05 November, 2014

ကျေးလက်နေ အမျိုးသမီးတစ်ယောက်ဘဝမှ Keys Software Solutions ကုမ္ပဏီ CEO တစ်ယောက် ဘဝသို့ အရောက်လှမ်းနိုင်ခဲ့သူ


“အောင်မြင်တဲ့ ဇာတ်လမ်းတိုင်းမှာ နာကျင်စရာနဲ့ အစပြုခဲ့ရပြီး နာကျင်ပင်ပန်းတဲ့ အစပြုမှုတိုင်းမှာလည်း အောင်မြင်တဲ့ အဆုံးသတ်တစ်ခုတော့ ရှိပါတယ်။” (Dr. APJ Abdul Kalam)

 “သင့်က ဆင်းဆင်းရဲရဲ မွေးဖွားလာတယ် ဆိုရင် အဲဒါ သင့် အမှား မဟုတ်ပါဘူး၊ ဒါပေမယ့် သင် ဆင်းဆင်းရဲရဲ နဲ့ပဲ သေဆုံးသွားမယ် ဆိုရင်တော့ အဲဒါ သင့်အမှားပါ” (Bill Gates)

သာမာန် ရွာသူ အမျိုးသမီး တစ်ယောက်ဘဝကနေ Keys Software Solutions ကုမ္ပဏီ CEO တစ်ယောက် အဖြစ်သို့  အရောက်လှမ်းနိုင်ခဲ့သူကတော့ အိန္ဒိယအမျိုးသမီး Mrs. D. Anil Jyothi Reddy (ဒီ အနေးလ် ဂျော့သီ ရက်ဒ်ဒီ) ဖြစ်ပါသည်။


Anil Jyothi Reddy ကို ၁၉၇၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ဆင်းရဲသား မိသားစုတစ်စုမှ မွေးဖွားခဲ့ပြီး မွေးချင်း လေးယောက် ရှိခဲ့သည်။ သူမ ငယ်စဉ်မှာပင် မိခင် ဆုံးပါးသွားခဲ့ပြီးနောက် ဖခင်က အလုပ်အကိုင်မဲ့ကာ စစ်တပ်သို့ ဝင်ခဲ့သည်။ ဆက်လက် မစောင့်ရှောက်နိုင်တော့သည့်အတွက် သူမကို အစိုးရ မိဘမဲ့ကျောင်းကို ပို့ခဲ့သည်။ Jyothi Reddy သည် ၅ တန်းမှ ၁၀ တန်းအထိ မိဘမဲ့ ကျောင်းတွင် ချို့တဲ့စွာ နေထိုင်ရင်း တက်ရောက်ခဲ့သည်။ နွေကျောင်းပိတ်ရက်များမှာပင် သူမသည် အိမ်သို့ မပြန်ရပဲ အုပ်ချုပ်ရေးမှူး၏ အိမ်တွင် နေထိုင်ရင်း အိမ်အလုပ်များကို ကူလုပ်ပေးခဲ့ရသည်။ သူမ၏ ခါးသီးစရာ ကိုယ်ပိုင် ခံစားချက်များကြောင့် ယခုအခါတွင် မိဘမဲ့ ကလေးများ၏ လိုအပ်ချက်များကို တတ်နိုင်သလောက် ထောက်ပံ့ပေးနေခဲ့ခြင်း ဖြစ်သည်။

Jyothi Reddy သည် ဆယ်တန်းကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့ပြီး ရှေ့ဆက်ရန် အိပ်မက်များ ရှိခဲ့သော်လည်း မဆက်နိုင်ခဲ့ပါ။ သူမ၏ မိဘများ အတင်းအကျပ် တိုက်တွန်းမှုဖြင့် အသက် ၁၆ နှစ် အရွယ်မှာပင် Mr. SangiReddy နှင့် လက်ထပ်ခဲ့ရသည်။ အိန္ဒိယ ကျေးလက်များမှာ မိန်းကလေးငယ်များ၏ မိဘများက တတ်နိုင်သမျှ မြန်မြန် သမီးများကို စွန့်လွှတ်ချင်နေသောကြောင့် ငယ်ငယ်ရွယ်ရွယ်မှာပင် အိမ်ထောင်ချပေးလေ့ ရှိကြပါသည်။ သူမသည် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ဘာမှ မသိနားမလည်သေးသော အရွယ် ဖြစ်သော်လည်း နောက် ၂ နှစ်အကြာ၌ ကလေးနှစ်ယောက်၏ မိခင် ဖြစ်ခဲ့ရသည်။ သူမ၏ ကလေးများကို ကျွေးမွေးပြုစုရန်၊ ကြည့်ရှုစောင့်ရှောက်ရန် အခြေခံလိုအပ်ချက်များ ပြည့်စုံဖို့ရန် ခက်ခဲသော ဘဝ ဖြစ်ခဲ့ရသည်။

သူမသည် ပိုက်ဆံရရန်အတွက် ယောက္ခမနှင့် အမျိုးသား ကို ခွင့်တောင်းကာ လယ်ထဲဆင်း၍ တစ်ရက်လျှင် ၅ ရူပီးမျှ ရသော အလုပ်ကို လုပ်ခဲ့ရသည်။ သူမသည် ၁၉၈၆ မှ ၈၉  ခုနှစ်အထိ ထိုအလုပ်ကို လုပ်ခဲ့ပြီးနောက် ၁၉၈၉  ခုနှစ်တွင် သူမအတွက် အလှည့်အပြောင်းတစ်ခု ကြုံခဲ့သည်။ ရွာတွင် အသက်ကြီးသူများအတွက် မူလတန်းပညာသင်ပေးရန် ညကျောင်း တစ်ခု ဖွင့်ရာ ထိုကျောင်းတွင် တစ်လလျှင် ရူပီး ၁၂၀ နှင့် အလုပ်ရခဲ့သည်။ အဆင့်မြင့်ပညာ မပြီးလျှင် နောက်ထပ် ရာထူးတက်ရန်မှာ မဖြစ်နိုင်သည့်အတွက် သူမသည် အဝေးသင်ဖြင့် ဘွဲ့ရအောင် ယူခဲ့သည်။ သူမသည် အန်နာ တက္ကသိုလ်မှ B.Ed ဘွဲ့ ရပြီး နောက် အစိုးရဝန်ထမ်း Volunteer ဆရာမ တစ်ယောက် ဖြစ်လာပြီး တစ်လလျှင် ရူပီး ၂၀၀ ရခဲ့သည်။

သူမ၏ အမျိုးသားကလည်း မကန့်ကွက်သည့်အတွက် သူတို့မိသားစုသည် ရွာမှ သူမ အလုပ်ရှိရာ မြို့သို့ ပြောင်းလာခဲ့ကြသည်။ မြို့ရောက်သော အခါ၌လည်း မိသားစုနှင့် အလုပ်ကို ညှိယူရခြင်း၊ ပိုက်ဆံရှာရန် အစွမ်းကုန် ကြိုးစားသော်လည်း လစာ မလုံလောက်ခြင်း စသည့် ကျေးလက်နေ အိန္ဒိယအမျိုးသမီးများထက် ပိုများသော ပြဿနာများနှင့် တွေ့ကြုံကြရပြန်သည်။ သူမသည် အလုပ်အမျိုးမျိုး လုပ်ခဲ့သည်။ ၁၉၉၂ တွင် သူမ နေသော နေရာနှင့် ၇၀ ကီလိုမီတာ ဝေးသော ကျောင်းတွင် ဆရာမ အလုပ်ရသည်။ ခရီးစားရိတ် ရရန်အတွက် သူမသည် ရထားပေါ်မှာ ဆာရီများ ရောင်းခဲ့ရသည်။ နောက်ဆုံး ၁၉၉၄ ခုနှစ်တွင် တစ်လလျှင် ရူပီး ၂၇၅၀ ရသော ပုံမှန် အလုပ်တစ်ခု ရခဲ့သည်။ အမျိုးသမီးငယ်များ ဖွံဖြိုးတိုးတက်ရေး အရာရှိအနေနှင့် ကျောင်းများကို စစ်ဆေးရသော အလုပ်ဖြစ်သည်။

ရည်မှန်းချက်ကြီးသော အမျိုးသမီး တစ်ယောက် အနေနှင့် သူမ၏ ကလေးနှစ်ယောက်ကို လုံလောက်ရုံမျှသာ ကျွေးမွေးနိုင်သည်ကို မကျေနပ်နိုင်သေးပါ။ ၁၉၉၈ တွင် အမေရိကန်နိုင်ငံတွင် အခြေချနေထိုင်ရာမှ အလည်လာသော သူမ၏ ဝမ်းကွဲဆွေမျိုး တစ်ယောက်နှင့် တွေ့ ခဲ့သည်။ သူမတို့နှင့် ကွာခြားလှသော ထိုဆွေမျိုး၏ ပိုက်ဆံ သုံးနိုင်မှု၊ ဘဝအဆင့်အတန်းနှင့် ပတ်သက်ပြီး အားကျခဲ့သည်။ သူမ၏ ဝမ်းကွဲအစ်ကို ကဲ့သို့  computer software နှင့်ပတ်သက်ပြီး သင်ယူချင်စိတ် ဖြစ်လာခဲ့သည်။ သူမသည် အမေရိကား သွားရန် စိတ်ပိုင်းဖြတ်ပြီး computer သင်တန်းတက်ကာ ပတ်စ်ပို့ နှင့် ဗီဇာအတွက် ပိုက်ဆံစုခဲ့သည်။ ထို့နောက် သူမ၏ အိပ်မက်များကို အကောင်အထည်ဖော်ရန် သမီးနှစ်ယောက်ကို အဆောင်တွင် အပ်ထားခဲ့ပြီး အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။

Jyothi Reddy သည် အမေရိကန်နိုင်ငံသို့ ရောက်ကာစတွင် ထိုနိုင်ငံတွင် အခြေချ နေထိုင်ရန်မှာ လွယ်ကူသော ကိစ္စ မဟုတ်မှန်း သိလာရသည်။ စစချင်း လစာနည်းသော အရောင်းစာရေး အလုပ်များ လုပ်ခဲ့ရပြီး သူများအိမ်တွင် ကပ်နေခဲ့ရသည်။ အတော်ကြာမှ ကုမ္ပဏီတစ်ခုတွင် လစာကောင်းကောင်း အလုပ်ရခဲ့သည်။ သို့သော်လည်း မကြာခင် သူမ၏ ဗီဇာ ပြဿနာကြောင့် အလုပ်မှ ထွက်ခဲ့ရပြီး ဗီဇာ မရခင် ကာလအတွင်း ရရာ အလုပ်များကို ပြန်လုပ်ခဲ့ရပြန်သည်။ ဗီဇာအတွက် မက္ကစီကို သို့ သွားရင်း ဗီဇာရရန် လုပ်ဆောင်ရသည့် ခက်ခဲမှုများအတွက် အကြံပေးကုမ္ပဏီတစ်ခု ထောင်ရန် စဉ်းစားခဲ့မိသည်။ ထို့ကြောင့် Keys software solutions ကို စတင်ခဲ့သည်။ ထို့နောက် software များ ရေးသားခြင်းနှင့် အခြားအလုပ်အကိုင် ရှာဖွေခြင်း လုပ်ငန်းများကို ချဲ့ထွင် လုပ်ကိုင်ခဲ့သည်။ Jyothi Reddy သည် ၂၀၀၀ ခုနှစ် တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်လာခဲ့သည်။ သူမ၏ အစ်ကို ဝမ်းကွဲကိုပါ အလုပ်အတူတွဲလုပ်ရန် ခေါ်ခဲ့ပြီး လုပ်ငန်းများကို ထပ်ချဲ့ခဲ့သည်။ သူမ၏ သမီးများကို ခေါ်ယူပြီး အမေရိကန်တွင် ကျောင်းဆက်တက်စေသည်။

သူမ၏ ကြိုးစားအားထုတ်မှု၊ ရည်မှန်းချက် ချမှတ် လုပ်ဆောင်နိုင်မှုတို့ကြောင့်  သူမ၏ အိပ်မက်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ သူမ၏ သမီးများကို အဆင့်အတန်းမြင့်မြင့် နေစေချင်သော သူမ၏ အိပ်မက်အတိုင်း ဖြစ်အောင် လုပ်နိုင်ခဲ့သည်။ သူမ၏ ဆွေမျိုးနီးစပ်များကို ကောင်းကောင်း ထောက်ပံ့နိုင်ခဲ့သည်။ သူမ၏ သမီးများသည် ယခုအခါ အင်ဂျင်နီယာ ဘွဲ့များရကာ လက်ထပ်ပြီး US မှာပင် အခြေချ နေကြပြီ ဖြစ်သည်။

Jyothi Reddy သည် သူမကို အစစအရာရာ ကူညီ ထောက်ပံ့ ပေးခဲ့သူများကို အမြဲတမ်း ကျေးဇူးတင်လျက်ရှိသည်။ သူမသည် သူမ နာကျင်ခဲ့ရသော ကျပ်တည်းသော ဘဝကိုလည်း ဘယ်တော့မှ မမေ့ခဲ့ပဲ အကူအညီ လိုအပ်သူများကို ကူညီထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်။ မပြည့်စုံမှုများ၏ ရိုက်ခတ်ခြင်းကို ခံခဲ့ကြရသော မိဘမဲ့ ကလေးများ၏ မျက်ရည်ကို သုတ်ပေးချင်ခဲ့သည်။ သူမသည် အများအကျိုးဆောင် စီမံကိန်းများစွာ လုပ်ဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ လာရောက် အခြေချချင်သော အိန္ဒိယလူမျိုးများကို အကူအညီများ ပေးခဲ့သည်။

“ကျွန်မ ဒီထက်ပိုပြီး အများကြီး လုပ်ချင်ပါသေးတယ်။ အလုပ်ကြိုးစားပြီး ဥာဏ်ထက်မြက်တဲ့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး စီးပွားရေးသမားကောင်းတွေ ဖြစ်နိုင်ပါတယ်” လို့ သူမက ပြောခဲ့သည်။

“ကျွန်မက အမျိုးသမီးတွေကို အရွယ်အလိုက်ပေါ့ သူတို့ရဲ့  အဖေတွေ၊ အမျိုးသားတွေ၊ သားတွေ အပေါ် မမှီခိုပဲ အလွတ်လွတ်လပ်လပ် စီးပွားရေး လုပ်စေချင်ပါတယ်၊ ပညာရေးမှာလည်း ဘွဲ့တွေ ဒီပလိုမာတွေ ရတဲ့အထိ ဆက်သင်စေချင်ပါတယ်။ လက်ထပ်ပြီးနောက်ပိုင်း အလုပ်မလုပ်တော့တာ မျိုးတွေလည်း မဖြစ်စေချင်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင် တည်ဆောက်ပါ။ သားသမီးတွေကို ဂရုစိုက်တာဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပေမယ့်လို့  အဲဒါနဲ့ ချည်းပဲ တစ်ဘဝလုံး မကုန်ဆုံးသင့်ပါဘူး” လို့ သူမက ပြောခဲ့ပါသည်။

ဘဝရဲ့ အခက်အခဲ အကျပ်အတည်းများက လူတွေရဲ့ စွမ်းဆောင်ရည် မြင့်တက်ဖို့ တွန်းအားပေးပါသည်။ သူမ ပြင်းပြစွာ ခံစားမိတာကတော့ လူတိုင်းလူတိုင်း ပတ်ဝန်းကျင်ကို အပြစ်တင်တာတွေ ရပ်ပြီး ကိုယ့်ကိုယ့်ကိုယ် ကူညီဖို့ စတင်သင့်တယ် ဆိုတာပါပဲ။ ကျွန်မတို့ဟာ နောက်ပြန်လှည့်မကြည့်ပဲ ကျွန်မတို့ရဲ့ ဘဝ တိုးတက်မြင့်မားဖို့ ကျွန်မတို့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်သင့်ပါသည်။

မှီငြမ်း
http://www.jyothireddy.com/story.php
http://www.indiaonrent.com/view/f/from-a-labour-to-ceo-jyothi-reddy-great-inspiration.html
http://timesofindia.indiatimes.com/city/visakhapatnam/D-Anila-Jyothi-Reddy-A-journey-from-farm-labourer-to-IT-firms-CEO/articleshow/18857681.cms

(တစ်ခြားမှာ ပြန်ဆိုထားတာ၊ ရှိချင်လည်း ရှိမှာပါ။ ကိုယ်တိုင် ဖတ်ဖို့  ကိုယ်တိုင် စိတ်ခွန်အားတိုးဖို့ အတွက် လေးစားအားကျဖွယ်ရာ အမျိုးသမီးတစ်ယောက် အကြောင်းကို ရေးဖြစ်တာပါ။)

သိင်္ဂါကျော်

25 October, 2014

ဖက်တစ်ရွက် ပုံပြင်


ဆောင်းဦးက မြမြ အေးစ ပြုနေလေပြီ။ မြောက်လေက ပြတင်းပေါက်ကြားက တစ်ကြော့ တစ်ကြော့ တိုးဝင် လာတတ်သေးသည်။ အိမ်မှာ တုန်းကတော့ ဆောင်းဝင်စ ပြုတာကပဲ မသိသာလှ။ အနွေးထည်လည်း မဝတ်ခဲ့ရသေး။ Final စာမေးပွဲကြီးပြီး၍ တစ်လကျော် ကျောင်းပိတ်ထားရာမှ ခက် တို့ ကျောင်းကြီးလည်း ပြန်ဖွင့်နေပြီ ဖြစ်ရာ ခက်တစ်ယောက် အဆောင် ပြန်ရောက်နေလေပြီ။ အိမ်မှာ နေတာ ကြာလာတော့လည်း မလွတ်မလပ် ခံစားရပြီမို့ အဆောင်ပြန်ချင်လှပြီ ဖြစ်ရာ ကျောင်းစ ဖွင့်သော အပတ်မှာပင် ခက်ကတော့ ကျောင်းကို ရောက်နေခဲ့ပြီ။ ကျောင်းဖွင့်မှပင် ချစ်သူ နှင့်လည်း တွေ့ရမည် မဟုတ်လား။ အိမ်မှာ နေရသော တစ်လ ကျော်ကျော်မှာ အိမ်က မသိအောင် ခိုးဝှက် ပြောရသောကြောင့် သူ့ကို မဆက်ခိုင်းပဲ ခက်ကချည်းပဲ ဆက်ရသည် ဖြစ်ရာ ဖုန်းဖိုးကလည်း ကုန်လှပြီ။ ကျောင်းမှာလို အဆောင်မှာလို wifi free မရသဖြင့် အိမ်မှာ နေသမျှ ဖုန်း ဘေလ်ထဲကပဲ အင်တာနက် သုံးနေသောကြောင့် ဖုန်းတစ်ကဒ်က သိပ်ကြာကြာ မခံချင်သလိုပင်။ ကျောင်းမှာ စာ များများ မသင်သေးသော အပတ်မို့  ချစ်သူနှင့် သာသာယာယာ တွေ့နေရသောကြောင့် စိတ်ချမ်းသာသည်။ တစ်ခုပဲ ပြောစရာရှိသည်။ ယခုစာသင်နှစ်မှာ တစ်ခန်းထဲနေ သူငယ်ချင်းမ ဖြူ ကတော့ ပြန်မလာခဲ့ပါ။ မေဂျာမတူသော်လည်း ၃ နှစ်တာ အတူနေ အခန်းဖော်မို့ ခင်မင်နေရာ သူမ မလာသောအခါ တစ်ခုခု လိုနေသလိုလိုပင်။ ဖြူ ဘာကြောင့် ဒီတစ်နှစ် ပြန်မလာသေးသလဲ ဆိုတာ ခက် သိပါသည်။ အိမ်မှာတုန်းက သူမ နှင့် စကားပြောဖြစ်ခဲ့သေးသည်။
#######

ခက်တို့ ပါမောက္ခ ချောချောလှလှ စကားပြောကောင်းကောင်း ကို အားကျပြီး စာမှ စာ တစ်စာစာ လုပ်နေသူများထဲတွင် ခက်မပါပါ။ ပါမောက္ခကို စော်ကားလိုသည် မဟုတ်သော်လည်း သူမသည် ခက်သိချင်သော ပညာရပ်ပိုင်း ဆိုင်ရာများထက် သူမ နိုင်ငံခြားမှာ ဒေါက်တာ ဘွဲ့ရခဲ့သည့် အကြောင်းများကိုသာ အကျယ်ချဲ့ ကြွားလွန်းသည်ဟု ခက်က မြင်သည်။ သူမ စာသင်သည်က နည်းနည်းလေး မျှသာ။ ခက်သည် ငယ်စဉ်ကတည်းက စာသင်သည်ထက် အပိုစကား များများ ပြောတတ်သော မြန်မာစာ၊ သမိုင်း ဆရာ၊ ဆရာမများကို သိပ်မဘောမတွေ့တတ်ခဲ့သူ ဖြစ်သည်။ သို့အတွက် ခက်သည် ခက်တို့ မေဂျာမှာ အတော်ဆုံးတွေထဲ မပါသလို အညံဆုံးတွေ ထဲမှာလည်း မပါပါ။ ဒုတိယတန်းစား စာလုပ်သူတွေထဲတော့ ပါလောက်သည်။

ဒုတိယနှစ်မှာတော့ ခက်သည် အစီအစဉ် မရှိပဲ ရည်းစား ရဖြစ်ခဲ့သည်။ ဖြူကတော့ ပထမနှစ် ကုန်ကာနီးကတည်းက ရည်းစားရခဲ့သည်။ သန့်စင်ထက်ကို ဖြူကတော့ ယောက်ျား မပီသသည့် ဂေါက်တောက်တောက်ကောင် ဟု ပစ်ပစ်ခါခါ ပြောဖူးသည်။ ခက်ကတော့ ကိုယ့်ချစ်သူမို့ ပြောတာမဟုတ်။ သန့်စင်ထက်က ရိုးသားဖြူစင်သည် ဟုမြင်သည်။ သူက စိတ်အားငယ် တတ်သည်။ သူက ပထမနှစ်ကတည်းက ခက်ကို လိုက်ခဲ့သော်လည်း ခက်က ငြင်းခဲ့သည်။ ခက်ကြောင့်ချည်းပဲ မဟုတ်သော်လည်း ပထမနှစ်မှာ သူ ခြေချော် လက်ချော် ဖြစ်ပြီး စာမေးပွဲ ကျသည်။ နဂိုကတည်းက စိတ်အားငယ်တတ်သူ ဖြစ်သော်ကြောင့် ပထမနှစ် ပြန်တက်စဉ် သူ တော်တော် စိတ်ဓါတ်ကျပြီး တစ်မျိုး ဖြစ်သွားသေးသည်။ အဲဒီမှာ ကယ်တင်ရှင် ခက်က သူ့ကို အဖြေ ပြန်ပေးမိခဲ့ခြင်း ဖြစ်သည်။

ဖြူက ခက် လူကို ကြည့်မရသလို ခက်ကလည်း ဖြူ့ လူကို သိပ်ကြည့်ရလှသည်တော့ မဟုတ်ပါ။ ဖြူ့ လူ ဇော်လေးက မျက်စိလေး တစ်ဖက် အားနည်းချက် ရှိသောကြောင့် မိဘများက အစစ အလိုလိုက်ထားသူ ဖြစ်သည်။ ဆိုးလှသူ မဟုတ်ဟု ဆိုနိုင်သော်လည်း ကျောင်းပြေး စာမကြည့် နေချင်သလို နေသူ တစ်ယောက်ဖြစ်သောကြောင့် ပထမနှစ်က ကျခဲ့သည်။ ထို့ကြောင့် ယောက်ျားလေး နှစ်ယောက်က ခက်တို့ နှစ်ယောက် ထက် တစ်တန်း နောက်ကျနေသည်။ နောက်တစ်နှစ်မှာတော့ သန့်စင်ထက်ကလည်း ခက်၏ အားပေးမှုနှင့် အောင်လာသလို ဇော်လေးကလည်း စာမေးပွဲ နီးမှ မိဘ နှစ်ပါးက ဆရာမတွေဆီ လိုက်လံ အပ်ကာ စာမေးခြင်း စသည်ဖြင့် အတင်းအကျပ် ကြိုးစားခိုင်းခြင်းဖြင့် စာမေးပွဲ အောင်လာခဲ့သည်။

ဇော်လေး မိဘများက ပြည့်စုံသူများမို့ ဇော်လေးကလည်း အသုံးအစွဲ ကြီးသူ ဖြစ်ရာ ဖြူ့ကိုလည်း ဇော်လေးက အတော်လေး ထောက်ပံ့သည်။ ဖြူ့ မိဘများ၊ ခက်မိဘများကတော့ ဝန်ထမ်းများ၊ လူလတ်တန်းစားများ ဖြစ်ကြသည်။ ဖြူသည် ဇော်လေးထံက တန်ဖိုးကြီး လက်ဆောင်များလည်း မကြာခဏ ရလေ့ရှိသည်။ ခက် ချစ်သူ သန့်စင်ထက် မိဘများကလည်း ပြည့်စုံသူများမို့  သူလည်း စိတ်တိုင်းကျ သုံးလိုက သုံးနိုင်သော်လည်း သူက စိစစ်သူ ဖြစ်သည်။ ဖြူကတော့ ကပ်စေးနဲသူဟု ပြောသည်။ သန့်စင်ထက် ဆီက ခက်မွေးနေ့ အတွက် လက်ဆောင် အရုပ်ကလေး တစ်ရုပ်မှလွဲ၍ တန်ဖိုးကြီး လက်ဆောင် တစ်ခုမှ ခက် မရဖူးပါ။ ပေးဖို့ရန်လည်း ခက်က တစ်ခါမှ မတောင်းဆိုဖူးပါ။ ခက်အတွက် ချစ်သူထားခြင်းသည် သူတကာအတွဲများကို အားကျ ပြိုင်ဆိုင်လို၍လည်း မဟုတ်၊ ဆန္ဒတစ်စုံတစ်ရာ အတွက်လည်း မဟုတ်၊ သူငယ်ချင်းကောင်းထက် အနည်းငယ် ပိုခြင်းမျှသာတည်း။

ခက်သည် ဘဝမှာ ဘာဖြစ်ချင်သည်ရယ်လို့ တိတိကျကျ မရှိခဲ့စဖူးပါ။ ဤကျောင်းကို တက်ဖြစ်ခဲ့ခြင်းသည်လည်း အမှတ်မီတာရယ်၊ မိဘတွေ တိုက်တွန်းတာရယ်ကြောင့်သာ တက်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အမှတ်အမြင့်ဆုံး ဘာသာကို မရခဲ့ပဲ တတိယ ဦးစားပေးကိုသာ ရခဲ့သော်လည်း စိတ်ပျက်သွားသည်၊ စိတ်မဝင်စားတော့ဘူး ရယ်လည်း မဟုတ်ပါ။ ခက်သည် အတန်းတစ်ခုကို တက်၍ နှစ်ကုန်လျှင် အောင်ရမည်ပဲ စိတ်ထဲ စွဲထားသည်။ ကျသည် ဆိုတာ ခက်ရဲ့  ဘဝမှာ တစ်ခါမှ မရှိခဲ့။ လုပ်သင့်သည့် အလုပ်တစ်ခုကို လုပ်ရမည်ဆိုတာ ခက်အတွက် ဘာမှ ခက်ခက်ခဲခဲ စဉ်းစားစရာ မလိုသည့် ကိစ္စသာ ဖြစ်သည်။ ခက်မှာ ပြင်းပြသော ဆန္ဒများ မရှိဟု ပြောမိသောအခါ ဖြူက ခက်သည် ရေစုန်ထဲတွင် အလွယ်မျောလိုသူ ဟု ဝေဖန်ဖူးသည်။ ခက်ကတော့ ရေစုန်မှာ မျောသည်ပဲ ဖြစ်စေ ပုံမှန် စီးမျောခြင်းဖြင့် ခရီးတစ်ခုခု ရောက်သည်ဆိုလျှင် ဘဝသည် အဓိပ္ပါယ်မမဲ့တော့ ဟု ထင်သည်။
#######

ခက်သည် အများသတ်မှတ်ထားသော စည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်လိုသော ဆန္ဒတစ်စုံတစ်ရာ မပေါ်ပေါက်ဖူးသူ ဖြစ်သည်။ ခက်အတွက် ပျင်းရိစရာ ကောင်းသော၊ အိပ်ငိုက်တတ်သော ဘာသာရပ် သင်ချိန်များ ရှိသော်လည်း နေမကောင်းချိန်မှ လွဲ၍ ကျောင်းပြေးခြင်းသည် မလုပ်သင့်သော အလုပ်ဖြစ်သည်ဟု အလွယ်တကူ လက်ခံနိုင်သူ ဖြစ်သောကြောင့် ခက်၏ ကျောင်းခေါ်ချိန်များသည် အမြဲတမ်း ၈၀ ကျော်နေလေ့ ရှိသည်။ သန့်စင်ထက်ကိုလည်း ခက်က ကျောင်းမပြေးဖို့ ရန် ဆွဲဆောင် စည်းရုံး နိုင်ခဲ့သော်လည်း ဖြူ့ကိုတော့မူ ပြောမရခဲ့ပါ။ ဖြူက ကျောင်းပြေးတတ်သော်လည်း ၇၅ ရာခိုင်နှုန်း မပြည့်သည် အထိတော့ မဖြစ်ခဲ့၍ တော်သေးသည် ဆိုရမည်။

ဖြူ နှင့် ဇော်လေးကတော့ လူတကာသိအောင် အတွဲများသော အတွဲတစ်တွဲ အဖြစ် ကျောင်းမှာ နာမည်ကြီးပါသည်။ သန့်စင်ထက်နှင့် ခက်တို့ကိုလည်း ပတ်ဝန်းကျင်က တော်တော်များများက စုံတွဲအဖြစ် သိကြပါသည်။ ခက်တို့ နေ့တိုင်းလို တွေ့ ကြသည်။ မနက် ကျောင်းမတက်ခင် သို့မဟုတ် နေ့လည် ထမင်းစားဆင်းချိန်တွင် ကင်တင်းတွင် အတူတူ စားလေ့ရှိပါသည်။ ကျောင်းဆင်းချိန်ကြလျှင်တော့ များသောအားဖြင့် နှစ်ယောက်သားက အိမ်ပြန်ချင်စိတ် များနေသောကြောင့် မပြန်ခင် မတွေ့ဖြစ်တာ များပါသည်။ ခက်က ကျောင်းကားနှင့် ပြန်ပြီး သူကတော့ ဆိုင်ကယ်နှင့် ပြန်သူ ဖြစ်သည်။ တစ်ခါတစ်ရံ ဘာမဟုတ်သော ကိစ္စလေးများနှင့် ခက်တို့ ရန်ဖြစ်လေ့ ရှိပါသည်။ ကျောင်းဆောင် ရှေ့ နားမှာ ဖြစ်စေ၊ ကင်တင်းက အတက်လမ်းမှာ ဖြစ်စေ နေရာမရွေးလည်း ဖြစ်လေ့ ရှိပါသည်။ သန့်စင်ထက်ရော ခက်ရော က ဟန်မဆောင်တတ်သူများ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သူများ ဖြစ်သောကြောင့် နှစ်ယောက်သား မတူညီသော အမြင်များကို ငြင်းရင်း ခုန်ရင်း ရန်ဖြစ်ကြပါသည်။ တစ်ခါတစ်လေလည်း ခက်က စိတ်ဆိုးပြီး ၂ ရက် သုံးရက် စကားမပြောတာမျိုးလည်း ရှိသည်။ များသောအားဖြင့် ခက် စိတ်ဆိုးလျှင် မနေတတ် မထိုင်တတ် ဖြစ်တတ်သော သန့်စင်ထက်က ပြန်ချော့ခြင်းဖြင့် ပြေလည်လေ့ ရှိပြီး သူပါ စိတ်ဆိုးသွားလျှင်တော့ ခက်ကပဲ message ပို့ခြင်းဖြင့် မသိမသာ ပြန်ခေါ်လေ့ ရှိသည်။

ကျောင်းပိတ်ရက် နှစ်ရက်မှာလည်း တစ်ခါလောက်တော့ အနည်းဆုံး တွေ့လေ့ရှိပါသည်။ ခက်တို့ အဆောင်ကို သူက ဆိုင်ကယ်နှင့် လာခေါ်ပြီး အနီးအနားက မုန့်ဆိုင်မှာ မုန့်စားရင်း စကားပြောကြသည်။ နင်တို့ ဘယ်သွားကြလဲ ဟု ဖြူ မေးလာလျှင် ခက်ကလည်း အမှန်အတိုင်းပင် ဖြေလေ့ ရှိရာ ဖြူက “နင်တို့ အတွဲက ပျင်းစရာ ကောင်းတယ်” ဟု ဆိုလေ့ ရှိသည်။ သူတို့ အတွဲ ဘာတွေ လုပ်ကြသည်ကိုတော့ ခက်က မေးချင်စိတ်မရှိ၍ မမေးဖြစ်ပါ။ သူတို့ ကျောင်းပြေးပြီး မြို့ထဲက တည်းခိုခန်းမှာ ချိန်းတွေ့ကြသည်ကို သူများပြော၍ ခက် ကြားဖူးပါသည်။ ခက်သည် ဖြူ အစ်မလည်း မဟုတ်၊ အမေ လည်း မဟုတ်သဖြင့် ဖြူ့ကို တားမြစ်ရန်လည်း မဖြစ်နိုင်ပါ။ ဖြူသည် မျက်နှာများခြင်း မဟုတ်ပဲ သူ့ရည်းစားနှင့်သူ တွဲခြင်းသာ ဖြစ်ရာ ဖြူ့ကို မကောင်းပါ ဟု ပြောဖို့လည်း ခက်လှသည်။ ဇော်လေးကလည်း ဆိုးသွမ်းလှသူ မဟုတ်သဖြင့် ခက်သည် သူတို့နှစ်ယောက်ကိစ္စကို တတ်နိုင်သမျှ မမြင်ယောင်၊ မကြားယောင်သာ ဆောင်လေ့ရှိခဲ့သည်။ သို့သော် ကျောင်းပိတ်ရက် ဆက်သဖြင့် ခက် အိမ်ခဏ ပြန်ခိုက် ဇော်လေးက မိန်းကလေး ယောင်ဆောင်ပြီး ဖြူ့အခန်းကို ခိုးဝင်သဖြင့် အဆောင်မှူး မိသွားသည့် သတင်းကို ကြားသောအခါ မှာတော့ သူတို့နှစ်ယောက်ကို တော်တော်လေး စိတ်ပျက်မိပြန်သည်။ ခက်တို့အဆောင်သည် စည်းကမ်းကြီးသော မိန်းကလေး အဆောင် ဖြစ်ရာ အတွင်းဘက်သို့ ယောက်ျားလေး ဝင်ခွင့်မရှိပါ။ ထိုကိစ္စအတွက် အဆောင်က နှင်ထုတ်မခံရဖို့ ဖြူ တော်တော်လေး တောင်းပန်လိုက်ရသည်။

ချစ်သူတိုင်း လက်ထပ်လိုကြသည်ကတော့ သဘာဝ ဖြစ်သော်လည်း ခက်တို့ အရွယ်ကတော့ အိမ်ထောင်ပြုရန် အဆင်သင့် မဖြစ်သေးသည့် အရွယ်ဟု ခက်က ထင်သည်။ သို့သော်လည်း ချစ်သူငယ်ချင်းမ ဖြူနှင့် ဇော်လေးတို့  နှစ်ဦးသဘောတူ လက်ထပ်စာချုပ် လက်မှတ်ထိုးတော့ ခက်လည်း မတတ်သာပဲ အသိသက်သေ လက်မှတ် ထိုးပေးခဲ့ရသေးသည်။ သူတို့က လက်မှတ်ထိုးပြီးလျှင် မိဘတွေကိုပါ အသိပေးတော့မည်ဟု ဆိုသဖြင့် သူငယ်ချင်းများကလည်း သူတို့ ကျွေးသည့် အထိမ်းအမှတ်ပွဲမှာ သူတို့ အချစ်ကို ဂုဏ်ပြုခဲ့ကြရသည်။ ခက်လည်း အပါအဝင်ပေါ့…။

သန့်စင်ထက်ကလည်း ထိုအကြောင်းကို သိတော့ အားကျသည်။ တစ်ခါတုန်းကတော့ သူလည်း ခက်ကို ကြံစည်ဖို့ ကြိုးစားဖူးသေးသည်။ ကပ်စေးနဲသော သန့်စင်ထက်က ဟိုတယ်ခန်း ငှားဖို့တော့ စဉ်းစားတာတော့ မဟုတ်ပါ။ လူရှင်းသော လမ်းတစ်နေရာကို ခေါ်သွားခြင်းသာ ဖြစ်သည်။ ခက်တို့ ကျောင်းနှင့် အဆောင်များ အနီးမှာ စက်ရုံများနှင့် လူမနေသော အိမ်ရာများ ဆောက်နေသော ကွန်ကရစ်လမ်းခင်းသည့် ဝင်းကြီး တစ်ခု ရှိသည် မဟုတ်လား။ ထိုဝင်းကြီး ထဲမှ လူရှင်းသော တောချုံကြား များသည် ခက်တို့ ကျောင်းမှ အတွဲ တော်တော်များများ၏ ခိုနားရာများ ဖြစ်ကြသည်။

ခက်သည် စည်းကမ်းကြီးသော ဘိုးဘွားမိဘများ လက်ထဲမှာ ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ ခက်အတွက် လူတိုင်း လိုက်နာနိုင်သော စည်းကမ်း ဟူသည် အချုပ်အနှောင် အကျဉ်းအကျပ် မလွတ်လပ်ခြင်းရယ်လို့ ဘယ်တုန်းကမှ မမြင်တတ်ခဲ့ပါ။ ခက်သည် သိက္ခာကို တန်ဖိုးထားသော မိန်းကလေး ဖြစ်သည်။ မလိမ်မိုး မလိမ္မာ အရွယ်ဟု ကင်ပွန်းတပ်ကြမည့် အရွယ်ပင် ဖြစ်သော်လည်း ခက် ဖတ်ဖူးသော စာများ၏ အသိ၊ လူကြီးသူမများထံမှ ကြားဖူးနားဝ အသိတရားများဖြင့် မလုပ်သင့်သည်ကို ကောင်းကောင်း သိသူ ဖြစ်သည်။

ခက် သန့်စင်ထက်ကို ချစ်ပါသည်။ သို့သော် သူ့သူငယ်ချင်းများ မြှောက်ပေးမှုဖြင့် ကြံစည်ခဲ့သောအရာကို ခက် မလိုက်လျောနိုင်ခဲ့ပါ။ သူ့ကို တစ်ပတ်တိတိ မခေါ်ပဲ နေခဲ့သည်။ သူကလည်း ခက်ကို စိတ်ခုသွားပုံရသည်။ သုံးရက်လောက်နေမှ လာချော့သည်။ နောက်ထပ် သူ ဘယ်တော့မှ ခက်ကို ထိုကိစ္စမျိုး မတောင်းဆိုရဲတော့ပါ။ သန့်စင်ထက်သည်လည်း စည်းစနစ်ကျသော မိသားစု၏ စည်းကမ်းတကျ ချစ်ခင်ခြင်းဖြင့် ကြီးပြင်းလာရသော ယောက်ျားလေး တစ်ယောက် ဖြစ်သည်။ သူ့ကို နားလည်အောင် ပြောတော့ သူ့အမှားကို တောင်းပန်ပြီး ခက်တို့ အရင်လို သန့်စင်သော ချစ်ခြင်းဖြင့် ပြန်ချစ်ကြသည်။ ခက်တို့ အချစ်စစ်ခဲ့လျှင် ဘွဲ့တစ်ခုရ အလုပ်တစ်ခုရပြီးမှ နှစ်ဦးအတူ ဘဝကို ထူထောင်ခြင်းကသာ မှန်ကန်သင့်မြတ်သော လမ်းဖြစ်သည်ကို သူရော ခက်ရော နားလည်ထားသည်။
#####


အလိုဆန္ဒကြီးသော ချစ်ခြင်းတစ်ခုကို မက်မောကြသော ဖြူနှင့် ဇော်လေးကတော့ ထုံးစံအတိုင်း တစ်တွဲတွဲ။ သူတို့ နှင့် အတော်လေး ခင်မင်သော ဆရာ၊ ဆရာမများလည်း သူတို့ အကြောင်းကို သိကြသည်။ သူငယ်ချင်း အသိုင်းအဝန်းမှာတော့ ဖြူနှင့် ဇော်လေးက လက်ထပ်ပြီးသား ဖြစ်သဖြင့် တရားဝင် အတူမနေတာက လွဲလျှင် တည်းခိုခန်း မကြာခဏသွားတာကိုတော့ ခက်တို့က အပြစ်ရှိသော ကိစ္စတစ်ခုအနေနှင့် ယူဆမနေတော့ပါပေ။ မဖြစ်သင့်သေးတာ မဖြစ်ရအောင် ဆင်ခြင်သင့်တာကိုတော့ သူတို့ ဆင်ခြင်ကြလိမ့်မည်ဟု ခက်က ထင်ခဲ့သည်။ ထိန်းချုပ်သင့်သည်ကို မထိန်းချုပ်နိုင်ခဲ့လျှင် မလိုလားအပ်သော တစ်စုံတစ်ရာ ဖြစ်လာလျှင်လည်း တာဝန်ယူရတော့မည်သာ။

ဖြူသည် ငယ်ရွယ်ကျန်းမာသော မိန်းကလေး တစ်ယောက် ဖြစ်သောကြောင့် အခြေအနေ ပြောင်းလာခြင်းဖြင့် ထူးခြားမှု တစ်စုံတစ်ရာ မဖြစ်ခဲ့ပေ။ အတူတူနေသော ခက်ပင် အတော်ကြာကြာ မသိခဲ့ပါ။ နှစ်ဖက်မိဘများကို အသိမပေး မဖြစ်တော့သဖြင့် အသိပေးပြီး တရားဝင် ခွင့်ပြုပေးလိုက်ကြပြီ ဖြစ်ကြောင်း ဖြူက ခက်ကို ပြောပြသဖြင့် ဘာပဲ ဖြစ်ဖြစ် ဝမ်းသာခဲ့ရသည်။ မနှစ်က စာမေးပွဲ ဖြေချိန်မှာ ဖြူ့ ကိုယ်ဝန်က ငါးလခန့် ရှိနေခဲ့ပြီ။ သို့သော် ခက်အပါအဝင် ဘယ်သူကမှတော့ မသိခဲ့ကြပါ။ Final စာမေးပွဲကို ခက်ရော ဖြူပါ ကောင်းကောင်း ဖြေနိုင်ခဲ့ကြသလို အောင်စာရင်း ထွက်တော့လည်း နှစ်ယောက်လုံး အောင်ခဲ့ကြသည်။ ဇော်လေးနှင့် သန့်စင်ထက်လည်း စာမေးပွဲ အောင်ခဲ့သည်။ သူတို့ နှစ်ယောက်ကတော့ ပထမနှစ်က ကျခဲ့ကြသောကြောင့် ခက်တို့ထက် တစ်တန်းငယ်သည်။

ယခုနှစ် ကျောင်းအဖွင့်မှာ ဖြူ ပြန်မလာနိုင်ပါ။ ကျောင်းတစ်နှစ် နားလိုက်ရသည်။ ဇော်လေး၏ ရင်သွေးကို မွေးဖွားနေရသောကြောင့် ဖြစ်သည်။ ထိုအပြင် သူတို့ နှစ်ယောက် အရင်လို အဆင်မပြေကြကြောင်း ခက်ဖုန်းဆက်တုန်းက ပြောသည်။ ဘာအကြောင်းကြောင့်ရယ်တော့ ခက်လည်း ရေရေရာရာ မသိပါ။ တကယ်တော့ ဖြူ့ မိဘများဘက်က ဇော်လေးကို သဘောမကျသလို၊ ဇော်လေး မိဘများကလည်း သားဆန္ဒမို့သာ လိုက်လျောခဲ့ရသော်လည်း ဖြူ့ မိဘများ အခြေအနေကို သိပ်သဘော မကျကြပါ။ ဖြူက မိဘများ သဘောအတိုင်း ဇော်လေးကို ဖြတ်မည်ဟု ပြောသည်လား မသိပါ။ ဇော်လေး ဘက်က မဖြတ်နိုင် ဆိုပြီး ပြောကြ ဆိုကြရာတွင် ဇော်လေးကလည်း ဖုန်းထဲမှာ ကောင်းကောင်းမွန်မွန် မပြောပဲ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောသည် ဆို၏။ ဖုန်းလက်ခံ မပြောသောအခါ မိုက်မိုက်ရိုင်းရိုင်း message တွေ ပို့သည် ဆို၏။ ကျောင်းအုပ်ကြီး ကိုယ်တိုင် ဌာနမှူးနှင့် အတူ ဇော်လေး မိဘများကို ခေါ်ပြီး သတိပေးရသည် အထိ ဖြစ်သွားသည်။ သူတို့ နှစ်ယောက် ဘာဖြစ်သွားကြသည်ကို ခက်လည်း သေချာတော့ နားမလည်နိုင်ပါ။ လက်ထပ်ခြင်းသည် ချစ်ခြင်း၏ အဆုံးသတ်ရာ ဟု တစ်ချို့သော စာရေးဆရာများ ရေးကြသည်က ဖြူတို့ အတွက်တော့ မှန်နေပြီလား မသိပါ။

အခုတော့ ဖြူ့ မိဘဘက်ကလား  ဖြူကိုယ်တိုင်ပဲလားတော့ မသေချာပေမယ့် ဇော်လေးတို့ဘက်ကို တော်တော့်ကို ခါးခါးသီးသီး ဖြစ်နေခဲ့ပြီဟု သိရသည်။ ဇော်လေး မိဘများကလည်း စေ့စပ်ညှိနှိုင်းပေးခြင်း၊ တောင်းပန်ခြင်း လုံးဝမရှိခဲ့ပါ။ နောက်တစ်နှစ် ကျောင်းမှာ ပြန်လာတက်ဖို့တောင် စဉ်းစားနေရတယ် ဟု ဖြူက ပြောသောအခါ ခက်မှာလည်း ဘာပြန်ပြောရမှန်းမသိ ဖြစ်ရသည်။ ခက်သည် သူတို့နှစ်ယောက်ကို ကျောင်းမပြီးခင်မှာ အဆုံးစွန်ထိ မဖြစ်စေချင်ခဲ့သော်လည်း သူတို့နှစ်ယောက်ကို ခုလိုမျိုး အခြေအနေ ဖြစ်သွားလိမ့်မည် လို့တော့ နည်းနည်းလေးမှ ထင်မထားမိခဲ့ပါ။ ဒီလိုပဲ အိမ်ထောင်နှင့် ကျောင်းတက်နေသူများလည်း ရှိကြသည်ပဲ၊ နောက်နှစ်တော့ အေးအေးလူလူ ကျောင်းပြန်တက်လိမ့်မည် လို့  ခက်က ထင်ထားခဲ့သည်။ ဇော်လေးဘက်ကလည်း ပုံမှန်အတိုင်း ပြေပြေလည်လည် ဖြူနှင့် အဆက်အသွယ် ရှိနေသည်ဟု ခက်အပါအဝင် အားလုံးက ထင်ထားကြရာမှ ခုလို ဖြစ်ပျက်ကြသည် ဆိုသောအခါ အားလုံးပင် အံသြကြရသည်။ ဖြူ့ အတွက် စိတ်မကောင်း ဖြစ်ကြရသည်။ ဖြူ ကျောင်းတစ်နှစ် နစ်နာရခြင်းကို နှမျောရသည်။

သူတို့ နှစ်ယောက် ကွာရှင်းစာချုပ်မှာ လက်မှတ် ထိုးကြတော့မည်ဟု ဆိုသည်။ ယခုထိတော့ မထိုးဖြစ်ကြသေးပါ။ နှစ်ဦးသားလည်း မျက်နှာချင်း မဆိုင်ချင်ကြသည်အထိ ဖြစ်နေကြသည်။ ဇော်လေးက ဖြူ့ကို နာမည်ပျက်အောင် လုပ်မည် ကျောင်းမှာ မတက်နိုင်အောင် ဘာညာ စသဖြင့်ပါ ခြိမ်းခြောက်သည် ဆို၏။ သူတို့နှစ်ယောက်၏ နေထိုင်မှု မှတ်တမ်းမှတ်ရာ ဓါတ်ပုံ၊ ဗီဒီယို စသည်လည်း ဇော်လေးမှာ ရှိနိုင်သည်။ ဇော်လေးကို နဂိုကတည်းက သဘောမကျခဲ့သော်လည်း ဤမျှ မိုက်ရိုင်းလိမ့်မည်ဟု ခက်ထင်မထားမိပါ။ ဇော်လေး တစ်ယောက် တာဝန်မဲ့သူတစ်ယောက်လို ကျောင်းမှာ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး နှင့် တက်နေသည်ကို မြင်ရသည်ကပင် ခက်အတွက် မျက်စိစပါးမွှေး စူးလှပြီ။ ယောက်ျားများကို မနှစ်မြို့ခြင်းသည် ခက်ရင်ထဲ နေရာတော်တော် ဝင်ယူ၏။
#####

မှားယွင်းသည်က နှစ်ဦးသဘောတူ ဆိုသော်လည်း နစ်နာမှုခြင်းက မတူညီပါ။ ဒါကြောင့်လည်း ရှေုးစကားတစ်ခုက “ဆူးပေါ် ဖက်ကျလည်း ဖက်ရွက်ပဲ ပေါက်၊ ဖက်ပေါ် ဆူးကျလည်း ဖက်ရွက်ပဲ ပေါက်သည်” ဟု ဆိုခြင်း ဖြစ်ဟန်တူသည်။ မှားယွင်းမှု တစ်ခု အတွက် တာဝန်ရှိသည်မှာ အတူတူ ဆိုသော်လည်း မိန်းကလေး ဘက်ကသာ ကျောင်းတစ်နှစ် အနစ်နာခံလိုက်ရပြီး ပြန်မရနိုင်တော့သော သန့်စင်မှု တစ်ခုနှင့် မွေးလာသည့် ကလေးကို ကျွေးမွေးပြုစုရန် တာဝန်ကလည်း မိန်းကလေး ဘက်မှာသာ ရှိနေမြဲ မဟုတ်ပါလား။ ယောက်ျားတစ်ယောက် အတွက်တော့ အချိန်မရွေး လူပျို ပြန်လုပ်လို့ ရပါသည်။

အချိန်မတိုင်ခင် မလုပ်သင့်သည်များကို လုပ်မိခဲ့လျှင် နောင်သွားရမည့် လမ်းကြောင်းရှည်မှာ နောင်တမဲ့ခြင်းများ ရှိနိုင်တော့မည် မဟုတ်ပါချေ။ ငယ်ရွယ်၍ အသိဥာဏ် မရင့်ကျက်သေးချိန်မှာ ဘဝတစ်ခုလုံးစာ အတွက် မှားယွင်းနိုင်သော ဆုံးဖြတ်ချက်ကြီးကြီးကို မချသင့်ဟူသော သင်ခန်းစာကို ခက် ရမိ၏။ လွတ်လပ်ခြင်းကို မြတ်နိုးသော ခေတ်သစ် လူငယ်များ၏ ဖောက်ထွက်လိုခြင်းတိုင်းသည်လည်း ကောင်းသည်ဟု မဆိုသာပါ။ အများချမှတ်ထားသော ယဉ်ကျေးမှု၏ ထုံးတမ်းစဉ်လာများကို မချိုးဖောက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်ကို တစ်ခြား မိန်းကလေး သူငယ်ချင်းများလည်း သိစေချင်လှသည်။ စောင့်ထိန်းသင့်သော သိက္ခာသည် မိန်းကလေးတစ်ယောက်၏ ဘဝအတွက် ဆူးခြစ်ရာ မခံရစေမည့် အပင်ပေါ်က ဖက်စိမ်းတစ်ရွက်လို ကြာရှည် တင့်တယ်မှု အတွက်ပင်။  ဘဝတစ်သက်တာ အတူမရှိနိုင်တော့သော ဆူးတစ်ခက်နှင့် ဖက်တစ်ရွက် ပတ်သက်မိခြင်း၌ အနည်းဆုံး ဖက်ရွက်ပေါ်မှာ ဆူးခြစ်ရာ လောက်တော့ ကျန်ရစ်မြဲ ဖြစ်သည်သာ။
#####
သိင်္ဂါကျော်

14 September, 2014

နေ့ တစ်နေ့ ကို ရှင်သန်ခွင့်ရခြင်းသည် သင့်ဘဝ၏ လက်ဆောင်တစ်ခု


တစ်ခုသော မနက်ခင်း ၈နာရီ လောက်မှာ အသက် ၉၂ နှစ် အရွယ် ကိုယ်လုံးကိုယ်ထည် သေးသေး၊ အဝတ်အစားကို သေသပ်ကောင်းမွန်စွာ ဝတ်စားထားသော၊ ဆံပင်ကိုလည်း ပုံကျကျ ဖြီးသင်ထားပြီး မိတ်ကပ်ပါးပါး လိမ်းထားသော ကျက်သရေ ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပုံပေါ်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ဘိုးဘွားရိပ်သာတစ်ခုသို့  ယနေ့ ပြောင်းရွှေ့ လာခြင်းပင် ဖြစ်ပါသည်။ သူမဟာ မျက်စိအမြင်အာရုံ မကောင်းသူ တစ်ယောက် ဖြစ်ပြီး နှစ်ပေါင်း ၇၀ ပေါင်းသင်းလာသည့် လင်ယောက်ျား မကြာသေးခင်က ဆုံးပါးသွားပြီးသည့်နောက် ယခုကဲ့သို့  ပြောင်းရွှေ့ နေထိုင်ရန် လိုအပ်လာခြင်းကြောင့် ဖြစ်ပါသည်။

ဘိုးဘွားရိပ်သာ ဧည့်ခန်းတွင် နာရီပေါင်းကြာအောင် စိတ်ရှည် သည်းခံ စောင့်ဆိုင်းပြီးသည့်နောက် သူမ၏ အခန်း အဆင်သင့်ဖြစ်ကြောင်း လာပြောသည့်အခါ ချိုမြသော အပြုံးတစ်ခုဖြင့် တုံ့ပြန်ခဲ့ပါသည်။ ကျင့်သားရနေပုံနှင့် သူမ၏ လမ်းလျှောက် တုတ် အကူအညီနှင့် ဓါတ်လှေကားသို့ လျှောက်လာကြစဉ် လိုက်ပို့သူ အမျိုးသမီးက သူမ၏ အခန်းကျဉ်းလေး အကြောင်း ရှင်းလင်း ပြောပြပါသည်။ သူမ အခန်း ပြတင်းပေါက်မှ ခန်းစည်းများ ချထားပုံ စသည့် မြင်ကွင်းတစ်ချို့ကို ပြောသည့်အခါ သူမက “ကျွန်မ သဘောကျတယ်” ဟု ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ခွေးအသစ်ကလေး တစ်ကောင် လက်ဆောင်ရသည့် အခါ ပြောသည့် အသံမျိုးနှင့် စိတ်အားတက်ကြွစွာ ပြောပါသည်။

“မစ္စက်ဂျုံး ရှင့် အခန်းကိုမှ မမြင်ရသေးပါပဲနဲ့  နေပါဦး”
“အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခု ရှိတာမှ မဟုတ်ပဲ၊  ပျော်ရွှင်မှု ဆိုတာ ကြိုပြီး ဆုံးဖြတ်လို့ ရတဲ့ အရာပဲ၊ ကျွန်မ အခန်းကို ကြိုက်မကြိုက် ဆိုတာ ပရိဘောဂတွေ  ဘယ်လို နေရာချထားတယ် ဆိုတာ အပေါ် မမူတည်ဘူး၊ ကျွန်မ စိတ်ကို ဘယ်လို ပြင်ဆင်ထားတယ် ဆိုတဲ့ အပေါ်ပဲ မူတည်တယ်လေ၊  ကျွန်မက ဒါကို ကြိုက်ဖို့  ကြိုတင် ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်မ မနက်တိုင်း အိပ်ရာထတဲ့ အချိန်မှာ ဆုံးဖြတ်ချက် တစ်ခု ချလေ့ ရှိတယ်။ ကျွန်မမှာ ရွေးချယ်စရာ တစ်ခု ရှိတယ်၊ အမြဲ ရှိနေမှာ မဟုတ်တဲ့ ဒီ ခန္ဓာကိုယ်ကြီး ရဲ့  အစိတ်အပိုင်းတွေနဲ့ ပတ်သက်ပြီး ပြန်ပြော ငြီးတွားပြီး အိပ်ရာထဲမှာ အချိန်ဖြုန်းနိုင်တယ်၊ ဒါမှ မဟုတ် အိပ်ရာက ထလာခွင့်ရတဲ့အတွက် ကျေးဇူးတင်စိတ်နဲ့လည်း အချိန်ဖြုန်းနိုင်တယ်၊ နေ့ရက်တိုင်းဟာ လက်ဆောင်တစ်ခုပဲ၊  ကျွန်မ မျက်စိတွေ ဖွင့်လာနိုင်သမျှ ပျော်ရွှင်စရာ အမှတ်တရတွေ အားလုံးနဲ့  နေ့ သစ်တစ်ရက်ကို အာရုံစိုက်မှာပါ၊ ကျွန်မ ဘဝရဲ့  ဒီအချိန် အခိုက်အတန့် လေးကိုပဲပေါ့။”
ဟု သူမက ပြန်ပြောပါသည်။

“အသက်ကြီးလာတယ် ဆိုတာ ဘဏ်အကောင့် တစ်ခုလိုပဲလေ၊ ရှင် သွင်းထားတာတွေကို ပြန်ထုတ်လို့ရတယ်။ အဲဒီတော့ ကျွန်မ အကြံပေးချင်တာက အမှတ်တရ ဘဏ်ထဲမှာ ပျော်စရာ အမှတ်တရတွေ အများကြီး သွင်းထားဖို့ပါပဲ၊ ကျွန်မရဲ့  အမှတ်တရ ဘဏ်မှာ ဖြည့်ဖို့အတွက် ရှင်နဲ့ ပတ်သက်တဲ့ အပိုင်းအတွက်လည်း ကျေးဇူးပဲ၊ ကျွန်မကတော့ ခုထက်ထိ ဖြည့်နေတုန်းပါပဲ” ဟု သူမက ဆက်လက် ရှင်းပြသည်။

သူမက အပြုံးတစ်ခုနှင့် ပြောခဲ့သည်မှာ…
“ပျော်ရွှင်ဖို့အတွက် ရိုးစင်းတဲ့ နည်းလမ်း ငါးခုကိုပဲ မှတ်ထားပါ၊
၁။ ရှင့် အသည်းနှလုံးကို မနှစ်မြို့ခြင်းတွေထဲကနေ လွတ်ကင်းပါစေ။
၂။ ရှင့် စိတ်နှလုံးကို စိုးရိမ်ပူပန် ကြောင့်ကြခြင်းတွေကနေ လွတ်ကင်းပါစေ။
၃။ ရိုးစင်းစွာ နေထိုင်ပါ။
၎။ များများပေးပါ။
၅။ နည်းနည်းပဲ မျှော်လင့်ပါ။

Each day is a gift ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်