05 May, 2011

ထောင်မတ်နေဆဲ မြက်ရိုင်းတစ်ပင်


အေးမြဖြူဆိုသော နာမည်ကို အဖေ ပေးခဲ့ခြင်းဖြစ်သည်။ အေးမြဖြူက ဒီဇင်ဘာလမှာ မွေးသည်။ အေးမြဖြူကို မွေးသည့်အချိန်မှာ အိမ်ဘေးက သရက်ပင်ကြီးမှာ နွယ်တက်နေသော ဒီဇင်ဘာပန်းဖြူဖြူလေးတွေကလည်း ဖွေးနေအောင် ပွင့်နေသေကြောင့် အေးမြဖြူ ဟု ပေးခဲ့ခြင်း ဖြစ်သည်ဟု အဖေက ပြောပြဖူးသည်။ အေးမြဖြူ တို့ အဖေ ဆုံးတော့ အေးမြဖြူက ၉တန်း၊ ညီမလေးက ၇တန်း၊ မောင်လေးက ၅ တန်းသာ ရှိသေးသည်။ အမေ ဆိုတာကလည်း ချက်ဖို့ ပြုတ်ဖို့ လျှော်ဖို့ ဖွတ်ဖို့ကလွဲပြီး အပြင်လောကအကြောင်း ဘာမှ မသိသည့် တောသူ အရိုးအအ ဖြစ်သည်။ အဖေက ပန်းရန်ဆရာ လုပ်ပြီး ပေးသမျှကို အမေက စစ်စစ်စီစီနှင့် လောက်ငအောင် သုံးပြီး သားသမီးတွေ အားလုံးကို ကျောင်းထားပေးခဲ့သည်။ အသားဟင်း နေ့တိုင်း မစားရသော်လည်း ဖွယ်ဖွယ်ရာရာ စီစဉ်ပြီး နေ့စဉ် ထမင်းဘူး ထည့်ပေးနိုင်သည်။ ကျောင်းလခ ဘာညာ ပေးစရာ ရှိတိုင်းလည်း သူများ တန်းတူ ပေးနိုင်ခဲ့သည်သာ။ အဖေကလည်း သူများတွေလို အလုပ်ပင်ပန်းတယ် ဆိုပြီး အသောက်အစား ရှိသူမဟုတ်ပဲ ရသမျှ မိန်းမကိုသာ အပ်သူ ဖြစ်သောကြောင့် အေးမြဖြူတို့ သားအမိတတွေ လူတန်းစေ့လောက် နေနိုင် စားနိုင် ခဲ့ကြသည်။

လွန်ခဲ့သော တစ်လကတော့ အဖေ နေပူထဲကပြန်လာပြီး ရေချိုးရင်း ဦးနှောက်သွေးကြောပြတ်ကာ ဆုံးပါးသွားခဲ့သည်။ အေးမြဖြူတို့ မောင်နှမ တတွေ နွေကျောင်းပိတ်ရက်မို့ အိမ်မှာ ရှိနေခိုက် အချိန် အဖေက ရုတ်တရက်ကြီး ခုလိုဖြစ်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ရသည်။ ရက်လည်ပြီးသည်အထိ အမေက ငိုလို့ မဆုံး ဖြစ်နေရုံကလွဲလို့ ရှေ့ရေးအတွက် ဘာမှ မစီစဉ်တတ်ပါ။ အေးမြဖြူတို့မှာ ဆွေမျိုး ရင်းချာ ရယ်လို့လည်း အဖေ့ဘက်ကရော၊ အမေ့ ဘက်ကပါ မရှိပါ။ အဖေက နာမည်ရှိ ပန်းရန်ဆရာမို့ အလုပ်ကောင်းခဲ့သော်ငြား အေးမြဖြူတို့ ကျောင်းစားရိတ်၊ မိသားစု စားစရိတ် နှင့်၊ လောက်ငရုံလောက်သာ ရှိခဲ့ပြီး ဘာမှ ပိုပိုလျှံလျှံ စုစုဆောင်းဆောင်း မရှိခဲ့ပါ။ ခုလို အဖေ မရှိတော့သော အချိန်မှာ မိသားစု စားဝတ်နေရေးအတွက် တာဝန်က အမေ နှင့် အေးမြဖြူ အပေါ် ကျရောက်လို့ လာသည်။ အမေက ကုန်စိမ်းလေး ကောက်ပြီး ရောင်းဖို့ လုပ်သည်။ သို့ပေမယ့် ကုန်စိမ်းသည် စွာကျယ် အာကျယ် များကို မယှဉ်နိုင်တာလည်း ပါသည်။ အမေ မလုပ်တတ်တာလည်း ပါသည်။ အဆင်က သိပ်မပြေပဲ တစ်ရက်စာ ဈေးဖိုးတောင် အနိုင်နိုင် ဖြစ်လာသည်။

အေးမြဖြူတို့ အိမ်ရှေ့မှာ စံပယ်ရုံအကြီးကြီး တစ်ခု ရှိသည်။ အဖေနဲ့ အမေ အိမ်ထောင်ကျစကတည်းက စိုက်ထားခြင်းဖြစ်သည်။ နွေရာသီပေမယ့် ရေနိုင်နိုင်လောင်းပေးတော့ အပွင့်တွေ ဝေနေလေရာ ညီမလေးနဲ့ အေးမြဖြူ နှစ်ယောက်သား သီပြီး အမေ ရောင်းသော ဈေးမှာ သွားရောင်းကြသည်။ ပန်းခူးတဲ့အထဲတော့ မောင်လေးလည်း ပါသည်။ အဲဒါနဲ့တင် အားမရပဲ လမ်းထိပ်က ခရေပင်အောက် စောစောသွားကောက်ပြီး ညီအစ်မနှစ်ယောက် သီကာ မောင်လေးက ဈေးမှာ လျှောက်ရောင်းသည်။ ကျောင်းဖွင့်လျှင် တက်ဖို့ ကိုယ့်ကျောင်းစားရိတ်ကိုယ် ရှာကြခြင်း ဖြစ်သည်။ အေးမြဖြူ အတွက်တော့ ကျောင်းဆက်တက်ဖို့ သိပ်မဖြစ်နိုင်တော့တာ သိနေပေမယ့် ဖြစ်နိုင်လျှင် မေ့ထားလိုက်ချင်သည်။ အရင်နှစ်တွေကတော့ ကျောင်းပိတ်ရက်တွေမှာ မဂ္ဂဇင်းစာအုပ်လေး၊ ဝတ္တုစာအုပ်လေး ငှားဖတ်ရင်း အေးအေးလူလူ နေနိုင်သော်လည်း ဒီနှစ်တော့ စာအုပ်ငှားဖတ်နိုင်ဖို့ နေနေသာသာ စားဖို့ သောက်ဖို့ ပိုက်ဆံ ဘယ်ကရမလဲ ဆိုတာကစပြီး စိတ်ပူနေရသည်။ အေးမြဖြူက စာဖတ်ဝါသနာပါသည်။ စာတွေထဲကနေ လူ့လောကကြီး အကြောင်း ကိုယ်မသိသေးတာတွေ သိရတာကို သဘောကျသည်။

တစ်ရက်တော့ အမေ ကုန်စိမ်းကောက်ဖို့ ဈေးသွားရင်း အခါမဲ့ရွာသော မိုးမိကာ အကြီးအကျယ်ဖျား သွားသည်။ ဆရာဝန်သွားပြသဖြင့် သက်သာလာသော်လည်း အားနည်းနေသေးသဖြင့် ဈေးမရောင်းဖြစ်တော့ပါ။ အေးမြဖြူပဲ အမေ့နေရာ ဝင်လိုက်ရသည်။ အေးမြဖြူကမှ အမေ့ထက်စာရင် သွက်သွက်လက်လက်နဲ့မို့ ပိုတောင်မှ ရောင်းကောင်းသေးသည်။ ညီမလေးကလည်း အတူတူ လိုက်လာပြီး ပန်းရောင်းဖို့ တာဝန်ယူသည်။ ဈေးဖိုးအပြင် ကျောင်းတက်လျှင် ပေးရမည့် စာအုပ်ဖိုး ဘာညာ အတွက်လည်း နည်းနည်းစီ စုထားသည်။ ဈေးက ရောင်းကောင်းသော်လည်း အေးမြဖြူတို့ ရောင်းသော နေရာက တရားမဝင်ရောင်းနေသော ဗျတ်ထိုး ဈေးတန်းလေး ဖြစ်သောကြောင့် ခဏ ခဏ အဖယ်ခံရသည်။ ဝီစီ မှုတ်လျှင် ပစ္စည်းတွေ တောင်းထဲထည့် သိမ်းပြီး ပြေးရသည်။ အဲဒါကို မြင်တော့ ရပ်ကွက်ထဲက အေးမြဖြူတို့ အမေနှင့် ခင်နေသော အဒေါ်ကြီးက အေးမြဖြူကို ကျောင်းထွက်ပြီး မြို့ကြီးမှာ အလုပ်သွားလုပ်ဖို့ ပြောသည်။ အေးမြဖြူလို ရုပ်ရည် သန့်သန့်လေးနှင့် ကုန်စိမ်းတောင်းကြီး ပင်ပင်ပန်းပန်း ရွက်ပြီး ပြေးလွှား ဈေးရောင်းနေတာနှင့် စာလျှင် မြို့ကြီးမှာ အိမ်အကူ သွားလုပ်တာကမှ ပိုပြီးတော့ သက်သာလိမ့်ဦးမည် ဖြစ်ကြောင်း၊ လခလည်း ကောင်းသည့်အပြင် ကောင်းကောင်း နေရ စားရ မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောသော်လည်း အေးမြဖြူကတော့ အမေတို့ မောင်လေး ညီမလေး တို့နှင့် ခွဲကာ သွားမနေချင်ပါ။ သို့သော် မသွားမဖြစ်သော အကြောင်းက ပေါ်လာသည်။ အေးမြဖြူတို့ ဈေးရောင်းနေသော ဗျတ်ထိုးဈေးကွက် ကလေးကို အပြီးဖျက်သိမ်းပြီး ဈေးဆိုင်ခန်းများ ဆောက်ဖို့ အစီအစဉ် ဖြစ်လာသည်။ တစ်ချို့ ဈေးသည်များကလည်း တစ်ခြားဈေးလေးများသို့ ပြောင်းသွားကြသည်။ ဆိုင်ခန်းဝယ်နိုင်သူတွေကတော့ ဆိုင်ခန်း ဝယ်ဖို့ ဆိုင်းပြင်းနေကြသည်။ အဲလိုနဲ့ပဲ အေးမြဖြူဘဝ တစ်ဆစ်ချိုး ပြောင်းခဲ့ရသည်။ အဖြူအစိမ်းကျောင်းသူ အေးမြဖြူကနေ အိမ်ဖော်မလေး အေးမြဖြူ ဘဝသို့ ရောက်ခဲ့ရသည်။
#####

ပွဲစားအဒေါ်ကြီးက တစ်ဆင့် အေးမြဖြူ မြို့ကြီးရှိ အိမ်တစ်အိမ်သို့ အိမ်အကူ လုပ်ဖို့ ရောက်ခဲ့ရသည်။ အိမ်ရှင်ယောက်ျားကြီးက စီပွားရေးသမားဖြစ်ပြီး တစ်ချိန်လုံး အပြင်ထွက်နေသလို မိန်းမကလည်း ဆရာဝန်မမို့ အိမ်မှာ နေသည် ရယ်လို့ မရှိလှ။ သူတို့၏ သမီးလေးက အေးမြဖြူ ညီမလေးထက် ငယ်သည်။ ခုမှ ခြောက်တန်း တက်ခြင်း ဖြစ်သည်။ သားလေးကတော့ လေးတန်း တက်ရသည်။ ထမင်းဟင်းချက် အပြင် သူတို့ နှစ်ယောက်၏  တာဝန်ကိုပါ အေးမြဖြူ ယူရသည်။ ထမင်းဘူးထည့်တာ၊ မုန့်ဘူးထည့်တာ အပြင် ကျောင်းသွားဖို့ အိပ်ရာနှိုးတာကအစ အေးမြဖြူ လုပ်ရသည်။ တစ်ခြား တစ်ခြားသော အိမ်တွေလို အိမ်ရှင်မက လိုက်ကြည့်ပြီး နေရာတကာ ပြောဆိုတာ၊ ဇီဇာကြောင်တာမျိုးတော့ ဒီအိမ်မှာ သိပ်မရှိပါ။ အိမ်ရှင် ဆရာဝန်မက မီးဖိုဆောင် အရေးနှင့် ပတ်သက်ပြီး သိပ်စိတ်ဝင်စားသူ မဟုတ်သဖြင့် အေးမြဖြူ ကံကောင်းသည်ဟု ထင်ခဲ့သည်။ အမှန်တကယ်တော့ အဲလို အိမ်ရှင်မက အိမ်မှာ အမြဲနေပြီး မီးဖိုချောင်ကို စိတ်ဝင်စားနေတာကမှ အေးမြဖြူအတွက် ပိုပြီး လုံခြုံ စိတ်ချရမည်ကို နောင်မှ တွေးမိသည်။

အေးမြဖြူ ရောက်စကတော့ အိမ်ရှင်ယောက်ျားကလည်း အိမ်မှာ သိပ်မနေပဲ အေးမြဖြူကို သတိမထားမိပါ။ ကလေးနှစ်ယောက် တာဝန် ဆိုတာကလည်း အေးမြဖြူကိုယ်တိုင် မောင်လေး နဲ့ ညီမလေး ရှိသူ ဖြစ်သောကြောင့် ကိုယ့်မောင်ညီမ လို သဘောထားပြီး လုပ်ကိုင်ပေးနိုင်သည်မို့ ဘာမှ တာဝန်ကြီးသည် မထင်မိပါ။ အစားအသောက်ကလည်း သူတို့ စားသလိုပင် အေးမြဖြူကို ကျွေးသောကြောင့် ပွဲစားကပေးသည့် သုံးလစာကိုလည်း အိမ်ကိုပဲ ပေးခိုင်းလိုက်သည်။ ညီမလေးနှင့် မောင်လေးအတွက် ကျောင်းစားရိတ် ဖူလုံသွားသောကြောင့် အေးမြဖြူလည်း ဝမ်းသာသည်။ အမေကတော့ ခုထိ တရှောင်ရှောင် ဖြစ်နေသောကြောင့် အပြင်ထွက် ဈေးရောင်းဖို့ မဖြစ်နိုင်သေးပါ။ အေးမြဖြူတို့ မောင်နှမတွေ အတွက် စိတ်တင်းထားသော်လည်း အဖေ ဆုံးပြီး ကတည်းက အမေက တော်တော် စိတ်ဓါတ်ကျပြီး ကျန်းမာရေး ချူချာချင်နေပြီ။

နောက်တစ်လလောက်နေတော့ အိမ်ရှင်ယောက်ျားက ဇာတိပြလာသည်။ ပတ်ဝန်းကျင်မှ ပြောစကားအရ မိန်းမက ဆရာဝန်မမို့ အလုပ်ရှုပ်ပြီး ယောက်ျားကို ဂရုမစိုက်နိုင်သောကြောင့် ထို ယောက်ျားက အပြင်တွင် ပွေရှုပ်သည်ဟု သိရသည်။ အေးမြဖြူကတော့ ကိုယ့်အလုပ်မဟုတ်သောကြောင့် ဘာမှပြောစရာမရှိပါ။ အိမ်ထဲမှာတော့ ထိုယောက်ျားက မိန်းမကို တော်တော် ချစ်သည့်ပုံဖမ်းသည်။ အေးမြဖြူ အဖေထက်တော့ လေးငါးနှစ် ငယ်နိုင်သည်။ သူတို့ လင်မယား ကြည်နူးနေကြသည်ကို ကြည့်ပြီး အေးမြဖြူက အဖေနှင့် အမေကို သတိရမိသေးသည်။ အေးမြဖြူ တစ်သက်လုံးမှာ အဖေ နှင့် အမေ ရန်ဖြစ်သည်ကို တစ်ခါမှ မမြင်ဖူးပါ။ တစ်ယောက်နှင့် တစ်ယောက် ညှာတာကာ ဦးစားပေးသည်၊ ကြင်နာကြသည်ကို မြင်နေရသဖြင့် အေးမြဖြူက ကိုယ့်အလှည့်ကျရင်လည်း အဖေ့လို ယောက်ျားမျိုးကိုပဲ လိုချင်မိပါသည်။

အေးမြဖြူက ကိုယ့်အဖေ အရွယ်၊ ဦးလေး အရွယ်ပဲလို့ ထိုလူကြီးကို ခင်ခင်မင်မင် ဆက်ဆံမိသော်လည်း ထိုလူကြီး၏ အကြည့်တွေက မူမမှန်တော့တာကို ကြာတော့ သတိထားမိလာသည်။ သူ့အခန်းထဲကို သူ့မိန်းမ မရှိခိုက် တမင်သက်သက် အအေးပို့ခိုင်း၊ ကော်ဖီပို့ခိုင်းလုပ်ရင်း အေးမြဖြူ လက်ကို ကိုင်တတ်သည်။ တစ်ခါတရံကို တင်ပါးကို မတော်တဆလိုလို နှင့် ထိတတ်သည်။ ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ပါ။ အေးမြဖြူက အတန်းထဲမှာဆို အချောဆုံး ကောင်မလေး သုံးယောက်ထဲမှာ ပါသည်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း ဖြောင့်သည်ဟု သူများတွေက ပြောကြသည်။ အေးမြဖြူကတော့ အဲဒီလို ကိုယ်ခန္ဓာကို စိတ်ဝင်စားသော ယောက်ျားတွေကို ရွံသည်။ တစိမ်းယောက်ျားတစ်ယောက်က အေးမြဖြူ အသားကို ထိတာ အေးမြဖြူ မကြိုက်ပါ။ အမေကလည်း ဘယ်ယောက်ျားကိုမှ မယုံရဘူးလို့ ငယ်ငယ်တည်းက အမြဲတမ်း ဆုံးမထားဖူးသည်။ အဲဒါကြောင့် အိမ်ရှင်ယောက်ျား အခန်းကို သူ့မိန်းမ မရှိလျှင် အေးမြဖြူ မသွားချင်ပါ။ သို့သော် ဒီအိမ်မှာ ခိုင်းသည့်လူက အေးမြဖြူအပြင် မရှိသောကြောင့် သူခိုင်းလျှင် လုပ်ပေးရတာပဲ ဖြစ်သည်။ သူ့အခန်းသို့ ပို့ခိုင်းလျှင် အေးမြဖြူက ခုံပေါ်မှာ မြန်မြန်ချပြီး မြန်မြန် ပြန်လာလေ့ရှိသည်။
#####

ဘာပဲဖြစ်ဖြစ် အေးမြဖြူ အဲဒီအိမ်မှာ သုံးလကျော် ရှိခဲ့ပြီ။ နောက် သုံးလစာကိုပင် အိမ်ကို ထပ်ပို့ပြီးသွားပြီ။ အိမ်ရှင် ယောက်ျားက အေးမြဖြူကို ရိတိတိ လုပ်တာ၊ လက်ကိုင်တာလောက် အပြင် ပိုမလာသောကြောင့် အစစ အဆင်ပြေနေသော ဤအိမ်မှ အေးမြဖြူ မပြောင်းဖြစ်တော့ပါ။ သို့သော် အိမ်ရှင်မက နိုင်ငံခြားသို့ စာတမ်းဖတ်ဖို့ ဆိုလား ဘာလား တစ်ပတ်လောက်သွားမည် ဟု ကြားရသောအခါမှာတော့ အေးမြဖြူ စိတ်ထဲ နည်းနည်းတော့ ထင့်မိသည်။ သို့သော် သိတတ်သော အရွယ် ကလေးနှစ်ယောက်လည်း ရှိနေသောကြောင့် သိပ်တော့ စိတ်မပူမိပါ။

တစ်ညမှာတော့ ကလေးနှစ်ယောက်က သူတို့ အဘိုးအဘွားအိမ်သို့ သွားအိပ်ကြသည်။ ဟိုဘက်ကပဲ ခေါ်လို့လား၊ အိမ်ရှင်ယောက်ျားကပဲ အကွက်ဖန်ပြီး ပို့လိုက်တာလားတော့ အေးမြဖြူ မသိပါ။ ကလေးနှစ်ယောက် ပြန်မလာလို့ မေးကြည့်တော့မှ ဟိုဘက်အိမ် သွားအိပ်သည်ဟု ပြောသည်။ သူ့မိန်းမလည်း မရှိပဲနှင့် အိပ်ပြန်အိပ်ကတည်းက အေးမြဖြူ ရင်ထဲ တစ်ထိတ်ထိတ် ဖြစ်နေသည်။ နည်းနည်းလည်း မူးလာပုံရသည်။ အေးမြဖြူကို အမြည်းလုပ်ခိုင်းပြီး အခန်းထဲ သောက်မှာထက်စာလျှင်တော့ သူ့ဟာသူ အပြင်မှာ မူးလာပြီး အိပ်သွားတာက ပိုကောင်းပါသေးသည်။ အရင်ကတော့ သူ့မိန်းမ ဆေးရုံမှာ တာဝန်ကျသည့် ညတွေဆို သူလည်း အိမ်ပြန်လာတာမှ မဟုတ်ပဲ။ မနက်စောစော သူ့မိန်းမ ပြန်မလာခင်လောက်မှ ပြန်လာတတ်တာ။ သို့သော် အေးမြဖြူ ထင်သလိုလည်း ဟုတ်ချင်မှ ဟုတ်မည်။ အေးမြဖြူက ဝတ္တုဇာတ်လမ်းတွေ ဖတ်ပြီး စိတ်ပူလွန်းနေတာလည်း ဖြစ်နိုင်သည်။ သူ့ဟာသူ အပြင်မှာ ဘယ်မိန်းကလေးနှင့်ပဲ အိပ်အိပ် ကိုယ့်အိမ်က ကိုယ့်သမီးအရွယ် အိမ်ဖော်မကလေးကိုတော့ မကြံလောက်ဘူး မဟုတ်လား။

သို့သော် သူက အေးမြဖြူ ထင်သလို အိပ်မသွားသေးပါ။ ခေါင်းမူးလို့ သံပရာသီးနဲ့ ပျားရည်လေး ဖျော်ပြီး လာပို့ပါ ဆိုပြီး အခန်းထဲ ပြန်ဝင်သွားသည်။ ဒီအိမ်မှာ နှစ်ယောက်တည်း ရှိမနေချင်ရသည့်အထဲ သူ့အခန်းထဲအထိဆို အေးမြဖြူ ပိုလို့တောင် မဝင်ချင်ပါ။ ဒါပေမယ့် မတတ်နိုင်။ သူ့ဆန်စား ရဲရတော့မည်။ သံပရာရည် ဖျော်ပြီးတော့ သစ်သီးအခွံခွာသော ဓါးအသေးလေးကို အေးမြဖြူ အိပ်ကပ်ထဲ ထည့်လိုက်သည်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့ ကော်လံအဝိုင်းလေးနှင့် အိပ်ကပ်ပါသော ကလေးအင်္ကျီ ဖားဖားလေးနှင့် တစ်ကိုယ်လုံး လုံလုံခြုံခြုံ ရှိနေပါသည်။ ဘာမှမဖြစ်သလို ပုံစံဖြင့် အိမ်ရှင် အခန်းကို ခွက်ကလေးကိုင်ပြီး သွားပို့လိုက်သည်။ အအေးခွက်ဗန်းလေးကို သူ့ စားပွဲပေါ်တင်ပြီး ပြန်ထွက်ဖို့ ပြင်တော့ ခေါင်းကိုက်နေလို့ ဇက်ကြောဆွဲပေးပါဦးဟု ဆိုလာပြန်သည်။ သူ့မိန်းမရှိတုန်းက သူ့မိန်းမက ပြောထားသဖြင့် အဲလိုမျိုး မခိုင်းရဲပါ။ ခုတော့ မိန်းမမရှိတုန်း အတင့်ရဲတော့မည်လား..။ သမီး မနှိပ်တတ်ဘူး ဦးဦး ဟု ငြင်းလိုက်သေးသော်လည်း အပိုပါပဲ။ အေးမြဖြူ အအေးဗန်းတင်နေတုန်း သူက တံခါးကို လော့ခ်ချလိုက်တာကိုလည်း မသိလိုက်ပါ။ အေးမြဖြူ တစ်ချက်လောက်ပဲ နှိပ်ရသေးသည်၊ သူက အေးမြဖြူလက်ကို ကိုင်ပြီး ဆွဲဆောင်သည့် စကားတွေ တရစပ်ပြောသည်။ အေးမြဖြူက အတင်းရုံးထွက်ပြီး တံခါးဆီ ပြေးတော့ ပိတ်ထားသော တံခါးရှေ့မှာ သူက အရင်ရောက်နေပြီး အေးမြဖြူ ကို ခုတင်ဆီသို့ အတင်းဆွဲခေါ်သွားသည်။ သူ့ ဇာတိရုပ်ကတော့ ဘွားဘွားကြီး ပေါ်လာလေပြီ။ စားနေကြ ကြောင်ဖားကြီး ဖြစ်သော သူ့အတွက် အေးမြဖြူက နည်းနည်း ခက်ခဲသည်ဟု ထင်နေမလား မသိပါ။ သူ အရက် သိပ်အများကြီး မူးမနေပါ။ ထို့ပြင် သူက သန်မာသော ယောက်ျားကြီး တစ်ယောက်လည်း ဖြစ်ပါသည်။ သို့ပေမယ့် အေးမြဖြူက အလွယ်တကူ အရှုံးမပေးချင်ပါ။ အိမ်ကပ်ထဲက ဓါးလေးကို ထုတ်ပြီး သူ့ ဗိုက်ကို ထိုးပစ်လိုက်တော့ သူ့ လက်တွေ ပြေလျော့သွားပြီး အေးမြဖြူ ရုံးထွက်လို့ ရသွားသည်။ ဓါးက သေးသောကြောင့် သူ့မှာ ဒဏ်ရာ ကြီးကြီး မရပဲ ဒေါသသာ ပေါက်ကွဲသွားပြီး အေးမြဖြူကို လှမ်းရိုက်သည်။ အေးမြဖြူက သူ့ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားသော သောက်လက်စ အရက်ပုလင်းကို မြင်သွားပြီး လက်မြန်မြန်နှင့် ဆွဲယူကာ သူ့ခေါင်းကို ရိုက်ပစ်လိုက်သည်။ ဓါးဒဏ်ရာ ကြောင့် အနည်းငယ် နာနေသော သူက အေးမြဖြူ၏ ရိုက်ချက်ကို မရှောင်နိုင်တော့ပါ။

အေးမြဖြူ ညတွင်းချင်း ထိုအိမ်က ထွက်ပြေးရတော့သည်။ အိမ်ပြန်မည့် ကားဂိတ်ကို အေးမြဖြူ သိသော်လည်း ညကြီး မှောင်မှောင်မှာတော့ မသွားတတ်ပါ။ ပွဲစား အဒေါ်ကြီး အိမ်ကတော့ တစ်ရပ်ကွက်လောက်ပဲ ခြားသည်မို့ အေးမြဖြူ သွားတတ်သည်။ ဒီမြို့ကြီးမှာ အေးမြဖြူ အလုပ်လုပ်သော အိမ်အပြင် တစ်ခြား သွားတတ်သော အိမ်မှာ အဲဒီ အဒေါ်ကြီး အိမ်ပဲ ရှိသည်။ အဲဒီ အိမ် ရောက်တော့ ပွဲစားအဒေါ်ကြီး အပြင် ဧည့်သည် အန်တီကြီး တစ်ယောက်ကိုပါ တွေ့ရသည်။ အေးမြဖြူကို နှစ်သိမ့်ပြီး အိမ်ရှေ့ ကြမ်းခင်းမှာ အိပ်ရာခင်းပေးပြီး အိပ်ခိုင်းသည်။ မနက်မှ ကားဂိတ်ပို့ပေးမည် ဟုဆိုသည်။ အိမ်ရှင်ယောက်ျား သေဆုံးသွားလျှင် အေးမြဖြူ ထောင်ကျ မှာမို့ ဒီမြို့ကြီးကနေ ထွက်သွားမှ ရမည်ဟု ဆိုသည်။ ဒါပေမယ့် သုံးလစာကြိုယူထားသော လစာတွေတော့ ပြန်ပေးရမည် ဟုလည်း ဆိုပြန်သည်။ ဧည့်သည် အန်တီကြီး က တစ်ခြား မြို့မှာ သူ အလုပ်ရှာပေးမည်၊ မနက်ကျလျှင် သူနှင့် လိုက်ခဲ့ ဟု ခေါ်သည်။ အဲဒါဆို သုံးလစာ ပြန်ပေးဖို့လည်း မလိုတော့ပဲ ခုထက်တောင် လစာ ပိုကောင်းနိုင်သည်ဟု ပြောသဖြင့် အေးမြဖြူ စိတ်ပါသွားသည်။ အိမ်ပြန်လိုက်လျှင် သုံးလစာကိုလည်း ပြန်ပေးဖို့ မလွယ်သလို ကြုံရာလုပ်ရင်းနဲ့လည်း ညီမလေး နှင့် မောင်လေး၏ ကျောင်းစားရိတ်ကို ပေးနိုင်ဖို့ မလွယ်ပါ။ အန်တီကြီး ပြောတာတော့ အဆင်ပြေလျှင် တစ်ခြားနိုင်ငံသို့ အလုပ်သွားလုပ်ဖို့ ပို့ပေးမည်ဟု ဆိုသည်။ အဲဒီနိုင်ငံမှာ ဆိုလျှင် လစာတွေ အများကြီး ရမည်ဆိုတော့ အေးမြဖြူလည်း စိတ်ဝင်စားသည်။
#####

လောလောဆယ်တော့ တစ်ခြားနိုင်ငံ မရောက်သေးပဲ နယ်စပ်မြို့တစ်မြို့က စားသောက်ဆိုင်မှာ လုပ်ရသည်။ အေးမြဖြူ နှင့် အတူတူ တစ်ခြား မိန်းကလေး သုံးယောက်လည်း ပါသည်။ သူတို့က အေးမြဖြူထက်တော့ သုံး လေး နှစ်လောက် ကြီးပုံ ပေါ်သည်။ အေးမြဖြူက ရိုးရိုးသားသား အလုပ်ပဲ လုပ်လိုသည့် အကြောင်း အန်တီကြီးကို ကြိုပြောပြီးသားမို့ သိပ်တော့ စိတ်မပူပါ။ သို့ပေမယ့် စလုပ်သည့် တစ်ရက်မှာပဲ အလုပ်၏ သဘောသဘာဝကို သိသွားသည်။ စားသောက်သူ ယောက်ျားကြီးတွေရဲ့ မူးယစ်ရီဝေသော အကြည့်များ၊ စည်းမရှိ ကမ်းမရှိ သရမ်းတတ်သော ပါးစပ်များနှင့် အသားယူတတ်သော လက်များကို အေးမြဖြူ မကြိုက်ပါ။ အေးမြဖြူ အသက်ငယ်ပေမယ့် ဒီလောက်တော့ သိပါသည်။ ဒီအလုပ်ကို မလုပ်ချင်တော့သည့် အကြောင်း အန်တီကြီးကို ပြောမည်ပြင်တော့ အန်တီကြီးက ပြန်သွားပြီဟု စားသောက်ဆိုင်က အေးမြဖြူ တို့ကို အုပ်ချုပ်သော အပေါက်ဆိုးဆိုး မိန်းမက ပြောသည်။ ပထမဆုံးည ကတည်းက ရင်တထိတ်ထိတ်နဲ့ အိပ်ရသည်။ အေးမြဖြူတို့ နောက်ရောက်သော မိန်းကလေးတွေ အားလုံး အတူတူ အိပ်ရသည်။ ဘယ်အချိန် တံခါးပွင့်လာပြီး ဘယ်သူ့ကို လာခေါ်မလဲဟု ကြောက်လန့်ရင်း အေးမြဖြူ အိပ်မပျော်နိုင်။ ကျန်တဲ့ အစ်မကြီးတွေကတော့ အဲလို မဟုတ်ပဲ ပျော်ပျော် နေနိုင်ကြသည်။

တတိယနေ့မှာတော့ အေးမြဖြူ သည်းမခံနိုင်တော့ပဲ အလုပ်လုပ်နေရင်းမှ လစ်ထွက်သွားဖို့ ကြိုးစားလိုက်သည်။ သို့သော် စားသောက်ဆိုင်မှ လူမိုက်ရုပ်နှင့် အစောင့်များက အေးမြဖြူကို ထွက်ခွင့်မပြုပေ။ အေးမြဖြူတို့ အသစ်တွေ ထွက်ပြေးမှာ စိုးသဖြင့် အချိန်ပြည့် စောင့်ကြည့်နေကြောင်း ခုမှ သိရသည်။ အန်တီကြီးက အေးမြဖြူတို့ကို ဒီနေရာမှာ ရောင်းစား၍ အေးအေးလူလူ ပြန်သွားတာ သေချာနေလေပြီ။ အေးမြဖြူက တော်ရုံနှင့်တော့ လက်လျှော့တတ်သူ မဟုတ်ပါ။ နောက်တစ်နေ့ တစ်နေ့လုံး အလစ်ချောင်းနေသော်လည်း မလစ်သဖြင့် ညဘက်အိပ်ချိန်ကျမှ ခိုးထွက်ဖို့ ကြိုးစားသော်လည်း အပြင်မှ သော့ခတ်ထားကြောင်း သိလိုက်ရသဖြင့် အေးမြဖြူ အတော်ကြောက်သွားသည်။ အဲဒီညက အေးမြဖြူတို့ထဲမှ အစ်မကြီး နှစ်ယောက်ကို ညဘက် အပြင်သို့ ခေါ်သွားပြီး မနက်မိုးလင်းမှ ပြန်ရောက်လာသည်။  ၆၇က်မြောက်နေ့မှာတော့ ညနေဘက်မှာ အေးမြဖြူ အပြင်ခိုးထွက်တာ အောင်မြင်သွားသည်။ သို့ပေမယ့် ဒီမြို့ထဲမှာ ဘယ်သွားလို့ ဘယ်လာရမယ်မှန်း အေးမြဖြူ မသိပါ။ ကားဂိတ် လိုက်ရှာနေတုန်းမှာပဲ စားသောက်ဆိုင်က လူမိုက်တွေက ပြန်မိသွားခဲ့သည်။

ဒီတစ်ခါတော့ အေးမြဖြူကို ဒီအတိုင်း လွှတ်မထားတော့ပဲ တစ်ယောက်တည်း အခန်းတစ်ခန်းမှာ သော့ပိတ်ထားသည်။ အပေါက်ဆိုးဆိုး မိန်းမ ရောက်လာပြီး အေးမြဖြူကို ပါးတွေ နားတွေ ရိုက်ပြီး ပက်ပက်စက်စက် ပြောသည်။ နင် ဒီည အကြောင်းသိရမယ် လို့လည်း ကြိမ်း သွားသေးသည်။ အေးမြဖြူ ကြောက်ပြီး တုန်နေသည်။ ညကျလျှင် ဘယ်လို ကံကြမ္မာနှင့် ကြုံရမည်ကိုလည်း သဘောပေါက်သလိုလို ရှိလာသည်။ အပေါက်ဆိုးဆိုးမိန်းမ ပြန်သွားတော့ ရသမျှ ဘုရားစာတွေ ရွတ်ပြီး အေးမြဖြူ ကြမ်းပေါ်မှာ ငုတ်တုပ်ကလေး ထိုင်နေမိသည်။ တံခါးပေါက်ကို သော့ခတ်သွားမှန်း သေချာနေသောကြောင့် ဖွင့်ဖို့လည်း မကြိုးစားမိတော့ပါ။ အချိန်ဘယ်လောက် ကြာသွားသည်မသိပါ။ တံခါးပွင့်လာပြီး လူတစ်ယောက် ဝင်လာသည်ကို အေးမြဖြူ ကြောင်ကြည့်နေမိသည်။
#####

ဘုရားတန်ခိုးကြောင့် အေးမြဖြူ ဘေးမသီ ရန်မခ လွတ်လာရသည် ဟု ယုံကြည်ပါသည်။ စားသောက်ဆိုင်က လူမိုက်တွေနှင့် အရင် လွှတ်မပေးပဲ တစ်ယောက်တည်းနှင့်ပဲ လွှတ်ပေးတာ အေးမြဖြူ ကံကောင်းသွားပါသည်။ ထိုလူက ယောက်ျားတို့ သဘာဝ ပျော်ချင်ပါးချင်သူ တစ်ယောက် ဖြစ်သော်လည်း လူကောင်းတစ်ယောက် ဖြစ်ပါသည်။ ထိုလူကြီးသည် အေးမြဖြူ အတွက် ကျေးဇူးရှင်တစ်ယောက် ဖြစ်ခဲ့ပါပြီ။

သူ အေးမြဖြူ အခန်းထဲ ဝင်လာတော့ ကြောက်လန့်နေသော မျက်လုံးများနှင့် အေးမြဖြူကို တွေ့တော့ အတော် အံသြသွားသည်။ အေးမြဖြူက ရှိခိုးတောင်းပန်တော့ သူ ကြောင်တောင်တောင် ဖြစ်ပြီး အမူးပြေသွားသည်။ နောက်တော့ သူ အခြေအနေကို နားလည်သွားသည်။ သူကလည်း ဒီလို နေရာမျိုးကို အမြဲလာနေတတ်သူ တစ်ယောက်တော့ မဟုတ်ပါ။ တစ်ခါတရံမှသာ အပေါင်းအသင်းများနှင့် သောက်ရင်း စားရင်း လာဖြစ်ခြင်း ဖြစ်သည်။ အေးမြဖြူကို မြင်တော့ ရှစ်တန်းအရွယ် သူ့သမီးကြီးကို သတိရသွားပါသည်။
“မင်းက ငါ့သမီးထက် နည်းနည်းလောက်ပဲ ကြီးမယ့်ပုံပဲ၊ မင်းကို ငါကူညီမယ် ကလေးမ၊ ဒီလောကမှာ မိန်းမတွေ ပေါပါတယ်ကွာ၊ အလိုမတူတဲ့ မိန်းကလေးကို ဖျက်ဆီးတတ်တဲ့ အထဲတော့ ငါမပါပါဘူး၊ ငါတို့ လိုချင်ရင် အလိုတူ အလိုပါ ဖြည့်ဆည်းမယ့် မိန်းကလေးတွေ အပုံကြီး ရှိနေသားပဲ”  ဟု သူက ပြောသည်။

သူက အေးမြဖြူကို မှန်ပြတင်းကို ကျော်ပြီး ကားရပ်နားရာဆီသို့ အရင်ပြေးခိုင်းသည်။ ခန်းဆီးနောက်ဘက်မှာ သံတိုင်မပါသော မှန်တံခါးချပ်များ ဖြစ်သည်ကို အေးမြဖြူက မသိခဲ့ပါ။ အခန်းက အောက်ထပ်မှာမို့ အေးမြဖြူ အလွယ်တကူပင် ဆင်းပြေးနိုင်ခဲ့ပြီး ကားများ ရပ်ထားသော နေရာ နောက်မှာ ပုန်းနေနိုင်ခဲ့သည်။ ခဏနေတော့ ထိုလူကြီး ဆင်းလာပြီး သူ့ကားနှင့် တင်ခေါ်သွားကာ အမျိုးသမီးရေးရာ အဖွဲ့ဝင် အမျိုးသမီး တစ်ယောက်၏ အိမ်ရှေ့မှာ အေးမြဖြူကို ချထားပေးခဲ့သည်။ အေးမြဖြူ အိမ်ထဲဝင်သွားတာကို စောင့်ကြည့်နေပြီးမှ သူပြန်သွားသည်။ သူ့ဂုဏ်သိက္ခာ အတွက်ကြောင့် ဒီကိစ္စကို အစအဆုံး မကူညီနိုင်သော်လည်း ထိုအိမ်ထဲမှ ကျောင်းဆရာမ အမျိုးသမီးက ဆက်လက် ကူညီလိမ့်မည် ဖြစ်ကြောင်း သိနေသောကြောင့် စိတ်ချ လက်ချ ထားခဲ့ခြင်း ဖြစ်သည်။

အဲဒီနောက်တော့ အေးမြဖြူ အမေ့အိမ် ပြန်ရောက်သွားသည်။ အမေ့ကို စိတ်မကောင်းမှာစိုး၍ ဘာမှ ပြောမနေတော့ပါ။ အဆင်မပြေလို့ ပြန်လာတယ်ပဲ ပြောလိုက်သည်။ နောက်ထပ် အိမ်အကူပဲ ဖြစ်ဖြစ်၊ စားသောက်ဆိုင် စားပွဲထိုးပဲ ဖြစ်ဖြစ်၊ ဘာပဲပြောပြော အေးမြဖြူ ဘယ်တော့မှ လုပ်ဖို့ စိတ်မကူးတော့ပါ။ ကုန်စိမ်းတောင်း ရွက်ပြီး ရောင်းရတာပဲ ဖြစ်ဖြစ်၊ ဆောက်လုပ်ရေး အလုပ်မှာ အုတ်သည် ကျောက်သည် လုပ်ရတာပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲ ပင်ပန်း ပင်ပန်း အေးမြဖြူ လုပ်ပါတော့မည်။ အမေ နှင့် ညီမလေး၊ မောင်လေး တို့ကိုတော့ အေးမြဖြူ စိတ်ထဲကပဲ တောင်းပန်မိပါသည်။

“အမေ့ကို လည်း ချစ်ပါတယ်၊ ညီမလေးနဲ့ မောင်လေးကိုလည်း ပြည့်ပြည့်စုံစုံနဲ့ ကျောင်းထားပေးချင်ပါတယ်၊ ဒါပေမယ့် အဲဒီအတွက် သမီး ဘဝကို သမီး မစတေးနိုင်တာ ခွင့်လွှတ်ပါ။ သမီး ဘဝရဲ့ ဖြူစင်မှုကို သမီး ထိန်းသိမ်းပါရစေ အမေ၊ အဲဒီအစား နေပူစပ်ခါး ဘယ်လောက် ကြမ်းတမ်းတဲ့ အလုပ်ပဲ ဖြစ်ဖြစ် လုပ်ပြီး သမီး ရှာကျွေးပါ့မယ်”
#####

(ကံမကောင်း အကြောင်းမလှလို့ပါ လို့ ကံကို လွှဲချပြီး ဘဝပျက်ထဲမှာ ရေစုန်မျောနေကြတဲ့ မိန်းကလေးတွေ ဖြစ်မသွားစေချင်တဲ့ ဆန္ဒနဲ့ ဒီဝတ္တုကို ရေးပါတယ်။ လွတ်မြောက်စေလိုတဲ့ စိတ် ရှိတဲ့သူဟာ ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ ဘဝပျက်ထဲကပဲ ဖြစ်စေ လွတ်မြောက်အောင် ကြိုးစားရမှာပါ။)

(ဒီစာကို ရေးရင်းနဲ့ ကိုယ်တို့ ဘွဲလွန်တက်တုန်းက အဆောင်ရှေ့ လမ်းပေါ်က မိန်းကလေးများကို သတိရမိပါတယ်။ သူတို့ကြောင့် ကိုယ်တို့ အဆောင်သူတွေမှာ တစ်ယောက်တည်း အပြင်ထွက်ရင်လည်း အထင်မှား အမြင်မှား ခံရမှာကြောက်၊ တက္ကစီ ငှားရင်လည်း အထင်မှား အမြင်မှား ခံရမှာကြောက် နဲ့ စိတ်ညစ်ခဲ့ရပါတယ်။ တစ်ခါတရံ သူတို့က ကိုယ်တို့ ယူနီဖောင်း လုံချည်နဲ့ ဆင်ဆင်တူတာမျိုး ဝတ်၊ ခြင်းလေးဆွဲ၊ ဖိုင်တွဲလေး ကိုင်ပြီး၊ ထီးလေးဆောင်းပြီး စောင့်နေတတ်သေးတော့ အတော် စိတ်ညစ်စရာ ကောင်းပါတယ်။ ကြာတော့ စောင့်နေကြ မိန်းကလေးတွေကို ကိုယ်တို့လည်း မျက်မှန်းတမ်းမိလာပါပြီ။ သူတို့ ဘာကြောင့် ဒီဘဝ ရောက်နေသလဲ၊ တစ်နေ့ ဘယ်လောက် ရသလဲ၊ ဒီဘဝမှာ ပျော်မွေ့နေသလား၊ မလုပ်ချင်ပဲ လုပ်နေရသလား ဆိုတာ အင်တာဗျူးချင်ပေမယ့် မဗျူးရဲခဲ့ပါဘူး။ သူတို့ကတော့ သနပ်ခါး အဖွေးသားနဲ့ ကြော့ကြော့မော့မော့ နေ့စဉ် စောင့်နေဆဲပါပဲ။)

သိင်္ဂါကျော်

7 comments:

လင်းခေတ်ဒီနို said...

သိပ်ကောင်းတဲ့ ဇာတ်လမ်းလေး တပုဒ်ပါပဲ . . . ပညာပေး ဇာတ်လမ်းလေးလိုလည်း ဖြစ်နေတဲ့ အတွက် မြန်မာပြည်က မိန်းကလေး ငယ်တွေ သတိထားသင့်တဲ့ အချက်ပါပဲ . . . ခုလို ပို့စ်မျိုးရေးတဲ့ အမ သိင်္ဂါ ကိုလည်း ကျေးဇူး တင်ပါတယ် . . . သိသင့် သိထိုက်သူတွေ နားလည်စေချင်တယ်

ခင်မင်တဲ့
ဗညားရှိန်

flowerpoem said...

ပညာပေးဇာတ်လမ်းကောင်းလေးပါ အမျိုးသမီးငယ်များ သတိထားသင့်တဲ့ အချက်တွေ အများကြီးပါလို့ပါ..

မိုးခါး said...

အား .. ရင်မောစရာ စိတ်မောစရာကြီးပါလားနော် ..း((

အားလုံးပဲ ကံကောင်းနိုင်ကြပါစေ ...

ရွှေပြည်သူ said...

ဆွဲဆောင်မှုရှိတဲ့ အရေးအသားမှာ မျောပါရင်း နောက်ဆုံးမှာ အန္တရာယ်တွေကြားက လွတ်မြောက်သွားတဲ့ အေးမြဖြူလေးအတွက် သက်မချရပါတယ်။ ဒါတွေက တကယ့်လက်တွေ့မှာ ဖြစ်ပျက်နေတာတွေဆိုတဲ့ အသိနဲ့အတူ ညီမငယ်လေးတွေအားလုံး အန္တရာယ်တွေ ကင်းဝေးပါစေလို့ပဲ စိတ်မကောင်းခြင်းကြီးစွာနဲ့ ဆုတောင်းနေမိပါတယ်...

jr said...

ဝတ္ထုလေးကို အစဆုံး ရင်တမမနဲ့ ဖတ်သွားပါတယ်။
အေးမြဖြူလို မိမိကိုယ်ကို စောင့်ထိန်းတဲ့မိန်းကလေးတွေ၊ အေးမြဖြူကို ကယ်ခဲ့တဲ့ လူကြီးလို လူမျိုးတွေ ပိုပြီးများပြားလာပါစေလို့ ဆုတောင်းမိပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ပြီးတော့ နောက်ဆုံးမှာ သက်ပြင်းချလိုက်မိတယ်
ဒီလိုမိန်းခလေးတွေ အများကြီးပါဘဲလေ
မနှစ်က ခုလိုမိန်းခလေးတစ်ယောက်ကို ကယ်လိုက်ရသေးတယ်။ ပန်းကလေးတွေနဲ့ တူတဲ့ မိန်းခလေးတွေရဲ့ဘ၀ကို အပင်မှာ ကြာရှည်စွာ လန်းစေချင်မိပါတယ်

rose said...

ဖတ်ပြီး ရင်မောလိုက်တာ မသိင်္ဂါရယ်...။ တော်ပါသေးရဲ့... အေးမြဖြူလေး လွတ်မြောက်သွားလို့။ အင်း... တိုင်းပြည်က ဆင်းရဲတော့ ပြည်သူတွေလည်း လူးလှိမ့် ခံနေရတာပဲ။ အဆိုးရွားဆုံး သက်ရောက်မှုတွေက ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပေါ်မှာ...။