31 May, 2011

တစ်ခုခု



တစ်ခုခုတော့ တစ်ခုခုပေါ့
ဘဝမှာ အရေးပါမှုတစ်ခုတော့ ရှိသင့်ရဲ့
ကိုယ်တိုင် တန်ဖိုးထားတဲ့ အရာမျိုး
အများလည်း လက်ခံတဲ့ အရာမျိုး
ကဲ ပြောတာတော့ ဟုတ်ပါပြီ၊
ဒါကို ဘယ်သူ သတ်မှတ်ပေးမလဲ။

ငါရော.. မင်းရော
အသက်ရှင်သန်ဖို့အတွက်
အလုပ်တော့ လုပ်နေပါရဲ့
မင်းရဲ့ နေရေးထိုင်ရေး
မင်းရဲ့ စားရေးဝတ်ရေး
မင်းရဲ့ မိသားစုအပေါ် တာဝန်ကျေရေး
ဒီအရေးတွေ
အဆင်ပြေနိုင်ရဲ့လား။

ငါရော.. မင်းရော
ပိုက်ဆံ များများရတဲ့
အလုပ်တော့ လုပ်နေပါရဲ့
မင်း တန်ဖိုးထားပြီး ပျော်နေရဲ့လား၊
မင်းရဲ့ ချစ်သောသူတွေနဲ့
ခံစားမှုတွေ မျှဝေဖို့ အချိန်ရှိရဲ့လား၊
မင်းဘဝ နောက်ဆုံးချိန်ထိ
လုပ်နိုင်မယ် သေချာရဲ့လား။

ဝါသနာနဲ့ ပျော်ရွှင်မှုလည်း ရှားပါး
မိသားစုကိုမှ မထောက်နိုင်လောက်တဲ့
မလောက်မငမှုနဲ့
လူရိုသေ ရှင်ရိုသေ ခေါင်းစဉ်တစ်ခုအောက်မှာ
လုပ်နေရုံနဲ့
တစ်ဘဝစာလုံး ကျေနပ်နိုင်ရဲ့လား။

ငါ့ကိုယ်ငါပဲ မေးမေး နေတာပါ
ငါလိုချင်တဲ့ တစ်ခုခုကို
ဘာကြောင့် ရအောင် မလုပ်နိုင်သလဲ
အောင်မြင်ကြီးပွားကြောင်း စာအုပ်တွေလည်း
မရေနိုင်အောင် ဖတ်ပြီးလျှက်နဲ့။
တစ်ခုခုတော့ ရှိနေမှာပါ
ငါ့အတွက် သင့်တော်တယ်လို့
ငါ့စိတ်က သတ်မှတ်ပေးတဲ့အရာ၊
တစ်ချိန်ချိန်မှာ
ဖမ်းဆုပ်နိုင်ရမယ်လို့
ပိုင်းဖြတ်တဲ့ စိတ်တစ်ခုသာ ရှိပါစေပေါ့။
အဲဒီတစ်ခုခုက
မင်းဆီကို ရောက်အောင်လာမှာ အသေချာ။

သိင်္ဂါကျော်



24 May, 2011

နေ့ ရဲ့ ခေါ်သံ



နိုးထတော့လေ
တစ်နေ့တာက မင်းကို ခေါ်နေပြီ
မင်းရဲ့ ဘဝဆီ..
မင်းရဲ့ တာဝန်ဝတ္တရားတွေဆီ..
မင်းရဲ့ ရှင်သန်မှုဆီ..
ဒီထက် ဘာမှ မပိုပါဘူး။

မင်း ကိုယ်ပေါ် ဖုံးလွှမ်းထားတဲ့
ဝမ်းနည်းမှု၊ ညနဲ့ အမှောင်ထု
အဲဒီကြားက တိုးထွက်လာတဲ့ ရေသောက်မြစ်
အရုဏ်ရဲ့ အလင်းကို ငံ့လင့်နေ..။

ထရပ်လိုက်ပါတော့
ရိုးစင်းမှုဆီ တစ်ဖြောင့်တန်းသွားပုံက
သန့်စင်တဲ့ အပျိုစင်ရဲ့ သေးသွယ်တဲ့ ခန္ဓာလို
ဖြစ်စေမယ်။

မင်းရဲ့ သတ္တုလို ခန္ဓာကို စမ်းသပ်လိုက်..
အေးစက်သလား
ပူလောင်သလား...
မင်းရဲ့ သွေးက ပြောလိမ့်မယ်
နှင်းတွေရဲ့ ဆန့်ကျင်ဘက်ဆီ
ဒါမှမဟုတ်
ပြတင်းပေါက်ရဲ့ နောက်ဘက်ဆီ။

မင်း ပါးပြင်ရဲ့ အသွေးအရောင်က
ပြောလိမ့်မယ်။
လူတွေကိုသာ ကြည့်လိုက်ပါ၊
မင်းရဲ့ ပြည့်စုံမှုကို
နောက်တစ်နေ့ထဲ ပေါင်းထည့်တာထက်
ထပ်ပြီး ဘာမှမလို။

မင်းရဲ့ အလုပ်က
မင်းဘဝကို မြင့်မြင့်မားမား ပို့ဆောင်ဖို့
ဒါနဲ့ပဲ ကစား၊
ဒါကိုပဲ အားကြီးကြီးနဲ့ ပစ်လွှတ်လိုက်
တိမ်တွေဆီ ရောက်မယ့် အသံတစ်ခုလိုမျိုးလေ။

ဒါဆိုရင်တော့
တို့ဆီက ထွက်သွားပြီးသား
အလင်းရောင်ကို ပြန်ထုတ်ယူနိုင်မယ်။
ဒါ ကြိုတင်သတ်မှတ်ပြီးသား ကံကြမ္မာပဲ
ရှင်သန် နေထိုင်ဖို့...
ဘာမှ လုပ်စရာမလိုပါဘူး၊
မင်း အလုပ်က မင်းပဲ
ဒါထက် ဘာမှ မပိုပါဘူး။

သိင်္ဂါကျော်

Wake Up. Day calls you by Pedro Salinas (1891-1951)
English translation by Willis Barnstone

20 May, 2011

နှင်းဆီမိုး


မင်း နှင်းဆီတွေကို ချစ်တယ်နော်
ငါလည်း အတူတူပဲ
ငါဆန္ဒပြုမိတယ်...
ကောင်းကင်ကနေ
နှင်းဆီ ခြုံကို လှုပ်ခါ ချလိုက်သလို
နှင်းဆီမိုးတွေ ရွာချစေဖို့...
ဘာကြောင့် မဖြစ်နိုင်ရမှာလဲ...။
အဲဒီနောက်တော့
တောင်ကြား တစ်ခုလုံး
ပန်းရောင် နဲ့ အဖြူရောင်တွေ ဖုံးလွှမ်း
အဲဒီအပေါ် ဖွဖွလေး နင်းလျှောက်..
နှင်းဆီတွေ
ငှက်တောင်မွှေးတွေလို ပေါ့ပေါ့ပါးပါး လွင့်ကျ
ချိုမြမြ မွှေးရနံ့ တွေနဲ့..
တစ်ချိန်တည်းမှာပဲ
အိပ်ပျော်နေသလိုလို...
နိုးနေသလိုလို...
ခံစားမိစေမယ်လေ...။


သိင်္ဂါကျော်

Roses by George Eliot (1819-1880)