတော့ သူတို့က မယုံကြည်နိုင်ပုံနှင့် သူသာလျှင် မူးပြီး ကြောင်ကာ ထင်ရာမြင်ရာ ပြောနေသည်ဟု စွပ်စွဲကာ သူတို့ အချိန်ကို ဖြုန်းသဖြင့် မကျေနပ်ကြပုံနှင့် ပြန်သွားကြသည်။ ရဲတပ်ဖွဲ့ဝင် နှစ်ယောက် ထွက်သွားသည်နှင့် တပြိုင်နက် သားလှီးဓားနှင့် ဆိုဖာထိုင်ခုံက လှုပ်လာသည်ကို တွေ့ရသောကြောင့် သူ အလျင်အမြန်ပင် အပြင်ထွက်၍ တံခါးကို ပြန်ပိတ်လိုက်ရသည်။

ထိုညက သူသည် မိုးအလင်းရောင်းသော စားသောက်ဆိုင်ကလေးထဲမှာပင် ငုတ်တုတ်ငိုက်ခဲ့ရသည်။ မနက်မိုးလင်းတော့ သူ့အိမ်သို့ မပြန်မဖြစ် ပြန်ခဲ့ရသည်။ ညက သောင်းကျန်းခဲ့သော အိမ် မဟုတ်သကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။ သူညက ကြောက်စိတ်ကြောင့် ထင်ယောင်ထင်မှား ဖြစ်ခဲ့သည်ဟု ယူဆရအောင်လည်း ဧည့်ခန်းထဲမှ ပစ္စည်းများက သက်သေပြနေသည်။

အလုပ်ကို ရောက်တော့လည်း သူ့အပေါင်းအသင်းများကို ပြောမပြရဲပါ။ သူ့ကို ကြောင်သွားပြီဟု ထင်ကြလိမ့်မည်။ သို့ပေမယ့်လည်း ညရောက်မှာကို သူကြောက်နေသည်။ ထိုအိမ်ထဲမှာ ညကျလျှင် သူ တစ်ယောက်တည်း မနေရဲတော့။ သူ့သူငယ်ချင်းများကို အတူလာအိပ်ပေးရန် ခေါ်ထားသော်လည်း အကြောင်းအမျိုးမျိုးနှင့် ပြန်သွားကြသောကြောင့် နောက်ဆုံးမှာ သူ တစ်ယောက်တည်းသာ ကျန်သည်။ ဆိုဖာပေါ်တွင် မထိုင်ရဲတော့ပဲ ကြမ်းပေါ်တွင်သာ အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူမျက်စိကို မှိတ်ကာစသာ ရှိသေးသည်။ လှေကားပေါ်မှ ဆင်းလာသော ခြေသံကို ကြားလိုက်ရသည်။ သူကလည်း မနေနိုင်ပဲ မျက်စိကို ဖွင့်ကြည့်မိသည်။ လှေကားပေါ်မှ ဆင်းလာသည်မှာ ခြေကျင်းဝတ် အထက်မှ ပြတ်နေသော ခြေထောက်ပြတ် နှစ်ဖက် ဖြစ်နေသည်။ သူ မျက်စိကို ဇွတ်ပြန်မှိတ် လိုက်သေးသော်လည်း ခြေသံက သူ့အနီးသို့ ရောက်လာသောအခါ သူမနေနိုင်တော့ပါ။ မျက်စိကို ဖွင့်ကြည့်တော့ ခြေထောက်နှစ်ဖက်က သူ့အနီးသို့ ရောက်နေလေပြီ။ သူ ထပြေးရပြန်သည်။ ပြေးရင်းနှင့်ပင် သူ့ခြေထောက်နှစ်ဖက်က လက်များ ဖြစ်သွားပြီး သူ့လက်များမှာ ခြေထောက်ဖြစ်သွားသည်ဟု ထင်လိုက်သည်။ ပြေးရင်းလွှားရင်းနှင့် နောက်ဆုံးတော့ အိမ်ပြင်အထိ ရောက်သွားရသည်ပဲ ဖြစ်သည်။

***

နောက်ည မှာတော့ သူ လုံးဝ အိမ်ထဲမှာ အိပ်ဖို့ မကြိုးစားတော့ပါ။ ညလုံးပေါက် ဖွင့်သော လမ်းဘေးဆိုင်ကလေး တစ်ဆိုင်ထဲမှာ အချိန်ဖြုန်းရန် ကြိုးစားနေစဉ် လူကြီး တစ်ယောက်နှင့် တွေ့ဆုံခဲ့ရသည်။ သူက သူ့အိမ်အကြောင်းကို ပြောပြမိသည်။ ထိုလူကြီးက သူ့အဖြစ်အပျက်မှာ မထူးဆန်းဟု ဆိုသည်။ ဝိညာဉ် ဆိုသည်မှာ နှစ်မျိုးရှိကြောင်း၊ တစ်နေရာထဲတွင် စွဲမြဲနေသော ဝိညာဉ် နှင့် လွင့်မျောနေသော ဝိညာဉ် ဟူ၍ နှစ်မျိုး ရှိကြောင်း သူက ပြောသည်။ သူ့အိမ်မှ အနှောက်အယှက်မှာ သူ့အိမ်ကို စွဲနေသော မကျွတ်မလွတ်သေးသည့် ဝိညာဉ် တစ်စုံတစ်ရာ ကြောင့် ဖြစ်လိမ့်မည် ဟု ထိုလူကြီးက ပြောသည်။

ထိုလူကြီး၏ အမည်မှာ ဦးဘမင်းမောင် ဖြစ်သည်။ သူတို့ စကားပြောနေစဉ်မှာပင် လူကြီး တစ်ယောက် ဆိုင်ထဲ ဝင်လာသည်။ ဦးဘမင်းမောင် က သူတို့ စားပွဲသို့ ဖိတ်ခေါ်သည်။ စားပွဲထိုး ကမူ လာရောက် မေးမြန်းခြင်းမရှိ။ ဦးဘမင်းမောင် က စားပွဲထိုးကို ခေါ်ကာ ထိုလူကြီး အတွက် မှာပေးသည်။ တစ်ဖန်ခွက် ကုန်အောင် သောက်ပြီးနောက် ထိုလူကြီး ထပြန်သွားသည်။ ဘယ်သူ့ကိုမှ ဘာတစ်ခွန်းမှ မပြော။ ထိုလူ ပြန်သွားတော့မှ ဦးဘမင်းမောင် က ထိုလူသည် လွန်ခဲ့သော တစ်နှစ်ခန့်ကပင် သေဆုံးပြီးသူ တစ်ယောက်ဖြစ်သည် ဟုဆိုသည်။ ဦးဘမင်းမောင် တစ်ယောက် မူးပြီး ပြောချင်ရာ ပြောနေသည်ပင် သူက သဘောထားလိုက်သည်။

နှစ်ယောက်သား ဆက်သောက်ကြသည်။ သောက်နေကြ မဟုတ်သော သူ့မှာ နည်းနည်း လောက်နှင့်ပင် မူးနေပြီ။ နောက်တော့ သူ့ကို ဦးဘမင်းမောင်က အိမ်လိုက်ပို့ပေးသည်။ သူက သူ့အိမ်မှာပဲ အိပ်ရန် ပြောသည်ကို ထိုလူကြီးကလည်း လက်ခံသည်ဟု ထင်လိုက်သည်။ အမှန်တကယ်မှာတော့ အမူးလွန်၍ အိပ်ပျော်သွားသော သူ့ကို ထားခဲ့ပြီး ဦးဘမင်းမောင်က အိမ်ပြန်သွားခဲ့သည်။

ထိုညမှာတော့ သူ အိမ်အပြင်ကို ထွက်မပြေးရတော့ပါ။ သို့ပေမယ့် အိပ်မက်ထဲမှာတော့ ပြေးလွှားခဲ့ရပါသေးသည်။ သူ ငယ်ငယ်ကတည်းက ကြောက်ခဲ့ရသော ကြက်ဖဝဝကြီးများ လိုက်သဖြင့် ပြေးရခြင်းဖြစ်သည်။ နောက်ဆုံးမှာ အိမ်ခေါင်မိုးပေါ်သို့ သူ တက်ပြေးခဲ့ရသည်။ ထိုအချိန်မှာ မိုးကလည်း ရွာနေသေးသည်။ ကြက်ဖကြီးများကလည်း သူ့အနီးသို့ ဝိုင်းလာကာ သူနှင့် နီးလေပြီ။ လေပြင်းများတိုက်၍ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများကိုလည်း ကြားရသည်။ ကြက်ဖကြီးများ ရှေ့တိုးလာသောကြောင့် သူ့မှာ ပြေးစရာမြေ မရှိဖြစ်ပြီး အိမ်ခေါင်မိုး ပေါ်မှ ခုန်ချရန် စဉ်းစားမိသည်။ သူ ခုန်ချကာနီးမှာပင် မိုးကြိုးက သူ့ကို ပစ်ချလိုက်သည် ဟုထင်လိုက်ပြီး သူ့အနီးမှာ လင်းလက်သွားသည်။ ထို့နောက် သူ ဘာမှ မသိတော့။

သူအိပ်ရာမှ နိုးလာသောအခါ ဆေးရုံရောက်နေသည်ကို တွေ့ရသည်။ သူ့ချစ်သူ ချိုရည်လည်း ရောက်နေသည်။ သူတို့ ပြောကြသည်က သူသည် အိပ်ပျော်ရင်း လမ်းလျှောက် ၍ ခေါင်မိုးပေါ်မှ ခုန်ချခဲ့သည်ဟု ဆိုသည်။ သူ့ကိုယ်သူ ရူးသွားပြီ ဟုပင် ထင်မိသည်။ ဦးဘမင်းမောင်လည်း ဘယ်ကကြားသည် မသိပဲ ရောက်လာသည်။ ထိုလူကြီးကိုတော့ သူ့အိပ်မက်ကို အမှန်အတိုင်း ပြောပြမိသည်။ ဦးဘမင်းမောင်က သူ့အတွင်းစိတ်မှ ကြောက်နေ၍ ဖြစ်ကြောင်း၊ အကြောက်လွန်နေခြင်းသည် မကောင်းကြောင်း၊ သူ့အိမ်မှ ပရလောကသားသည် သူကြောက်မှန်းသိ၍ ခြောက်နေခြင်း ဖြစ်ကြောင်း ပြောသည်။ ထိုအိမ်၏ နောက်ကြောင်း ရာဇဝင်ကိုလည်း စုံစမ်းကြည့်သင့်ကြောင်း ပြောလေသည်။

ဆေးရုံမှာ အိပ်ရသော ငါးညတာကာလသည် သူ့အတွက် (ထိုအိမ်သို့ ပြောင်းပြီးနောက်) အိပ်ရေးအဝဆုံး ဖြစ်သည်။ ဆေးရုံမှာ ဆက်နေလို့ မရတော့သည့် အချိန်မှာတော့ သူ့အိမ်ကို ပြန်ခဲ့ရသည်။ ချိုရည်က သူ့ကို လိုက်ပို့သည်။ နေ့ခင်းကြီး ဖြစ်သဖြင့်လည်း ဘာမှ ကြောက်စရာ မရှိပါ။ ချိုရည် ပြန်သွားတော့ သူ အိမ်ထဲမှာ သောင်းကျန်းပစ်လိုက်သည်။ ဆိုဖာကို ခြေထောက်နှင့် ကန်သည်။ နံရံကို ကန်သည်။ အိမ်ထဲမှ တစ္ဆေကို စိန်ခေါ်သည်။ မကြောက်ဘူး၊ မကြောက်ဘူး ဆိုသည့် အကြောင်း သူ့ကိုယ်သူပါ ယုံကြည်လာအောင် အော်ပြောသည်။

ထိုနေ့တွင် သူ့အိမ်မှ တစ္ဆေမကို သူ စတင်၍ တွေ့ရသည်။ ပထမတော့ သူက မသိပါ။ မိန်းကလေး တစ်ယောက် ဟုသာ ထင်သည်။ သူ့အိပ်ခန်းထဲမှာ အိပ်ရာ ပြင်ထားပြီး အခန်းထဲမှာပဲ အိပ်တော့မည် ဟု သူစိတ်ကူးထားသည်။ သူ့အခန်းထောင့်တွင် ထိုမိန်းကလေးကို တွေ့လိုက်ရခြင်းဖြစ်သည်။ ပထမတော့ သူက အနီးအနားမှ ဧည့်သည်တစ်ယောက်ယောက်လား ဟုပင် ထင်လိုက်သေးသည်။ နောက်တော့ မဖြစ်နိုင်မှန်း သိလိုက်ပါသည်။ သူက စကားပြောဖို့ ကြိုးစားတော့ မိန်းကလေးက သူမကို သူ မြင်နေသည်ကို အံသြသွားသည်။ သူမက သူ့ကို ဤအိမ်မှ ထွက်သွားဖို့ပြောသည်။ သူက သူဝယ်ထားသောအိမ် ဖြစ်သောကြောင့် ဖယ်မပေးနိုင်ကြောင်း၊ သူမကို သူ့အိပ်ခန်းထဲမှ ထွက်သွားဖို့ ပြောလိုက်သည်။

ဤအိမ်တွင် ခြောက်လှန့်နေသော ဝိညာဉ်သည် သူမပင် ဖြစ်သည်မှာ သေချာသည်။ ကြောက်လန့်စရာ ပုံသဏ္ဌန် မပြလျှင်တော့ သူက မကြောက်ပါ။ နောက်နေ့တွေ သူမနှင့် ထပ်တွေ့လျှင် ကောင်းကောင်း ဆွေးနွေးရမည်။ ဤအိမ်ပေါ်မှ ကြောက်လန့်၍ ထွက်ပြေးရသည့် အဖြစ်မျိုး နောက်ထပ် မဖြစ်စေရ ဟု ဆုံးဖြတ်ထားသည်။

ထို့နောက်ပိုင်းမှာ သူမကလည်းသူ့ကို အရင်လို ကြမ်းကြမ်းတမ်းတမ်း မခြောက်လှန့်တော့ပါ။ အိမ်ထဲမှာတော့ သူမကို လူပုံသဏ္ဌန် အတိုင်း တွေ့နေရသည်။ သူမနှင့် စကားပြောဖြစ်ကြသည်။ သူမ အကြောင်းကို သိလာရတော့လည်း ဤအိမ်မှ ထွက်မသွားနိုင်ဖြစ်နေသည့် အကြောင်းကို နားလည်လာသည်။ သူကလည်း သူ့အကြောင်းကို ပြန်ပြောပြလိုက်သည်။ သူမက သူ့ကို အိမ်မှ ထွက်သွားဖို့ နောက်ထပ် မပြောတော့ပါ။

***

သူမ နာမည်မှာ ဖြူလဲ့ကြည် ဖြစ်ပြီး ဤအိမ်မှာ သူမတို့ အတွက် သူမ၏ မိဘများမှ လက်ဖွဲ့ခဲ့သော တိုက်အသစ်ဖြစ်သည်။သူမ၏ ခင်ပွန်း ဒေါက်တာ ဆန်းသစ်နှင့် လက်ထပ်ပြီးနောက် ဤအိမ်တွင် ပျော်ရွှင်စွာ နေထိုင်ခဲ့ကြသည်။ တစ်နေ့တွင် ခရီးသွား အဖွဲ့ကားနှင့် အထက်ပိုင်းသို့ ဟန်နီးမွန်း ထွက်ခဲ့ကြသည်။ သူတို့ လက်ထပ်ပြီးပြီးချင်းမှာ ဒေါက်တာဆန်းသစ်က ခွင့်မရသဖြင့် ဘယ်မှ မသွားဖြစ်ခဲ့ပဲ ခြောက်လခန့်ကြာပြီး ယခုမှ သွားဖြစ်ကြခြင်းဖြစ်သည်။ ထိုခရီးစဉ်တွင် သူတို့ အလွန် ပျော်ရွှင်ခဲ့ကြသည်။ အပြန်ခရီး ကြမှသာ ကြမ္မာဆိုးနှင့် တိုးခဲ့ကြခြင်း ဖြစ်သည်။

ဘုရားဖူး အိတ်စ်ပရက်စ် ကားသည် စက်ချို့ယွင်း၍ မီးလောင် ပေါက်ကွဲခဲ့သည်။ ညလယ်ကောင် ဖြစ်သဖြင့် ခရီးသည် အားလုံး အိပ်မောကျလျက် ရှိရာ မီး အရှိန်ကြောင့် နိုးလာကြသော အခါတွင် အားလုံးမှာ မီးထဲတွင် ပိတ်မိနေခဲ့ပြီ ဖြစ်ပါသည်။ ဖြူသင်းကြည် ၏ ဝိညာဉ်သည် သူတို့ လင်မယား နေထိုင်ခဲ့သည့် အိမ်သို့ ရောက်သွားပြီး စွဲလမ်း တွယ်ငြိနေခဲ့သည်။ သူမသည် ဒေါက်တာဆန်းသစ်ကို ထိုအိမ်မှ စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ လုပ်ပိုင်ခွင့်များသည် ဤအိမ် အတွင်း၌သာ ရှိသည်။ အခြားနေရာများသို့ လျှောက်သွားခွင့် မရှိပါ။ သို့ဖြစ်၍ သူမ၏ ယောက်ျားကို လိုက်လံ ရှာဖွေနိုင်ခြင်း မရှိပဲ ဤအိမ် အတွင်းမှ စောင့်မျှော်နေရခြင်း ဖြစ်သည်။

မိုးလွင်သည် သူမကို ကူညီရန် ဆုံးဖြတ်လိုက်သည်။ သူက သူမ အကြောင်း သူ့မိတ်ဆွေ ဦးဘမင်းမောင်ကို ပြောပြလိုက်သည်။ ဦးဘမင်းမောင်က အကယ်၍ ကားမီးလောင်စဉ်က ဒေါက်တာဆန်းသစ် ပါ ကွယ်လွန်ခဲ့ပြီ ဆိုပါက သူ့ဝိညာဉ် မည်သည့်နေရာ ရောက်နေသည်ကို စုံစမ်းပေးမည် ဟုဆိုသည်။ ဦးဘမင်းမောင်က သူ့နည်းသူ့ဟန်ဖြင့် အာရုံခံကြည့်ရာတွင် ဤမြို့ထဲ၌ ဒေါက်တာဆန်းသစ်၏ ဝိညာဉ် မရှိဟု သိရသည်။ မိုးလွင်လည်း ကားမီးလောင် ပေါက်ကွဲစဉ်က သေဆုံးသူ စာရင်းကို ရှာဖွေစုံစမ်း ရာတွင် ဒေါက်တာဆန်းသစ်၏ အမည်ကို မတွေ့ရပါ။ ဒေါက်တာဆန်းသစ် မသေလျှင် ဘာကြောင့် ဟိုအိမ်မှာ ပြန်လာမနေသလဲ။ ကားမီးလောင်မှု ဖြစ်ခဲ့သည်မှာ ယခု အချိန်ဆိုလျှင် (၈) လပင် ရှိခဲ့ပြီ ဖြစ်ပါသည်။ မိုးလွင်ကို ဤအိမ် ရောင်းခဲ့သူမှာ သူတို့ မိဘများပင် ဖြစ်ပြီး သူ့ကို မရောင်းခင် အိမ်ငှားများပင် တင်ခဲ့ဖူးပြီး ထိုအိမ်ငှားများမှာ တစ်ညကူးအောင်ပင် မနေနိုင်ခဲ့ပဲ ပြောင်းပြေးခဲ့ကြသည်ကိုလည်း သိလာရသည်။

နောက်ဆုံးမှာတော့ မိုးလွင်၏ အဆင့်ဆင့် စုံစမ်းမှုကြောင့် ဒေါက်တာဆန်းသစ် ဆိုသူမှာ ပုဂ္ဂလိက ဆေးရုံ တစ်ရုံတွင် တက်ရောက်လျက် ရှိကြောင်း သိရတော့သည်။ ဒေါက်တာဆန်းသစ် သည် ကားမီးလောင်စဉ်က မသေဆုံးခဲ့သော်လည်း ဦးနှောက် ထိခိုက်၍ သတိလစ်မေ့မျော နေသည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ ထိုအကြောင်းကို အားလုံးကို ပြောပြလိုက်ပါသည်။ မိုးလွင်၏ ချစ်သူ ချိုရည်သည်လည်း ဖြူသင်းကြည်နှင့် ပတ်သက်သမျှ အားလုံးကို သိရှိပြီး ဖြစ်ပါသည်။ သူမ၏ ခင်ပွန်းအကြောင်းကို သိရသောအခါ ဖြူသင်းကြည်က ဆေးရုံသို့ သွားကြည့်ချင်သည်ဟု ဆိုလာပါသည်။

သို့သော်လည်း ဝိညာဉ် ပုံရိပ်သက်သက် အနေဖြင့် သူမသည် ဤအိမ်မှ ထွက်ခွာမသွားနိုင်ပါ။ ဦးဘမင်းမောင်၏ အကြံပေးချက်အတိုင်း တစ်ဦးတစ်ယောက်၏ ကိုယ်အတွင်း ပူးဝင်သွားမှသာ ဖြစ်လိမ့်မည်။ လူတစ်ဦး တစ်ယောက်၏ ကိုယ်အတွင်းသို့ ဝိညာဉ်တစ်ခု အနေနှင့် ဘယ်လို ပူးဝင်ရမှန်း ဖြူသင်းကြည် မသိပါ။ ပထမဦးစွာ ချိုရည်၏ ကိုယ်အတွင်းသို့ ပူးဝင်ရန် ကြိုးစားသော်လည်း လုံးဝ မရပဲ ဖြစ်နေသည်။ ဦးဘမင်းမောင်၏ အပြောအရ ချိုရည်မှာ စိတ်ဓါတ် ခိုင်မာသူဖြစ်ပြီး ဘုရားတရား ကိုင်းရှိုင်းသူ ဖြစ်ခြင်း၊ ကုသိုလ်ကံ မြင့်နေချိန် ဖြစ်ခြင်း တို့ကြောင့် မကောင်းဆိုးဝါး ဝိညာဉ် ပူးကပ်ရန် မဖြစ်နိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဦးဘမင်းမောင် ကိုယ်ထဲသို့ ပူးကပ်ဝင်ရောက်ရန် ကြိုးစားသော အခါမှာတော့ အောင်မြင်သွားလေတော့သည်။

သို့နှင့် သူတို့ သုံးယောက်သည် ညကြီးမင်းကြီး အချိန်မှာ ဒေါက်တာဆန်းသစ်ရှိရာ ဆေးရုံသို့ သွားကြသည်။ ဆေးရုံ အစောင့်များ မသိအောင် ခိုးချောင်ခိုးဝှက် ဝင်ကြရခြင်း ဖြစ်သည်။ ဒေါက်တာဆန်းသစ် ၏ အခြေအနေသည် လုံးဝ ပြန်ကောင်းရန် မဖြစ်နိုင်တော့ပါ။ သူ့အသက်ဝိညာဉ် မြဲနေခြင်းမှာ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေခြင်း ကြောင့်ပင် ဖြစ်ပါသည်။ ဒေါက်တာ ဆန်းသစ်၏ ကုတင် အနီးသို့ ရောက်သောအခါ ဦးဘမင်းမောင်၏ ကိုယ်ထဲမှ ဖြူသင်းကြည်၏ ဝိညာဉ်သည် ထွက်ခွာသွားပါသည်။ ကုတင်ထက်ရှိ ဒေါက်တာဆန်းသစ်၏ ခန္ဓာကိုယ်ထဲမှ သူ့ဝိညာဉ်သည်လည်း ထွက်ခွာလာပါသည်။ ယခုတော့ သူတို့ နှစ်ဦး ဆုံတွေ့နိုင်ပြီ ဖြစ်ပါသည်။

သူတို့နှစ်ဦး၏ ဝိုးတဝါး ဝိညာဉ် အရိပ်အငွေ့များကို မိုးလွင်တို့ သုံးဦးလုံး မြင်တွေ့ကြရပါသည်။ ဒေါက်တာဆန်းသစ်၏ ကိုယ်ခန္ဓာနှင့် ဆက်ထားသော နှလုံးခုန်နှုန်းပြသည့် စက်မှာတော့ သွေးခုန်နှုန်း မျဉ်းတန်းမှာ တစ်တန်းတည်း ဖြစ်ကာ ရပ်တန့်သွားပါပြီ။ သူတို့ နှစ်ဦး စလုံးက မိုးလွင်တို့ကို ကျေးဇူးတင်စကား ပြောကြသည်။ ထို့နောက် ခဏအကြာမှာတော့ ဝိုးတဝါး ပုံရိပ် အားလုံး ပျောက်ကွယ် သွားသည်။ နှစ်ဦးအတူ နေထိုင်မည့် နေရာသစ်ဆီသို့ ထွက်ခွာသွားခြင်း ဖြစ်ဟန်တူပါသည်။ ထိုအချိန်မှစ၍ ဖြူသင်းကြည်၏ ပုံရိပ်ကိုလည်း မိုးလွင်၏ အိမ်တွင် လုံးဝ မတွေ့မြင်ရတော့ပါချေ။

(ကိုရီးယား ဇာတ်ကား Ghost House ကို မှီငြမ်းပါသည်။)

သိင်္ဂါကျော်
...

5 comments:

ကြည်ဖြူပိုင် said...

ကောင်းတယ်။ဇာတ်လမ်းထဲမှာမျောသွားတယ်

ငှက်ကလေး said...

မမရေ စ ဖတ်လိုက်ကတည်းက အဲဒီကားလေးမှန်းသိလိုက်တယ် ကြည့်ဖူးတယ် အဲဒီကားလေး ဒါပေမယ့် ဆုံးအောင်ဖတ်သွားတယ်နော် မမရေ မမအခုလိုပြန်ပေးလိုက်တော့လဲ သိပ်နားမလည်တာလေးတွေ ရှင်းသွားတယ် ကျေးဇူးးး မမရေ

ရွှေပြည်သူ said...

ပြေပြစ်တဲ့ အရေးအသားနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းထဲမှာ မျောပါသွားပါတယ်...

shwezinu said...

ကိုရီးယား ကားလည်း မကြည့်ဘူးတော့ အတော်ဘဲပေါ့
ဖတ်လိုက်ရတာ ကောင်းတယ် ကျေးဇူးနော်

Moe Cho Thinn said...

ဟုတ်ပါ့။ တို့လဲ ကိုးရီးယား မကြည့်ဖူးတော့ ဖတ်ရတာ ရင်တထိတ်ထိတ်နဲ့ပဲ။ တော်တော်ရေးတတ်ပါ့။