16 May, 2011

စာသင်ခန်းနံပါတ် ၆၀၈


ကျွန်မ သူငယ်ချင်း ဂျေးလ် နဲ့ ကျွန်မ ဟာ အခန်းနံပါတ် ၆၀၈ ရဲ့ ရှေ့မှာ ကစားနေတုန်း သူ့ ဆရာမ တစ်ယောက် ဖြတ်လျှောက်လာခဲ့ပါတယ်။ သူမက ကျွန်မ နဲ့ ဂျေးလ်ကို သမီးရည်းစားတွေလို့ ထင်ပြီး မှတ်ချက်ချ သွားလို့ ကျွန်မ ရှက်သွားပါတယ်။ အဲဒီနောက်တော့ ဆရာမရဲ့ မျက်လုံးတွေမှာ ကြောက်ရွံ ထိတ်လန့်မှု ပြည့်သွားပြီး ကျွန်မကို အထူးအဆန်း မြင်ရသလို စိုက်ကြည့်ခဲ့ပါတယ်။ ကျွန်မ စိတ်ထဲမှာလည်း မသက်မသာ ဖြစ်သွားပါတယ်။ ဒါပေမယ့် သူမက ဆရာမမို့ ကျွန်မ ခံစားချက်ကို ဘာမှ မပြောလိုက်တော့ပါဘူး။

သူမ ထွက်သွားပြီးတော့ ကျွန်မ ဂျေးလ်ကို တစ်ခုခု ပြောဖို့ လှည့်လိုက်တော့ သူက အရင် ကျွန်မကို ပြောပါတယ်။ “ငါလည်း ဒါကို သတိထားမိပါတယ်၊ သူက အရင်က ဒီလို မထူးဆန်းပါဘူး၊ လူတွေကိုလည်း ဒီလို စိုက်မကြည့်တတ်ဘူး”

အဲဒီည ၁၁ နာရီ ခွဲ လောက်မှာ ကျွန်မဟာ အိပ်ရာ ပေါ်မှာ လဲလျောင်းရင်း မျက်နှာကြက် ကို စိုက်ကြည့် နေတုန်း အသံတစ်ခု ကို ကြားခဲ့ပါတယ်။ “ဒီမှာ အချစ်ကလေး၊ ဒီကို လာပါလား”

ကျွန်မ တကိုယ်လုံး အေးခဲသွားပြီး ပတ်ဝန်းကျင်ကို ထိတ်ထိတ်ပြာပြာ လိုက်ရှာတော့ အနီးအနားမှာ ဘယ်သူမှ မရှိပါဘူး။ အဲဒီ အသံက ဘီဒို အနီးအနားက ထွက်ပေါ်လာတယ်လို့ ထင်ရပါတယ်။ ကျွန်မ အိပ်ရာပေါ်က အမြန် ခုန်ထပြီး ဧည့်ခန်းကို ပြေးခဲ့ပါတယ်။ ကုလားထိုင်ပေါ်မှာ ထိုင်ပြီး တံခါးပေါက်တွေ အားလုံးကို စောင့်ကြည့်နေခဲ့ပါတယ်။ ခဏလောက်နေတော့ ကြောက်စိတ်တွေ လျော့သွားပြီး အိပ်ပျော်သွားပါတယ်။

နောက်တစ်နေ့ မနက် ၅နာရီ ၄၀ မှာ ကျွန်မ နိုးလာပါတယ်။ ကျွန်မ ကွန်ပျူတာကို သုံးနေတုန်း အဲဒီ အသံကို ထပ်ကြားရပြန်ပါတယ်။ ဒီတစ်ကြိမ်တော့ အသံက ပြောနေတာ မသဲကွဲပါဘူး။ “ မင်း..  သေခြင်း...  ကျောင်း ” သူပြောတဲ့အထဲမှာ တစ်ခြား စကားလုံးတွေလည်း ပါပေမယ့် ကျွန်မက သေချာ မကြားလိုက်ပါဘူး။ အဲဒီဟာက ဘာပဲဖြစ်ဖြစ် ကျွန်မ မူမမှန်တဲ့ ပုံစံနဲ့ အပြင်ကို ပြေးထွက်ပြီး မိဘတွေကို ပြောခဲ့ပေမယ့် သူတို့က ကျွန်မကို မယုံကြပါဘူး။ ကျွန်မ ကျောင်းမသွားခင်မှာ သူတို့နဲ့ပဲ အတူတူ နေနေ ခဲ့ပါတယ်။ သူတို့က ကျွန်မကို ဘာမှတော့ မှတ်ချက် မပေးကြတော့ပါဘူး။

ကျွန်မ ဂျေးလ်ကို ထူးဆန်းတဲ့ နေရာက ထွက်ပေါ်လာတဲ့ အဲဒီ အသံနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ သူက ယုံကြည်တဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြခဲ့ပါတယ်။ သူက ကျွန်မစကားကို ရယ်မပစ်တာကပဲ ကျွန်မကို စိတ်သက်သာရာ ရစေပါတယ်။ အဲဒီနောက် သူ့ဆရာမက စာသင်ခန်း ထဲကို ဝင်လာခဲ့ပါတယ်။ သူက ကျွန်မကို သူ့နောက်ကို လိုက်ခဲ့ဖို့ ပြောပါတယ်။ သူက ကျွန်မကို စာသင်ခန်း ၆၀၈ ထဲကို ခေါ်သွားတာပါ။ ရောက်တော့ သူက “မင်း မနေ့ညက အသံတွေ ကြားခဲ့သလား” လို့ ကျွန်မကို မေးခဲ့ပါတယ်။

ကျွန်မ အံ့သြပြီး သူ့ကို စိုက်ကြည့်မိပါတယ်။ ကျွန်မ မနေ့ညက အသံ ကြားတဲ့ အကြောင်း သူ ဘယ်လို သိခဲ့ပါသလဲ..။
“ဘာဖြစ်လို့ ကျွန်မကို အဲဒီလို မေးတာလဲ” လို့ ကျွန်မက မေးတော့
“ဘာလို့မှ မဟုတ်ပါဘူး၊ ဒီလိုပါပဲ မေးကြည့်တာပါ” လို့ သူက ပြန်ပြောပါတယ်။

အဲဒီညကလည်း အသံကို ထပ်ကြားခဲ့ရပါတယ်။ အခုတော့ ကျွန်မ စိတ်ညစ်နေပါပြီ။ အဲဒီအသံကနေ ရုံးထွက်ချင်ပါတယ်။ အဲဒါကြောင့် ကျွန်မ ရူးချင်သလို ဖြစ်ပြီး အကျယ်ကြီး အော်ပြောလိုက်မိပါတယ်။
“မင်း အဲဒါကို ရပ်လို့ မရဘူးလား”
“မင်း ဘယ်သူပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ တစ္ဆေပဲ ဖြစ်ဖြစ်၊ မကောင်းဆိုးဝါးပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ပျောက်သွားစမ်းပါ။ ငါ့ကို လာ မနှောက်ယှက်နဲ့တော့”

အဲဒီညက တစ်ခြား အသံ ထပ်မကြားတော့ပါဘူး။

နောက်တစ်နေ့ကျ အဲဒီအကြောင်းကို ပြန်ပြောပြပြီး ဂျေးလ်ရဲ့ ဆရာမကို အဲဒီ အသံအကြောင်း မေးခဲ့ပါတယ်။ နောက်ဆုံးတော့ သူက သက်ပြင်းရှည်ကြီး ချပြီး  ပုံပြင် တစ်ပုဒ်လုံး ကို ပြန်ပြောပြခဲ့ပါတယ်။

ကျွန်မတို့ ကျောင်းကို မဆောက်ခင်က ဒီနေရာက သင်္ချီုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ ကျွန်မ ကြားနေတဲ့ အသံက ကျွန်မထက် သုံးနှစ်လောက် ကြီးတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အသံပါ။ ဆရာမရဲ့ အပြောအရ အဲဒီ မိန်းကလေးဟာ မြို့မှာ အချောဆုံး မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကြောက်စရာကောင်းတဲ့ ကား အက်ဆီးဒင့် ဖြစ်ပြီးနောက် သူမရဲ့ အလှတရားတွေ ပြောင်းလဲသွားခဲ့ပါတယ်။ မိန်းကလေးဟာ အရမ်း စိတ်ပျက်ပြီး သူ့ကိုယ်သူ ဓါးနဲ့ ထိုးပြီး သတ်သေ သွားပါတယ်။ ဆရာမ ပြောတာတော့ ဒီမိန်းကလေးရဲ့ ဝိညာဉ်ကို ပထမနေ့ မှာကတည်းက ကျွန်မ နောက်မှာ မြင်ခဲ့ပြီး သူမက ကျွန်မ ခန္ဓာကိုယ်နဲ့ မျက်နှာကို သူမကိုယ်ပိုင် ဖြစ်စေချင်တဲ့ ဆန္ဒ ရှိနေခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီစကားကို ကြားရတော့ ကျွန်မ အေးစိမ့်ပြီး ကြက်သီးထသွားပါတယ်။ ကျွန်မဟာ တစ်ခြား ကမ္ဘာက အရာတွေကို မြင်နေခဲ့တာပါလား။

အဲဒါက ဘယ်အချိန်မှာများ အဆုံးသတ်ပါ့မလဲ...။

Ting Ting ရဲ့ Classroom 608 ကို ပြန်ဆိုပါတယ်။

သိင်္ဂါကျော်

10 comments:

N3 said...

ကျွန်မက တစ်ခြား ကမ္ဘာက အသံတွေကို ကြားနေခဲ့တာလား
သူမက တစ်ခြား ကမ္ဘာက အရာတွေကို မြင်နေခဲ့တာလား..

မိုးခါး said...

eek!! ကျောချမ်းလိုက်တာ ..း(

အဖြူရောင်နတ်သမီး said...

ကြောက်တယ်...

sosegado said...

ကိုယ်ကိုတိုင် ဒီလိုဘဝမျိုးမရောက်ဖို့ ကောင်းတာတွေလုပ်ကြစို့၊

မိုးယံ said...

ကြုံရ ဆုံရ ဘုံဘဝ

ဝက်ဝံလေး said...

ကြက်သီး အဲလေ ဝက်သီး ထတယ်တော့်

rose said...

မသိင်္ဂါ... ဘာသာပြန် ၀တ္ထုတိုလေး လာဖတ်ပါတယ်။ ဇာတ်လမ်းက ဆက်ရင် ရတယ်နော်။ မပြီးသေးသလိုပဲ။ ထပ်ဖတ်ချင်သေးတယ်။ ညမှ ဖတ်မိတယ်။ နည်းနည်း ကြောက်သွားတယ်း)

လင်းခေတ်ဒီနို said...

အိုးးး ဖတ်လိုက်ရတဲ့ ခံစားချက် ရသက အရမ်းကို ထိမိတယ် . . . နည်းနည်းတောင် ဖျင်းဖျင်း ထသွားသလိုပဲ . . . . ဘာသာပြန်ဆိုတာလည်း ပြန်ေ၇းဖွဲ့သူရဲ့ အရေးအသားကောင်းမှ ခံစားချက် ပီပြင်ပါတယ်း))

ခင်မင်စွာဖြင့်
ဗညားရှိန်

ခနွဲ said...

တန်းလန်းလေး ထားသွားတယ်ဗျာ။ နည်းနည်းတောင် ကြောက်သွားတယ်။

Angelhlaing(May everybody be happy and healthy! said...

အရမ်းကောင်းတဲ့ ဖွဲ့ဆိုမှုလေးပဲ ...မမ တော်သေးတယ် နေ့လည်ပိုင်း လာဖတ်မိလို့ :) မဟုတ်ရင်တော့လား ...:P
အဲလောက် သတ္တိကောင်းတာ...:D
ကောင်းသောနေ့လေး ဖြစ်ပါစေမမ။