နွေသည် မကြေငြာပဲနှင့် စောစီးစွာ ရောက်ရှိလာသည်။ မိုးကလည်း ဒီဒေသအတွက်
ဖြစ်တောင့်ဖြစ်ခဲ ခေါင်နေသလိုပင်။
လေတစ်ချက် အဝှေ့ကလည်း ခါတိုင်းကဲ့သို့ မအေးမြစေနိုင်ပါ။ ပန်းအိ အတွက်တော့ ဒီနွေက ပို၍ ပူလောင် နေသလိုပင်။ လမ်းနံဘေးက သစ်ရွက်အချင်းချင်း ရိုက်ခတ်သံကပင် ပန်းအိကို လှောင်ရယ်နေသံလို ခံစားရသည်။ ပတ်ဝန်းကျင်မှာ ပန်းအိဟာ အချစ်ရူးမလေး ဖြစ်နေလေပြီလား။ ဘာကိုမှ ပြန်မတွေးချင်တော့ပါ။ ခုနေမှာ အတိတ်မေ့ရောဂါ ဖြစ်ဖို့ ပန်းအိ အထူးလိုလားနေသည်။ ပန်းအိ ဘဝထဲက သူ့ကို ချစ်မိသော အချိန်များကို ဖဲ့ထုတ်လို့ ရမည်ဆိုလျှင် ထုတ်ပစ်လိုက်ချင်သည်။ သူနှင့် ဘယ်တုန်းကမှ မတွေ့ ခဲ့ရလျှင် ဘယ်လောက်များ ကောင်းလိုက်မလဲ။
လေတစ်ချက် အဝှေ့ကလည်း ခါတိုင်းကဲ့သို့ မအေးမြစေနိုင်ပါ။ ပန်းအိ အတွက်တော့ ဒီနွေက ပို၍ ပူလောင် နေသလိုပင်။ လမ်းနံဘေးက သစ်ရွက်အချင်းချင်း ရိုက်ခတ်သံကပင် ပန်းအိကို လှောင်ရယ်နေသံလို ခံစားရသည်။ ပတ်ဝန်းကျင်မှာ ပန်းအိဟာ အချစ်ရူးမလေး ဖြစ်နေလေပြီလား။ ဘာကိုမှ ပြန်မတွေးချင်တော့ပါ။ ခုနေမှာ အတိတ်မေ့ရောဂါ ဖြစ်ဖို့ ပန်းအိ အထူးလိုလားနေသည်။ ပန်းအိ ဘဝထဲက သူ့ကို ချစ်မိသော အချိန်များကို ဖဲ့ထုတ်လို့ ရမည်ဆိုလျှင် ထုတ်ပစ်လိုက်ချင်သည်။ သူနှင့် ဘယ်တုန်းကမှ မတွေ့ ခဲ့ရလျှင် ဘယ်လောက်များ ကောင်းလိုက်မလဲ။
*****
ပန်းအိ အလုပ်စဝင်သည့် သင်တန်းကျောင်းမှာ သူက သင်တန်းသား တစ်ယောက်ဖြစ်ခဲ့သည်။
ပန်းအိက သူတို့ အခန်းကို သင်သည့် သင်တန်းဆရာမ၊ သူက တပည့် တစ်ယောက် ပုံစံနှင့် စတင်
ပတ်သက်ခဲ့ရခြင်း ဖြစ်သည်။ ပန်းအိကလည်း အသက်ငယ်ငယ် အလုပ်ဝင်စ instructor မလေး တစ်ယောက်
အနေနဲ့ သင်တန်းသားများ စကြ နောက်ကြမှာ စိုးပြီး နည်းနည်းတော့ ခပ်တည်တည် လုပ်ထားရပါသည်။
ကျောင်းသားတွေနှင့်လည်း အရောတဝင် မရှိခဲ့ပါ။ ပန်းအိက ကျောင်းတုန်းကတည်းကပင် အများက
စာကြမ်းပိုး ခေါ်ကြသည့် သူမျိုးထဲ တစ်ယောက် အပါအဝင် ဖြစ်ကာ အတန်းထဲက ယောက်ျားလေးများနှင့်လည်း
မခင်မင်ခဲ့ပါ။ ကိုယ့်တပည့် ဖြစ်နေသူ များနှင့်တော့ ပို၍ပင် မခင်မင်လွယ်သူ ဖြစ်သည်။
သင်တန်း အခန်းထဲက ယောက်ျားလေးများထဲမှာ သူ့ကိုတော့ စောစီးစွာပင် ပန်းအိက
သတိထားမိခဲ့သည်။ ယောက်ျားလေး တန်မဲ့ သပ်ရပ် သန့်ရှင်း အလှကြိုက်တတ်ပုံရသော သူ့ပုံစံကို
ပန်းအိက အမြင်ကပ်ကပ်နှင့်ပင် မကြာခဏ လိုက်ကြည့်နေမိခဲ့သည်။ ဘယ်တော့မှလည်း အလှမပြင်တတ်၊
ယူနီဖောင်း ဖြစ်လျှင် ပြီးရော အလွယ်ဝတ်တတ်သူ ပန်းအိဟာ အင်္ကျီပုံစံ လှတပတ ဆိုတာမျိုး
ဘယ်တော့မှ မစဉ်းစားသလို၊ ဆံပင်ကိုလည်း ဖြစ်သလို စည်းနှောင်၊ နှုတ်ခမ်းမှာလည်း နှုတ်ခမ်းနီတောင်
မတင်တတ်သူ ဖြစ်သည်။ သူကတော့ ယောက်ျားတန်မဲ့ သူ့ ဆံပင်လေးကို သကာ သကာ၊ ပုဆိုးတို့
၊ ဂျင်းဘောင်းဘီတို့ ဆိုတာကလည်း မီးပူ ခေါက်ရိုးမကျိုးအောင်
တောက်ပ၊ အင်္ကျီလေးတွေကလည်း သပ်ရပ်ဖြူစင်ကာ ယောက်ျားအင်္ကျီ တန်မဲ့ ဒီဇိုင်းတောင် ဆန်းသေးသည်။
ပန်းအိ တို့က လမ်းဘေးက ဗွက်အိုင် ခပ်သေးသေး တွေ့လျှင် လွှားခနဲ ခုန်ကျော်နေကျ ဖြစ်လျှက်
သူကတော့ ပုဆိုးလေးမကာ ကွေ့ပတ်သွားသတဲ့။ စာသင်တဲ့ အလုပ် စလုပ်ကတည်းက အသံကို ခပ်ကျယ်ကျယ်
ပြောတတ်သွားသော ပန်းအိ အတွက် သူက စာမေးလျှင် ညင်ညင်သာသာ ခပ်တိုးတိုး မေးတတ်တာကို
အမြင်ကပ်၍ မဆုံး ဖြစ်ခဲ့သည်။ အဲသလိုနှင့်ပဲ သူသည် ပန်းအိ စိတ်ထဲသို့ မသိမသာ ရောက်လာခဲ့တာ ဖြစ်သည်။
တဖြည်းဖြည်းနှင့် သူတို့ အဖွဲ့ တွေနှင့် နည်းနည်းခင်လာသည်။ သို့ပေမယ့်
ပန်းအိ တို့ စိတ်ထဲ ဘာမှ ထူးထူးခြားခြား မရှိခဲ့တာ သေချာပါသည်။ ပန်းအိကလည်း ကိုယ့်ထက်
၈ နှစ်ကျော်လောက် ငယ်မည့် ကလေးတွေကို ကိုယ့်မောင်လေးတွေလို သဘောထားပြီး ခင်မင်မိတာက
လွဲလျှင် တစ်ခြား ဘာမှ မတွေးဖြစ်ခဲ့ပါ။ အဲလိုနှင့်ပဲ အချိန်တွေ ကုန်သွားသည်။ သူတို့
သင်တန်း ကာလ ပြီးဆုံးသွားသည်။ ပန်းအိလည်း အခြားမြို့ သင်တန်းတစ်ခုသို့ ပြောင်းရွှေ့ ရသည်။ သူနှင့် ပတ်သက်သော အမှတ်တရများက
သာမန်လောက်သာ ဖြစ်မည် ထင်ခဲ့သော်လည်း မကြာခဏ သူပုံစံကို ပြန်မြင်ယောင်မိပြီး သူငယ်ချင်းများကိုပါ
ပြောပြမိခဲ့သေးသည်။ ပန်းအိဘဝထဲတွင် သူ ထပ်မံ လာရောက် ပတ်သက်မည်ကို မသိသေးသော်လည်း
ပန်းအိက သူ့ကို အမှန်တကယ် သတိတရ ရှိနေဖြစ်ခဲ့သည်။
နောက်တော့ သူနှင့် online မှာ ပြန်တွေ့ ဖြစ်ကြသည်။ သူကလည်း အလုပ်ရှာရင်း
မကြာခဏ internet သုံးဖြစ်နေသလို ပန်းအိကလည်း နေ့ရော ညပါ internet သုံးဖြစ်နေချိန်တွေမို့
chat ထဲမှာ စကားပြောဖြစ်ကြသည်။ အစကတော့ ရိုးရိုးပါပဲ… နှုတ်ဆက်သည်၊ အလ္လာပ သလ္လာပ ပြောကြသည်။
Internet အချိန်ပြည့် သုံးသူတို့ရဲ့ ထုံးစံအတိုင်း
ပန်းအိမှာ တခြား online က ခင်မင်သော သူငယ်ချင်း များလည်း ရှိပါသည်။ သို့ပေမယ့် သူနှင့်
စကားပြောရတာ ကတော့ သူများနှင့် မတူအောင် ပန်းအိကို ပျော်ရွှင်စေသည်။ ပန်းအိကို သူ
သဘောကျလိမ့်မည် လို့တော့ မထင်ရေးချ မထင်ခဲ့တာ အမှန်ပါ။ ပန်းအိက သူ့ထက် အသက် ၈နှစ်
ကျော် ကြီးသည်။ ပြီးတော့လည်း မိန်းမချောလေး ပြောရလောက်အောင် မဟုတ်သည့် သာမန် ရွက်ကြမ်းရေကျို
မိန်းကလေး တစ်ယောက်။ သူက အများအမြင်မှာကို သိသာစေသည့် ကောင်ချောကလေး မဟုတ်လား။
သူ online မလာလျှင် ပန်းအိ မျှော်ရသည်။ မပြောသွားပဲ အကြာကြီး ပျောက်နေလျှင်
ပန်းအိ စိတ်ကောက်ချင်သည်။ ပန်းအိ ရစ်သမျှကို သူက စိတ်ရှည် သည်းခံသည်။ သူ့ မှာ ခုထိ
ချစ်သူ မိန်းကလေး မရှိသေး ဆိုတာကိုလည်း ပန်းအိက အလွယ်တကူ ယုံခဲ့ပြီး သူ့ကို ပိုင်ဆိုင်သူ
မရှိသေးသည့် အဖြစ်ကို သဘောတကျ ရှိခဲ့သည်။ ခုတော့ ဆရာ တပည့် လည်း မဟုတ်တော့ပြီမို့ သူနှင့် ပန်းအိက အများတကာလို online က သူငယ်ချင်းတွေ
ပုံစံ ဖြစ်လာသည်။ စကားဆိုတာကလည်း ပြောပါများတော့ နယ်ကျွံချင်သည်။ ဒီလိုနဲ့ပဲ…။
သူက စသလို နောက်သလို ချစ်စကား ပြောသည်ကို ပန်းအိက စိတ်မဆိုးမိခဲ့ပါ။
တကယ်တမ်းတော့ ပန်းအိ နှလုံးသားက သူ့ကို စကတည်းကပဲ တိတ်တခိုး မျှော်လင့်ခဲ့မိသည်
မဟုတ်လား။ ပန်းအိ အိပ်မက်ထဲက မင်းသားက သူ ဖြစ်နေခဲ့တာ ဘယ်အချိန်ကတည်းက မှန်းတောင်
မသိလိုက်ပါ။ တစ်ခါမှ မချစ်ဖူးသေးသည့် ပန်းအိ အတွက်တော့ အချစ်သည် မူးယစ် ရူးသွပ်စေသော
အရာ အမှန်တကယ် ဖြစ်၏။ သူ့ကို သိပ်ကြီး အချိန်ဆွဲ မစဉ်းစားပဲ အဖြေပြန်ပေးခဲ့တာကို
သူ အထင်သေးမလား လည်း မတွေးဖြစ်ခဲ့ပါ။ သူ ပန်းအိကို ချစ်ခြင်းသည် ဘုရားပေးသော လက်ဆောင်ဟု
သဘောထားမိသည်။ သူ့ ချစ်ခြင်း အပေါ် သံသယ တစ်စုံတရာ မဝင်မိခဲ့လောက်အောင် သူက အပြောကောင်းသူ
ဖြစ်ခဲ့သည်။ အပြင်မှာ တုန်းကတော့ သူ့ကို ပန်းအိက စကားသိပ်မပြောသည့် လူအေးကလေး လို့တောင်
ထင်ခဲ့ဖူးသေးသည်။
တကယ်တော့လည်း သူက ပင်ပင်ပန်းပန်း မခူးဆွတ် လိုက်ရပဲ သူလက်လှမ်းရုံနှင့်
အလိုက်သင့် ကြွေကျ ပေးခဲ့သော ပန်းတစ်ပွင့်မှာ ပန်းအိသာ ဖြစ်မည် ထင်၏။ ဘာပဲဖြစ်စေ သူ့ကို
ချစ်ရသော အဖြစ်မှာ ပန်းအိ အတွက် ချိုမြိန်သော ပျော်ရွှင်စရာများသာ ပြည့်နေခဲ့သည်။
*****
ချစ်သူ ဖြစ်ကြပြီးမှ ပထမဆုံး အကြိမ် သူက လာတွေ့မည် ဆိုသောအခါ ပန်းအိ
သဲသဲလှုပ်ခြင်းကို သူငယ်ချင်းများပါ သိလောက်အောင် ဣနြေ္ဒပျက်ဖူးသည်။ ပန်းအိ စိတ်ထဲက
စိုးရိမ်မှု တစ်ခုက သူနှင့် ပန်းအိ တွဲသွားကြလျှင် လိုက်ဖက်မညီဟု အများက ထင်ကြမှာကိုပင်
ဖြစ်သည်။ သူ့ မျက်စိထဲမှာလည်း ပန်းအိ လှနေချင်သည်။ တစ်ယောက်ယောက်ကို ချစ်မိသွားသော
မိန်းကလေးတိုင်း ဒီလိုပဲလား မသိပါ။ သူက ယောက်ျားလေး တန်မဲ့ ခပ်ပိန်ပိန်လေးမို့ သာမန်ကိုယ်လုံးလောက်မျှ ရှိသော ပန်းအိကလည်း သူနဲ့
တွဲသွားလျှင် ကိုယ်က ပိုဝနေသည်ဟု ထင်ကြမှာ စိုးသည်မို့ ညနေစာ မစားသော diet တွေလည်း တော်တော် ကြိုးကြိုးစားစား
လုပ်လိုက်ရသည်။ သူသည် ပန်းအိ အတွက် အရာရာ ဖြစ်ခဲ့သည်။
နှစ်ယောက်တွေ့သော အချိန်များက တကယ့်ကို ခဏ ဆိုသော်လည်း ပန်းအိ စိတ်ထဲတော့
တစ်သက်မမေ့နိုင်သော အချိန်များသာ ဖြစ်သည်။ သူနှင့် တွဲရိုက်ဖြစ်ခဲ့သော ဓါတ်ပုံတွေကို
တစ်စိမ့်စိမ့် ပြန်ကြည့်ရင်း ကြည်နူးနေမိသည်မှာ သူငယ်ချင်းများက အမြင်ကပ်ကြသည်အထိပင်။
အဲသလောက်ထိ သူ့ကို ချစ်ခဲ့သည်။ သူက ပန်းအိကို ပန်းအိ ချစ်သလောက် ပြန်ချစ်ရဲ့လား စမ်းချင်လို့ တစ်ခါတလေ ရစ်မိတာကတော့ ချွင်းချက်ပေါ့ကွယ်။ သူများတကာ
ချစ်သူတွေ လုပ်ကြသလို သူ့ဆီက gmail password တောင်းကြည့်မိတော့ သူက လုံးဝ မပေးခဲ့ပါ။
ပန်းအိ ဘယ်လိုပဲ ရစ်ရစ် မပေးခဲ့ပါ။ ပန်းအိ စိတ်ကောက်တာကိုလည်း စကားနဲ့သာ ချော့လျှက်
account password ပေးဖို့ကိုတော့ စကားနဲ့တောင် စမလာခဲ့ပါ။ အဲဒီကတည်းက သူ့ မှာ ပန်းအိကို
မသိစေချင်သော အဆက်အသွယ်များ ရှိနေတာ သေချာနေခဲ့ပါလျှက် နောက်ဆုံးတော့ သူစိတ်ဆိုးမှာကိုပဲ
ပန်းအိက ပြန်ကြောက်ကာ စိတ်ကောက်ပြေလိုက်ရပါလေသည်။ တင်းလွန်းလျှင် ပြတ်မည် စိုးသူက
ပန်းအိပဲ မဟုတ်လား..။
ပန်းအိ အတွက် သူနဲ့ online မှာ တွေ့ရဖို့ ၊ သူနဲ့ ဖုန်းပြောရဖို့ က
အရေးအကြီးဆုံး ပျော်ရွှင်မှု ဖြစ်သလို သူ့ ဘက်ကရော ပန်းအိအပေါ် ဘယ်လောက်ထိ လေးလေးနက်နက်
ချစ်သလဲ သိချင်လှသည်။ သူက ဘယ်လိုပဲ “ပန်းအိကို
တွေ့ မှ အချစ်ကို သိတာပါ..၊ ပန်းအိကို အရင်ကတည်းက ချစ်ခဲ့တာပါ..၊ သူ့ ဘဝမှာ ပန်းအိ
တစ်ယောက်တည်းပဲ ရှိခဲ့တာပါ..” လို့ ပြောစေ.. ပန်းအိ စိတ်ထဲ သူ့ကို ယုံကြည်လိုခြင်းက
တစ်ပိုင်း၊ သူ့ကို စိတ်မချခြင်းက တစ်ပိုင်း.. ဖြစ်နေခဲ့တာ ဘာကြောင့်လဲ မပြောတတ်ပါ။
သူ့ ကို ဆုံးရှုံးရမှာ ကြောက်သော ပန်းအိ ရဲ့
စိတ္တဇပဲ ထင်သည်။
*****
သူက အလုပ်များလို့ အကြောင်းပြပြီး
ပန်းအိဆီ ဖုန်းဆက်ချိန် နည်းလာသည်ကို လွမ်းရလို့ ကောက်ချင်တာက လွဲလျှင် စိတ်ထဲမှာ ဘယ်လိုမှ မထင်ထားခဲ့။
တစ်ညတော့ သူဖုန်းဆက်ချိန်မှာ ပန်းအိက ခါတိုင်းလိုပဲ သူ့ကို ရစ်ဖို့ အတွက် မေးခွန်းတစ်ခု
မေးလိုက်မိသည်။
“နင် ငါ့ကို ဖုန်းဆက်ဖို့တောင် အချိန်မပေးနိုင် တော့ဘူး ဆိုတော့ အသစ်တွေ့နေပြီလား
မောင်”
“ဟုတ်တယ် မ ၊ တွေ့နေပြီ၊ အလုပ်ထဲကပဲလေ”
“မောင် နင် ငါ့ကို အဲလို မနောက်နဲ့ နော်၊ အဲသလို ပြောစရာလား”
“မနောက်ဘူး မ၊ အတည်ပြောနေတာ၊ သူက ကျွန်တော်နဲ့ ရွယ်တူပဲ၊ အလုပ်ထဲက ကောင်မလေး”
“တော်ပြီ မောင်၊ ဘာမှ မပြောနဲ့ ..၊ နင် ငါကလွဲပြီး ဘယ်သူ့ မှ မချစ်ရဘူး၊
တကယ်သာဆို နင့်ကို ငါ သတ်ပစ်မယ် သိလား..”
အဲသည်ညက ပန်းအိ တစ်ညလုံး အိပ်မပျော်ခဲ့ပါ။ သူ နောက်ပြောင်နေတယ် လို့လည်း
ယုံချင်သည်။ တကယ်ဖြစ်နေမှာ ကိုလည်း စိုးရိမ်သည်။ သူသာ ချန်ထားခဲ့လျှင် ပန်းအိ ဘယ်လို
ဖြစ်သွားနိုင်လဲ... သူနှင့် ချစ်မိပြီး ကတည်းက တစ်ခါမှ မတွေးဖူးသော အရာ ဖြစ်သည်။ အို.
ကျေးဇူးပြုပြီး ပန်းအိ ဟာ ချန်ထားခံရသူ မဖြစ်ပါရစေနှင့်။ သူက ပန်းအိ မဟုတ်သော တစ်ခြား
မိန်းကလေး တစ်ယောက်ကို ချစ်နေသည် ဆိုတာကို နောက်ပြောင်သည့် စကား အနေနှင့်ပင် မကြားလိုပါ။
ဘယ်သူ့ကိုမှလည်း ပြောမပြ၊ ဘာမှလည်း မစုံစမ်းရဲပဲ တစ်ပတ်လုံးလုံး ပန်းအိ
အတွေးတွေနှင့် ရူးသွပ်နေခဲ့သည်။ သူကလည်း နောက်ထပ် ဖုန်းမဆက်သေးပါ။ တကယ်ဆို ပန်းအိက
“မ ရေ၊ ဟိုနေ့က ကျွန်တော် နောက်လိုက်တာ တော်တော် စိတ်ဆင်းရဲသွားလား” ဆိုတာမျိုးကို
ကြားချင်မိတာပါ။ ဒါပေမယ့် သူက ဖုန်းဆက်မလာ။ တစ်ပတ်တိတိ ကြာပြီးသည့် အချိန်မှာ မနေနိုင်သည့်
ပန်းအိကပဲ သူ့ဆီ စဆက်လိုက်တော့ သူ့ဘက်က မပြောချင်သလို ပြောချင်သလို၊ ညဘက်ကြီးတောင်
အလုပ်တွေပဲ ရှုပ်နေသလို လုပ်နေသည်။ ဟိုနေ့က ကိစ္စကို ပန်းအိက မေးလည်း ထပ်မေးချင်သည်။
သူ ထပ်ဝန်ခံမှာ ကြောက်လို့ မေးလည်း မမေးရဲသလို ဖြစ်နေသည်။ သူကလည်း ဟိုနေ့က ကိစ္စ
နောက်တာပါလို့ တစ်ခွန်းမှ မပြောပါ။ ဖုန်းချကာနီးမှာတော့ သူက စကားတစ်ခွန်း ပြောသွားသည်။
“မရေ.. နောက်ဆို မ ဆီ ကျွန်တော် ဖုန်းမဆက်တော့ဘူး၊ ကျွန်တော့် ကောင်မလေးက
မကြိုက်တော့ဘူးလေ၊ ဒါပဲနော်” တဲ့။
အဲဒီတော့မှပဲ ပန်းအိ သည် ဘယ်လိုမှ မနေနိုင်ပဲ သူ့ သူငယ်ချင်းများ၊ ဟိုအရင်
သူ့ကို အတူတူ သိခဲ့ဖူးသည့် ကိုယ့်သူငယ်ချင်း များကို သူ့ အကြောင်း မေးမြန်းကြည့်မိသည်။
ပန်းအိရော သူပါ နှစ်ယောက် ပတ်သက်မှုကို အရင် သင်တန်းက သူငယ်ချင်းများ မသိအောင် လျှို့ဝှက်ထား
ခဲ့ကြသဖြင့် ပန်းအိတို့ နှစ်ယောက် ချစ်သူ ဖြစ်နေမှန်း မသိကြလေရာ သူတို့ဆီက အမှန်စကားများကို
ပန်းအိ ကြားခဲ့ရတော့သည်။
“သူ့ မှာ ကောင်မလေး ရှိတာပေါ့ တီချယ် မသိဘူးလား” တဲ့။ သူနှင့် အတူတူ သင်တန်းတုန်းက
ပန်းအိ သင်ခဲ့ဖူးသည့် သူ့ သူငယ်ချင်း ကောင်လေးက ပြောသည်။
“လေးနှစ်လောက် ရှိပြီလေ၊ သူတို့ မြို့ကပဲ ငယ်ချစ်တွေပေါ့”
“လေးနှစ် တောင် ရှိပြီ၊ သေချာရဲ့လား ဟယ် သင်တန်းတုန်းကတော့ သူ့ မှာ ကောင်မလေး
ရှိတယ် မကြားမိပါဘူး”
“ဒီကောင်က လျှို့ဝှက်တတ်တော့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ချို့လောက်ပဲ သူ့အကြောင်းသိတာ၊
ခု သူနဲ့ ကုမ္ဗဏီ တစ်ခုတည်း ဖြစ်နေမှ သူက သူငယ်ချင်းတွေကို ကြေငြာတာလေ”
သည်စကားက ပန်းအိကို ရှော့ ရသွားစေသည်။ သူ့ အလုပ်မှာ အနေနီးလို့ ခုမှ တွေ့သည့် မိန်းကလေး မဟုတ်ဖူး ကိုး။ အလုပ်မှာ
နီးစပ်ပြီး ကောင်မလေး ဘက်က ဆွဲဆောင်သဖြင့် သူ ပါသွားသလားလို့ တောင် ပန်းအိက သူ့ဘက်
အလေးပေးပြီး တွေးမိသေးတာပင်။ သူနှင့် ပန်းအိ ချစ်ခဲ့ကြတာ ၂ နှစ် သာသာ လောက်ပင် ရှိဦးမည်။
သူ့ ကောင်မလေး နှင့် သူ ချစ်နေတာက လေးနှစ်တောင်
ရှိပြီ ဆိုပါလား…။ ဒါဟာ သူ့ ဘက်က ပန်းအိကို သက်သက် ပညာပေးလိုတာ မဟုတ်လျှင် ဘာသဘောလဲ။
ပန်းအိက သူ့အပေါ် ဘာများ မှားမိလို့ လဲ။ ပန်းအိ အချစ်ကိုမှ သူက လှည့်စား ယူလိုခဲ့သတဲ့လား။
ဘာကြောင့်လဲကွယ်…။ မင်းထက် အသက်လည်းကြီး၊ ရုပ်လည်း မချောတဲ့ မိန်းမ တစ်ယောက်ရဲ့ အချစ်ကို လှည့်ဖျား ရယူလိုက်ရတာ တော်တော် ကျေနပ်သွားသလား
မောင်..။
သူကသာ ပန်းအိ အချစ်ကို မတောင်းခံခဲ့လျှင်၊ ပန်းအိကို မျှော်လင့်ချက်တွေ
မပေးခဲ့လျှင် ပန်းအိ စိတ်က သူ့ အပေါ် ဒီလောက်အထိ နစ်ဝင်မိမှာတဲ့လား…။ ဝေးဝေးက သာမန်
အသိတွေပဲပေါ့။ ဘာကြောင့် သူ့မှာ ချစ်သူ ကောင်မလေး ရှိရဲ့နဲ့ ပန်းအိကို စတင်ခဲ့ပါလဲ။ ပန်းအိ သိလိုတာ တစ်ခုပဲ
ရှိပါသည်။ သူ ပန်းအိကို နည်းနည်းလေး လောက်ပဲ ဖြစ်ဖြစ် တကယ်ချစ်ခဲ့သလား ဆိုတာပင်။
*****
ဇာတ်လမ်းက ပြီးပြတ်သွားသင့်ပြီ ဖြစ်ပါလျှက်၊ သူ့ကို စိတ်နာသင့်ပါလျှက်
ပန်းအိ နှလုံးသားက မလိုက်နာလို ဖြစ်နေသည်ကို ဘယ်ကဲ့သို့ ထိန်းရမည် မသိပါ။ ပြီးသွားပြီ ဟု စိတ်ထဲမှာ ပြောနေလျှက်က
သူ့ အသံကို ကြားချင်လာသည်။ သူနှင့် စကားပြောချင်လာသည်။ သူကတော့ ပြတ်ပြတ်သားသားကို
ပန်းအိကို ဖုန်းမဆက်တော့ပါ။ ဒီတော့လည်း မဆက်သင့်တော့မှန်း သိလျှက်နှင့် ပန်းအိက စဆက်မိပြန်သည်။
ပန်းအိမှာ သူနှင့် ပတ်သက်လာလျှင် မာန ဆိုတာကို တစ်စွန်းတစ်စလေးတောင်မှ မထားခဲ့တာပါ။
သူကလည်း ပန်းအိကို ကောင်းကောင်းမွန်မွန်တော့ ပြန်ပြောပါသည်။ သို့ပေမယ့် မတူတော့…။
အရင်နှင့် မတူတော့တာကို ပန်းအိ စိတ်ထဲက ခံစားနေမိသည်။ “နင် ငါ့ကို တကယ် ချစ်ရဲ့လား”
လို့ မသိယောင်ဆောင်ပြီး မေးတာကို သူက ဝေ့လည်
ကြောင်ပတ် လုပ်ပြီး မဖြေခဲ့ပါ။ သူ့စိတ်က ပန်းအိ ထံမှာ မရှိတော့တဲ့အခါ ဘယ်လို စကားတွေကမှ
သူ့စိတ်ကို ပြန်ရအောင် မလုပ်နိုင်တော့ပါ။ သူ့စိတ်က အစကတည်းက ပန်းအိထံမှာ မရှိခဲ့တာလည်း
ဖြစ်နိုင်သည်။ ပန်းအိက လက်မခံချင်၍သာ မတွေးခြင်း ဖြစ်သည်။
ပန်းအိ နှလုံးသား အလိုကို လိုက်ပြီး သူ့ကို ဖုန်း စဆက်ဆက်နေတာ ခုနစ်ခါ
မြောက်မှာတော့ ဖုန်းဖြေသူမှာ သူ မဟုတ်ပဲ ကောင်မလေး တစ်ယောက် ဖြစ်နေခဲ့သည်။ သူ့ရဲ့
ချစ်သူ ကောင်မလေး ပါတဲ့။ “သူတို့ ချစ်လာကြတာ လေးနှစ်ကျော်ပါပြီ၊ မကြာခင် လက်ထပ်ကြတော့မှာမို့၊
နောက်ထပ် မနှောက်ယှက်ပါနဲ့တော့” လို့ ပေါ်တင်ကြီး ပြောလာသည့် အခါမှာတော့ ပန်းအိ တစ်ယောက်
သိက္ခာ ဆိုတာ တစ်ပြားမှ မကျန်တော့လောက်အောင် ဖြစ်သွားရသည်။ ပန်းအိမှာ သူ့ကို ဖုန်းဆက်ခွင့်မျှ
မရှိတော့သည်ကို လက်သင့်ခံရတော့မည်။
သူဟာ စကတည်းက ပန်းအိ အချစ်ကို လိမ်ညာယူခဲ့သူ။ အချစ်ကို မသိနားမလည်သည့်
ပန်းအိကို စတင် ပြုစားခဲ့သူ။ သို့ပေမယ့် ပန်းအိ သူ့ကို စိတ်မနာနိုင်တာ ဘာကြောင့်ပါလိမ့်။
ပန်းအိ သူ့ကို မုန်းမရ ပြုမရ ချစ်မိ နေသေးတာ ဘာကြောင့်ပါလိမ့်။ ခေါင်းမာလိုက်တဲ့
နှလုံးသားပါလားနော်..။
“ပုံကြည့်တော့ ရိုးရိုးအေးအေးလေးနဲ့ မထင်ရဘူးနော်..၊ ငါတို့က နင့်ကိုတောင်
သူ့ကို သဝန်တိုလွန်းတယ်၊ ရစ်စရာမရှိ ရစ်နေတယ် ထင်နေသေးတာ၊ ယောက်ျားဆိုတာ ဘယ်သူ့ကိုမှ
လျှော့တွက်လို့ မရဘူး၊ ဒီလိုကောင်အတွက် ဘာမှ ခံစားနေစရာ မလိုဘူး”
“နောင်မှ အသစ်တွေ့တာထက် အရင်တည်းက ရှိပြီးရဲ့နဲ့ နင့်ကို အပျော်တွဲတယ်
ဆိုတာ ပိုပြီး ယုတ်မာတယ်၊ သူ့ ဆရာမတောင် ဖြစ်ခဲ့ဖူးတာကို ဘာအကြံအစည်နဲ့ နင့်ကို
ဒီလို လုပ်တာလဲ၊ သူတို့ သူငယ်ချင်းတွေ အချင်းချင်း လောင်းကြေး စားကြေး လုပ်ကြတာတောင်
ဖြစ်နိုင်သေးတယ်၊ သူ နိုင်သွားမှာပေါ့..”
“နင်ကိုက မဟုတ်လို့ ခံရတာ၊ ဒီလောက် မကောင်းတဲ့ အကောင်ကို ဘာလို့ ဖုန်းဆက်နေသေးတာလဲ၊
ခံရတာတောင် နည်းသေးတယ်”
“ဘယ်ယောက်ျားကိုမှ အသည်းနှလုံး ပုံအပ်ပြီး မချစ်နဲ့ ဒါသင်ခန်းစာပဲ၊
နည်းနည်းလောက် လျှော့ချစ်၊ တစ်ယောက်သွားတော့လည်း နောက်ထပ် လာမှာပေါ့၊ အကြာကြီး အသည်းကွဲမနေနဲ့၊
အရေးမပါဘူး”
သူငယ်ချင်းတွေရဲ့ သူ့အပေါ် ဒေါသတွေ၊ ပြစ်တင် ပြောဆိုမှုတွေထဲမှာတောင် လိုက်ဝင်
မပြောနိုင်လောက်အောင်ပဲ ပန်းအိဟာ သူ့အပေါ် အပြစ် မတင်လိုသူ ဖြစ်ပါသည်။ သူကသာ တစ်ဖက်ကို
ဖြတ်လိုက်ပါပြီ၊ မ ကိုပဲ ချစ်တာပါ လို့ ပြောလာမည့် နေ့ကို စောင့်နေဆဲ လို့ ဆိုလျှင်
လူတိုင်းက ပန်းအိဟာ သွက်သွက်ခါအောင် ရူးနေပြီ လို့ ဆိုကြလေမလားပဲ။ ပန်းအိဟာ သူ့ကို
ဘယ်အချိန်မဆို ပြန်လက်ခံဖို့ အသင့်ရှိနေခဲ့သည်။ သို့သော် သူ ဘယ်တော့မှ ပြန်မလာ တော့မှာကိုလည်း
ပန်းအိ မသိ မဟုတ် သိနေပါသည်။
ချစ်ခြင်းကို ကစားခံရခြင်းသည် ဘယ်လောက် နာကျင်သည်ကို သူ နားလည်နိုင်မည်
မဟုတ်ပါ။ သူက ကစားသူ ဖြစ်သည်လေ။ ပန်းအိ နှလုံးသားက အက်ရာသည် ဘယ်တော့မှ အကောင်းအတိုင်း
ဖြစ်နိုင်တော့မည် မဟုတ်သည်ကို ဘယ်သူ နားလည်နိုင်ပါ့မလဲ။ ကုစားသူ ရှိလာဖို့လည်း
ပန်းအိ မမျှော်လင့်ချင်တော့ပါ။ ကုစားသူ မဟုတ်ပဲ နောက်ထပ် အနာတရ ထပ်ပေးမည့်သူ ဆိုလျှင်
ပန်းအိ ခံစားနိုင်မည် မဟုတ်တော့ပါ။
အနာဂါတ် အိပ်မက်များ၊ စိတ်ကူးများ.. အားလုံးသည် သူ့ နင်းချေမှု အောက်မှာ
တစစီ ပြိုကွဲခဲ့ရပြီ ဖြစ်သည်။ မေတ္တာသည် ရောင်ပြန် မဟပ်ခဲ့၊ သစ္စာသည် အရာမထင်ခဲ့။ မယုံကြည်ရသော
သူ့ချစ်ခြင်းအောက်မှာ ပန်းအိ ရူးသွပ်ခဲ့ရခြင်းသည် မတန်ဟု ဆိုလည်း ဆိုကြစေ.. နှလုံးသားသည်
တန်ဖိုး ညှိတတ်သူ မဟုတ်ခဲ့ပါလေ။ ပန်းအိ ကို အရူးလုပ်ခဲ့ရခြင်း အပေါ် သူပျော်သည်
ဆိုလျှင် ပျော်ပါစေ..။ ပန်းအိ ခံစားရသလို သူ တစ်ချိန် ပြန်ခံစားရ ပါစေလို့ ပန်းအိ
မကျိန်ဆို ရက်ပါ။ သူ့ ချစ်သူနှင့် သူ ပျော်နေပါစေ။ Time Machine တစ်ခုသာ ရခဲ့လျှင်တော့
သူနဲ့ မတွေ့ရသော ကမ္ဘာ ကိုပဲ ပန်းအိ ပြန်ရောက်သွားချင်ပါသည်။ သူလည်း သူ့ဟာသူ ပျော်နေ၊
ပန်းအိလည်း ကိုယ့်ဘာသာ ပျော်နေပါရစေ…။ ချစ်ခြင်းတစ်ခုမှာ ဘယ်တော့မှ မရူးသွပ်သော ကိုယ်သာ
ဖြစ်ချင်ပါသည် ကွယ်...။
သိင်္ဂါကျော်
9 comments:
ဝတ္တုတိုလေး ကောင်း၏
အားပေးတွားတယ်။
ဖြစ်ရလေခြင်း ဆရာမကိုမှ လှည့်စားရဲ့တယ်လို့
ခင်တဲ့
အလွမ်း
ချစ်ခြင်းကိုကစားခံရတာ လောကမှာအနာကျင်ဆုံးပါပဲ
ကစားခံရမှာကို သိသိကြီးနဲ့ အဲဒီ ကစားဝိုင်းကို
သတ္တိရှိရှိဝင်လာရဲတဲ့သူတွေကလဲ အများကြီးပေါ့နော်
jas လဲ ချစ်ခြင်းအတွက်မရူးသွပ်တဲ့သူပဲ
ဖြစ်ချင်တယ်-----------
အာ.. မန့်မလို့ဟာကို ဟိုအပေါ်က မေရီဆိုတဲ့ ဘာမှန်းမသိတာက နေရာတစ်ကာ လျှောက်ရေးနေတော့တာပဲ။ ပြီးတော့လဲ ကော်ပီ ပေ့စ်လုပ်ထားသေးတယ်။ :(
ဆရာမလေးရဲ့ ပျောက်ရှ ကြေမွသွားတဲ့ မိုးတိမ်လေး ကို ငေးကြည့်သွားပါတယ်ဗျာ။
အချစ်ဆိုတာ မရေရာတဲ့ တဒင်္ဂမို့ အသေအချာ တွက်လို့မရဘူးပေါ့နော်။ နဖူးစာဆိုတာ လူတိုင်းကိုယ်စီမှာ သတ်မှတ်ပြီးသားလို့ယူဆတယ်။ ဖြစ်တတ်တဲ့သဘာဝ ဝတ္ထုကောင်းလေးတစ်ပုဒ်အားပေးသွားတယ် ကျော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီရက်ပိုင်း မ သိ င်္ဂါ ကျော် ရေးတဲ့ အဖြစ်အပျက်တွေက အွန်လိုင်းပေါ်က ၊ ခေတ်ပေါ်လူနေမှုထဲက ရင်နင့်စရာ ၊ ကြေကွဲစရာ အကြောင်းတွေကို ရည်ညွှန်းနေတာ တွေ့ရသလိုပဲ ...။ တစ်ယောက် နဲ့ တစ်ယောက် လူမှုဆက်ဆံရေးမှာ ရိုးသားမှု မပါရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ထင်တာပါပဲ ...။ အချိန်တွေ ရှားပါးနေတဲ့ ခေတ်စနစ်ထဲမှာ အဲလို သူတပါး အတွက်လည်း အကျိုးမဲ့ ၊ ကိုယ့်အတွက်လည်း အကျိုးမရှိနိုင်တဲ့ စိတ်ကို အသုံးချမှုတွေအပေါ် ဘယ်လို နားလည်လက်ခံပေးရမယ် ဆိုတာ မတွေးတတ်ပါဘူးဗျာ ...
တကယ့်..
ရိုလာကိုစတာဇာတ်လမ်းလေးဘဲ
ပန်းအိနေရာမှာ ကိုယ်သာဆို
င်္ဗီလိန်ဖြစ်ချင်ဖြစ်ပါစေ..း))
one go two come three waiting ပေါ့ဗျာ။ ကောင်လေးတွေသစ္စာရှိရှိ လက်ထပ်ယူလိုက်ကြတဲ့ အဖြစ်ကလေးတွေကိုလည်း ရေးပါဦးဂျ။ အခုလိုဆိုတော့ အနော်တို့ ကျားတွေ ရင်ထဲမကောင်းဘူး။
အကြွေးလာရှင်းသွားတာ
လှည့်စားတာ တကယ်မုန်းဖို့ ကောင်းတယ်..
Post a Comment