အရင်အပတ် စနေနေ့ညက Chandigah ကနေ Jaipur ကို ညရထားနဲ့သွားခဲ့ပါတယ်။ ချန်ဒီဂါက ည ၉ နာရီမှာ ထွက်တဲ့ ရထားက ဂျိုင်ပါ ကို မနက် ၇ နာရီ ခွဲလောက်မှာ ရောက်ပါတယ်။ ဘူတာရုံက နားနေခန်းမှာပဲ မျက်နှာသစ်၊ ရေချိုးချင်တဲ့ လူက ရေချိုး၊ မနက်စာ စားပြီး တော့ ဘတ်စ်ကားနဲ့ မြို့ထဲကို သွားပါတယ်။ ပထမ သွားမယ့် နေရာက အောက်က ပုံမှာ ရိုက်ထားတဲ့ Museum ပါ။ ဒါပေမယ့် အဲဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ ပြတိုက် ပိတ်ထားတာနဲ့ မဝင်ခဲ့ရပဲ အပြင်ကပဲ ဓါတ်ပုံရိုက်ပြီး နောက်တစ်နေရာကို သွားပါတယ်။
Jaipur မြို့ကို ၁၇၂၇ မှာ မဟာရာဂျာ Jai Singh က တည်ထောင်ခဲ့ပြီး အခုအခါမှာတော့ Pink City ရယ်လို့ ထင်ရှားပါတယ်။ တစ်မြို့လုံးမှာ ရှေးဟောင်းလက်ရာ အုတ်ရောင် အဆောက်အအုံတွေနဲ့ ပြည့်နှက်နေပါတယ်။
နောက်ထပ် သွားတဲ့ နေရာကတော့ Jantar Manar ပါ။ ၁၇၂၈ မှာ Savaii Singh က စတင် တည်ထောင်ခဲ့ပြီး နက္ခတ္တဗေဒ ကို လေ့လာဖို့ ဖြစ်ပါတယ်။ အချိန်နာရီကစလို့ ကြယ်၊ ဂြိုဟ် အသွားအလာ၊ ရာသီစက်ဝန်း အပြောင်းအလဲ၊ နေကြတ်၊ လကြတ် စတာတွေကို တွက်ချက်ဖို့ ကိရိယာပေါင်း ၁၃ ခု တည်ဆောက်ခဲ့တယ် လို့ ဆိုပါတယ်။ Guide က ရှင်းပြပေမယ့် နေကလည်း အရမ်းပူနေ၊ ဓါတ်ပုံရိုက်ချင်ဇောကလည်း များနေတော့ ဘယ်ဟာက ဘာဆိုတာ သေချာတော့ နားမလည်ခဲ့ပါဘူး။
ဒီအဝိုင်းကြီးကတော့ နာရီပါ။ အရိပ်ကျနေတဲ့ နေရာလေးက လက်ရှိရောက်နေတဲ့ အချိန်ဖြစ်ပြီး သူတို့ရဲ့ Local time အရ အတိအကျ မှန်ပါတယ်။ ပုံမှန် indian စံတော်ချိန်နဲ့တော့ မိနစ် အနည်းငယ် ကွာပါတယ်။
အောက်ကလို ပုံစံမျိုးနှစ်ခု ရှိပါတယ်။ နေအသွားအလာ တွက်ချက်တာနဲ့ မိဿ၊ ပြိဿ၊ ဓနု စတဲ့ ရာသီခွင် အပြောင်းအလဲကို တွက်ချက်တာပါ။
နောက်ထပ် ဓါတ်ပုံရိုက်ဖို့ ဆိုပြီး ရပ်ပေးတဲ့ နေရာကတော့ Jal Mahal ပါ။ ရေလည်က နန်းတော်လို အဆောက်အအုံကို လှမ်းမြင်နေရပါတယ်။ Man Saggar Lake ရဲ့ အလည်က နွေရာသီ နန်းတော်ပါ။
အဲဒီနောက် စားသောက်ဆိုင် တစ်ခုမှ နေ့လည်စာ အတွက် ရပ်ပေးပါတယ်။ ပြီးတော့ တောင်တက်လမ်းကို ဆက်သွားကြပါတယ်။ အောက်က ပုံတွေကတော့ နောက်က ကားအကြီးကို စောင့်ရင်းနဲ့ ဓါတ်ပုံရိုက်ချင်ရိုက်ဖို့ ဆိုပြီး ရပ်ပေးတဲ့ နေရာကနေ ရိုက်ထားတာပါ။ ကိုယ်တို့က ကားအသေးနဲ့မို့ အရင်ရောက်နှင့်နေတာပါ။
တောင်ပေါ်ရောက်တော့ ရှည်လျားတဲ့ တံတိုင်းကြီးကို တွေ့ရပါတယ်။ ဘယ်နေရာမှန်းလည်း သေချာတော့ မသိပါဘူး..။ နေကပူ ပင်လည်း ပင်ပန်းနေကြပါပြီ။ အခု ရှာကြည့်တော့ Nahargarh Fort လို့ ထင်ပါတယ်။
နောက်တစ်နေရာကတော့ Amber Fort လို့ထင်ပါတယ်။ သေချာတော့ မသိဘူး။ မန္တလေးတောင် တက်သလိုပဲ အပေါ်ကို ဂျစ်ကားနဲ့ သတ်သတ် ထပ်တက်ရပါတယ်။
အဲဒီကပြန်တော့ အိန္ဒိယ အမှတ်တရ ပစ္စည်း၊ ဒေသထွက် အဝတ်အထည်တွေ ရောင်းတဲ့ ဆိုင်တစ်ဆိုင်မှာ ရပ်ပေးပါတယ်။ ဈေးလည်းနည်းနည်းကြီးတော့ ဘယ်သူမှတော့ ဝယ်ဖို့ကို သိပ်စိတ်မဝင်စားကြပါဘူး။ အားလုံးက ပင်ပန်းနေကြပါပြီ။ တစ်ချို့က အဲဒီလို ခရီးထွက်တဲ့ အလေ့အထ သိပ်ရှိပုံ မရပါဘူး။ အမျိုးသားတွေက အစ အတော်ပင်ပန်းတဲ့ ပုံတွေနဲ့...။ ပြောရရင် ကိုယ်ကတော့ အဲလောက်ကြီး မဟုတ်ဘူး.. ဟီး.. ခရီးသွားရရင်ကို ပျော်နေတာ ဆိုတော့ အဲလောက် ပင်ပန်းတာကတော့ အပျော့ပါ။ မြန်မာနိုင်ငံမှာလည်း ဒီလိုပဲ သွားနေတာပဲလေ...။
အောက်က ပုံက ကားပေါ်ကနေ လှမ်းရိုက်ထားတာပါ။ Hawa Mahal ဆိုတဲ့ အဆောက်အအုံပါ။
အောက်ကပုံကတော့ နောက်ဆုံး သွားခဲ့တဲ့ နေရာပါ။ မှောင်စလည်း ပျိုးနေပါပြီ။ အတွင်းအထိတောင် မဝင်ပဲ အပြင်မှာပဲ ဓါတ်ပုံရိုက်ပြီး ပြန်ထွက်လာခဲ့ပါတယ်။
အဲဒီကပြန်တော့ MacDonald မှာ ညနေစာ ဝင်ဝယ်ပြီး ကားပေါ်မှာပဲ စားရပါတယ်။ ဘူတာရုံကို ရောက်တော့ ၇ နာရီ ကျော်ကျော်ရှိပါပြီ။ ရထားက ၈ နာရီ ၁၅ ထွက်ပြီး Chandigarh ကို မနက် ၆ နာရီခွဲလောက်မှာ ပြန်ရောက်ခဲ့ပါတယ်။
သိင်္ဂါကျော်