20 July, 2008

ငှက်တစ်ကောင်ရဲ့ ရာဇ၀င်

(၁)

သီသည် ကောင်းကင်တွင်ပျံဝဲနေသော ငှက်ကလေးများကိုကြည့်ရင်း သူမကိုသူမ ငှက်တစ်ကောင်ဟု ထင်လာသည်။ အတောင်ညောင်းတဲ့ အချိန်မှာ ခဏနားပြီး မသေမချင်း ပျံသန်းနေရမယ့် ငှက်တစ်ကောင်ပေါ့။ အနှစ်သုံးဆယ် ပျံသန်းခဲ့ပြီးတဲ့အထိ ကိုယ်ပိုင် အသိုက်တစ်ခုတောင် မပိုင်သေးတဲ့ ငှက်တစ်ကောင်ပါ။

(၂)

သီသီမာ ဆိုတာ ငယ်ငယ်တုန်းကတော့ ဘာတစ်ခုကိုမှ လောဘတကြီး လိုချင်ခဲ့သူ မဟုတ်ခဲ့ပါ။ တကယ်ပါ... သီငယ်ငယ်က အရုပ်ကလေးတစ်ခု မုန့်ကလေးတစ်မျိုး ကိုမှ လိုချင်လှပါချည့် ရဲ့ ရယ်လို့ ငိုယို မပူဆာတတ်ခဲ့ပါ။ အဖေမရှိတဲ့ အဖြစ်ကိုလည်း ၀မ်းနည်းအားငယ် မေးတာ မြန်းတာ မျိုးလည်း ရုပ်ရှင်တွေ ၀တ္တုတွေ ထဲကလို မလုပ်တတ်ခဲ့။ အဘိုး၊ အဒေါ် နဲ့ အမေ က သီ့ အားကိုးရာ အနေ နှင့် လုံလောက်ပြီဟု ထင်သည်။ ရုပ်ရှင်တွေ ထဲကလို ဘယ်သူက မှလည်း သီ့ကို အဖေ မရှိတဲ့ ကလေးရယ် လို့ မလှောင်ပြောင်စဖူး။ သီ ၇ တန်းမှာ အဖေ ပြန်ရောက် လာ တော့လည်း သီ့ အတွက် ဘာမှထူးထူး ခြားခြား မဖြစ်။ ဒီလိုနဲ့ ပဲ သီ ကြီးပြင်းလာခဲ့သည်။

­­­­­သီငယ်ငယ်က အတန်းတိုင်းမှာ ပထမ ရခဲ့သည်။ နွားခြေရာခွက် ထဲက ဖားသူငယ်လိုပဲ ထင်ပါရဲ့။ သီ့ထက်တော်တဲ့လူ မရှိခဲ့လို့ ဖြစ်မှာပါ။ သီကြိုးစားတာတော့ ကြိုးစားခဲ့သည်။ ပြိုင်ဆိုင်လိုစိတ် အနည်းငယ် လည်း ရှိခဲ့ပါရဲ့ ။ သို့ပေမယ့် မရမဖြစ်ရယ်လို့တော့ အလွန်အကျွံ မကြိုးစားခဲ့စဖူး။ စာမေးပွဲနဲ့ ဝေးရင် ဝေးသလို ၀တ္တုလေး ကာတွန်းလေး ဖတ်လိုက် တီဗွီလေး ကြည့်လိုက်နဲ့ ...။ တက္ကသိုလ်ဝင်တန်း မှာတောင် သိပ် လျှော့ခဲ့တာ မဟုတ်။ စာတစ်ခုကို နှစ်ခါ အသင်ခံရမှာ ပျင်းတတ်တဲ့ သီ က ကျူရှင်လည်း တစ်ခုမှ မယူခဲ့။ ဒါပေမယ့်လည်း ဘာသာစုံ ဂုဏ်ထူးထွက်ချင်စိတ် ကတော့ရှိခဲ့သည်။ သူများတွေလို ဆေးကျောင်း တက်ဖို့ရယ် ရည်မှန်းချက် ထားခဲ့မျိုးတော့ မဟုတ်။ သီ့ မိသားစု နဲ့ ဆရာမများလည်း ဂုဏ်တက်စေချင်သည်။ သီကိုယ်တိုင်လည်း ဘာသာစုံ ဂုဏ်ထူးကိုတော့ ထွက်ကိုထွက်ချင်တာ...။ သို့ပေမယ့်လည်း...။

အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်စိတ်တော့ သီ့မှာ ရှိခဲ့ဖူးသည်။ သီက တိုက်လှလှ ကလေးတွေ ဒီဇိုင်းဆွဲပြီး ဆောက်ချင်ခဲ့တာ။ ဂုဏ်ထူးမပါတဲ့တစ်ဘာသာ ရဲ့ အမှတ်က အတော်နည်းနေခဲ့သော သီမှာ အင်ဂျင်နီယာ မဖြစ်ခဲ့ရ။ သီ့အိမ်ကတော့ သီ့ကို ဆရာဝန် ဖြစ်စေချင်ပုံပေါ်သည်။ ငယ်ငယ်ကတည်းက သီကို စာနှင့်ပတ်သက်လို့လည်း ဖြစ်စေချင်တာသာ ရှိလျှက် ပြင်းပြင်းထန်ထန် ဆူပူအော်ငေါက်တာမျိုး မရှိခဲ့သော မိဘတွေကို စိတ်ပျက်စေခဲ့ပြီ ရယ်လို့ စိတ်မကောင်းတာ တစ်ခုသာ ရှိလျှက် ဆရာဝန် မဖြစ်ရတာ အင်ဂျင်နီယာ မဖြစ်ရတာ အတွက်တော့ ၀မ်းမနည်းခဲ့။ ဒါပေမယ့်လည်း ထိုအချိန်ကစပြီး သီ ဆုံးဖြတ်ချက် တစ်ခု ချခဲ့သည်။ ဘယ်ဘာသာပဲ ရရ Ph.D ဒေါက်တာ တစ်ယောက်တော့ ဖြစ်အောင် ကြိုးစားမယ် ရယ်လို့ပါ။

တက္ကသိုလ်မှာတော့ နွားခြေရာခွက် မဟုတ်တော့တဲ့အတွက် သီလည်း အတော်ဆုံး မဟုတ်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အလယ်အလတ် ဖြစ်အောင်တော့ သီကြိုးစားခဲ့ပါသည်။ သီ တတ်နိုင် သလောက်ပေါ့။ သီက ဘာကို ရည်မှန်းပြီး ဘာကို အဖြစ်ချင်ဆုံးဆိုတာ သီကိုယ်သီ မသိ။ ဒီလိုနဲ့ သူငယ်ချင်း တွေနဲ့ အတူ မာစတာ မပြီးခင်ပဲ ဆရာမ ၀င်လုပ်ခဲ့သည်။ ဂုဏ်သရေရှိ Professional တစ်ခု အနေနဲ့ ... ပြီးတော့ Ph.D ဆက်တက်ဖို့ အခွင့်အလမ်း တစ်ခု အနေနဲ့ လုပ်ခဲ့ပေမယ့် စာသင်တဲ့ အလုပ်ကို သီ လုံးဝ ၀ါသနာမပါ။ မပါပေမယ့်လည်း Ph.D ဒေါက်တာ ဖြစ်ဖို့ဆို ဒီအလုပ်လုပ်မှပဲ ဖြစ်နိုင်မည်။ သီ့ မိသားစု မှာ သီ့ကို နိုင်ငံခြားပို့ပြီး ကျောင်းထားနိုင်မယ့် အင်အား မျိုးမှ မရှိလေပဲ။ ဒါနဲ့ပဲ သီက ရည်မှန်းထားတာ မဟုတ်ပါပဲ တက္ကသိုလ် ဆရာမကလေး ဖြစ်ခဲ့ရသည်။ ဒီလိုပါပဲလေ... လူအများစုရဲ့ Professional တွေဟာ ရည်မှန်းမထားပဲ ဖြစ်ခဲ့ရတာတွေပါ။ သီ့ဝါသနာအရ အကောင်အထည်ဖော်ချင်တဲ့ အိပ်မက်တချို့ကိုတော့ နောင်တစ်ချိန်ချိန် အတွက် သိမ်းထားခဲ့သည်။ ဖွင့်ပြောရင်လည်း အများက လှောင်ချင်ကြလိမ့်မည်။

(၃)

သီက ငှက်တစ်ကောင် ပါ။ လောလောဆယ်တော့ လှောင်ချိုင့်ထဲမှာ ခဏ နေနေပါသည်။ ကိုယ်ဟာကိုယ် တိုးဝင်လာခဲ့တာပါ။ သီက သင်ယူရမှာကို နှစ်သက်တဲ့သူ။ ဒါပေမယ့် ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် စိတ်လက်ပေါ့ပါးစွာပဲ လေ့လာသင်ယူချင်သည်။ စိတ်အားထက်သန်မှု နဲ့ စိတ်ကြည်လင်မှု ရှိမှ Research ဆိုတာကို ကောင်းကောင်း လုပ်နိုင်မည်ဟု သီကထင်သည်။

သီတို့ အားလုံးက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ နေတတ်သူ တွေမဟုတ်ရပါပဲ… ခုချိန်မှာတော့ စည်းမျဉ်း စည်းကမ်း ဆိုတဲ့ စကားကိုပင် မကြားချင်လောက်အောင် ဖြစ်လာရတာ ဘာကြောင့်ပါလဲ။ ကန့်သတ်ချက်တွေ တင်းကျပ်မှုတွေ ဆိုတာ များလွန်းရင်၊ လက်မခံနိုင်လောက်အောင် ဖြစ်လာခဲ့ရင် ချိုးဖောက်ချင်လာတတ်သည် ဆိုတာ အမှန်ပါပဲ။

အိမ်မှာဆို ငယ်ငယ်ကတည်းက တစ်ခါမှ နစ်နစ်နာနာ ဆူပူအော်ငေါက်တာမျိုး မခံခဲ့ရဖူး။ ဒီသင်တန်းကို တက်ကာမှ တစ်ယောက်တည်းရော အများနှင့်ရော ရစရာ မရှိအောင် အပြောအဆိုတွေ ခံနေရသည်။ အဆောင်က ကန့်သတ်မှုကတစ်မျိုး၊ ကျောင်းက ကန့်သတ်မှုကတစ်မျိုး။ လူဆိုတာ အမြဲတမ်းတော့ အမှားနှင့် မကင်းနိုင်ပါ။ စက်ရုပ်တွေလိုတော့ အတိအကျ Program အတိုင်း အမှားကင်းကင်း လုပ်နိုင်ပါ့မလား။

ဆရာမ မလုပ်ချင်ပဲ အမြဲတမ်း ကျောင်းသားပဲ ဖြစ်ချင်ခဲ့သော သီသည် ရှည်လျားလွန်းသော ကျောင်းချိန်ကို စိတ်ပျက်လာသည်။ သီက ညလူ ဆိုတော့ ညဘက်မှာပဲ စာလုပ်ဖြစ်တာများသည်။ မနက်ကို နောက်ကျမှ အိပ်ရာထချင်သည်။ ၈ နာရီ ကျောင်းကို မီဖို့အတွက် အမြဲတမ်း ပြာယာခတ်ရသည်။ ဒါတောင် သီက သူများတွေလို ဖွယ်ဖွယ်ရာရာ ဟင်းတွေ ချက်တတ်သူ မဟုတ်လို့။ ချက်ရင်လည်း ကျောင်းမီမှာ မဟုတ်တော့။ တစ်ပတ်တစ်ခါ လောက်သာ အကြော်အလှော် လုပ်ထားပြီး ဖြစ်သလိုစားသူ။ ကျောင်းနားက ဆိုင်မှာ အမြဲ အားပေးတတ်သူ ဖြစ်သည်။

ညဘက် အိပ်တာ အရမ်းနောက်ကျ သွားတဲ့နေ့တွေမှာ အိပ်ရေးမ၀ သဖြင့် နေ့ခင်းဘက် အိပ်ငိုက်ပြီး စာလည်း ကောင်းကောင်း မလုပ်ဖြစ်ပဲ တနေကုန် စက်ခန်းထဲနေရတာ အဓိပ္ပါယ်မရှိ သလိုပင်။ စာလုပ်စေချင်၍ ကျောင်းခန်းထဲ ထည့်ထားသော်လည်း လူတွေကို သာချုပ်ကိုင်၍ ရမည်။ မထက်သန်သော၊ ပျင်းရိငြီးငွေ့သော စိတ်တွေကိုတော့ သူတို့ လိုချင်သလို ချုပ်ထိန်း၍ မရနိုင်ပါ။ မနက် ၈ နာရီက ညနေ ၆ နာရီ သုံးနေရသော သီ့ကျောင်းက ကွန်ပျူတာကို သဘောမကျပဲ အဆောင်က သီ့ ကွန်ပျူတာမှာပဲ သီလုပ်လက်စလေး တွေကို ဆက်လုပ်ချင်နေတာက ခက်သည်။ နှေးကွေးလေးလံတဲ့ ကျောင်းကစက်က မကြာခဏ ရေနစ်တတ်တဲ့ Internet သုံးဖို့လောက်ပဲ ကောင်းသည်။ ဒီ ကျောင်းခန်းထဲမှာက သီးသန့်မရှိသော နေရာမှာ သူငယ်ချင်းတွေနှင့် အတူတူ ထိုင်ရတာမို့ စကားတွေ ပြောဖြစ်ကြသည်။ စာထဲမှာ အာရုံဝင်စားဖို့ အတော် ကြိုးစားရသည်။ သီက တိတ်တိတ်ဆိတ်ဆိတ် နှင့်တစ်ယောက်ထဲနေမှ ပိုပြီး အလုပ်ပြီးသည်။ ညဘက် အခန်းထဲမှာ စာလုပ်ဖို့ စိတ်က ထက်သန်သည်။ ဒါပေမယ့် တနေကုန် ပင်ပန်းလာသော လူကမခံနိုင်၊ မျက်စိက မခံနိုင်။ နားချင်သည်။

သီ အတွက် ၂၄ နာရီ Internet မရှိလည်းရသည်။ သီ့မှာ အမြဲတမ်း chat နေသည့် online friend တွေလည်း မရှိ။ သီ့က အရမ်းရင်းနှီးသူ သူငယ်ချင်းတွေလောက်ကိုသာ စကားများများ ပြောတတ်သူဖြစ်သည်။ တစ်ခါမှ မသိဘူး သူတွေနှင့် ဘာအကြောင်းအရာတွေ ပြောရမှာလဲ။ သီ စာရှာချင်သည့် အချိန်မှာ ကျောင်းကို သွားပြီး လိုချင်သည့် references တွေရှာမည်။ ပြီးရင် အခန်းထဲမှာ ကိုယ့်စာကို ပြီးအောင်လုပ်ချင်သည်။ ပြီးရမည့် အချိန်မှာ ပြီးအောင်လုပ်ဖို့ကို သီ့ကို ဘယ်သူမှ တိုက်တွန်းစရာ မလိုပါ။

အရည်အချင်းစာမေးပွဲ ဆိုတာမျိုးတွေလည်း သီကမုန်းသည်။ သီက အစကတည်းက စာကျက်အားသန်သူ မဟုတ်။ တိတ်ဆိတ်သော ပတ်ဝန်းကျင်မှာမှ စာကကျက်ချင်သည်။ အင်္ဂလိပ်စာ ဆိုတာကိုလည်း ဆယ်တန်းမှာ အမှတ်နည်းကတည်းက ငယ်ကြောက်လိုဖြစ်နေတော့ သီစိတ်တွေညစ်လာသည်။ Researcher တစ်ယောက်ရဲ့ အရည်အချင်းကို စစ်ဆေးဖို့ အင်္ဂလိပ်စာက ပိုအရေးကြီးလား၊ သူ့Researchရဲ့ ပြီးမြောက်မှုနဲ့ အရည်အသွေးက ပိုအရေးကြီးသလား…။ မတွေးတတ်တော့ပါ။ ဒီလမ်းကို သီမကြိုက်တော့သည်ပဲ ဖြစ်စေ လမ်းတစ်ဝက်ကတော့ ဘယ်တော့မှ လှည့်မပြန်ပါ။ မိဘပိုက်ဆံတွေ အများကြီး ဖြုန်းတီးထား ရသည့် ဒီဘွဲ့တစ်ခုကို သီ ရအောင်တော့ယူမှာပါ။

(၄)

အခု လောလောလတ်လတ် နှစ်များမှာ ဒီအလုပ်က ထွက်ပြီး တစ်ခြားပြောင်းဖို့ သီမှာ လုံးဝ စိတ်ကူးမရှိ။ အပြင်မှာ လုပ်ဖို့ လက်တွေ့လုပ်ငန်းခွင် Experience လည်းမလုံလောက်ဟု သီကိုယ်သီထင်သည်။ ဒီအလုပ်မ၀င်ခင်က ခဏတဖြုတ်လောက်ပဲ လုပ်ကြည့်ခဲ့ဖူးတာ။ အဲဒီတုန်းကလည်း ကိုယ့်မှာ ဒီပညာနဲ့ တက္ကသိုလ်က ဘွဲ့ရထားပါလျက် သူတို့သင်တန်းက ဆင်းသူတွေ လက်အောက်မှာ အနှိမ်ခံခဲ့ရသေးသည်။ သို့ပေမယ့် သီက ချည်နှောင်ချင်သော ကြိုးတွေကို မုန်းသည်။ နှစ်အကန့်အသတ်တွေ၊ ငွေကြေး အလျော်အစားတွေ ကို မုန်းသည်။ တစ်သက်တာလုံး ပင်စင်ယူတဲ့ အထိတော့လည်း ဒီအလုပ်ကို လုပ်ဖို့ ရည်ရွယ်ချက်မရှိ။ သီက ယုံကြည်ချက် တစ်ခုနှင့် လွတ်လပ်စွာ ပျံသန်းချင်သူဖြစ်သည်။

သီ့လခက သီ့ စားဝတ်နေရေး နှင့် ကျောင်းစားရိတ် အတွက် လောက်အောင် သုံးနိုင်သော ပမာဏမ မဟုတ်။ ကြာတော့ ဒီအရွယ်အထိ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင်ပဲ အိမ်ကို လက်ဖြန့်နေရသည့် ဘ၀ကို သီစိတ်ပျက်သည်။ ဒီအရွယ်အထိ မိဘအပေါ် တပြားတချပ်မှ မထောက်ပံနိုင်ပဲ ဒုက္ခပေးနေရသည့် ဒီလမ်းကို သီဘာကြောင့် ရွေးခဲ့ရသလဲ၊ ဘယ်အချိန်မှာ ပြန်ပြင်လို့ ရဦးမလဲ တွေးနေပေမယ့်လည်း လမ်းပျောက်နေသလို ခံစားရသည်။

သီ အသက်သုံးဆယ် ရှိခဲ့ပြီ။ သိမ်းထားတဲ့ အိပ်မက်တွေကို အခုထိ အကောင်အထည် ဖော်ဖို့ အခွင့်အရေး မရသေး။ သီလိုချင်ခဲ့တဲ့ အောင်မြင်မှုတွေက အလှမ်းမမီနိုင်တဲ့ အဝေးမှာ…။ သီ့ အပေါ်ကောင်းခဲ့တဲ့ မိဘတွေကိုလည်း ကိုယ်ပိုင် ၀င်ငွေနှင့် တင့်တင့်တယ်တယ် ထားချင်သည်။ ဒါကလည်း အဝေးက အိပ်မက် ဖြစ်နေဆဲ။ သီက ငှက်တစ်ကောင်ပေမယ့် ပျံသန်းဖို့ ရွေးချယ်ခဲ့တဲ့ ပတ်ဝန်းကျင် မှားယွင်းနေခဲ့တော့လည်း မြင့်မြင့် မပျံနိုင်ဖြစ်ရသည်။

ဘာပဲဖြစ်ဖြစ် သီက အိပ်မက်တွေကို သိမ်းထားဆဲပါ။ လွှင့်ပစ်ဖို့တော့ စိတ်ကူးမရှိ။ တစ်နေ့မှာတော့ သီပျံသန်းချင်တဲ့ နေရာမှာ ကျေနပ်စွာ ပျံသန်းဦးမှာပါ။ သီသီမာဟာ မသေမချင်း ပျံသန်းနေရမယ့် ငှက်တစ်ကောင်ပဲလေ။

သိင်္ဂါကျော်


2 comments:

Phyu Thant sin said...

Is this a true story? :) If u have strong confident ,u never loses hope. No matter how long the time and how far the distance!!!!!

April said...

I m also a bird in a net. I can't fly to my destination and just walking in the net. But may be one day, u can fly where u want. Don't loose ur way! Aja!!!