အသံတွေနဲ့ ဆူညံနေတဲ့ ပတ်ဝန်းကျင်ကို သူမုန်းသည်။ သူမုန်းတဲ့ အသံ အမျိုးအစားတွေကလည်း တော်တော်များ သည်။ သူ့ အတွက် တိတ်ဆိတ်သော ပတ်ဝန်းကျင် တစ်ခုက ရွှေထက်ရှားနေသော အချိန်တွေ ကလည်း တော်တော် များခဲ့သည်။
သူက သူကိုယ်သူ သိပ် ဥာဏ်မကောင်းလှသူ ဟုထင်သည်။ ဆူညံသော ပတ်ဝန်းကျင်မှာ စာကျက်လျှင် တော်တော်နှင့် စာမရတတ်။ တိတ်တိတ် ဆိတ်ဆိတ် ဆိုလျှင်တော့ ခဏလေးနှင့် ရလွယ်သည်။ အာရုံစူးစိုက်နိုင်စွမ်း သိပ်မရှိတာလည်း ဖြစ်နိုင်သည်။ သူ ဆိုတာကလည်း အတွေးများသူ၊ စိတ်ကူးယဉ်တတ်သူလည်း ဖြစ်သေးသည်။ သူစာကျက်ချင်သော အချိန်မှာ ကျက်မရသောအခါ… သူ တိတ်တဆိတ် တွေးနေ ဆွေးနေ တုံးမှာ အနှောက်အယှက် များလာသော အခါ… အသံတွေကို မုန်းလာသည်။
အပြင်ဆောင်မှာ အပြင်လူတွေနှင့် ရောနေရသော အခါက တခြားလူတွေက တီဗွီက ဇာတ်လမ်းတွေကို အကျယ်ကြီး ဖွင့်ကြသည်။ ဘောလုံးပွဲတွေကို အကျယ်ကြီး ဖွင့်ကြသည်။ ညနက်သန်းခေါင် အထိ စကားတွေများ ကြသည်။ အတူနေ သူငယ်ချင်းကလည်း သူများ ကို အားနာ သိတတ်ရမှန်း မသိ၊ အသံ အကျယ်ကြီး အော်၍ စာကျက်တတ်သည်။ သူ့အတွက်တော့ အဲဒီ အဆောင်မှာ နေရစဉ်အခါက ငရဲကျသလိုပင်။ ပိုင်ရှင်တွေ ကလည်း သဘောကောင်းကြပါသည်။ ဆိုင်မှာ ဖြစ်သလို ၀ယ်စားသော သူတို့နှစ်ယောက်ကို မကြာခဏလည်း အိမ်ထမင်း အိမ်ဟင်း ချက်ကျွေးတတ်သည်။ သူငယ်ချင်းကိုလည်း ခင်ပါသည်။ သို့ပေမယ့် စာမေးပွဲ နီးလာချိန်မှာတော့ သူ့အတွက် ဒုက္ခအကြီးအကျယ် ရောက်ပြီး စိတ်ဆင်းရဲရသည်။ အဆုံးသတ်တော့ တစ်နှစ်လုံး ရည်းစားနှင့် တွဲနေပြီး စာမေးပွဲနီးမှ အသံကျယ်ကြီးနှင့် စာကျက်တတ်သော သူငယ်ချင်းက Roll No ကောင်း၍ သူကတော့ Roll တော်တော် နောက်ရောက်သွားသည်။
အဲဒီ အဆောင်မှာ နှစ်နှစ်ပြီးတော့ နောက်နှစ်မှာ ထပ်မနေရဖို့ သူတော်တော် ဆုတောင်းလိုက်ရသည်။ နောက်တစ်နှစ် အဲဒီ ငရဲထဲမှာ ထပ်နေရလျှင် သူ စာမေးပွဲ ကျသွားနိုင်သည်။ နောက်နှစ်ကျတော့ အဆောင်ပြောင်းဖြစ်၍ တော်သေးသည်။ အစိုးရဆောင် တစ်ခုမှာ နားလည်မှုနှင့် နေရခြင်းဖြစ်သည်။ စရောက်သောနှစ်က ထိုအဆောင်မှာ ဘယ်သူမှ သိပ်မရှိ။ သူ့အတွက် တော်တော် အဆင်ပြေသည်။ နောက်တစ်နှစ်ကျတော့ သူ့လို နားလည်မှုနှင့် လခပေးနေသူတွေ ထပ်ရောက်လာသည်။ သိပ်တော့ မများသေး…။ သူကတော့ အသံတွေ မကြားရအောင် စောစောစီးစီးပဲ အခန်း တံခါးပိတ်ပြီးနေသည်။ အဲဒီနောက်တစ်နှစ်… သူThesis စလုပ်သည့်နှစ်မှာတော့ တရားဝင်နေသူ တွေရာ တရားမ၀င် နေသူတွေပါ အဆောင်မှာ အရမ်းများလာသည်။ တော်သေးတာက သူလည်း စာမေးပွဲ ဖြေစရာ မလိုတော့၍ပင်။
ကျောင်းပြီးတော့ သူ အစိုးရအလုပ် ၀င်သည်။ နယ်ပြောင်းရသည်။ အသံတွေက သူ့ကို သိပ်အနှောက်အယှက် ဖြစ်လှသည်ဟု မခံစားမိတော့။
တကယ်တန်းတော့ သူက ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်ပဲ တစ်ယောက်တည်း ခွဲပြီး သီခြား နေသည့် ခွကျကျ လူတစ်ယောက်တော့လည်း မဟုတ်ပြန်။ ပြောကြ ဆိုကြ ရယ်မောကြတဲ့ အထဲ သူလည်း မကြာခဏ ပါလေ့ရှိသည်။ သူ့ အာရုံတွေက အဲဒီလို ဖြန့်ကျက်တတ်လို့လည်း သူက ဒီလို ဆူညံတဲ့ ပတ်ဝန်းကျင် တွေကို မကြိုက်ခြင်း ဖြစ်သည်။
တစ်ယောက်တစ်ခန်း နေရတဲ့ အဆောင်ပြောင်းရ ပြန်တော့လည်း သီးသန့် ဖြစ်သွားတာသာ ရှိလျှက် တစ်ဆောင်လုံးမှ အသံ မျိုးစုံကိုတော့ ကြားနေရဆဲပင် ဖြစ်သည်။ ညည ဆိုလျှင် လက်ဖက်ရည်ဆိုင်တန်း အလား ထင်ရလောက်အောင်ပင် သီချင်းတွေကို တစ်ထပ်လုံး ကြားရလောက်အောင် ဖွင့်ကြသည်။ တစ်ခါတရံ အိမ်နီးနားချင်း အခန်းတွေက သီချင်း တစ်ခွေဆို တစ်ခွေ ကိုပဲ မရပ်မနား ဖွင့်ကြသေးသည်။ သူက သီချင်းတစ်ပုဒ်ကို ဘယ်လောက်ပဲ ကြိုက်ပါစေ ထပ်ကာ ထပ်ကာ ရစ်ပြီး နားမထောင်တတ်။ ပိတ်ရက် နေ့လည်တွေမှာ ဖွင့်တာက ကိစ္စမရှိဘူးလို့ ပြောနိုင်ပေမယ့် နေ့လည် တစ်ရေးတစ်မော အိပ်ချင်တဲ့နေ့ ကြပြန်တော့ စိတ်အနှောက်အယှက် ဖြစ်မိပြန်သည်။ ဒါပေမယ့်လည်း ထားပါတော့… နေ့လည် ဖွင့်တာကတော့…။ ညနက်တဲ့ အထိ ဖွင့်တာကသာ ပိုဆိုးတာ…။ သူကိုယ်တိုင်က သီချင်းကြိုက်တတ်သူ ဖြစ်ပါလျှက် တစ်ချို့သီချင်းတွေကို ထပ်ကာ ထပ်ကာ ကြားရပါများပြီး မုန်းတောင် မုန်းချင်သည်။ သူကိုယ်တိုင်က “I can’t live without music” ရယ်လို့ ကိုယ့်ကိုကိုယ် ပြောမိသူ ဖြစ်ပါလျှက် ဒီလို မဖြစ်သင့်မှန်းတော့ ကိုယ့်ကိုကိုယ် သိသည်။ ဒါပေမယ့်လည်း သူအခန်းထဲမှာ သူ့ဟာသူ ဖွင့်တာက ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်စေရအောင် ဖွင့်ခြင်းသာ ဖြစ်သည်။ သူ အမြဲတမ်း ဖွင့်ပေမယ့်လည်း ခပ်တိုးတိုးနှင့် သူ့အခန်းထဲ ကြားရရုံ လောက်သာ ဖြစ်သည်။ တစ်ချို့ကတော့ အဲဒီလို အလေးမထားတတ်။ သူတစ်ပါးဘက်က ထည့် မစဉ်းစားတတ်။ သူတစ်ပါး အနှောက်အယှက် ဖြစ်မဖြစ် ကိုလည်း မတွေး။ ကိုယ့် အခန်းထဲ ကိုယ့်ဟာကိုယ် ဘာလုပ်လုပ် ရသည်ဟု တစ်ကိုယ်ကောင်း ဆန်ဆန် ထင်ကြသည်။ တစ်ထပ်လုံး ကြားလောက်သည့် စကားပြောသံတွေနှင့် မိုးမှမလင်းသေးခင် ကြားရတတ်သော ရေချိုးခန်းပြန် တကျီကျီ ဖိနပ်သံတွေကို ပါ ထည့်ပြောနေလျှင်တော့ သူ လွန်ရာ ကျတော့မည်။ အချိန်တွေကြာလာလို့ ကျင့်သားရနေပြီ ဖြစ်ပေမယ့်လည်း အဲဒီအသံတွေကို မုန်းနေဆဲ..။ သူမုန်းတဲ့ အသံတွေကို စာရင်းလုပ်ရလျှင် အတော်တော့ ရှည်လျားလိမ့်မည်။ အဆောင်ကို မနက်အစောကြီး လာပြီး မုန့်အော်ရောင်းသည့် ဈေးသည်တွေရဲ့ အသံရော၊ စောစောစီးစီး သူ့အခန်းအောက်တည့်တည့်မှာ တွန်တတ်တဲ့ ကြက်ဖသံ ပါမကျန် ပါနိုင်သည်။
အဲဒီအပြင် ပိုဆိုးတာက… အိမ်ရှေ့ ကမ်းနားမှာ… မြစ်ကမ်းပါး ပြိုကျတာ ကာကွယ်ဖို့ လုပ်ရမည့် ကျောက်စီနံရံ ကတော့ ဘယ်တော့မှ မလုပ်ဖြစ်တော့ပဲ၊ ပြည်သူပိုင်မြေ ကို ကိုယ်ပိုင်မြေလုပ်ပြီး ရောင်းစားပစ်ကြသည့် ဆိုင်ရာပိုင်ရာတွေကြောင့်၊ အိမ်ရှေ့မှာ အရင်ကလို တစ်ဖက်ကမ်းက ရွှေဘုံသာ ဘုရားကိုလည်း လှမ်းမမြင်ရ၊ မြစ်ကြီး နဲ့ တောင်တန်းတွေနဲ့ သာသာယာယာ ရှုခင်း ကိုလည်း မမြင်ရတော့ပဲ လူနေနေသည့် တဲတွေနှင့် ပိတ်သွားပြီဖြစ်သည်။ တဲတွေ ဆိုပေမယ့်လည်း တီဗွီနဲ့ ဆောင်းဘောက်စ် နဲ့မို့ သူ အရမ်းမုန်းသည့် တောသီချင်း တွေကို ကျယ်ကျယ် လောင်လောင် ဖွင့်ကြပြန်သည်။
တစ်ချို့ ညနေတွေမှာ အရူးမ တစ်ယောက်က အိမ်ရှေ့လမ်းမမှာ တောင်စဉ်ရေမရ လျှောက်ပြောနေတာမျိုး ကလည်း ရှိသေးသည်။ သူက ဒါမျိုးတွေကိုလည်း မကြားချင်။ တခြား တခြားသော သူမုန်းသည့် အသံတွေလည်း အများကြီး ရှိသေးသည်။ ဥပမာ ရန်ဖြစ်တဲ့ အသံတွေ၊ မီးသတ်ကား ဥသြဆွဲသံတွေ… အများကြီး ရှိသေးသည်။
လူတွေထဲမှာ နေမှတော့ ပတ်ဝန်းကျင်က အသံတွေနှင့် မကင်းနိုင်ပါ။ မကြားချင်လျှင်တော့ (စကားများသော ဥပုသ်သည်တွေ မလာတတ်သော) တောရချောင် တစ်ခုခုမှာ သွားနေဖို့သာ ရှိသည်။ လောကီလူ့ဘောင်ကို အပြီးတိုင် စွန့်လျှင်တော့ ပိုကောင်းတာပေါ့ နော့။ ဒီလိုတော့လည်း သူက ပါရမီပြည့်သေးသူ မဟုတ်ပါ။ သူကိုက တရားမရှိတာ… သူကိုယ်တိုင်လည်း သိသားပင်။
အသံတွေနဲ့ ဝေးရာ သူကျေနပ်နိုင်မည့် သူပိုင် အိမ်နေရာ တစ်ခုလောက် ၀ယ်နိုင်ဖို့ ဆိုတာကလည်း (ဒီအသက်အရွယ် ရောက်နေပေမယ့်) သူနှင့် အဝေးကြီးပါ။ အဲဒီတော့လည်း သူမုန်းသည့် အသံတွေကြားထဲ နေနေရဆဲပင်…။
1 comments:
အဲဒီအသံတွေကို ကိုယ်လည်းမုန်းခဲ့ဖူးပါရဲ့...
ကိုယ်တိုင်လည်း တခါတလေ လုပ်ခဲ့ဖူးတယ်ထင်ပါရဲ့...
ဒါမေမယ့်..အခုတော့လည်း အဲဒီအသံတွေကိုပဲ လွမ်းနေမိတယ်...:(
Post a Comment