04 March, 2011

တောတန်းဈေး



အိမ်ပြန်ရောက်ခိုက် နေမြင့်အောင် အိပ်ဖို့ စိတ်ကူးထားသော်လည်း ထုံးစံအတိုင်း ဆူဆူညံညံ ရန်ဖြစ်သံတို့ဖြင့် သီသီမာ တစ်ယောက် နိုးထလာရသည်။ သီသီမာတို့ အိမ်ရှေ့မှာ တောတန်းဈေးလေး တစ်ခု ရှိသည်။ မိုးမလင်းခင်ကတည်းက ရန်ဖြစ်သံ အော်ဟစ်သံတို့ဖြင့် ဆူညံနေလေ့ရှိသည်။ သီသီမာ ငယ်ငယ်ကတော့ အဲဒီ ဈေးတန်းက အဲဒီလောက်အထိ မစည်ကားသေးပါ။ အခုတော့ မနက်စောစော ဈေးသာမကပဲ ဆိုင်ကြီး ကနားကြီး များဖြင့် တစ်နေ့လုံး ရှိနေသော ဈေးတစ်ခုလို ဖြစ်နေလေပြီ။ ငယ်ငယ်တုန်းက ပတ်ဝန်းကျင်ကိုပဲ သီသီမာ လွမ်းမိပါသည်။
*****
သီသီမာတို့ အိမ်က ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိသည်။ အိမ်ရှေ့က လမ်းတစ်ခု ကျော်ပြီးလျှင် မြစ်ကမ်းနားကို တန်းရောက်သည်။ လမ်းဘေးနားက ကွက်လပ်ကလေး တစ်ခုစာ မြေနေရာ အကျော်က မြစ်ကမ်းပါးက နွေရာသီဆိုလျှင် မတ်စောက်ပြီး မိုးတွင်းမှာတော့ မြစ်ကမ်းနားမှာ ရပ်ထားသော မော်တော်တွေကိုပါ အိမ်ရှေ့က လှမ်းမြင်ရလောက်အောင် ရေအတော်ပြည့်သည်။ သီသီမာတို့ အိမ်ရှေ့နားလောက်က မြစ်ကမ်းပါးပေါ်မှာ ဧရာမ ကုက္ကိုပင်ကြီး နှစ်ပင် ရှိသည်။ ထိုအပင်ကြီးတွေ ရှိနေခြင်းက သီသီမာတို့အိမ်ကို တစ်ဖက်ကမ်း တောင်စောင်းပေါ်က ညနေစောင်းနေပြင်းပြင်းကို ကာကွယ်ပေးထားသလို ဖြစ်နေသည်။ သီသီမာက ထိုအပင်ကြီး နှစ်ပင်ကို ချစ်သလို အပင်နှစ်ပင်ကြားက လှမ်းမြင်နေရသော တစ်ဖက်ကမ်းမြင်ကွင်းကိုလည်း သိပ်သဘောကျသည်။ တစ်ဖက်ကမ်းက ခရမ်းဖျော့ရောင် တောင်တန်းကြီးများနှင့် တောင်ပေါ်က စေတီပုထိုးငယ်များကို ငယ်ငယ်ကတော့ မတောက်တခေါက် ဝါသနာနှင့် ပန်းချီတောင် ခဏခဏ ဆွဲဖူးသည်။

နောက်တော့ အဲဒီ ကမ်းနားမြေကွက်လပ်ကလေးကို အရင်းပြုပြီး ပိုက်ဆံရှာဖို့ သက်ဆိုင်သူ တို့က စပြီး စိတ်ဝင်စားလာသည်။ အဲဒီနေရာမှာ အထည်ဟောင်းဈေး ဆိုပြီး သစ်သားတွေနှင့် အခိုင်အခန့် ဆောက်သည်။ အမိုးကတော့ သက်ကယ်မိုး ဖြစ်သည်။ သီသီမာ နှစ်သက်သော မြစ်ကမ်းနား မြင်ကွင်းကို အတည့်ပင် ကွယ်သွားသည်။ မြစ်ထဲမှာ သွားလာနေသော လှေ သင်္ဘောများကို မြင်ရမည့် အစား ဈေးရောင်း ဈေးဝယ်များ အသွားအလာကိုသာ မြင်ရတော့သည်။ လမ်းပေါ်မှာလည်း မနက် မနက်ဆို ကုန်စိမ်းဈေးသည်များက တစ်ဆိုင်စ နှစ်ဆိုင်စ ဖြစ်လာသည်။ သစ်သား အဆောင်ကြီးက ဟောင်းနွမ်းပြီး ရေနံချေးရောင် ခပ်မည်းမည်းနှင့် သက်ကယ်မိုးတွေ နှစ်မိုး သုံးမိုး လဲသွားသည်။ သီသီမာလည်း အတန်းတွေ တစ်တန်းပြီး တစ်တန်း ကြီးလာသည်။

အဲဒီနောက်တော့ ဘာတွေ ဘယ်လို ဖြစ်ကြသည်မသိပါ။ အထည်ဟောင်း ရုံကြီး ဖျက်လိုက်ရသည်။ ရုံကြီး ထဲက ဈေးသည်တွေ ဒုက္ခရောက်တာကို မစာနာတာ မဟုတ်ပေမယ့် သီသီမာကတော့ ကလေး ပီပီ သူသဘောကျသော တစ်ဖက်ကမ်းကို ပြန်မြင်ခွင့် ရတော့မည်ဟု တွေးကာ ပျော်သည်။ မြစ်ကမ်းနား ပြိုမကျအောင် ထိန်းသိမ်းဖို့ ကျောက်စီနံရံ ဆိုလား ဘာလား ဆောက်တော့မည်ဟု ကြားရသည်။ တစ်ဖက်ကမ်းက ပြုပြင်မွမ်းမံပြီးသော ရွှေဘုံသာ ဘုရားကို ကြည်ညိုဖွယ်ရာ လှမ်းမြင် ဖူးတွေ့ရသည်ကို သီသီမာတို့ တစ်အိမ်လုံး ကျေနပ်နေကြသည်။ သီသီမာ ချစ်သော မြစ်ကမ်းပါးကို ထိန်းသိမ်း ပြုပြင်တော့မည်ဟု ယုံယုံကြည်ကြည် ဖြစ်နေချိန်က သိပ်တောင် မကြာလိုက်သလိုပင်။ နောက်ထပ် ဈေးဆိုင်ခန်းတစ်ခု ထပ်ဆောက်ကြပြန်သည်။ ဒီတစ်ခါတော့ ဈေးရုံတစ်ခု ပုံစံ နှစ်ဖက်တန်း အပိတ် မဟုတ်ပဲ ဆိုင်ခန်းတွေက သီသီမာတို့ အိမ်တွေဘက်ကို မျက်နှာမူထားသော တစ်ဖက်တန်းများဖြစ်သည်။
*****
သီသီမာတို့ အိမ်ရှေ့နှင့် တည့်တည့်မှာ မိသားစု တစ်စု၏ ကုန်စိမ်းဆိုင် တစ်ဆိုင်ရှိသည်။ ကျောင်းပိတ်ရက် နွေနေ့လည်များမှာ ပျင်းပျင်းနှင့် အိမ်ရှေ့ကို ငေးရင်း ရှေ့ဘက်က ဈေးဆိုင်များ အကြောင်း အတော်သိလာသည်။ ထိုမိသားစုမှာ အဘွားတစ်ယောက်ရှိသည်။ အဘွားဆိုပေမယ့်လည်း သီသီမာ့ အမေ ထက်ပင် ငယ်ဦးမယ့်ပုံ ရသည်။ အဖေနှင့် အမေ ဆိုတာကတော့ အလွန်ဆုံးမှ ၃၀လောက်သာ ရှိဦးမှာပေမယ့် အိမ်ထောင့်တာဝန် သားသမီးတာဝန် တို့ကြောင့် အသက်ထက် ပိုကြီးရင့်ပုံပေါက်နေသည်။ သူတို့ရဲ့ သမီးကြီး ကပင် ရှစ်တန်း ရောက်နေပြီ။ သူ့အောက်က ယောက်ျားလေးက နှစ်နှစ်လောက်ငယ်မည့်ပုံ။ နောက်ထပ် မိန်းကလေး တစ်ယောက်နှင့် ယောကျာ်းလေး တစ်ယောက် ရှိသည်။ အငယ်ဆုံးက ကောင်ကလေးကတော့ ကျောင်းမတက်ရသေးသည့် အရွယ်။ ဖြူဖြူသန့်သန့်လေးမို့လားမသိ၊ သူ့အမေက ချန်ဒူးဝမ် လို့ ခေါ်သည့် ထိုကလေးက ချစ်စရာလေးမို့ သီသီမာတို့က လိုက်ကြည့်ရင်း ထိုဆိုင်ကို အာရုံစိုက်မိခြင်း ဖြစ်သည်။

ချန်ဒူးဝမ် အမေကတော့ ဘယ်တော့မှ သပ်သပ်ရပ်ရပ် မရှိ၊ ဖိုသီဖတ်သီနှင့် လောကကြီးကို စိတ်ကုန်နေသည့် ပုံနှင့် အမြဲတစေ ရှိတတ်သည်။ ချန်ဒူးဝမ် အဖေကလည်း အင်္ကျီစုတ်စုတ်ပြတ်ပြတ်နှင့်ပင် စက်ဘီးတစ်စီး စီးပြီး သွားလာနေတတ်သည်။ ချန်ဒူးဝမ် အဘွားကတော့ ဆိုင်ရောက်သည်နှင့် ကြက်သွန်ရွေးနေတာဖြစ်ဖြစ်၊ ဂေါ်ဖီထုပ်အခွံခွာနေတာပဲဖြစ်ဖြစ် အမြဲတစေ အလုပ်တစ်ခုခု လုပ်နေတတ်သူ ဖြစ်သည်။ ဆိုင်မလာသည့် အချိန် အိမ်မှာလည်း ထမင်းချက်ရပုံပေါ်သည်။ ချန်ဒူးဝမ် အမေက အမြဲတမ်း မနက်လင်းသည်နှင့် ဆိုင်ရောက်နေပြီး နေ့လည်ခင်းကျ အကြီးမပဲဖြစ်ဖြစ် အလတ်မပဲဖြစ်ဖြစ်၊ သူတို့အဖေပဲဖြစ်ဖြစ် ထမင်းချိုင့် လာပို့တတ်သည်။ သူတို့ မိသားစုမှာ သားသမီးတွေ အားလုံးကိုတော့ ကျောင်းထားပေးပြီး သူများတန်းတူ ဝတ်နိုင်စားနိုင်အောင် ကြိုးစားနေရပုံပေါ်သည်။ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျကြပြီး သားသမီ၎ ယောက်နှင့် ရုံးကန်နေရတော့ အဖေနှင့် အမေ နှစ်ယောက်လုံးက တစ်ခါတရံတော့ လောကကြီးကို စိတ်ကုန်နေကြပုံရသည်။ ကလေးတွေကိုလည်း လိုအပ်တာ ဖြည့်ဆည်းပေသည့် စိတ်ရှည်လက်ရှည် နွေးနွေးထွေးထွေး နေပေးပုံတော့ မရ။ အော်ငေါက် ဆူပူနေတာသာ တွေ့ရသည်။ လင်မယားကလည်း မကြာခဏ ရန်ဖြစ်သေးသည်။ သို့သော် သူတို့က သူများဈေးသည်လင်မယားတွေလို အသံကုန် အော်ဟစ်ပြီး အကြာကြီး ဖြစ်ကြခြင်းတော့ မဟုတ်သဖြင့် တော်သေးသည်။ ခဏလောက် ရန်ဖြစ်ပြီးလျှင် ယောက်ျားဖြစ်သူက စက်ဘီးလေး စီးကာ ထွက်သွားတတ်သည်။ တစ်ခါတရံတော့လည်း ချန်ဒူးဝမ် အမေနှင့် အဘွား ရန်ဖြစ်တာမျိုးလည်း ရှိသေးသည်။ ဘာအကြောင်းအရာကြောင့် ဖြစ်နေတယ် ဆိုတာမျိုး သေချာကြားရလောက်အောင် အော်ဟစ် ဖြစ်တာမျိုးတော့ မဟုတ်ပါချေ။

သီသီမာတို့ တိုက်တစ်ခြမ်းကို ပွဲရုံအငှားထားသည်မို့ ရိုးရိုးသားသား ပွဲရုံအလုပ်သမားများနှင့်လည်း ခင်မင်သည်။ ပုချို ဆိုသော အလုပ်သမားတစ်ယောက်၏ မိန်းမက အိမ်ရှေ့ တောတန်းဈေးမှာ ကြက်သွန်အဖြူ အနီ ရောင်းသူမို့ သီသီမာတို့က သူ့ဆီမှာ အမြဲအားပေးဖြစ်သည်။ သူတို့မှာ သမီးလေး တစ်ယောက်သာ ရှိသည်။ ပုချိုက အသားအနည်းငယ်လတ်သော်လည်း သူ့မိန်းမက မည်းမည်းလုံးလုံးမို့ သမီးလေးကလည်း မည်းမည်းကလေး၊ သို့သော် ရုပ်ကလေးကတော့ ချစ်ဖို့ကောင်းသည်။ ကလေးကလည်း တစ်ယောက်တည်း ဖြစ်သည့်ပြင် လင်မယားနှစ်ယောက်စလုံးကလည်း အလုပ်ကြိုးစားသည်မို့ သူတို့မိသားစုက တခြား အလုပ်သမားများနှင့် စာလျှင် ချောင်ချောင်လည် ရှိသည်။ ပုချိုကလည်း သူများ အလုပ်သမားတွေလို အလုပ်ပင်ပန်းတာ အကြောင်းပြပြီး သောက်သောက်စားစား မရှိတာလည်း ပါသည်။ သူ့သမီးလေးကိုဆို လှတပတ အင်္ကျီလေးတွေ ဆင်သည်။ စားချင်တာစား ဘယ်တော့မှ ဟန့်တားသည်မရှိပဲ အလိုလိုက်သည်။ ဒီလိုနဲ့ ကလေးလည်း ကျောင်းနေရမည့် အရွယ်ရောက်လာသည်။ သူတို့လည်း ကျောင်းထားနိုင်သော အခြေအနေမို့ ထားမှာပဲ ထင်မိသည်။ နောက်မှ အဒေါ်ပြောပြလို့ သိရသည်က ပုချို သမီးလေးကို ကျောင်းနှစ်ဝက် လောက်သာ ထားပြီး ကလေးက ကျောင်းမှာ မပျော်ပဲ ငိုယိုနေသည်နှင့် ကျောင်းကထုတ်လိုက်ပြီဟု သိရသည်။ ကျောင်းမပျော်သဖြင့် စာလည်း မရ။ စာမရတော့ ဆရာမရိုက်တာ ခံရသည်။ အဲတော့ ကျောင်းမှာ ပိုပြီး မပျော်တော့ပဲဖြစ်သွားခြင်း ဖြစ်ဟန်တူသည်။ အဖေနှင့် အမေကလည်း အသိဥာဏ် မကျယ်သူတွေမို့ ကလေးရဲ့ ရှေ့ရေးကို မတွေးမတောပဲ ကျောင်းထုတ်လိုက်ကြခြင်း ဖြစ်သည်။

သီသီမာက ရန်ကုန်မှာ ကျောင်းတက်နေသူမို့ ကျောင်းပိတ်ရက် အပြန်လောက်သာ အိမ်ရှေ့ဈေးတန်းကို သတိထားကြည့်မိသော်လည်း အိမ်မှာနေသူ အဒေါ်တို့ အမေတို့ကတော့ အမြဲတမ်း မြင်နေရသည်မို့ နောက်ထပ် ဈေးသည်များ၏ မိသားစုဝင်များ၊ အခြေအနေများကိုလည်း ကြည့်ရှု သိရှိထားကြသေးသည်။
*****
အဲဒီနောက်တော့ ဈေးရုံကြီးလည်း ဖျက်သိမ်းခံလိုက်ရပြန်သည်။ ကန်ထရိုက် တိုက်ခန်းတွေ ဆောက်တော့မည် ဆိုတော့ ကိုယ်မပိုင်သော မြေပေမယ့် စိတ်အနှောက်အယှက်ဖြစ်ရပြန်သည်။ မြစ်ကမ်းဘေးက တိုက်သည့် လေပြင်းတွေကြောင့် ဖုန်တွေ ဘယ်လောက် ဝင်ပါတယ် ညည်းညူနေကြပေမယ့် အဲဒီ လေတွေကိုတောင် မထိတွေ့နိုင်လောက်အောင် တိုက်ခန်းတွေ ပိတ်ကာ သွားမယ့် အခြေအနေကျတော့လည်း သီသီမာတို့က မကြိုက်ချင်ပြန်။ သီသီမာတို့ ဆုတောင်းကြောင့်ပဲလားတော့ မသိ။ တိုက်ခန်းတွေက တော်တော်နှင့် ဖြစ်မလာပါ။ တခြား မြစ်ကမ်းဘေး တစ်ချို့မှာ ဖြစ်လာပေမယ့် အိမ်ရှေ့ တည့်တည့် အခြမ်းမှာတော့ ဖြစ်မလာသေးပဲ ဝါးကပ် ခြံစည်းရိုးကြီးသာ ကာထားပြီး ရေတမာပင်တွေ လောက်သာ စိုက်ထားသည်။ မနက်ပိုင်း ဈေးသည်တွေက အဲဒီ ခြံစည်းရိုး ဘေးမှာ ကပ်ပြီး ဆိုင်ထွက်ကြသည်။ နေ့လည်ခင်း နေပူသည့် အချိန်လောက်ကျတော့ တော်တော်များများ သိမ်းပြန်ကြသည်။ ဟင်းရွက်သည်တွေ.. ပန်းသည်တွေ.. မနက်မနက် မိုးမလင်းက ထဆူနေသည့် ဈေးသည်တွေက နေပူလာတော့ ဈေးကွဲစ ပြုလာသည်။ ကုန်စုံဆိုင် တစ်ဆိုင် နှစ်ဆိုင် လောက်သာ ယာယီအမိုးတွေ မိုးပြီး ကျန်ရစ်သည်။ ချန်ဒူးဝမ် တို့ အမေဆိုင်လည်း နေရာပြောင်း သွားသောကြောင့် အိမ်ရှေ့တည့်တည့် တုန်းကလို သတိ မထားဖြစ်တော့။

ဈေးသည် ဈေးဝယ်တွေနှင့် တနေကုန် ရှုပ်မနေတာကို သဘောကျပေမယ့် တစ်ဖက်ကမ်းကို မမြင်ရလောက်အောင် ထုံးသုတ်ထားသည့် ဝါးကပ်အဖြူများ ကာရံထားသည်ကိုတော့ ကြည့်မရဖြစ်မိပြန်သည်။ ဝါးကပ်ခြံစည်းရိုးက အားလုံးကို ဖြန့်ကာထားသောကြောင့် အရင်ဈေးတွေလို ကမ်းနားဘက် ဆင်းသည့် လမ်းလည်း မရှိတော့သည့်အတွက် ဘယ်သောအခါကမှ အမှိုက်ကားမလာသော သီသီမာတို့ ရပ်ကွက်က အမှိုက်ပစ်သည့် နေရာကို ဆင်းဖို့ရာ လမ်းမရှိတော့ပဲ ဖြစ်သွားသည်။ အမှိုက်ကို တောတန်းဈေးက အမှိုက်ပုံမှာ ရောပစ်မိတာကို အမှိုက်သိမ်းသည့် ကလေးတွေ မြင်ကြပြန်ရင်လည်း အပြောအဆို ခံရပြန်သည်။ သူတို့က ဈေးထဲက အမှိုက်ပဲ သိမ်းတာဖြစ်ပြီး အိမ်က အမှိုက်တွေ သိမ်းဖို့ တာဝန်မရှိ ဟု ဆိုကြသည်။ သူတို့မလာခင်မှာ အမှိုက် တစ်နေ့စာ တစ်နေ့စာ အမှိုက်ပုံကို ခိုးပစ်ရသည်။

သီသီမာ သဘောကျသည့် ကုက္ကိုပင်ကြီးတွေကိုလည်း ကျောက်စီနံရံ လုပ်မည် ဆိုသော အကြောင်းပြချက်နှင့် အမြစ်ပါမကျန် ခုတ်လှဲပစ်ကြသည်။ ကျောက်စီနံရံအတွက် လူကြီးတွေ လာကြည့်မည် ဆိုသည့်အခါတိုင်းမှာ ပျံကျ ဈေးသည်တွေလည်း လာနှင်ကြသည်။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် တောတန်းဈေးသည်လေးများမှာ ဒုက္ခရောက်ရသည်။ မနက်စောစော မနှင်ခင်ကတော့ ဈေးကောက်က ကောက်ထားပြီးသား။ ခဏ တဖြုတ် ကျောက်စီနံရံကို အာရုံစိုက်လိုက်ကြပြီးနောက် သွေးအေး သွားကြပြန်သည်။ ဘာမှ ပြောသံမကြားရတော့။ ဘာမှလည်း လုပ်သံ မကြားရ။

ညနေ နေက ပြင်းပြင်းပြပြ အိမ်ထဲကို ထိုးဝင်တိုင်း အရိပ်ကောင်းခဲ့သော ကုက္ကိုပင်ကြီးများကို သတိရကြသည်။ ခြံစည်းရိုး အတွင်းမှာ အစောင့်တဲ တစ်ခုကလွဲလို့ ဘာမှ ဖြစ်မလာတာ တစ်နှစ်ကျော်လောက်တောင် ကြာသွားသည်။ ခြံစည်းရိုး အတွင်းက ရေတမာပင်တွေတောင် ခြံစည်းးရိုးကို ကျော်ထွက်လာနေပြီ။ ကုန်စိမ်းသည်များကတော့ ခြံစည်းရိုးရှေ့မှာ ထွက်မြဲ ထွက်လျက်။ သီသီမာလည်း တာဝန်ကျရာနေရာကို သွားပြီး အိမ်ကို သွားလိုက် ပြန်လိုက်။

တစ်ခါတရံတော့ သီသီမာ စဉ်းစားမိသည်။ အဲဒီ မြစ်ကမ်းဘေးက မြေကွက်ကလေးကို ဘယ်သူပိုင်သလဲလို့...။ နိုင်ငံတော်က ပိုင်တာလား...၊ ပြည်သူတွေက ပိုင်တာလား...၊ လုပ်ပိုင်ခွင့် ရှိတဲ့ လူတစ်စုက ပိုင်တာလား...။ သီသီမာ ဥာဏ်လောက်နှင့် မတွေးတတ်နိုင်ပါ။ သီသီမာက မြေနဲ့ ပတ်သက်တဲ့ ဥပဒေ တွေ ဘာတွေ ဘာမှ မသိပါ။ သို့သော် အဲဒီ မြေကွက်ကလေးကတော့ ငယ်ငယ်ကတည်းက ပိုင်ဆိုင်သူ ဟူ၍ မရှိခဲ့တာတော့ သီသီမာ သိခဲ့ပါသည်။ အဲဒီမြေကို လက်ညှိုးထိုး ရောင်းခွင့် ရှိသလား သီသီမာ မသိပါ။ သို့သော် ကန်ထရိုက်ယူလိုက်သည့် တစ်စုံတစ်ယောက်ကတော့ ဘယ်သူ့ဆီက ဝယ်လိုက်မှန်းမသိ၊ သက်ဆိုင်မှုတော့ ရှိသွားပြီ ဖြစ်ပါသည်။ သီသီမာတို့ အိမ်ရှေ့ဘက် မဟုတ်သည့် မြစ်ကမ်းဘေး ဘုရားတစ်ဆူ နားမှာတော့ တိုက်ခန်းတွေ ဆိုင်ခန်းတွေ ဆောက်နေပြီ ဖြစ်သည်။ သီသီမာ့ စိတ်ကူးနှင့်တော့ လားလားမှ မကိုက်ပါ။

သီသီမာ့ စိတ်ကူးအတိုင်းဆို မြစ်ကမ်းဘေးမှာ ပန်းခြံလေး ဘာလေး လုပ်ပြီး သာယာလှပအောင် လုပ်ထားမည်။ မြစ်ကမ်းပါး ကြာရှည်တည်တံ့အောင် ကျောက်စီနံရံကို လှလှပပ ခိုင်ခိုင်ခန့်ခန့်လေး လုပ်ထားမည်။ လမ်းတွေအလည်မှာတောင် အလှအပ ဆင်ထားသည့် အပင်တွေ စိုက်နိုင်သားနဲ့... ဒီ လမ်းဘေး.. ကမ်းဘေးနားကို အလှအပ အပင်တွေ စိုက်လို့ မဖြစ်နိုင်ဘူးလား...။ ဒါမှမဟုတ်ရင်လည်း လမ်းခွဆုံနှင့် လမ်းပေါ်မှာ အသွားအလာပိတ်လောက်အောင် ထွက်နေသည့် တောဈေးသည်၊ ကုန်စိမ်း ပျံကျ ဈေးသည်တွေကို အဲဒီမြေကွက်လပ်လေးထဲမှာ တရားဝင် မနက်ပိုင်း ဈေးကလေး လုပ်ပေးပြီး ရောင်းခွင့် ပြုလိုက်ရင်လည်း ရရဲ့သားနဲ့။ အဲဒါဆိုရင် လမ်းလည်း မပိတ်တော့။ အဲဒီဈေးသည်တွေကလည်း အလွန်ဆုံး ညနေကျလျှင် အားလုံး ပြန်ကြမှာပဲမို့ သီသီမာရဲ့ ညနေရှုခင်းလေးလည်း မပျက်နိုင်။ သို့သော် ဘာပဲ စိတ်ကူးယဉ်ယဉ်... သီသီမာက လုပ်ပိုင်ခွင့်ရှိသူ မဟုတ်သည့်အတွက် ဘာမှ မတတ်နိုင်ပါ။
*****
သီသီမာတို့ အိမ်ရှေ့က တောတန်းဈေးကတော့ ဘာတွေ ဘယ်လို ပြောင်းပြောင်း သူက နေရာမပြောင်းပဲ ရှိနေဆဲသာ ဖြစ်သည်။ အရင်တုန်းက လူကြီး လာမည် ဆိုပြီး ခဏ ခဏ လာနှင်ကြသေးသည်။ သို့ပေမယ့် ကြီးကြီး ငယ်ငယ် ဘယ်လူကြီးကမှလည်း ဒီကမ်းနားလမ်းပေါ်ကို လာမကြည့်ပါ။ နောက်တော့ သူတို့လည်း ဂရုမစိုက်တော့။ ဘယ်လူကြီးပဲ မြို့ကို လာလာ.. ဒီတောတန်းဈေးကို တော်ရုံ လာမနှင်တော့ပါ။ ဒီတောတန်းဈေးကနေ ဈေးကောက်ကလည်း တော်တော် ရနေတာဆိုတော့ တရားဝင် လိုကို ဖြစ်နေလေပြီ။ သီသီမာ တို့ အိမ်မှာလည်း တယ်လီဖုန်း ပြောရင်တောင် အပြင်က အသံတွေ ဆူဆူညံညံဝင်လို့ ကိုယ့်ဖုန်းထဲက အသံကိုယ် မကြားရလောက်အောင် ဖြစ်တာလည်း ရိုးနေပါပြီ။

“ဒီနေရာက ငါ အမြဲတမ်းထွက်နေတဲ့ နေရာ၊ ဒီနားမှာ ခဲနှစ်လုံး ထားထားတာ မတွေ့ဘူးလား၊ တစ်ခြားလွတ်တဲ့ နေရာ သွားထွက်”
“ဒီဈေးမှာ ဘယ်နေရာမှ အတည်တကျ မရှိဘူး၊ ညည်းပိုင်တဲ့ ဈေး မို့လို့လား လာလုပ်မနေနဲ့၊ ငါ အရင်ရောက်တာ ငါ့နေရာပဲ”

“အပျိုကြီး ရှင် ဒီဘူးသီး နှစ်လုံးဖိုး မပေးရသေးဘူး မဟုတ်လား”
“အောင်မယ် ပေးပြီးပါပြီ၊ ခုနကပဲ နင့်ကို ပေးလိုက်တာ နင့်လက်ထဲက ပိုက်ဆံတွေနဲ့ ရောသွားပြီး မသိတော့တာ နေမှာပေါ့”
“မဟုတ်တာအေ၊ ဘာပိုက်ဆံမှ ကျုပ်လက်ထဲမရှိဘူး၊ ဘာမှ ရောစရာ မရှိဘူး၊ အပျိုကြီးနော် တော် ရီးတီး ရားတား မလုပ်နဲ့၊ မပေးရသေးဘူး၊ သူများ ပစ္စည်း အလကားယူဖို့ မစဉ်းစားနဲ့”
“ကျုပ်တို့က သူများပစ္စည်း ဘယ်တော့မှ အလကားမယူဘူး၊ မတရား မစွပ်စွဲနဲ့”
“တော် မလိမ်နဲ့ အမှန်အတိုင်းပြော”
“ကျုပ်တို့က ဘယ်တော့မှ မလိမ်တတ်ဘူး၊ ကျိန်ပြောရဲတယ်၊ ပေးပြီးပြီ”

“ကျုပ်ဈေးရောင်းနေတာ ဈေးဦးတောင် မပေါက်သေးဘူး၊ တော် မြိုဖို့ ဆို့ဖို့ မပေးနိုင်သေးဘူး”
“ဒီမိန်းမ ငါရိုက်လိုက်ရ နာတော့မယ်၊ အခုပေးစမ်း ငါ လုပ်စရာရှိလို့၊ နင့်ကို တစ်နေ့က ပေးထားတာ ကုန်သွားပြီလား”
“အမယ်လေး၊ ကုန်ထမ်းလို့ ရလာတာက နည်းနည်း သောက်တာက များများ၊ ကျုပ်ကို ပေးထားတာ ဆန်ဖိုးနဲ့တင် ကုန်ပြီ၊ ကျုပ်ဈေးရောင်းနေလို့ တော်တို့ သားအဖတွေ ဟင်းနဲ့ ကျွေးနဲ့ စားနေရတယ် မှတ်ပါ”
“ဘာမှ အပိုတွေ ပြောမနေနဲ့ ငါ နက်ဖြန်ကျ ပြန်ပေးမယ်၊ ဒီနေ့ အလုပ်ပိတ်တဲ့ နေမို့လို့ကွ၊ နို့မို့ မင်းကို အောက်ကျခံပြီး တောင်းမနေဘူး”
“တောင်းမနေနဲ့ ရှင်၊ မပေးနိုင်ဘူး၊ ဈေးကောက်ဖိုးတောင် မရသေးဘူး၊ ဘာနဲ့ ပေးရမတုန်း၊ မကျေနပ်ရင်လည်း လဲသေလိုက်”

ဒါမျိုးတွေက သီသီမာတို့ အိမ်ရှေ့မှာ မကြာခဏ ကြားနေကြ ရန်ဖြစ်သံများ ဖြစ်ပါသည်။

အိမ်ရှေ့မှာ ထွက်နေကျ ဟင်းရွက်သည် အဒေါ်ကြီးကို အားလုံးက အပျိုကြီး လို့ ခေါ်ကြသည်။ ဒီလို အဆင့်အတန်းမျိုးမှာ ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျကြ၊ ကလေးမွေးကြ နှင့် သံသရာလည်နေချိန်မှာ ထို အပျိုကြီးကတော့ အမေနှင့် အတူနေ၍ လုပ်ကျွေးနေသူ ဖြစ်သည်။ သို့ပေမယ့် သူ့မှာလည်း သားအမိ နှစ်ယောက်တည်း ဆိုလျှင်တော့ စားလောက် သောက်လောက် ဖြစ်မှာပေမယ့် အရက်သမား မောင်တစ်ယောက်ကို ပေးရကမ်းရ၊ အိမ်ထောင်သည် ညီမ တစ်ယောက်ကို ကျွေးရမွေးရ နှင့် ရှာမလောက်အောင် ဖြစ်နေရသည်။ သီသီမာ တို့အိမ်ကလည်း တစ်ခါတလေ ဈေးသွားခိုင်း၊ အိမ်ရှင်းခိုင်း လုပ်စရာရှိလျှင် ထို အပျိုကြီးကိုပဲ လုပ်ခိုင်းပြီး မုန့်ဖိုးပေးနေကြ ဖြစ်သည်။ စားစရာ သောက်စရာ ပိုပို လျှံလျှံ ရှိလျှင်လည်း သူ့ကိုပဲ ကျွေးဖြစ်သည်။ အမေ့ရဲ့ မတော်တော့တဲ့ အင်္ကျီတွေ လုံချည်အကျတွေလည်း သူ့ကို ပေးဖြစ်သည်။

သို့ပေမယ့် အဲဒီ အပျိုကြီး ဆိုတာကလည်း အိမ်ရှေ့မှာ ရန်သုံးခါ ဖြစ်လျှင် နှစ်ခါကတော့ သူပါတာချည်းပင်။ တစ်ခါတလေတော့ သူ လိမ်တာ ဟု သီသီမာတို့က ထင်ကြသည်။ သူ့စကားကို နားထောင်သူ တစ်ယောက်တော့ ရှိသေးသည်။ အိတ်တစ်လုံး ထမ်းပြီး လျှောက်သွားနေသည့် ခပ်သွပ်သွပ် လူကြီး တစ်ယောက်ဖြစ်သည်။ ထိုလူကြီးကလည်း လိုက်တောင်းရမ်းရင်း သီသီမာတို့ အိမ်ရှေ့မှာ ခဏ နားချင်သည်။ သီသီမာတို့ အိမ်ရှေ့ ဆိုတော့ အပျိုကြီး ဆိုင်အနီး ဖြစ်နေသဖြင့် အပျိုကြီးက မကြိုက်သဖြင့် အော်အော်ထုတ်သည်။ တစ်ခါတလေတော့ ပိုက်ဆံလေး ဘာလေး ပေးပြီး နှင်ထုတ်သည်။ ဟိုလူကြီးကလည်း သူများပြောတာ နားမထောင်ချင်နေမည်။ အပျိုကြီးက နှင်လွှတ်လျှင်တော့ ကြောက်ပြီး ပြန်ရသည်။ အဲဒါကြောင့်ပဲ အနီးအနားက ဈေးသည်တွေက သူ့ကို ထိုလူကြီးနှင့် စကြခြင်း ဖြစ်သည်။ အပျိုကြီးရဲ့ ဟင်းရွက်ဆိုင်ကလေးက သူများတွေလို ကြီးကြီးမားမားလည်း မဟုတ်ပါ။ မနက်စောစော တောသည်တွေ လာရောင်းတဲ့ အထဲက ဈေးသက်သာတာလေးတွေ ပြန်ဝယ်ရောင်းသည်။ သူက ထီးအစုတ်လေး မိုးပြီး တနေကုန်ရောင်းသူမို့ နေမြင့်ရင် ပြန်ချင်သော ဈေးသည်တွေက သူတို့ ပစ္စည်းတွေကို သူ့ဆီမှာ ထားပစ်ခဲ့တတ်ကြသည်။ ဈေးလျော့ရောင်းခဲ့သူကလည်း ရောင်းခဲ့သည်။ အဲဒါတွေကို သူက တစ်နေကုန် ရောင်းရသည်။
*****
သီသီမာတို့ အိမ်ပုံစံက အိမ်ရှေ့ သံတံခါးကြီး ရှေ့မှာ ကော်ရစ်တာလို နေရာလွတ် နည်းနည်း ကျန်သည်။ အခုလို သံဇကာ မကာခင်ကဆို ဈေးသည်တွေက နေမြင့်ပြီ ဆိုတာနဲ့ တက်တက်လာတတ်ကြသည်။ မြူနီစပယ်က လာနှင်လျှင်လည်း တက်လာကြသည်။ သီသီမာတို့အိမ်က ခပ်အေးအေး နေချင်သူတွေမို့ အဲလို ရှုပ်ရှုပ် ယှက်ယှက်ကို လုံးဝမကြိုက်။ ခဏတဖြုတ် ဆိုလျှင်တော့ ပြောဖို့လည်း အားနာကြတာမို့ ပြောလည်း မပြောရက်၊ ကြိုက်လည်း မကြိုက်နှင့် စိတ်ညစ်ရသည်။ အခုလို သံဇကာ ကာပြီး အိမ်ရှေ့တံခါးလေး လုပ်လိုက်မှပင် အေးတော့သည်။

သံဇကာ မကာခင်ကဆို ညဘက် လာအိပ်သော အရူးတစ်ယောက်တောင် ရှိသေးသည်။ ဘယ်က ဘယ်လို သိကြသည်မသိ.. သူ့နာမည်က ဝင်းမောင် လို့ သိရသည်။ သူ့ပါးစပ်ကတော့ ပြောမည်မထင်။ သူ့ကို သိသောသူများက ပြောကြခြင်း ဖြစ်မည်။ သူက အရူး ဆိုပေမယ့် သူများ အရူးတွေလို ပါးစပ်က ပေါက်ပေါက် ဖောက်သလို လျှောက်ပြောနေတာ လျှောက်အော် နေတာမျိုး မရှိပါ။ ခပ်ငြိမ်ငြိမ် အရူးမျိုး ဖြစ်သည်။ နေ့ခင်းဘက် ဘယ်နေရာသွားနေပြီး ဘာတွေ စားသောက်နေသည် မသိသော်လည်း ညဘက်ကျလျှင်တော့ သီသီမာ တို့ အိမ်ရှေ့ကို လာအိပ်တတ်သည်။ သီသီမာတို့ တစ်ဖက်ခန်းက ပွဲရုံကို ငှားထားသဖြင့် ဂိုထောင်သဘောမျိုး အမြဲလို ပိတ်ထားတတ်သောကြောင့် ထို နေရာ ရှေ့မှာ လာအိပ်ခြင်း ဖြစ်သည်။ အရူးဝင်းမောင်က အရင်တုန်းက ကျောင်းဆရာ ဟု သူ့ကို သိသူတွေက ပြောကြသည်။ ဘာကြောင့် အခုလို ဘဝ ရောက်ရသည်ကိုတော့ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ကြပါ။ နောက်တော့ သီသီမာ တို့က နှင်မလွှတ်ပါပဲ အဲဒီ အရူးဝင်းမောင်လည်း လာမအိပ်တော့။ သူ့အိမ်က ပြန်ခေါ်သွားတာလား၊ ဘာလားတော့ မသိ။ အနီးအနား ရွာမှာ သူ့မိသားစု ရှိသည် လို့တော့ ပြောသံကြားသည်။ တော်တော်လေးကြာတော့ သူ သေသွားပြီ လိုလို သတင်းကြားရသည်။ ဘာကြောင့် သေသွားတယ်၊ ဘယ်မှာ သေတယ်တော့ မသိကြပါ။

နောက်ထပ် သီသီမာတို့ အိမ် ဂိုထောင် အခန်းရှေ့မှာ လာစတည်းချချင်သော အရူးမ တစ်ယောက် ရှိသေးသည်။ သူကတော့ လူမသိ သူမသိ ဖြစ်လောက်အောင် ရူးနေသူတော့ မဟုတ်ပါ။ စစချင်းတော့ သူလို ငါလို ဈေးသည်မ တစ်ယောက်လို့ပင် ထင်ခဲ့ကြပေမယ့် တဖြည်းဖြည်းနှင့် သူ မူမမှန်ပုံတွေကို တွေ့လာရသည်။ နေ့ခင်း နေပူချိန်တွေမှာ သီသီမာတို့ ဘေးခန်း ရှေ့ကို ရောက်လာတတ်သည်။ သူ့မှာ သုံးနှစ်ကျော် လေးနှစ်လောက် ကလေးမလေး တစ်ယောက်လည်း ရှိသည်။ မနက်မနက်ကို ကောင်းရောင်း ကောင်းဝယ် ဈေးရောင်း စားသည်။ ဈေးဝယ်ပါးသွားသည့် အချိန်ကျလျှင်တော့ ထင်ရာမြင်ရာတွေ အော်ကြီး ဟစ်ကျယ် လျှောက်ပြောနေတော့သည်။ သူနေခဲ့သော အိမ်ကို ပြောခြင်းလား... သူ့ယောက်ျားကို ပြောခြင်းလား သေချာတော့ မသိနိုင်ပါ။ သူ့ကို မတရား စွပ်စွဲသည့်အကြောင်း၊ သူတို့တွေက ယုတ်မာသည့်အကြောင်း.. စသည်ဖြင့် အကြောင်းအရာ အစုံပါသည်။ မသိတဲ့ လူအဖို့တော့ တစ်ယောက်ယောက်နှင့် ရန်ဖြစ်နေသလားလို့ ထင်နိုင်သည်။ သီသီမာတို့လည်း အစကတော့ အဲလိုပင် ထင်ခဲ့သည်။ နောက်မှသာ သူ့အကြောင်းကို သိရခြင်း ဖြစ်သည်။ သီသီမာတို့ အိမ်နှင့် မျက်စောင်းထိုးက အရိပ်အောက်မှာလည်း နေ့ခင်းဘက် နေတတ်သည်။ ပြီးရင် သူ့ ဟင်းရွက်ရွေးတာ ဘာညာ လုပ်ရင်း အော်ဟစ် ပြောနေလေတော့သည်။ တစ်ခါတလေတော့လည်း မနက်စောစောစီးစီး ကတည်းက ဘယ်သူ့ကို မကျေနပ်မှန်းမသိ ဆူဆူညံညံ ပြောနေတတ်သည်။ သူ့ကလေးလေးကလည်း ဖြူဖြူသန့်သန့် ချစ်စရာ၊ သနားစရာလေးပါ။ သို့ပေမယ့် သူ့အမေကို မပတ်သက်ချင် သဖြင့် ကျွေးတာ မွေးတာ ပေးတာ ကမ်းတာ လည်း မလုပ်ဖြစ်ပါ။ အဆင်မသင့်လျှင် သူ့ကို အထင်သေးတာပါ ဆိုပြီး ရန်တွေ့ ခံရနိုင်သည် မဟုတ်လား။ တစ်ခါတရံတော့ သူပြောတာတွေ ကြားနေရပြီး သူ့ဘဝ အကြောင်း သိချင်စိတ် ပေါက်လာမိသည်။ သူ့အိမ်က ဘယ်မှာလည်း... သူ့ယောက်ျားက ဘယ်ရောက်သွားသလဲ... ဘာကြောင့် ဒီလို ဘဝ ရောက်ခဲ့ရသလဲ...။ သီသီမာ သိချင်မိသည်။ သို့သော် သူ့ကို သွားပြီး စပ်စုရဲသော သတ္တိတော့ သီသီမာ့ မှာ မရှိပါ။

အိမ်ရှေ့က တောတန်းဈေးမှာ သီသီမာ သဘောကျတာ တစ်ခုက အိမ်ရှေ့မှာ ပန်းတွေ အစုံအလင် မြင်ရခြင်းပင်။ ဘုရားပန်းအိုး ထိုးဖို့ လိုရင် ဟော်လန်သစ္စာပန်း လိုသလား၊ ပန်းထိမ်မနိုင် လိုသလား၊ ဂန္ဓမာ၊ အီစတာ၊ မေမြို့ပန်း၊ နှင်းပန်းဖြူတွေ၊ ကြယ်ပန်းတွေ၊ ခိုင်ရွှေဝါပန်းတွေ သူ့ အချိန်နဲ့သူ ကြိုက်ရာ သွားဝယ်လို့ ရသည်။ အိမ်ရှေ့ ဧည့်ခန်းက ပန်းအိုးလေး အတွက်လည်း နှင်းဆီပန်း အဝါရောင်တွေ ထိုးမလား.. နီညိုတွေ လိုချင်သလား.. ရေမွှေး နှင်းဆီ ကြိုက်သလား.. ဝယ်လို့ အလွယ်တကူ ရသည်။ စံပယ်ပန်းတွေ ဆိုလည်း ရာသီမရွေး မွှေးကြိုင်နေသည်။ အထူးသဖြင့် သင်္ကြန်တွင်းဆို လည်ပင်းမှာ ဆွဲသည့် စံပယ်ပန်းကုံး တုတ်တုတ်ကြီးတွေ ဝယ်ပြီး ဘုရားလှူရတာကို သီသီမာ သဘောကျသည်။  ပန်းသည်မ တစ်ယောက်ရဲ့ နာမည်ကလည်း အပျံစား.. မို့မို့မြင့်အောင် တဲ့။ အစကတော့ အပြောင်အပြက် ခေါ်သလား ထင်မိသော်လည်း မဟုတ်ပါ။ သူ့ နာမည်အရင်း ဖြစ်သည်။ သူတို့ကလည်း တစ်ခါတလေ ဘာတွေ ဖြစ်ကြမှန်း မသိ၊ ဆူကြ ညံကြ၊ ရန်ဖြစ်ကြသည်။ အိမ်ရှေ့က ဈေးသည်မတွေက နှစ်လုံးတို့ သုံးလုံးတို့ ဆိုလည်း နိုင်သလောက် ထိုးကြသေးသည်။ ဒိုင်ကိုင်သည့် သူကလည်း ကိုင်သည်။ ပေါက်သည့်လူကလည်း ဆိုင်ကယ်တွေ ဘာတွေနှင့် ဖြစ်လို့...။ နောက်တစ်ခါ ရှုံးပြန်တော့ ဆိုင်ကယ် ပြန်ရောင်းရသည့်ပြင် ဆိုင်ပါပြုတ်သွားတာမျိုးလည်း ရှိသေးသည်။
*****
သီသီမာတို့ နေရာက မြစ်ကမ်းနား ဘေးမှာ ဆိုပေမယ့် ရေကြီးလာလျှင်တော့ နောက်ဆုံးအဆင့် အထိ ရေမဝင်သော နေရာမျိုးဖြစ်သည်။ နှစ် ၁၀၀ လျှင် တစ်ခါ ဖြစ်တတ်သော လွန်ခဲ့သော အခါက တစ်မြို့လုံး ရေကြီး စဉ်ကပင် သီသီမာတို့ အိမ်ကို ရေမဝင်ခဲ့ဟု အမေတို့က ပြောပြသည်။ သီသီမာ တို့ အိမ်ရှေ့က မြစ်ကမ်းပါးသာ ပြိုလျှင်တော့ တစ်မြို့လုံး ရေလွှမ်းပြီး ဘယ်နေရာမှ ကျန်တော့မည် မဟုတ်ပေ။ ဒါမျိုးတော့ ဘယ်တော့မှ မဖြစ်နိုင်ပါဟု ပြောကြတာပင်။ သို့ပေမယ့် မြစ်ကမ်းပါးတို့ ထုံးစံအတိုင်း ရေတိုက်စားတာတော့ ရှိတာမို့ ကျောက်စီနံရံ ဆောက်ဖို့ စီစဉ်ခဲ့ကြတာဖြစ်သည်။ ထို ကျောက်စီနံရံ ဆိုတာကလည်း ခုထိတော့ သီသီမာတို့ အိမ်ရှေ့ဘက်နားကို ရောက်မလာသေးပါ။ အစီအစဉ်ချတုန်းက ချခဲ့ပေမယ့် အကောင်အထည်မဖော်ပဲ ပျက်သွားတာလည်း အများကြီး ဖြစ်နိုင်သည်။

မြစ်ကမ်းပါးကို သေချာ ထိန်းသိမ်း မထားပေမယ့်လည်း မြစ်ကမ်းပါးဘေးနားက မြေကွက်ကို ဝယ်ရဲသူတွေကတော့ အများအပြား ရှိတာ အံသြစရာ တွေ့ရသည်။ သစ်သားတဲ ဆောက်ပြီး ဆိုင်ဖွင့်ဖို့ လောက်သာ လို့ ထင်ခဲ့ပေမယ့် နှစ်ထပ်တိုက် အခိုင်အခန့် ဆောက်၍ မြစ်ကမ်းဘေးမှာ နေရဲတာကတော့ သတ္တိကောင်းသည် ဆိုရမည်။ အဲဒီမြေကို ဘယ်နှစ်နှစ်စာ စာချုပ်နှင့် ဝယ်ခဲ့ကြသလဲ သီသီမာ မသိပါ။ သီသီမာ ဆိုလျှင်တော့ ပြိုကျ မပြိုကျ မသေချာသော အဲဒီ နေရာမှာ မနေချင်တာ သေချာသည်။ သီသီမာသာ မနေချင်ပေမယ့် အိမ်ရှေ့မှာတင် အခိုင်အခန့် နှစ်ထပ်တိုက်က နှစ်လုံးလောက် ရှိသည်။ ဆိုင်ဖွင့်ပြီး လူပါနေသော သစ်သားအိမ် အခိုင်အခန့်တွေက သုံးလေး ငါး အိမ် ရှိသည်။ ညဘက်အထိ လူတွေ အဝင်အထွက် ရှိကြသည်။ ဆူဆူညံညံ သီချင်းတွေ  တီဗွီတွေ ဖွင့်ကြသည်။

အခု လက်ရှိ တိုက်မှာတောင် သီသီမာက မနေချင်လောက်အောင် စိတ်ညစ်ညူးလှပြီ။ ဟိုအရင်က တစ်ဖက်တန်းက အခုတော့ မျက်နှာချင်းဆိုင် နှစ်ဖက်တန်း ဖြစ်ခဲ့ရပြီ။ အိမ်ရှေ့တည့်တည့်မှာက တစ်နေကုန် ထွက်သည့်ပြင် ညဘက် လူနေသည့် ကုန်စုံဆိုင်၊ ဟင်းရွက်ဆိုင်တွေ အပြင် လက်ဖက်ရည်ဆိုင်ပါ ရှိသည်။ လက်ဖက်ရည် ဆိုင် ဆိုတာကလည်း နေ့ဘက် လူရှိသည့် အချိန်အပြင် ညနေဘက် ညဘက်ပါ မကျန် ဆောင်းဘောက်စ် နှင့် သီချင်းသံတွေ အကျယ်ကြီး ဖွင့်သည်။ သူတို့ ဖွင့်သည့် အချိန်ဆို သီသီမာ တို့မှာ ကိုယ့်အိမ်က တီဗွီသံကိုတောင် ကောင်းကောင်း မကြားနိုင်အောင် ဖြစ်ရသည်။ ညနေဘက် နေအေးအေး လေအေးအေးမှာ အပြင်ထွက် လမ်းလျှောက် ဖို့တောင် မဖြစ်လောက်အောင် အိမ်ရှေ့ဘက်မှာ အလုပ်သမားတွေ ယောက်ျားတွေနှင့် လူရှုပ်လှသည်။ သူတို့ကလည်း ကြည့်စရာ တစ်ခြားနေရာ မရှိသောကြောင့် အိမ်ထဲကို ကြည့်ကြသည်။ ဇီဇာကြောင်သော သီသီမာ့ အဒေါ် အပျိုကြီးကလည်း အဲဒါကို လုံးဝမကြိုက်။ “မျက်နှာရူးတွေ... အိမ်ရှေ့မှာ လမ်းသလားစရာ ဘာအကြောင်းမှ မရှိဘူး၊ သီချင်းစောင်း ဆိုစရာလည်း အရွယ်တူ၊ အဆင့်တူတဲ့လူ ဒီအိမ်မှာ ဘယ်သူမှ မရှိဘူး” အဒေါ် အပျိုကြီးက ပွစိ ပွစိ ပြောရင်း စိတ်တွေတိုနေတတ်သည်။ အဲလိုမှန်း ကြိုသိခဲ့ရင် ကိုယ့်ဟာကိုယ် ပိုက်ဆံစုပြီး ကိုယ့်အိမ်ရှေ့ တည့်တည့် နေရာတွေကို ဝယ်ထားလိုက်ပါတယ် ဟု သီသီမာ တို့ မိသားစု ပြောမိသေးသည်။ သီသီမာတို့ မိသားစု ဆိုတာကလည်း ပိုက်ဆံ အပိုအလျှံ သိပ်မရှိသည့် ဝန်ထမ်းတွေမို့ ဒီ ဈေးနှင့် ပတ်သက်သူ၊ ဒီနေရာနှင့် ပတ်သက်သူတွေနှင့်လည်း အဆက်အဆံ မရှိသောကြောင့် ဘယ်သူ့ဆီက ဘယ်လို ဝယ်ရ၊ ငှားရမှန်း၊ ဘယ်လောက်ကုန်မယ်မှန်းလည်း မသိခဲ့ပါ။

သီသီမာ သဘောကျ နှစ်သက်ခဲ့သည့် တစ်ဖက်ကမ်းက ရှုခင်းကိုတော့ တစ်ဖက်ကမ်း ကူးသည့် တံတားကြီးပေါ်က သွားကြည့်မှပင် မြင်ရတော့မည့် အနေအထား ဖြစ်သွားပါပြီ။ ကမ်းနားမြေတွေ အကုန်လုံးက အလွတ်မကျန်တော့ပါ။ ဘယ်သူက ဘယ်သူ့ကို ရောင်းစားခဲ့သည် ဆိုသည်ကတော့ သီသီမာ မသိနိုင်သော အခြေအနေ ဖြစ်ပါသည်။ အိမ်နေရာကို သဘောမကျတော့သော်လည်း ဘိုးဘွားပိုင် အမွေလည်း ဖြစ်နေပြန်တော့ ပစ်ရခက်ပြန်သည်။ တစ်ခြားမှာလည်း အိမ်ပိုင် ယာပိုင် ထပ်ဝယ်နိုင်လောက်သော အခြေအနေ မဟုတ်သည်မို့ ဒီလို ဆူညံ ပွက်လောရိုက် ငရဲခန်း အလည်က အိမ်မှာပင် ဆက်နေနေရဆဲ။ အိမ်ရှေ့က တောတန်းဈေးကလည်း သူ့ဟာနဲ့သူ ဆက်လက် တည်ရှိနေဆဲ။ သီသီမာတို့အိမ်ကလည်း တောတန်းဈေးကို အားပြုကာ အသားငါး၊ ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ် အချိန်မရွေး ရနိုင်သည် ဆိုပြီး ခုချိန်ထိ ရေခဲသေတ္တာတစ်လုံး မဝယ်ဖြစ်သေး။ ဈေးသည်တွေ တိုးလာတော့ ဈေးတန်းက တဖြည်းဖြည်း ကြီးလာသည်။ အသံတွေက တစ်ဖြည်းဖြည်း များလာသည်။ ဈေးကွဲချိန် လာရှင်းသည့် တံမြက်လှည်း သမားတွေကြောင့် မှန်တံခါး မတပ်နိုင်သေးသော အိမ်ထဲမှာ ဖုန်တွေ ဝင်မြဲ ဝင်လျှက်...။ အဲဒါတွေကြောင့်လည်း သီသီမာက အိမ်မှာ အမြဲတမ်း နေရမည့် အလုပ်မျိုးကို မရွေးမိခဲ့ခြင်းလား မသိပါ။

သီသီမာကတော့ သန့်သန့်ရှင်းရှင်း အေးအေးချမ်းချမ်း ပတ်ဝန်းကျင်ကို နှစ်သက်သူမို့ တစ်ပတ်တစ်ခါမှ ဈေးသွားချင် သွားရပါစေ... တောတန်းဈေး တစ်ခု အိမ်ရှေ့မှာ ရှိနေတာကိုတော့ မုန်းသည်။ သို့ပေမယ့် ကိုယ့်တစ်လစာ ကိုယ့်ဟာကိုယ် လောက်ငအောင် မနည်း သုံးနေရသော သီသီမာ့ ဘဝမှာ မိဘတွေကို ခြံနဲ့ဝင်းနဲ့ တိုက်အသစ် တစ်လုံး ဝယ်ပေးဖို့ဆိုတာ အိပ်မက်ပင် မမက်နိုင်အောင် ဖြစ်နေဆဲမို့ တောတန်းဈေး ဘေးမှာ နေနေရဆဲ...၊ မကြားချင်သော ဆူညံသံတွေကို ကြားနေရဆဲ...၊ မမြင်ချင်သော မျက်နှာတွေကို မြင်နေရဆဲပါ။ တောတန်းဈေးကြီးကလည်း တောသည်တွေတင် မက တစ်နေကုန်ထွက်သည့် ဆိုင်ခုံပေါ်က ဈေးသည်တွေနှင့် စည်ကားနေဆဲပါ။

သိင်္ဂါကျော်

10 comments:

Anonymous said...

အိပ်ကောင်းတဲ့အချိန် ဆူရင် မကြိုက်ဘူး ဟုတ်တယ်
တိတ်ဆိတ်နေမှ အိပ်ကောင်းတယ်
စာလာဖတ်ပါတယ်
ခင်တဲ့
ငွေလမင်း

ကိုဇော် said...

လှလိုက်တဲ့ တောဈေးတန်းကို ပုံထားမှုလေးပဲ။ တကယ့် တောဈေးတန်း ဆိုရင် သူတို့ ရိုးသားကြတယ်ဗျ။ ဈေးဝယ်လို့လည်း အရမ်းကောင်းတယ်။ လုံးခင်းမှာ ကြုံဖူးသေးတယ်။ ဈေးဆစ်လို့ လုံးဝ မရဘူးဗျ ၊ ဝယ်ပြီးမှ အဆစ်ပေးနော် ဆိုပြီး တောင်းရင်တော့ ယူချင်သလောက် နှိုက်ပေတော့ပဲ ၊ ဒီတော့မှ အံ့သြ ယူရတော့တယ်။

may16 said...

လှပတဲ့ ဈေးတန်းလေးကို လာဖတ်ပါတယ်..

Angelhlaing(May everybody be happy and healthy! said...

သဘာဝကျကျရေးထားတဲ့လှပတဲ့တောဈေးတန်း
အကြောင်းလာဖတ်သွားပါတယ်မမ။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ဆူးသစ် said...

ကျွန်တော့်အထင်ပြောရရင်တော့ ၀တ္ထုဆိုတာထက် အက်ဆေး ပိုဆန်မယ်ထင်တယ်။ စာရေးသူရဲ့ ကိုယ်တွေ့လို့လည်းထင်မိပါတယ်။ ဖတ်လို့ကောင်းပါတယ်။ စကားပြောနဲ့ စကားပြေတော့ ရောနေတယ်။ ဆရာလုပ်တာမဟုတ်ရကြောင်းပါ။ ဖတ်မိတာကို မြင်တဲ့အတိုင်းပြောမိတာပါ။

ပြည်ကျောက်ဖေ said...

ဟင်.....ပြည်ကမ်းနားလမ်းက အဲလိုတောင် ပြောင်းလဲသွားပြီလား..
အင်္ဂလိပ်က မြို့ပြနဲ့တူအောင် မြို့ကွက်ချခဲ့တာ..စာမတတ်ပေမတတ် အနုပညာမျက်စေ့မရှိ..ငါ့ဖို့ပဲသိတဲ့ စစ်ဗိုလ်တွေလက်ထဲမှာ..ဗမာပြည်လဲ ပဒုမပေါင်တိုဖြစ်ကုန်ပါပေါ့လား..

sosegado said...

စပ်တာမစပ်စုတာ၊ သီသီမာကတော်တော်သိတာပဲ၊ ဒီလိုနေရာမျိုးမှာ အရူးနှစ်ယောက်ရှိရင် တစ်မြို့လုံး တပြည်လုံး တော်တော်များလိမ့်မယ်၊ အရူးမရဲ့ကလေးလေးကို သနားနေမိတယ်၊

ရွှေပြည်သူ said...

အဖြစ်အပျက် မြင်ကွင်းတွေကို အသက်ဝင်အောင်ရေးထားတာကို စိတ်ဝင်တစား ဖတ်မိပါတယ်။ စာရေးအားကောင်းတာကို သိပ်အားကျမိပါတယ် အစ်မ သိင်္ဂါကျော်ရေ...

ဝက်ဝံလေး said...

စာလာဖတ်တယ် မ

မြတ်မွန် said...

တော်ဈေးတန်းဖတ်ပြီး တောဈေးတန်းထဲ ရောက်သွားတယ်။ လူတွေတော်တော်များများနဲ့လဲ ရင်းနှီးလိုက်ရတယ် မရေ..။
တော်တော်လေးကို ဆူညံပြီး စိတ်ရှုပ်စရာတော့ ကောင်းသားနော်။ လိုတာရှိရင် ထွက်ဝယ်ရုံပဲကလည်း တစ်မျိုးကောင်းပြန်ရော။
နားအေးပါးအေးနေချင်သူတွေအတွက်တော့ တကယ့် စိတ်ညစ်စရာ နေရာပါပဲ။