14 June, 2009

နှင်းဆီဝါ




လွန်ခဲ့တဲ့ညက ငါ့အိပ်မက်ထဲကို သူမ လာတယ်
အဝါရောင် နှင်းဆီတစ်ပွင့် နဲ့ ခေါင်းအုံးပေါ်မှာ အချစ်စာ တစ်စောင် ချန်ခဲ့တယ်
ကျောက်ထွင်းစာဖတ်ရသလိုမျိုး
တို့တွေက အမြဲတမ်း သူငယ်ချင်းတွေပဲတဲ့။

နှင်းဆီကတော့ နှင်းဆီပဲပေါ့
ဘာကြောင့် အနီရောင် နှင်းဆီက ကျက်သရေရှိတဲ့အချစ်နဲ့ တောက်ပသလဲ
ဘာကြောင့် အဖြူရောင် နှင်းဆီတွေက ကွယ်လွန်သူတို့ဝိညာဉ်ကို အမှတ်ရစေဖို့ဖြစ်သလဲ
ပြီးတော့ ဘာကြောင့်
အဝါရောင် နှင်းဆီက တို့အားလုံးရဲ့ ခင်မင်မှု ရောင်စဉ်တွေကို တောက်ပစေသလဲ။

မီးခိုးရောင် တိမ်တွေကို ဖြတ်ပြီး နေရောင် တောက်ပသလိုမျိုး
ရင်းနှီးခင်မင်မှု ရောင်စဉ်တွေ သူ့ရဲ့ ရွှေရောင်ပွင့်ချပ်ကြားက ထွက်ပေါ်လာရဲ့
အေးခဲတဲ့ နှင်းစက်တွေ သူ့ရဲ့ သိပ်မွေ့ ချောမွတ် ပွင့်လွှာပေါ် ကျဆင်းသလို
ဝမ်းနည်းစရာအချိန်မှာ ငါ့ပါးပေါ် မျက်ရည် စီးကျ
သူ့ရဲ့ တည်ရှိမှု ရနံက
ငါ့အသည်းနှလုံးကို ရင်းနှီးနွေးထွေး ချစ်ခြင်းမေတ္တာရနံ နဲ့ ပြည့်နှက်စေရဲ့။

နှင်းဆီဝါ
မင်းဟာ ပြီးပြည့်စုံတဲ့ ဖန်တီးမှုပါပဲ
ဘာကြောင့်
အဝေးတစ်ချိန်မှာ ခြောက်သွေ့ညှိုးနွမ်း သွားရမလဲ
ပွင့်ဖတ်တွေ ကြွေကျသလို အသည်းနှလုံးတစ်ခု ကျိုးပဲ့စေပြီး
အဝါရောင်နှင်းဆီ ညှိုးခြောက်သလို ထာဝရ ခင်မင်ခြင်းသာ ပျောက်ဆုံးသွားမယ်ဆို
ငါအံ့သြမိမှာပဲ။

Jay P Narain ၏ Yellow Rose ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်
12. 6. 2009
10: 20 PM

ခရီးသည် တစ်ယောက်ရဲ့ ခေတ္တနားခိုရာ


နိုင်ငံ့ဝန်ထမ်း ဆိုတော့လည်း တစ်နယ်က တစ်နယ် ပြောင်းရွှေ့ရတာ အဆန်းတော့ မဟုတ်ပါ။ ကိုယ်ကိုယ်တိုင်ကလည်း မရောက်ဖူးတဲ့ အရပ်ကို သွားရတာ ကြိုက်ပါတယ်။ နေရ ထိုင်ရ အဆင်ပြေတာ မပြေတာကတော့ တစ်ပိုင်းပေါ့လေ။ ပုသိမ် ဆိုတော့ နည်းနည်း နီးနေသေးလို့ စိတ်တောင် ဆိုးချင်ပါရဲ့။

မေမေက ရန်ကုန်မှာ အစည်းအဝေး ရှိတာကို လမ်းမကြုံ ကြုံတယ် ဆိုပြီး လိုက်ပို့တယ်လေ။ အဲဒါနဲ့ ဖေဖေ ကလည်း ပါလာရော။ မနက် ၈း၃၀ နေလဝန်း ကားစီးလာတာ ၁၂ မခွဲခင်လောက် ရောက်ပါတယ်။ ကိုယ့် ပစ္စည်းတွေ ချထားပြီးတော့ သူတို့က ရှေ့က တည်းခိုခန်းမှာ တည်းကြပါတယ်။

ကိုယ်ပိုင်တဲ့ နေရာကတော့ စိတ်ကျေနပ်စရာ လုံးဝ မကောင်းပါဘူး။ အိပ်ခန်း တစ်ခန်းတောင် သီးသန့် မရတဲ့ အဖြစ်မျိုးပါ။ အိမ်ခန်း တစ်ခန်းမှာ အိပ်ခန်း နှစ်ခန်းပါပါတယ်။ ထမင်းစားတာ၊ ဟင်းချက်တာ၊ ရေချိုးခန်း၊ အိမ်သာ ကတော့ Share သုံးရမှာပါ။ အိပ်ခန်းတစ်ခန်းကို နှစ်ယောက်နေရတဲ့ အပြင် စားပွဲတစ်လုံး ကုလားထိုင် တစ်လုံး တောင် ကိုယ်ပိုင် မရပါဘူး။ လွတ်လပ်မှု လိုလားတဲ့ ကိုယ့်အတွက်တော့ စိတ်ညစ်စရာပါပဲ။ ဘယ်တတ်နိုင်မလဲလေ... လူဆိုတာ ပျော်ရာမှာ မနေရ တော်ရမှာ နေရမှာပဲ မဟုတ်လား။

အဲဒီညနေကတော့ လိုင်းကားစီးပြီးတော့ သားအမိ သားအဖ သုံးယောက် မြို့ထဲထွက်ခဲ့ပါတယ်။ သူတို့ ပြန်ဖို့ ကားလက်မှတ်လည်း ဝယ်ရဦးမယ်လေ။ ရွှေမုဌောဘုရားကတော့ မြို့လည်မှာပဲမို့ ဝင်ဖူးခဲ့ပါတယ်။ တစ်ခြားနေရာတော့ မရောက်ဖြစ်တော့ပါဘူး။

အောက်ကပုံကတော့ ရွှေမုဌော ဘုရားမှာပါ။ ဘုရားတစ်ခုလုံး ပါချင်တာနဲ့ လူပုံ သိပ်မပေါ်လို့ တင်လိုက်တာ :D

ရုပ်ပွားတော်တွေရဲ့ မျက်နှာတော်တွေကလည်း ကြည်လင်သပ္ပါယ်ပြီး ပြုံးတော်မူနေတဲ့ ပုံတော်တွေချည်းပဲမို့ ကြည်ညိုလွန်းလို့ တင်လိုက်ပါတယ်။ နောက်ဘက်က ကနုတ်ပန်းတွေကလည်း တကယ့်ကို လှပါတယ်။


ကိုယ့်အကြောင်းလေး ကိုယ် ဖြတ်ပြောလိုက်ပါဦးမယ်။ ကိုယ်တို့ အိမ်ခန်းက လေးယောက်သာ စာရင်းရှိပေမယ့် အရင်ကတော့ ၅ ယောက်နေခဲ့တာပါ။ အခုတော့ နေတာက ၆ ယောက်၊ အိပ်တာကတော့ ၄ ယောက်ပါပဲ။ အိမ်ထောင်သည်က သုံးယောက်၊ အဲဒီထဲကမှ ကိုယ်ဝန်ရှိနေတာက နှစ်ယောက်ပါ။ နောက်တစ်ယောက်က ယူတော့မယ့် ဆဲဆဲပဲ ဆိုပါတော့။ နောက်တစ်ယောက်ကတော့ လောလောဆယ် အစီအစဉ် မရှိသေးသူ ထင်ပါရဲ့။ တစ်ယောက်က သူ့အမျိုးသားနဲ့အတူ အိမ်ခန်းငှားနေလို့ ညနေ ပြန်ပါတယ်။ တစ်ယောက်ကလည်း တစ်ခြားအဆောင်ကပါ၊ ဒါပေမယ့် သူ့ကောင်လေးရဲ့ အိမ်ကို သွားသွားအိပ်တာများပါတယ်။ (တစ်မျိုးမထင်ကြပါနဲ့ ယောက္ခမ အဒေါ်ကြီးနဲ့ ကိုရီးယား ကြည့်ဖို့ပါ)။

အားလုံးက သဘောကောင်းကြပါတယ်။ ကိုယ် နဲ့ မတည့်တဲ့သူ ဆိုတာမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ (တကယ်ပြောတာ :D) ကိုယ့် policy က မိတ်ဆွေနည်းရင်နည်းပါစေ ရန်သူ တစ်ယောက်မှ မရှိစေရဘူး ဆိုတာမျိုးပါ။

မနက် မနက်ဆို ၆ နာရီ မထိုးခင်လောက်ကတည်းက ခေါင်းရွက်ဈေးသည်တွေ သွားလာနေကြပါပြီ။ အိမ်ခန်းတွေက လမ်းမကြီး နဲ့နီးတယ်လေ။ လှမ်းခေါ်လိုက်ရင် ရတယ်။ လာနေကြဈေးသည်တွေ ကျတော့ အထဲအထိ လာရောင်းကြတယ်။ ဘုရားပန်း၊ သား ငါး၊ အသီးအရွက် သည် အစုံပါပဲ။ ပဲပြုတ်နံပြားသည်လည်း ပါတယ်။ ညည စောစော မအိပ်ပဲ မနက် မနက် စောစော မထချင်တာ ကိုယ့် အကျင့်ပေမယ့် ဒီမှာတော့ စောစောနိုးနေတတ်တယ်။ အရမ်းနောက်ကျရင်လည်း ချက်စရာ မဝယ်လိုက်ရလို့ စားစရာမရှိ ဖြစ်လိမ့်မယ်လေ။ ပြောသာပြောတာပါ၊ ကိုယ်က ဘာကိုမှ သိပ်ချက်တဲ့လူတော့ မဟုတ်ပါဘူး။ ပုံမှန်ချက်တာဆိုလို့ စနေ၊ တနင်္ဂနွေ လောက်ပါပဲ။ (လူတွေကလည်း နှုတ်ဆက်ရင် အလာပ သလာပ အနေနဲ့ ဘာဟင်းချက်လဲ လို့ မေးကြတာ သိပ်စိတ်ညစ်တာပဲ၊ နေ့တိုင်း ဝယ်စားတယ် ဆိုရင်လည်း မကောင်း။ ကိုယ်က ရုံးဖွင့်ရက်တွေမှာ ချက်ရင်တောင် ဘယ်တော့မှ သားငါး ဆီပြန်တွေ ချက်တဲ့လူ မဟုတ်ဘူး။ အသီးအရွက်နဲ့ တနင်္ဂနွေက ကြော်ထားတဲ့ အသားတို့၊ ပုဇွန်တို့နဲ့ ရောလိုက်ရုံလောက်ပဲ။ ရောတာလည်း တွေ့ရာ ရှိတာနဲ့ ရောတာ... ဟုတ်ဟုတ် မဟုတ်ဟုတ် :D)

နီးနီးနားနားမှာ ထမင်းပေါင်း၊ ထမင်းကြော် အစုံရတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တော့ ရှိပါတယ်။ စားစရာ မရှိရင် သွားသွားစားတယ်။ ရှေ့မှာလည်း သင်္ဘောသီးထောင်း ဘာညာရတဲ့ ဆိုင်တစ်ဆိုင်ရှိတယ်။ စောင့်ရတာတော့ အသေကြာတယ်။ ကင်တင်းကတော့ ကျောင်းသားတွေများလို့ ဟင်းသွားဝယ်ချင်ပေမယ့် မဝယ်ဖြစ်ဘူး။ (တစ်ခါတလေလည်း အိမ်မှာ စားစရာ နေရာ မရှိလို့ ဆိုင်သွားစားရတယ်၊ မီးဖိုချောင်မှာစားရတယ်။ ထမင်းစားတဲ့ နေရာက ဧည့်ခန်းပဲလေ။ လူက ၆ ယောက် နေတာ၊ ဧည့်သည်က လာသေးတယ်။ ကိုယ်က ဖြစ်သလိုဟင်းနဲ့ ဘယ်လို လူတွေကြားထဲ စားမလဲ။)

ဘာပဲဖြစ်ဖြစ် ဒါတွေက စာဖွဲ့စရာ မဟုတ်တဲ့ အသေးအဖွဲတွေပါ။ အနေအထိုင် ကျဉ်းကျပ်တာက လွဲလို့ပေါ့။ ကျဉ်းတာကတော့... ကိုယ်ပိုင်တဲ့ နေရာဆိုလို့ ကုတင် တစ်လုံးပဲ ရှိပါတယ်။ Laptop မှာ စာရိုက်ဖို့တောင် ကုတင်ဘေးက ခုံရှည်မှာ တင်ထားတဲ့ ကိုယ့်သေတ္တာပေါ်မှာ တင်ပြီး ကုတင်ပေါ်က ထိုင်သုံးရတာပါ။ တိတ်ဆိတ်မှုကလည်း အိပ်နေကြတဲ့ အချိန်ကလွဲပြီး လုံးဝ မရှိတာပါ။ လူဆိုတာကတော့ နှစ်ယောက်ပေါင်းမိရင်ကို စကားသံ ထွက်မှာ သဘာဝပဲလေ။ အပြစ်မပြောချင်ပါဘူး။ တစ်ခုပဲ ရှိတာ တစ်ခါတစ်လေ (လာတဲ့ ဧည့်သည် ကျောင်းသူမလေးတွေက အစ) ပက်ပက်စက်စက် တွေ ညစ်ညစ် ညမ်းညမ်းတွေပြောကြတာပါပဲ။ ကိုယ်ကတော့ ဒီလိုမျိုး လုံးဝ မကြိုက်ဘူး။ ကိုယ့်သူငယ်ချင်းတွေလည်း ဒီလောက်အထိ လုံးဝ မပြောတတ်ကြပါဘူး။ (ပြောရရင်တော့ ကိုယ်က ယောင်္ကျားဆန်တဲ့ စိတ်ရှိတာ ကလေး အကြောင်း မိန်းမနဲ့ပတ်သက်တဲ့ အကြောင်းတွေတောင် သိပ်နားထောင်ချင်တာ မဟုတ်ဘူး။ သူတို့က အိမ်ထောင်သည်တွေဆိုတော့လည်း ခက်သားပဲ။)

သူများအတင်းတွေ ရေးနေတာတော့ မဟုတ်ပါဘူး။ ဒီဘလော့ကလည်း ကိုယ့်သူငယ်ချင်းတွေပဲ ဖတ်တာဆိုတော့ သူတို့ကို ပြောပြချင်တာတွေ တစ်ခါတည်း ရေးလိုက်တာပါ။

ပြီးခဲ့တဲ့ အပတ်ကတော့ အဖေ လာလို့ သားအဖ နှစ်ယောက် ရေကြည် ရေနောက် လို့ နာမည်ကြီးတဲ့ ဆုတောင်းပြည့် လေးကျွန်းရန်အောင် ဖောင်တော်ဦး စေတီတော် ကို ဆိုင်ကယ်တစ်စီး ငှားပြီး မိုးတွေ ရွာလိုက် တိတ်လိုက် ဖြစ်နေတဲ့ကြားက သွားခဲ့ပါတယ်။ ဆိုင်ကယ်သမား ပေးလိုက်တဲ့ မိုးကာတစ်ထည်ပဲ ပါလို့ မိုးတွေ ရွှဲရွှဲစို နေပေမယ့် ရောက်အောင်တော့ သွားလိုက်ကြတယ်။ ဒီအရပ်မှာ တစ်လကျော် ကြာခဲ့ပေမယ့် မရောက်ဖြစ်သေးတာနဲ့လေ။ အဖေမှ လိုက်မပို့ရင်လည်း ကိုယ်ကရောက်ဖြစ်မှာ မဟုတ်ဘူး။ ဆိုင်ကယ် ငှားလို့ရပေမယ့် ကိုယ်က မစီးတတ်တော့ ခက်သား။ အောက်ကပုံကို မိုးတွေရွာနေတဲ့ကြားက ထီးဆောင်းပြီး ရိုက်ခဲ့တာပါ။

မောင်တော်ဗြပ္မာဒေဝ မင်းသားရဲ့ကန်က ရေကြည်ကန်ပါ။ အစ်မတော် ဝိဟာရဒေဝီရဲ့ ကန်က ရေနောက်ကန်ပါ။ သမိုင်းကို တော့ စာအုပ်တွေထဲမှာလည်း ပါနေတာပဲ ဆိုတော့ မပြောတော့ပါဘူး။ (တကယ်က မသိတာ ဟီး)။

အပြန်မှာ မိုး ကလည်း နည်းနည်း စဲ နေလို့ မဟာဗောဓိ မင်္ဂလာ စေတီတော်ကို ဝင်ခဲ့ပါတယ်။ ဆင်နှစ်ကောင် ရံထားတဲ့ ရပ်တော်မူ ရုပ်ပွားတော်ကလည်း သပ္ပါယ်လို့ သေချာ ရိုက်လာခဲ့ပါတယ်။

သိင်္ဂါကျော်
11. 6. 2009
3:33 PM
.

13 June, 2009

ပြောင်းလဲတတ်သော အရာ


(၁)

စံ နှင့် နေထွဋ် တို့၏ ချစ်သူသက်တမ်းက ၈နှစ် နီးပါး ရှိခဲ့လေပြီ။ နှစ်ယောက်သားမှာ အလုပ်တွေကိုယ်စီနဲ့မို့ လက်ထပ်ဖို့ကို လောလောဆယ် မစဉ်းစား ထားရသေးပေမယ့် နှစ်ဖက်မိဘတွေလည်း သိနေပြီ။ စံ အိမ်က သိသိချင်းတော့ သမီးကို နှမျောတတ်သော အဖေက သဘောမတူခဲ့ပေမယ့် ဒီလောက် နှစ်ပေါင်းကြာအောင် တွဲခဲ့ကြပြီးမှ အခုတော့လည်း မကန့်ကွက်တော့ပါ။ စံအတွက်တော့ သူတစ်ယောက်သာ စံ တစ်ဘဝလုံး အတွက် လက်တွဲဖော် အဖြစ် ယုံကြည်ခဲ့တာ သူ့ကို စချစ်ကတည်းက ခုချိန်ထိပါ။ စံတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဘယ်သူကမှ မဖျက်ဆီးနိုင်ဘူးလို့လည်း ဘယ်အရာကမှလည်း မပြောင်းလဲစေနိုင်ဘူးလို့ ယုံကြည်ခဲ့မိပါသည်။ ယောင်္ကျားတစ်ယောက်ရဲ့ အချစ်က တစ်ချိန်ချိန်မှာတော့ ပြောင်းလဲသွားနိုင်တဲ့ အရာဆိုတာ ... စံ သိခဲ့ရချိန်မှာတော့...။

(၂)

သူငယ်ချင်း ဘဝက ချစ်သူအဖြစ် ကူးပြောင်းခဲ့ကြသူတွေမို့ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းသိ အစင်းသိ၊ နားလည်မှု ကိုယ်စီ ရှိခဲ့ကြသည်။ စိတ်သဘောထား၊ ဝါသနာဆိုတာကလည်း သိပ်ကြီး ကွဲကွဲလွဲလွဲ မရှိပဲ တူကြသူတွေ။ သူငယ်ချင်းတွေ အားလုံး ဆရာမတွေ အားလုံး လည်း တစ်နေ့တော့ လက်ထပ်ကြမယ့် ခိုင်ခိုင်မြဲမြဲ အတွဲတစ်တွဲပဲ ဆိုတာ သိထားကြသည်။

စံက Master ဘွဲ့မပြီးခင် ဝန်ထမ်း အလုပ်ဝင်ခဲ့သူမို့ ကျောင်းပြီးတော့ နယ်သွားရသည်။ သူကတော့ ရန်ကုန်မှာပဲ ကိုယ်အလုပ်လုပ်ရင်း ကျန်ခဲ့သည်။ နှစ်ယောက်စလုံးပဲ လက်ထပ်ဖို့ စိတ်ကူးမရှိကြသေးပဲ ကိုယ့်အလုပ်ကို လွတ်လပ်စွာ လုပ်ချင်သေးသည်။ တစ်ယောက်ကို တစ်ယောက်လည်း စိတ်မချ မဖြစ်ကြပါ။ စံအတွက်တော့ သူ့ကို အရာအားလုံးထက် ပို ယုံကြည်သူလေ။ သူနှင့် ဖုန်း အဆက်အသွယ်တော့ အမြဲရှိသည်။ စံ နယ်မှာရှိနေတုန်း သူနှစ်ခါလား မသိ လာလည်ဖူးသည်။ လုပ်ဖော်ကိုင်ဖက်တွေ အားလုံးလည်း သိကြသည်။ သူက စံ ဒီ အစိုးရအလုပ်ဝင်လုပ်တာကို သိပ်တော့ကြိုက်ပုံ မရပေမယ့် ဘာမှတော့ မကန့်ကွက်ခဲ့ပါ။ လက်ထပ်ဖို့ကို ဘယ်သူကမှ စမပြောဖြစ်။ သူကလည်း သူဘဝသူ ရပ်တည်နိုင်အောင် ပိုက်ဆံရှာပြီးမှ လက်ထပ်ချင်သည်။ စံဘက်ကလည်း ဖေဖေက သိပ်သဘောမတူတော့ မလောချင်သေး။

ဒီလိုနဲ့ပဲ စံက ဘွဲ့လွန်သင်တန်း ထပ်တက်ဖို့ ပါသွားသည်။ စံ သဘောနဲ့တော့ သိပ်မတက်ချင်ပေမယ့် ဖေဖေ နဲ့ မေမေ က တက်စေချင်တော့လည်း တက်ဖြစ်ခဲ့သည်။ ရန်ကုန်မှာဆိုတော့ သူနဲ့ လည်း အမြဲတမ်း တွေ့ရမယ်လေ ဆိုပြီး စံက တက်ဖို့ ဆုံးဖြတ်ခဲ့သည်။ တကယ်လည်း သူနဲ့ ပိတ်ရက်တိုင်း တွေ့ဖြစ်သည်။ တစ်ခါတစ်လေ လည်း သူက ညနေဘက် စံ အဆောင်ကို လာပြီး နှစ်ယောက်သား အပြင်ထွက် လမ်းလျှောက်ကြသည်။

သူက လက်ထပ်ကြဖို့ စဉ်းစားလာချိန်မှာ စံက သင်တန်း မပြီးပဲ လက်ထပ်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်နေသည်။ နှစ်ဖက်စလုံးကတော့ စံတို့ သဘောပါ။ ဘယ်သူမှ ကန့်ကွက်မယ့်သူ မရှိ။ စံ သင်တန်းပြီးဖို့က သုံးနှစ်လောက် စောင့်ရမည်။ သူစောင့်မှာပဲ ဆိုတာ စံယုံကြည်သည်။ စံ စိတ်ထဲ ဘာမှ မစိုးရိမ်မိခဲ့။ စနေ တနင်္ဂနွေ အပတ်တိုင်း သူ့ဆီသွားသည်။ သူ့ဆီက ဝတ္တုစာအုပ်တွေ ယူလာပြီးဖတ်သည်။ သူ့ဆီမှာ အခွေအတူတူ ကြည့်ကြသည်။ တစ်ခါတစ်လေလည်း ရန်ဖြစ်ကြသည်။ စံ စိတ်ကောက်ရင်လည်း သူက သိပ်ချော့တတ်တာ မဟုတ်။ သူပြန်စခေါ်ရင်ပဲ စံက စိတ်ပြေလိုက်ရတာပါပဲ။ စံ အတွက်တော့ အဲဒီလောက်နဲ့လည်း ကျေနပ်သည်။ သူ့အနားမှာ နေရရင်ပဲ စံအတွက် နေပျော်သည်။ သူဘက်က ပြောင်းလဲသွားလိမ့်မည် ဆိုတာ အိပ်မက်ထဲမှာတောင် ထည့်မမက်ဖူးပါ။

(၃)

သူနည်းနည်း ပြောင်းလဲသွားတာကိုတော့ စံ ခံစားမိသလို ရှိသည်။ ဒါပေမယ့် ရိပ်တော့ မရိပ်မိခဲ့။ စံ့ အဆောင်ကို သူအလာကျဲသွားသည်။ စံကတော့ သူ့အခန်းကို အသွားမပျက်ခဲ့ပါ။ တဖြည်းဖြည်းနဲ့ သူက မအားဘူး ဆိုပြီး စံကို မလာနဲ့လို့ ပြောတဲ့ အပတ်တွေရှိလာသည်။ ကိုယ့်မှာလည်း စာလုပ်စရာတွေရှိတာပဲ။ သူက မလာနဲ့ဆိုလည်း မသွားဘူးပေါ့။ နည်းနည်းလေးမှ မရိပ်မိခဲ့တာ စံအမှားပဲလား။

ဟိုတစ်ဘက်ကိုလည်း စံက အတော်လေး အံ့သြမိသည်။ သူ့ အခန်း အနီးအနား က မုန့်ဆိုင်တွေ၊ စတိုးဆိုင်တွေ အားလုံးကို နှစ်ယောက်သား သွားဖူးတာ ခြေရာအထပ်ထပ်တောင် ကျန်နိုင်သည်။ အဲဒီ တစ်ယောက်က စံတို့နှစ်ယောက် အကြောင်းကို မသိပဲနေမှာ မဟုတ်ပါ။ စံတောင် သူမ အကြောင်းသိသေးသည်။ ၇ တန်းတောင် မအောင်ခဲ့ပဲ ဆွေမျိုးနီးစပ် စတိုးဆိုင်ဖွင့်ထားသော ဤအိမ်မှာ အရောင်းအကူ လာလုပ်နေသူဖြစ်သည်။ သူမ မိသားစုကလည်း မောင်နှမတွေ များပြီး သူမကို တာဝန်မယူနိုင်သဖြင့် ကိုယ့်ဟာကို ရပ်တည်ဖို့ ကြိုးစားနေရသူဖြစ်သည်။ သူက ပြောပြလို့ စံသိရတာပါ။ ဒါတောင် စံက သူ့ကို သံသယ မဖြစ်မိသေး။ ဝယ်နေကြဆိုင်က အရောင်းစာရေးမနဲ့ အလာပသလာပ ပြောရင်း သိတယ်ပဲ ထင်သည်။ သူ့လို ပညာတတ် ရည်မှန်းချက်ကြီးသူ တစ်ယောက်ကို ဒီလို အဆင့်က မိန်းကလေး တစ်ယောက်နဲ့ ဘယ်သူကရော ထင်မိမှာလဲ။

သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်း သိရှိရိပ်မိသူတွေ၊ လမ်းမှာ သူတို့နှစ်ယောက်ကိုတွေ့ကြသူတွေက စံ့ကို ခဏ ခဏ ပြောကြသည်။ စံက မယုံကြည်နိုင်။ အဲဒီ တစ်ယောက်လို့လည်း လုံးဝ မထင်မိ။ တစ်ခြားတစ်ယောက်ယောက်နဲ့ ရိုးရိုးသားသားလို့ပဲ ထင်မိသည်။ သူ့ကို မယုံကြည်ဘူး ထင်မှာစိုးလို့ ဖွင့်လည်း မမေးခဲ့။ စံတို့ နှစ်ယောက်ကြား ဒါမျိုး တစ်ခါမှ မရှိဘူးခဲ့တော့ ဘယ်လိုပြောရမှန်းမသိပါ။ တကယ်တော့ စံက သူ့ကို မျက်စိမှိတ် ယုံကြည်မိတာပါ။

သူများတွေကလည်း ပြောလွန်းမက ပြောလာ၊ စံကိုယ်တိုင်လည်း တစ်ခါ နှစ်ခါ တွေ့ အပြီးမှာတော့ သူ့ကို ဖွင့်မေးရတော့သည်။ သူက အေးအေးဆေးဆေးပဲ ဝန်ခံသည်။ ဟုတ်တယ် နင့်ကို စိတ်ပျက်နေပြီတဲ့။ အဲဒီ အရင်ကလည်း တစ်ခါ နှစ်ခါ ပြောဖူးသည်။ စံကို စိတ်ကုန်နေပြီ၊ မချစ်ချင်တော့ဘူး၊ စံက ကိုယ့်အတ္တကို အရမ်းဦးစားပေးတယ်တဲ့။ စံ့ကို စိတ်ကုန်ရအောင် စံက သူ့အပေါ် ဘာတွေများလုပ်မိလို့လဲ။ စံက စံအလုပ်၊ စံ ပညာရေးကိုပဲ စိတ်ဝင်စားကာ သူ့ကိုတော့ ဒုတိယနေရာမှာပဲ ထားတယ် လို့ စကားနာလည်း ထိုးဖူးသည်။ ဒါပေမယ့် ဒါတွေက ဒီလိုပဲ တစ်ယောက်ယောက်နဲ့ တစ်ယောက် ပြောကြတာပဲ လို့ စံ စိတ်ထဲ ဘာမှ မထားခဲ့မိ။ သူက ဒါကို တကယ်ကို ခံစားချက်နဲ့ ပြောခဲ့တာပေါ့။ တော်တော် အံသြစရာကောင်းပါလား။

စနေနေ့မှာ ပထမဆုံးသိလို့ အကြီးအကျယ် စကားများပြီးနောက် တနင်္ဂနွေ နေ့တော့ သူ့ဆီ မသွားတော့။
သူ ဖောက်ပြန်မှန်းသိပေမယ့် စံစိတ်ထဲတော့ သူ့ကို မပြတ်နိုင်သေး။ အဲဒီ တစ်ယောက်ကို သူ အပျော်တွဲတာပဲလို့ ထင်သည်။ တစ်နေ့တော့ စံနဲ့ပဲ လက်တွဲဖြစ်မှာပါပဲ လို့ တစ်ထစ်ချ ယုံကြည်နေတုန်းပါ။ နောက်တစ်ပတ် ပိတ်ရက် ရောက်ကာနီးတော့ သူကဖုန်းဆက်သည်။ တောင်းပန်တာတော့လည်း မဟုတ်။ လာမှာလား ဆိုတော့ စံကလည်း သွားမိပြန်သည်။ ခါတိုင်းလိုပဲ သူ့ကို နှိုးပြီး ရွှေတိဂုံ သွားကြသည်။

(၄)

သူ နောက်တစ်ယောက်နဲ့ တွဲနေမှန်း သိသိကြီးနဲ့ (စံ နဲ့က စနေ၊ တနင်္ဂနွေ ပဲ တွေ့ရတာလေ၊ ဟိုတစ်ယောက်နဲ့တော့ နေ့တိုင်း တွေ့နေနိုင်တာပေါ့) စံ သူ့ကို မဖြတ်နိုင်ပဲ ဆက်တွဲနေမိတာ ပဲ တော်တော် ကြာသည်။ သူငယ်ချင်းတွေကိုလည်း မပြောပါ။ အားလုံးကလည်း သူနဲ့ ဆိုတာသိကြသူချည်းမို့ သူနဲ့ပြတ်ကြရင် ဆိုတာကို မစဉ်းစားရဲ။ စံတစ်ယောက်တည်း ဘယ်လို နေရမလဲ ဆိုတာ မစဉ်းစားရဲ။ ဘယ်သူ့မှလည်း မပြောပြချင်တာမို့ တစ်ယောက်တည်း ကြိတ်ခံစားရသည်။ သူ့အိမ်ကလည်း ဒါကို မသိပဲ စံနဲ့လက်ထပ်ဖို့ကိုပဲ မြန်မြန် ဖြစ်စေချင်နေသည်။ သူက သူ့အိမ်ကို မပြောရဘူးလို့ စံ့ကို တားထားသည်။

တစ်ယောက်တည်း မခံနိုင်တဲ့ အဆုံးမှာ သူငယ်ချင်းတွေကို ဖွင့်ပြောမိတော့ အားလုံးက တစ်ညီတညွတ် တည်းပြောကြတာက ဖြတ်လိုက်တော့ တဲ့။ သူ နဲ့ ကိုယ် နှစ်ယောက်လုံးနဲ့ same batch လည်း ဖြစ်တဲ့ စံ သူငယ်ချင်း အရင်းခေါက်ခေါက်တွေက ပိုဆိုးသည်။ စံ ညီမကိုလည်း ပြောပြမိတော့ သူကလည်း အရမ်းဒေါသထွက်နေသည်။ နေထွဋ်ကို ဖုန်းဆက်ပြီး ရန်တွေ့ကြသည်။ အားလုံးက အရမ်းလည်း အံသြကြသည်။ သူ့လို လူမျိုးက ဒီလို သစ္စာပျက်တဲ့ လုပ်ရပ်ကို လုပ်တယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပါ။ နှစ်ပေါင်းများစွာ ချစ်ခဲ့တဲ့ စံတို့ အချစ်က ဒီလို အလွယ်တကူ ပျက်သွားနိုင်တယ်ဆိုတာ တကယ်အံ့သြစရာ။

သူကိုယ်တိုင်က စံကို ဖြတ်ချင်ပြီ ဆိုမှတော့ နှစ်ယောက်သား ချစ်သူ အဖြစ်က ပြတ်စဲပြီပေါ့။ ဒါပေမယ့် သူငယ်ချင်း အဖြစ်ကတော့ မပြတ်စဲသေး။ တွေ့ရင် ခေါ်သည်။ စကားပြောသည်။ ဒီအကြောင်းကို သင်တန်းမှာ သွားအတူ စားအတူ သူငယ်ချင်းက သိသွားတော့ ခါးခါးသီးသီး ဖြစ်သွားသည်။ “အဓိပ္ပါယ်မရှိတာ ဘာလို့တွေ့ရဦးမှာလဲ၊ ဒီလိုလူမျိုးနဲ့ လုံးဝပတ်သက်စရာ မလိုဘူး၊ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့၊ chat ထဲမှာလည်း ဘလော့ထားလိုက်တော့၊ သစ္စာမရှိတဲ့ လူကို မေ့လိုက်တော့” တဲ့။ သူမလို အသည်းနှလုံး မရှိတဲ့လူ ကတော့ မေ့လိုက်လို့ ပြောနိုင်မှာပေါ့။ ချစ်မှ မချစ်ဖူးပဲ။ ကိုယ်ကတော့ သူဟိုတစ်ယောက်ကို အပျော်တွဲပြီး ရိုးသွားတဲ့ အချိန်မှာ ကိုယ့်ဆီကို ပြန်လာဦးမလားလို့ မျှော်နေမိဆဲ ဆိုတာ ပြောလို့မကောင်းလို့သာ။ စံ့ အမေကို လည်း ပြောမိတော့ မေမေက ဗေဒင်တွေ ဘာတွေပါ မေးပြီး ယတြာတွေ ဘာတွေပါ ခြေထားသေးတယ်။ သူ့အိမ်ကိုလည်း သွားပြောလိုက်တော့ သူ့အိမ်က အဲဒီတစ်ယောက်နဲ့လုံးဝ သဘောမတူပါတဲ့။ သူကတော့ စံ သွားပြောရမလားလို့ အကြီးအကျယ် စိတ်တွေ ဆိုးလို့။

သူနဲ့ စပြတ်တဲ့ နေ့ကစပြီး နှင်းဆီပင်ကလေး တစ်ပင်လည်း စိုက်ထားသေးသည်။ သူနဲ့ပြန်ပြေလည်သွားရင် ဒီအပင်ကလေးကိုပြပြီး သူ့ကိုလွမ်းတိုင်း ဒီအပင်ကလေးကို ဂရုစိုက်ထားလို့ အပွင့်တွေ ဘယ်နှပွင့်ပွင့်ပြီးပြီ ဆိုတာ ပြရမယ်လို့ စံက စိတ်ကူးထားသေးသည်။

စံ မျှော်လင့်သမျှ နောက်ဆုံးရလာတာကတော့ သူ့ဆီက ဖိတ်စာတစ်စောင်ပါ။ သူက တကယ်ပဲ အဲဒီကောင်မလေးနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးပြီ။ Valentine Day မှာမှ လက်ထပ်မှာတဲ့။ အဲဒီဖိတ်စာကို လည်း စံ မယူခဲ့ပါ။ ရင်ထဲမှာ နာတာကို ဘယ်လိုမှ ဖြေသိမ့်ဖို့ မရှိ။ ဘာကြောင့်လဲပဲ အံသြသည်။ အဲဒီတစ်ယောက်က စံ့ထက် ဘာများ ပိုသာလို့ စံတို့ နှစ်ယောက်ရဲ့ နှစ်ပေါင်းများစွာက သံယောဇဉ်ကို ဖြတ်နိုင်ရတာလဲ။ သူ ဆေးများ မိထားသလားတောင် ထင်မိသည်။

တကယ်တော့ ယောင်္ကျားတွေရဲ့ စိတ်က ဒီလိုပဲ ပြောင်းလဲတတ်သည် ထင်သည်။ ပြီးတော့ သူတို့ကို အထင်တကြီးနဲ့ အားကိုး တာကိုမှ လိုချင်သည်လား။ ဘာမှ အသုံးမကျတဲ့သူကို ယူထားမှ သူတို့က ရှေ့က ဦးဆောင်ဦးရွက် ပြုလို့ရမယ်လို့ထင်သလား။ စံကတော့ ဒီလို မိန်းမမျိုး မဟုတ်။ ယောင်္ကျား တစ်ယောက်နှင့် တန်းတူ ရည်တူ ရပ်တည် နိုင်သည့် မိန်းမဖြစ်သည်။ ဒါကိုပဲ သူ မကြိုက်တာလား။ သူ အခုမှ အချစ်စစ် တွေ့သွားတယ်လို့ စံက ထင်ကို မထင်။ ဖြစ်ချင်လည်း ဖြစ်နိုင်တယ်ပေါ့လေ။ ခုမှ အချစ်စစ်ဆိုရင် စံ့ကို ချစ်ခဲ့တဲ့ အချစ်က မစစ်ခဲ့တာလား။ ဒါမှမဟုတ် အချစ်ဆိုတာ အချိန်ကာလ အကန့်အသတ်နဲ့ ပြောင်းလဲတတ်တဲ့ အရာလား။ စံမသိပါ။

(၅)

ကျောက်ရုပ်အသည်းနှလုံးနဲ့ သူငယ်ချင်းကတော့ ပြောသည်။ “ယောင်္ကျားတွေ ဆိုတာ ဒီလိုပါပဲတဲ့။ ကိုနေထွဋ်ကိုတော့ ဒီလိုလူမျိုးထဲ မပါလောက်ဘူးထင်တာ နောက်ဆုံးတော့ ဒီလိုပါပဲလား” တဲ့။ “အဲဒီ မင်္ဂလာဆောင်ကို နင်ကသွားဦးမှာလား” တဲ့။ ဒီ ဖိတ်စာပေးခံရတဲ့ အထိ စံသူနဲ့ တွေ့နေသေးတာကိုပဲ “မတွေ့ပါနဲ့တော့ ဆိုတာကို ဘာလို့သွားတွေ့လဲ” ဆိုပြီး သူငယ်ချင်းက မကျေမနပ်ဖြစ်နေသေးသည်။ သူ့ဆီက ငှားထားတဲ့ စီဒီခွေတွေ၊ စာအုပ်တွေ အားလုံး သွားပြန်ပေးတာပါလို့ ပြောရသည်။

“အချစ်ဆိုတာ အလကားပါပဲ၊ အချိန်ကြာသွားရင် မေ့ပျောက်သွားမှာပါ “ တဲ့ သူငယ်ချင်းကတော့ အားပေးသည်။ သူမကတော့ မချစ်တတ်တဲ့လူပဲ။ စံ ခံစားချက်ကိုများ စာနာပေးမယ် မရှိ။ နောက်တော့ မေ့သွားမှာပါ ဆိုတာပဲ ပြောပြောနေသည်။ စံအတွက်တော့ ဟုတ်နိုင်ပါ့မလား။ ဒီသံယောဇဉ် ဒီအချစ်က အမြစ်တွယ်ခဲ့တာ ကြာပြီ ဆိုတော့ ဘယ်လိုပဲ နှုတ်ပစ်ပေမယ့် ဒဏ်ရာ ဒဏ်ချက်ကတော့ ကျန်နေမှာပါပဲ။

ငယ်သူငယ်ချင်း အရင်းအနှီးကြီး ပြောတာကမှ ပိုဆိုးသေးသည်။ စံကို အိမ်က သဘောတူတဲ့လူနဲ့ မြန်မြန် ယူလိုက်တော့ တဲ့။ တကယ်လို့များ ဟိုအကောင်ရဲ့ အိမ်ထောင်ရေးက ရေရှည် အဆင်မပြေခဲ့ဘူး ဆိုရင် နင်နဲ့ ပြန်ဆက်မှာ စိုးတယ် တဲ့၊ ရက်ရက်စက်စက် ပြောရက်သည်။ စံက ဒီလိုတော့ လုံးဝ အဖြစ်မခံပါ။ သူ့ကိုလည်း စိတ်ကုန်ခဲ့ပါပြီ။ စိတ်ကုန်တာမှ မုန်းတာ နာကျည်းတာထက်ကို ပိုသည်။ စံ အချစ်ကို ပစ်ပယ်ခဲ့တာ၊ စံကို အရှက်ရအောင်လုပ်ခဲ့တာ။ (တစ်ချို့ မေးကြသည်၊ နေထွဋ် လက်ထပ်သွားတာ နင်နဲ့ မဟုတ်ဘူးလား တဲ့၊ စံ ဘယ်လိုမျက်နှာနဲ့ ဒါကို ဖြေရမလဲ၊) ဒါကိုမှ စံက ခွင့်လွှတ်နိုင်ဖို့ဆိုရင် တရားရှင်ဖြစ်မှပဲ ဖြစ်မည်။ စံက တရားရှင်တော့ မဟုတ်သေးပါ။ ခုထိ မမေ့နိုင်သေးပေမယ့်လည်း သူ့ကို တစ်သက်လုံး တသ ပြီး နေသွားဖို့တော့ မရည်ရွယ်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် နှုတ်ပစ်လိုက်တဲ့ အပင်နေရာမှာ အချစ်သစ်ပင် အသစ်တစ်ပင် ပြန်ပေါက်လာဖို့တော့ မျှော်လင့်ပါသေးသည်။


(သူငယ်ချင်းက သူ့အကြောင်းရေးလို့ စိတ်များဆိုးမလားမသိ...)


သိင်္ဂါကျော်

13.6.2009

9:48 AM