19 June, 2012

တိတ်တဆိတ်ချစ်ခြင်း (၂)


တဖြည်းဖြည်းနဲ့ပေါ့
ချစ်ခြင်းတစ်ခုထဲ နစ်ဝင်ခဲ့တာ
လူမသိ သူမသိနဲ့ပဲ
ဆွဲထုတ်မရအောင် မြုပ်ခဲ့ပြီ။

အမှတ်တမဲ့ အဖြစ်တွေတောင် မရှိပါပဲ
သတ်သတ်မှတ်မှတ် အမှတ်ရနေခဲ့တာ
မိနစ်ပေါင်းတောင် သောင်းချီခဲ့ပြီ။

သူ့ရဲ့ ကိုယ့်အပေါ်အသိက
သာမန်ထက် တစ်လက်မတောင် မပိုတာသိသာပါရဲ့
စကားလက်ဆုံတောင်
ပြောပလောက်အောင် မကျခဲ့ဘူးတာ
ကိုယ်ဟာ လူညံ တစ်ယောက်ပါပဲ။

တစ်ခါတလေလည်း
တမင်ဖန်တီးတဲ့ မတော်တဆ ဆုံတွေ့မှုတွေထဲ
သူ့အာရုံက ကိုယ့်ဆီမရှိတဲ့နောက်
တိတ်တဆိတ် ခိုးကြည့်ရုံကလွဲရင်
ကိုယ်ဟာ မာယာများတတ်သူ မဟုတ်ပါကွယ်။

သူဟာ Superstar မဟုတ်ပေမယ့်
ကိုယ့်ရဲ့ မင်းသား ဖြစ်ခဲ့တယ်
မြင်ခွင့်ရရုံနဲ့ ကျေနပ်တဲ့ နေ့တွေထဲ
တစ်ယောက်တည်း ရူးသွပ်မှုမှာ ကျင့်သားရ။

စိတ်ကူးခဲ့မိရုံပါ
သူ့လက်ကို တွဲရင်း လျှောက်မယ့်လမ်းတွေ
ဘယ်လောက် သာယာမယ် ဆိုတာ…။
စိတ်ကူးခဲ့မိရုံပါ
သူ့ရင်ခွင်ထဲ ကိုယ်မှီခိုခွင့်ရှိခဲ့ရင်
ဘယ်လောက် နွေးထွေးမယ် ဆိုတာ…။
စိတ်ကူးခဲ့မိရုံပါ
ဖြေသိမ့် အကြည့်တစ်ချက်လောက်တောင် မပိုင်ဆိုင်နိုင်တဲ့
အပြင်လောက ကတော့ အေးစက် အထီးကျန်ဆဲ။

တိတ်တဆိတ်ချစ်ခြင်းက
အလွမ်းဖွဲ့ နာကျင်စေတယ် ဆိုလည်းဆို
မပေးလိုတဲ့ ချစ်ခြင်းကိုတော့ စတင် မမေးလို
တောင်းခံလာသော ချစ်ခြင်းကိုသာ
ကြည်နူးစွာ ပေးအပ်လိုသူပါ။
တစ်သက်လုံးအတွက် သိမ်းထားဖြစ်မယ့် ချစ်ခြင်းများရှိရာနေရာ
ကိုယ်သာ သိပါစေ..။

သိင်္ဂါကျော်

11 comments:

ဟန်ကြည် said...

သတ်သတ်မှတ်မှတ် အမှတ်ရနေခဲ့တာဆိုတဲ့ အလင်္ကာကို သဘောကျတယ်...သိမ်သိမ်မွေ့မွေ့နဲ့ ဆွတ်ဆွတ်ပျံ့ပျံ့ဖွဲ့ထားတဲ့ ချစ်ခြင်းဖွဲ့တစ်ပုဒ်ပါပဲ...

eimon said...

တိတ်တဆိတ်ချစ်ခြင်းက
အလွမ်းဖွဲ့ နာကျင်စေတယ်......
မပေးလိုတဲ့ချစ်ခြင်းကိုစတင်မမေးလိုပေမဲ့.....
နှလုံးသားထဲမှာတော့တိတ်တိတ်လေးတောင်းဆိုနေမိတယ်
ဆုံဆည်းခွင့်မရှိနိုင်သော...
အဝေးရောက် ချစ်သူ....

nandalayan said...

နှင်းဆီတစ်ခင်း ပန်းတစ်ခြင်းတဲ့ နာမည်လေးကလှလိုက်တာ ကဗျာဆန်လိုက်တာ နာမည်လှသလို ဘ၀လည်းလှနိုင်ပါစေ.....

သိ င်္ဂါ ရ said...

တိတ်တဆိတ် ထက်

တိတ်တခိုး ချစ်ခြင်းကြီးပါဗျာ ... :)

လွင်ပြင်လှိုင်းငယ် said...

ကဗျာလှလှလေး ခံစားသွားပါတယ်ဗျာ

Latt Latt said...

တိတ်တိတ်ဆိတ်ဆိတ် ဖတ်သွားပါတယ်

နွေတေးရှင်(မင်းဧရာ) said...

သည်ကဗျာလေးကို တော်တော်လေးကျိုက်တယ် ဗျာ။

အခြေအနေ အချိန်မခါ ဆိုတာတွေအောက်မှာ ကျွန်တော်တို့က ကိုယ့်နှလုံးသားကို ကိုယ်ပြန်မှောက်လို့ပေါ့ဗျာ။

မြသွေးနီ said...

တိတ်တဆိတ်ချစ်ခြင်းကို နောက်တစ်ခေါက် တိတ်တိတ်လေးလာဖတ်သွားပြန်တယ်..။

ပျိုးယုဝသုန် (Pyo Yu Wathone) said...

လှပတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ

မြတ်ပန်းနွယ် (Myat Pan Nwe) said...

တမင်ဖန်တီးတဲ့ မတော်တဆ ဆုံတွေ့မှုတွေထဲ ..

အဲဒီစာသားလေးကိုရော၊ အဲသည်လို ဖန်တီးတတ်တဲ့ သူကလေးတွေကိုရောပါ ချစ်စရာကောင်းတယ်လို့ ထင်မိတယ်။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

San San Htun said...

တိတ်တဆိတ် ချစ်ခြင်းအကြာင်း တိတ်တဆိတ် ချစ်ဖူးသူက ဖတ်သွားပါတယ် ခင်ညာ..