27 February, 2016

မပြောင်းလဲသူ


အရာရာ ပြောင်းလဲဖို့ ပြင်နေချိန်မှာ
ဘာမှ မပြောင်းလဲသူက ငါပဲကွယ့်။

သာမန်ဘဝတွေက
အမြဲတမ်း လိုအပ်ချက်တွေ ပြည့်နေတတ်တယ်။
အမြဲတမ်း အိပ်ကပ် ပါးနေတတ်တယ်။

သာမန်ဘဝတွေက
ငြီးငွေ့စရာ အလုပ်တွေနဲ့ ပြည့်နေတတ်တယ်။
စိတ်အားထက်သန်ခြင်းတွေ ပါးရှား နေတတ်တယ်။

အသုံးမကျတာကို တဖွဖွ ရွတ်ရင်း
အသုံးကျအောင် ကြိုးစားဖို့လည်း
အားလပ်ချိန်တွေ ပေးဆပ်ရဖို့ နှောင့်နေးနေလေသူ။

မိုက်မဲ တွေဝေမှုက
ဘဝနဲ့ ရင်းပြီး မရှိနိုင်ခဲ့ရင်
တစ်ချို့ ရေစက်တွေက
တစ်သက်စာ ဖူးစာအထိ ရောက်ချင်မှ ရောက်လိမ့်မယ်။

ပြောင်းလဲခြင်း ဆိုတာ
လုပ်တိုင်းလည်း ကောင်းတာ မဟုတ်ဘူး။
မလုပ်တိုင်းလည်း ကောင်းတာ မဟုတ်ဘူး။

စာတစ်အုပ် ကော်ဖီတစ်ခွက်နဲ့
ရာသီသုံးပါး ရောင့်ရဲနိုင်ပါရဲ့
နောက်ဆုံးပေါ် smart phone နဲ့ laptop တွေ မလိုအပ်ပါ။
စိတ်ကူးတွေ ရေးစီဖို့ laptop အဟောင်းတစ်လုံး
မျက်နှာစာအုပ်နဲ့ ဆက်သွယ်ဖို့ phone အဟောင်းတစ်လုံးနဲ့ တင်
စကားပြောဖော် မရှိပဲ ကျေနပ်နိုင်ပါရဲ့
ကိုယ့်နေ့ရက်တွေလေ။
အရင်လိုပဲ ဟောင်းမြဲ ဟောင်းဆဲပေါ့။

(သိင်္ဂါကျော်)

25 February, 2016

ပျက်ချိန်တန်


ရေများတဲ့ နေရာတွေမှာ
ရေစီးဆင်းမှုက အမြဲမပြတ်ပေမယ့်
ရေခမ်းခြောက်တဲ့ နေရာတွေမှာတော့
ရေတစ်စက် တစ်စက် ရဖို့ မနည်းပါပဲ။
ကံအကြောင်းတရား မတူညီတာကို
ဘယ်နတ်ဖုရားကမှ ညှိယူလို့ မရတာပါ။

အခါမဲ့ မိုးတွေရွာတာက
အတွင်းစိတ်ထဲက လောဘတွေထက်
ပိုနိုင်ပါ့မလား။
မတော်တဆ မီးတွေက
အတွင်းစိတ်ထဲက ဣသာ မစ္ဆိရိယတွေထက်
ပိုပြီး လောင်မြိုက်နိုင်ပါ့မလား။
အပူလှိုင်း ဆိုတာတွေက
အတွင်းစိတ်ထဲက ဒေါသတွေထက်
ပိုပူနိုင်ပါ့မလား။

မသိနားမလည်ခြင်းတွေက
တစ်စစီပြန့်ကျဲနေတဲ့
လမ်းပေါ်က ပန်းတွေရဲ့ အစပါ။
ထိန်းမနိုင်သိမ်းမရခြင်းတွေက
စွန့်ပစ်ခံ ပန်းတွေရဲ့ အစပါ။
သန္ဓေမအောင်တဲ့ ပန်းတွေကို ပွင့်လန်းစေဖို့ရာ
အားလုံးမှာ တာဝန်ရှိပါရဲ့ ။

အတ္တဖုံးထားတဲ့ ဆန္ဒတွေကို မချိုးနှိမ်ပဲနဲ့
ငြိမ်းချမ်းနိုင်စရာ လမ်းစရှိပါ့မလား။

အသစ်အသစ်တွေဆီ လမ်းဖောက်ရင်းနဲ့
ယဉ်ကျေးမှု အဟောင်းတွေ ပျောက်ပျောက်လာတာရော
သတိထားမိကြရဲ့လား။

အကျိုးဆက်တိုင်းမှာ အကြောင်းတရားက ရှိပါတယ်
လက်မခံချင်တာပဲ ဖြစ်မှာပါ။

စိတ်ကူးယဉ် အထူးပြုလုပ်ချက်တွေလောက်
ခမ်းခမ်းနားနား မရှိပဲနဲ့
ကမ္ဘာကြီးက တစ်စစီ ပဲ့ကြွေတော့မှာပါ။
အဲဒီအချိန်လေး မရောက်ခင်တခဏ
အမုန်းတရားနဲ့ အတ္တတွေ လျှော့ချကြဖို့ရာ
အားလုံးပဲ ကြိုးစားသင့်ပါရဲ့။

သိင်္ဂါကျော်
25.2.2016

14 September, 2015

မနှစ်မြို့သော


သူမသည်
အပေါ်ယံသက်သက် ပြုံးပြသော ဟန်ဆောင်အပြုံးများကို မနှစ်မြို့ ။
စိတ်ထဲက မပါသော ချီးကျူးစကားများကို မနှစ်မြို့ ။
အတွင်းစိတ်နှင့် မကိုက်ညီသော ဟန်ဆောင် အပြုအမူများကို မနှစ်မြို့ ။

သူမသည်
ကိုယ်စိတ်နှင့် မတိုက်ဆိုင်တိုင်း သူတစ်ပါးကို အလွယ်တကူ အပြစ်တင်တတ်သူများကို မနှစ်မြို့ ။
ကိုယ်အကြိုက်နှင့် မတူတိုင်း သူတစ်ပါးကို မကောင်းထင်တတ်သူများကို မနှစ်မြို့ ။

သူမသည်
အခွင့်အရေးအတွက် ကပ်ဖားရပ်ဖား လုပ်တတ်သူများကို မနှစ်မြို့ ။
ရလိုမှုအတွက် အပေးအကမ်း ရက်ရောတတ်သူများကို မနှစ်မြို့ ။

သူမသည်
အရည်အချင်းထက် နီးစပ်ရာ ကြည့်တတ်သော ရွေးချယ်မှုများကို မနှစ်မြို့ ။
မျှတစွာ စိစစ်မှုထက် လက်သိပ်ထိုး ထည့်တတ်သော ရွေးချယ်မှုများကို မနှစ်မြို့ ။
မှန်ကန်သော ဆုံးဖြတ်မှုထက် အားနာပါးနာ မျက်နှာကြည့်တတ်သော ရွေးချယ်မှုများကို မနှစ်မြို့ ။

သူမသည်
အလုပ်တာဝန် အတွက် ငြီးငြူတတ်သူများကို မနှစ်မြို့ ။
တန်းတူညီမျှမှု မရှိသော တာဝန် ခွဲဝေမှုများကို မနှစ်မြို့ ။
ကိုယ့်အောင်မြင်မှုအတွက် သူတစ်ပါးကို နင်းချတတ်သော သူများကို မနှစ်မြို့ ။

သူမသည်
ဂုဏ် ငွေ အလဲအထပ်နှင့် အချစ်မပါသော အိမ်ထောင်ရေးများကို မနှစ်မြို့ ။
အက်ကွဲနေသည့် သစ္စာတရားကို ဓလေ့ထုံးတမ်းနှင့် ပိတ်ဆို့ထားရသည့် အိမ်ထောင်ရေးများကို မနှစ်မြို့ ။

သူမသည်
အချစ်တစ်ခုအတွက် ဘဝပျက်ခံတတ်သည်များကို မနှစ်မြို့ ။
အချစ်ခြင်းမညီ သစ္စာမတည်သည့် နှစ်ဦးနှစ်ဖက် မမျှတသော အချစ်ရေးများကို မနှစ်မြို့ ။
ဖြစ်သင့်သည် တစ်ခု၊ ဂုဏ်သိက္ခာတစ်ခု အတွက် စိတ်ချမ်းသာ ပျော်ရွှင်မှုကို နင်းချေရခြင်းများကို မနှစ်မြို့ ။

သူမသည်
.......
....... ။

သိင်္ဂါကျော်
14.9.2015

16 June, 2015

မဆုံဖြစ်တော့တဲ့အခါ


အမှတ်တမဲ့ ချစ်ခြင်းတစ်ခုကနေ
မင်းဘက်က ရှေ့တိုးမလာနိုင်တဲ့အခါ
ငါ့ဘက်ကလည်း ရှေ့တိုးမလာနိုင်ခဲ့။
အတုအယောင် ကမ္ဘာထဲမှာပဲ
စိတ်ကူးယဉ် ကျေနပ် နေတတ်အောင် ကြိုးစားခဲ့ရ။

မဖြစ်နိုင်ခြင်းကို သိသိနဲ့
ရေစီးကြောင်းလို သံယောဇဉ်က
ဖြတ်လို့ မပြတ်နိုင်ကြတဲ့အခါ
နောက်ဆုတ်ဖို့ ကြိုးစားရင်း နေမြဲတိုင်း ရပ်တန့် ဆဲမှာ
အချိန်တွေသာကြာပြီး
စိတ်ဖိစီးမှုတွေလည်း များလာခဲ့ရ။

အိပ်မက်ဆိုတာ တစ်ချိန်မှာ နိုးထရမှာ
သေချာခြင်း တစ်ခု ဆိုရင်
မင်းနဲ့ ငါရဲ့ ချစ်ခြင်းအိပ်မက် ကနေ
တစ်ချိန်ချိန်မှာ နိုးထလိုက်ရမှာ သိသိနဲ့
အဆုံးသတ်တစ်ခု ရှိမှာကို မတွေးချင်ခဲ့ကြ။

မင်းဘက်က ပဟေဠိဆန်တာတွေ
မသိယောင်ဆောင်ရင်း အိပ်မက် ဆက်မက်နေသူပါ
စတင်နိုးထသူဟာ ငါမဖြစ်လိုဘူး။
မင်းဘက်က အိပ်မက် ဆက်မမက်တော့ဖို့
ဆုံးဖြတ်နိုင်ခဲ့ရင်..
ငါလည်း
သံယောဇဉ်ကြိုးတွေ ဖြေလျှော့နိုင်လိမ့်မယ် ထင်ရဲ့။

ဒါပေမယ့်လေ
မင်း ဖုန်းပိတ်ထားတဲ့အခါ
ထင်နေကြအတိုင်း ငါ့ကို ထားခဲ့ပြီ ထင်ဆဲပဲ။
မင်းဘက်က ဇာတ်လမ်းဖြတ်လိုက်တဲ့အခါ
စိတ်သက်သာရာရတယ်လို့ ငါ့ကိုယ်ငါ ပြောတယ်။
ဒါပေမယ့်လေ
နောက်ဆုံးအနေနဲ့ ဆိုပြီး
ပိတ်ထားတဲ့ ဖုန်းကို ခေါ်ကြည့်မိဆဲ။
မင်း ဖုန်းပြန်ဆက်တဲ့အခါ
စိတ်ကောက်ဖို့ မေ့ပြီး ပြန်ပြေလည်မိလိမ့်မယ်။

တို့နှစ်ယောက် မဆုံဖြစ်တော့တဲ့အခါ
မင်း ချစ်ခြင်းကို အမြဲ အမှတ်ရနေလိမ့်မယ်။
မင်း အဆင်ပြေဖို့ကို မျှော်လင့်ရင်း
ငါလည်း အဆင်ပြေပါလိမ့်မယ်။
အဖြူထည် ချစ်ခြင်းတစ်ခုနဲ့
ငါ ကျေနပ်နိုင်တဲ့အခါ
ဘာမှလည်း မလိုအပ်တော့ပါ။

သိင်္ဂါကျော်
16.6.2015
9:25 PM

20 April, 2015

ချစ်ခြင်းဟာ ထူးဆန်းတယ်


ချစ်ခြင်းဟာ ထူးဆန်းတယ်
မရည်ရွယ်ပါပဲလည်း စတင်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မမြင်မတွေ့ မရင်းနှီးဖူးပေမယ့်လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မချစ်သင့်မှန်း သိရက်နဲ့လည်း ချစ်မိတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
မသင့်တော်မှန်း သိရက်နဲ့လည်း ဖြတ်ဖို့ ခက်တတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်ခြင်းဟာ အရာအားလုံး မဟုတ်ဘူး
ကိုယ့်စိတ်ကိုယ် အသိဉာဏ် ဆေးသွင်းလည်း
မိုက်မဲမြဲ မိုက်မဲ နေတတ်တယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ချစ်သူအတွက် ရည်ရွယ်တဲ့အခါ
တစ်သက်တာ မလုပ်ဖူးတဲ့ အလုပ်တွေလည်း လုပ်လာနိုင်တယ်။
တစ်သက်တာ မကြိုးစားဖူးသမျှလည်း ကြိုးစားဖြစ်သွားတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
သူ မရှိလို့ မဖြစ်တော့ဘူးလို့ ယုံကြည်လာတဲ့အခါ
အရာအားလုံး ရင်ဆိုင်ရဲလာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
နှစ်ယောက်တစ်ဘဝအတွက် ပန်းတိုင်ထားလိုက်တဲ့အခါ
ဆုံးဖြတ်ချက် အဟောင်းတွေ စွန့်ပစ်လိုက်နိုင်တယ်။
ဆုံးဖြတ်ချက် အသစ်တွေ အကောင်အထည် ဖော်တတ်လာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
တစ်သက်တာအတွက် ရည်ရွယ်ပြီ ဆိုတဲ့အခါ
မတူညီတာတွေ ညှိယူတတ်လာတယ်။
ကိုယ့် အတ္တတွေ လျှော့ချတတ်လာတယ်။
အနာဂါတ်ဘဝ လှဖို့ နှစ်ဦးအတူ ကြိုးစားတတ်လာတယ်။

ချစ်ခြင်းဟာ ထူးဆန်းတယ်
ကောင်းချီးပေးသူ မရှိပေမယ့်လည်း
နှစ်ယောက်တစ်ဘဝဟာ
အရာရာ အဆင်ပြေနေတတ်ပြန်တယ်။

သိင်္ဂါကျော်

19 April, 2015

စိတ်ဖိစီးမှုကို လျှော့ချရန် လွယ်ကူသော ငါးမိနစ် နည်းလမ်းများ


စီးပွားရေး၊ လူမှုရေး၊ သားရေး၊ သမီးရေး၊ စသည်ဖြင့် စိတ်ဖိစီးစရာ များလှသော ယနေ့ ခေတ်ကြီးတွင် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည့် နည်းလမ်းများကို သိရှိ လိုက်နာကြရန် လိုအပ်လာပါသည်။

အစားအသောက်

လက်ဖက်စိမ်းရည် (Green Tea)၊ ဆေးဖက်ဝင် အရွက်များခပ်ထားသော လက်ဖက်ရည်၊ လက်ဖက်ရည်ကြမ်း များသည် ဒေါသကို လျော့ကျစေနိုင်သော အစွမ်းသတ္တိ ရှိပါသည်။ အချိုဓာတ်ကလည်း နာဗ်ကြောများကို ငြိမ်သက်စေနိုင်သော သတ္တိရှိသည်။ ချောကလက် အနက်ကို စားသုံးခြင်းဖြင့် စိတ်ဖိစီးစေသော ဟော်မုန်းများကို ပုံမှန်ပမာဏ ပြန်ရောက်စေပြီး ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်များကို ပုံမှန်ဖြစ်အောင် ညှိပေးနိုင်သည်။ ပျားရည် တစ်ဇွန်းခန့် သောက်ခြင်းကလည်း စိတ်ကျခြင်းနှင့် ဒေါသထွက်ခြင်း တို့ကို လျှော့ချပေးနိုင်သည်။ သရက်သီး ပေါ်ချိန်တွင် သရက်သီးမှည့်ကို စားသောက်ပေးခြင်းကလည်း ဖိစီးမှုကို လျော့ကျစေနိုင်သည်။ မင်သော် အရသာ၊ သီးစုံအရသာ၊ စသည့် ပီကေများကို မိနစ်အနည်းငယ် ဝါးခြင်းကလည်း လောလောဆယ် ထွက်နေသော ဒေါသကို ပြေလျော့စေနိုင်သည်။

ငြိမ်းချမ်းမှုကို ရှာခြင်း

စိတ်အေးချမ်းမှု ရရှိရန် လူမရှိသော တောင်များပေါ်အထိ တက်ရောက်ရန်မလိုပါ။ ငါးမိနစ်ခန့်  တရားထိုင်ခြင်းက ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်ပါသည်။ တစ်ရက်လျှင် ၂ ကြိမ် မိနစ်အနည်းငယ် တရားထိုင်ခြင်းက စိတ်ဖိစီးမှုနှင့် စိတ်ကျခြင်း တို့ကို သက်သာရာ ရစေနိုင်သည်။ တိတ်ဆိတ်သော နေရာတွင် အသက်ရှုသွင်း ရှုထုတ်ခြင်းကို အာရုံစူးစိုက်၍ နေခြင်း အားဖြင့် ဒေါသစိတ်များကို ပျောက်ကွယ် စေနိုင်ပါသည်။

အလုပ်ခွင်တွင် ပင်ပန်းနေသော နေ့လည်များတွင် သင်သည် ကောင်းမွန်စွာ ပြည့်ပြည့်ဝဝ အိပ်စက်မှုတစ်ခု လိုအပ်နိုင်ပါသည်။ သို့သော်လည်း ရုံးခန်းအလည်တွင် ဟောက်သည်အထိ အိပ်၍လည်း မဖြစ်နိုင်ပါ။ အကယ်၍ ခေါင်းအုံးတစ်လုံးပေါ် ခေါင်းချ၍ အိပ်လိုက်နိုင်လျှင်တော့ ဖြေလျှော့ပြီးသား ဖြစ်နိုင်သည်။ သင့် ဦးခေါင်းကို စားပွဲခုံပေါ်မှာပဲ ဖြစ်ဖြစ် ခဏလောက် ချလိုက်ပြီး ခေါင်းအုံးပေါ် အိပ်နေရသည်ဟု စိတ်ကူးယဉ်ကြည့်ပါ။ သင့် စိုးရိမ်မှုတွေ အားလုံး ခေါင်းအုံးက စုပ်ယူသွားပြီဟု စိတ်ကူးယဉ်လိုက်ပါ။ ဖိစီးမှုများ လျော့ကျသွားပါလိမ့်မည်။

အသက်ကို ဖြည်းဖြည်းမှန်မှန် နက်နက်ရှိုင်းရှိုင်း ရှုသွင်းရှုထုတ် ပြုလုပ်ခြင်းသည်လည်း သွေးပေါင်ချိန်နှင့် နှလုံးခုန်နှုန်းကို လျော့နည်း စေနိုင်သည်။ ယောဂ နည်းလမ်းများသည်လည်း ထိုကဲ့သို့ အသက်ရှုခြင်းကို အခြေခံသည်။ ထိုနည်းလမ်းသည် စိတ်နှင့် ကိုယ်ခန္ဓာကို balance ညီအောင် ညှိပေးနိုင်သည်။ ဒေါသထွက်နေချိန်တွင် တင်းမာနေသော ကြွက်သားများကို ဖျစ်ညှစ်ခြင်း၊ ဖြေလျှော့ခြင်း သည်လည်း စိတ်ငြိမ်သက်မှုကို ပေးစွမ်းနိုင်သော နည်းလမ်း တစ်ခု ဖြစ်သည်။ စိုးရိမ်စိတ်များဖြင့် တင်းကျပ်နေချိန်တွင် ဂဏန်းများကို ၁ မှ ၁၀ သို့ ရေတွက်၊ ပြီးလျှင် ပြောင်းပြန် ၁၀ မှ ၁ ရေတွက်ခြင်းကို ဖြည်းညှင်းစွာ ပြုလုပ်ခြင်းသည်လည်း စိတ်ဖြေလျှော့နိုင်သည့် နည်းလမ်း တစ်ခု ဖြစ်သည်။

မြင်ယောင်စိတ်ကူးခြင်း နည်းလမ်းသည်လည်း စိတ်ဖြေလျှော့နိုင်သော နည်းတစ်ခုပင် ဖြစ်သည်။ သင့်ကို ပျော်ရွှင်စေခဲ့သော ဖြစ်ရပ်တစ်ခုခု၊ သို့မဟုတ် ပျော်ရွှင်စေနိုင်မည့် တစ်စုံတစ်ရာကို တွေးတောစိတ်ကူး မြင်ယောင် ကြည့်ခြင်းဖြင့် လတ်တလော တင်းမာနေသော စိတ်များကို ပြေလျော့စေနိုင်ပါသည်။ နောက်ထပ် နည်းလမ်း တစ်ခုမှာ သင့်မျက်စိများကို မှိတ်ထားခြင်း ဖြစ်သည်။ အလုပ်များသော ရုံးအလုပ်များမှ အားချိန်လေး ခဏလောက် ယူလိုက်ပြီး သင့် မျက်ခွံများကို မှိတ်ထားလိုက်ခြင်းပင် ဖြစ်သည်။ တည်ငြိမ်မှု နှင့် အာရုံစူးစိုက်မှုကို ပြန်လည်ရယူနိုင်မည့် လွယ်ကူသော နည်းလမ်း တစ်ခု ဖြစ်ပါသည်။

ကိုယ်ခန္ဓာတစ်ခုလုံးကို ပြေလျှော့စေခြင်း

ကိုယ်ကိုယ့်ကိုယ် လက်ဖြင့် နှိပ်နယ်ခြင်းသည် စိတ်နှလုံး ငြိမ်သက်၍ ဖြေလျှော့ခြင်းကို ဖြစ်စေနိုင်သည်။ နှိပ်နယ်ခြင်းသည် keyboard ကို အချိန်ကြာကြာ နှိပ်ရသူများကိုလည်း ပြေလျှော့အောင် အကူအညီ ဖြစ်စေနိုင်သည်။  lotion တစ်ခုခု လိမ်းပြီး လက်မ အောက်ခြေမှ ကြွက်သားကို အခြေခံပြီး နှိပ်နယ်ပေးခြင်းသည် ပခုံး၊ လည်ပင်း၊ ဦးရေပြားများကို စိတ်ဖိစီးမှုကို လျှော့နည်း သက်သာစေနိုင်သည်။ ပြင်းထန်စွာ ဖိနှိပ်ခြင်းသည် တင်းကျပ်ခြင်းကို ဖြစ်စေနိုင်သော်လည်း ဖြည်းညှင်းစွာ အချက်အချာ နေရာများကို ဖိနှပ်ခြင်းကို တင်းကျပ်ခြင်းကို ပြေလျှော့စေနိုင်သည်။ ဂျပန်ရိုးရာ acupressure နှိပ်နယ်ခြင်းသည် ခန္ဓာကိုယ် အတွင်း သွေးလှည့်ပတ်မှု နှင့် အင်အားဓါတ်များကို မှန်ကန် ညီညွတ်စေသည်။ လက်မနှင့် လက်ညှိုးကို အသုံးပြုပြီး လက်မနှင့် အခြားလက်ချောင်းများ ခွကြားရှိ ပျော့သော နေရာကို နှိပ်နယ်ပေးပါ။ မွှေးသော အဆီ တစ်ချို့ ကို အသုံးပြုပါက ပိုမို ကောင်းမွန်ပြီး ပြေလျှော့ခြင်းကို ဖြစ်စေနိုင်သည်။

သင့် ခြေထောက်၊ ခြေဖဝါးများကို ဂေါ့က်ဖ် ဘောလုံးဖြင့် နှိပ်နှယ် လှိမ့်ပေးခြင်းသည်လည်း ပြေလျော့ခြင်းကို ဖြစ်စေနိုင်သည်။ သင်သည် သင့်လုပ်ဖော်ကိုင်ဖက်၊ ယောကျ်ားလေး မိတ်ဆွေ စသည်တို့ကို စိတ်ဆိုးသည့်အခါ ထိုသူတို့ကို ကိုယ်ထိလက်ရောက် မလုပ်နိုင်သည့်အစား ဖိနှိပ်၍ ရသော ဘောလုံးပျော့ပျော့ကို ဖိနှိပ် ပစ်လိုက်ပြီး  ဒေါသကို ဖြေပါ။ လွယ်ကူပြီး ကြမ်းတမ်းခြင်း မရှိသည့် တင်းမာမှု လျှော့ချနိုင်သည့် နည်းလမ်း ဖြစ်သည်။ စိတ်ဖိစီးမှု အရမ်း ဖြစ်လာသည့်အခါ ရေချိုးခန်း၊ (အိမ်သာခန်း) သို့ ဝင်၍ မျက်နှာ၊ နားနောက်ဘက်များ နှင့် လက်များကို ရေအေးဖြင့် ဆွတ်ပါ။ ထိုနေရာများသည် အရေပြားအောက်ခြေထိ ရေစိမ့်ဝင်နိုင်ရာ အေးစိမ့်မှုက ခန္ဓာကိုယ်တစ်ခုလုံးကို တည်ငြိမ်မှု ဖြစ်အောင် ကူညီပေးလေသည်။ စိတ်ရှုပ်လာသည့်အခါ သင့်ခေါင်းကို ဖီးပေးခြင်း၊ ပန်းကန်များဆေးခြင်း၊ သိုးမွေးထိုးခြင်း စသည်တို့ကလည်း စိတ်ပြေလက်ပျောက် ဖြစ်စေပါသည်။

ပတ်ဝန်းကျင်အသစ်

လူတိုင်း တောထဲက သစ်သားအိမ်လေးထဲမှာ သွားနေနိုင်မည် မဟုတ်ပါ။ သို့သော် ငါးမိနစ်ခန့် တစ်ယောက်တည်း နေခြင်းက သင့် အတွေးများကို စုစည်းမှု ပေးနိုင်ပြီး သင့်ဦးနှောက်ကို ရှင်းလင်းစေရန် အကူအညီပေးနိုင်ပါသည်။ ရေချိုးခန်းထဲတွင် ခဏ ဝင်နေခြင်းသည် ပြင်ပမှ အသံ တိတ်ဆိတ်မှု ရှိချင်မှ ရှိမည် ဖြစ်သော်လည်း ထိုကဲ့သို့ သင် စိတ်ပြေလက်ပျောက် ဖြစ်စေနိုင်မည့် စိတ်ဖိစီးမှုများမှ လုံးဝ ကင်းလွတ်သော နေရာလေး တစ်နေရာကို ရှာနေပါ။ သက်တောင့်သက်သာ ကုလားထိုင်တစ်လုံး၊ အလင်းရောင် ဖျော့ဖျော့နှင့် နေရာတစ်ခု ပြင်ဆင်ပြီး စိတ်တင်းကျပ်မှုတို့ တစ်စစီ ပြိုကွဲသွားသည်အထိ မိနစ် အနည်းငယ်ကြာမျှ နေပါ။

နေရောင်တောက်ပသော နေ့တွင် အပြင်ထွက်ခြင်းသည်လည်း သင့် စိတ်ဓာတ်များကို မြှင့်တင်ပေးနိုင်သည့် လွယ်ကူသော နည်းတစ်ခု ဖြစ်ပေသည်။ တောက်ပသော အလင်းရောင်သည် စိတ်ဓာတ်ကျနေသော လူများကို အကျိုးပြုစေသော ကုသမှု တစ်ခု ဖြစ်သည်။

စိတ်ပျက်စရာကောင်းသော အရာများကို ဆက်တိုက် လုပ်ကိုင်နေရသောအခါ ငါးမိနစ်ခန့် ဘာမှ မလုပ်ပဲ အနားယူကာ ပြတင်းပေါက်အပြင်ကို ခဏ ကြည့်ပေးပါ။ သဘာဝအလှအပ သစ်ပင်များ၊ ပန်းခြံများ စသည်ကို ကြည့်ရခြင်းက တီဗွီ၊ ကွန်ပျူတာ ကြည့်ခြင်းထက် ပို၍ သင့် စိတ်ကိုရော မျက်စိကိုပါ သက်သာရာ ရစေသည်။ သင့် အလုပ်စားပွဲပေါ်တွင် ရှုပ်ပွနေသော အရာများကို မြင်ရခြင်းကလည်း စိတ်ရှုပ်စေသည်ဖြစ်ရာ သင့် စားပွဲခုံ၊ သင့်နေရာကို ပြန်လည် ရှင်းလင်း နေရာချပါ။ သင်လိုအပ်သလောက် အရာကိုသာ အပေါ်ယံထားပြီး မလိုသည်များကို သိမ်းဆည်းပါ။

လေ့ကျင့်ခန်းလုပ်ခြင်း

ယောဂ ကျင့်စဉ် အချို့ကို မှန်မှန် လုပ်ဆောင်ပေးခြင်းကလည်း ခန္ဓာကိုယ်ကို ညီညွတ်မျှတစေသလို စိတ်ကိုလည်း ငြိမ်းချမ်းစေပါသည်။ ခြေထောက်ဆန့်၊ လက်ဆန့် လုပ်ခြင်း၊ ကြွက်သားများ ဆန့်ထုတ်ခြင်း၊ ပခုံးများလှည့်ခြင်း၊ ခေါင်း လေ့ကျင့်ခန်း လုပ်ခြင်း စသည်တို့ကလည်း ဖိစီးမှု ပြည့်နှက်နေသော အလုပ်ရက်များအတွင်း ပြေလျှော့မှုကို ဖြစ်စေပါသည်။

စိတ်ဖိစီးမှုများ၏ အဝေးသို့ ထွက်ပြေးရန် မဖြစ်နိုင်သော်လည်း တန်ဖိုးရှိသည့် လက်တွေ့ လုပ်နိုင်သော အရာ ရှိပါသည်။ တစ်နေရာထဲတွင် ပြေးသကဲ့သို့ လေ့ကျင့်ခန်း လုပ်ခြင်းသည် ဦးနှောက်နှင့် နဗ်ကြောများအတွင်းရှိ ဟော်မုန်းတစ်ချို့ကို ထွက်စေပြီး စိတ်ပြေလျော့စေသည်။ ကိုယ်ကာယ လေ့ကျင့်ခန်း အနည်းငယ် လုပ်ခြင်းကလည်း တင်းမာသော စိတ်ဖိစီးမှုကို လျှော့ကျရန် အကူအညီ ဖြစ်စေသည်။ သင် အလုပ်လုပ်နေရင်း ပင်ပန်းလေးလံလာသည့်အခါ၊ အာရုံစူးစိုက်ရန် ခက်ခဲလာသည့်အခါ ထိုင်ခုံမှထ၍ ကော်ရစ်တာ တစ်လျှောက် ဖြစ်စေ၊ block တစ်ခုလုံးကို ပတ်၍ ဖြစ်စေ လမ်းလျှောက်လိုက်ပါ။ သင်တစ်ယောက်တည်း ဖြစ်သွားသည့် အချိန်က အကျိုးအများကြီး ရှိစေပါသည်။ ကိုယ်လက် လှုပ်ရှားမှုလည်း လုပ်ဖြစ်သွားပြီး သင့်အတွေးများကို စုစည်းရန် မိနစ် အနည်းငယ်လည်း ရသွားပါသည်။

ဖျော်ဖြေမှုနှင့် ဖန်တီးမှု

သင့် စိတ်ခံစားချက်ကို စာရွက်ပေါ်တွင် (သို့) ဒိုင်ယာရီ စာအုပ်ထဲတွင် ချရေးလိုက်ပါ။ ထိုကဲ့သို့ လုပ်ခြင်းက ခံစားရသည်ကို သက်သာစေပြီး စာမေးပွဲကြီးများ အတွက် ကြိုးစားနေစဉ် စိတ်ဖိစီးမှု များနေချိန်၌ ထိုကဲ့သို့ ပြုလုပ်ပါက သင့် အမှတ်များ တိုးတက်လာနိုင်ပါသည်။

ကြိုက်နှစ်သက်ရာ သီချင်းများကို နားထောင်ခြင်းသည်လည်း စိတ်ရော ကိုယ်ပါ ပြေလျော့စေသော ကြီးမားသော အကျိုးသက်ရောက်မှုကို ရစေပါသည်။ မဆူညံလွန်းသော သီချင်းများသည် ခန္ဓာကိုယ် ဖြစ်စဉ်များအပေါ် အကျိုး သက်ရောက်ရုံသာမက သွေးစီးဆင်းမှုနှင့် နှလုံးခုန်နှုန်းကို နှေးကွေးစေပြီး သွေးပေါင်ချိန်ကို လျှော့ကျစေကာ စိတ်ဖိစီးမှု ဖြစ်ပေါ်စေသည့် ဟော်မုန်းများကိုလည်း လျှော့ကျစေသည်။ တေးဂီတ နားထောင်ခြင်းသည် မကောင်းသော ခံစားချက်များကို လျှင်မြန်စွာ ပုံမှန်ဖြစ်စေပါသည်။ သီချင်းဟောင်း သီချင်းကောင်း ရှေးသီချင်းများကို အိပ်ရာမဝင်ခင် နားထောင်ခြင်းသည်လည်း စိတ်ကိုဖြေလျှော့ပေးနိုင်သည်။ သီချင်းနားထောင်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်သာမက ဦးနှောက်၏ လေ့လာနိုင်စွမ်းနှင့် မှတ်မိနိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါသည်။

ရိုးရာ အကဖြစ်စေ၊ ခေတ်ပေါ်အက ဖြစ်စေ ကခြင်းသည်လည်း လအနည်းငယ်ခန့် ကြာလျှင် ဒေါသထွက်ခြင်းကို လျော့နည်းသွားစေနိုင်သည်။ နောက်တစ်နည်းမှာ သင့်တွင် စိတ်ဖိစီးမှု များနေသည်ဟု ထင်နေပါက crossword puzzle ပဟေဠိများ ဖြေကြည့်ခြင်းပါ။ အာရုံ စူးစိုက်ပြီး ဦးနှောက်သုံးရသော ကစားနည်းများသည် စိုးရိမ်ပူပန်မှုများကို သင့်စိတ်ထဲမှ ထုတ်ပစ်ပေးနိုင်သည်။

ရနံများ

မွှေးရနံများသည် ကျွန်မတို့၏ စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်ပါသည်။ နှင်းဆီရနံများ ရရှိ ခံစားနေရချိန်တွင် ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း ဖြစ်ဖို့ ခဲယဉ်းလှသည်။ သင့် အလုပ်နေရာ (သို့) နေထိုင်ရာ အိပ်ခန်းတွင် သင်ကြိုက်သော ရနံရှိသည့် ပန်းများကို ထားရှိခြင်းပြီး ဒေါသထွက်တိုင်း ပန်းရနံကို ရှုရှိုက်ပေးပါ။ လာဗင်န်ဒါ သို့  လက်ဖက်ရနံ သို့ အခြားမွှေးရနံ ရှိသည့် အဆီ တစ်ခုခုကို သင့် လက်ဖဝါးပေါ် တစ်စက်ခန့် ချ၍ ရှုရှိုက်ပေးပါ။ စိတ်တည်ငြိမ်စေသော ရနံများသည် ဖိစီးမှုကို လျှော့ချရန် အကူအညီပေးပါသည်။ ဦးနှောက်နှင့် ဆက်စပ်လျှက်ရှိသော နှာခေါင်းမှ လာသည့် ရနံ၏ လှုံဆော်မှုသည် ခံစားချက်များကို ပုံမှန်ဖြစ်စေပါသည်။

သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီး၊ ဂရိတ်ဖရုသီး၊ လိမ္မော်သီးတို့၏ ရနံများသည်လည်း စိတ်ဖိစီးမှှု လျော့ကျစေသော ဟော်မုန်းတစ်ချို့ကို တိုးစေခြင်းဖြင့် စိတ်ဖိစီးမှှုမှ သက်သာရာရအောင် ကူညီပေးနိုင်ပါသည်။ ကော်ဖီရနံကလည်း စိတ်ဖိစီးစေသော ဟော်မုန်းများကို လျော့ကျစေပါသည်။

လူမှုအဖွဲ့အစည်းနှင့် ပျော်ရွှင်စရာ

ကြမ်းတမ်းခက်ခဲသော နေ့တစ်နေ့အတွက် အိမ်မွေးတိရိစ္ဆာန် တစ်ကောင်နှင့် အချိန်ဖြုန်းရခြင်းသည် သင့်ကို ပြုံးစေနိုင်သည်။ အိမ်မွေးတိရိစ္ဆာန်လေးများက သင်၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို တိုးပွားစေနိုင်ပြီး လူမှုအဖွဲ့အစည်းများမှ ဝိုင်းပယ်ခံရသော ခံစားချက်များကိုပင် သက်သာရာရစေသည်။

စိတ်ဖိစီးမှု များနေသောအခါ ရယ်မောပေးပါ။ ဟာသ စာအုပ်တစ်အုပ်ဖတ်ခြင်း၊ သို့  YouTube မှ ဟာသ ဗွီဒီယို တစ်ပုဒ် ကြည့်ကာ ရယ်မောလိုက်ခြင်းဖြင့် ဖိစီးမှုများ လျော့ကျသွားပါလိမ့်မည်။ တစ်စုံတစ်ရာ သင့်ကို စိတ်အနှောက်အယှက် ဖြစ်စရာ ရှိလျှင် ယုံကြည် စိတ်ချရသော လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ မိသားစုဝင် တစ်ယောက်ယောက်ကို ပြောပြပြီး မျှဝေ လိုက်ပါ။ စိတ်သက်သာရာ ရသွားပါလိမ့်မည်။

တက်လာသော လှိုင်းလုံးများ၊ ပူနွေးသောသဲသောင်ပြင်၊ ဆံနွယ်များကို တိုက်ခတ်လာသော လေညှင်း။ အနည်းဆုံးတော့ ပုံရိပ်က ကောင်းမွန်လှသည်။ အလုပ်မှ ခဏ အနားယူပြီး သွားနိုင်မည့် အားလပ်ရက် ခရီးထွက်စရာ နေရာကို ရှာပါ။ ခရီးစဉ်တစ်ခု၏ ပျော်စရာ အားလုံးလည်း စီစဉ်ကတည်းက ထည့်ထားနိုင်သည်။ ဘာပဲဖြစ်ဖြစ် ခရီးထွက်ခြင်းက စိတ်ဖိစီးမှုကို ဖြေဖျောက်နိုင်သည်ကိုတော့ လူတိုင်း လက်ခံကြမည်ထင်ပါသည်။


Shana Lebowitz ၏ 40 Ways to Relax in 5 Minutes or Less ကို မှီငြမ်းပါသည်။

သိင်္ဂါကျော်