တဖြည်းဖြည်းနဲ့ပေါ့
ချစ်ခြင်းတစ်ခုထဲ နစ်ဝင်ခဲ့တာ
လူမသိ သူမသိနဲ့ပဲ
ဆွဲထုတ်မရအောင် မြုပ်ခဲ့ပြီ။
အမှတ်တမဲ့ အဖြစ်တွေတောင် မရှိပါပဲ
သတ်သတ်မှတ်မှတ် အမှတ်ရနေခဲ့တာ
မိနစ်ပေါင်းတောင် သောင်းချီခဲ့ပြီ။
သူ့ရဲ့ ကိုယ့်အပေါ်အသိက
သာမန်ထက် တစ်လက်မတောင် မပိုတာသိသာပါရဲ့
စကားလက်ဆုံတောင်
ပြောပလောက်အောင် မကျခဲ့ဘူးတာ
ကိုယ်ဟာ လူညံ တစ်ယောက်ပါပဲ။
တစ်ခါတလေလည်း
တမင်ဖန်တီးတဲ့ မတော်တဆ ဆုံတွေ့မှုတွေထဲ
သူ့အာရုံက ကိုယ့်ဆီမရှိတဲ့နောက်
တိတ်တဆိတ် ခိုးကြည့်ရုံကလွဲရင်
ကိုယ်ဟာ မာယာများတတ်သူ မဟုတ်ပါကွယ်။
သူဟာ Superstar မဟုတ်ပေမယ့်
ကိုယ့်ရဲ့ မင်းသား ဖြစ်ခဲ့တယ်
မြင်ခွင့်ရရုံနဲ့ ကျေနပ်တဲ့ နေ့တွေထဲ
တစ်ယောက်တည်း ရူးသွပ်မှုမှာ ကျင့်သားရ။
စိတ်ကူးခဲ့မိရုံပါ
သူ့လက်ကို တွဲရင်း လျှောက်မယ့်လမ်းတွေ
ဘယ်လောက် သာယာမယ် ဆိုတာ…။
စိတ်ကူးခဲ့မိရုံပါ
သူ့ရင်ခွင်ထဲ ကိုယ်မှီခိုခွင့်ရှိခဲ့ရင်
ဘယ်လောက် နွေးထွေးမယ် ဆိုတာ…။
စိတ်ကူးခဲ့မိရုံပါ
ဖြေသိမ့် အကြည့်တစ်ချက်လောက်တောင်
မပိုင်ဆိုင်နိုင်တဲ့
အပြင်လောက ကတော့ အေးစက် အထီးကျန်ဆဲ။
တိတ်တဆိတ်ချစ်ခြင်းက
အလွမ်းဖွဲ့ နာကျင်စေတယ် ဆိုလည်းဆို
မပေးလိုတဲ့ ချစ်ခြင်းကိုတော့ စတင်
မမေးလို
တောင်းခံလာသော ချစ်ခြင်းကိုသာ
ကြည်နူးစွာ ပေးအပ်လိုသူပါ။
တစ်သက်လုံးအတွက် သိမ်းထားဖြစ်မယ့်
ချစ်ခြင်းများရှိရာနေရာ
ကိုယ်သာ သိပါစေ..။
သိင်္ဂါကျော်


