သင်ဦးတည်ရာ အောင်မြင်မှုတစ်ခုဆီ၊ ပန်းတိုင်တစ်ခုဆီ ရောက်အောင် သွားနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပါက ဆုံးရှုံးမှုကို ကြုံရတတ်ပါတယ်။ Florida State University မှာ လုပ်ခဲ့တဲ့ သုတေသန တစ်ခုက ကိုယ့်ကိုယ်ကို ထိန်းချုပ်ရာမှာ အောင်မြင်မှုရစေဖို့ အောက်ပါ နည်းလမ်း ၆သွယ်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအချက်တွေကို ကျင့်သုံးပြီး ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်ကာ အောင်မြင်မှု ပန်းတိုင်ရောက်အောင် ကိုယ်သွားရမယ့် လမ်းမှန်ကို ဆက်လျှောက်နိုင်ကြမှာပါ။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ပဲ စိတ်လိုက်မာန်ပါ ပြောဆို လုပ်ကိုင်မှုတွေက အလုပ်မှာ ထိခိုက်နိုင်ပြီး အပေါင်းအသင်းတွေ ကြားမှာလည်း အဆက်အဆံ ပျက်စေနိုင်ပါတယ်။
၁။ တရားထိုင်ပါ။
တရားထိုင်ခြင်းဟာ သင့်ရဲ့ ဦးနှောက်ကို ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်တဲ့ စက်တစ်ခု ဖြစ်လာအောင် လေ့ကျင့်ပေးပါတယ်။ သင့်ရဲ့ ထက်မြက်တဲ့ သိမြင်ခံစားစိတ်ကို တိုးတက်လာစေပါတယ်။ အနည်းဆုံး တစ်နေ့ကို ငါးမိနစ်လောက်ပဲ ဘာကိုမှ မတွေးပဲနဲ့ အသက်ရှုတဲ့ ဝင်လေ ထွက်လေကိုပဲ သိနေလိုက်ပါ။ သင့်ဦးနှောက်ရဲ့ အပျက်သဘော လှုံဆော်စိတ်တွေကို ခုခံတားဆီးနိုင်စွမ်းတွေ တိုးလာမှာ ဖြစ်ပါတယ်။
၂။ စားပါ။
အထူးသဖြင့် သင့်ရဲ့ စားချင်စိတ်ကို ထိန်းချုပ်ဖို့ ခက်နေတဲ့အခါမှာ ဒီတစ်ခုကို အလိုလို သိစိတ်နဲ့ မှတ်သားထားလိုက်ပါ။ ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့အခါ သင့်ခန္ဓာကိုယ်မှာ သိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကို သင့်ဦးနှောက်က ပြင်းထန်စွာ လောင်ကျွမ်းစေပါလိမ့်မယ်။ သင့်ရဲ့ သွေးတွင်းက သကြားဓာတ် ကျဆင်းတဲ့အခါ သင့်မှာ အပျက်သဘော လှုံဆော်စိတ်တွေ ပိုပြီး ဖြစ်လာစေပါတယ်။ ထမင်း သို့ အသား တစ်ခုခု စားခြင်းက သင့်ခန္ဓာကိုယ်အတွက် လောင်ကျွမ်းမှု နှေးကွေးစေပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုကို တာရှည်ထိန်းထားနိုင်ပါတယ်။ ဆာလောင်နေတဲ့အခါ ဒေါသထွက်လွယ်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း လျော့နည်းစေပါတယ်။
၃။ လေ့ကျင့်ခန်း လုပ်ပါ။
သင့်ခန္ဓာကိုယ် လှုပ်ရှားမှုကို အနည်းဆုံး ၁၀ မိနစ်ခန့် လုပ်တဲ့အခါ သင့်ဦးနှောက်က သိမ်မွေ့တည်ငြိမ်လာပြီး၊ နာကျင်စိတ်တွေ လျော့ပါးစေပြီး သင့်ရဲ့ စိတ်လိုက်မာန်ပါ လုပ်လိုစိတ်တွေကို ထိန်းချုပ်ထားနိုင်လာပါတယ်။ ဥပမာ- ရုံးမှာ ရှေ့အခန်းက တစ်စုံတစ်ယောက်ဆီ လျှောက်သွားချင်စိတ်တွေကို ထိန်းချုပ်နေရတဲ့အခါ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပါ။ သင့်ကိုယ်သင် ထိန်းနိုင်လာပါလိမ့်မယ်။
၄။ အိပ်ပါ။
သင် ပင်ပန်းနွမ်းနယ်နေတဲ့အခါ သင့်ဦးနှောက်က ဆဲလ်တွေရဲ့ သကြားဓာတ်ကို စုပ်ယူနိုင်စွမ်းက မြင့်တက်လာပါတယ်။ ဦးနှောက်ရဲ့ ထိန်းချုပ်နိုင်စွမ်းက ဂလူးကို့စ်ဓာတ် မရှိပဲနဲ့ မလုပ်နိုင်ပါဘူး။ လုံလောက်တဲ့ အိပ်စက်ခြင်း မရှိတဲ့အခါ လျော့နည်းနေတဲ့ သကြားဓာတ်ကို ဖြည့်ဆည်းဖို့အတွက် သကြားပါတဲ့ သွားရေစာတွေ စားချင်စိတ် ဖြစ်လာပါတယ်။ တကယ်လို့ သင်က သင့်ရဲ့ စားချင်စိတ်ကို ထိန်းချုပ်ချင်နေတာ ဆိုရင်တော့ ညဘက် အိပ်ရေးဝအောင် အိပ်စက်လို့ လိုပါတယ်။ ညတိုင်း သင် လုပ်နိုင်တဲ့ အကောင်းဆုံး တစ်ခုပါပဲ။
၅။ လှိုင်းစီးသလို ကျင့်ကြံပါ။ (ဒီရေကျချိန်ကို စောင့်ပါ)
ဆန္ဒဆိုတာ ဒီရေလိုပဲ အတက်အကျ ရှိတတ်ပါတယ်။ သင်ထိန်းချုပ်ဖို့လိုတဲ့ လှုံဆော်စိတ်က ပြင်းထန်တဲ့အခါ အဲဒီ ဆန္ဒစိတ်ရဲ့ အတက်အကျကို စောင့်ဆိုင်းခြင်းက သင်ကိုယ်သင် ထိန်းချုပ်ဖို့ အတွက် လုံလောက်တဲ့ အချိန်ကို ဖြစ်စေပါလိမ့်မယ်။ စည်းမျဉ်းကတော့ စိတ်လိုက်မာန်ပါ မပြုမူခင်မှာ အနည်းဆုံး ၁၀ မိနစ်ခန့် စောင့်ဆိုင်းပါ။ ဒီရေလှိုင်းတွေ ဆိုတာ အမြဲတမ်း တက်မနေ သလိုပါပဲ သင် စိတ်ဆိုးနေ၊ ဒေါသထွက်နေတဲ့ အချိန်ဟာ အမြဲတမ်း ဖြစ်မနေနိုင်တာမို့ ကျသွားတဲ့ အချိန်ကို စောင့်ပါ။ ဒေါသနဲ့ မခံချင်စိတ် အမြင့်ဆုံး ရောက်နေတဲ့ အချိန်မှာ ဘာကိုမှ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။
၆။ သင့်ကိုယ်သင် ခွင့်လွှတ်ပါ။
ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကို မနှစ်မြို့တဲ့ ခံစားချက်၊ ဝမ်းနည်းပြီး မပျော်ရွှင်နိုင်တဲ့ ခံစားချက်တွေ ဖြစ်လာပါတယ်။ အဲဒီနောက်ကနေ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ ရက်စက်တဲ့ စက်ဝိုင်းတစ်ခု လိုက်ပါလာတတ်ပါတယ်။ အဲဒီ ခံစားချက်တွေဟာ စိတ်အနှောက်အယှက် ဖြစ်စရာ၊ စိတ်ညစ်ညူးစရာ အာရုံတွေဆီကိုပဲ ဦးတည်စေတတ်ပါတယ်။ သင်က ခြေချော်ကျတဲ့အခါ၊ ချော်လဲတဲ့အခါ သင့်ကိုယ်သင် ခွင့်လွှတ်ပြီး ဆက်သွားဖို့ အရေးကြီးပါတယ်။ အမှားက သင့်ကို ဘယ်လို ခံစားရစေတယ် ဆိုတာကို ဥပေက္ခာပြုဖို့မဟုတ်ပါဘူး။ အဲဒီအစား သင့်ကိုယ်သင် အနာဂါတ်မှာ တိုးတက်အောင် ဘာတွေ လုပ်ရမယ် ဆိုတဲ့အပေါ်မှာ သင့်အာရုံစူးစိုက်မှုကို ရွှေ့ထားဖို့ပါ။
အထက်ပါအချက်များကို သင့်အလုပ်ထဲမှာ အသုံးချပါ။ သင် ရည်မှန်းချက် တစ်ခုခုကို သွားရာ လမ်းပေါ်မှာ သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပဲ အခက်အခဲတွေနဲ့ ရုံးကန်နေရတဲ့အခါမှာ အထက်ပါ အချက်များကို သတိရလိုက်ပါ။ စတင် ကျင့်သုံးတဲ့အခါ ခက်ကောင်းခက်မှာ ဖြစ်ပေမယ့် နောက်ပိုင်း အလေ့အကျင့်သစ်က ကျင့်သားရလာတဲ့အခါ ဘဝလမ်းတစ်လျှောက်မှာ စိတ်လိုက်မာန်ပါ အမူအကျင့်များကို ထိန်းချုပ်နိုင်ပြီး ကိုယ်ရည်မှန်းချက်ကို ပြီးမြောက်ဖို့အတွက် အထောက်အပံ့ ဖြစ်ပါလိမ့်မယ်။
The Six Secrets of Self Control ကို မှီငြမ်းပါသည်။
သိင်္ဂါကျော်
6 comments:
အကြိမ်အခါများစွာလေ့ကျင့်ခဲ့ဘူးတယ်.....တခါမှ မအောင်မြင်ခဲ့ဘူး
အထူးသဖြင့် ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်ခြင်းက အဆိုးဆုံးဖြစ်နေလို့ပါ...အချိန်တိုင်း အရမ်းညံ့တဲ့ ငါ---အသုံးမကျတဲ့ ငါ---ဘာမှဖြစ်မလာတဲ့...ငါ ဆိုတဲ့အတွေး....အိမ်မက်ထဲထိအောင်ပါနေလေရဲ့ကျော်ရေ
ဖတ်ရှုမှတ်သားသွားခဲ့ပါတယ်။
stlylove
ကျေးဇူးတင်ပါတယ် မျှဝေပေးတဲ့အတွက်ကျော်ဇင်
stlylove
ကျေးဇူးတင်ပါတယ် မျှဝေပေးတဲ့အတွက်ကျော်ဇင်
အရမ်း အကျိုးရှိတဲ့ ပိုစ့်လေးပါ။
ကျေးဇူးတင်ပါတယ်။
နံပါတ်ခြောက် မရဟေဟဟ :D
Post a Comment