27 June, 2012

အဖြူရောင် ရှင်းတမ်း

မင်းအပေါ် ထားတဲ့ သံယောဇဉ်က
စကတည်းက အဖြူသက်သက်ပါပဲ
မင်းဆိုးစေချင်တဲ့ အရောင်လည်း
ငါဘယ်တုန်းကမှ မပြောင်းခဲ့ရိုး အမှန်ပါ။

မင်းကသာ
စကားတွေကို လွယ်လွယ် နှုတ်ကျွံခဲ့လေရဲ့၊
မင်းရဲ့  အညှာချွေ စကားတွေကို
မင်းယုံစေချင်သလိုသာ ယုံခဲ့မိရင်
ခုလောက်ရှိ
ငါ့နှလုံးသားလည်း အမာရွတ်တစ်ခု ရနေပေါ့။

မင်းအပေါ် ထားတဲ့ ခင်မင်ခြင်း
အမြဲတမ်းအတွက် အဖြူသက်သက်ပါ၊
မင်း အလွယ်ပေးမိတဲ့ ကတိတွေကို
အားမနာတမ်း ပြန်နှုတ်ယူနိုင်ပါတယ်။
ငါလည်း ကတိမှ မပေးခဲ့မိပဲ။
ငါမနာကျင်ရင်
မင်းမှာ အပြစ်ရှိတယ်လို့ မမှတ်နိုင်ပါဘူး။
တိတ်တဆိတ် ရှောင်ပြေးခြင်းကသာ
ငါ့အလွမ်းတွေကို အလွဲသုံးစားလုပ်ရာကျတာပါ။

ငါ့အားနည်းချက်က တစ်ခုပဲရှိတယ်
ဝတ်ဆင်ခဲ့ဖူးတဲ့ သံယောဇဉ်တွေကို
လွယ်လွယ်နဲ့ မပစ်ရက်ခဲ့တာပဲ။

မင်းအပေါ် ခံစားတဲ့ အလွမ်းများကလည်း
အဖြူသက်သက် လို့ ယုံပေးပါ၊
တစ်ခုလေးပါပဲ
ငါနဲ့ ပတ်သက်မှုကို အပြီးတိုင် စွန့်လွှတ်ချင်တယ်ဆိုလည်း
နှုတ်ဆက်ပြီးမှ ထွက်သွားလိုက်ပါ ၊
ဘယ်တော့မှ ဖွင့်မရမယ့်
သော့ခလောက်တစ်ခုနဲ့
ငါ့အလွမ်းတွေကို သိမ်းဆည်းလိုက်ချင်လို့ပါ။

သိင်္ဂါကျော်

26 June, 2012

ချိုသောချစ်ခြင်း




(၁)
ချိုသည် သင်တန်း စတက်သည့် ရက်ကပင် သူ့ကို စတင် သတိထားမိခဲ့သည်။ သူက အရမ်း ချောလွန်းနေတာတော့ မဟုတ်။ သို့ပေမယ့် သန့်ပြန့်သားနားပြီး အဆင့်အတန်းမြင့်သော ပုံပေါက်သည်။ ချို့လောက် အသားမဖြူသော်လည်း ပုံမှန် လတ်ဆတ်သော ခပ်လတ်လတ် အသားမျိုးနှင့်။ အရပ်က သိပ်အရှည်ကြီး မဟုတ်သော်လည်း မိန်းကလေးတွေထဲမှာ အရပ်ရှည်သည့်အထဲပါသော ၅ပေ ၆လက်မ ရှိသည့် ချို့ထက်တော့ နည်းနည်း ပိုမြင့်လိမ့်မည်။ လူတိုင်းကို ခင်တတ်ပုံရသည့် သူ့မျက်နှာချိုချို ပေါ်မှာ ဆွဲဆောင်မှု တစ်ခုတော့ ရှိနေသလိုပင်။ သူ ပြည်တက္ကသိုလ်က ပြီးတာမှ ဟုတ်ရဲ့လားဟု တွေးမိသေးသည်။ ချို ကျောင်းတက်ခဲ့သည့် လေးနှစ်လုံးမှာ သူ့ကို မမြင်ခဲ့ဖူးသလိုပင်။ အခု ကွန်ပျူတာသင်တန်းကလည်း ပြည်တက္ကသိုလ် ထဲမှာပင် ဖွင့်သော ဒီပလိုမာ သင်တန်း ဖြစ်သည်။ ကျောင်းပြီးလို့ တစ်နှစ်လောက်နေမှ ချိုက တက်ခဲ့ခြင်း ဖြစ်သည်။ နောက်တော့မှ သိရသည်မှာ သူက ချို့ထက် တစ်နှစ်စောပြီး ကျောင်းပြီးထားသူ ဖြစ်ကြောင်း သိရသည်။ မေဂျာ မတူသဖြင့် မတွေ့မိကြခြင်း ဖြစ်မည်။

တက္ကသိုလ် လေးနှစ်အတွင်း ချို့မှာ ရင်းရင်းနှီးနှီး သူငယ်ချင်း သိပ်များများစားစား မရှိခဲ့ပါ။ ချို့အိမ်က တက္ကသိုလ်နှင့် နီးသဖြင့် ချိုက အတန်းချိန်မရှိလျှင် အိမ်ကိုသာ ပြန်တတ်သည်။ သူငယ်ချင်းတွေနှင့် ကင်တင်းထိုင် စကားပြောဖြစ်တာ မျိုးလည်း မရှိသဖြင့် သိပ်မခင် ကြတာလည်း ဖြစ်နိုင်သည်။ ချို ဆိုတာကလည်း မိန်းကလေး ဆိုပေမယ့် သူများတကာလို တက္ကသိုလ် ကျောင်းသူပုံ မပေါက်သည့် ကလေးသာသာ ရုပ်ကလေးနှင့် ဖြစ်သည်။ ဘယ်တော့မှ အရှည်မထားဖြစ်သည့် ဆံပင်တိုနှင့်မို့လည်း ပိုငယ်သယောင် ထင်ရသည်။ တစ်ချို့က ချိုဟာ ကျပ်မပြည့်သည့် ခပ်ချောင်ချောင်ကလေးလို့  ထင်ကြသည်ကိုလည်း ချိုသိပါသည်။ အမှန်အတိုင်းဆိုရလျှင် ချိုကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အဲလို ထင်မိတာပင်။ ချိုက ဥာဏ်မကောင်းပါ။ တစ်ခုခုကို နားလည်သဘောပေါက်ဖို့  သူများထက် အချိန်ယူရသည်။ ဆယ်တန်းစာမေးပွဲကို နှစ်ချင်းပေါက် အောင်လာတာပင် ကံကောင်းသည်လို့  ဆိုရမည်။ ဘယ်ကရသည့် စပေါ့မှ မဟုတ်ပဲ ချို ကောင်းကောင်းကျက်ထားတွေ တော်တော်များများ မေးခွန်းထဲမှာ ပါလာတာသည် ကံကောင်းတာပဲ မဟုတ်လား…။

ရွယ်တူ မိန်းကလေးတွေကတောင် စိတ်တူကိုယ်တူ မပေါင်းချင်သည့် ချိုလို ကောင်မလေးကို ယောက်ျားလေးတွေက စိတ်ဝင်စားဖို့ ဆိုတာကတော့ ဝေးလာဝေးပင်။ သူတို့က စိတ်မဝင်စားသလို ချိုကလည်း ကိုယ့်ကိုယ်ကို အရွယ်ရောက် မိန်းကလေးလို့ပင် မထင်ခဲ့သူ ဖြစ်သည်။ အဲလို မထင်အောင်လည်း အိမ်က ပုံစံသွင်းထားခဲ့သည်။ တစ်နှစ်တစ်တန်း မှန်မှန်အောင်ဖို့သာ ချို့အတွက် အရေးကြီးသည်။ သူများတွေ အတွက် ပေါ့ပေါ့ပါးပါးနှင့် အောင်ကောင်း အောင်နိုင်သော တက္ကသိုလ်သည် ချို့လို ဥာဏ်တုံးသူ အတွက်တော့ ကြိုးစားမှသာ အောင်မြင်နိုင်မည် ဖြစ်သောကြာင့်ပင်။ ချို တစ်နှစ်မှ စာမေးပွဲ မကျပဲ ပုံမှန်အောင်ခဲ့ပါသည်။ လေးနှစ်လုံး တက်လာပေမယ့် အတန်းထဲက လူ တော်တော်များများကတော့ ချိုမီမီ ဆိုသည့် ကောင်မလေးကို လူနှင့် နာမည်နှင့် တွဲသိသူ ရှားလှပါသည်။ ချိုသည် တက္ကသိုလ်မှာ အဲသည်လို ပေါ်ပြူလာ ဖြစ်ခဲ့သူ ဖြစ်သည်။ အခုလည်း ချိုကသာ သူ့ကို သတိထားမိသော်လည်း သူ့ဘက်ကတော့ ချို့ကို သတိထားမိမည်ဟု မထင်ခဲ့ပါ။ သို့သော် အဲဒီအထင် မှားကြောင်း မကြာခင်မှာပင် ချိုသိလာရသည်။

ချို့ဘေးက ကောင်မလေးက သင်တန်း ဆက်မတက်ဖြစ်ပဲ ထွက်သွားသောအခါ အဲဒီခုံကို သူက ပြောင်းလာထိုင်သည်။ ချိုနှင့် သူ သူငယ်ချင်း ဖြစ်သွားသည်။ ချိုက တစ်ခါနှင့် နားမလည်သော လက်တွေ့ သင်ခန်းစာ မှန်သမျှကို သူကပဲ အမြဲရှင်းပြရသည်။ ချိုသည် သူ့ကို သတိထားမိသည် ဆိုသည်မှာ ကြည့်ကောင်းသော ကောင်လေးတစ်ယောက် အနေနှင့် ဘာရယ် မဟုတ် ခိုးကြည့်ဖြစ်ရင်း မှတ်မိသိရှိသွားတာသာ ဖြစ်ပြီး ဘာဘာညာညာ ခံစားချက်မျိုး မရှိခဲ့ပါ။ သူနှင့် ခင်မင်ပြီးသည့် အခါမှာတော့ ချို သူ့ကို အားကိုးလိုလာသည်။ ချို ခင်မင်ဖူးသည့် သူငယ်ချင်း အားလုံးထက် သူ့ကို ပိုပြီး ခင်မိသည်ဟု ထင်သည်။ သူသည် ချို့ သူရဲကောင်း ဖြစ်လာသည်။ သို့ပေမယ့် ချိုသည် အဲဒီ အဆင့်ထက် ပိုဖို့ရာ စိတ်ကူးမရှိပါ။ သူ့မှာ ရည်းစားရှိတာကိုလည်း ချိုသိပါသည်။ သူ့ရည်စား မမ က သူ့ထက် ၂နှစ်လောက် ကြီးပြီး နည်းပညာတက္ကသိုလ်က ဘွဲ့လွန် ဆက်တက်နေသူ ဖြစ်သည်။ ချိုသည် သူ့သူငယ်ချင်း ဖြစ်နေရခြင်းကိုပဲ ကျေနပ်နေသူ ဖြစ်ပါသည်။
*******
(၂)
“မတွေ့တာတောင် ကြာလှပြီ၊ ချိုတောင် အပျိုကြီး ဖြစ်နေမှပဲ၊ အရင်လို မဟုတ်တော့ပါလား၊ လှလှပပလည်း ဝတ်တတ်လာပြီ၊ ဘယ်လိုလည်း ရည်းစားတွေ ဘာတွေရော ရနေပြီလား”

မမနှင်းဆီက မေးသောအခါ ချို သူ့ကို ဖြတ်ခနဲ သတိရမိသွားတာ ဘာကြောင့်မှန်း မသိချေ။ တကယ်တော့ ချို သည်လို လှလှပပ ဖြစ်လာတာလည်း သူ့ကျေးဇူးပဲ မဟုတ်လား။ အရင်က ချိုသည် မေမေ နှင့် ဒေါ်လေးတို့  ဝယ်ပေးသမျှကိုသာ ဝတ်တတ်ပြီး အရောင်လိုက်မလိုက် ကိုလည်း သေချာ သတိထားတတ်သူ မဟုတ်ပဲ တွေ့ရာ ကောက်ဝတ်တတ်သူ ဖြစ်သည်။ အဲဒါတွေ ကြောင့်လည်း မိန်းကလေး သူငယ်ချင်းတွေက ချို့ကို အထင်အမြင်သေးကြခြင်း ဖြစ်ကြောင်း ခုတော့ ချို နားလည်လာပါပြီ။ မေမေ နှင့် ဒေါ်လေးလတ်၊ ဒေါ်လေးငယ် တို့ ဆိုတာ ကလည်း ချို့ကို ကလေးပိစိလေး ထင်ပြီး ကလေးဝတ်သည့် အင်္ကျီပုံမျိုးတွေ၊ ယောက်ျားလေးဝတ် ရှပ်အင်္ကျီပုံတွေသာ ဝယ်ပေးတတ်သည်။ သူက ချို့ကို ကိုယ်တိုင် အဝတ်အစားဝယ်ဖို့  တိုက်တွန်းပြီး သူကိုယ်တိုင် လိုက်ရွေးပေးခဲ့သည်။ အဲလို ဆိုတော့လည်း မေမေတို့က ဘာမှ မဆူပါ။ ချို အလှအပ ကြိုက်တတ်လာပြီ ဆိုပြီး ရယ်နေခဲ့ကြသည်။ တစ်ခါတစ်လေ တော့လည်း ချိုသည် ဘာမဟုတ်သည့် အကြောင်းကလေးတွေ ကိုပင် ပုံစံခွက် ထဲမှ ထွက်ရမှာ ကြောက်တတ်ခဲ့သူ ဖြစ်သည်။

“ချို့ကိုများ ဘယ်သူက ကြိုက်မှာလဲ မမနှင်းဆီရယ်၊ ချို့ကို ချစ်တယ်လို့  ပြောဖူးတဲ့လူ တစ်ခါမှတောင် မရှိဖူးဘူး”
“ဟုတ်ရဲ့လား ချိုရဲ့ ၊ ချိုက ချစ်စရာ ကောင်းပါတယ် ကွာ”
“အဟုတ်ပေါ့ မမရဲ့ ၊ ချို့ကိုသာ ပြောပြီး မမ ကျတော့ရော၊ ဘာလို့ ခုထိ အပျိုကြီး လုပ်နေတာလဲ”
“ဟား ဟား .. ကိုယ့်ကိုလည်း ကြိုက်မယ့်လူ မရှိလို့ပေါ့ ကွာ”
“ဟင် ဟုတ်လို့လား၊ ချိုတော့ မထင်ပါဘူးနော်၊ မမ ဂျီးများနေတာ နေမှာပါ”
“ကိုယ်က အသက်ကြီးပါပြီကွာ၊ အပျိုကြီးပဲ လုပ်တော့မှာ ဟဲ ဟဲ”
“ချိုလည်း အပျိုကြီးပဲ လုပ်မှာ.. မေမေ တို့ကလည်း အပျိုကြီးပဲ လုပ်တဲ့”
“လုပ်နိုင်ရင် ကောင်းတာပေါ့၊ တို့ ညီအစ်မ နှစ်ယောက် အဖော်ရတာပေါ့”

မမနှင်းဆီသည် အသက် ၃၂ နှစ်လို့  မထင်ရလောက်အောင် နုပျိုသေးသည်။ အမြဲတစေ ဖြောင့်ထားသော ပခုံးသာသာ ဆံပင်တွေကို ဖြန့်ထားပြီး အခုလို အိမ်နေရင်း ဂါဝန်တိုလေးနှင့် ဆိုလျှင် ချိုနှင့် သက်တူရွယ်တူလားပင် ထင်ရသည်။ တကယ်တော့ ချို နှင့် မမနှင်းဆီက အသက် ရှစ်နှစ်ကျော်လောက် ကွာသည်။ မမနှင်းဆီက Ph.D ဒေါက်တာဘွဲ့ပင် ရပြီးသော ဆရာမ တစ်ယောက်။ အချောအလှကြီးထဲ မပါသော်လည်း ထက်မြက်ပုံရသော မျက်ဝန်းလှလှများနှင့် ချစ်စရာ ကောင်းသူ တစ်ယောက် ဖြစ်သည်။ မမနှင်းဆီ အမေနှင့် ချို့ မေမေက ကျောင်းတုန်းက သူငယ်ချင်းတွေ ဖြစ်သည်။ “နှင်းဆီလေးက စာလည်း သိပ်တော်တာ၊ လိမ်လည်း လိမ္မာတယ်၊ ခုထိ အပျိုကြီးပဲ၊ သမီးလေးလည်း အဲလိုပဲ လုပ်နော်” တဲ့။ မေမေက အမြဲ ပြောတတ်သော စကား။

ချို့လို အူတိအူကြောင်ပုံ ကောင်မလေးကို ချစ်မယ့်လူ မရှိတာ ဖြစ်နိုင်ပေမယ့် မမနှင်းဆီကို ချစ်တဲ့သူ တစ်ယောက်မှ မရှိဘူးဆိုတာ နည်းနည်းတော့ ဆန်းသလိုပင်။ အရင်ကတော့ နှစ်ယောက်သား အချစ်အကြောင်း တစ်ခါမှ မပြောဖြစ်ကြပါ။ အခုတော့ ချိုလည်း အချစ်အကြောင်း နည်းနည်း စိတ်ဝင်စားချင်လာမိသည်။

“မမ၊ တကယ်ပဲ မမကို ချစ်တဲ့လူ မရှိတာလား ဟင်၊ ချို့ကိုတော့ အမှန်အတိုင်းပြောနော်”
“ကိုယ် အဲလိုပြောတိုင်း ဘယ်သူမှ မယုံချင်ကြဘူး၊ ဒေါ်ဒေါ်လေးကတောင် ဘာပြောတယ် မှတ်လဲ၊ မဖြစ်နိုင်ဘူးတဲ့၊ သူလည်း အပျိုကြီး ဆိုပေမယ့် ကြိုက်မယ့်သူ မရှိလို့တော့ မဟုတ်ဘူး၊ ယောက်ျားတွေကို စိတ်ကုန်လို့ မယူတာတဲ့၊ ဒါပေမယ့် ကိုယ်က အမှန်တိုင်း ပြောတာပါကွာ၊ ခုလိုဆို ကိုယ် အပျိုကြီး လုပ်ရင် ဒါ ကြိုက်မယ့်သူ မရှိလို့ လို့ ဖြစ်တော့မှာပဲ၊ အဲလို ဆိုတော့လည်း နည်းနည်း သိက္ခာကျတာပေါ့၊ ကိုယ်က တစ်ယောက်တည်း နေရတာ ကို ကြိုက်လို့ လုပ်မှာ၊ ဘယ်သူ ကိုယ့်ကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက်..”

“ယောက်ျားတွေက ဘယ်လို ပုံမျိုးကိုမှ ကြိုက်ကြတာလဲ ဟင် မမ”
“အမ်၊ ကိုယ်က ယောက်ျားလေးမှ မဟုတ်တာ၊ ဘယ်သိမတုန်း၊ ကိုယ်သာ ယောက်ျားလေး ဆိုရင်တော့ ဆံပင်ရှည်ရှည်လေး၊ မပြင်ပဲနဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အသားဖြူဖြူ၊ အရပ်ရှည်ရှည်လေးကို ကြိုက်မှာ.. ဟိ”
“ဟား ဟား လတ်စသတ်တော့ မမက ယောက်ျားလေးတွေကို မကြိုက်ပဲနဲ့ မိန်းကလေးတွေကို ကြိုက်ချင်နေတာ မဟုတ်လား”

“ဟေ့.. မဟုတ်တာတွေ မပြောနဲ့၊ ကိုယ်တို့ ကျောင်းဆိုတာကလည်း ယောက်ျားလေး နည်းတယ်လေ၊ နီးစပ်မှုကလည်း မရှိဘူးပေါ့ ဟဲဟဲ၊ တကယ်ဆိုတော့ အချစ်ဆိုတာ နီးစပ်မှု သံယောဇဉ်ကနေ ဖြစ်သွားကြတာလည်း များတယ်လေ၊ ပြီးတော့ သိပ် ပေါ်ပြူလာဖြစ်၊ ချောလှနေတဲ့ မိန်းကလေးတွေက လွဲရင် သာမန် မိန်းကလေးတွေ အပေါ်မှာ ယောက်ျားတစ်ယောက်က ချစ်တယ် လို့ ပြောမယ်ဆိုရင် သူ့အပေါ် တုံ့ပြန်မှု အလားအလာ ကောင်းမကောင်း သုံးသပ်ပြီးမှ ပြောတတ်ကြတာပဲ၊ သူ့ကို ဘယ်တော့မှ ပြန်ကြိုက်မှာ မဟုတ်ဘူး ထင်ရတဲ့ မိန်းမတစ်ယောက်ကို နည်းနည်းလောက် သဘောကျရုံနဲ့ ဘယ်တော့မှ စကား အဖတ်တင်ခံပြီး မပြောဘူး၊ အဲ တစ်ချို့ကျတော့ တစ်မျိုး၊ ရမလား ဆိုပြီး လျှာအရိုးမရှိ လွယ်လွယ် ပြောတတ်တဲ့သူမျိုးလည်း ရှိသေးတယ်”

“ဖြစ်နိုင်ပါတယ်၊ မမရဲ့ ရုပ်တည်ကြီးကို ကြည့်ပြီး ဘယ်သူမှ မပြောရဲတာ နေမယ်၊ မမ ဆိုတာလည်း ကိုယ့်ကို ကြိုက်လို့ စောင့်ကြည့်နေရင်တောင် သိမယ့်သူ မဟုတ်ပါဘူး”

“ဟား ဟား.. ဒီကိစ္စ ဒီမှာတင် ရပ်စို့၊ ဒီမှာ ချို၊ အတည်ပြောမယ်၊ ချို့ကို ကြိုက်မယ့်သူ မရှိဘူးလို့ပြောတယ်နော်၊ ရှိလာရင်လည်း လွယ်လွယ်နဲ့ မယုံလိုက်နဲ့နော်၊ မိန်းမ မာယာ သဲကိုးဖြာ ဆိုပေမယ့် ယောက်ျားမာယာက သဲကိုးဖြာ မကဘူး၊ ကိုယ် ပြန်မကြိုက်ရင် သူ့ဘဝ ပျက်ရပါလိမ့်မယ် ဘာညာ ဆိုတာ လျှာအရိုးမရှိ ပြောတာတွေ သိလား၊ ကိုယ်ပြန်မကြိုက်လို့ သူတို့ ခံစားရရင်တောင် ခဏပဲ၊ နောက်တော့လည်း သင့်တော်ရာနဲ့ ဖြစ်သွားကြတာပဲ သိလား၊ ယောက်ျားတစ်ယောက်ကို ချစ်ဖို့ ဆိုရင် သေချာစဉ်းစားရမယ် နော် ချို၊ သူ့အပေါ် ကိုယ့်ခံစားချက်က အချစ် ဟုတ်မဟုတ်၊ သူဘက်ကရော ကိုယ့်ကို တကယ် ချစ်မချစ်၊ သူက ကိုယ်နဲ့ သင့်တော် မသင့်တော်…၊ ချို့ အဖေ နဲ့ အမေ ရဲ့ အတိတ်ကို ချိုလည်း သိသားပဲ မဟုတ်လား”

ချို သိတတ်သော အရွယ်ရောက်လာတဲ့ အခါမှာ ချို့အမေ အညာခံခဲ့ရတဲ့ အကြောင်းစုံကို သိခဲ့ရပါသည်။ ချို့ အဖေဟာ မယားကြီး ရှိရဲ့နဲ့ ချို့အမေကို လိမ်ညာလှည့်ဖျား ယူခဲ့သူပင်။ ချို့အမေဟာ အဲသည့်အကြောင်းကို သိသွားတာနဲ့ ချို့ကိုယ်ဝန်ကြီးနဲ့ သူ့မိသားစု အိမ်ကို မျက်နှာအောက်ချပြီး ပြန်တက်လာခဲ့ရသည်။ ချိုသည် ငယ်ငယ်ကတည်းက အဖေ ဆိုသူကို တစ်ခါမှ မမြင်ဖူးခဲ့ပါ။ သူကလည်း ချို့ကို တစ်ခါမှ လာမကြည့်ခဲ့ပါ။ သူ့ ပထမ မိန်းမနှင့်ပင် သူ့မြို့မှာ ပြန်ပေါင်းနေပြီး သူ့မှာ ကလေးနှစ်ယောက် ရှိသည်လို့ သိရသည်။ ချိုကလည်း အဖေဆိုသူ အကြောင်း အမှန်အတိုင်း သိပြီးကတည်းက သူ့ကို တွေ့ချင်သည် ဆိုတာလည်း မရှိတော့ပါ။ ချို့ အဘိုးအဘွား (ခုတော့ ဆုံးသွားကြပါပြီ)၊ အပျိုကြီးများ ဖြစ်သော ဒေါ်လေးလတ် နှင့် ဒေါ်လေးငယ် တို့ဟာ ချို့အမေကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘဝတစ်လျှောက်လုံး ပြောဆို ဆူပူမဆုံး။ ချို့ကိုလည်း မချစ်တာမဟုတ်၊ ချစ်ကြပေမယ့် နည်းနည်းမှ မျက်နှာသာမပေး ချုပ်ချယ် ဆူပူကြတာဟာ ချို့အဖေကို သူတို့ မုန်းနေကြတာ တစ်ခု အတွက်နှင့်ပင်။

“ချို့အဖေကို သတိရသွားသလား ချို၊ တကယ်တော့လေ အဲဒါ ချို့ ဒေါ်လေးတွေ ချုပ်ချယ်တာကြောင့်လည်း ပါတယ် သိလား၊ ချို့မေမေကို ကျောင်းတုန်းက ကြိုက်တဲ့ အင်ဂျင်နီယာ ကျောင်းသားနဲ့သာ သူတို့ သဘောတူပေးခဲ့ရင် ချိုခုလို ဖြစ်မယ် မဟုတ်ဘူး၊ အဲဒီ ကျောင်းသားက အခုတော့ အရာရှိကြီးကြီး ဖြစ်နေပြီပေါ့၊ သူက စိတ်သဘောထားလည်း ကောင်းရဲ့သားနဲ့ ချို့ဒေါ်လေးတွေက အကြောင်းပြချက်မရှိ တားမြစ်ခဲ့ကြတာလေ”
“ချို့ ကံပေါ့ မမရယ်”
“အင်းပေါ့၊ ကိုယ့်မေမေလည်း သူ့ကို ကြိုက်တဲ့ ကောင်းကောင်းမွန်မွန် ကျောင်းသားတွေ အများကြီးထဲကမှ ကိုယ့်ဖေဖေ ဘွဲ့မရတဲ့ လောင်းကစားသမားကိုမှ ရွေးခဲ့တယ်လေ၊ ဒါဟာ ကိုယ့်ကံပဲပေါ့”
“ဒေါ်လေးတို့က အခုလည်း ချို့ကို အိမ်ထောင်ပြုမှာ တအားကြောက်ကြတာ၊ ချိုကလည်း စိတ်မဝင်စားပါဘူး မမရယ်၊ ကြောက်လွန်းလို့ပါ”
“ဟုတ်တယ်ချို၊ ကိုယ်လည်း ယောက်ျားတွေကို ကြောက်လွန်းလို့၊ သစ္စာဖောက်တတ်တဲ့ ယောက်ျားရယ်၊ အသုံးမကျတဲ့ ယောက်ျားရယ်၊ ဘယ်ဟာမှ မကောင်းဘူး၊ ယောက်ျားတစ်ယောက်နဲ့ အိမ်ထောင်ပြုတယ် ဆိုတာ တရုတ်ကလာတဲ့ electronic ပစ္စည်း ဝယ်ရသလိုပဲ၊ မမျှော်လင့်ပဲ အကြာကြီး တစ်သက်လုံး သုံးလို့ကောင်းနေတာမျိုးက ရှားတယ်၊ မကြာမတင် တစ်ချိန်ချိန်မှာ ပျက်မှာပဲ၊ ပျက်သွားတဲ့ ပစ္စည်းကို အိမ်ဦးခန်း ထားလို့လည်း မသင့်တော်တော့ စွန့်ပစ်လိုက်ရတာပဲလေ”
“မမက သိပ်ပြောတတ်တာပဲ”
“ဒါပဲနော် ချို၊  ချို ချစ်တဲ့သူ ရှိလာရင် မမကို အရင်ပြောရမယ်နော်၊ မမက သူများကို အပျိုကြီး လုပ်ဖို့ အတင်း တိုက်တွန်းမယ့်သူ မဟုတ်ပါဘူး၊ သင့်တော်ရင် သဘောတူမှာပေါ့”
“ပြောမှာပေါ့ မမရယ်၊ ချို့ကို ချစ်မယ့်သူပဲ ရှိပါစေဦး.. ဟီး..”

ချို ချစ်တဲ့သူက ချို့ကို မချစ်ရင်လည်း ချို ဘာမှ လုပ်လို့မရပါဘူး မမ ရယ် လို့တော့ မပြောဖြစ်တော့ပါ။ ချိုသည် အချစ်ကို ကြောက်ပါသည်။ သို့သော် တစ်ခါလောက်တော့လည်း ချစ်ကြည့်ချင်သေးသည်။
*******
(၃)
ပြည်တက္ကသိုလ် အဝင်လမ်း ရေတမာပင်တန်းအောက်မှာ လမ်းလျှောက်နေတုန်း ထင်မှတ်မထားသည့် အချိန်မှာ သူက ချို့ကို ချစ်သည် လို့ ပြောလာသည်။ ချိုတို့ သင်တန်းက ပြီးကာနီးနေပြီမို့ ပြီးသွားလျှင် သူနှင့် မတွေ့ရတော့မှာကို ချိုက စိုးရိမ်နေခဲ့မိသည့် အချိန်။ သူ့ရည်းစား မမ အကြောင်း မေးတော့ ပြတ်သွားပြီ ဟု ဆိုသည်။ ချိုသည် ရိုးရိုးအအ ကောင်မလေး ပေမယ့် သူဟာ မယုံကြည်ချင်စရာ ကောင်းတာကိုတော့ သိပါသေးသည်။ သို့ပေမယ့် ချိုဟာ သူ ချစ်တမ်းကစားဖို့ စိတ်ဝင်စားစရာ ပုံစံလည်း မဟုတ်ပါပဲ…။ နီးစပ်မှု သံယောဇဉ်ကများ အချစ်ကို ဆွဲဆောင်လေသလား။ ချို သေချာ မဆန်းစစ် တတ်ပေမယ့် သူ့ကိုတော့ ချက်ခြင်း ငြင်းဖြစ်ခဲ့သည်။ ချိုသည် ယောက်ျားတစ်ယောက်ကို ယုံယုံကြည်ကြည် ချစ်ဖို့ရာ သတ္တိမရှိသူပါ။ သူက ချို ချက်ချင်း ငြင်းတာကို လက်မခံပါတဲ့။ သေချာစဉ်းစားပြီး အဖြေပေးတာကိုမှ လက်ခံမည် ဆိုသည်။

ချိုဟာ ဘယ်တုန်းကမှ ဟန်ဆောင်ကောင်းသူ မဟုတ်သည့် အတွက် သင်တန်း မပြီးခင်မှာပင် သူ့ကို အဖြေပေးမိရက်သား ဖြစ်သွားသည်။ ချိုဟာ သူ့ကို မချစ်ဘူး လို့ ပါးစပ်က ပြောပေမယ့် ဘာလေးပဲ ဖြစ်ဖြစ် သူ့ကို တိုင်ပင်မိသည်။ တစ်ခုခု စိတ်ညစ်စရာ ရှိလျှင် သူ့ကို အရင်တမ်းတမိသည်။ ကိုယ်တိုင် လုပ်လို့ရနိုင်သည့် အရာလေးတွေ လုပ်ဖို့ကိုပင် သူ့အကူအညီကို တောင်းချင်သည်။ အရင်က တစ်ယောက်တည်း သွားနေသည့် နေရာတွေကိုပင် သူမပါပဲ မသွားချင်သလို ဖြစ်လာသည်။ သူ့ကို ချို့ဘေးမှာ မားမားမတ်မတ် ရပ်ပေးမည့် အားကိုးရာ ဖြစ်စေချင်သည်။

သူဟာ မိန်းကလေးများအကြောင်း ကောင်းကောင်းသိသူ ဖြစ်သည့်အတွက် ချိုလို မနူးမနပ်ကလေးဟာ သူ့ကို ချစ်နေသည့် အကြောင်း ကောင်းကောင်း ဖော်ထုတ်နိုင်ခဲ့တာပင်။ ချိုကလည်း ဒါကိုပဲ ကျေနပ်စွာ လက်ခံခဲ့တာ မဟုတ်လား။ သူ ချို့ကို တကယ်ချစ်သည် ဆိုတာ ချို ယုံကြည်ပေးလိုက်သည်။ ချိုဟာ ဘာမှ မက်မောစရာ ရှိသည့် မိန်းကလေး မဟုတ်။ မြင့်မြတ် ရဲ့ မိန်းကလေး အသစ်ဟာ ဘယ်လိုလဲ သိချင်လို့ဆိုပြီး လာတွေ့သွားသည့် သူ့ရဲ့ အရင် မမ ကမှ ချိုနှင့် မယှဉ်သာအောင် ချောမော စတိုင်ကျလှကာ ပညာလည်း ပြည့်စုံ၊ ဥစ္စာလည်း ပြည့်စုံသူ မဟုတ်လား။ သူက မမကို သူ တကယ် မချစ်ခဲ့ပါ ဆိုတာကို ချိုက ယုံလိုက်ပါသည်။ မမကလည်း သူ့ကို တကယ်မချစ်ပါ ဟု သူက ဆိုသေးသည်။ ဒါကတော့ အမှန် ဟုတ်မဟုတ် ချိုသိနိုင်သော အရာ မဟုတ်ပါ။

ချိုသည် သူ့ကို ချစ်ခြင်း တစ်ခု ကိုသာ တွေးသူ ဖြစ်ပြီး အိမ်ထောင်တစ်ခု တည်ထောင် ဖို့ကိုတော့ မစဉ်းစားမိခဲ့ပါ။ ချိုရော သူရော ကွန်ပျူတာ သင်တန်းက ဒီပလိုမာ ရခဲ့ပေမယ့်လည်း အဲဒါနဲ့ ပတ်သက်တဲ့ အလုပ်ရဖို့ ဆိုတာ မဖြစ်နိုင်သည့်အတွက် ချိုလည်း ဈေးထဲက ဆိုင်မှာ ဈေးကူရောင်း ပေးနေသလို သူလည်း သူ့အဖေ ပွဲရုံမှာပဲ အလုပ်လုပ်နေသည်။ ချိုက တကယ်တော့ ဈေးမရောင်းလိုပဲ ဝန်ထမ်းအလုပ် လုပ်လိုပေမယ့် တစ်ခြားမြို့တွေမှာ တာဝန်ကျမှာကို တွေးပြီး အိမ်က ချို့ကို ပေးမလုပ်ပါ။

အရင်က ဘာပဲဖြစ်ဖြစ် အိမ်ကို တစမကျန် အစီရင်ခံတတ်သည့် ချိုသည် အခုတော့ ဥာဏ်နီဥာဏ်နက်များ သုံးကာ အိမ်က မသိအောင် သူနှင့် ချိန်းတွေ့တတ်လာသည်။ ချိုသည် ချို့အမေထက် အဒေါ်များကို ကြောက်ရသူ ဖြစ်ရာ ချို့မှာ ချစ်သူ ရှိနေပြီ ဆိုသည့်အကြောင်းကို ဘယ်လိုမှ မပြောရဲပါ။ သူကလည်း အိမ်ကို ပြောလိုက်ဖို့ တောင်းဆိုလှပြီ။ ချိုက မပြောချင်တာ မဟုတ်ပါ။ စကားလေး စကြည့်လိုက်လျှင်ပင် “ညီးနော် ရည်းစားထားမယ် မကြံနဲ့၊ အပျိုကြီးပဲ လုပ်ရမယ်” စသည်ဖြင့် ပိတ်ပြောလိုက်သည်ချည်း ဖြစ်သောကြောင့် ချို့မှာ ဆက်မပြောရဲတော့ပါ။

ချိုကလည်း ဖွင့်မပြောရဲ။ သူက လာတောင်မည်ဆိုတော့လည်း ချိုက လက်မခံ။ နောက်ဆုံး သူက ခိုးပြေးရအောင် ဟု ဆိုသောအခါ ချို့မှာ ကြံရာမရ ဖြစ်ရတော့သည်။ ချို့မှာ တိုင်ပင်စရာလည်း ဘယ်သူမှ မရှိပါ။ ချို့အကြောင်းကို မမနှင်းဆီကို ဖွင့်ပြောဖို့ သတိရသည်။ သူ့ကို ချစ်ခွင့်ပေးပြီးမှ မမကို အသိပေးသည် ဆိုပြီး ဆူဦးမလား မသိပါ။ မမနှင်းဆီ ဆိုတာကလည်း ယောက်ျားမုန်း ဝါဒီပဲ။ ချို့ကို ယောက်ျားမကောင်းကြောင်း၊ အပျိုကြီး လုပ်ဖို့ အကြောင်းပဲ ပြောဦးမလား မသိပါ။ မမနှင်းဆီက သူများကိုတော့ အပျိုကြီး လုပ်ဖို့ မတိုက်တွန်းဘူးလို့ ပြောထားဖူးတာပဲ မဟုတ်လား။ ချို ခိုးရာ လိုက်သင့် မလိုက်သင့် ဆိုတာ မမနှင်းဆီကိုသာ အကြံဥာဏ်တောင်းရတော့မှာပင်။
 *******
 (၄)
ချိုမီမီက ခိုးရာလိုက်ဖို့ စဉ်းစားနေသည် ဆိုသောအခါ နှင်းဆီမှာ မျက်လုံးပြူံးသွားရသည်။ ဒါ.. နှင်းဆီ အိမ်ပြန်လာချိန်နှင့် ကြုံလို့သာ ပြောပြတာနေမှာ။ မဟုတ်လျှင် သူ့ဟာသူ ကြံစည်တော့မှာပင်။ အဲဒါမှ ဒုက္ခ။ ချို့အမေ ခိုးရာလိုက်ပြေးတုန်းက မေမေတို့ မသိလိုက်ရပါပဲ ဖြစ်သွားခြင်းကို ချို့အဒေါ်တွေက သိရက်သားနှင့် သူတို့ကို မပြောရကောင်းလား ဆိုပြီး နှစ်တွေ အကြာကြီးတောင် စိတ်ဆိုးနေခဲ့သေးသည်။ အခု သူတို့ သမီးလေးက နှင်းဆီကို ခိုးရာလိုက်ဖို့ တိုင်ပင်နေပြန်ပြီ။ နှင်းဆီက လူကြီးတွေကို အသိမပေးပဲ ငြိမ်နေလိုက်လို့ ဖြစ်မတဲ့လား..။

ထင်ကို မထင်မိတာပါ။ ဒီလို အသက် ၂၀ ကျော်သည့်တိုင် ကလေးရုပ်မပျောက်သေးသည့် ကောင်မလေးမှာ ချစ်သူရှိမယ်လို့ ထင်ကို ထင်မထားပါ။ ဒါကြောင့် ဟိုတစ်ခေါက်က ချိုက အချစ်အကြောင်းကို စိတ်ဝင်စားနေခဲ့တာကိုး။ ကိုယ်ကတော့ အဟုတ်မှတ်ပြီး နှစ်ယောက်သား အပျိုကြီး လုပ်ကြမယ်ရယ်လို့တောင် အဖော်ညှိလိုက်မိသေး။

အခုတော့ ဒီကလေးမက “ချိုက ဘဝမှာ တစ်ယောက်တည်း မနေချင်ဘူး မမရယ်၊ အားကိုးရမယ့် တစ်ယောက်လောက်တော့ လိုတယ်၊ ပြီးတော့ ချို သူ့ကို ချစ်တာ သေချာတယ်လေ၊ သူမရှိရင် ချို မရပ်တည်နိုင်လောက်ဘူး” တဲ့။
“ပြီးတော့ ချို အိမ်မှာလည်း မနေချင်တော့ဘူး၊ ချို့ကို ခုချိန်ထိ အရွယ်မရောက်သေးတဲ့ ကလေးလို သဘောထားပြီး အစစ ချုပ်ချယ်တဲ့ နေရာ၊ ပြီးတော့ အမြဲတမ်းလည်း ဆူပူနေတဲ့ နေရာမှာ တစ်သက်လုံး ချိုမနေနိုင်ဘူး မမ”
“ကိုယ်လည်း တစ်ချိန်လုံး ဆူပူ ရန်ဖြစ်နေတဲ့ အိမ်မှာ မနေချင်လို့ ဒီမြို့ကို အလုပ်မပြောင်းပဲ ရန်ကုန်မှာပဲ နေနေတာလေ၊ အိမ်မှာ မနေချင်တာနဲ့တော့ အိမ်ထောင်မပြုနိုင်ပါဘူးကွာ”
“အင်း ဒါတော့ မမက တစ်ခြားမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တယ်လေ၊ ချိုက အဲလိုမှ မဟုတ်တာ၊ မမ ပြောသလို တစ်ချိန်မှာ ပျက်ကာမှ ပျက်ရော ချိုကတော့ အခုချိန်မှာ သူ့ကို ယုံတယ်လေ”
“အင်း ဟုတ်ပါပြီ ကောင်မလေးရယ်၊ အိမ်က သဘောတူမတူ သိမှမသိသေးပဲနဲ့ ခိုးရာတော့ မလိုက်ပါနဲ့ဦး၊ ကိုယ် ပြောကြည့်ပေးပါဦးမယ်”
“မမပဲ ပြောခဲ့ဖူးတယ်လေ၊ မေမေ့တုန်းကတောင် ဘာမှ ငြင်းစရာ မရှိတဲ့လူကို သဘောမတူခဲ့ဘူးဆို”
“ဒါပေမယ့်လည်း ပြောတော့ ပြောရဦးမှာပေါ့ ကလေးမရဲ့၊ နည်းနည်းပါးပါး ဆူပူမှာတော့ ကြောက်မနေနဲ့တော့၊ ရင်ဆိုင်ရမှာပေါ့”
“ချိုတော့ မပြောရဲဘူးနော်.. မမပဲ ပြောပေး”
“အင်းပါ ကိုယ် ပြောပေးမှာ၊ စိတ်ချ”

ချို့ကောင်လေး အကြောင်း စုံစမ်းကြည့်တော့ ရည်စားများခဲ့ဖူးတာ နည်းနည်း ရှုပ်ချင်တာကို သိရသည်။ လောလောဆယ် ချို့အပြင် အပြိုင်မရှိကြောင်း ခိုင်လုံစွာ သိရတော့မှ နှင်းဆီလည်း သဘောတူပေးဖို့ ဆုံးဖြတ်ရတော့သည်။ မဟုတ်လည်း တားလို့ရတော့မှာမှ မဟုတ်ပဲလေ။ နှင်းဆီ မေမေ့ကို အရင်ပြောပြပြီး ချို့အမေကို နားဖောက်ခိုင်းရသည်။

ချို့အမေက သဘောတူပေမယ့် ခေါင်းမာလှသည့် ချို့အဒေါ်များကို ဝိုင်းဝန်း နားချ၊ ချိုလည်း အိမ်မှာ တော်တော်လေး နားပူခံပြီးမှ ချို့ကောင်လေးကို လာတောင်းခွင့် ပေးလိုက်သည်။ ဟိုတစ်ဖက်မှာက အမေမရှိပဲ အဖေသာ ရှိ၍ တော်သေးသည်။ ဟိုတစ်ဖက်မှာသာ ခေါင်းမာမာ အမေတစ်ယောက် ထပ်ရှိလျှင် ချို့တို့တော့ မလွယ်ပေ။

ချို့အမေကတော့ သူ့သမီးကို နှမြောနေဆဲ။ နှင်းဆီတို့အိမ် လာပြီး သူ့ခံစားချက်တွေ လာရင်ဖွင့်သေးသည်။ “သမီးလေးကို နှင်းဆီလို အပျိုကြီးလေးပဲ ဖြစ်စေချင်တာ၊ ခုတော့ သူက ရည်ရွယ်သူ ရှိပြီ ဆိုတော့လည်း မတတ်နိုင်တော့ဘူးလေ၊ နှင်းဆီတော့ အိမ်ထောင်ပြုဖို့စိတ်ကူး မရှိပါဘူးနော်၊ ဒီတိုင်းပဲ ကောင်းပါတယ် သမီးရယ်၊ ဒီတိုင်းပဲ နေနော်” လို့ နှင်းဆီကို ကပ်ပြောသွားသေးသည်။ နားလေးသော အန်တီကို ရှည်ရှည်ဝေးဝေး ကတိမပေးလိုက်ပေမယ့် စိတ်ထဲကတော့ ပြောမိသည်။ “ချိုက ယောက်ျားတစ်ယောက်ကို အားကိုးချင်သတဲ့ အန်တီ၊ နှင်းဆီကတော့ ဘယ်သူ့ကိုမှ အားကိုးချင်တာ မဟုတ်ဘူး၊ အားကိုးရာ ဖြစ်ချင်တဲ့ ယောက်ျားတွေကလည်း နှင်းဆီလို မိန်းမကို ဘယ်တော့မှ ရွေးမှာ မဟုတ်တဲ့အတွက် အပျိုကြီးဖြစ်မှာ သေချာပါတယ် အန်တီ” လို့။

ချို့တို့ မင်္ဂလာဆောင်ကို တက်ဖို့ရာ နှင်းဆီ နောက်တစ်ခေါက် ထပ်ပြန်လာခဲ့ပါသည်။ ချိုတို့ နှစ်ယောက်သားရဲ့ အပြုံးများကို ကြည့်ပြီး နှင်းဆီလည်း စိတ်ချမ်းသာရပါသည်။ ချစ်ခြင်းများကို ချိုမြိန်သည်ဟု ယုံကြည်ပြီး စားသုံးသူများ အတွက် မျှော်လင့်သည့်အတိုင်း ချိုမြိန်ခြင်းများဖြင့် ပြည့်နေနိုင်ပါသည်။ ချစ်ခြင်းမှာ ချိုမြိန်ခြင်းသက်သက်သာ ရှိသည်ဟု မယုံကြည်သော နှင်းဆီ အတွက်တော့ ခါးသက်သော အရသာကို မခံစားလိုသည့်အတွက် ခပ်ဆိမ့်ဆိမ့် ဘဝမှာပဲ ပျော်သလို နေပါတော့မည်။

ချို့ရဲ့ မင်္ဂလာဆောင်မှာ နှင်းဆီနဲ့ တစ်ဝိုင်းတည်း ထိုင်သော အနက်ရောင် ဂါဝန် ဝတ်ထားသည့် စတိုင်ကျကျ မိန်းမချောလေးက နှင်းဆီကို မေးခွန်းတစ်ခု မေးသေးသည်။ တစ်ခါက ချို မေးခဲ့ဖူးသည့် မေးခွန်းမျိုး။ “ယောက်ျားတွေက ဘယ်လို မိန်းမမျိုးကို ကြိုက်တတ်တာလဲ မမ” တဲ့။
“ယောက်ျားတွေက သူတို့ကို အားကိုးရာလို့ မြင်တဲ့ အဆိပ်ဆူး မရှိတဲ့ မိန်းမမျိုးကို ပိုသဘောကျတတ်တယ် ထင်တယ်”
နှင်းဆီသည် ဒီမင်္ဂလာဆောင်နဲ့ လိုက်ဖက်သည့် အဖြေမျိုးကို အလိုက်သင့် ဖြေလိုက်ခြင်းသာ ဖြစ်သည်။
နှင်းဆီတို့ စားပွဲကို လာနှုတ်ဆက်သည့် မင်္ဂလာမောင်နှံသည် ထိုမိန်းကလေးကို မြင်သော ခဏမှာ အနည်းငယ် အံ့သြသွားပုံရသော်လည်း မျက်နှာတစ်ချက်မှ မပျက်ကြသည့် အတွက်ကိုတော့ နှင်းဆီမှာ သဘောတွေကျနေမိသေးသည်။

သိင်္ဂါကျော်

19 June, 2012

တိတ်တဆိတ်ချစ်ခြင်း (၂)


တဖြည်းဖြည်းနဲ့ပေါ့
ချစ်ခြင်းတစ်ခုထဲ နစ်ဝင်ခဲ့တာ
လူမသိ သူမသိနဲ့ပဲ
ဆွဲထုတ်မရအောင် မြုပ်ခဲ့ပြီ။

အမှတ်တမဲ့ အဖြစ်တွေတောင် မရှိပါပဲ
သတ်သတ်မှတ်မှတ် အမှတ်ရနေခဲ့တာ
မိနစ်ပေါင်းတောင် သောင်းချီခဲ့ပြီ။

သူ့ရဲ့ ကိုယ့်အပေါ်အသိက
သာမန်ထက် တစ်လက်မတောင် မပိုတာသိသာပါရဲ့
စကားလက်ဆုံတောင်
ပြောပလောက်အောင် မကျခဲ့ဘူးတာ
ကိုယ်ဟာ လူညံ တစ်ယောက်ပါပဲ။

တစ်ခါတလေလည်း
တမင်ဖန်တီးတဲ့ မတော်တဆ ဆုံတွေ့မှုတွေထဲ
သူ့အာရုံက ကိုယ့်ဆီမရှိတဲ့နောက်
တိတ်တဆိတ် ခိုးကြည့်ရုံကလွဲရင်
ကိုယ်ဟာ မာယာများတတ်သူ မဟုတ်ပါကွယ်။

သူဟာ Superstar မဟုတ်ပေမယ့်
ကိုယ့်ရဲ့ မင်းသား ဖြစ်ခဲ့တယ်
မြင်ခွင့်ရရုံနဲ့ ကျေနပ်တဲ့ နေ့တွေထဲ
တစ်ယောက်တည်း ရူးသွပ်မှုမှာ ကျင့်သားရ။

စိတ်ကူးခဲ့မိရုံပါ
သူ့လက်ကို တွဲရင်း လျှောက်မယ့်လမ်းတွေ
ဘယ်လောက် သာယာမယ် ဆိုတာ…။
စိတ်ကူးခဲ့မိရုံပါ
သူ့ရင်ခွင်ထဲ ကိုယ်မှီခိုခွင့်ရှိခဲ့ရင်
ဘယ်လောက် နွေးထွေးမယ် ဆိုတာ…။
စိတ်ကူးခဲ့မိရုံပါ
ဖြေသိမ့် အကြည့်တစ်ချက်လောက်တောင် မပိုင်ဆိုင်နိုင်တဲ့
အပြင်လောက ကတော့ အေးစက် အထီးကျန်ဆဲ။

တိတ်တဆိတ်ချစ်ခြင်းက
အလွမ်းဖွဲ့ နာကျင်စေတယ် ဆိုလည်းဆို
မပေးလိုတဲ့ ချစ်ခြင်းကိုတော့ စတင် မမေးလို
တောင်းခံလာသော ချစ်ခြင်းကိုသာ
ကြည်နူးစွာ ပေးအပ်လိုသူပါ။
တစ်သက်လုံးအတွက် သိမ်းထားဖြစ်မယ့် ချစ်ခြင်းများရှိရာနေရာ
ကိုယ်သာ သိပါစေ..။

သိင်္ဂါကျော်

15 June, 2012

အိပ်မက်ခရီးသည်

ညက
ခရမ်းပြာ မှော်ဝတ်ရုံ ၀တ်လို့
ကြယ်ရောင်လက်တဲ့ ဖိနပ်ကို စီးလို့
လခြမ်း နဲ့ ၀ိုင်အနီသောက်လို့
မိုးတွေသည်းလိမ့်မယ်လို့တော့
ဘယ်သူကမှ မထင်ခဲ့တာ အမှန်ပါ။

ပင်လယ်က
အပြာရောင် အိပ်ရာခင်း အကျအနခင်းပြီး
အိပ်ရာဝင်မလို ပြင်နေတဲ့နောက်
ကမ်းခြေကို ကျူးကျော်မယ်လို့
ဘယ်သူက ထင်မလဲ။

အိပ်မှုံစုံမွှား နတ်သမီးက
ကျွန်တော့်ဘ၀ကို ဆေးခြယ်မှာ ကြောက်တယ်။
အမူးလွန်နေတဲ့ မြားနတ်မောင်က
ကျွန်တော့် အချစ်ကို ဖန်ဆင်းမှာ ကြောက်တယ်။
လေလွင့်ဝိညာဉ်တွေက
ကျွန်တော့် စိတ်ကူးကို ယူဆောင်သွားမှာ ကြောက်တယ်။

ဘ၀ဆိုတာ
မမှည့်သေးပဲ ပုတ်သွားတဲ့ သစ်သီးတစ်လုံးလား...
နေကြာပန်းတွေ
ဘယ်တော့မှ မရနိုင်တဲ့ နေမင်းကိုမျှော်လင့်သလိုလား...
အမြဲစိမ်းသစ်ပင်တွေလိုတော့
ဘယ်တော့မှ မဖြစ်နိုင်တာ သေချာတယ်။

ခရမ်းရောင်မြင်းခွာပန်းတွေကို မုန်းတယ်
ရေတမာတန်းတွေ စိမ်းနေတာကို မုန်းတယ်
ဝင်ကစွက်တွေ ပျော်နေတာကို မုန်းတယ်
အိပ်မက်တွေ မက်တတ်တာကို မုန်းတယ်။

အဲဒီညက
ကျွန်တော်ဟာ ကျွန်တော် မဟုတ်တော့တာကို
ပထမဆုံး သိခဲ့တယ်။


(သိင်္ဂါကျော်)

ဘလော့ ရေးကာစက တင်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ အသစ်မရေးဖြစ်လို့ ပြန်တင်လိုက်ပါတယ်..။ ခုတလော ပျောက်နေပါဦးမယ်...။