28 April, 2013

အသိုက်မဆောက်ချင်တဲ့ ငှက်

ရွေးချယ်ခွင့် မရခဲ့တဲ့ ပုတ်အဲ့အဲ့ အသိုက်ထဲမှာ နေထိုင်ရင်း
အရာရာ အကောင်းမြင်နိုင်ဖို့ ကြိုးစားနေတယ်
အတ္တတွေ မာနတွေနဲ့ အထာကျပြီးသား သူတို့စိတ်ထဲ
ကိုယ်မှ ဝင်ပြုပြင်ခွင့် မရှိတာ
ပါးစပ်က တရားအကြောင်း ဘယ်လောက်ပြောပြော
သူတို့စိတ်ကို မပြုပြင်နိုင်သေးတာ သူတို့ကိုယ်သူတို့ မမြင်နိုင်ဘူး။
ဒီလိုပါပဲလေ..
ကိုယ့်စိတ်ကိုယ်တောင် ပြင်ဆင်မယ် ခဏခဏ ကြိမ်းဝါးရင်း
မပြင်ဆင်နိုင်သေးတာ ကိုယ်တိုင် သိချင်မှ သိမယ် မဟုတ်လား။

မွေးဖွားလာခြင်းကို မပြင်ဆင်နိုင်ဘူး
ဘာတွေပဲ မှားယွင်းနေပါစေ
ရွေးချယ်ခြင်းက ကိုယ်လုပ်ခဲ့တဲ့ အရာမဟုတ်ဘူး။
ကိုယ်လုပ်နိုင်တာ ဘာရှိမလဲ တွေးကြည့်ဖို့ တစ်ခုပဲ ရှိတယ်။

တစ်ခါပျက်ဖူးတဲ့ အသိုက်ကို ပြန်ဆက်ခဲ့ရင်
နေထိုင်သူတွေရဲ့ အမူအကျင့်တွေ မပြင်သရွေ့တော့
အက်ကြောင်းရာ မှေးမှိန်ဖို့က လွယ်ကူတဲ့ အရာ မဟုတ်ဘူး။
ဘာကြောင့် အဲလောက် ပုတ်အဲ့တဲ့ အသိုက်ထဲ
သေတဲ့အထိ နေထိုင်ဖို့ ရွေးချယ်နိုင်သလဲ
ကိုယ်မသိနိုင်တဲ့ အရာတွေ များတာပဲ ဖြစ်မှာပါ။

ကိုယ်ကိုယ်တိုင် အသိုက်တစ်ခု ဆောက်ဖို့ ကြောက်ရွံခဲ့တယ်
မှားယွင်းခြင်းက တစ်သက်တာအတွက် ဘယ်လောက် ခါးသီးစရာ ကောင်းသလဲဆိုတာ
မြင်နေတွေ့နေကြ ဖြစ်နေလို့လည်း ဖြစ်မယ်။
ခဏခဏ အသိုက်တွေ ပျက်နေကြတာ
မြင်နေတွေ့နေကြ ဖြစ်နေလို့လည်း ဖြစ်မယ်။

အပြင်ယံ ခိုင်မာဖို့ အတွင်းလှိုက် ပုတ်ဆွေးနေတဲ့ အသိုက်မျိုး
ရှင်းလင်း ခွဲခွာလိုက်ကြပြီးတဲ့ အသိုက်တစ်ခြမ်းဆိုလည်း
ဘယ်လောက်ပဲ ပြန်လည်တည်ဆောက်ပါစေ တစ်ခုလုံးအပြည့် ပြန်မဖြစ်နိုင်တော့တာမျိုး
မြင်နေတွေ့နေကြမို့ ကိုယ်တိုင်တည်ဆောက်ဖို့ ကြောက်ရွံခဲ့တာ
ကိုယ့်စိတ္တဇ သက်သက်လည်း ဖြစ်နိုင်ရဲ့။

အသိုက်ထဲမှာ တစ်သက်တာ လုံခြုံစိတ်ချရဖို့
မသေချာမှုတွေ များများလာတဲ့အခါ
ကိုယ်ဟာ
အသိုက်တစ်ခုအတွက် ယုံကြည်မှုမရှိတဲ့
ခရီးသွားငှက်တစ်ကောင် ဖြစ်လာခဲ့တယ်။

သိင်္ဂါကျော်

02 April, 2013

ပိတောက်ပုံပြင်


(၁)

လင်းသစ်စ က April ကို မကြိုက်ပါ။ April မှာ သင်္ကြန်ပွဲတော် ရှိသောကြောင့် ဖြစ်သည်။ April မှာ ပိတောက်ပန်းများ ပွင့်တတ်သောကြောင့် ဖြစ်သည်။ သူက သင်္ကြန်ကို မုန်းသည်။ ပိတောက်ကို မုန်းသည်။ ဘာကြောင့်လဲ မေးလျှင် သူမဖြေတတ်ပါ။ သူ့မှာ သင်္ကြန်နှင့် ပတ်သက်သော၊ ပိတောက်နှင့် ပတ်သက်သော အတိတ် တစ်စုံတစ်ရာ ရှိဖူးသည်လည်း မဟုတ်ပါ။ သို့သော် သူ သိတတ်စ ကတည်းက ပိတောက်ကို မြင်လျှင် ခါးခါးသီးသီး မကြိုက်ခြင်း ဖြစ်မိသည်။ ပိတောက်တွေ ပွင့်လျှင် သူ့မေမေက ဘုရားတင်ဖို့ ဈေးထဲက ဝယ်လာတတ်သည်။ ဒါမှမဟုတ် ပိတောက်ပင်ရှိသော အိမ်က ခူးပြီး လာပေးလျှင် သူက အော်ဟစ် ငိုယိုရင်း ပိတောက်ပန်းတွေကို လွှင့်ပစ်ဖို့ ပြောတတ်သည်။ မေမေလည်း သူ့မြင်ကွင်းထဲကနေ ပိတောက်တွေကို မြန်မြန် ယူသွားပြီး ဘုရားကပ်လိုက်ကာ သူ့ကို ဘုရားစင်ရှေ့မသွားဖို့ ပြောသည်။ မေမေက သူ့ကို အမြင်ကပ် လာလျှင်တော့ အရင်ဘဝက ပိတောက်ပင်ပေါ်က ကျသေခဲ့သလား မသိဘူး ဟု ပြောတတ်သည်။ လူတစ်ယောက်မှာ Fobia တစ်ခု ရှိတတ်သည့်အတိုင်း သူ့မှာ ပိတောက် မုန်းသည့် ဖိုဘီးယား တစ်ခု ရှိနေခြင်းက မထူးဆန်းဟု ဆိုလျှင်လည်း ဆိုနိုင်ပါသည်။

သူက ယောက်ျားလေး ပေမယ့် ပျော့နွဲ့နွဲ့ စာကြမ်းပိုး ကောင်လေး တစ်ယောက်သာ ဖြစ်သည်။ သူ့ အသက် ၂၅ နှစ် အတွင်း တစ်ခါမှ သင်္ကြန်မလည်ဖူး ဟုပြောလျှင် ကြားကြသူတွေက ထူးဆန်းကြမလား မသိပေ။ လူငယ် ယောက်ျားလေး တစ်ယောက် ဖြစ်နေသည့်တိုင် သူက သင်္ကြန်လည်ဖို့ကို လုံးဝ စိတ်မဝင်စားခဲ့ပါ။ သူငယ်ချင်းများ မည်သို့ပင် ခေါ်စေ ဘယ်သော အခါကမှ မလိုက်ခဲ့ပါ။ ငယ်ကတည်းက တစ်ခါမှလည်း ရေမပက်ခဲ့ပါ။ လူအများ ပျော်ရွှင် နှစ်ခြိုက်သော သင်္ကြန်၊ ပိတောက် ဆိုသော အရာများသည် သူ့အတွက်တော့ ဆန့်ကျင်ဘက် အသွင်ကို ဆောင်နေခဲ့ပါသည်။ မေမေ ပြောသလိုပင် သူ၏ အရင်ဘဝက သင်္ကြန်၊ ပိတောက် နှင့် ပတ်သက်သော အတိတ်ဆိုးများ ရှိခဲ့လေသလား မပြောတတ်ပါ။ သင်္ကြန်ဆိုလျှင် သူက အိမ်မှာသာ နေဖြစ်သည်။ ပြီးခဲ့သော နှစ်ကတော့ မေမေ တိုက်တွန်းတာနှင့် တရားစခန်း ဝင်ဖြစ်ခဲ့သည်။ တရားစခန်းမှာတော့ ဘာမှ နိမိတ်ဆိုးတွေ ဘာတွေ မမြင်ပဲ ပုံမှန် အလုပ်လုပ်နိုင်ခဲ့ပါသည်။

လင်းသစ်စက ဆရာဝန်တစ်ယောက်မို့ ခွဲတာစိတ်တာ သွေးသံရဲရဲတွေနှင့် ပတ်သက်ရသော်လည်း ဘာမှ ထူးထူးခြားခြား မဖြစ်တတ်ပါ။ လင်းသစ်စ ရဲ့ Fobia က ပိတောက်ပန်းများနှင့် သင်္ကြန်သာ ဖြစ်ပါသည်။
*********

ငုရုံ က မိန်းကလေး အတော်များများလိုပင် ပိတောက်ပန်းကြိုက်သူ ဖြစ်သည်။ ငုတွေ ပိတောက်တွေ ပွင့်သော ရာသီမှာ မွေးလို့ နာမည်ကိုပင် ငုရုံ လို့ ပေးထားခြင်း မဟုတ်လား။ သင်္ကြန်နားနီးလို့ မိုးလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာပြီး ပိတောက်တွေ ပွင့်လာလျှင် သူပျော်သည်။ သူ၏ ယောက်ျားလေး ဆန်သော စိတ်တစ်ခြမ်းက ယောက်ျားလေးလို ဝတ်ရတာမျိုးကို နှစ်သက်တတ်သလို မိန်းကလေး ဆန်သော စိတ်တစ်ခြမ်းက ပန်းကလေးတွေကို နှစ်သက်တတ်ပြန်သည်။ တစ်ခြားအချိန်မှာ ပန်းပန်လေ့ သိပ်မရှိသော်လည်း ပိတောက်တွေ ပွင့်လျှင်တော့ အိမ်နေရင်းပဲ ဖြစ်ဖြစ် တစ်ခက်လောက်တော့ ပန်တတ်သည်။

သူက သင်္ကြန်ဆိုသော အသံကို ကြားလျှင်ပင် ပျော်နေတတ်သူ ဖြစ်ပြီး ရပ်ကွက်ထဲက ပဏ္ဍပ်မှာ ရေပက်တာပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုပြီး ရေပက်ခံ ထွက်တာပဲ ဖြစ်ဖြစ် လုပ်တတ်သူ ဖြစ်သည်။ သင်္ကြန်သည် သူ့အတွက် ပျော်စရာအတိ။ သို့သော် တစ်ခါတရံတော့ ဘာကိုမှန်း မသိ လွမ်းသလို ဆွေးသလိုလို ဖြစ်တတ်သည်။ တစ်ယောက်ယောက်ကိုပဲ လွမ်းချင်သလိုလို..။ သို့သော် သူ့မှာ လွမ်းစရာ ဆိုလို့ ဘာမှ မရှိ။ အသက် ၂၃ နှစ် ရှိခဲ့ပြီး ကွန်ပျူတာတက္ကသိုလ်က ဘွဲ့ရပြီးပြီ ဖြစ်သည့်တိုင် ရည်းစားလည်း တစ်ယောက်မှ မရှိသေး။ တစ်ဖက်သတ် ကြိုက်ရသူပင် မရှိ။ သို့သည့်တိုင် တစ်ယောက်ယောက်ကို ပျောက်ဆုံးနေသလို လွမ်းသည့်စိတ်က သင်္ကြန်တွင်းတိုင်းမှာ တစ်ခါလောက်တော့ ပေါ်လာမြဲပင်။

ဒီနှစ်သင်္ကြန်တော့ ငုရုံတို့ ပျော်ရမှာ မဟုတ်တာ သေချာသွားလေပြီ။ ဒီနှစ် သင်္ကြန်တွင်းမှာ နယ်မြို့ရှိ အဘွားတို့ အိမ်မှာ တစ်အိမ်လုံး သွားနေမည် ဟု မေမေက ကြေငြာထားသည်။ အဘွားက ကျန်းမာရေး မကောင်းသဖြင့် ဒီနှစ် သင်္ကြန်တွင်းမှာ သား သမီး မြေးတွေ အားလုံးကို တွေ့ချင်သည် ဟု ဆိုသည်။ နယ်က အဘွားအိမ်ကို ငုရုံ တစ်ခါမှ မရောက်ဖူး။ မေမေတို့ တစ်ခါ သွားတုန်းကလည်း ငုရုံက ဆယ်တန်းမို့ မလိုက်ပဲ ကျန်ခဲ့ရသည်။ တကယ်တော့ မေမေ့ကို ဖေဖေနှင့် သဘောမတူသဖြင့် မေမေက အိမ်ပေါ်က ဆင်းလာသည် ဖြစ်သောကြောင့် အဘွားအိမ်နှင့် အဆက်အသွယ် ပြတ်နေခဲ့ခြင်း ဖြစ်သည်။
*********
(၂)

စီစီသည် ပိတောက်ရနံများနှင့်အတူ နိုးထလာသည်။ ဒီနေ့က သင်္ကြန် အတက်နေ့။ အချိန်သင့် အခါသင့်ပင် ပိတောက်ဖူးများက ပွင့်လာလေပြီ။ စီစီ့မှာ သင်္ကြန်အကြိုနေ့ကတည်းက ပိတောက်ဖူးလေးများကို တကြည့်ကြည့် လုပ်ကာ ပွင့်ဖို့ မျှော်ခဲ့ရသည်။ ဒီနေ့တော့ ပိတောက်ပန်းတွေ စိတ်ကြိုက်ပန်ပြီး ရေပက် မဏ္ဍပ်မှာ ရေပက်လို့ ရပြီ။ စီစီတို့ ခြံထဲက ပိတောက်ပင်ကြီးက အကြီးကြီး။ အပွင့်အမျိုးအစားကလည်း ကြီးပြီး ရွှေဝါရောင်တောက်တောက် အပွင့်လှလှ စိပ်စိပ်ပွင့်သည်။ စီစီက ငယ်ငယ်ကတည်းက ပိတောက်ပန်း အရမ်းကြိုက်သည်။

စီစီသည် အိပ်ရာထဲမှ ပြုံးပြုံးလေး ထလာပြီး မြန်မြန်ဆန်ဆန် မျက်နှာသစ် သွားတိုက်ကာ တစ်ဖက်ခြံသို့ သွားဖို့ပြင်သည်။ လရောင် ကို ပိတောက်ပန်း ခူးခိုင်းရမည်။ စီစီတို့ ငယ်ငယ်လေးတုန်းကတော့ အဖေက ပန်ခူးပေးခဲ့သည်။ လရောင် အရွယ်နည်းနည်း ရောက်လာကတည်းက စီစီ ပန်ဖို့ ပိတောက်ပန်းကို လရောင်ပဲ ခူးပေးခဲ့တာလေ။

လရောင်နှင့် စီစီ ဆိုတာ ခြံနီးခြင်းတွေ ဖြစ်တာမို့ ငယ်ကတည်းက လည်ပင်းဖက် ကြီးလာကြသူတွေ ဖြစ်ပြီး သူငယ်တန်းက ဆယ်တန်းအထိ ကျောင်းအတူတူ တက်ခဲ့ကြသူတွေ ဖြစ်သည်။ နှစ်ယောက်လုံး ဒီနှစ် ဆယ်တန်း ဖြေထားကြသည်။ ဆယ်တန်းလည်း ဖြေပြီးပြီမို့ ဒီနှစ် အိမ်က စိတ်ကြိုက် သင်္ကြန်လည်ခွင့် ပေးထားသောကြောင့် နှစ်ယောက်သား အကြိုနေ့ကတည်းက စက်ဘီးတစ်စီးနဲ့ မြို့ထဲပတ်သည်။ အကျနေ့ နဲ့ အကြတ်နှစ်ရက် မှာတော့ တစ်ခြား သူငယ်ချင်းများနဲ့ အတူတူ ကားငှားပြီး မြို့ပတ်ကာ ရေပက်ခံ ထွက်ခဲ့ပြီးပြီ။ ဒီနေ့တော့ ရပ်ကွက်ထဲက မဏ္ဍပ်မှာ ရေသွားပက်ဖို့ ချိန်းထားကြသည်။

“လရောင်ရေ လရောင်၊ မြန်မြန် အိပ်ရာ ထတော့လေ၊ ပိတောက်တွေ ပွင့်နေပြီ၊ ခူးပေးတော့”

စီစီက အသံလေး စာစာ စာစာနှင့် လရောင်တို့ အိမ်ထဲ ဝင်လာတော့မှ လရောင်က အိပ်ရာက ထသည်။ လရောင်ကို မျက်နှာ မြန်မြန် သစ်ခိုင်းပြီး ဗိုက်ဆာလို့ မုန့်စားဦးမယ် ဆိုတာကိုပင် မစားခိုင်းတော့ပဲ အတင်းဆွဲခေါ်လာခဲ့သည်။ လရောင် မေမေကတော့ သူတို့နှစ်ယောက်ကို ပြုံးကြည့်ပြီး ကျန်ခဲ့သည်။

ပိတောက်ပင်အောက် ရောက်တော့ စီစီက လောဘကြီးလာသည်။ အပေါ်ဘက် အကိုင်းက အပွင့်တွေကပဲ ပိုလှသလိုလို ပိုများသလိုလို ထင်လာပြီး လရောင်ကို အတင်း တက်ခိုင်းမိသည်။ စီစီ လက်ထဲမှာလည်း ပိတောက်ကိုင်းက နှစ်ကိုင်းလောက် ရှိပြီးသား ဖြစ်နေပြီ။ ဒါကိုတောင် ထပ်လိုချင်နေသေးသည်။ လရောင်က တော်လောက်ပြီ ဆိုတာကို စီစီက အတင်းတက်ခိုင်းသဖြင့် လရောင်ခဗျာ အပေါ်ထပ် တက်ရသည်။ အပေါ်ကိုင်းက ခပ်သေးသေးကလေး။ လရောင် ကိုယ်လုံးကို မခံနိုင်လောက်သည်ကို နှစ်ယောက်လုံး သတိမထားမိကြပါ။

လရောင် ပြုတ်ကျလာတော့ စီစီ လန့်ပြီးအော်လိုက်မိသည်။ စီစီ့လက်ထဲက ပိတောက်ခက်များ အောက် လွတ်ကျသွားသည်။ ပိတောက်ပင်အောက်မှာ ပြန့်ကျဲသွားသော ပိတောက်ပန်း အဝါပွင့်များမှာ ရဲရဲနီသွားကို မြင်လိုက်ရသည်။ အဲဒီနောက်တော့ စီစီ ဘာကိုမှ မသိတော့။
*********
(၃)

ငုရုံသည် အဘွားအိမ် ရောက်ရောက်ချင်းပင် ခြံထဲက ပိတောက်ပင်အိုကြီးကို တော်တော် မျက်စိကျသွားသည်။ ပိတောက်ပင်ကြီးက နှစ်ပေါင်း အတော်ကြာပြီ ဖြစ်တာ သိသာလောက်အောင် ပင်စည်က တုတ်ခိုင် အိုမင်းနေပြီ ဖြစ်သော်လည်း အခက်အလက်များကတော့ ဝေဆာ နေဆဲဖြစ်သည်။ အပင်ပေါ်ကို မော့ကြည့်မိတော့ အဖူးလေးများကို တွေ့ရသည်။ သင်္ကြန်မိုး တစ်ပြိုက်လောက် ရွာလိုက်လျှင် ပိတောက်တွေ ပွင့်တော့မှာ သေချာသည်။ ငုရုံသည် အဘွားခြံကြီးကို သဘောကျသွားမိသည်။ ရန်ကုန်မှာတော့ တိုက်ခန်းက ဘယ်လောက်ကျယ်သည် ဆိုဆို ခြံအကျယ်ကြီးလောက်တော့ လွတ်လွတ်လပ်လပ် မရှိ။ ပိတောက်ပန်း ဆိုလည်း သူများက လာရောင်းမှ ဝယ်ပြီး ဘုရားတင်နိုင်ခြင်းဖြစ်သည်။ ငုရုံလည်း နည်းနည်း ပန်တာပေါ့လေ။ ခုလို ပိတောက်ပန်းကို အပင်က ခူးပြီး ဘုရားတင်နိုင်မည် ဆိုလျှင် ဘယ်လောက် သဘောကျစရာ ကောင်းလဲနော်။

“ဘွားဘွား၊ ခြံထဲက ပိတောက်ပင်ကြီးက အကြီးကြီးပဲနော်၊ အဖူးလေးတွေ အများကြီးဖူးနေပြီ၊ ပွင့်ရင် အရမ်းလှမှာပဲ”
ငုရုံက သူ့စိတ်ထဲ ရှိသည့်အတိုင်း ပြောမိတော့ နဂိုကတည်းက မျက်နှာမကောင်းသော ဘွားဘွား မျက်နှာက သိသိသာသာ ပျက်သွားသည်ကို သတိထားမိသည်။ ငုရုံ စကားထဲ ဘာများ အမှားပါသွားသလဲ မသိတော့ပါ။ မေမေက စကားလွှဲပြီး တစ်ခွန်း နှစ်ခွန်း ပြောကာ နားကြတော့ ဟု ဘွားဘွားက ဆိုတာနှင့် ငုရုံ အတွက် ပေးထားသော အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ဘွားဘွားကလည်း ခုမှ တွေ့ရတဲ့ မြေးမလေးကို ကြိုဆိုတာ ဝမ်းပန်းတသာ မရှိပါလားနော် လို့ တွေးမိသေးသည်။ ခဏနေတော့ မေမေ ငုရုံအခန်းထဲ လိုက်လာသည်။

“ဘွားဘွားက သမီးကို သဘောမကျလို့ မဟုတ်ပါဘူး သမီးရယ်၊ သမီးက တစ်ယောက်ယောက်နဲ့ အရမ်းတူနေတော့ သူ့ညီမကို သတိရပြီး မျက်နှာပျက်နေတာပါ”

“သမီးက ဘွားလေးနဲ့ တူတာလားဟင် မေမေ”

“မဟုတ်ဘူး သမီးရဲ့၊ နည်းနည်းတော့ ထူးဆန်းတယ်၊ သမီးက ဘွားလေးစီစီရဲ့ သူငယ်ချင်း လရောင် နဲ့ ရုပ်ချင်း တော်တော် ဆင်နေတာ၊ သူတို့ ဆုံးသွားတော့ မေမေက ငယ်ငယ်လေး ရှိသေးတာ ဆိုတော့ မှတ်တော့ မမှတ်မိဘူး၊ ဓါတ်ပုံတွေ ပြန်ကြည့်ထားလို့ သိတာ၊ သမီးကို မမွေးခင်က မေမေ အိပ်မက်မက်ဖူးသေးတယ်၊ ကောင်လေး တစ်ယောက်က မေမေနဲ့ အတူလာနေမယ်လို့ ပြောတာ၊ အဲဒီ လရောင်ပဲ ထင်တယ်ကွယ်၊ သူတို့ အတူရှိနေသေးရင်တော့ သမီး ဘိုးလေး ဖြစ်နေမယ် ထင်တယ်၊ မေမေလည်း အစကတော့ မယုံဘူး၊ သမီးကို မွေးလာတော့ ခေါင်းမှာ အမာရွတ်ကလေး တစ်ခု ပါလာတယ်လေ၊ မေမေဖြင့် အဲဒီနေရာမှာ ဆံပင်တောင် မပေါက်မှာ စိုးရိမ်နေတာ၊ တော်သေးတာပေါ့၊ ငါ့သမီးကလေး ဆံပင်ကွက်ကြား ဖြစ်မနေပဲ ခုလို ထူထူပျော့ပျော့လေး ပေါက်လာလို့”

 “ပြီးတော့ သမီး၊ အဲဒီ ပိတောက်ပင် အကြောင်း ဘွားဘွားကို မပြောရဘူးနော်၊ ပိတောက်ပန်းတွေ ပွင့်ရင်လည်း မခူးရဘူးနော်”
“ဟင် မေမေကလည်း ဘာလို့လည်း”
“မေမေ သမီးကို နောက်မှ ပြောပြမယ်၊ အဲဒီ ပိတောက်ပင်အောက်ကိုလည်း မသွားရဘူးနော်၊ ကဲ ကဲ နားပြီးတော့ ရေလေး ဘာလေး ချိုး”
“ဟုတ် မေမေ”

ညကျတော့မှ မေမေ့ဆီက ပိတောက်ပင်ကြီးနှင့် ပတ်သက်သော ကြေကွဲစရာ ပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသည်။ ဘွားလေး စီစီသည် ပိတောက်ပင်ပေါ်မှ ပြုတ်ကျလာသည့် အချစ်ဆုံး သူငယ်ချင်းလေးကို သွေးသံရဲရဲနှင့် မြင်လိုက်ရပြီး သတိလစ်ရာသွားရာမှ သတိပြန်ရလာသည့် အချိန်တွင် စိတ်ဂယောက်ဂယက် ဖြစ်သွားခဲ့သည်။ သိပ်မကြာလိုက်ပါ။ အိမ်က မျက်ခြေမပြတ်ကြည့်ရှုထားသည့် ကြားမှ လွတ်သွားသည့် ညတစ်ညမှာပင် ထိုပိတောက်ကြီးမှာ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။

“ဒါဆို ဒီပိတောက်ပင်ကြီးက နိမိတ်မကောင်းဘူးပေါ့နော်.. ဒါပေမယ့် ခုတ်တော့ မပစ်ဘူးနော် မေမေ”

“ခုတ်ပစ်ဖို့ လုပ်ကြသေးတယ်တဲ့ ဒါပေမယ့် သေသွားတဲ့ နှစ်ယောက်က သူတို့ အဲဒီ ပိတောက်ပင်ကြီးမှာ နေနေရပါတယ် လို့ အိပ်မက်ပေးကြလို့ မခုတ်ပဲ ထားခဲ့ရတယ်တဲ့။ မေမေ ငယ်ငယ်တုန်းက ကြားဖူးတာပဲ”

ငုရုံသည် လရောင် နှင့် စီစီ တို့ နှစ်ယောက်အကြောင်း စဉ်းစားပြီး ညအိပ်တော့ အိပ်မက်များပင် မက်နေသေးသည်။ အိပ်မက်ထဲတွင် လရောင်က ပိတောက်ပန်းတွေ ခူးနေပြီး စီစီက လက်ထဲမှာ ပိတောက်ပန်းတွေ တစ်ပွေ့တစ်ပိုက်နှင့်။ ခဏနေတော့ လရောင်က ပိတောက်ပင်ပေါ်မှ ပြုတ်ကျလာသည်။ လရောင်ခေါင်းမှထွက်သော သွေးတွေက ပိတောက်ပန်းတွေနှင့် ရောသွားသည်။ နောက်တော့ တဖြည်းဖြည်းနှင့် လရောင် မဟုတ်တော့ပဲ လရောင်နေရာမှာ ငုရုံ ကိုယ်တိုင် ဖြစ်သွားသည်။ ငုရုံတစ်ယောက် ထိတ်လန့်စွာ အော်ဟစ်ပြီး လန့်နိုးလာသည်။ ခုန မေမေ ပြောတာ စိတ်စွဲသွားလို့ ထင်သည်။ တကယ်တော့ ငုရုံက အဲလို အိပ်မက်တွေ ဘာတွေ သိပ်မက်တတ်လှတာ မဟုတ်ပါ။ မက်လျှင်လည်း ဘာတွေမှန်းမသိပဲ နိုးလာလျှင် ဘာမှ မမှတ်မိတော့တာ များသည်။ ခုအိပ်မက်ကတော့ တကယ့်ကို ထင်ထင်ရှားရှား ပြတ်ပြတ်သားသား။ ငုရုံသည် ရင်တွေ တလှပ်လှပ် တုန်နေသောကြောင့် ရေထသောက်ပြီး ပြန်အိပ်တာတောင် တော်တော်နှင့် အိပ်မပျော် ဖြစ်နေခဲ့သည်။
*********

ငုရုံ ဒီခြံကြီးထဲ ရောက်ပြီးနောက် သုံးရက်မြောက် ဖြစ်သည့် သင်္ကြန်အကျနေ့မှာပင် ပိတောက်ပင်ကြီးက တစ်ပင်လုံး မြိုင်မြိုင် ပွင့်လေတော့သည်။ ဒီနေ့ ပွင့်မည် ဆိုတာ ငုရုံ ညကတည်းက သိပြီးသား။ ပိတောက်ပင်အောက် မသွားနှင့် ဆိုသော်လည်း ပိတောက်ကြိုက်သော ငုရုံက ဘယ်သူမှ မသိအောင် ခိုးသွားပြီး ကြည့်ထားပြီးပြီ။ အခုလည်း မနက်စာ စားပြီးသည်နှင့် ဘယ်သူမှ မသိအောင် နောက်ဖေးပေါက်က ခိုးထွက်လာခဲ့ခြင်း ဖြစ်သည်။ ပိတောက်ပင်ကြီးက ဟိုဘက်ခြံနှင့် နီးသော ခြံဘေးဘက်မှာမို့ ငုရုံကို လိုက်မကြည့်လျှင် မမြင်နိုင်ပါ။
ငုရုံသည် ဖုထစ်နေသော ပိတောက်ပင် ပင်စည်ကို ကုတ်ကတ်ပြီး တက်ကာ အပင်ပေါ်ရောက်သွားသည်။ နှစ်ပေါင်းများစွာ တက်နေကြ အပင်လို့တောင် ထင်ရသည်။ ငုရုံက အဲဒီလိုလူမျိုး။ ပန်းကြိုက်တတ်သော မိန်းမစရိုက်အပြင် ခုလို ယောက်ျား ဆန်ဆန် အလုပ်မျိုးလည်း မကြာခဏ လုပ်တတ်သေးသည်။ ငုရုံက များများကြီး လောဘမကြီးပါဘူး။ ဘုရားတင်ဖို့ သုံးခက်လောက်၊ ငုရုံပန်ဖို့ အခက်ကလေး တစ်ခက်ဆို ရပြီပဲ။ ငုရုံက လက်လှမ်းမှီသော အပွင့်ဝေနေသည့် ပိတောက်ကိုင်း တစ်ကိုင်းကို မိမိရရ ချိုးလိုက်သည်။ ပိတောက်ကိုင်းကို မြေကြီးပေါ် ပစ်မချရအောင် အောက်ကနေ ဖမ်းပေးမယ့် တစ်ယောက်ယောက် ရှိလျှင် ကောင်းမှာပဲဟု တွေးလိုက်သေးသည်။ ခုတော့ မတတ်နိုင်ဘူးပေါ့ မြေကြီးပေါ် ပစ်ချရမှာပဲ။ ငုရုံသည် သိပ်မြင့်မြင့် မတက်ပါပဲ လက်လှမ်းမီရာ ချိုးတာနှင့်ပင် အပွင့်ဝေဝေ အကိုင်း တော်တော်များများ ရလိုက်သည်။

ငုရုံသည် လွယ်လွယ်ကူကူလေးပင် အပင်အောက် ပြန်ဆင်းလာခဲ့သည်။ ဒီပိတောက်ကိုင်းတွေ အများကြီးကို ဘယ်သူမှ မမြင်အောင် အိမ်ထဲ ဘယ်လို သွင်းရမလဲ။ ဘုရားပန်းကပ်ပြီးတာတောင် အများကြီး ပိုနေဦးမှာ။ ငုရုံသည် သူရောက်နေသော နေရာက တစ်ဖက်ခြံနှင့် အတော်နီးနေတာ သတိထားမိသွားပြီး ဟိုဟိုသည်သည် ကြည့်လိုက်တော့ သော့ခတ်မထားသည့် ဘေးတံခါးလေး တစ်ခုကို သွားတွေ့သည်။ တစ်ဖက်ခြံမှာ ပိတောက်ပင် ရှိပုံမပေါ်ပါ။ အိမ်နီးနားချင်း တွေပဲ ပိတောက်ပန်း သွားပေးသင့်တာပေါ့နော်။ ရန်ကုန်မှာတုန်းကဆို ဖေဖေ့ အသိအိမ်က သူ့ခြံထဲက ပိတောက်ပန်းတွေ ပွင့်တိုင်း လာပေးနေကြ မဟုတ်လား။
ငုရုံသည် သူ့ဟာသူ စိတ်ဆုံးဖြတ်ပြီး ဘေးတံခါးလေးကို ဖွင့်ဝင်ကာ တစ်ဖက်ခြံထဲသို့ ပိတောက်ကိုင်းများနှင့်အတူ ရောက်သွားသည်။ အိမ်ပေါက်ဝမှာ လူရိပ်တစ်ရိပ် မြင်တာနှင့် အတော်ပဲ ဆိုပြီး ဝမ်းသာအားရ ခေါ်လိုက်မိသည်။

“အိမ်ရှင်တို့ ပိတောက်ပန်း လာပေးတာပါ”

ထိုလူသည် ပိတောက်ပန်း ဆိုသော အသံကို ကြားပြီး ငုရုံလက်ထဲမှ ပိတောက်ပန်းများကို ကြည့်ကာ တွန့်ကနဲ ဖြစ်သွားသည်။ သူ့မျက်နှာက ငုရုံလက်ထဲ စက်ဆုပ်ရွံရှာစရာတွေ ကိုင်ထားသလို သဘောမျိုး ဖြစ်နေသည်။
“မင်း ဘယ်ကလဲ၊ ဘာလို့ ပိတောက်ပန်းတွေ ယူလာတာလဲ၊ အခုထွက်သွားစမ်း..”

သူက ရုတ်တရက် အော်ပြောတော့ ငုရုံပင် ကြောင်အအ ဖြစ်သွားသည်။ ဘယ်လိုပါလိမ့်။ စေတနာနဲ့ ပိတောက်ပန်းတွေ ဘုရားတင်ဖို့ လာပေးတာကို…။ နေပါဦး..။ ဒီအိမ်က ဗုဒ္ဓဘာသာ မဟုတ်ဘူးလားမသိ။ ဗုဒ္ဓဘာသာ မဟုတ်လည်း အလှပန်းအိုးတော့ ထိုးလို့ ရတာပဲ မဟုတ်လား။ ဒါကို ဒီလောက် စိတ်ဆိုးစရာလား..။
သူ့အသံကြောင့် အိမ်ထဲက အမျိုးသမီးကြီးတစ်ဦး ထွက်လာသည်။

“သားရေ.. ဘာဖြစ်တာလဲ”
“ပိတောက်ပန်း လာပေးတာတဲ့ ယူမထားနဲ့နော် မေမေ”
သူက ဒါပဲ ပြောပြီး ငုရုံကိုလည်း တစ်ချက်မှ ပြန်လှည့်မကြည့်တော့ပဲ အိမ်တွင်းသို့ ဝင်သွားတော့သည်။
“သားက ဒီလိုပဲ၊ အားနာလိုက်တာ..၊ သမီးက ပိတောက်ပန်းလာပေးတာလား”
“ဟုတ်ကဲ့ အန်တီ သမီးက ဟိုဘက်ခြံကပါ၊ ပိတောက်ပန်းတွေ အများကြီး ပွင့်နေတာနဲ့ အန်တီတို့လည်း ဘုရားပန်းကပ်ရအောင် လာပေးတာပါ”
“သြော်၊ ကျေးဇူးတင်ပါတယ် သမီးရယ်၊ သားက ပိတောက်ပန်းမကြိုက်လို့ ပြောတာပါ၊ ဘယ်လိုမှ သဘောမထားပါနဲ့နော်”
“ဟုတ် ရပါတယ် အန်တီ၊ ဒီပန်းတွေကို ထားခဲ့ရမလား ပြန်ယူသွားရမှာလား ဟင်…”
“အို ထားခဲ့ပါ၊ အန်တီက ကြိုက်ပါတယ်၊ ဘယ်သူမှ မတွေ့အောင်ယူပြီး ဘုရားတင်လိုက်ပြီး သူတို့ကို ဘုရားခန်းထဲ မလာနဲ့ ပြောရင် ရပါတယ်၊ ကျေးဇူးပဲနော်”

ငုရုံသည် အိမ်ပြန်လာရင်း ထိုအန်တီ့ ပြောစကားကို ပြန်စဉ်းစားနေမိသည်။ အဲဒီအိမ်မှာ ပိတောက်ပန်း မကြိုက်တာ ဟိုလူ တစ်ယောက်တည်း ဟုတ်ပုံမရ။ ငုရုံသည် အဲဒီအိမ်မှာ အအော် ခံရတာတင်မက အိမ်ပြန်ရောက်တော့လည်း ပိတောက်ပန်းခူးသည့်အမှုနှင့် ဘွားဘွား သီသီ၏ အဆူကိုလည်း ခံရသေးသည်။ ဒါတောင် ငုရုံက တံချူနှင့် ခူးတာလို့ လိမ်ပြောထားတာ ဖြစ်သည်။ ပိတောက်ပင်ပေါ် တက်မှန်းသာ သိလို့ကတော့ မလွယ်ပါ။
*********

နောက်နှစ်ရက်လောက် မှာတော့ ပိတောက်ပန်း မုန်းသော ထိုလူနှင့် ထပ်တွေ့ဖို့ အကြောင်းဖန်လာသည်။ ဘွားဘွားက ညဘက်ကြီး သွေးတိုးပြီး ခေါင်းမူးတော့ ဒေါ်ကြီးက ဟိုဘက်အိမ်ကို သွားပြောသည်။ ထိုလူက ဆရာဝန် ဆိုတော့ လာကြည့်ပေးခြင်း ဖြစ်သည်။ မေမေ့ အစ်မ အပျိုကြီး နှင့် ဟိုဘက်အိမ်က သူ့မေမေက သူငယ်ချင်းတွေ ဖြစ်သည်တဲ့။သူ့နာမည်က ဒေါက်တာလင်းသစ်စ။

ဘွားဘွားကို ကြည့်ပေးပြီး ပြန်တော့ သူက ငုရုံကို ဟိုနေ့က အော်မိသည့် ကိစ္စအတွက် တောင်းပန်သည်။ သူက ပိတောက်ပန်းဆို လုံးဝ မကြည့်ချင်၊ အနံမခံချင် လောက်အောင် ဖြစ်တတ်လို့ပါဟု ဆိုသည်။ ပြောရင်း ဆိုရင်း အဲဒီ ပိတောက်ပန်းများကို ငုရုံက အပင်ပေါ် တက်ခူးခဲ့မှန်း သူသိသွားတော့ သူကလည်း ငုရုံကို အစကတည်းက ရင်းနှီးပြီးသား သူ့သူငယ်ချင်းလိုမျိုး ဆူပြောပြန်သည်။ ထူးဆန်းတာက ငုရုံနှင့် သူ ခုမှ စစကားပြောဖူးတာ ဖြစ်သော်လည်း ရှိုးတိုးရှန်းတန်းတွေ မရှိပဲ ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားသည်။ သူနှင့် ငုရုံ အစကတည်း သိကျွမ်းခဲ့ဖူးသူတွေလို…။

ဒေါ်ကြီး ပြောပြလို့ သူ့အကြောင်းတွေ သိရသည်။ သူကိုလည်း ဒီအိမ်က ဆုံးပါးသွားခဲ့သော ဘွားလေးစီစီ ဝင်စားတာလို့ သူ့အိမ် မိသားစုက ယုံကြည်ကြသည်။ သူက ယောက်ျားလေး ဖြစ်သဖြင့် အရပ်အမောင်း၊ ရုပ်ရည်တော့ ဘွားလေးစီစီ နှင့် သိပ်မတူသော်လည်း အစားအသောက် အနေအထိုင် အကြိုက်တူသည်ဟု သူ့အဘွားက ပြောဖူးသည်။ သူ ငယ်ငယ်တုန်းက အိပ်မက်ထဲမှာ ပိတောက်ပန်းနီနီတွေလို့ မက်ဖူးပြီး၊ လရောင်သေပြီ လို့လည်း ယောင်ယမ်းပြီး အော်ဖူးသည်။ နည်းနည်း ကြီးလာမှ အဲလို အိပ်မက်ယောင်တာ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ စီစီဘဝတုန်းက သူ့ကြောင့်၊ သူ ပိတောက်ပန်း ခူးခိုင်း မိလို့ လရောင် သေရတယ် ဆိုပြီး ပိတောက်ပန်းကို မုန်းနေသည်ဟု သူတို့က ယူဆကြသည်။

*********
(၄)

လင်းသစ်စ က စီစီ ဝင်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ငုရုံက လရောင် ဝင်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဒီဘဝမှာတော့ သူတို့နှစ်ယောက် သံယောဇဉ်က ရက်တိုတိုအတွင်း ခိုင်ခိုင်မာမာ ဖြစ်တည်ခဲ့လေသည်။ လင်းသစ်စ ပထမဆုံး တာဝန်အနေနှင့် ဒီမြို့နယ်မှာပဲ တာဝန်ကျတော့ သူ့အဘိုးအဘွားခြံထဲမှာပဲ နေနေသည်။ ငုရုံကတော့ လောလောဆယ် အလုပ်မရှိသေးသူမို့ ရန်ကုန်ပြန်ပြီး သင်တန်းတွေ ဆက်တက်နေသည်။ ဘာမှ ထူးခြားဆန်းပြားသော ဇာတ်လမ်းတွေ မရှိပါ။ ညတိုင်းလို တစ်ယောက်ယောက်က ဖုန်းစဆက်တတ်သည်။ ငုရုံကလည်း မိန်းကလေး ဆန်ဆန် မူတတ်သူ မဟုတ်ရာ လင်းသစ်စ မဆက်လျှင် သူကပဲ အရင် စဆက်တတ်သူ ဖြစ်သည်။

ငုရုံတို့က သူ့ဟာသူ အဆင်ပြေနေသော်လည်း အဆင်မပြေမှုကို စသည်က ဗေဒင်ကိန်းခန်း ဝါသနာပါသော လင်းသစ်စ၏ အဘိုး ဖြစ်သည်။ လင်းသစ်စ က လင်းက စမှည့်ထားသော်လည်း သောကြာသား ဖြစ်သည် တဲ့။ ငုရုံက နာမည်အတိုင်း တနင်္လာသမီး ဖြစ်သည်။ တနင်္လာ နှင့် သောကြာက အိမ်ထောင်ဖက် သက်မရှည် “သောက” ကိန်း မိနေသည်ဟု သူ့ဟာသူ တွက်ချက်ကာ မဖြစ်နိုင်ဟု သူ့မြေးကို ပြောသည်။ သူတို့ နှစ်ယောက်က ဒီလောက် ညတိုင်း ဖုန်းပြောနေတော့လည်း အိမ်ကလူတွေက နည်းနည်းတော့ ရိပ်မိလာကြသည်ပေါ့။ တကယ့်တကယ်တော့ သူတို့ နှစ်ယောက်က ဘာမှ မဟုတ်သေး။ ဒီလိုပဲ သူ့ဆေးရုံအကြောင်း၊ ကိုယ့်သင်တန်းအကြောင်း၊ သူ့အကြိုက်၊ ကိုယ့်အကြိုက် အလာပ သလာပ တွေ ပြောကြတာ ဖြစ်သည်။

လင်းသစ်စ အဘိုးက အဲလို ပြောသောအခါ ငုရုံ အဘွား ဒေါ်သီသီ ကလည်း ထောက်ခံသည်။ သူ့ခင်ပွန်းက တနင်္လာသား၊ သူက သောကြာသမီး ဖြစ်ပြီး သူ့ခင်ပွန်းက ငယ်ငယ်ရွယ်ရွယ်နှင့် ဆုံးပါးသွားသည့်အတွက် သူက ထိုဗေဒင် ကိန်းခန်းကို ယုံကြည်သည်။ အဲဒီအပြင် လင်းသစ်စ နှင့် ငုရုံတို့ နှစ်ယောက်တွဲမိလျှင် ကံကောင်းမည် မဟုတ်၊ အရင်ဘဝက အဖြစ်ကိုပဲ ကြည့်၊ အခုဘဝ နှစ်ယောက်ပေါင်းပြီး အဲလို အဖြစ်မခံနိုင် ဆိုပြီး အယူသည်းကြပြန်သည်။ အဲဒါနဲ့ပဲ သူငယ်ချင်း အဆင့်က မတက်သေးသော ငုရုံတို့ နှစ်ယောက်ကို ခုပဲ ကြိုက်နေကြပြီ ထင်ပြီး သင့်တော်သူ အသီးသီးနှင့် အိမ်ထောင်ရက်သား ချပေးကြမည်ဟု စီစဉ်ကြသည်။ ငုရုံ ဖေဖေ နှင့် လင်းသစ်စ ဖေဖေကတော့ ယောက်ျားသားတွေမို့ ဘာမှ ဝင်မပါပဲ ငုရုံတို့ စိတ်ကြိုက် သဘောတူသော်လည်း ကျန်မိသားစုဝင် အားလုံးက မဖြစ်မြောက်ရေးဘက်မှ မဲများကြသည်။

ကိုရီးယားရုပ်ရှင်တွေ ထဲကလို ငုရုံကို အိမ်ထောင်ဖက် တွေ့ဖို့ ပြောတော့ ငုရုံ တော်တော် စိတ်ညစ်သွားသည်။ လင်းသစ်စကိုလည်း ဆရာဝန်မလေး တစ်ယောက်နှင့် အတင်း ဖြစ်စေချင်နေသည် ဆိုသည်။ သောက တွေ ဘာတွေ ငုရုံတို့က မယုံကြည်ပါ။ သူ့ဘာသူ ဖြစ်ကိန်း ရှိတော့လည်း ဖြစ်ပေါ့၊ ဘာတတ်မလဲနော်…။ တနင်္လာနဲ့ သောကြာမို့ ဖြစ်ရမယ်လို့တော့ တစ်ထစ်ချ ပြောနိုင်ပါ့မလား…။

*********

“ငု နင် အိမ်ထောင်ဖက် တွေ့တယ်ဆို၊ ဘယ်လိုလဲ အဆင်ပြေရဲ့လား”
“အာ.. ကိုလင်းရာ၊ ပုံမလာပါဘူးဗျာ၊ ဒါပေမယ့် အဲလူကြီးက ကျွန်တော့်ကို သဘောကျသွားပြီတဲ့ ဘယ်လို လုပ်မတုန်း”
“ဟား ဟား.. မေမေ့ စကားနားထောင်လိုက်ပေါ့၊ သမီးလိမ္မာလေး မဟုတ်ဘူးလား”
“သမီးလိမ္မာလေး ပေမယ့် ကိုယ့်မချစ်တဲ့လူကိုတော့ မယူနိုင်ပါဘူးဗျာ၊ ဘယ်လိုလဲ၊ ကိုလင်းရော အိမ်က သဘောတူနဲ့ ဆရာဝန်မလေးနဲ့ တော်တော် အဆင်ပြေနေပြီလား၊ ချောချောလေးဆို”
“ချောပါတယ်၊ ဒါပေမယ့် မိတ်ဆွေတွေပါဟာ သူ့ကို ငါ ဘယ်လိုမှ ခံစားလို့ မရပါဘူး”
“ဟုတ်လား..”
“ငု ငါပြောစရာရှိတယ်”
“ပြောလေ ကိုလင်းရ၊ ခုလည်း ပြောနေတာပဲကို ဘာလဲ”
“ငါတို့ နှစ်ယောက် အိမ်ထောင်ပြုဖြစ်ရင် ကံမကောင်းနိုင်ဘူး ဆိုတာ နင်ယုံလား၊ နင်ကြောက်လား ဟင်..”
“ကိုလင်းကလည်း ဘာစိတ်ကူးပေါက်ပြီး မေးတာလဲ၊ ငုတော့ အဲလောက်ကြီး မယုံပါဘူး၊ ကြောက်လည်း မကြောက်ပါဘူး၊ ကိုယ့်မှာ ဖြစ်ဖို့ ကံပါလာရင်တော့ ဖြစ်မှာပဲပေါ့”
“ဒါဆို နင် ငါ့နောက်ကို လိုက်ရဲလား..”
“ကိုလင်းကလည်း ဘာတွေ ပြောနေတာလဲ”
“နင့်ကို ငါချစ်တယ်၊ စတွေ့ကတည်းက ငါ့စိတ်ထဲမှာ သတ်မှတ်ပြီးသား၊ ဘယ်လို စပြောရမှန်းမသိလို့ မပြောရဲသေးတာ၊ ခုအိမ်က ဟိုဆရာဝန်မလေးနဲ့ စေ့စပ်တော့မယ် တကဲကဲ လုပ်နေတယ်၊ ငါ လက်မခံနိုင်ဘူးဟ၊ ငါတို့ နှစ်ယောက် ခိုးပြေးကြရအောင်၊ နင် ငါ့နောက်ကို လိုက်မလား”
“ဟာ.. မဟုတ်တာပဲ ကိုလင်းကလဲ အဲလို မလုပ်နိုင်ပါဘူး၊ ဘယ်ဖြစ်မလဲ၊ ဆယ်ကျော်သက်တွေလည်း မဟုတ်”
“ငါတကယ် အတည်ပြောနေတာ၊ ငါအခု ခြံထဲဆင်းပြီး ဖုန်းပြောနေတာ၊ နောက် နှစ်ရက်လောက်နေရင် သင်္ကြန်ပိတ်ရက် ရောက်ပြီ ငါရန်ကုန် ဆင်းလာမလို့၊ နင် ငါ့ကို ချစ်တယ် မဟုတ်လား၊ မှန်မှန်ပြောဟာ..”
“ဟင်၊ အဲလို တစ်ခါတည်း ဖုန်းထဲက အဖြေတောင်းတဲ့ လူမျိုး ကြုံဖူးပါဘူး”
“ငု ကလည်း ဟာ နင်နဲ့ ငါနဲ့ ကြားမှာ မူနေစရာ လိုလိုလား”
“ဟွန်းး မမူပါဘူး ကိုလင်းရယ်၊ ငုကလည်း ကိုလင်းကလွဲပြီး တစ်ခြား ဘယ်သူ့မှ မချစ်နိုင်ပါဘူး”
“ဒါဆိုပြီးရော၊ ဒီသင်္ကြန်ပိတ်ရက်မှာ တို့တွေ နှစ်ဦးသဘောတူ လက်ထပ်ဖို့ စီစဉ်ရအောင်၊ ဒါဆို သူတို့လည်း ဘာမှ တတ်နိုင်တော့မှာ မဟုတ်ဘူးလေ”
“ကိုလင်းရယ်၊ နေပါဦးဟာ၊ ခွင့်တော့ တောင်းကြည့်ရဦးမှာပေါ့၊ ငုတို့ တစ်ခါမှ ပွင့်ပွင့်လင်းလင်း ပြောမကြည့်ဖူးပဲနဲ့.. ခွင့်ပြုရင် ပြုမှာပါ”
“ရမှာမဟုတ်ဘူး၊ ငါသိပါတယ်၊ ငုလည်း သိသားနဲ့၊ ပွင့်ပွင့်လင်းလင်း ပြောလိုက်ရင် ပိုဆိုးနေမယ်၊ ငုကို တစ်ခါတည်း အိမ်ထဲမှာ ပိတ်ပြီး သူတို့ သဘောတူတဲ့လူနဲ့ ပေးစားလိုက်ရင် ဘယ်လိုလုပ်မလဲ”
“အင်.. အဲလိုတော့ ဘယ်ဖြစ်မလဲ”
“ဒါဆို ငါပြောတာ နားထောင်နော်၊ ငါစီစဉ်လိုက်မယ်”

*********

သင်္ကြန်ဆို တစ်ခါမှ ခရီးမထွက်ဖူးသော၊ တရားစခန်း ဝင်ချင်ဝင်၊ မဝင်လျှင် အိမ်တွင်းအောင်းလေ့ရှိသော လင်းသစ်စတစ်ယောက် အခုတော့ ခရီးထွက်ခဲ့ရသည်။ ကံကြမ္မာက ထူးခြား ဆန်းကြယ်သည်။ ပိတောက်မုန်းသော လင်းသစ်စ တစ်ယောက်မှ ပိတောက်ပန်းကြိုက်သော မိန်းကလေးနှင့် ဖူးစာဆုံရသည်။ သင်္ကြန်ခရီးထွက်ဖို့ ရွေးချယ်တော့ လင်းသစ်စက ပိတောက်တွေ သိပ်ဝေလေ့မရှိသော ပြင်ဦးလွင်ကို ရွေးချယ်လိုက်သည်။ ပိတောက်တွေ ပွင့်နေတာ မြင်လျှင် ခုထိ သူ့စိတ်က ရှုပ်ထွေးပြီး မနှစ်မသက် ဖြစ်မိတုန်း။

နှစ်ယောက်သား အိမ်တွေကိုတော့ သူငယ်ချင်းတွေနှင့် ခရီးထွက်မည် ဆိုပြီး ယုံအောင် ညာခဲ့ကြသည်။ အပေါင်းအသင်း မင်တတ်သော၊ မကြာခဏ ခရီးသွားလေ့ရှိသော ငုရုံကို ငုရုံအိမ်က သိပ်မအံ့သြသော်လည်း လင်းသစ်စ အိမ်ကတော့ တော်တော်အံသြပြီး စစ်လား ဆေးလား လုပ်ကြသေးသည်။ ရန်ကုန်က သူငယ်ချင်း တစ်ယောက်ကိုပင် အကူအညီတောင်းပြီး ပြောခိုင်းရသေးသည်။ လင်းသစ်စက ဦးဆုံး ရန်ကုန် ဆင်းလာပြီး ငုရုံနဲ့ ချိန်းရသည်။

ခုတော့ နှစ်ယောက်သား ရန်ကုန်-ပြင်ဦးလွင် စေတမန် Express ကားပေါ်တွင် ရောက်နေကြပြီ။ မကြီးမငယ်နှင့် ခိုးပြေးရတာ ရှက်စရာ ကောင်းပေမယ့် ပျော်စရာလည်း အကောင်းသား။ ငုရုံက ပြင်ဦးလွင် ရောက်ဖူးသော်လည်း လင်းသစ်စက တစ်ခါမှ မရောက်ဖူးပါ။  ကားပေါ်မှာ ရှိနေတုန်း ညဘက် မိုးတစ်ပြိုက်နှစ်ပြိုက် ရွာတာကို ကြုံရသည်။ မနက်စောစောစီးစီး ကားပေါ်က ဆင်းတော့ မြေသင်းနံတွေ နှင့်အတူ မြေပြင်က သိပ်သိပ်သည်သည်း ဖြစ်နေသည်။ ကြိုတင် မှာထားသော ဟိုတယ်မှာ တည်းကြသည်။ မနက်ကျလျှင် တရားရုံးမှာ လက်မှတ်သွားထိုးကြမည်။ မန္တလေးက သူငယ်ချင်း နှစ်ယောက် ဆင်းလာပြီး အသိသက်သေ လုပ်ပေးလိမ့်မည်။

မနက်စောစော ဟိုတယ်က ထွက်ပြီး လမ်းလျှောက်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ပိတောက်တွေ ပွင့်နေသော ပိတောက်ပင်တစ်ပင်ကို လမ်းဘေးမှာ မြင်ရသည်။ လင်းသစ်စက သူမကြိုက်သော အနံကို သတိထားမိသွားစဉ် ဟိုဟိုဒီဒီ မော့ကြည့်နေသော ငုရုံက ပိတောက်တွေကို စမြင်သွားသည်။ ပိတောက်တွေကို တံချူနှင့် ခူးနေသော လူတစ်ယောက် ရှိနေသည်။

“ဟယ် ဟိုမှာ ပိတောက်ပန်းတွေ ခူးနေတယ်၊ တစ်ခက်လောက် တောင်းပေးနော်”
ငုရုံသည် ရုတ်တရက်တော့ လင်းသစ်စ ပိတောက် မုန်းတာကို မေ့ပြီး ပြောလိုက်မိသည်။ ဖေဖေနှင့် အတူသွားရင်း အဲလို တွေ့လျှင်လည်း ဖေဖေ့ကို တောင်းခိုင်းဖူးသလို ပြောလိုက်မိတာ ဖြစ်သည်။ လင်းသစ်စလည်း ငုရုံဆွဲခေါ်ရာသို့ ပါသွားရင်း သူပြောသလိုပင် ပိတောက်ပန်း တောင်းပေးလိုက်သည်။ ပိတောက်ပန်းတွေ မြင်သော်လည်း အရင်လောက် စိတ်ထဲ မကြောက်ရွံမိတော့။ ချစ်သော မိန်းကလေးက ပိတောက်ကြိုက်သူ ဖြစ်နေ၍လား မပြောတတ်ပါ။ ပိတောက်တစ်ခက်က လင်းသစ်စ လက်ထဲ ရောက်လာသည်။ ငုရုံကလည်း သူမုန်းသော ပိတောက်တစ်ခက် သူ့လက်ထဲမှာ ရှိနေတာကို သဘောတကျ ဖြစ်သွားရင်း “ပန်ပေးလေ” ဟု ပြောမိသွားသည်။ လင်းသစ်စကလည်း ခါတိုင်းလို ပိတောက်တွေ့တာနဲ့ မျက်နှာလွှဲတာ၊ အော်ဟစ်တာတွေ မလုပ်တော့ပဲ အသာတကြည်ပင် ငုရုံခေါင်းက ကလစ်လေးကို ဖြုတ်ကာ ပန်ပေးလိုက်သည်။ ငုရုံကတော့ ပြုံးပြုံးကလေး…။ ငုရုံသာ အနားမှာ ရှိနေလျှင် လင်းသစ်စ အတွက်က ဘယ်အရာကိုမှ ကြောက်စရာ မလိုတော့ဟု ခံစားရသည်။

“ပိတောက်က ဘာမှ ကြောက်စရာ မကောင်းပါဘူး ကိုလင်းရယ်နော်..၊ ငုရုံနဲ့ ကိုလင်း စတွေ့တာလည်း ပိတောက်တွေ လာပေးရင်း စတွေ့တာလေ၊ ပိတောက်က ငုရုံတို့ ဖူးစာရှင်ပါနော်.. ငုရုံတို့ နှစ်ယောက်အတွက် ပိတောက်က ကောင်းခြင်းတွေပဲ ဆောင်ကျဉ်းလာမှာပါ ယုံထားလိုက်ပါနော်”
ငုရုံက လင်းသစ်စ လက်ကို တွဲခို လျှောက်ရင်း ပြောလိုက်မိသည်။
“ဒါပေါ့… ငုရုံသာ ငါ့အနားမှာ အမြဲရှိနေရင် ဘာမှ ဂရုမစိုက်ပါဘူး၊ အရာရာ ရင်ဆိုင်နိုင်ပါတယ်..”

သိင်္ဂါကျော်

19 March, 2013

နွေဦးသံဝေဂ

နွေဦးသစ်ရွက်တွေ ကြွေတယ်..
နွေဦးရွက်နုတွေ သစ်တယ်..
သစ်ရွက်တစ်ရွက်ရဲ့ သက်တမ်း
အရမ်းတိုတောင်းနေတာကိုပဲ မင်းမြင်မယ်
နွေဦးတွေ တစ်ခါပြီးတစ်ခါ လာနေတာ
ဘယ်လောက် မြန်တဲ့အကြောင်း
မင်း သတိထားမိမယ် မထင်ဘူး...။

ကလေးလေးတွေ တစ်ယောက်ပြီးတစ်ယောက်
မင်း မျက်စိရှေ့ ကြီးပြင်းလာကြတာကိုပဲ မင်းမြင်မယ်
အချိန် သင့်တာရော မသင့်တာရော
တဖြုတ်ဖြုတ် ဆုံးပါးကြတဲ့ အသက်တွေ အကြောင်း
မင်း သတိထားမိမယ် မထင်ဘူး...။

အရေပြားတစ်ထောက်က ဘာများအရေးပါသတဲ့လဲ
အရွယ်ကို ဘယ်သူကများရော လက်ဆွဲခေါ်ထားနိုင်သတဲ့လဲ
ဇရာကို မိတ်ကပ်လိမ်း ပန်းပန်ကြသူတွေ များနေတယ်
မင်းအလှအပနဲ့ ရမ္မက်ခေါ်ဆိုမှုက ဘာ့အတွက်များလဲ
နုပျိုမှုကို ထာဝရသိမ်းနိုင်မယ် ထင်သူတွေ များနေတယ်။

မင်းပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ မြေတွေကို
ဘယ်ချိန်ထိ ပိုင်နိုင်မတဲ့လဲ
မင်းသေသွားတဲ့အခါ ၆ပေ တစ်ကွက်တောင်မှ အနိုင်နိုင်မဟုတ်လား။
မင်းပိုင်ဆိုင်တယ်လို့ ထင်နေတဲ့ စည်းစိမ်ဥစ္မာတွေကို
ဘယ်ဘဝအထိ သယ်ယူသွားနိုင်မယ် ထင်နေသလဲ
ပိုင်ဆိုင်မှုအတွက် တိုက်ခိုက်နေကြတာ ကမ္ဘာအစမှ အဆုံးတိုင်ပဲလား
ဒီနေ့ ကမ္ဘာကြီး ပျက်သွားခဲ့ရင်
မင်း ပိုင်ဆိုင်တာတွေထက် မင်းကိုယ်တိုင်ရော တင်ကျန်နိုင်မှာတဲ့လား။

မင်းကိုလည်း ဘာကမှ မပိုင်ဘူး
မင်းကလည်း ဘာကိုမှ မပိုင်ဘူး
အရှိထက် အသိက ခက်ခက်နေကြဆဲ
ငါတို့ ကိုယ်၌က အချိန်မရွေး ကြွေကျနိုင်တဲ့
နွေဦးသစ်ရွက်တွေပါပဲလေ..
ဘာအတွက်များ မာနတွေနဲ့ ငြင်းခုန်နေကြဦးမလဲ...။

သိင်္ဂါကျော်