24 November, 2011

Groningen နေ့ရက်များ



စံဇာဏီဘို ရဲ့ ဗေဒင် စာအုပ်ထဲမှာ ဒီနှစ် နိုဝင်ဘာလ အတွက် နိုင်ငံခြား ခရီးကံ သိပ်မကောင်းဘူးလို့ ပြထားတယ်။ ဟုတ်များ နေမလားပဲ။ တစ်ခါမှ မကြုံစဖူး ၇ ရက်နေ့ မနက် ဘန်ကောက် သွားမယ့် MAI လေယာဉ်က cancel လုပ်လိုက်တာနဲ့ ကြုံရတယ်။ လေယာဉ် လက်မှတ်က ဟိုဘက် တက္ကသိုလ်က လုပ်ပေးထားတဲ့ E-ticket ဆိုတော့ ကိုယ့်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ် မပါလို့ ဆိုပြီး MAI က ဘာမှ အကြောင်းမကြားဘူး။ ကိုယ်သွားပြောတော့မှ ညနေ လေယာဉ်နဲ့ change ပေးထားတယ် ပြောတယ်။ အဲဒါနဲ့ မရဘူး၊ မနက် သွားရမှ ဖြစ်မှာ၊ ဘန်ကောက်မှာ ဗီဇာ ယူဖို့ ရှိလို့ပါ လို့ ပြောတော့မှ TG နဲ့ change ပေးမယ် ပြောတယ်။ အစကတည်းက TG နဲ့ ဆို ပြီးရော၊ MAI က အချိန်နည်းနည်း စောတာနဲ့ ဘန်ကောက်ကို စောရောက်လေ ကောင်းလေ ဆိုပြီး လုပ်ပေးထားကာမှ အခုတော့ ဒုက္ခရောက်နေပြီ။ TG မှာ နေရာကျန်မှ ရမယ် ဆိုလို့ ရင်တထိတ်ထိတ်နဲ့ စိတ်မောလိုက်ရတာ ပြောမနေပါနဲ့တော့။ တကယ်တန်းကျတော့ TG မှာ အလယ် တစ် Roll လုံးတောင် လူမရှိပါဘူး။

ဘန်ကောက်ကို ၁၁ နာရီကျော်မှ ရောက်ပါတယ်။ သူငယ်ချင်းကနေ တစ်ဆင့် သိရတဲ့ အစ်မကြီး လင်မယားဆီ ဖုန်းငှားဆက်တော့ Gate 3 ကနေ စောင့်၊ လာကြိုမယ် လို့ ပြောတယ်။ ပစ္စည်း ရွေးပြီးတော့ Left Baggage ကို ရှာပြီး အပ်ခဲ့ရတယ်။ အိတ်က သုံးလုံး ဆိုတော့ ဘတ် ၃၀၀ ပေးရတယ်။ ပထမတော့ တစ်ယောက်တည်း သွားဖို့ပါပဲ၊ ဘန်ကောက်မှာ ရေကြီးတာကလည်း သိထားတော့ အိမ်ကလည်း စိတ်မချတာနဲ့ သူငယ်ချင်းက တစ်ဆင့် အသိရှာထား ရတာပါ။ ရှိတဲ့ သူငယ်ချင်းတွေကလည်း ရေကြီးတာနဲ့ မြန်မာနိုင်ငံ ပြန်ရောက်နေကြတယ်လေ။

အဲဒီ အစ်မကြီး လင်မယားနဲ့ တွေ့တော့ ကြိုမပြောလို့ ဆိုပြီး ဆူပါတယ်။ ဒီမနက်မှ မြန်မာနိုင်ငံကနေ ဖုန်းဆက်ထားတာလေ။ ကံကောင်းလို့ တွေ့တာတဲ့။ သူတို့ နယ်သွားနေရင် တွေ့မှာ မဟုတ်ဘူး ပြောတယ်။ မနက်ဖြန်တောင် သွားမှာတဲ့။ လာကြိုရတာ ကိစ္စ မရှိပါဘူး၊ နောက်တစ်ခါ ကြိုပြောပါတဲ့။ တိုက်ရိုက်သိတာ မဟုတ်ပဲသူတို့ မို့လို့သာ ကူညီတာပါ။ သူတို့က မြန်မာဘုန်းကြီးတွေ ဘန်ကောက်မှာ ဆေးလာကုရင်လည်း အမြဲ ကူညီနေကြလို့ ပြောပါတယ်။

နယ်သာလန် သံရုံး ဆိုတာကလည်း ရှာလိုက်ရတာ အဲဒီလမ်းမှာ နှစ်ပတ်လောက် ပတ်ပြီးမှ ရောက်ပါတယ်။ ဟိုရောက်တော့ ၂ နာရီ သံရုံးဖွင့်တာနဲ့ အတော်ဖြစ်ပြီး ကိုယ့် Application form ကို တင်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကတည်းက passport မိတ္တူပို့ပြီး ဒီနေ့ လာမယ့် အကြောင်း appointment လုပ်ပြီးသားပါ။ ပုံမှန်ဆို ၂ ၇က် ၃ ရက် ကြာမှ ရတယ် ဆိုပေမယ့် အရေးကြီးရင်တော့ တစ်ရက်တည်း ရအောင် လုပ်ပေးမယ်လို့ သံရုံးက ပြောထားပါတယ်။ အခုကျတော့ မနက်ဖြန်လောက်မှ ရမယ် ဆိုလို့ ဒီနေ့ ညနေ မရလို့ မဖြစ်တဲ့ အကြောင်း၊ ဒီည လေယာဉ်နဲ့ Amsterdam ကို ဆက်သွားရမှာ ဆိုတဲ့ အကြောင်း၊ လေယာဉ် လက်မှတ်က ဟိုဘက် တက္ကသိုလ်က စီစဉ်ပေးတဲ့ အတွက် ကိုယ့်ဟာကိုယ် လဲလို့ မရဘူး ဆိုတဲ့ အကြောင်း နှစ်ခါ သုံးခါလောက် သနားအောင် ပြောယူရပါတယ်။ ဗီဇာ မရရင် လေယာဉ် လက်မှတ်ကလည်း လဲလို့ ရတော့မှာ မဟုတ်ပါဘူး။ ဘုရားစာ ရွတ်ပြီး စောင့်နေရင်း ညနေ ၄ နာရီ ရုံးပိတ်ကာနီး မှာမှ MVV ဗီဇာ ရလာပါတယ်။ မြန်မာနိုင်ငံမှာ သံရုံး မရှိတဲ့ နိုင်ငံကိုမှ ကျောင်းတက်ဖို့ လျှောက်မိလို့ ခုလိုတွေ ဖြစ်ရတာပါ။ ကိုယ်က ၁၀ ကြာမှာမို့ long stay visa ကို ဒတ်ခ်ျ သံရုံး ရှိတဲ့ ဘန်ကောက်မှာ လာယူရတာပါ။ ရက် ၉၀ မကျော်ရင်တော့ မြန်မာနိုင်ငံက ဂျာမနီ သံရုံးကပဲ ဗီဇာ ထုတ်ပေးလို့ ရပါတယ်။

လိုက်ပို့ပေးတဲ့ အစ်မကြီး နဲ့ ၄ နှစ် အရွယ်လောက် သူ့သားကလေး  လည်း ကိုယ့်ကို နှစ်နာရီလောက် စောင့်နေရပါတယ်။ ဗီဇာ ရပြီးတော့ အစ်မကြီးက သူ့ဆိုင် ခဏ ဝင်ပြီးရင် လေဆိပ်ကို ပြန်လိုက်ပို့ပေးမယ် ပြောပါတယ်။ အစ်မကြီး ဆိုင်တွေ ရှိတဲ့ MBK ကုန်တိုက်ကို ခဏ ဖြတ်လျှောက်ပြီး အဲဒီမှာပဲ ထမင်းကျွေးပါတယ်။ ပြီး လေဆိပ်ကို ပြန်ပို့တော့ ၆နာရီ ခွဲလောက် ရောက်ပါတယ်။ လေယာဉ်က ည ၁၁ နာရီ ကျော်မှ ထွက်မှာပါ။ အဝေးကြီး လိုသေးတယ် ဆိုပြီး Check in ဝင်ပြီး အေးအေး ဆေးဆေး ထိုင်ငိုက်နေမိတာ Final Call နဲ့မှ လေယာဉ်ပေါ်ကို တက်ရတဲ့ အဆင့်ကို ရောက်သွားပါတယ်။

Amsterdam Airport ကို နောက်တစ်နေ့ မနက် ၅နာရီ ခွဲလောက်မှာ ရောက်ပါတယ်။ Luggage တွေ ယူပြီး Exchange ကို ရှာ ငွေလဲပြီးမှ ရထားလက်မှတ် ဝယ်ရပါတယ်။ Groningen ကို သွားမယ့် တိုက်ရိုက် ရထား မရှိတော့လို့ အနီးဆုံး အချိန် ရထားလက်မှတ် ဖြတ်ပေးလိုက်ပါတယ်။ ကိုယ်က မသိဘူး။ ကံကောင်းလို့ ရထားပေါ်က ဦးလေးကြီးကို မေးမှ ပြောင်းစီးရမယ်မှန်း သိရပါတယ်။ တော်သေးလို့ သူနဲ့ အတူတူပဲ ရထား ပြောင်းစီးရမှာမို့ အတူတူ ဆင်းပြီး နောက်ရထား ပြောင်းစီးရပါတယ်။ သူက ကိုယ်မဆင်းခင် Assen မှာ ဆင်းသွားပါတယ်။ ကိုယ်က Groningen မှာ ဆင်းပြီး ဘူတာရုံကနေ တက္ကစီနဲ့ပဲ ငှားထားတဲ့ Plutolaan 329 က Student House ကို သွားလိုက်ပါတယ်။ အိတ်သုံးအိတ် သယ်လာမိတဲ့ ကိုယ့်မှာ ဒုက္ခတွေ များလိုက်တာ မပြောပါနဲ့တော့။

ကိုယ်ငှားထားတာက တစ်ယောက်ခန်းပေမယ့် လောလောဆယ် နှစ်ယောက်ခန်း တစ်ခန်းမှာ မိန်းကလေး နဲ့ ယောက်ျားလေး ကျနေတာ အဆင်မပြေလို့ အဲဒီအခန်းမှာ ဒီတစ်လ နေပေးပါလို့ ပြောတယ်။ ကိုယ့် အခန်းဖော်က အီရတ်က လာတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သူက တစ်လ Research လာလုပ်တာလို့ ပြောပါတယ်။ သူ ပြန်သွားရင် ကိုယ်က ကိုယ့်ရဲ့ မူလ တစ်ယောက်ခန်းကို ပြောင်းရဦးမှာပါ။ ကိုယ့် Professor ကလည်း ကိုယ့် အတွက် အခန်း စီစဉ်ထားတဲ့ အကြောင်း၊ အခု နှစ်လ မှာတော့ ဘယ်အခန်း၊ နောက်လ ကြရင် နောက် အခန်း ပြောင်းရမယ် ဆိုလား၊ mail ထဲမှာ ပို့ထားပါသေးတယ်။ ကိုယ့်မှာ အဲဒီလို နေရာတွေ ရွေ့ရ ပြောင်းရမယ့် ကံ သိပ်ပါတာပါ။ အရင်ကတည်းက အဆောင် ဟိုနေရာက ဒီနေရာ ပြောင်းလိုက်ရ၊ အဆောင်တစ်ဆောင် အတွင်းမှာကိုပဲ အခန်း ပြောင်းလိုက်ရ ဆိုတာမျိုးတွေလည်း ခဏခဏ ကြုံခဲ့ပါတယ်။ နယ်ပြောင်းရတာတွေလည်း ပြောမနေပါနဲ့တော့။ အပြောင်းအရွှေ့ ကံက သိပ်ပါတာပါ။ ကိုယ်ကလည်း တစ်နေရာတည်း ထိုင်နေရတာနဲ့ စာရင်တော့ အပြောင်းအလဲကို သဘောကျတတ်ပါတယ်။

အခန်းထဲမှာ အထုပ်အပိုးတွေ နေရာချ၊ ခဏနား ပြီးတော့ လိုအပ်တာတွေ ဝယ်ဖို့ အပြင်ထွက်ခဲ့ပါတယ်။ (အဓိက ကိုယ့် laptop ရဲ့ ပလပ်ခေါင်းက အခန်းထဲက ပလပ်ပေါက်နဲ့ မတူလို့။ ကြားခံခေါင်းလေး ထည့်လာဖို့ မေ့သွားခဲ့တယ်လေ။)  အသွားတုန်းကတော့ အဆင်ပြေပြေပဲ သူများတွေ သွားတဲ့ နောက်က လိုက်သွားတာ Paddepoel Super Market ကို ရောက်သွားပါတယ်။ အဲဒီနားမှာ ခပ်နီးနီးပါပဲ။ ပြန်လာတော့ ဝင်တဲ့ အပေါက်က မထွက်ပဲ တစ်ခြား အပေါက်က ထွက်ခဲ့မိတယ် ထင်ပါတယ်။ ဘယ်ရောက်လို့ ရောက်သွားမှန်း မသိတော့ပါဘူး။ အလာတုန်းက နီးနီးလေးနဲ့ အပြန်ကျတော့ မရောက်နိုင်ဘူး ဖြစ်နေပါတယ်။ ကိုယ့်ရဲ့ လမ်းမမှတ်မိတတ်တဲ့ ရောဂါက အတော်ဆိုးနေမှန်း ခုမှ သိရပါတယ်။ ကိုယ်က မြန်မာနိုင်ငံမှာတောင် သွားနေကျ မဟုတ်ရင် တည့်တည့်မတ်မတ် ရောက်အောင် သွားတတ်တဲ့ လူ မဟုတ်ပါဘူး။ ခုတော့ အဆောက်အအုံတွေကလည်း အတူတူ တွေလို ဖြစ်ပြီး Plutolaan 329 ဘယ်နားမှာလဲ ဆိုတာ တွေ့တဲ့လူတိုင်းကို မေးရပါတော့တယ်။ တော်တော်များများကလည်း မသိကြပါဘူး။ အံသြစရာ ကောင်းတာ အဲဒီနားက တကယ်တော့ အဝေးကြီးလည်း မဟုတ်ပါဘူး။ နောက်ဆုံးတော့ အလာက ထွက်ခဲ့တဲ့ လမ်းက မဟုတ်ပဲ တစ်ဘက်လမ်းပေါက်ကနေ ပြန်ရောက် လာပါခဲ့တယ်။

နောက်တစ်နေ့ မနက်ကျတော့ ကိုယ်သွားရမယ့် Groningen University ကို မြေပုံကြည့်ပြီး သွားတာ ဘတ်စ်ကား နှစ်ခါ ပြောင်းစီး ပြီးမှ ရောက်သွားပါတယ်။ တကယ်တော့ ၁၅ မိနစ်လောက် လမ်းလျှောက်ရုံနဲ့ ရောက်တာပါ။ အပြန်ကျတော့ ထုံးစံအတိုင်း လမ်းထိပ်က ဈေးဆိုင်မှာ ဝင်ဝယ်ပြီး ပြန်အလာမှာ လမ်းပျောက် ပြန်ပါတယ်။ ဒီမှာက ကိုယ်ပြန်လာတဲ့ ၅ နာရီ လောက်ဆို မြူတွေ ဆိုင်းပြီး မှောင်နေပြီမို့ ကိုယ့်အဆောင်ကို မမှတ်မိတော့တာပါ။ ခုတော့ ကောင်းကောင်း သိသွားပြီပေါ့လေ။ အဆောင် နဲ့ ကျောင်းနဲ့က အဲဒီလောက် နီးတာပဲ ကံကောင်းလှပြီ။ စက်ဘီး နဲ့ သာ တက်ရမယ်ဆို ကိုယ်က စက်ဘီးလည်း မဖြစ်မနေ ဆိုရင်တော့ စီးလို့ရပေမယ့် ကောင်းကောင်း စီးတတ်တာ မဟုတ်ဘူး။

University of Groningen ဆိုတာကလည်း တစ်မြို့လုံးမှာ ဖြန့်ထားသလားတောင် အောက်မေ့ရပါတယ်။ International Service Department ရှိတဲ့ Acedamic Building က မြို့ အလယ်ပိုင်းမှာပါ။ (ကိုယ် အမြဲသွားရတဲ့ Department ရှိတဲ့ နေရာက ကိုယ့် အဆောင်နဲ့နီးတဲ့ တောင်ပိုင်းမှာပါ။) အဲဒီကို သွားတော့လည်း ဘတ်စ် ကား ပြောင်းမစီးတတ်တာနဲ့ တက္ကစီနဲ့ သွားလိုက်ရတယ်။ ပြီးတော့ resident permit အတွက် လိုအပ်တာတွေ လုပ်ဖို့ City Hall ကို သွားတော့လည်း သူတို့က မြေပုံပေးလိုက်ပြီး နီးနီးလေးပဲ ဆယ်မိနစ်လောက် လျှောက်ရင် ရောက်ပါတယ် ဆိုပေမယ့် ကိုယ်ကတော့ သိတဲ့ အတိုင်း မြေပုံလည်း ကောင်းကောင်း မကြည့်တတ်ပဲ ဟိုလျှောက် ဒီလျှောက်နဲ့ တော်တော် ရှာပြီးမှ ရောက်သွားခဲ့ပါတယ်။ နောက်တစ်ခါ co supervisor က သူ့ရဲ့ presentation ကို တက်ဖို့ ဆိုပြီး Philosophy department ကို လာခိုင်းတော့ သူက သေချာ ညွှန်ပေးလိုက်တော့ သိပ်မရှာရပဲ ရောက်သွားပါတယ်။ မနေ့ကတော့ tuberculosis test လုပ်ဖို့ Health department ကို ကားနှစ်ဆင့် ပြောင်းစီးပြီး တည့်တည့် ရောက်သွားပါတယ်။ ရောက်မှာပေါ့၊ Google Map မှာ သေချာ ရှာထားခဲ့တယ်လေ။ တကယ်တော့ ဒီမြို့လေးက သေးသေးလေးပါ။ ခုတော့ သွားရင်းသွားရင်းနဲ့ ဒီနေရာတွေကလွဲပြီး တစ်ခြား မရှိဘူး ဆိုတာ သိလာပါတယ်။

ဒီမြို့မှာ လည်စရာနေရာလည်း သိပ်မရှိလှဘူးလို့ ထင်ပါတယ်။ လည်စရာ ရှာဖို့ အသာထားပြီး နှစ်ပတ်အတွင်း ပြီးရမယ့် အလုပ်ကို စလုပ်နေရလို့ စိတ်ထဲမှာလည်း ပေါ့ပေါ့ပါးပါး မရှိသေးပါဘူး။ တစ်ညနေကတော့ နေကလည်း သာနေတာနဲ့ အခန်းဖော်နဲ့ နှစ်ယောက်သား ကိုယ့် တက္ကသိုလ် ရှိတဲ့ဘက်ကို လမ်းလျှောက်ရင်း ဓါတ်ပုံလေး ဘာလေး ရိုက်လာကြပါတယ်။ တစ်ချို့နေတွေဆို တစ်နေကုန် နေမမြင်ရအောင် မြူတွေ ဆိုင်းနေတာပါ။ သင်တန်းရယ်လို့ မဟုတ်တော့လည်း ကိုယ့်လို အသစ်ရောက်တဲ့သူ အချင်းချင်း အပေါင်းအသင်း လုပ်စရာလည်း မတွေ့သေးပါဘူး။ ကျောင်းက လူတွေ ဆိုတာကလည်း အမျိုးသားတွေ များပြီး နေတာ ကြာနေတဲ့ student တွေ၊ professor တွေ ဆိုတော့ ကိုယ့်မှာ တစ်ယောက်တည်းလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုအတွက် ကြိုးစားပမ်းစား လာခဲ့တာ ဆိုတော့ ကိုယ့်ဟာကိုယ် ကျေနပ်ပါတယ်။

ဒီပို့စ်က ကိုယ့် အကြောင်းကိုယ် ရေးမိတာ ဖြစ်နေတဲ့ အတွက် စာဖတ်သူတွေကိုတော့ တောင်းပန်ပါတယ်။ ကိုယ့် သူငယ်ချင်းတွေ အတွက်ရယ်၊ ခရီးသွား မှတ်တမ်း အနေနဲ့ ရယ် ရေးထားလိုက်တာပါ။ ဒါကိုတောင် ရောက်ကတည်းက မရိုက်နိုင်ပဲ စိတ်တွေ ရှုပ်၊ အလုပ်တွေ ရှုပ်နေခဲ့လို့ပါ။ လောလောဆယ်ဆယ် အနီးအနား ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း တင်လိုက်ပါတယ်။

ကိုယ်နေတဲ့ Plutolaan Student house ပါ။ 

အဆောင်ဘေးနားက ရေကန်ပါ။ မနက် ကျောင်းသွားတဲ့ အချိန် ရိုက်တာ အလင်းရောင် ကောင်းကောင်း မရဘူး ဖြစ်နေပါတယ်။

ကိုယ် နေ့တိုင်း ကျောင်းသွားနေတဲ့ လမ်းမကြီးပါ။

အနီးဆုံး food shop ပါ။

ကိုယ့် Institute ရှိတဲ့ အဆောက်အအုံပါ။

ညနေခင်း အခန်းဖော် နဲ့ ကျောင်းဘက်ကို လမ်းလျှောက်ရင်း ကျောင်း အနီးအနား ဟိုဟို ဒီဒီ ရိုက်ခဲ့တာလေးတွေပါ။









သိင်္ဂါကျော်

18 November, 2011

နေရောင်မလင်းတဲ့ နေ့တွေ


နေရောင်ကို မျှော်ရင်း
နှင်းရည်သောက်လို့ ပွင့်တဲ့ပန်းတွေ
ချိုမြစွာ လန်းပလို့။

တနေကုန် မြူမှုံသိုင်းလို့
နေမင်း ပုန်းရှောင်တဲ့နေ့တွေမှာ
အပူပိုင်းက ဆူးချုံကလေးရော
ပြုံးမြစွာ ရှင်သန်နိုင်ပါ့မလား။

နှင်းရည် တပေါက်ပေါက်အောက်
ကုတ်အင်္ကျီမရှိတဲ့ ငှက်တွေတောင်
ကျိုးကျိုးကျီကျီ အစာရှာထွက်လို့။

နေ့တဓူက ဒါပါပဲ
အစိမ်းရင့်ရင့် လမ်းထဲ
သွားသာသွားနေရတယ်
ရောက်မှရောက်ပါ့မလားလည်း
မသေမချာနဲ့။

ဘယ်တော့မှ မညီးတွားတတ်တဲ့
ယုန်ကလေးလည်း
ချမ်းချမ်းစီးစီး မကွေးနိုင်ရှာပဲ
လမ်းသစ် ရှာနေရလေရဲ့။

ခက်ခဲခြင်းတွေက လွယ်ကူခြင်းရဲ့အစပေါ့
ဘယ်အရာမှတော့ အလကား မရနိုင်လေဘူး
မြူတွေ ဘယ်လောက်ပဲပိတ်ပိတ်
နေမင်းကတော့
အခွင့်အခါသင့်တိုင်း
သူ့ရောင်စဉ်တွေ လင်းပဖို့
အဆင်သင့်ရှိသလိုပ။

(သိင်္ဂါကျော်) 


လောလောဆယ် နယ်သာလန်က Groningen မြို့လေးကို ရောက်နေပါတယ်။ ၁၀ လ ကြာမှာပါ။ အိမ်က internet က ဘာဖြစ်မှန်းမသိ ကိုယ့် laptop ပဲ ခုချိန်ထိ မရပဲ ဖြစ်နေလို့ပါ။ ကျောင်းက internet ကလည်း ဒီနေ့မှပဲ ကိုယ့် laptop နဲ့ ကိုယ် အဆင်ပြေသွားပါတယ်။ အရင်နေ့တွေကတော့ ကျောင်းက စက်မှာ မြန်မာစာလည်း တင်လို့မရ ဖြစ်နေလို့ပါ။ စတဲ့ နေ့ကတည်းက လုပ်စရာတွေ တန်းစီနေလို့ ခရီးသွားမှတ်တမ်း လေးတောင် ရိုက်ဖို့ အချိန်မပေးနိုင်လို့၊ ရာသီဥတုကလည်း နေသိပ် မသာတာနဲ့၊ ဓါတ်ပုံလည်း တစ်ပုံမှ မရိုက်ဖြစ်သေးပါဘူး။ ဘာပဲ ဖြစ်ဖြစ် ဘလော့ကို ပစ်မထားချင်တာနဲ့ ကဗျာလေး တစ်ပုဒ်နဲ့ လာနှုတ်ဆက်ပါတယ်။

19 October, 2011

ဇုံအပြင်ဘက်သို့ လှမ်းကြည့်ခြင်း


နေရောင်ကိုက နွေးထွေးနေခဲ့တာ
ချစ်သောသူများ ရှိရာမို့ပါ၊
အမြဲ လက်ဖြန့်တောင်းလို့ရတဲ့
အမေရင်ခွင်လည်း လက်လှမ်းမီတယ်၊
အေးအတူ ပူအမျှ မျှဝေနေကျ
သူငယ်ချင်းတွေလည်း အနီးအနားရှိတယ်၊
ကိုယ့်ကိုယ်ကို လုံခြုံနေတယ် ထင်ရတဲ့ စိတ်နဲ့
နေသာသလို နေနေတဲ့ ဇုံထဲက
အပြင်ထွက်ဖို့ မစဉ်းစားချင်ခဲ့သူပေါ့။

တစ်လှမ်း ထွက်လိုက်တာနဲ့
မသိနားမလည်မှုတွေက
ကိုယ့်ကိုယ်ကို သိမ်ငယ်စေမယ်၊
ပုံမှန် နေထိုင်နေသူတွေ အပေါ်လည်း
ကိုယ့်ကို စိမ်းကားနေတယ် ခံစားချက်မျိုးနဲ့
တွေးရင်း တွေးရင်း
ဇုံအပြင်ကို လှမ်းထွက်ဖို့ ဝန်လေးနေသူပေါ့။

နေထိုင် ရှင်သန်မှု အစ အဆုံး
အားလုံးပဲ ကိုယ့်အားကိုယ်ကိုး ရလိမ့်မယ်
အပြင်မှာ မိုးတွေ ရွာနေသလို
အေးစက် စိုစွတ်တဲ့ ခံစားမှုတွေ ထွေးပိုက်ရင်း
အိမ်ပြန်မယ့် နေ့ကို စောင့်စား နေရလိမ့်မယ်။

အဲဒီ ဇုံအပြင်မှာ
ဖော်ရွေစွာ ကြိုဆိုကြရင်တောင်
အားလုံးက သူစိမ်းတွေပဲ ဖြစ်ရဲ့။
ကိုယ့်မိခင်ဘာသာစကားနဲ့တောင်
စကားစမြည် ပြောဖော် မရှိမယ့် နေရာတဲ့၊
အထီးကျန်မှုကို မကြောက်ရွံဘူး ပြောဖူးတဲ့သူတောင်
ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မတဲ့လဲ။

ဘယ်တော့မှ မသုံးဖူးတဲ့
သတ္တိတွေ ထုတ်သုံးလိုက်ပါ၊
ကိုယ့်လုပ်ဆောင်နိုင်စွမ်း ကိုယ်
ယုံကြည်နေရင်းနဲ့ပဲ
နေသာသလို မနေရတော့မှာ စိုးရိမ်စိတ်နဲ့
ရုံးကန်လှုပ်ရှားဖို့ အားအင်မပြည့်မှာ စိုးရိမ်စိတ်နဲ့
အဲဒီ ဇုံအပြင်ဘက်ကို
လှမ်းကြည့်ရင်း တွေဝေနေသူပေါ့။

သိင်္ဂါကျော်


(နောက်လမှာ သင်တန်းတစ်ခု တက်ဖို့ရှိလို့ အိမ်ကိုလည်း တစ်ပတ်ပြန်မယ်၊ လုပ်စရာလေးတွေလည်း ရှိနေလို့ ဘလော့ကို ပစ်ထားပါဦးမယ်နော်။ ရေးလက်စ ဝတ္တုလေး ပြီးရင်တော့ သင်တန်းမသွားခင် တင်လိုက်ပါဦးမယ်။ မဟုတ်ရင်တော့ နေရာသစ်မှာ stable ဖြစ်မှပဲ ဘလော့ပေါ် ပြန်လာဖြစ်မယ် ထင်ပါတယ်။)