16 February, 2009

ကျိုက်ထီးရိုးခရီးသည်


Thesis အပြီးမှာ သူငယ်ချင်းတွေ အားလုံး တကွဲတပြား မဖြစ်ခင် ခရီးသွားဖို့ ရွေးလိုက်တော့ မရောက်ဖူးတဲ့သူလည်းရှိ၊ ရက်နည်းနည်းနဲ့လည်း သွားနိုင်တဲ့ ကျိုက်ထီးရိုးဘုရားဖူး သွားဖို့ ဖြစ်လာပါတယ်။ ကိုယ်ကတော့ ဘယ်ခရီးပဲ ဖြစ်ဖြစ် လိုက်မယ့်သူပါ။ ဆရာမတွေ အပါအ၀င် တစ်တန်းလုံးနီးပါး လိုက်ဖြစ်လိမ့်မယ်လို့ ထင်ထားပေမယ့် ဆရာမတွေက အကြောင်းအမျိုးမျိုးနဲ့ မအားကြလို့ (သွားခွင့်မရတာက အဓိကပါ၊ အကျယ်ချုပ် ချထားခံရတယ်လို့တောင် ထင်စရာပဲ၊ ကိုယ်တို့ ခွင့်ရတာတောင် ကံကောင်းလို့။) မလိုက်ဖြစ်လို့။ ဆရာမ မလိုက်တော့ မစည်းလုံးဘူး အပြောခံရမှာ ကြောက်ပြီး လိုက်မယ့်သူတွေတောင် မလိုက်ဖြစ်ဘူးဆိုတော့ နောက်ဆုံးမှာ ၂၄ ယောက် ရှိတဲ့ အထဲ ကိုယ်တို့ ရဲဘော်ရဲဘက် ၉ ယောက်ပဲ သွားဖြစ်ခဲ့ကြတယ်။

ရွှေကြေးစည်ဘုရားဖူးကား နဲ့ ည ၁၀ နာရီ လောက်မှာ လမ်းထိပ်က ထွက်စီးခဲ့တာ ကင်ပွန်းစခန်းကို မနက် ၂ နာရီခွဲ လောက် ရောက်ပါတယ်။ ထမင်းဆိုင်မှာ တောင်တက်ကားစခန်း ဖွင့်မယ့် ၆ နာရီ အထိ စောင့်ရင်းနဲ့ အိပ်နေကြတဲ့ သူငယ်ချင်းတွေပါ။



မသွားခင်ကတော့ အပြောကြီးထားကြတာ... ကင်ပွန်းစခန်းကနေ တက်မယ်ပေါ့။ တကယ်တမ်းလည်း ရောက်ရော မတက်ချင်ကြတော့ဘူး။ အောက်ကပုံက တောင်တက်ကားစခန်းမှာ ရိုက်ထားတာပါ။



မဲခွဲလိုက်တော့ ခြေလျင်တက်မယ့် ဘက်ကတော့ များပါရဲ့... ဒါပေမယ့် နောက်ဆုံးတော့ (အပေါ်ရောက်မှပဲ တစ်ခြားတောင်တွေ တက်ကြမယ်ပေါ့၊ ကားရှိတဲ့ နေရာမှာ ကားနဲ့ပဲ တက်ကြမယ် ဆိုပြီး) ကားနဲ့ပဲ ရသေ့တောင်ထိ တက်ခဲ့ကြတယ်။ ရသေ့တောင် ရောက်မှပဲ ကားမရှိတော့လို့ ခြေလျင်တက်ကြရတယ်။ လမ်းနှစ်ခွတွေ့တော့ ခြေလျင်လမ်းကို ရွေးလိုက်တာ တော်တော်ကို ဆိုးတယ်။ လမ်းကြမ်းတာကို ပြောတာ မဟုတ်ဘူး။ ညစ်ပတ်တာကို ပြောတာ။ မောရတဲ့ အထဲမှာ အနံအသက်က မကောင်းပဲ လေကောင်းလေသန့် မရတော့ တော်တော် စိတ်ညစ်စရာ ကောင်းပါတယ်။ ကျိုက်ထီးရိုးတောင်တန်းကို ကျန်းမာရေး အဖွဲ့ တစ်ဖွဲ့လောက်လာပြီး ပညာပေးသင့်တယ်လို့ တောင်ထင်မိပါရဲ့။



တောင်ပေါ်ကို အတက် လမ်းမှာ ထိုင်နေကြတဲ့ ကိုယ့်သူငယ်ချင်းတွေ။



တည်းခိုခန်းမှာ ရေမိုးချိုးပြီးတော့ တည်းခိုခန်းက ညွှန်းတဲ့ ထမင်းဆိုင်မှာ စားပြီး အနီးဆုံးလို့ သူတို့ ဒေသခံတွေပြောတဲ့ ကျောက်ထပ်ကြီး ဘုရားကို သွားခဲ့ကြပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်မှာ ရေးထားတာကတော့ ကျောက်ထပ်ကြီးသို့ မိနစ် ၆၀ တဲ့။ ဒါပေမယ့် အဲဒီအညွှန်းက ဆင်နဲ့ သွားတာကို ပြောတာပါတဲ့။ အခု ဆင်နဲ့ မသွားတော့တဲ့ ခေတ်မှာလည်း လမ်းညွှန်ဆိုင်းဘုတ်ကို ပြင်မထားပါဘူး။

လမ်းမှာ ဝင်ဖူးခဲ့ရတဲ့ ဘုရားလေးတွေ ... ကျောက်ဆီယိုဘုရား၊ နဂါးဘုရား၊ ဖားဘုရား နဲ့ ဘွဲ့တော်မမှတ်မိတော့တဲ့ ဘုရားလေးတွေပါ။


ဇွတ်အတင်း အလှူခံကြလို့ နဂိုအခံ သဒ္ဓါတရားကို ပျောက်မသွားအောင် ကြိုးစားပြီး လှူဖြစ်တဲ့ နေရာလည်း လှူဖြစ်ခဲ့ပါရဲ့ (ရွှေဆိုင်းတွေ၊ ရေပုံးတွေကို လက်ထဲ လာထည့်ပေးတော့ လှူလိုက်ရရော) မလှူဖြစ်တဲ့ နေရာလည်း မလှူဖြစ်ခဲ့ပါဘူး (ပင်ပင်ပန်းပန်း လာတော့လာပြီး သဒ္ဓါတရား မရှိတဲ့သူတွေလို့ ပြောခံရပြန်ရော)၊ အဖွဲ့လိုက် စုလှူတဲ့နေရာလည်း လှူခဲ့ပါတယ်။ ကိုယ်လည်း မိဘဆီက လက်ဖြန့်တောင်းနေရတဲ့သူမို့ များများစားစားတော့ ဘယ်လှူနိုင်ပါ့မလဲ။ လှူတော့ လှူချင်တာပေါ့။

ပင်ပင်ပန်းပန်းနဲ့ ပဲ ကျောက်ထပ်ကြီးဘုရားကို ရောက်ခဲ့ပါတယ်။



ကျောက်ထပ်ကြီးဘုရားမှာ ဆည်းလည်း နဲ့ ရွှေဆိုင်း ကပ်လှူပေးဖို့ ဘုရားပေါ်ကို ဆိုင်းထားတဲ့ ကြိုးပေါ်ကတက်နေတဲ့ ပုံပါ။ သူတို့ ဒီလူကို ကြိုးမင်းသားလေးလို့ ခေါ်ကြပါတယ်။




လမ်းမှာ မောမောနဲ့ ထိုင်နေကြတာ...။ ကိုယ်တို့ကတော့ ခုံမြင်ရင်ကို ထိုင်ချင်နေတော့တာပဲ။



ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်မိပါရဲ့။ ကျောက်ထပ်ကြီးကို အသွားအပြန် ၄ နာရီ လောက်ကို ကြာခဲ့ပါတယ်။ ဒေသခံတွေအတွက်တော့ အသွားအပြန် ၂ နာရီ ဆိုတာတောင် လွန်လှပြီ ဆိုပဲ။ အပြန်မှာတော့ ကိုယ့်ခြေထောက်ကို ပြန်မကြည့်ရဲလောက်အောင် ပေတူးလာခဲ့ပါတယ် (မပေပဲ နေပါ့မလား... ဒီလောက် ဖုန်ထူ လမ်းကြမ်းတာကို)။ လက်ဖက်ရည်ဆိုင်ထိုင်တော့ ဆိုင်ကကောင်မလေးတွေက ခြေထောက်တွေ ကြည့်ပြီး ကျောက်ထပ်ကြီးက ပြန်လာတာလားလို့ မေးပါတယ်။ စားသောက်ပြီးတော့ နောက်တစ်နေ့ တက်မယ်လို့ ရည်ရွယ်ထားတဲ့ ရေတံခွန်တောင် အကြောင်းမေးတော့ အကွာအဝေးကတော့ ကျောက်ထပ်ကြီးနဲ့ အတူတူပဲ၊ လမ်းကတော့ အရမ်းမတ်ပြီး ကြမ်းတယ်လို့ ဆိုပါတယ်။ သူတို့ အတွက် ကျောက်ထပ်ကြီးက မြေပြန့်ပါတဲ့။ ကိုယ်တို့အတွက်တော့ တော်တော်ကြိုးစား သွားခဲ့ရတာပါ။ ဒီထက်ဆိုးတဲ့လမ်းဆိုရင်တော့ မဖြစ်နိုင်ဘူး လို့ ဆုံးဖြတ်လိုက်ပြီး တစ်ခြားနေရာ မေးမြန်းကြည့်ပါတယ်။

ကိုယ်တို့ Second Year တုန်းကတော့ နှစ်ရက်အတွင်း ရသေ့တောင်ကစလို့ တောင်တွေ အများကြီး တက်ခဲ့တာပဲ။ ကိုယ်မှတ်မိတာတော့(ဓါတ်ပုံတွေထဲ ပါနေလို့) အပြင်မြစိမ်း၊ အတွင်းမြစိမ်း လောက်ပဲ။ အဲဒီတောင်တွေ အကြောင်း မေးကြည့်တော့ အခုသွားခဲ့တာထက် အများကြီး ဝေးတယ်လို့ ဆိုပါတယ်။ အရင်ကတော့ ဒီလောက်ပင်ပန်းတယ်လို့လည်း မထင်ခဲ့ပါဘူး။ အခုလည်း ကိုယ်ကတော့ သွားချင်တဲ့ လူများရင် ရေတံခွန်တောင်ပဲ ဖြစ်ဖြစ်၊ ဘာပဲ ဖြစ်ဖြစ် သွားမယ့်ဘက်ကပဲ။ ဒါပေမယ့် အများက မသွားချင်တော့ဘူး ဆိုတော့လည်း မသွားရုံပဲပေါ့။ ကိုယ်ကိုယ်တိုင်လည်း မသွားတာကောင်းတယ်လို့ ထင်မိပါရဲ့။ တစ်ရက် အလကားထိုင်နေရမှာလည်း မနေချင်ဘူး။ ဘယ်သူ့ကိုမှလည်း ဆွဲဆောင်လို့ မရတော့ဘူး။ ရန်ကုန်မှာတောင် နည်းနည်းလေးမှ လမ်းမလျှောက်ပဲ တက္ကစီပဲ စီးနေတဲ့သူတွေဆိုတော့ ဘယ်ခံနိုင်ပါ့မလဲလေ။

နောက်တစ်နေ့မနက် စောစော ဆွမ်းတော်ကြီးကပ်အပြီး ရိုက်ထားတဲ့ပုံ။



မနက်စာစားပြီးတော့ ကျီးပါးစပ် တစ်ခုကိုပဲ သွားပြီး ထမင်းစားချိန်မတိုင်ခင် ပြန်လာခဲ့ကြပါတယ်။



ကျီးပါးစပ်လိုဏ်ဂူထဲက ဘုရားပါ။ လိုဏ်ဂူထဲတွင် တစ်ဖွဲ့စီ ၀င်ပြီး ဖူးရပါတယ်။ အထဲမှာ သမိုင်းကြောင်း ရှင်းပြပြီး အလှူခံနေတဲ့သူ တစ်ယောက်ရှိပါတယ်။



တစ်နေ့ခင်းလုံး တည်းခိုခန်းမှာ အိပ်နေကြတာပါ။ ညနေဘက် အိပ်ရေးဝတော့မှ လမ်းဆင်းလျှောက်ပြီး ဆည်းဆာ ရှုခင်းလေး ဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ ညဘက်ကျမှ ဘုရားရင်ပြင်တော်ပေါ်တက်ပြီး အေးအေးဆေးဆေး ကန်တော့ကြပါတယ်။



ပြန်ကာနီး တည်းခိုဆောင်ရှေ့မှာ...။



အဆင်း တောင်တက်ကားပေါ်ကရိုက်ထားတဲ့ လမ်းကလေး။



ကင်ပွန်းစခန်းကိုရောက်တော့ ကားလက်မှတ်မရှိတော့ဘူး ဆိုလို့ ဒေါသတွေဖြစ်ရသေးတယ်။ တောင်ပေါ်ရောက်ရောက်ချင်း ပြန်မယ့်ရက်ကို အကြောင်းကြားထားပါရက် ရွှေကြေးစည်ဂိတ်က ဖုန်းလက်ခံသူက တာဝန်မဲ့လို့ လက်မှတ်ကို သေချာ မစီစဉ်ထားတာပါ။ တစ်ယောက်တည်းသာဆို တခြားမှာ လက်မှတ်တစ်စောင်ထပ်ဝယ်ပြီး ပြန်နေရလောက်ပြီ။ အဖွဲ့များပြီး ပြောနိုင်လွန်းလို့သာ စိန်ဝင်းနဲ့ရောင်းရင်းများ ကားနဲ့ ပြန်စီစဉ်ပေးတာပါ။

အပြန်မှာတော့ ထုံးစံအတိုင်း ကျိုက်ပေါလော မှဲ့ရှင်တော် ဘုရားနဲ့ ပဲခူး ရွှေမော်ဓော ဘုရားကို ဝင်ပေးပါတယ်။

ဘာပဲဖြစ်ဖြစ် အမှတ်တရ ခရီးလေးပါပဲ။ ပုံမှန် ဘဝထဲမှာတော့ လုပ်စရာ အလုပ်တွေက စောင့်ကြိုနေမှာပါ။ အဲဒီလို ခရီးမျိုးတွေ အမြဲတမ်းသွားနေချင်ပါတယ်


(သိင်္ဂါကျော်)