08 July, 2008

အချစ်မှာဦးသူ ရ၏

၁၉၀၄ ခုနှစ်တွင် တင်းနိစ္စပြည်နယ် နောက်စ်ဗီးလ်မြို့၌ မီးရထားလမ်းဆောက်လုပ်ရေး မြို့ပြအင်ဂျင်နီယာတွေ စခန်းချလေသည်။ အယ်လ် အင် အမ်စခန်းတွင် ယောက်ျားသားများအတွင် တဲစခန်းများ၊ နွေးထွေးသော မီးဖိုများ၊ လက်ရာကောင်းသော စားဖိုမှူးများနှင့် ခေတ်အမီဆုံးသော လက်နက်ကိရိယာတွေ အစုံအလင် ရှိသည်။ အမှန်မှာတော့ ရာစုနှစ်အလှည့်အပြောင်း တစ်ခုတွင် မီးရထားလမ်း ဆောက်လုပ်ရေးအတွက် မြို့ပြအင် ဂျင်နီယာ တစ်ယောက်အဖြစ် အလုပ် လုပ်ရခြင်းသည် တကယ့်ကို နောက်ကြောင်း ပြန်လှည့် ချင်စရာကောင်းလှသည်။ လူပျိုလှည့်ချင်စရာ မိန်းကလေးများက အလုပ်ခွင်နယ်ပယ်မှာ အလွန်ကို ရှားပါး လှသည် မဟုတ်လား။


ဘင်ဂျမင် မာရဲလ်သည် ထိုကဲ့သို့သော အင်ဂျင်နီယာတစ်ယောက်ဖြစ်သည်။ သူသည် အရပ်ရှည် ရှည်နှင့် နှုတ်ဆိတ်နေတတ်ကာ လူတွေနှင့်ပတ်သက် လျှင် သိမ်သိမ်မွေ့မွေ့ ဆက်ဆံပြောဆိုတတ်သည်။ အေးအေးချမ်းချမ်း နေတတ်သည်။ သူသည် နယ်လှည့် သွားလာနေရသော မီးရထားလမ်း အင်ဂျင်နီယာဘ၀ကို ပျော်မွေ့နေသူဖြစ်သည်။ သူ့အသက် ၁၃နှစ်အရွယ်မှာ မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။ ငယ်ရွယ်စဉ်မှာပင် ဆုံးရှုံးမှုတွေ ကြီးမာခဲ့၍ သူသည် တစ်ကိုယ်တည်းနေတတ် လာခဲ့သည်။


သူသည်လည်း တခြားယောက်ျားသားတွေလို ပင် တစ်ခါတရံမှာ မိန်းမသားအဖော် ရှိချင်သည့် ဆန္ဒမျိုး တောင့်တတ်သည်။ သို့ရာတွင် သူ၏ ဆန္ဒကို သူနှင့် ဘုရားသခင်မှလွဲ၍ မည်သူမျှမသိအောင် သိုသိပ်ထား သည်။ ထူးထူးခြားခြား အမှတ်ရစေနိုင်လောက်သည့် နွေဦးတစ်နေ့မှာတော့ အလွန်ထူးခြားလှသော သတင်း ကောင်းသည် သူတို့စခန်းအတွင်းသို့ ပျံ့နှံ့လာ၏။ ထို သတင်းကတော့ သူတို့စခန်းအကြီးအကဲ၏ ခယ်မအလည်လာမည် ဆိုသည့် သတင်းပင်ဖြစ်သည်။ စခန်း မှာ ရှိနေသူတွေအားလုံးကလည်း သူမနှင့်ပတ်သက်၍ အချက်သုံးချက်ကိုသာ သိထားကြသည်။ တစ်ချက်က သူမ၏အသက်သည် ၁၉နှစ်၊ ဒုတိယတစ်ချက်က သူမ သည် အပျို၊ တတိယအချက်က သူမသည် အလွန်လှသည်ဟူ၍ပင်။ ထိုနေ့ နေ့လည်ပိုင်းတွင် စခန်းရှိလူများသည် သူမ၏ အကြောင်းကို ဟိုစစ ဒီစစ ပြောဆိုလာကြ၏။ သူမ၏ မိဘများက တောင်ပိုင်းဒေသတွင် ကူးစက်ပျံ့နှံ့လာသော အသားဝါရောဂါဆိုးမှ လွတ်မြောက်ရန်အတွက် သူမကို ဤစခန်းသို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ နောက်သုံးရက်ဆိုလျှင် သူမ ဒီစခန်းကို ရောက်လာပေတော့မည်။ စခန်းမှ တစ်ယောက်က သူမ၏ဓာတ်ပုံကို တွေ့သောကြောင့် ထိုဓာတ်ပုံသည် စခန်းတစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး သူမကို သူ့ထက်ငါ အပြိုင်အဆိုင် စိတ်ဝင်စားနေကြလေသည်။


ဘင်သည် ထိုမိန်းကလေး ရောက်လာမည့် အရေးအတွက် ကြိုတင်ကာ ပျော်မြူးနေသည့် သူ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများကို စောင့်ကြည့်နေသည်။ တစ်ခါမှ မမြင်ဖူးသည့် မိန်းကလေးတစ်ယောက်ကို အရူးအမူးဖြစ်နေကြသည့် သူ့သူငယ်ချင်းတွေကို နောက်ပြောင်နေသည်။
“ဘင်၊ မင်း သူ့ရဲ့ဓာတ်ပုံကို တစ်ချက်ကလေး တော့ ကြည့်လိုက်ကွာ၊ ပြီးတော့မှ မင်းစိတ်မ၀င်စားဘူးဆိုတဲ့အကြောင်း ငါတို့ကို ပြောပြ” ဟု သူငယ်ချင်းတစ်ယောက်က ဘင့်ကို မခံချင်အောင်ပြောသည်။ သို့ရာတွင် ဘင်ကတော့ ခေါင်းကိုခါပြီး တဟားဟားရယ် ရင်း ရှောင်ထွက်သွားသည်။
နောက်ထပ် နှစ်ရက်ကုန်လွန်သွားသောအခါ စခန်းမှာရှိနေသည့် လူတွေအားလုံးသည် မိမိတို့၏ အလုပ်ကိုပင် အာရုံမစိုက်နိုင်လောက်အောင်ပင် ဖြစ်နေကြသည်။ သူမ စီးလာမည့်ရထားသည် စနေနေ့ မနက် စောစော အချိန်တွင် ဆိုက်ရောက်လာတော့မည်။ ထို့ကြောင့် ပိုးပန်းလိုသူတို့သည် မိမိတို့၏ အကြံအစည်များ ကို အသေးစိတ် ပြောဆိုဆွေးနွေးနေကြသည်။ သူတို့ အားလုံးသည် ရေမိုးချိုးသန့်စင်၍ ခေါင်းမှာ ဆီတွေ ပြောင်လက်နေအောင်လိမ်းကာ ဆံပင်တွေကို နောက်လှန်ဖြီးသင်ထားပြီး သူမအလွယ်တကူ မေ့မသွားနိုင်လောက်အောင်ပင် သွားရောက် ကြိုဆိုကြမည် ဖြစ် သည်။ ထိုအခါ သူမသည် သူတို့အုပ်စုကို သေသေချာ ချာ ကြည့်ပြီး အချောမောဆုံးတစ်ယောက်ကို ရွေးချယ် ကာ ချစ်သူအဖြစ်ရွေးချယ်လိမ့်မည် ဟု သူတို့ ထင်နေကြသည်။ ကံအထူးဆုံးလူ အနိုင်ယူကြေးဟု သူတို့ အချင်းချင်း ညှိနှိုင်းသဘောတူထားကြသေးသည်။ ကိုယ်စီကတော့ မိမိသည်သာ မဟာကံထူးရှင်ဖြစ်ရမည်ဟု သွေးနားထင်ရောက်နေကြလေသည်။


သောကြာနေ့ညမှာတော့ စခန်းရှိ လူများသည် စနေနေ့မှာ ၀တ်စားဖို့အတွက် အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေကြသည်။ ရေချိုးသူက ချိုးသည်။ ဘင်သည် စခန်းမီးပုံဘေးရှိ သစ်တုံးပေါ်တွင် ထိုင်နေ၏။ မီးပုံ၏ မီးအလင်းရောင်ထဲတွင် လိမ္မော်ရောင် တစ်စုံတစ်ရာ လက်ခနဲဖြစ်သွားသည်ကို ဘင် တွေ့လိုက်ရသည်။ သူသည် ထိုအရာကို ချက်ချင်းကောက်ယူလိုက်၏။ သူ့ သူငယ်ချင်းများသည် သူတို့၏ အရေးအတွက် အလုပ်ရှုပ်ပြီး၊ မိမိကိုယ်မိမိသာ ဂရုစိုက်နေကြသော ကြောင့် မိန်းကလေး၏ ဓာတ်ပုံကို မြေကြီးပေါ်မှာ ဒီအတိုင်း ပစ်ချထားခဲ့ကြခြင်းဖြစ်မည်။ ဘင်သည် မိန်းကလေး၏ ဓာတ်ပုံကို ပထမဦးဆုံးအကြိမ်အဖြစ် ကိုင်ကြည့်နေသည်ကို တွေ့လိုက်ကြသော စခန်းရှိ လူများသည် အလွန် တအံ့တသြ ဖြစ်သွားကြသည်။ သို့သော်လည်း ဘင်သည် ဗာဂျီးနီးယားဂရေ့စ်၏ ဓာတ်ပုံကို ပျောက်ဆုံးနေသည့်ရတနာတစ်ပါး ကို သူ့လက်ကြီးထဲမှာ ကိုင်တွယ်ထားသည်ကိုလည်းကောင်း၊ ထိုဓာတ်ပုံကို အကြာကြီး စိုက်ကြည့်နေသည် ကိုသော်လည်းကောင်း မည်သူမျှ သတိမထားမိကြပေ။ ဓာတ်ပုံထဲက မချောလေး၏ ပုံကို ပထမဦးဆုံးစကြည့်မိစဉ်မှာ ပြောင်းလဲသွားသည့် ဘင်၏ မျက်နှာအမူအရာကို မည်သူမျှ သတိမထားမိကြပါ။ ဘင်၏ မျက်နှာအမူအရာ မှာ တစ်ခဏချင်းမှာပင် စခန်းရှိလူများအားလုံးသည် သူ၏ ပြိုင်ဘက်တွေ ဖြစ်သွားကြပြီဟု ယူဆရမည့် မျက်နှာထားပင် ဖြစ်လေသည်။ ဘင်တစ်ယောက် သူ့တဲဆီသို့ ပြန်သွားကာ နေ၀န်းကြီးတောင်စွယ်မှာ ၀င်သွားသည်နှင့် တစ်ပြိုင်နက် ကျောပိုးအိတ်ကိုလွယ်ပြီး စခန်းမှ ထွက်ခွာသွားသည်ကို မည်သူမျှ မသိလိုက်ကြပေ။


နောက်တစ်နေ့မနက်ခင်းမှာတော့ အယ်လ်အင် အမ်စခန်းမှ ကိုယ်တော်ချောတွေအားလုံး မီးရထားဘူတာရုံမှာ စုရုံးနေကြလေသည်။ ဗာဂျီးနီးယား၏မိသားစုမှာလည်း စခန်းမှ ကိုယ်တော်ချောများ၏ ပုံတွေကိုကြည့်ပြီး မရယ်မိဘဲ မနေနိုင်အောင် ဖြစ်နေကြလေသည်။ စခန်းမှ လူများ၏ မျက်နှာတွေမှာ ရွက်ကြမ်းရေကျိုမှ အစ မုတ်ဆိတ်ရိတ်သင်ထားသည့် မျက်နှာတွေအဆုံး အမျိုးစုံနေသည်။ အပေါစားရေမွှေးအစုံကိုလည်း ဆွတ်ဖျန်းထားကြလေသည်။ ဘူတာကို လာကြသည့် လူတွေထဲမှ အများစုသည် လမ်းမှာတွေ့သော တောပန်းများကိုပင် ခူးလာခဲ့ကြလေသည်။


နောက်ဆုံးတော့ ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် ရထားဥသြသံကို ကြားရပြီးနောက် ရထားကြီး ဘူတာထဲသို့ ဆိုက်လာသည်။ အယ်လ် အင် အမ်စခန်း တစ်ခုလုံးက မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ရသော မချောလေးသည် ရထားပေါ်မှ ပလက်ဖောင်းပေါ်သို့ ဆင်းလာပါတော့သည်။ သူမကို မြင်လိုက်ရသော ကိုယ်တော်ချောများမှာ သက်ပြင်းသက်မ အကုန်ချကြလေသည်။ သူမသည် သူတို့မြင်ခဲ့ရသည့် ဓာတ်ပုံထဲက ထက်ပင် ပိုပြီး ချောမောလှပနေသေးသည်။ နောက် တော့ လာကြိုကြသူအပေါင်း၏ နှလုံးသားတို့မှာ လွန်စွာ စိတ်ပျက်သွားကြလေသည်။ အကြောင်းမှာ သူမ၏ လက်ကို ပိုင်စိုးပိုင်နင်းဖြင့်တွဲလျက် အစွမ်းကုန်ပြုံးနေသည့် ဘင်ဂျမင်ကိုပါ တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။ မချောလေးကလည်း ဘင်ဂျမင်ကို မော့ပြီးပြုံးပြ နေသည်ကိုပါတွေ့လိုက်ရ၍ ပိုးချင်ပန်းချင်နေကြသော လာကြိုသူအပေါင်းတို့မှာ သူတို့ကြိုးစားလည်း အလကား ပဲဆိုတာကို သဘောပေါက် သွားကြလေသည်။
နောက်တော့ ဘင်၏ သူငယ်ချင်းများက “မင်း ဘယ်လိုလုပ်ပြီး ရထားပေါ်မှာ ပါလာရတာလဲကွာ” ဟု ၀ိုင်းမေးကြ၏။


ထိုအခါ ဘင်က “မင်းတို့တွေအကုန်လုံးနဲ့အတူ ငါပါရောပြီး သူကလေးကို ပိုးပန်းဖို့ ကြိုးစားမယ်ဆိုရင် ငါ့မှာ အခွင့်အရေးရဖို့မလွယ်ဘူးဆိုတာ ငါသိတယ်ကွ။ သူ့ရဲ့ စိတ်ဝင်စားမှုကို ခံချင်ရင် သူ့ကို အရင်ဆုံး မြင်ခွင့်ရမှ ဖြစ်မယ်ဆိုတာကို ငါ သဘောပေါက်ထားတယ်လေ။ ဒါကြောင့် ငါလည်း ဒီဘူတာရဲ့ ရှေ့က တစ်ဘူတာကို လမ်းလျှောက်သွားပြီး သူ စီးလာမယ့် ရထားကို သွား စောင့်နေတာပေါ့။ ရထားရောက်လာတော့ ငါလည်း ရထားပေါ်တက်ပြီး ငါ့ကိုယ်ငါ သူ့ကိုလာရောက်ကြိုဆို တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြလိုက်တယ်”
“ဟ၊ ငါတို့နဲ့ အနီးဆုံးဘူတာက ၁၇မိုင် လောက်ဝေးတာပဲက” ဟု ဘင့် မိတ်ဆွေတွေထဲမှ တစ်ယောက်က မယုံနိုင်သလို ၀င်ပြောသည်။
“မင်း သူစီးလာတဲ့ ရထားကိုမီဖို့ဆိုရင် ၁၇မိုင် လောက် လမ်းလျှောက်ရမှာပဲ။ ၁၇မိုင် ဆိုတဲ့ခရီးက တစ်ညလုံးတောင် လျှောက်ရမှာ” ဟုလည်း ဆိုသည်။
“အေးလေ၊ ငါ တစ်ညလုံး လမ်းလျှောက်သွား ခဲ့တာပဲ” ဟု ဘင်က ပြန်ဖြေသည်။


ထိုသို့ဖြင့် ဘင်ဂျမင် မာရဲလ်သည် ဗာဂျီးနီးယား ဂရေ့စ်ကို ပိုးပန်းခဲ့ရာ အချိန်တန်သောအခါ သူတို့နှစ်ယောက် ချစ်သူတွေ ဖြစ်သွားကြပြီး အိမ်ထောင်ပြု လိုက်ကြလေသည်။ သူတို့တွင် သားသမီး ငါးယောက် မွေးဖွားခဲ့ပြီး ၁၂နှစ်အရွယ်သားကလေးတစ်ယောက်က တော့ ကွယ်လွန်ခဲ့သည်။ ကျွန်တော့် အထင်ပြောရလျှင် သူတို့နှစ်ယောက်သည် တချို့ အမျိုးသမီးမဂ္ဂဇင်းတွေမှာ ရေးကြသလို ထာဝရမကုန်ခမ်းနိုင်သော အချစ်မျိုးကို ထူထောင်ကြမည်မဟုတ်ပါ။ သောကြာနေ့တိုင်း ချိန်းတွေ့ကြတာမျိုးလည်း ရှိခဲ့မည်မဟုတ်ပါ။ လက်တွေ့ဘ၀ မှာတော့ ဘင်သည် ဗာဂျီးနီးယားနှင့် အချိန်ပြည့် နေရရှာသည် မဟုတ်ပါ။ မြို့ပြအင်ဂျင်နီယာ တစ်ယောက် ၏တာဝန်ကိုထမ်းဆောင်နေရသည်။ သူတို့သမီးလေး မွေးစဉ်ကဆိုလျှင် ဘင်သည် သမီးတစ်လပြည့်မှသာ မြင်တွေ့ရသည်။ ဘင်သည် ဗာဂျီးနီးယားကို အလွန် ဈေးကြီးသော စားသောက်ဆိုင်များသို့ ခေါ်မသွားပါ။ ချစ်သက်လက်ဆောင်ဟူ၍ ပေးဖူးသည်မှာလည်း ရံဖန်ရံခါမှသာ ၀ယ်ပေးဖြစ်သည့် သံလွင်ဆီပုလင်းများသာ ဖြစ်သည်။ ဗာဂျီးနီးယားသည် ည၀တ်အင်္ကျီကိုဝတ်ပြီး ရေခဲသေတ္တာကိုပတ်ကာ ဘင်ကို လိုက်ဖမ်းသလားဆို တာကိုတော့ ဒီကနေ့အထိတိုင် မသိနိုင်သော လျှို့ဝှက်ချက်တစ်ခုအဖြစ် ရှိနေပါသည်။


ကျွန်တော်သိသမျှ သူတို့အကြောင်းကတော့ သူတို့သည် တစ်ယောက်ကိုတစ်ယောက်သစ္စာရှိခြင်း၊ တစ်ယောက်ကိုတစ်ယောက် လေးလေးစားစားနှင့် တွေးတွေးဆဆ ဆက်ဆံခြင်း၊ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခြင်း ဖြင့် အိမ်ထောင်ရေးဘ၀ကို တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ သူတို့သည် ချစ်ခြင်းမေတ္တာဖြင့် သားသမီးများ ကိုပြုစုပျိုးထောင်ခဲ့သည်။ အခက်အခဲ ကာလများကို ရင်ဆိုင်ရာတွင်လည်း တစ်ယောက်နှင့်တစ်ယောက် မေတ္တာမပြယ်ခဲ့ပေ။


ကျွန်တော်သည် ဘင်နှင့် ဗာဂျီးနီးယားတို့၏ မြစ်တွေထဲမှ တစ်ယောက်ဖြစ်သည်။ ကျွန်တော်ကလေး ဘ၀ကတည်းက ဘိုးဘိုးဘင် ကွယ်လွန်သွားခဲ့သည်။ ထို့ကြောင့် ကျွန်တော် ဘိုးဘိုးကို သေသေချာချာ မမှတ်မိတော့ပါ။ ဘွားဘွား ဗာဂျီးနီးယားကတော့ ကျွန်တော့်အသက် ၁၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ဘွားဘွား ကွယ်လွန်ချိန်တွင် ၈၅ နှစ် ရှိနေပြီဖြစ်သည်။ ကျွန်တော်မှတ်မိသလောက်ကတော့ ဘွားဘွားသည် ဟိုနားဒီနား လမ်းလျှောက်မသွားနိုင်သောကြောင့် တစ်ယောက်ယောက် ဖေးကူမှသာ သွားလာနိုင်သည်။ ဘွားဘွားသည် အရိုးအဆစ်ယောင်သောရောဂါကြောင့် ခါးလည်း ကိုင်းနေပြီဖြစ်သည်။ ထိုစဉ်က ဘွားဘွားသည် အရိုးအဆစ်ယောင်သည့် ရောဂါကြောင့် ဝေဒနာခံစား နေရသည့် လူမမာတစ်ယောက် ဖြစ်နေသော်လည်း ဘိုးဘိုးနှင့် တွေ့စကမူ အလွန်စွဲမက်ဖွယ်ကောင်းသည့် မိန်းမချောလေးတစ်ယောက် ဖြစ်နေမှာ သေချာလှပါ သည်။ ထိုစဉ်က ဘိုးဘိုးသည် ဘွားဘွားနှင့် တွဲကခဲ့ပေလိမ့်မည်။ ဘွားဘွားက ကျွန်တော်တို့ကို ပြောလေ့ပြောထရှိသည့်ပုံပြင်တစ်ပုဒ်မှာ တစ်ချိန်က သူသည် အလွန် ချောမောလှပသည့် မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ကြောင်း၊ သူ၏စိတ်ဝင်စားမှုကို ခံရဖို့အတွက် မီးရထား စခန်းတစ်ခုလုံးမှ ကိုလူချောတွေက ဘူတာမှာလာကြိုကြသည့် အကြောင်းများဖြစ်သည်။ ထိုကိုလူချောတွေထဲမှ တစ်ယောက်သောသူသည် သူ၏ အချစ်ကို ပိုင်ဆိုင်ခွင့်ရပြီး သူနှင့် အိမ်ထောင်ပြုချင်သည့်အတွက် ၁၇ မိုင်ခရီးကို ခြေလျင်လျှောက်ပြီး လာခဲ့ရကြောင်းလည်း မဖြစ်မနေ ပါလေသည်။

Ben and Virginia By Gwin Williams

ချယ်ရီသစ္စာမှ ကူးယူဖော်ပြပါသည်။

2 comments:

OASIS said...

စိတ်ဝင်စားဖို့ကောင်းတယ်နော်။ ဒါပေမဲ့...
အချစ် မှာဦးတိုင်း မ ရ နိုင် ဟုထင်ပါသည်။ ရှေးရေစက် ရှိမှာသာ ဖူးစာဖတ်နိုင်တာ ပါ။

April said...

မှန်တာပေါ့။ အခုခေတ်မှာ နေရာတကာ ဦးနိုင်မှတန်ကာကျတာ :P