21 July, 2012

ရေတံခွန်သို့ တစ်ခေါက်

ရေတံခွန်တွေကို မြင်ရတာကိုက ညစ်ညူးနေတဲ့ စိတ်တွေကိုလည်း ပြေပျောက်စေပါတယ်။ ရေတံခွန် ရှိတဲ့ အရပ်ကို သွားရမှာ ကိုယ် သိပ်သဘောကျတယ်။ ပြင်ဦးလွင်တုန်းက BE fall တို့ ဓါတ်တော်ချိုင့် တို့ သွားရတာကိုလည်း သဘောကျခဲ့တာပါပဲ...။ အဆောင်နားက ရေတံခွန် သေးသေးလေး ဆီကိုတောင် မကြာခဏ သွားခဲ့ကြပါသေးတယ်။ မြန်မာနိုင်ငံက ကျိုင်းတောင်း ရေတံခွန်ကိုလည်း အခွင့်အရေး ရရင် သွားချင်ပါသေးတယ်။ ခုထိတော့ မရောက်ဖူးသေးပါဘူး။ 

လွန်ခဲ့တဲ့ ရက်ကတော့ ဥရောပက နာမည်ကြီး ရေတံခွန်တစ်ခု ဖြစ်တဲ့ Rhine falls ကို သွားခဲ့ပါတယ်။ ကိုယ်ရောက်နိုင်တဲ့ အကွာအဝေးမှာ ရှိနေတာနဲ့ပဲ သွားဖြစ်ခဲ့တာပါ။ Niagara falls နဲ့ စာရင်တော့ သေးသေးလေးပဲ လို့ တစ်ချို့က ပြောကြပေမယ့် Niagara ကိုလည်း မရောက်ဖူးတဲ့ ကိုယ့်အတွက်တော့ ဒီရေတံခွန်ကို မြင်ရတာလည်း တော်တော် သဘောကျခဲ့ပါတယ်။

Zurich မြို့ကနေ Winterthur မြို့ကို ရထားစီး၊ အဲဒီကမှ Schaffhausen Am Rhinefall station ကိုရထား ပြောင်းစီးရပါတယ်။ Rhine falls နဲ့ အနီးဆုံး မှတ်တိုင်ပါ။ တစ်နာရီ နီးနီးလောက် ကြာပါတယ်။

ထုံးစံအတိုင်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်လိုက်ပါတယ်။ Professional မဟုတ်ပေမယ့်လည်း ကိုယ်ရောက်ခဲ့တဲ့ နေရာ အတွက် အမှတ်တရ အနေနဲ့ပါ။ အဲဒီက အပြန်တော့ Zurich (old town) အနီးတဝိုက် လမ်းလျှောက်ရင်း ရိုက်ခဲ့တာလေးတွေလည်း တင်လိုက်ပါတယ်။

























စာများများ မရေးနိုင်သေးလို့ လာလည်တဲ့သူတွေ အတွက် မျက်စိ အေးစရာလေးတွေ တင်လိုက်တာပါ။ :)
သိင်္ဂါကျော်

16 July, 2012

အသုံးမကျသူရဲ့ ကဗျာ


ပန်းနုရောင် တိမ်တွေကို ငေးကြည့်ရင်း
ညနေခင်းတွေ အဓိပ္ပါယ်မဲ့နေတာ ကြာပြီ
ကိုယ့်ကိုယ်ကိုယ် ခိုကိုးရာမဲ့အောင်လည်း မလုပ်ပါဘူး။
မြေကြီးလို မကျင့်ကြံနိုင်တာ တစ်ခုပဲ ပြောစရာ ရှိတယ်။

ကြီးကြီးကျယ်ကျယ် ဆိုရိုးတွေ ဖတ်ဖတ်ပြီး
ကိုယ့်ကိုယ်ကို စိတ်ဓါတ်ခိုင်မာ သယောင်
ဟန်ဆောင်ဖို့ ကြိုးစားရင်း
အတွင်းလှိုက်ပြီး ပြိုလဲနေချိန်တွေလည်း ရှိရဲ့။

နာရီသံတွေ ကြားတယ်
မိုးသံတွေ တိတ်ဆိတ်နေတယ်
ငါ့ကိုယ်ငါ အပြည့်အဝ ယုံကြည်ပါတယ်
တိမ်တွေကို ခိုစီးပြီးလိုက်ပါမသွားနိုင်တာတစ်ခုပဲ။

အများကတော့ ပုံမှန်ပဲလို့ ထင်ချင်ထင်လိမ့်မယ်
အခုထက်ပိုပြီး အသုံးကျသင့်တယ်လို့
ငါ့ကိုယ်ငါ အမြဲတမ်း အားမရဖြစ်နေတုန်းပဲ..။
တကယ်ပါ
ဘယ်နေရာမှာမှ တစ်ဖက်ကမ်းမခပ်ခဲ့ဘူး။

ချစ်ခြင်းတစ်ခု သိမ်းပိုက်ဖို့ကစလို့
ဘဝတစ်ခု ခပ်မြင့်မြင့်မှာဆောက်ဖို့ အဆုံး
ဘာတစ်ခုမှ
မည်မည်ရရ မရှိခဲ့ဘူး..။

မရေရာတဲ့ အိမ်မက်တွေ မက်တတ်ရုံနဲ့
မျှော်လင့်ချက်တစ်ခုက ပီပြင်မလာနိုင်တာလည်း သိရဲ့နဲ့
လက်တွေ့ထဲ ဆင်းမလာတဲ့ အိပ်မက်တွေထဲ
လမ်းလျှောက်ဆဲ။

ဒီလိုပါပဲ
ဘဝလမ်း ဆိုတာ
တစ်ချို့တစ်ချို့ အတွက်
အဆင်သင့် ခင်းပြီးသား ဆိုပေမယ့်
ဘယ်တော့မှ ခင်းမပြီးတော့မယ့် လမ်းတွေကို
လျှောက်သူတွေလည်း
အမြောက်အမြားပါ။

ရေစုန်အတိုင်း အလိုက်သင့်မျှောချင်သူတွေ အတွက်
အဲဒီမြစ်က ခေါ်ဆောင်တဲ့ အတိုင်းပဲ
တစ်နေရာတော့ ရောက်မှာပ။
သီးသန့် ခွဲထွက်ချင်သပဆို
ရေဆန် ကူးခတ်မှ ဖြစ်နိုင်မယ်လေ။

ငါသိပါတယ်၊ ငါသိပါတယ် နဲ့
အဲဒီအသိတွေကပဲ ရူးသွပ်အောင်ပြုစား
ဘယ်တော့မှလဲ ရင့်ကျက်မလာနိုင်တဲ့ စိတ်ကူးတွေနဲ့
အဲဒီမြစ်ထဲ
မြုပ်ချီ ပေါ်ချီ စုန်ဆင်း မျောပါနေဆဲ။

သိင်္ဂါကျော်

06 July, 2012

ချစ်သော အေသီနာ (Athena)

 
သူမက
ဂရိ ရာဇဝင်ထဲက
နတ်ဖုရားမ အေသီနာကို သဘောကျသတဲ့
ဇု (Zeus) နတ်မင်းကတောင် အကြံဥာဏ် တောင်းရတတ်ခဲ့တဲ့
ပညာရှိ သခင်မ ရယ်ပေါ့၊
ဘဝမှာ ဘယ်သောအခါကမှ အချစ်မှာ မကျဆုံးဖူးသူ၊
လက်ထပ်ခြင်း ကိုမပြုဖူးသူ
အပျိုစင် နတ်ဖုရားမ တစ်ပါးပေါ့။

သူမ လောဘတကြီး ရှာဖွေခဲ့တဲ့
ပညာရပ်တွေဟာ
နာမည်နောက်မှာ တပ်ရမယ့်
ဘွဲ့နောက်မြီးတွေ ဖြစ်တာကလွဲပြီး
အဲဒီထက် ပိုအသုံးမကျဘူး လို့ ကျွန်တော် ပြောဖြစ်ရင်
သူမ အမုန်းကို ခံရနိုင်တယ်။

သူမရဲ့ မာနတွေကို
ဘယ်သူ့အပေါ်မှ ဖြန့်ချ မပြပါဘူး
သူမ ကိုယ် သူမ မြှင့်တင်ဖို့အတွက်ပဲ
သိမ်းဆည်းထားတာပါတဲ့
အဲဒါဟာ
ကျွန်တော့်ကိုတော့ အနှောက်အယှက် ဖြစ်စေတယ်။

အေသီနာဟာ စစ်နတ်သမီး တစ်ပါးလည်း ဖြစ်တယ်
ကျွန်တော့်ရဲ့ သူမကတော့
ဘယ်တော့မှ ငြင်းခုန် ရန်ဖြစ်လေ့ မရှိသူပါ။

အပေါ်ယံမှာ
ဘယ်သူနဲ့မှ ပြိုင်မငြင်းပဲ အရှုံးပေးချင် ပေးလိုက်မယ်
အတွင်းထဲမှာတော့
သူမရဲ့ ယုံကြည်မှုက
ခေါင်းမာစွာ ဆက်လက် ရှိနေဆဲ ဖြစ်နိုင်တယ်။

ဘဝမှာ ဘယ်သူ့ကိုမှ မမုန်းဖူးသလို
ဘယ်သူ့ကိုမှ မချစ်ဖူးဘူးလို့
သူမက ပြောတယ်။
သူမက
ဘဝကို နောက်ဆုံးအချိန်ထိ
ကိုယ့်လက်နဲ့ကိုယ် ထုဆစ်ချင်တဲ့သူတဲ့။

အမြဲတမ်း ပြုံးနေတတ်တဲ့
သူမ ရဲ့ အတွင်းစိတ်ထဲက
ကိုယ့်ဘဝကိုယ် မကျေနပ်နိုင်သေးတဲ့
အလိုမကျမှု တစ်ချို့ကို ကျွန်တော် မြင်မိသလိုပဲ။

မျက်မှန်ထူထူအောက်က
ချစ်စရာ တောက်ပတဲ့ မျက်ဝန်းတစ်စုံကို
ကျွန်တော် ချစ်တဲ့ အကြောင်း ပြောတဲ့ အချိန်က
သူမ ပြုံးနေခဲ့တယ်။
ခက်တာက
အချစ်ကို ယုံကြည်လာအောင်
သူမကို ကျွန်တော် သင်မပေးနိုင်တာပဲ။

သူမက
အပျိုစင် နတ်ဖုရားမ အေသီနာကိုမှ
အားကျ သတဲ့လေ။

သိင်္ဂါကျော်