24 March, 2010

ဟိုရောက် ဒီရောက် အတွေးများ


ချော က အတွေးတွေ အကြောင်း ရေးခိုင်းလို့ စဉ်းစားလိုက်တော့ တွေးတာတွေက များလွန်းလို့ ဘာရေးရမှန်း မသိအောင် ဖြစ်သွားပါတယ်။ အတွေး ဆိုတာကလည်း တစ်စက္ကန့်မှာကို အများကြီး ဖြစ်နိုင်တဲ့ အရာ မဟုတ်လား...။ လောလောဆယ်တော့ လုပ်စရာ ရှိတဲ့ Project အကြောင်းပဲ စဉ်းစားနေမိလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ ကိုယ်က ဒီလိုပဲ Thesis တုန်းကလည်း ခေါင်းစဉ် မသေချာမချင်း အဲဒီအကြောင်းပဲ စဉ်းစားနေမိတာ.. လမ်းသွားတုန်းရော.. အိပ်ကာနီးရော.. Toilet ဝင်ချိန်တောင် စဉ်းစားးနေတတ်သေးတာ...။ တစ်ခါတလေ ဝတ္တုဇာတ်လမ်း ဆက်မရေးတတ်တော့ရင်လည်း ဒီလိုပဲ နေရာမရွေး တွေးနေတတ်တာ..။ ဦးနှောက်ထဲမှာ တွေးလိုက်တာနဲ့ စာနဲ့ရေးပြီးသား ဖြစ်သွားရင် ကောင်းမှာပဲလို့တောင် တွေးမိပါတယ်။ ဇာတ်လမ်း တွေ ဟိုရောက်ဒီရောက် တွေးတာတွေတော့ အများကြီးပေမယ့် စာအနေနဲ့တော့ အကုန် မရေးဖြစ်ပါဘူး။ အချိန်ကုန် အကျိုးမရှိမှန်း သိပေမယ့် ဝါသနာပါနေတဲ့ ရုပ်ရှင်ကြည့်တတ်တာကလည်း အားတဲ့ အချိန်တစ်ချို့ကို ယူနေပြန်ပါရော..။
ကိုယ် တွေးပြီး ဇာတ်လမ်းဆင်တဲ့ အထဲမှာ တစ်ခါတလေ ကိုယ့်သူငယ်ချင်းတွေတောင် အလွတ်မပေးတတ်ပါဘူး။ ဘယ်လိုမှ မတွေ့နိုင်တဲ့ သူငယ်ချင်း နှစ်ယောက်ကို စိတ်ကူးထဲမှာ တွေ့ပေးပြီး ဇာတ်လမ်းဆင်ချင် ဆင်တတ်သေးတာ..။ ရည်းစားမရှိသေးတဲ့ လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေပေါ့။ တစ်ခါတလေလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ကူးထဲမှာ ပုံပြင်ထဲက မင်းသားလေးလို လူမျိုးနဲ့ တွေ့ပေးတတ်သေးတယ်။ ဒါပေမယ့် တွေးနေတုန်းမှာပဲ မင်းသမီးနေရာမှာ ကိုယ့်ကိုယ်ကို ထားရတာ မကြိုက်တော့ပဲ စိတ်ကူးထဲက မင်းသမီး ဖြစ်သွားပြန်ရော..။ ဘာလို့ဆို ကိုယ်သာ ယောက်ျားလေးဆိုလည်း ကိုယ်လိုလူမျိုးကို မကြိုက်လို့ပဲလေ..။ ဘာရယ်မဟုတ် ဟိုရောက် ဒီရောက် အစမရှိ အဆုံးမရှိ ဇာတ်လမ်းတွေလည်း တစ်ခါတလေ တွေးနေမိတာပဲ။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေနဲ့လည်း  အပြင်မှာသာ မတွေ့တာ... စိတ်ကူးထဲမှာတော့ တွေ့ဖြစ်နေပါတယ်။
တွေးတဲ့ နေရာမှာတော့ ကိုယ်က အိပ်မက်ထဲမှာကို တွေးနေတတ်တဲ့လူပါ။ ကိုယ်က သူများလို သိပ်အိပ်မက် မမက်တတ်ဘူး။ မက်တဲ့ အိပ်မက်တွေလည်း သိပ်မမှတ်မိတတ်ပါဘူး။ တစ်ညတလေ မက်တတ်တဲ့ အိပ်မက်တွေထဲမှာတောင် ဝတ္တုဆန်ဆန် ဇာတ်လမ်းတွေ ပါသေးတယ်။ ညဘက်ကြည့်တဲ့ ဇာတ်ကားတွေကိုလည်း မစွဲလမ်း မပတ်သက်ပါပဲ မက်တာပါ။ ဒါပေမယ့် ခက်တာက အဲဒီအိပ်မက်တွေကို သေချာ မမှတ်မိတော့ပဲ ဇာတ်သိမ်းလောက်သာ မှတ်မိတတ်တာပါ။
စိတ်ကူးထဲမှာတော့ အရာရာကို လှလှပပ တွေးလို့ရပါတယ်...။ အဲဒါကြောင့်လည်း စိတ်ကူးယဉ် ဝတ္တုတွေမှာ ပျော်စရာ ဇာတ်သိမ်းတွေ ရှိကြတာပေါ့။ ဖြစ်ရပ်မှန်တိုင်းကတော့ မလှပကြဘူးလေ။ စိတ်ကူးထဲမှာတော့ နိုင်ငံကျော် စာရေးဆရာမကြီး လည်း ဖြစ်လို့ရတယ်။ ကမ္ဘာကျော် ရုပ်ရှင် ဒါရိုက်တာကြီးလည်း ဖြစ်လို့ရတယ်။ အောင်မြင်ကျော်ကြားတဲ့ စတိုင်ကျကျ ဖက်ရှင် ဒီဇိုင်းနာ လည်း ဖြစ်လို့ရတယ်လေ…။
ကိုယ် ငယ်ငယ်ကဆို အလွမ်းဝတ္တုတွေ မဖတ်ဘူး။ အမေတွေ အဒေါ်တွေ ဖတ်တဲ့ မောင်စိန်ဝင်းတို့ ငြိမ်းကျော် တို့ဆို အလွမ်းများလို့ မကြိုက်ဘူး။ ခုထိလည်း မကြိုက်ပါဘူး။ ရသပိုင်းမှာ နာမည်ကြီးတဲ့ ဝတ္တုတွေ လောက်သာ ဖတ်တာ။ အပျော်ဖတ်ဆိုရင်တော့ ပျော်ရွှင်တဲ့ ဇာတ်သိမ်းပဲကြိုက်တယ်..။ အပျော်ဖတ်ဝတ္တုတွေ အရောင်းသွက်နေတာလည်း ဒါကြောင့်ပဲ ဖြစ်မယ်။ ဘဝအမောတွေထဲက ပြေးချင်လို့မှ ဖတ်တာဆိုတော့ တစ်ချို့အပျင်းပြေ ဖတ်တဲ့ လူတွေကလည်း ဘဝသရုပ်ဖော်တွေ၊ စိတ်ညစ်စရာတွေ သိပ်မကြိုက်ကြတာ ဖြစ်မှာပေါ့လေ…။ ဒါပေမယ့် ငယ်ငယ်က စဖတ်တာ စုံထောက်ဝတ္တုတွေပါ။ အောင်ဇင်တို့၊ မြတ်ထွန်းသစ်တို့၊ မင်းသိင်္ခတို့ကို အဒေါ်က အဖတ်များတာ။ ဆရာမကြီး ကလျာ ရဲ့ ဝတ္တုတွေ လည်း ပါသေးတယ်။ ဘာသာပြန်တွေ ဆိုလည်း အမေ့ရဲ့ တက္ကသိုလ် စာကြည့်တိုက်မှာ ရှိတာတွေ အကုန်လောက်နီးနီးပဲ… အဒေါ်နဲ့ ကိုယ်နဲ့ ဖတ်ကြတာလေ…။
ငယ်ငယ်က ဂျူးရဲ့ ဝတ္တုတွေတောင် သိပ်မဖတ်ဖြစ်ဘူး။ မရှိမဖြစ်မိုး ကျမှ စကြိုက်တာ…။ ကြေမွသွားသော တိမ်တိုက်များ ကိုတော့ ၇ တန်းတုန်းက အတန်းထဲမှာ ဆရာ မလာတဲ့ အချိန်လည်း ရှိနေတာနဲ့ ဖတ်တာ နှစ်အုပ်လုံး ပြီးသွားတာပဲ။ ခုတော့ ဂျူးကို တကယ်ကြိုက်တယ်။ သူ့ဝတ္တုတွေရဲ့ ဇာတ်လမ်းတွေကို သဘောကျတာ မကျတာထက် ရေးသမျှ ဝတ္တုတိုင်း အောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်အနေနဲ့… နောက်ပြီး ခုချိန်ထိလည်း အပျိုကြီးဘဝမှာ လှလှပပ ရပ်တည်နေနိုင်သူ တစ်ယောက်အနေနဲ့ ပိုပြီး လေးစား အားကျ ပါတယ်။ 
 စာရေးဆရာထဲက နောက်ထပ် ကိုယ်လေးစားအားကျတဲ့သူတွေက A.J. Cronin နဲ့ Robin Cook ပါ။ A.J. Cronin ဆရာဝန်အလုပ်က အနားယူပြီးတဲ့ အချိန်မှ စာပေလောကကို ဝင်လာတာတောင် အများကြီး အောင်မြင်ခဲ့တဲ့သူမို့ လေးစားမိတာပါ။ သူ့ရဲ့ စာအုပ်တွေ အားလုံးကို ကိုယ်ကြိုက်တယ်။ ကိုယ်လည်း နောင်တစ်ချိန် ဖြစ်နိုင်သေးတယ်လို့ အိပ်မက်တွေကို မစွန့်လွှတ်ဖို့ တွန်းအားပေးနေသလိုပဲ။ Robin Cook ကလည်း ဆရာဝန် စာရေးဆရာ တစ်ယောက်ပါပဲ။ သူ့ဝတ္တုတွေကတော့ ဆရာဝန် အတွေ့အကြုံတွေ အခြေခံတဲ့ စုံထောက် အက်ရှင်ဇာတ်လမ်းတွေပါ။ လောလောဆယ် မှတ်မိနေတာကတော့ COMA ဆိုတဲ့ ဝတ္တုပါ။ စာရေးခြင်းသက်သက်နဲ့ အသက်မွေးတဲ့ စာရေးဆရာ စစ်စစ်တွေထက် ကိုယ်က အဲလို အသက်မွေးဝမ်းကြောင်း ပညာရပ်ကိုလည်း ထူးထူးချွန်ချွန် ရပ်တည်ရင်းနဲ့ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်လာသူတွေကို ပို လေးစားအားကျမိပါတယ်။ နောက်ထပ် ကိုယ်ကြိုက်တဲ့ စာရေးဆရာတွေတော့ အများကြီး ရှိသေးတာပေါ့။
နောက်ထပ် အားကျမိတဲ့သူက အမျိုးသမီး ဒါရိုက်တာ မီမီလီဒါပါ။ အမျိုးသမီး ဒါရိုက်တာ ပေမယ့် drama ကားတွေရိုက်တာ မဟုတ်ပဲ Deep Impact တို့ Peacemaker တို့လို ကားမျိုးတွေ ရိုက်တာပါ။ ၂၀၀၉ မှာလည်း Antonio Banderas၊ Morgan Freeman တို့နဲ့ Thick as Thieves ကို ရိုက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်မီ အက်ရှင်ကားတွေ science fiction တွေ ရိုက်နိုင်ဖို့က အဝေးကြီးလိုနေပါသေးတယ်။ (ကိုယ့်ကို သိန်း နှစ်ထောင် သုံးထောင်လောက် ထုတ်ပေးမယ့် ပရိုဂျူဆာ ရှိရင်တော့ ပီပြင်အောင် ရိုက်ပြမယ်လေ :D)။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ညီမငယ်တွေကတော့ ကိုယ် ဒါရိုက်တာ လုပ်တဲ့ ရုပ်ရှင်ကားမှာ မင်းသမီး မလုပ်ချင်ဘူးဆိုပဲ။ တောထဲတောင်ထဲတွေ.. ပြေးလွှား လှုပ်ရှားရတဲ့ ကားတွေ ရိုက်မှာမှန်း ကြိုသိနေကြတယ်လေ…။ နောက်ဆုံးခန်းမှာတော့ မင်းသားနဲ့ ကြည်နူးတဲ့ အခန်း ပါစေရမယ်လို့ သူတို့ကို ပြောရတယ်.. ဟားဟား..။ Computer Special Effects တွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပေမယ့်လည်း အချိန်မပေးနိုင်တာရယ်.. သင်တန်းကြေးတွေကလည်း ဈေးကြီးပြီး တကယ်တတ်အောင် သင်နိုင်တဲ့ သင်တန်းလည်း သိပ်မရှိတာကြောင့် ခုချိန်ထိ မတက်ဖြစ်သေးဘူး။ (မြန်မာနိုင်ငံက ထုတ်တဲ့ ကာတွန်းကားတွေထဲက ကွန်ပျူတာနဲ့ ရေးတဲ့ ကာတွန်းရုပ်တွေကလည်း တော်တော်ကို အရုပ်ဆိုးတယ်လေ :D)
ကိုယ်က အဲလိုပဲ ဟိုဟိုဒီဒီ အတွေးများတတ်တဲ့ အကျင့်ရှိလို့ တကယ် အာရုံစိုက်ရမယ့် ပညာရေးဘက်မှာလည်း မထူးချွန်ခဲ့ပါဘူး။ အားတဲ့အချိန် ရုပ်ရှင်လေးကြည့်လိုက် ဝတ္တုလေး ဖတ်လိုက် လုပ်နေမှတော့ ပညာရေးမှာ ဘယ် ထိပ်ဆုံး ရောက်နိုင်ပါတော့မလဲ။ ကိုယ့်မိဘတွေကတော့ ဖြစ်စေချင်ရှာတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ဆင်ခြေပေးစရာ ရှိပါတယ်။ ကိုယ်က မှတ်ဥာဏ်မကောင်းဘူးလို့ ကိုယ့်ကိုယ်ကို အမြဲပြောတတ်တယ်။ စာကျက်ရတဲ့ အချိန် အာရုံများရင်လည်း ကျက်မရဘူး။ ဘာသံမှ မကြား၊ လူတစ်ယောက်မှ မရှိတဲ့ နေရာမှာကျက်မှ ကိုယ်က စာရလွယ်တာလေ.. :D ။ အဲဒါကြောင့် စာတွေ ပြန်ကျက်ရမယ့် ကလေး ဘဝတော့ ပြန်မရောက်ချင်တော့ဘူး။ 
တစ်လောက Movie 5 က နိုင်ငံခြား ရုပ်ရှင် တစ်ကား ကြည့်လိုက်ရတယ်။ ပြေတီဦးနဲ့ မြန်မာမှုပြုပြီး ရိုက်ထားတာလည်း အိမ်ပြန်တဲ့ ကားပေါ်မှာ ကြည့်ခဲ့ဖူးတယ်။ ၁၃ နှစ် အရွယ်ကလေးက လူကြီး ဖြစ်ချင်လို့ ဆုတောင်းရင်းနဲ့ တကယ်ဖြစ်သွားပြီး ကစားစရာ ကုမ္ပဏီမှာ အလုပ်လုပ်ရင်း မင်းသမီး နဲ့ တွေ့ပါတယ်။ နောက်တော့ လူကြီးတွေရဲ့ မဖြူစင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် လှည့်ဖျား ညစ်ပတ်မှုတွေကြောင့် ကလေး ပြန်ဖြစ်ချင်ပြီး ပထမ ဆုတောင်းခဲ့တဲ့ နေရာပြန်သွားပြီး ကလေးအဖြစ် ပြန်ရောက်အောင် ဆုတောင်းလိုက်တဲ့ ကားပါ။ ကလေး အဖြစ် ဆုတောင်းအပြီးမှာပဲ မင်းသမီးက လိုက်လာတော့ သူက ဆုတောင်းပြီးသွားကြောင်း ပြောပြီး မင်းသမီးကိုပါ သူ့လို ဖြစ်အောင် ဆုတောင်းလိုက်ပါလား လို့ ပြောတော့ မင်းသမီးက သူ ကလေးဘဝကို ဖြတ်သန်းခဲ့ ဖူးပြီမို့ ပြန်မရောက်ချင်တော့ပါဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကိုယ်တို့ သူငယ်ချင်းတွေလည်း ကိုယ့်ကိုယ်ကို ပြန်မေးကြတော့ ဘယ်သူမှ ကလေးဘဝ ပြန်မရောက်ချင်တော့ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ အသက်မွေးဝမ်းကြောင်း ရွေးရမယ့် ဘဝ တစ်ဆစ်ချိုးမယ့် အချိန်ကိုတော့ ပြန်ရောက်ချင်ပါတယ်။ ခုနေ အဲဒီ အရွယ်ပြန်ရောက်ရင်တော့ လက်ရှိအလုပ်ကို လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ပါလိမ့်မယ်.. ဘွဲ့လွန်ကို တစ်ခြားနိုင်ငံမှာ တက်ဖို့ ကြိုးစားချင် ကြိုးစားမိလိမ့်မယ်လေ။ ခုနေ စိတ်ကူးကတော့ အရင်နဲ့ မတူမှာ သေချာပါတယ်။
ဘာပဲဖြစ်ဖြစ် ခုလည်း လုပ်နေတဲ့ အလုပ်မှာ စိတ်ညစ်ညူးနေတာတော့ မဟုတ်ပါဘူးလေ…။ မိဘ မိသားစုရဲ့ နောင်ရေးကို စဉ်းစားရင်သာ ကိုယ်လုပ်ခဲ့တာ မှန်ရဲ့လားလို့ စဉ်းစားမိတာပါ။ ဘယ်မှာနေနေလည်း ကိုယ်က တွေ့တဲ့ သူငယ်ချင်းတွေနဲ့ ပျော်အောင်နေပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းတတ်တဲ့သူပါ။ ဘယ်သူမှ မရှိလည်း ကိုယ့်ဟာကိုယ် အားတဲ့အခါ တွေးချင်တာတွေး ရေးချင်တာရေး… ရုပ်ရှင်လေး ကြည့်ချင်တဲ့ အခါကြည့်လိုက်၊ စာအုပ်လေး ဖတ်တဲ့ အခါ ဖတ်လိုက်နဲ့ စိတ်ချမ်းသာသလို နေနေတဲ့သူပါ။ ကိုယ်က တစ်ခါတလေ စိတ်လေနေရင်၊ စိတ်ဖိစီးမှုများလာရင်လည်း အဲလိုပဲ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်ပြီး မေ့အောင်လုပ်လိုက်တယ်လေ။
ခေါင်းစဉ် တပ်ထားတဲ့အတိုင်း ရေးတာတွေက ဟိုရောက်ဒီရောက် ဖြစ်ကုန်ပါပြီ။ ချော ရဲ့ Tag အကြွေးကို ဆပ်တာပါနော်…။ လာဖတ်တဲ့ သူ အပေါင်းကို အားနာပါတယ်.. :P ။

သိင်္ဂါကျော်

11 March, 2010

တောမီး



သစ်တောအုပ်တွေကို ဖြတ်လာတဲ့ မီး ပေါ့
သဘာဝရဲ့ အလှအပတွေကို လောင်ကျွမ်းလို့...၊
တစ်နေရာက တစ်နေရာ ခုန်ကူးရင်း
သစ်ပင်တွေကိုလည်း မီးပူတိုက်၊
တဖျစ်ဖျစ် တဖြောက်ဖြောက် အသံတွေနဲ့
ညကို ချောက်ချားစေပြီး
အသက်တွေ ခြွေရတဲ့အတွက်
သူပျော်နေလေရဲ့။

သစ်ရွက်တွေ... ထင်ရှူးပင်မြင့်တွေနဲ့ ကစားရင်း
သူလာခဲ့တဲ့ ခရီးတလျှောက်
သစ်တောကတော့ လုံးပါးပါးတာပဲ...။

ကျေးငှက်ငယ်တွေလည်း
အန္တရာယ်အတွက် အကြိတ်အနယ် ဆွေးနွေး
နောက်ဆုံးတော့လည်း
လုံခြုံရာ ကောင်းကင်မိခင်ဆီ
အတောင်မညောင်းမချင်း ပျံသန်းကြဖို့ပဲပေါ့။

တောရဲ့ ရင်ခွင်မှာ ပျော်ခဲ့တဲ့
အကောင်ပလောင်တွေ အားလုံးအတွက်
ငရဲ ဖြစ်သွားတဲ့ ည...။

ခပ်ဝေးဝေး တောင်ယာလုပ်သားတွေတောင်
ပစ္စည်း တစ်ဖက်၊ ကလေး တစ်ဖက် နဲ့
အဲဒီ မီး.. အလည်လာမှာကြောက်လို့
လွတ်ရာ သွားဖို့ ပြင်ကြပေါ့...။


နာရီ ပေါင်းများစွာ
သူဆော့ကစားလို့ အားရကာနီးမှ
ဟိုဝေးဝေးမြို့က မီးသတ်ကား တစ်စီး
အသံပေးရင်း လာနေပြီ။
သူ့အတွက်တော့
ပြာတွေကို ခြေရာအဖြစ်ထားပြီး
တိတ်တိတ်လေး ပြန်ရုံပါပဲ...။

သိင်္ဂါကျော်

Ref: Forest Fire by George E. Thompson
The Forest Fire by John Stone

(အပေါ်ကပုံတွေက မြို့သစ်မှာ တောမီးလောင်တုန်း ရိုက်ထားတဲ့ပုံတွေပါ)

07 March, 2010

ဓါတ်တော်ချိုင့် သို့ တစ်ခေါက်


ကိုယ်တို့ ဓါတ်တော်ချိုင့် ကို သွားချင်နေတာ ကြာပါပြီ။ အိမ်ပြန်နေကြတာနဲ့၊ အလုပ်ကိစ္စနဲ့ ခရီးထွက်နေကြတာနဲ့ လူမစုံ ဖြစ်ပြီး မသွားဖြစ်တာပါ။ တစ်ခါ သွားမယ်လို့ စီစဉ်လိုက်ပြန်တော့လည်း ဓါတ်တော်ချိုင့် မှာ လူငါးယောက် ပျောက်သွားတယ် ဆိုတဲ့ သတင်း ထွက်လာလို့ တစ်ချို့  ကမသွားရဲတော့တာနဲ့  အစီအစဉ်ပျက်သွားပြန်ပါတယ်..။ ကောလဟာလ သတင်းဆို တော်ရုံနဲ့ မယုံကြည်တတ်တဲ့ ကိုယ်လည်း ပြင်ဦးလွင် ရဲစခန်းကို ဖုန်းဆက်ပြီး မေးကြည့်တော့ သူတို့က လုံးဝ မသိပါဘူးလို့ ပြောတော့ ကိုယ်တို့လည်း ကောလဟာလ သက်သက်ပဲလို့ ထင်ခဲ့ပါတယ်။ သွားတော့ မသွားဖြစ်တော့ပါဘူး။ ဒီတစ်ပတ် စနေတော့ တကယ် သွားဖြစ်သွားပါတယ်။

လမ်းပြ အဒေါ်ကြီး ပြောပြမှ အရင်က ကောလဟာလရဲ့  ဖြစ်ရပ်မှန်ကို သိခဲ့ရပါတယ်။ လူ ခုနစ်ယောက် လာခဲ့ပြီး ငါးယောက် တကယ် သေခဲ့တာပါ။ သတင်းကြားသလို ဘာမှန်းမသိ ပျောက်သွားတာတော့ မဟုတ်ခဲ့ပါဘူး။ အဲဒီမှာ ဘာမှမဆိုင်ပဲ ကိုယ်က Jaws ဇာတ်ကားတွေထဲက တာဝန်ရှိသူတွေက ခရီးသွားတွေ မလာမှာစိုးလို့ အန္တရယ်ရှိတဲ့ အဖြစ်မှန်ကို ဖုံးထားတာကို သွားသတိရမိပါတယ်။

အဲဒီခရီးသွား အဖွဲ့မှာ မိန်းကလေး တစ်ယောက် ယောက်ျားလေး ခြောက်ယောက်ပါပါတယ်။ သူတို့က စားဖို့ သောက်ဖို့ သယ်လာကြတဲ့အထဲမှာ အမဲသားတွေတောင် ပါလာခဲ့ပါတယ်။ သောက်စရာတွေလည်း ပါတာပေါ့။ မိန်းကလေး နဲ့ ယောက်ျားလေး အတွဲကလည်း အမှားအယွင်း ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီတောတောင်က အဲဒါမျိုးတွေ မကြိုက်ပါဘူး တဲ့။ သူတို့ အဖွဲ့က လမ်းပြလည်း မခေါ်ပဲ ကိုယ့်ဟာကို လျှောက်သွားရင်း လမ်းမှားသွားခဲ့တာပါ။ လျှိုထဲ ရောက်ပြီး ပဒူအုံ နဲ့ တိုးသွားပါတယ်။ သူတို့က လောက်လေးနဲ့ သွားပစ်တာလို့လည်း ပြောပါတယ်။ အဲဒီမှာပဲ ပဒူတွေ ဝိုင်းတုတ်ပြီး တစ်ချို့လည်း ချောက်ထဲခုန်ချပြီး ခေါင်းနဲ့ ခိုက်မိသွားပါတယ်။ မပြေးနိုင်တဲ့လူတွေကတော့ မျက်နှာ နဲ့  ခေါင်းတွေမှာ အတုပ်ခံရပြီး အခြေအနေဆိုးခဲ့ပါတယ်။ လမ်းပြတွေပဲ သူတို့ကို ရှာဖွေပြီး ဓါတ်တော်ချိုင် အပေါက်ဝကို သယ်လာ၊ ချထားတာပါ။ ဆေးရုံခေါ်သွားဖို့ စောင့်နေတုန်းမှာပဲ မိန်းကလေးကတော့ ဆုံးသွားတယ်လို့ ပြောပါတယ်။ ခေါင်းက ဆံပင်တွေထဲမှာကို ပဒူကောင်တွေပါလာပြီး ဆွဲထုတ်လိုက်တဲ့ အချိန်မှာ ပဒူကောင်တွေရဲ့  ပါးစပ်ထဲမှာ အသားစတွေ ပါလာတာ တွေ့  ရတယ်လို့  ပြောပါတယ်။ တစ်ယောက်ကိုတော့ အကြာကြီး ရှာမတွေ့  ပဲ ဖြစ်နေတာ တကယ်တော့ သူက  ပဒူကောင်ရန်က ပြေးရင်းနဲ့ ရေတံခွန်နားရောက်သွားပြီး ခုန်ချလို့  နစ်သေရတာပါ။ ဆေးရုံရောက်တာလည်း တကယ်တော့ အချိန်မကြာခဲ့ပါဘူး။ အချိန်မီနိုင်ပါရဲ့  နဲ့  သေသွားကြတာ တောထဲမှာ မယူသင့်တဲ့ အသားတွေယူလာ၊ မလုပ်သင့် မပြောသင့်တာတွေ လုပ်လို့  ပြောလို့  ဖြစ်ရတာလို့  လမ်းပြအဒေါ်ကြီးကတော့ ပြောတာပဲ။ ဆေးရုံရောက်ပြီး အသက်ရှင်သွားတဲ့ နှစ်ယောက်ကတော့ အိမ်ထောင်သည်တွေ ဖြစ်ပြီး အရက်လည်း မသောက်ခဲ့ဘူး လို့  ပြောပါတယ်။

အဆင်းတုန်းကတော့ ဓါတ်ပုံတွေ ရိုက်ပြီး  ပြုံးပြုံး ပြုံးပြုံးနဲ့  သွားခဲ့ကြတာ.. အတက်ကြတော့မှ တကယ့်ကို စကားတောင် မပြောနိုင်ကြတော့ပါဘူး။ ကိုယ်ကတော့ နောက်ဆုံးပဲ.. :D ကိုယ့်နောက်မှာ တစ်ယောက်ပဲ ကျန်တယ်။ ပင်ပန်းလွန်းလို့  နောက်တစ်ခေါက်သွားဖို့  တော့ တော်တော် စဉ်းစားရပါဦးမယ်။

ရေတံခွန်ကတော့ နွေဦးရောက်တော့မှာဆိုတော့ ရေသိပ်မများတော့ပဲ ကျောက်တုံးတွေ ပေါ်လောက်အောင် နည်းနေပါပြီ။ ထုံးစံအတိုင်း ကိုယ်လက်စွမ်းပြထားတဲ့ ပုံလေးတွေ တင်လိုက်ပါတယ်။

 
  


သိင်္ဂါကျော်