ပန်းနုရောင် တိမ်တွေကို ငေးကြည့်ရင်း
ညနေခင်းတွေ အဓိပ္ပါယ်မဲ့နေတာ ကြာပြီ
ကိုယ့်ကိုယ်ကိုယ် ခိုကိုးရာမဲ့အောင်လည်း မလုပ်ပါဘူး။
မြေကြီးလို မကျင့်ကြံနိုင်တာ တစ်ခုပဲ ပြောစရာ ရှိတယ်။
ကြီးကြီးကျယ်ကျယ် ဆိုရိုးတွေ ဖတ်ဖတ်ပြီး
ကိုယ့်ကိုယ်ကို စိတ်ဓါတ်ခိုင်မာ သယောင်
ဟန်ဆောင်ဖို့ ကြိုးစားရင်း
အတွင်းလှိုက်ပြီး ပြိုလဲနေချိန်တွေလည်း ရှိရဲ့။
နာရီသံတွေ ကြားတယ်
မိုးသံတွေ တိတ်ဆိတ်နေတယ်
ငါ့ကိုယ်ငါ အပြည့်အဝ ယုံကြည်ပါတယ်
တိမ်တွေကို ခိုစီးပြီးလိုက်ပါမသွားနိုင်တာတစ်ခုပဲ။
အများကတော့ ပုံမှန်ပဲလို့ ထင်ချင်ထင်လိမ့်မယ်
အခုထက်ပိုပြီး အသုံးကျသင့်တယ်လို့
ငါ့ကိုယ်ငါ အမြဲတမ်း အားမရဖြစ်နေတုန်းပဲ..။
တကယ်ပါ
ဘယ်နေရာမှာမှ တစ်ဖက်ကမ်းမခပ်ခဲ့ဘူး။
ချစ်ခြင်းတစ်ခု သိမ်းပိုက်ဖို့ကစလို့
ဘဝတစ်ခု ခပ်မြင့်မြင့်မှာဆောက်ဖို့ အဆုံး
ဘာတစ်ခုမှ
မည်မည်ရရ မရှိခဲ့ဘူး..။
မရေရာတဲ့ အိမ်မက်တွေ မက်တတ်ရုံနဲ့
မျှော်လင့်ချက်တစ်ခုက ပီပြင်မလာနိုင်တာလည်း သိရဲ့နဲ့
လက်တွေ့ထဲ ဆင်းမလာတဲ့ အိပ်မက်တွေထဲ
လမ်းလျှောက်ဆဲ။
ဒီလိုပါပဲ
ဘဝလမ်း ဆိုတာ
တစ်ချို့တစ်ချို့ အတွက်
အဆင်သင့် ခင်းပြီးသား ဆိုပေမယ့်
ဘယ်တော့မှ ခင်းမပြီးတော့မယ့် လမ်းတွေကို
လျှောက်သူတွေလည်း
အမြောက်အမြားပါ။
ရေစုန်အတိုင်း အလိုက်သင့်မျှောချင်သူတွေ အတွက်
အဲဒီမြစ်က ခေါ်ဆောင်တဲ့ အတိုင်းပဲ
တစ်နေရာတော့ ရောက်မှာပ။
သီးသန့် ခွဲထွက်ချင်သပဆို
ရေဆန် ကူးခတ်မှ ဖြစ်နိုင်မယ်လေ။
ငါသိပါတယ်၊ ငါသိပါတယ် နဲ့
အဲဒီအသိတွေကပဲ ရူးသွပ်အောင်ပြုစား
ဘယ်တော့မှလဲ ရင့်ကျက်မလာနိုင်တဲ့ စိတ်ကူးတွေနဲ့
အဲဒီမြစ်ထဲ
မြုပ်ချီ ပေါ်ချီ စုန်ဆင်း မျောပါနေဆဲ။
သိင်္ဂါကျော်
15 comments:
ဘဝမှာအဆင်ပြေချောမွေ့သူဆိုတာ မရှိသလောက်ရှားပါတယ် ကျော်ရေ။
မတူတဲ့ခေါင်းစဉ်နဲ့အခက်အခဲပေါင်းများစွာကို ရင်ဆိုင်နေရတာ သက်ရှိသတ္တဝါတိုင်းပါ။
ထိထိမိမိကဗျာတစ်ပုဒ် အားပေးသွားတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အရမ်းကို ကောင်းလွန်းတဲ့ ကဗျာလေးပါပဲ ။
ကဗျာလေးဖတ်သွားပါတယ်ရှင် မာန်အပြည့်နဲ့ စာသားတွေကြိုက်တယ်..
သည်ကဗျာကို လာဖတ်တာ ဒါက ဒုတိယ တစ်ခေါက်ဆိုပါတော့ဗျာ......။
လိုက်လေဝေးလေ ဆိုတဲ့ ဘ၀ တွေမှာ
စုန်သူလည်းစုန် ဆန် သူလည်း ဆန်
လှိုင်းရိုက်တဲ့နံရံတွေမှာ အမာရွတ်တော့ ကျန်စမြဲပေါ့ အစ်မရာ....။
ကဗျာလေးကအဓိပ္ပာယ်အပြည့်ပဲ
ဘဝမြစ်ထဲမှာ စုန်ချီ ဆန်ချီနဲ့ မြုပ်လိုက်ပေါ်လိုက်ဆိုတာ အမှန်ပါဗျာ
ကျွန်တော်ပြောချင်နေတဲ့ တချို့ အကြောင်းတွေ ကဗျာထဲမှာ လာတွေ့နေရသလိုပဲ ... ပေါ်လွင်တဲ့ အဖွဲ့အနွဲ့ တွေအတွက် ချီးကျူးမိပါတယ် မသိ င်္ဂါ ကျော် ...
ကဗျာရဲ. နောက်ဆုံးအပိုဒ်
အရမ်းကြိုက်တယ်။
ကျွန်တော်တို့လည်း ဒီမြစ်ကြီးထဲ မြုပ်ချီ ပေါ်ချီ....
ဒီလိုပါပဲ.
ဘဝလမ်းဆိုတာ
တစ်ချို့တစ်ချို့အတွက် ခင်ပြီးသားဆိုပေမယ့်
ဘယ်တော့မှ ခင်းမပြီးမယ့် လမ်းတွေကို
လျှောက်သူတွေလည်း အမြောက်အမြားပါ.
ညီမလေးလည်း အဲ့လိုပဲ ထင်ပါရဲ့ မမရေ..
နောက်ဆုံးအပိုဒ်ကို ပိုကြိုက်တယ်
ကိုယ့်အဖြစ်နဲ့ တူနေလို့  ဒီကဗျာလေး ကြိုက်တယ်..
တိုက်ဆိုင်လိုက်တာဗျာ့
ကြိုက်တယ်ကဗျာလေးက
အားပေးသွားတယ်နော်
ခင်မင်သောဗလာရင်ခွင့်
ပေးထားတဲ့ ကဗျာခေါင်းစဉ်နဲ့ ကဗျာ က အရမ်းလိုက်ပါတယ် ဖွဲ့ထားတာလေးတွေက အတွေးတိုပါတယ် အဖွဲ့ခံဆီ အမြန်ရောက်တယ် ပေါ့ဗျာ ကဗျာက ခေတ်စမ်းဘက် နည်းနည်း ဆန်ပေမဲ့ စကားစုလေးတွေက အရမ်းကောင်းပါတယ် လူငယ်တစ်ယောက်ရဲ့ အထီးကျန်မှု့တွေ လမ်းစပျောက်နေတာတွေ အတိတ်တွေရော နောက်ဆုံးလက်တွေ့ ဘ၀တွေပါ ပါပါတယ် ကျွန်တော့အထင်ပြောရရင် ဒီကဗျာရဲ့ ဖြစ်တည်မှု့က တစ်ထိုင်တည်း ရေးခဲ့တယ် ဆိုရင်တောင် အကြောင်းအရတွေက တေးထားတဲ့ အရာတွေဖြစ်နိုင်ပါတယ် တစ်ချို့ဟာလေးတွေတော့ ကျွန်တော်မမှီလို့ တွေးမရတာလေးတွေတော့ရှိတယ် " မြေကြီးလို မကျင်ကြံနိုင်တာ တစ်ခုပဲ ပြောစရာရှိတယ် " " တိမ်တွေကို ခိုစီးပြီး လိုက်ပါမသွားနိုင်တာ တစ်ခုပဲ " ဘာပဲပြောပြောကဗျာက အရမ်းကောင်းပါတယ် ကျွန်တော်လည်း ဒါမျိုးလေးတွေရေးတက်ပါတယ် ။ မှတ်ချက် ။ ။ ဝေဖန်သွားသည် မဟုတ်ပါ အားပေးသွားခြင်းဖြစ်ပါသည် ။
အရမ်းကောင်းတယ်
သိပ်ကောင်းတဲ့ကဗျာလေးပါ။အရမ်းသဘောကျတယ်။လူ့ဘ၀ရဲ့ အတွေ့အကြုံတွေလေ။နောက်ထပ်ရေးပါဦး။အားပေးပါတယ်။
Post a Comment