04 November, 2009

သူမ



သူမဟာ…
ဘဝဆိုတာ
တည်ငြိမ်နေရင် ပျင်းစရာကောင်းမယ်လို့
ထင်နေတဲ့သူ…။

တစ်နေရာတည်းမှာလည်း
ထိုင်မနေချင်ဘူး။
စိန်ခေါ်မှုတွေမရှိပဲနဲ့လည်း
မနေချင်ခဲ့ဘူး။

အပြောင်းအလဲနဲ့
အသစ်သစ်ကို မျှော်လင့်ခဲ့တဲ့သူမို့
တသမတ်တည်း ဘဝကိုလည်း
မလိုချင်ခဲ့ဘူး။

တစ်ယောက်တည်းလည်း
ပျော်အောင်နေတတ်တဲ့သူမို့
အထီးကျန်မှာ ကြောက်ရွံမှုနဲ့
တစ်စုံတစ်ယောက်ကိုလည်း
ဖမ်းဆွဲမထားချင်ခဲ့ဘူး။

ရှုံးနိမ့်နောက်ချန်တတ်သူမဟုတ်ပေမယ့်လည်း
ထင်ပေါ်တတ်သူလည်း မဟုတ်ပြန်ဘူးဆိုတော့
လက်တွဲချင်သူ မရှိခဲ့တာလည်း
အဆန်းတော့ မဟုတ်ပါဘူး။

အများမယုံကြည်ချင်မယ့်
အိပ်မက်အထူးအဆန်းတွေကို မက်မောတတ်သူ၊
ကိုယ့်ကိုကိုယ်ကလွဲလို့
ဘယ်သူ့ကိုမှ အားမကိုးချင်တဲ့သူ၊
ဘေးပတ်ဝန်းကျင်က
သရုပ်မှန်ပုံပြင်တွေ ဖတ်လို့
အချစ်ကို မယုံကြည်ချင်တဲ့သူ။

စိတ်အားငယ်ပြရမှာလည်းမုန်း
မိန်းမပီသရမှာလည်း မုန်းတဲ့သူမို့
ခရီးရှည်လမ်း အတွက်လည်း
တစ်ယောက်စာ လက်မှတ်တော့
ဖြတ်ပြီးသားပေါ့။

တစ်ခါတစ်ရံတော့လည်း
မမက်ဖူးတဲ့အိပ်မက်ကို
မက်ကြည့်ချင်စိတ်နဲ့
ခရီးဖော်တစ်စုံတစ်ယောက်ကို
စိတ်ကူးနဲ့ ပုံဖော်ကြည့်မိ။

ဘာပဲဖြစ်ဖြစ်လေ
ဘဝဆိုတာတော့
မှန်းဆမရတဲ့
ပုစ္ဆာတစ်ပုဒ်ပါ။

(သိင်္ဂါကျော်)

(ကိုယ့်ခံစားချက် ကိုယ်လည်း ရေးပါဦးလို့ ပြောကြလို့လေ... :D)

01 November, 2009

တောင်လှေကားမြို့တော်မှာ...


ကထိန် သွားရင်းနဲ့ ပြင်ဦးလွင်မှာ လည်ခဲ့တဲ့ ခရီးအတွက် အမှတ်တရလေး တင်လိုက်ပါတယ်။

ပိတ်ချင်းမြောင်လိုဏ်ဂူထဲက ဘုရားတွေပါ။





 
 
 
 
 

လိုဏ်ဂူအပြင်ဘက်က....။



ပွဲကောက် ရေတံခွန်။







ညဘက် မဟာအံထူးကံသာ ဘုရားကြီးကို ဖူးရင်းနဲ့ မီးပုံးပျံပွဲ ကြည့်ခဲ့ပါတယ်။ ကင်မရာကို ညဘက် ရိုက်ဖို့ မပြောင်းတတ်လို့ မီးပုံပျံပုံတွေ ရိုက်တာ မလှခဲ့ပါဘူး။





ပွဲဈေးတန်းလျှောက်လည်ရင်း သူငယ်ချင်းတွေက ရဟတ်စီးခဲ့ကြသေးတယ်။




ဘုံကျောင်း...။




ကန်တော်ကြီးထဲမှာ ဒီအချိန် ပန်းတွေ သိပ်မပွင့်သေးဘူး။ ပန်းပွဲတော်မှာ ထပ်သွားဖို့ မျှော်လင့်ထားတာပဲ။









နန်းမြင့်မျှော်စင် ပေါ်က ရိုက်ထားတဲ့ပုံတွေပါ။





31 October, 2009

တရုတ်မရုပ်ကလေး

 

ချစ်စရာကောင်းတဲ့ ၈နှစ်အရွယ် ကလေးမလေး လဇ် ဟာ သူမရဲ့ မွေးနေ့ လက်ဆောင် အဖြစ် ချစ်စဖွယ် တရုတ်မရုပ်ကလေး တစ်ရုပ်ကို ရခဲ့ပါတယ်။ သူမက အရုပ်ကလေးကို ဆမ် လို့ ခေါ်ခဲ့ပါတယ်။ တစ်နေ့မှာ လဇ် ဟာ သူမရဲ့ အရုပ်ကလေးနဲ့ ကစားနေခဲ့တာ သူ့အမေ လာခေါ်တဲ့ အထိပါပဲ။ လဇ်ဟာ အရုပ်ကလေးကို မြေတိုက်ခန်း (စတိုခန်း) ထဲ ပစ်ထားခဲ့ပြီး အိပ်ရာဝင်ခဲ့ပါတယ်။

ညလည်လောက်မှာ သူမဟာ ထူးဆန်းတဲ့ အသံ တစ်ချို့ကို ကြားခဲ့ရပါတယ်။ သူမကြားခဲ့ရတာကတော့ “တရုတ်မရုပ်ကလေး မြေတိုက်ခန်းထဲက တရုတ်မရုပ်ကလေး လှေကားပေါ်က တရုတ်မရုပ်ကလေး မင်းမိဘတွေ အခန်းထဲက တရုတ်မရုပ်ကလေး…. အခုတော့ သူတို့ သေရှာပေါ့ … ” ။ လဇ်လည်း ပြန်အိပ်ပျော်အောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်ရပါတယ်။

မနက်မိုးလင်းတော့ သူမရဲ့ မိဘတွေ အခန်းကို ပြေးကြည့်တဲ့ အခါမှာ သူတို့ဟာ သေဆုံးနေကြပြီ ဖြစ်ပါတယ်။ သူမ က ငိုနေခဲ့ပြီး သူ့အစ်ကို ကတော့ မိဘတွေရဲ့ အသုဘ အတွက် ပြင်ဆင်နေခဲ့ရပါတယ်။ လဇ် ဟာ အဲဒီနေ့မှာ ဆမ်နဲ့ မကစားတော့ပဲ စောစော စီးစီး အိပ်ရာဝင်ခဲ့ပါတယ်။

ညလည်လောက် ရောက်တော့ အဲဒီ အသံကို ထပ်ကြားရပြန်ပါတယ်။
“တရုတ်မရုပ်ကလေး မြေတိုက်ခန်းထဲက တရုတ်မရုပ်ကလေး လှေကားပေါ်က တရုတ်မရုပ်ကလေး မင်းမိဘတွေ အခန်းထဲက တရုတ်မရုပ်ကလေး၊ မင်းအစ်ကို အခန်းထဲက တရုတ်မရုပ်ကလေး…. အခုတော့ သူ သေရှာပြီ … ”
လဇ်ဟာ ကြက်သီးတွေထပြီး ကြောက်လွန်းလို့ ခိုက်ခိုက်တုန်နေတယ်။ နောက်ထပ် အိပ်ပျော်ဖို့ ခက်ခဲတဲ့ ညတစ်ညပါပဲ။

မနက်မိုးလင်းတော့မှ သူ့ အစ်ကို အခန်းထဲကို ဝင်ကြည့်တော့ သူ သေနေပါပြီ။ သူမဟာ သူမ အခန်းထဲကို ပြန်ဝင်ခဲ့ပြီး အပြင်ကို မထွက်ရဲ တော့ပါဘူး။ ညရောက်လာတော့လည်း  အိပ်ပျော်သွားပါတော့တယ်။

တရားစာရွတ်သံလို အသံကို သူမ ထပ်မံ ကြားရပြန်ပါတယ်။
“တရုတ်မရုပ်ကလေး မြေတိုက်ခန်းထဲက တရုတ်မရုပ်ကလေး လှေကားပေါ်က တရုတ်မရုပ်ကလေး မင်းမိဘတွေ အခန်းထဲက တရုတ်မရုပ်ကလေး၊ မင်းအစ်ကို အခန်းထဲက တရုတ်မရုပ်ကလေး… မင်းအခန်းထဲက တရုတ်မရုပ်ကလေး… ”
သူမ ဟာ အရုပ်ကလေးကို ငေးကြည့်နေမိခဲ့ပါတယ်။
 “အခုတော့ မင်း သေတော့မယ်”

နောက်တစ်နေ့မှာ ရဲတွေက သူမကို တွေ့ခဲ့ကြပါတယ်။ လူသတ်သမားရဲ့ အရိပ်အရောင်ကိုတော့ မတွေ့ခဲ့ကြပါဘူး။ သူတို့ ကြားခဲ့သမျှကတော့ အဝေးက ရယ်သံ သဲ့သဲ့ လောက်ပါပဲ။ ရယ်မောနေတဲ့ ဆံပင် အညိုရောင်၊ မျက်လုံး အညိုရောင်နဲ့ တရုတ်မရုပ်ကလေးကတော့ သူမရဲ့ နောက်ထပ် သားကောင်ကို စောင့်မျှော်နေခဲ့ပါတယ်။

http://www.halloweenishere.com/ghost_stories.html မှ China Doll ကို ပြန်ဆိုပါသည်။

သိင်္ဂါကျော်

ဒီနေ့ Halloween Day မို့ Mask ကလေးတွေ အဆစ်ထည့်ပြီး တင်လိုက်ပါတယ်။



 
 
 
 
 
 

 
 
 
ဒီအတိုင်းတင်ရင် ပုံတွေ မကြည့်မှာစိုးလို့ ... :P