16 May, 2011

ဘယ်အတိတ်ဝဋ်ကြွေး မကုန်လေတယ်...


သီဟနိုင် နှင့် ဆွေဆွေခင် တို့က တက္ကသိုလ်မှာ တွေ့ခဲ့ကြခြင်း ဖြစ်သည်။ မြင်မြင်ချင်းပဲ နှလုံးသားချင်း နားလည်ခဲ့သည်ဟု ပြောရမည်လား မသိပေ။ သူငယ်ချင်းလို ခင်မင်ပြီး သိပ်မကြာခင်မှာပင် ချစ်သူများ ဖြစ်ခဲ့ကြသည်။ ခပ်အေးအေး နေတတ်သော သီဟနိုင်ကလည်း မိန်းကလေးတွေ ကြားထဲ ပေါ်ပြူလာ ဖြစ်သူ မဟုတ်သလို ဆွေဆွေခင်ကလည်း လှပသော ကိုယ်လုံးလေး ရှိတာကလွဲလို့ ရုပ်ရည်ကတော့ ရွက်ကြမ်းရေကြိုသာ ဖြစ်သောကြောင့် ချစ်သူကြိုက်သူ ဝိုင်းဝိုင်းလည် နေတာမျိုး မရှိခဲ့ပါ။ ဆွေဆွေခင် ဘက်ကတော့ သီဟနိုင် မိန်းကလေးတွေနှင့် ရောရောနှောနှော မရှိပဲ အေးအေး နေတတ်တာရော၊ အချောကြီး မဟုတ်ပေမယ့် တည်ကြည်ပြီး ယောက်ျားပီသသော ရုပ်ရည်ကိုရော သဘောကျမိခဲ့ခြင်း ဖြစ်သည်။ သူ့ဘက်ကတော့ ဆွေဆွေခင်ကို ဘာအကြောင်းကြောင့် သဘောကျတယ် ဆိုတာမျိုး မပြောခဲ့ဖူးပါ။

“မဆွေကို ကျွန်တော် သဘောကျတယ်၊ လက်ထပ်ပါရစေ” လို့ သူပြောပြီး ဘာမှ သိပ်မကြာခင်မှာ ဆွေဆွေခင်က ခေါင်းညိတ်ခဲ့ခြင်း ဖြစ်သည်။ သူက ဆွေဆွေခင်ကို ချစ်ကြောင်း ကြိုက်ကြောင်းတွေ ဖွဲ့နွဲ့ပြီးလည်း မပြောဖူးပါ။ ဆွေဆွေခင်ကသာ  “ကိုသီဟကို ဆွေလည်း ချစ်ပါတယ်” လို့ အဖြေပြန်ပေးခဲ့ခြင်း ဖြစ်သည်။ အဲဒီစကား ကြားရတော့လည်း သူက အပိုလုပ်ပြတာ မျိုးပဲ ဖြစ်ဖြစ် တစ်ခြား ယောက်ျားလေးတွေလို ဝမ်းသာအားရကြီး ဖြစ်သွားပုံလည်း မပြပါ။ ဖြစ်ရိုးဖြစ်စဉ် အလုပ်တစ်ခုလိုပင် “ဝမ်းသာလိုက်တာဗျာ” ဆိုတာလောက်သာ ပြောခဲ့သူ ဖြစ်သည်။ ဆွေဆွေခင်ကတော့ သူက ခပ်အေးအေး နေတတ်သူမို့ အပိုတွေ မပြောပေမယ့် ဆွေဆွေခင်ကိုတော့ တကယ်ချစ်တာ ဟု တကယ်ပင် ယုံခဲ့ပါသည်။

ဆွေဆွေခင်တို့ ချစ်သက်တမ်း တလျှောက်မှာ တစ်ခါမှ စကားများ ရန်ဖြစ်တာမျိုး မရှိခဲ့ဖူးပါ။ သူက ဆွေဆွေခင်ကို သဝန်တို တတ်သူလည်း မဟုတ်ပါ။ တစ်ခါတုန်းက အတန်းငယ်က ကျောင်းသား တစ်ယောက်က ဆွေဆွေခင်ကို မမ မမ ဆိုပြီး လိုက်နေခဲ့သည်။ ဆွေဆွေခင်က ချစ်သူရှိကြောင်း ပြောပြခဲ့ပြီးသော်လည်း လက်မလျှော့ပါ။ ဆွေဆွေခင် ကျောင်းသွားတိုင်း နောက်က လိုက်သည်။ ပန်းတွေ လိုက်ပေးသည်။ ညဘက် ညဘက် အဆောင်ရှေ့လာပြီး သီချင်းဆိုသည်။ အဲဒီအကြောင်း သူ့ကို ပြောတော့ သူက ရယ်ပြီး “မဆွေ မကြိုက်ဘူး မဟုတ်လား၊ မကြိုက်ရင် မကြိုက်ဘူး ပြောလိုက်ပေါ့၊ ကြာတော့ လက်လျှော့သွားမှာပေါ့” တဲ့..။ ဆွေဆွေခင်ကို ယုံကြည်နိုင်လွန်းတာပဲလား မသိပါ။ နည်းနည်းလေးမှ စိတ်ပူတာမျိုး၊ သဝန်တိုတာမျိုး မရှိပါ။ သူ့ စိတ်ကို ဆွချင်တာနှင့်ပင် ထိုကောင်လေးနှင့် တွဲကြည့်ရ ကောင်းမလား လို့ပင် စဉ်းစားမိသေးသည်။ သို့ပေမယ့် ထိုကောင်ကလေး ဘက်က ပိုဆိုးပြီး ဖြတ်မရ ပြုမရ ဖြစ်မှာ စိုးတာနှင့်ပင် အဲဒီလို မလုပ်ခဲ့တော့တာပါ။ သူ့ကိုတော့ နည်းနည်း ပိုပိုသာသာနှင့်  ကောင်ကလေးကို သနားသည့် အကြောင်း၊ ကောင်ကလေးက တကယ်ချစ်ရှာတာ၊ ရုပ်ကလေးကလည်း သနားကမား ချစ်စရာလေး ဘာညာ ပြောသော်လည်း ကျောက်ဆစ်ရုပ် နှလုံးသား ပိုင်ရှင်ကတော့ ဘာမှ တုန်လှုပ် မလာခဲ့ပါ။

သူ့ဘက်ကို ကျတော့လည်း သဝန်တိုဖို့ နေနေသာသာ သူ့မှာ မိန်းကလေး သူငယ်ချင်းပင် အရင်ကတည်းက ဆွေဆွေခင်က လွဲ၍ မရှိခဲ့ပါ။ သူ နှင့် ဆွေဆွေခင်ပင် နှစ်ယောက်လုံး နှင့် ခင်သော သူငယ်ချင်းက မိတ်ဆက်ပေးသဖြင့် သိခဲ့ရခြင်း ဖြစ်သည်။ အဲဒီ သူငယ်ချင်း ကောင်လေး နှင့်တော့ သူက တော်တော်ခင်သည်။ သူ့ သူငယ်ချင်းတွေနှင့် ပတ်သက်လျှင်တော့ သူက ဆွေဆွေခင် ထက်ပင် ပို ဦးစားပေးသေးသည် ဟု ထင်ရသည်။ သူများအတွဲတွေ ဆိုလျှင် ချစ်သူချင်း နှစ်ယောက်တည်း တွေ့ချိန်မှာ ချစ်စကား ကြိုက်စကားပဲ ဖြစ်ဖြစ်၊ ဟိုဟိုသည်သည် စပ်မိစပ်ရာပဲ ဖြစ်ဖြစ် ပြောမကုန်နိုင်အောင် ရှိတာကြ တွေ့ဖူးပါသည်။ သူ နှင့် ဆွေဆွေခင်ကတော့ အဲလောက် မဟုတ်ပါ။ နှစ်ယောက် တွေ့လျှင် ဆွေဆွေခင် ဘက်ကပဲ အိမ်က အကြောင်း၊ သူငယ်ချင်းတွေ အကြောင်း၊ ကျောင်းစာ အကြောင်း စသည်ဖြင့် ပြောစရာတွေ ရှိနေတတ်ပြီး သူ့ဘက်ကတော့ နားထောင်သမား သက်သက်သာ။ သို့ပေမယ့် သူ့ သူငယ်ချင်းတွေနှင့် တွေ့လျှင်တော့ သူ့မှာ ပြောစရာတွေ ရှိနေတတ်သည်။ အဲဒါကို လိုက်လံ တွက်ကပ်ပြီး ပြောနေလည်း ဆွေဆွေခင်သာ စိတ်ဓါတ် သေးသိမ်ရာ ကျမှာမို့ ပြောမနေချင်ပါ။

သူ သူ့သူငယ်ချင်းတွေ အပေါ် ချစ်ပုံကတော့ ပြောမနေချင်တော့ပါ။ ဆွေဆွေခင်က သွားစရာ ရှိလို့ လာခေါ်ခိုင်းထားကို မေ့ပြီး သူငယ်ချင်း ခေါ်ရာ ပါသွားတတ်တာကလည်း ခဏ ခဏပင်။ ဆွေဆွေခင်က စိတ်ကောက်တတ်သူ မဟုတ်သောကြောင့် စိတ်ဆိုးပြီး တစ်ခွန်း နှစ်ခွန်း ပြောပြီးတာနှင့် ပြီးခဲ့သူပါ။ သူငယ်ချင်း အမေ နေမကောင်းတာတို့ သူငယ်ချင်း အဖေ လေဖြတ်တာတို့ ဘာတို့ အတွက်လည်း ကိုယ်ဖိ ရင်ဖိ ကူညီတတ်သည်။ အထူးသဖြင့် ဆွေဆွေခင်နှင့်လည်း စတိတ်တုန်းက ကျောင်းနေဘက် ဖြစ်ဖူးသော သူငယ်ချင်း ကောင်းသစ်နှင့် သူက ပိုတွဲကြသည်။ ကောင်းသစ်က ကောင်မလေး တစ်ယောက်ကို လိုက်တော့လည်း သူက သူ့ ကိစ္စလိုပင် အကြံဥာဏ် တွေ ပေးပြီး စိတ်ပါ လက်ပါ ကူညီခဲ့သည်။ ကောင်းသစ်နှင့် ကောင်မလေး ပြေလည်သွားပြန်တော့ သူ့မှာ တစ်ယောက်တည်း ကျန်ခဲ့သလို ဖြစ်ပြီး ငေးနေ ငိုင်နေ သေးသည်။ အဲဒီနောက် ထူးဆန်းတာ တစ်ခုက ဆွေဆွေခင်ကို လိုက်ခဲ့ဖူးသော ကောင်လေး နှင့် သူနှင့် သူငယ်ချင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထို ကောင်လေးက ဆွေဆွေခင်ကို လုံးဝ လက်လျော့ လိုက်ပါပြီ။ သူနှင့်တော့ တော်တော်ခင်သွားပြီး သွားအတူ လာအတူ ဖြစ်သွားခြင်း ဖြစ်သည်။

ချစ်သူချင်း နှစ်ကိုယ်ကြား ခဏခဏ တွေ့ဖြစ်ပေမယ့် အဲဒီလို ဆွေဆွေခင် စကားပြောတာကို သူက ထိုင်နားထောင် နေတာကလွဲလို့ သူများ စုံတွဲတွေလို လက်ကလေး ကိုင်တာ၊ ပခုံးလေး ဖက်တာမျိုး ယုယုယယ လည်း မရှိခဲ့ပါ။ ဆွေဆွေခင်ကလည်း အဲလို နေချင်လှချည်ရဲ့ မဟုတ်ပေမယ့် သူ့ကို တော့ အတော်ကို အံ့သြမိခဲ့ရပါသည်။ ဘယ်လို ယောက်ျားမျိုး ပါလိမ့်မလဲ...။ စောင့်စည်း ထိန်းသိမ်း နိုင်စွမ်း ကြီးမားတာလား..။ ဆွေဆွေခင်ကို စိတ်ကို မဝင်စားတာလား..။ ဘာပဲဖြစ်ဖြစ် သူ့ဘက်က အဲလို နေတယ် ဆိုတာကပင် ဆွေဆွေခင် အတွက် လုံခြုံ စိတ်ချရဖို့ပဲ မဟုတ်လား။ သူ့ကိုလည်း ကျေးဇူးတင်ပါသည်။ သို့ပေမယ့် သူက ကားလမ်းကူးလျှင် လက်ဆွဲကူးတာ လောက်က လွဲပြီး ဆွေဆွေခင် အသားကိုပင် သိပ်မထိချင် သလို ဆိုတော့လည်း စိတ်ထဲ တစ်မျိုးတော့ ဖြစ်မိတာပင်။ ဆွေဆွေခင်တို့ နှစ်ယောက်က တကယ်ပင် ရှေးခတ်က စုံတွဲတွေလို ပဝါတစ်ကမ်း၊ လက်တစ်လှမ်း နေကြတာပါ။ ချစ်သူ ဖြစ်နေတာပေမယ့် သူငယ်ချင်းနှစ်ယောက် သွားလာနေတာနှင့် ဘာမှ မခြားခဲ့ပါ။
#######

နောက်ဆုံးနှစ် ရောက်တော့ သူက ပြောလာသည်။ သူ့ဘက်ကတော့ သူ့အမေကို ပြောပြီးသားမို့ မဆွေ မိဘတွေကို ဖွင့်ပြောပါတော့ တဲ့။ ဆွေဆွေခင်လည်း မိဘတွေကို အရိပ်အမြွက် လောက်တော့ ပြောထားပြီးသား၊ ဘာမှလည်း မကန့်ကွက်ကြတာမို့ စိတ်ပူစရာတော့ မရှိပါ။ သူ့မှာ အဖေ မရှိတော့ပဲ အမေ သာ ရှိတော့သည်။ သူ့အမေက စီးပွားရေး လုပ်ငန်း တစ်ခုကို ဦးဆောင်လုပ်ကိုင်နေသော ထက်ထက်မြက်မြက် အမေမျိုး ဖြစ်သည်။ သူ့ အမေကို လိုက်တွေ့ပါ ဆိုတော့ သဘောတူတယ် ဆိုတာ သူပြောလို့ ကြားထားရပေမယ့် ဆွေဆွေခင် ဘက်က နည်းနည်းတော့ စိုးရိမ် မိတာပင်။

တကယ် တွေ့ကြည့်တော့ သူ့ အမေက သူပြောထား သလိုပင် တကယ်ကို သဘောကောင်းပါသည်။ လူလတ်တန်းစားလောက်သာ ဖြစ်သော အစိုးရအရာရှိ များဖြစ်ကြသည့် ဆွေဆွေခင် မိဘတွေထက် ပို ချမ်းသာပေမယ့် ဆွေဆွေခင်ကို အထက်ဆီးက ဆက်ဆံတာမျိုး မရှိပါ။ “သားကို လက်ခံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် သမီးရယ်၊ သား အကြောင်း သမီးလည်း သိတယ် မဟုတ်လား၊ သူက ရေခဲတုံး ပဲ၊ စကားလည်း သူ စိတ်ဝင်စားမှ ပြောတာ၊ မိန်းကလေးတွေ အကြိုက်လည်း သိပ်သိတာ မဟုတ်ဘူး၊ အန်တီက သူ့ကို ရည်းစားမှ ရပါတော့ မလားလို့ စိုးရိမ် နေရတာ၊ သမီး နဲ့ ချစ်သူတွေ ဖြစ်နေပြီ ဆိုတော့ ဝမ်းသာ လိုက်ရတာ”  သူ့အမေက ပြောတော့ သူက “အမေကလည်း ဗျာ..” ဆိုပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူ့အမေက မာနလည်း မကြီး၊ ဟန်ဆောင် ပန်ဆောင်လည်း မရှိပဲ စကားပြောလည်း ဖော်ရွေပါသည်။ ပထမ တစ်ခါ တွေ့တာနှင့်ပင် ဆွေဆွေခင်က သူ့အမေကို ခင်မင် သွားခဲ့ပါသည်။

သူ့ကို ဆွေဆွေခင် တို့ အိမ်သို့ ခေါ်သွားတော့ သူလည်း ထုံးစံအတိုင်း စိတ်လှုပ်ရှား နေခဲ့သည်။ သူ အဲလို စိတ်လှုပ်ရှား တတ်တာကို ဆွေဆွေခင် အရင်က တစ်ခါမှတောင် မမြင်ဖူးပါ။ သူက ဆွေဆွေခင် ရှေ့မှာဆို အမြဲတစေ ရေခဲတုံးပဲ မဟုတ်လား..။ ဆွေဆွေခင့် အိမ်မှာ စကားပြောဆို ကြတော့ သူ့နဂို ပုံစံကိုက ရည်မွန် အေးဆေး သူမို့ ဖေဖေတို့ မေမေတို့ကလည်း သဘောကျကြပါသည်။ သူကလည်း ဆွေဆွေခင်ထက် ဖေဖေတို့ မေမေတို့နဲ့တောင် ပို အဖွဲ့ကျသေးသည်။ ဆွေဆွေခင်တို့ အချစ်ခရီးလမ်းကတော့ အများ အားကျရလောက် အောင်ပင် အတားအဆီး အနှောက်အယှက် မရှိခဲ့ပါ။

အဲဒီနောက် သူ့အမေက ဆွေဆွေခင်တို့ အိမ်ကို လာပြီး နှစ်ဖက် မိဘ တွေ့ဆုံခဲ့ကြသည်။ ကျောင်းပြီးလျှင် လက်ထပ်ပေးဖို့ နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။ တကယ်တော့ ဆွေဆွေခင်က ကျောင်းပြီးတာနှင့် ချက်ချင်း လက်မထပ်ချင်သေးပါ။ ဘွဲ့လွန် ဆက်တက်ပြီး ဆရာမ လုပ်ဖို့ စိတ်ကူးထားသည်မို့ ဘွဲ့လွန်ပြီးမှ လက်ထပ်ချင်သည်။ သူ့ဘက်ကလည်း ဆွေဆွေခင့် သဘောအတိုင်း သိပ်မလောနှင့် ဆိုလည်း ပြဿနာ မရှိကြောင်း ပြောသည်။ သို့သော် သူ့အမေက သူ့ကို မြန်မြန် လက်ထပ်စေချင်သည်။ ဆွေဆွေခင့် မိဘတွေကလည်း နှစ်ဦးနှစ်ဘက် ပြေလည်နေမှတော့ အချိန်ဆွဲနေဖို့ အကြောင်းမရှိ ဆိုပြီး သူ့အမေ ဆန္ဒကို သဘောတူကြသည်။ နှစ်ယောက်လုံး ကျောင်း ဆက်တက်ချင်လျှင်လည်း လက်ထပ်ပြီးမှ ဆက်တက်လို့ ရသည်ဟု တစ်ညီတညွတ်တည်း ပြောနေကြသောကြောင့် နောက်ဆုံးတော့ ဆွေဆွေခင်တို့ ဘက်က လျော့ပေးလိုက်ရသည်။
#######

လက်ထပ်ပွဲ အတွက်လည်း ဆွေဆွေခင် တို့ နှစ်ယောက်က ဘာမှကို မစီစဉ်လိုက်ရပဲ နှစ်ဖက်မိဘက အားလုံး အဆင်သင့် ဖြစ်အောင် စီစဉ်ပေးထားခဲ့သည်။ အထူးသဖြင့် သူ့အမေက အစစ အားလုံး စီစဉ်သည်။ ဆွေဆွေခင်တို့ နှစ်ယောက်ကတော့ လက်စွပ်ဒီဇိုင်း ရွေးတာနှင့် အင်္ကျီသွားတိုင်းတာ လောက်သာ လုပ်ခဲ့ရသည်။ ဆွေဆွေခင့်ဘက်က မြန်မြန် ဆန်ဆန် အိမ်ထောင်သည် ဖြစ်ရမှာကို ကြောက်လန့်သလိုလို နှင့် မပျော်နိုင်ဖြစ်နေသလို သူ့ဘက်ကလည်း မျက်နှာ မရွှင်မလန်းနှင့် တစ်မျိုး ဖြစ်နေသည်။ သူလည်း တကယ်တမ်း အိမ်ထောင့် တာဝန်ကို ယူရတော့မယ် ဆိုတော့ လန့်နေတာ ဖြစ်နိုင်သည်။ ဘေးလူတွေက ကြည့်လျှင် ဆွေဆွေခင်တို့ နှစ်ယောက်က မိဘ ပေးစားလို့ မကြိုက်ပဲ ယူရတော့မယ့် စုံတွဲလိုတောင် ဖြစ်နေသည်။ တက်ကြွနေသူတွေက နှစ်ဖက်မိဘတွေ ဖြစ်နေပြီး ကာယကံရှင်တွေကတော့ ခပ်ငြိမ်ငြိမ် ဖြစ်နေသည်။

မနက်ပိုင်း မင်္ဂလာဧည့်ခံပွဲ နှင့် ညပိုင်း Dinner နှစ်ခုစလုံး ခမ်းခမ်းနားနား နှင့် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ သူ့သူငယ်ချင်းတွေရော ဆွေဆွေခင့် သူငယ်ချင်းမတွေရော အားလုံး ပျော်ပျော်ပါးပါး တက်ရောက်ခဲ့ကြပါသည်။ ကောင်းသစ် နှင့် ကောင်မလေး လည်း မကြာခင် လက်ထပ်ကြတော့မည်ဟု ကြားသည်။ ဆွေဆွေခင်ကို ကြိုက်ဖူးသော သူ့သူငယ်ချင်း ကောင်လေးလည်း လာသည်။ သူ့သူငယ်ချင်းတွေက ဒီတစ်ညတော့ သူ့ကို နှိပ်စက်ရဦးမည်ဟု ဆွေဆွေခင်ကို ခွင့်တောင်းတော့ ဆွေဆွေခင် ကလည်း ပြုံးပြုံးလေး ခွင့်ပြုခဲ့ပါသည်။ သူ့ကို သူ့သူငယ်ချင်းတွေနှင့် ပတ်သက်ပြီး ဘယ်သောအခါကမှ ဆွေဆွေခင် ပြောမရ၊ တားမရခဲ့ပါ။

မင်္ဂလာဦးညက သူ ဘယ်အချိန် ပြန်ရောက်လာသည်ကို ဆွေဆွေခင် မသိတော့ပါ။ မနက် အစောကြီးကတည်းက အလှတွေ ပြင်နေရပြီး ပွဲကလည်း နှစ်ပွဲ ဆက်တိုက်မို့ လူကလည်း ပင်ပန်းနေတော့ ဝတ်စုံတွေ ဘာတွေ လဲပြီးသည်နှင့် မင်္ဂလာ အိပ်ရာ ပေါ်မှာ လှဲချလိုက်သည်နှင့် အိပ်ပျော်သွားခဲ့သည်။ အမှန်တကယ်တော့ သူကလည်း မနက်မိုးလင်းကာနီးမှ ပြန်ရောက်လာခြင်း ဖြစ်သည်။ ကောင်းသစ်က ဖုန်းဆက်ပြီး တောင်းပန်သောကြောင့် သိခြင်း ဖြစ်သည်။ အဲဒါနှင့် ပတ်သက်လို့တော့ ဆွေဆွေခင်က ဘာမှ ပြောနေဖို့ မရှိပါ။ ပြောဖို့ အချိန်လည်း မရှိတော့ပါ။ ဒီနေ့မနက်မှာ ဟန်နီးမွန်း အဖြစ် ချောင်းသာ သွားဖို့ စီစဉ်ထားသောကြောင့် နှစ်ယောက်သား ပစ္စည်းတွေ ပြင်ဆင်ပြီး ကားနှင့် ထွက်ခဲ့ကြသည်။ မနက်စာကိုလည်း လမ်းမှာပဲ ဝင်စားလိုက်ကြသည်။

အဲဒီတုန်းက ချောင်းသာ ဆိုတာ အခုလောက်အထိတော့ မစည်ကားသေး။ ဖွင့်ကာစသာ ရှိသေးသည်။ သို့ပေမယ့် ဆွေဆွေခင်တို့ သွားသည့် အချိန်မှာ လာသည့်သူ တော်တော်များသည့် အချိန် ဖြစ်နေသည်။ ဆွေဆွေခင့်ကို ဧည့်ခန်းမှာ ထိုင်ခိုင်းပြီး သူက အခန်းသွားယူသည်။ ကြိုမှာထားသည်ဟု ထင်သော်လည်း အခုတော့ မဟုတ်ပါ။ လူများနေသောကြောင့် နှစ်ယောက်ခန်းမရတော့ပဲ တစ်ယောက်ခန်း နှစ်ခန်းသာ ရသည်ဟု သူကပြောသည်ကို ဆွေဆွေခင်လည်း ဘာမှ မစဉ်းစားတော့ပဲ မြန်မြန် နားချင်တာနဲ့ပဲ ကိုယ့်အခန်းထဲကိုယ် ဝင်နေလိုက်သည်။ ခဏနေမှ ကမ်းခြေကို ဆင်းဖို့ သူက လာခေါ်သည်။ နောက်တော့ နှစ်ယောက်သား အပျော်ကြီး ပျော်ပြီး ရေထဲ ဆင်းလိုက်ကြ၊ ဓါတ်ပုံရိုက်လိုက်ကြနှင့် မင်္ဂလာဦးညက သူ ပြန်မလာတာ အတွက် ရော၊ နှစ်ယောက်ခန်း ကြိုမှာ မထားတာအတွက် ရော ဆွေဆွေခင် စိတ်ဆိုးဖို့ မေ့သွားပါသည်။

အံ့သြစရာကောင်းသော ဟန်းနီးမွန်း ခရီး ဖြစ်ခဲ့ပါသည်။ သူသည် ဆွေဆွေခင့် အခန်းထဲသို့ တစ်ခါမှ ဝင်မလာခဲ့ပါ။ ဆွေဆွေခင်ကလည်း ဒါကို ထူးဆန်းသည်ဟု မထင်ခဲ့ပါ။ နည်းနည်းတော့ အံ့သြပါသည်။ သူအမေ ဖုန်းဆက်သော အခါမှာ မေးသော စကားကြောင့် ပို၍ အံ့သြရပါသည်။ “အဆင်ပြေရဲ့လား သမီး၊ သားက သမီး အခန်းထဲကို ဝင်ရဲ့လား”  တဲ့။ ဒါက ဘယ်လို စကားမျိုးပါလဲ။ မင်္ဂလာဦးညက ပြန်မလာတာကိုလည်း သူ့အမေ သိသည်။ အခု တစ်ယောက်တစ်ခန်း နေတာကို လည်း သူ့အမေ သိနေပါသည်။ “အမေ့ သားက သမီးကို အခုထိ ထိကို မထိသေးတာ အမေ” လို့ ဆွေဆွေခင်က ပြန်ပြောရမှာလား...။ မကောင်းဘူး ထင်သည်။ အဆင်ပြေအောင် ပြန်ပြောလိုက် ပြီးမှ မူမမှန်တာ တစ်ခုခုကို ခံစားမိသလို ဖြစ်လာသည်။ ဘာကြောင့်လဲ...။ သီဟနိုင်က မိန်းမ တစ်ယောက်ကို ထိဖို့ ဒီလောက် ကြောက်ရွံတတ်သူ တစ်ယောက်လား။ သူ့မှာ စိတ္တဇ တစ်ခုခု ရှိတာလား...။ ဘာများလဲ...။ ဆွေဆွေခင် အတွက် တွေးစရာတွေ ဖြစ်လာသည်။

ဆွေဆွေခင်တို့ ချောင်းသာမှာ ငါးရက် နေပြီး ပြန်ခဲ့ကြသည်အထိ တစ်ယောက် တစ်ခန်းသာ နေခဲ့ပါသည်။ တကယ်တော့ ဟိုတယ်မှာ နှစ်ယောက်ခန်းတွေ အများကြီး ကျန်ပါသည်။ ဆွေဆွေခင်က ဟိုတယ်မှာ မေးကြည့်တော့မှ သိရခြင်းဖြစ်သည်။ သူ့ကိုတော့ ဘာမှ ပြောမနေတော့ပါ။ သောင်ပြင်ပေါ်မှာ လက်တွဲပြီး လျှောက်သွားတာက လွဲပြီး သူက ချစ်သူဘဝကလိုပင် စောင့်ထိန်းနေဆဲ။ သူ့ကို ကြည့်ရတာလည်း ဆွေဆွေခင် ပျော်သလို ပျော်ချင်ဟန် ဆောင်နေပြီး စိတ်ထဲမှာတော့ အကြောင်းတစ်ခုခု ကြောင့် စိတ်ညစ်နေသလိုပင်။ ဆွေဆွေခင် သူ့ကိုလည်း ဖွင့်မမေးချင်ပါ။ သူက မပြောချင်သော အကြောင်းအရာကို ဆွေဆွေခင်က မစပ်စုချင်ပါ။ ဆွေဆွေခင်က ပုံစံက မိန်းမ ပီသသော်လည်း စိတ်က ယောက်ျားလေးဆန်သောကြောင့် မိန်းမဆန်သော စိတ်ဓါတ်တွေ သိပ်မထားချင်ပါ။ သူ ဘာကြောင့် ဆွေဆွေခင်နှင့် တစ်ခန်းထဲ မနေချင်ရသလဲ ဆိုတဲ့ အကြောင်း သူ့ကို မေးဖို့ ကျတော့လည်း တစ်မျိုး ဖြစ်နေသည်။ ဆွေဆွေခင်ကပဲ ဒီကိစ္စကို စတင်ရမည့်သူ လို ဖြစ်နေသောကြောင့် မမေးဖို့ ဆုံးဖြတ်လိုက်သည်။
#######

ဆွေဆွေခင် ကျောင်းဆက်တက်ခွင့် ရသောကြောင့် ကျောင်းဆက်တက်ရသည်။ ကျောင်းတက်နေတုန်း ကလေးတွေ ဘာတွေ မရှိတာလည်း ကောင်းတာမို့ ဆွေဆွေခင်တို့ နှစ်ယောက် အခြေအနေကို ဘယ်သူ့ကိုမှ ဘာမှ ပြောမပြခဲ့ပါ။ ရှက်စရာလည်း ကောင်းသည် မဟုတ်လား။ သူကတော့ ကျောင်းဆက်မတက်တော့ပဲ သူ့အမေ အလုပ်မှာပဲ ဝင်လုပ်နေသည်။ သူ့အမေကြီးကတော့ မကြာခဏ ဖုန်းဆက်ပြီး ဂရုစိုက်ရှာသည်။ သူ့အမေက အတူနေစေချင်သော်လည်း သူက မနေချင်သောကြောင့် ခုလို တိုက်ခန်း တစ်ခန်း ဝယ်ပေးပြီး ဆွေဆွေခင်တို့ နှစ်ယောက်ကို သပ်သပ်နေခွင့် ပြုလိုက်ရခြင်း ဖြစ်သည်။ အခုမှ ဆွေဆွေခင် တွေးမိသည်က သူက သူ့အကြောင်း သိမှာစိုးသောကြောင့် ခွဲနေခြင်း ဖြစ်လိမ့်မည် ထင်သည်။ မိန်းမ တစ်ယောက် အတွက် အိပ်ရာထဲက ကိစ္စက အရေးမကြီးပါ။ ကိုယ် ချစ်သောသူ နှင့် အတူတကွ နေရခြင်းကပင် နှစ်သိမ့် ကျေနပ်စရာ ဖြစ်နေပါပြီ။ သူက သူ့အတွက် အခန်းငယ် တစ်ခန်းပြင်ပြီး အိပ်သည်ကို ဆွေဆွေခင်ကလည်း ဘာမှ မပြောပါ။ နှစ်ယောက် အိပ်ခန်းမှာ တစ်ယောက်တည်း ကျယ်ကျယ်ဝန်းဝန်း နေသည်။ ဆွေဆွေခင်က ညနက်သည်အထိ တီဗွီကြည့်၊ စာဖတ်တတ်သူမို့၊ စောစောအိပ်တတ်သော သူ့ကိုလည်း အားနာစရာ မလိုဟု တွေးသည်။ သူ့ကိုလည်း ပြဿနာ မရှာပါ။

သို့သော် သူ့အမေက အဲဒီအကြောင်းကို ဆွေဆွေခင်တို့အိမ် လာလည်ရင်းနှင့် ရိပ်မိသွားပါသည်။ ဘာမှတော့ ပြောမသွားပါ။ နောက်နေ့မှ သူ့ကို အိမ်ခေါ်ပြီး ဆူပုံရပါသည်။ သူ အတော် စိတ်ညစ် လက်ညစ်နှင့် ပြန်လာတာကို သိလိုက်ပါသည်။ ဆွေဆွေခင်ကိုလည်း ကော်ဖီဆိုင် တစ်ဆိုင်မှာ ချိန်းပြီး သူ့အမေက တောင်းပန်ပါသည်။ သူ့သားမှာ ပုံမှန် မဟုတ်တဲ့ စိတ်မျိုး ရှိနေတဲ့ အကြောင်း၊ ခြောက်နေတာတော့ မဟုတ်ကြောင်း၊ အခု ဆရာဝန်ဆီ ခေါ်သွားပြပြီး ဆေးသောက်ခိုင်းထားကြောင်း၊ သူ့သားကိုလည်း အဲလို မနေဖို့ ဆူထားပြီးပြီ ဖြစ်ကြောင်း၊ သမီးက ခဏလောက် သည်းခံ နေပေးဖို့ စသည်ဖြင့် သူပြောချင်တာတွေ တရစပ်ပြောပြီး တောင်းပန်တော့ ဆွေဆွေခင်က ကိစ္စမရှိသည့် အကြောင်း ပြန်ပြောရသည်။ ပြောရင်း ပြောရင်းနှင့် သိလာရသည်မှာ သူ့အမေက သူ ငယ်ငယ်ကပင် ရိပ်မိသိရှိပြီး ချော့တလှည့် ခြောက်တလှည့်နှင့် ယောက်ျားပီသအောင် ပြောင်းလဲပေးထားရခြင်း ဖြစ်သည်။ နာမည်ကိုပင် ယောက်ျားဆန်သော သီဟနိုင် ဆိုသော နာမည်ကို ပေးထားခြင်း ဖြစ်သည်။ အဲဒါကြောင့်လည်း သူ့မှာ ယောက်ျားမပီသ သော လေသံ အမူအယာ တစ်ခုမှ မရှိခြင်း ဖြစ်သည်။

သူ့အကြောင်းကို ခုတော့ ဆွေဆွေခင် ကကြီး ကနေ အ အထိ သိပါပြီ။ အခုမှပဲ အရင်က မစဉ်းစားချင်သဖြင့် မစဉ်းစားပဲ ထားသည်များကို စဉ်းစားမိခြင်း ဖြစ်သည်။ သူက သူ့အမေ စိတ်တိုင်းကျ ပြုပြင်ပြောင်းလဲပြီး နေခဲ့သော်လည်း သူ့စိတ်ကတော့ ဘယ်လိုမှ မပြောင်းခဲ့ပါ။ သူ့အမေကလည်း မသင်္ကာ သဖြင့် သူ့ကို အမြဲတမ်း စောင့်ကြည့်နေခဲ့သည်။ သူ့အမေက သူ့ကို ချစ်သူ ရည်းစား ထားစေချင်နေသောအခါ သူက အနီးအနားတွင် ရှိသော ဆွေဆွေခင်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ့မှာ ချစ်သူ ကောင်မလေး ရှိနေပြီ ဆိုတာ သိသောအခါမှ သူ့အမေက စိတ်ဒုန်းဒုန်း ချလိုက်နိုင်ခဲ့သည်။ တကယ်တမ်းတော့ သူက ဆွေဆွေခင်ကို ချစ်သူ ထားလိုက်ခြင်းမှာ သူ့အမေ စိတ်ချအောင်၊ ပတ်ဝန်းကျင်မှာ အမြင်ကောင်းအောင်၊ သူ့ မူရင်းစိတ်ကို ဖုံးကွယ်ဖို့ သက်သက် ထားခဲ့ခြင်းသာ ဖြစ်သည်။ သူ ဆွေဆွေခင်ကို ဘယ်သော အခါကမှ မချစ်ခဲ့ပါ။ သူ စိတ်ဝင်စားသည်မှာ ကောင်းသစ်တို့၊ သူ့ သူငယ်ချင်း ဆိုသော ကောင်လေး တို့ သာ ဖြစ်သည်ကို အခုတော့ ဆွေဆွေခင် သိပါပြီ။

အခုမှတော့ ဆွေဆွေခင် ဘာတွေ ပြင်ဆင်လို့ ရနိုင်ပါဦး မလဲ။ သူ့အမေ ပြောသလိုပဲ သူ့စိတ်ပြောင်းလာမှာကို ဆက်စောင့်ရမှာလား။ ကျွန်မ လက်ထပ်မိတာ အခြောက် တစ်ယောက် ဖြစ်နေလို့ပါ ဆိုပြီးတော့ ကွာရှင်းလိုက်ရမှာလား..။ ဆွေဆွေခင့် စိတ်ထဲ တစ်မျိုးတမည်တော့ မကျေမနပ် ဖြစ်မိပေမယ့် ခုအတိုင်း နေသွားဆိုလည်း နေသွားနိုင်ပါသည်။ သူ့ဘက်က ဘယ်လိုစိတ်နဲ့ လက်ထပ်ခဲ့သည် ဖြစ်စေ ဆွေဆွေခင့် ဘက်ကတော့ သူ့အပေါ် အစကတည်းက စိတ်ရင်းနဲ့ ချစ်ခဲ့ခြင်းသာ။ သူ့ကို တွေ့ကတည်းက သတ်မှတ် ပြဌာန်းပြီး ဖြစ်ခဲ့သော အဲဒီ ချစ်ခြင်း တစ်ခုဟာ လွယ်လွယ်နဲ့လည်း ပျောက်ကွယ် သွားနိုင်မှာ မဟုတ်ပါ။ သူကလည်း သူ့စိတ်သူ မနိုင်ပေမယ့် သူများတွေလို အများအမြင် သိသာသည် အထိ သူချစ်သော ယောက်ျားများနှင့်လည်း ပြောဆို နေထိုင်တတ်သူ မဟုတ်ပါ။ ရိုးရိုးတန်းတန်း သူငယ်ချင်း အချင်းချင်းလိုပင် ပြောဆို ဆက်ဆံကြခြင်း ဖြစ်သည်။ သူ့သူငယ်ချင်း များရော အဲဒီအကြောင်းကို သိသလား၊ မသိသလား ဆိုတာလည်း ဆွေဆွေခင် မသိပါ။ ကိုယ့်ယောက်ျားနှင့် ပတ်သက်ပြီး အဲလို ကိစ္စမျိုးကို မေးမြန်းကြည့် လို့လည်း ကောင်းသော အရာ မဟုတ်ပါ။

စာမေးပွဲနီးတော့ စာမေးပွဲကို အကြောင်းပြပြီး ဆွေဆွေခင် ကျောင်းဆောင်ကို ပြောင်းနေခဲ့သည်။ သူလည်း စိတ်လွတ်ကိုယ်လွတ် ရှိအောင်လို့ပါ။ မဟုတ်လျှင် သူ့ကြည့်ရတာ အမြဲတမ်း စိတ်ကျဉ်းကျပ် နေသလို ထင်ရသည်။ သူ့ပါးစပ်က ဖွင့် မတောင်းပန်သော်လည်း သူ ဆွေဆွေခင်ကို အားနာနေသည်ကို ဆွေဆွေခင် သိပါသည်။ စာမေးပွဲပြီးတော့ ခဏ အိမ်ပြန်နေလိုက်ပြီး သီးစစ် လုပ်သည့်အချိန်ကျတော့လည်း အကြောင်းပြကာ အဆောင်သွားနေလိုက်သည်။ သူ့အမေကတော့ အိမ်မှာပဲ နေပါဆိုပြီး လိုက်ခေါ်သေးသည်။ သို့သော် စာတမ်းပြုစုဖို့ အရေးကြီးကြောင်း အကြောင်းပြလိုက်တော့ ထပ်မပြောတော့ပါ။ သူက သူ့အမေအိမ် ခဏပြန်နေသည်။

ဆွေဆွေခင် မာစတာ ပြီးတော့ ကံကောင်းထောက်မပြီး ဆရာမ အလုပ် တန်းရသွားသည်။ သူများတွေက နယ်မသွားချင်ပေမယ့် ဆွေဆွေခင်ကတော့ နယ် သွားချင်သည်။ သို့သော် နယ်သွားချင်ပါသည် ဆိုမှ မသွားရသေးပဲ ရန်ကုန်မှာပဲ နေနေရသည်။ အကြောင်းပြစရာလည်း မရှိတော့ချိန်မှာ နှစ်ယောက်သား အိမ်မှာ ပြန်နေကြမယ် လုပ်တော့ သူ့အမေက သူ့အိမ်မှာပဲ လာနေဖို့ ပြောသဖြင့် ဟိုအိမ်ကို အငှားထားလိုက်ပြီး သူ့အမေအိမ် ပြောင်းနေဖြစ်ကြသည်။ သူ့အမေကလည်း တစ်ယောက်တည်း နေသူမို့ တကယ်တော့ အစကတည်းက အတူနေချင်ခဲ့သည်။ အဲဒီမှာ နှစ်ယောက်သား မောင်နှမ တွေလို နေကြသည်။ သူ့အမေကလည်း မသိချင်ယောင်ဆောင်နေသည်။ ဘာမှ ပြဿနာ မရှိဟု ဆွေဆွေခင် ထင်ခဲ့သည်။

သို့သော် သူ့ ရင်ထဲက အကြိတ်အခဲက ဘယ်တော့မှ မပြေပျောက်နိုင်သည့် အကြောင်း ဆွေဆွေခင် မသိခဲ့ပါ။ သူက သူ့စိတ်ကို သူလည်း မုန်းနေခဲ့သည်။ သူ မဖြစ်ချင်သည့်စိတ်ကို မဖြစ်အောင် မထိန်းနိုင်ပဲ သူလိုချင်သော ပုံမှန်ဘဝကိုလည်း ရအောင် မကြိုးစားနိုင်ပဲ ဖြစ်နေသည်။ သူ့ အသိစိတ်က ဆွေဆွေခင်နှင့် ပုံမှန် နေထိုင်ချင်သော်လည်း အတွင်းစိတ်က လက်မခံနိုင်ပဲ ဖြစ်နေသည်။ သူ့အတွင်းစိတ် သဘာဝကို ပွင့်ထွက်မလာအောင် တစ်သက်လုံး ထိန်းသိမ်းနေရသည့် သူ့စိတ်၏ ပဋိပက္ခကို ကြာတော့ သူ မခံနိုင် ဖြစ်လာသည်။ ဆွေဆွေခင်၏ မိဘတွေနှင့် တွေ့တိုင်းလည်း ဘာလို့ ကလေး မယူကြသေးတာလဲလို့ မေးကြတာကို ပြန်မဖြေနိုင်။ ကောင်းသစ်နှင့် သူ့ကောင်မလေးတောင် လက်ထပ်ပြီးလို့ ကောင်မလေးမှာ နေ့စေ့လစေ့ ကိုယ်ဝန်နှင့် ဖြစ်နေတာကို ဈေးဝယ်ထွက်ရင်း သူတို့ နှစ်ယောက် တွေ့ခဲ့ရသေးသည်။ အဲဒါကို မြင်ပြီးတော့ သူ့စိတ်ထဲမှာ သူ့အပြစ်ကို သူ ပိုခံစားလာရသည်။
#######

တစ်နေ့တော့ သီဟနိုင် အိမ်က ထွက်သွားခဲ့သည်။ ခါတိုင်းလိုပဲ ညစာစားပွဲ ရှိလို့ နောက်ကျပြီး သူငယ်ချင်းတွေ အိမ် ပါသွားသလား ထင်ပေမယ့် ဖုန်းဆက်ကြည့်တော့ မဟုတ်ပါ။ သူ့အမေနှင့် ဆွေဆွေခင်တို့ နှစ်ယောက်သား သူ သွားမည် ထင်သည့် နေရာတွေမှာ လိုက်ရှာရသည်။ သို့သော် အရိပ်အရောင်မှ မတွေ့ပါ။ ခရီးဆောင်အိတ် ယူသွားတာ သိတော့မှ စိတ်ညစ်စရာ ရှိလို့ စိတ်ပြေလက်ပျောက် ခရီးများ ထွက်သွားသလား ဆိုပြီး မရှာတော့ပဲ ထားလိုက်ကြသည်။ သူ့အခန်းထဲမှာ သေချာရှာကြည့်တော့မှ ဆွေဆွေခင် အတွက် စာတစ်စောင်နှင့် အတူ သူ လက်မှတ်ထိုးထားသော ကွာရှင်းစာချုပ် ကို တွေ့ရသည်။
“ဒီအချိန်ထိ ကိုယ့်ကို သည်းခံပေးခဲ့တဲ့ မဆွေကို ကျေးဇူးတင်ပါတယ်။ မဆွေနဲ့ ဆိုရင် သာယာပျော်ရွှင်တဲ့ ဘဝ တစ်ခု တည်ထောင်နိုင်မယ်လို့ ယုံကြည်ပြီး လက်ထပ်ခဲ့တာပါ။ ခုတော့ မဆွေကို ဒုက္ခ ပေးသလို ဖြစ်ခဲ့ရလို့ တောင်းပန်ပါတယ်။
ကိုယ်လည်း မဆွေကို ချစ်ဖို့ အများကြီး အချိန်ယူ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မရခဲ့ပါဘူး။ ကိုယ့်ရဲ့ အတိတ်ဘဝ ဝဋ်ကြွေးက အတော်ကြီးတယ် ထင်ပါရဲ့၊ ဘဝ အဆက်ဆက်က အပြစ်တွေ ရှိခဲ့ရင်လည်း ကြေပါစေတော့လို့ ဆုတောင်းပါတယ်။ မဆွေ ဘေးမှာ ရှိနေရင် ကိုယ်လည်း စိတ်ဆင်းရဲ၊ မဆွေလည်း စိတ်ဆင်းရဲ နေရမှာမို့ ကွာရှင်း စာချုပ်မှာ လက်မှတ်ထိုးပေးထားခဲ့ပါတယ်။ ကိုယ် အဝေးကို ထွက်သွားပါပြီ။ မဆွေလည်း နောက်ထပ် ချစ်နိုင်မယ့်သူ တွေ့ရင် အိမ်ထောင်ပြုလိုက်ပါ...။”

နောက် ငါးရက်လောက်နေမှ သူ့အမေဆီ ဖုန်းဆက်သည်။ သူ ဘုန်းကြီး ဝတ်လိုက်ပြီ  ဆိုသည့် အကြောင်း လှမ်းပြောခြင်း ဖြစ်သည်။

အဲဒီနောက်တော့ ဆွေဆွေခင့် အိမ်ကလည်း အားလုံး သိသွားသည်။ သူက ကွာရှင်းစာချုပ် ထားခဲ့တယ် ဆိုပေမယ့် ဆွေဆွေခင် လက်မှတ်မထိုးဖြစ်သေးပါ။ အဲဒါက အရေးမကြီး ဟုထင်သည်။ အဲဒီအိမ်မှာပဲ ဆွေဆွေခင် ဆက်နေဖြစ်ခဲ့သည်။ သူ့အမေကလည်း သူ့သားအတွက် အားနာကာ ဆွေဆွေခင် အပေါ် သမီး အရင်းထက်ပင် ပိုကောင်း ခဲ့သည်။ အေးအေး ဆေးဆေး ဖြစ်သွားချိန်မှာ သူ ဘုန်းကြီး ဝတ်နှင့် အိမ်ကို ကြွကြွလာသည်။ ဆွေဆွေခင် တို့လည်း ဆွမ်းတွေ ဘာတွေ ကပ်လိုက်ကြသည်။ စိတ်ထဲမှာလည်း ဘယ်လိုမှ မနေတော့။ ဆွေဆွေခင်လည်း ကျောင်းမှာ ဆရာမ လုပ်နေတော့ ရန်ကုန်မှာ အမြဲ မနေနိုင်ပဲ နယ်ပြောင်းရသည်။ ဌာနက ဆရာမတွေက ဆွေဆွေခင်ကို အပျိုကြီး လို့ပဲ ထင်ကြသည်။ ဆွေဆွေခင်ကတော့ ဘာမှ ဖုံးကွယ် မထားပါ။ ကိုယ်ရေးရာဇဝင်ထဲမှာလည်း အိမ်ထောင်ရှိလို့ပဲ အမြဲ ဖြည့်သည်။ အမျိုးသားက ဘုန်းကြီးဝတ်သွားသည် ဆိုတော့ သူတို့ အားလုံးက အံ့သြကြသည်။ ခုချိန်ထိ အပျိုကြီး ဘဝမှာသာ ရှိနေသေးသော တခုလပ် ဆွေဆွေခင်၏ အကြောင်းကိုသာ သူတို့ သိလျှင် ဘာပြောကြမလဲ မသိပါ။

(မေမေ တို့ ဌာနကို ပြောင်းလာဖူးတဲ့ ဆရာမ တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပါတယ်။)

သိင်္ဂါကျော်

12 comments:

လင်းခေတ်ဒီနို said...

လူအမျိုးမျိုး အဖြစ်အပျက် အထွေထွေ ပါလားဗျာ

သူတို့ နှစ်ယောက်ရဲ့ အတိတ်ကံ ၀ဌ်ကြွေးပဲ ထင်ပါ့

ခင်မင်စွာဖြင့်
ဗညားရှိန်

Angelhlaing(May everybody be happy and healthy! said...

ဘာပြောရမှန်းမသိအောင်..ဆွံ့အံခဲ့ရတယ်....မမ။
ဖတ်ခွင့်ရလို့ ကျေးဇူးပါ...မမ ကောင်းသောနေ့လေးဖြစ်ပါစေ။

ahphyulay said...

အင်း..
ကျွန်တော်က တော်တန်ရုံအိမ်မလည်ဖြစ်ပါဘူးဗျာ၊
အလုပ်ချိန်က အလွန်များတော့  ရေးလက်စ တိုင်း
ကို မနဲ လက်စ သတ်ရတယ်လေ၊ အခု ဆွေဆွေခင်
ရဲ့  ဇာတ်လမ်း အဲ အချစ်ဇာတ်လမ်းကို ဖတ်ရတော့ 
ဘယ်လို ပြောမလဲ ၊ တစ်မျိုးပေါ့ နော်..။
ကောင်းတယ်လို့  ပြောရမယ်။ ကျွန်တော် စွဲစွဲ
လန်းလန်းလေးပဲ ဖတ်သွားမိတယ်။
ကျေးဇူးဗျာ...၊ ကောင်းတဲ့  ရသ တစ်ခု ရ လို့ ..။

ညိမ်းနိုင် said...

အင်း...ဖတ်လို့ကောင်းတယ်....၊ဒါမျိုးကလည်း ခက်သား
ကလားဗျ...နော်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်ချင်တာ ဖြစ်မလာရ
မဖြစ်ချင်တာ ဖြစ်လာရတဲ့ လောကကြီးမှာ ရွေးချယ်ခွင့်မရဘဲ ကံစီမံရာ နာခံလိုက်ရတဲ့ ဘ၀တွေအများသားနော်
ရသတစ်မျိုးလေးပေးတဲ့ ၀တ္ထုလေးကို သေသေချာချာဖတ်သွားပါတယ်
၂ယောက်လုံး သနားဖို့ကောင်းနေတယ်

မောင်မောင် said...

မသိင်္ဂါကျော် ရေ...
အခုဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး ဖြစ်တာကြောင့် ဖြစ်သလို စာရေးသူ ရဲ့ သရုပ်ဖော်နိုင်တဲ့
အစွမ်းတွေကလဲ အများကြီး ဆွဲဆောင်သွားနိုင်ပါတယ်.
အဲလိုဇာတ်လမ်းအပြင်မှာတော့ကြားဖူးတယ်ဗျ..
သင်္ဘောကပ္ပတိန် တစ်ဦး ဟာ ပြန်ရောက်လာတိုင်း..
ဇနီး သည် ကို ရှောင်နေလိုက်တာ... နောက်ဆုံးမတော့ ကွဲသွားကြလေရဲ့. တဲ့
ကံ ကံ၏အကျိုးပေါ့လေ..

ဇာတ်လမ်းလေးဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်နော်..

ရွှေပြည်သူ (ShwePyiThu) said...

ဒီလိုအဖြစ်မျိုးတွေက ဆွေဆွေခင်လို မိန်းကလေးအတွက် စိတ်မကောင်းစရာပါ အစ်မရေ။ ကိုယ့်အနေအထားတစ်ခုအတွက် တခြားလူတစ်ယောက်ရဲ့ ဘဝကို အသုံးချလိုက်တဲ့ သီဟနိုင်ဟာ အတ္တကြီးလွန်းတယ်လို့သာ မှတ်ချက်ချချင်ပါတယ်။ သူ သာသနာ့ဘောင်ဝင်သွားပြီး ဆွေဆွေခင်လွတ်မြောက်သွားတာ ဝမ်းသာစရာပါ။

ချင်းကလေး said...

အံ့သြစရာဇာတ်လမ်းလေးကိုဖတ်ခွင့်ရလို့ လောကကြီးမှာဒီလိုလည်းရှိတတ်ပါလားဆိုပြီး တွေးမိသွားပါတယ်.. ကျေးဇူးတင်ပါတယ်ဗျာ.

rose said...

အဖြစ်မှန်ကို အခြေခံထားတဲ့ ၀တ္ထုတိုကို သေသေချာချာ ဖတ်သွားတယ် မသိင်္ဂါ...။ ကိုယ့်ကိုယ်ကိုယ် မသိတဲ့ သီဟနိုင်ကို စိတ်ပျက်မိတယ်။ ဆွေဆွေခင် သနားပါတယ်။ ဆွေဆွေခင့် ဘ၀လေး ရှေ့လျှောက် လှပပါစေ။ ရေးသား မျှဝေတာ ကျေးဇူးတင်ပါတယ်။

Anonymous said...

ဝထ္ထုတို ဆုပေးပွဲကနေရောက်လာတာအမ...
သေသေချာချာလေးဖတ်သွားပါတယ်...
ဝဋ်ကြွေးဆိုတာ အရမ်းကြောက်စရာကောင်းပါတယ် အခုဘ၀ အဆုံးသတ်ပြီး နောက်ဘ၀ မှာ ဒီလို ဘ၀မျိုး မရောက်ပါစေနဲ့လို့ ဆုတောင်းရုံမှတပါး ဘာမှမရှိတော့ပါဘူး...စိတ်လည်း မကောင်းဘူး

ကိုကိုးအိမ်(မန္တလေး) said...

အမရေ သီဟနိုင်ဟာ ဆုတောင်းမှားသူတစ်ယောက်ပေါ့ဗျာ... ဒါကြောင့်ပြောကြတာ... လင်မယားတွေ ဘ၀ဆက်တိုင်းပေါင်း ရပါစေလို့ ဆုမတောင်းကြနဲ့လို့ပေါ့... ဆုတောင်းသာပြည့်ခဲ့ရင် ယောက်ျားလေးနှစ်ယောက်ဖြစ်နေကြရင် အခက်ပဲပေါ့... တကယ်တော့ ဘ၀ပေးအရသာပါ .. ဒီဘ၀ထဲမှာ ပျော်နေကြသူတွေရှိသလို ကိုယ့်ဘ၀ကိုယ် မုန်းတီးကြသူတွေလည်း အများကြီးပါဗျာ...

ခင်မင်စွာဖြင့်

Yin Sue said...

အေးဗျာ.....နှစ်ယောက်လုံးရဲ့ ၀ဋ်က တော်တော်ကြီးတာဘဲနော်....