04 March, 2014

အထီးကျန် နွေဦး


နွေဦးက မလာစဖူး စောစောလာတဲ့အခါ
ငါ့ တည်ငြိမ်ချင်ယောင်ထားတဲ့ စိတ်ကလေးလည်း
လေရူးတိုက်ရာ လွင့်ပါရ။

မနက်ခင်းကလေးရေ
လာမြဲတန်း အတိုင်းသာလာပါ။
Good Morning နှုတ်ဆက်သူရှိမှ သာယာစတမ်းဆို
ငါ့မနက်ခင်းတွေ သာယာဖို့ အကြောင်း ရှိတော့မှာမဟုတ်။

အဲဒီ ကြုံလှီနေတဲ့ နှင်းဆီတစ်ပင် ပွင့်ဖို့ ခဲယဉ်းသလိုမျိုး
ငါ့နှလုံးသားက ခဲခဲယဉ်းယဉ်း ပွင့်လာခဲ့ဖူးပါရဲ့
မသန်မစွမ်း နှင်းဆီကလေးက ကြာကြာတောင် မတောက်ပနိုင်ရှာ
မင်းထားခဲ့တဲ့ အထီးကျန်မှုမှာ ခြောက်သွေ့ နွမ်းလျဆဲ။

ရေသောက်မြစ် ကျိုးပြတ်သွားတဲ့ သစ်တစ်ပင်
ဘယ်တော့မှ မရှင်သန်နိုင်တော့သလိုမျိုး
အချစ်ခံရခြင်းနဲ့ နွေးထွေးခဲ့ဖူးတဲ့ ဆောင်းနေ့ ညတွေ
ဘယ်တော့မှ ပြန်မရနိုင်ခြင်းကို
သတိမရချင်ပဲ ရနေလျှက်...။

ဥပေက္ခာပြု ခံရခြင်းမှာ နာကျင်တတ်မယ်ဆို
ငါ့ကိုယ်ငါ ဆက်လက် ရှင်သန်ချင်စရာတောင် မရှိတော့မယ့်ပုံမျိုး။
မင်းထားခဲ့ပုံက ပဟေဠိဆန်လေရဲ့ ။

သတိရမယ့်သာရ
ရေရေရာရာ မရှိခဲ့ပုံက
ဆောင်းအိပ်မက်တွေလို အနှစ်သာရမဲ့ခဲ့လေတယ်။
အိပ်မက်မက်ခြင်းမှာ မပျော်မွေ့သူကို
ဘာကြောင့် အိပ်မက်မက်ခိုင်းချင်သတဲ့လဲ။

လာသမျှတိုင်းက အတုအယောင်ဖြစ်လျှက်
မသိချင်ယောင်နဲ့ သာယာနေချင်သေးသူ
ခဏတာပွင့်တဲ့ ပန်းတစ်ပွင့်ကို
အမြဲတမ်းပိုင်ဆိုင်ရာလို ခေါင်းမော့ချင်တဲ့ ပန်းတစ်ပင်ဟာ ငါဖြစ်ခဲ့လေတယ်။

သိသိကြီးပါပဲ
အမြဲတမ်းပိုင်ဆိုင်နိုင်မှာက အထီးကျန်ညတွေ ဆိုတာ။
မိုက်မိုက်မဲမဲနဲ့ ခဏတဖြုတ် ပျော်ချင်ခဲ့မိတာ တစ်ခုပါပဲ။

အားနွဲ့မှုကို မသိချင်ယောင် ဆောင်လိုက်ပါတယ်
မလာနိုင်တော့မယ့် message ကို မျှော်ရလောက်အောင်လည်း
အားလပ်နေသူ မဟုတ်ရပါဘူး။

အဲဒီ ရေခံမြေခံ မကောင်းတဲ့ နှင်းဆီကလေးတောင်
အညွန့်သစ် တက်နိုင်သေးတဲ့အခါ
ငါ့ညတွေ နေပျော်ပါတယ်။
နွေဦးက သာသာယာယာ ရှိလှတာ
ကိုယ်တိုင်မှ မခံစားတတ်ရင် ငါ့ဇာတ်လမ်းတွေ ဘယ်လှပပါ့မလဲ။

ခြေခင်းလက်ခင်းသာတဲ့အခါ
ဇာတ်လမ်း အသစ် ရှာဖြစ်ချင် ရှာဖြစ်လိမ့်မယ်။
နွေညမှာ သာတဲ့ လကလေးကလည်း အရင်လိုပါပဲ။
ငါ့နှလုံးသားက ခံတပ်ကလည်း အရင်လို အခိုင်အမာ ကာရံဆဲပါပဲ။

(သိင်္ဂါကျော်)
3.3.2014